ယုယပါရစေ ယုရယ် - Episode 1

ဤဇာတ်လမ်းတွဲတွင်ပါဝင်သောအကြောင်းအရာများ၊ဇာတ်ကောင်များသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 

 

1

"မမလေးမုန်းမဟူရာ ပြန်လာနေပြီတဲ့"

 

အိမ်စေတစ်ဦးသတိပေးလိုက်သည်နှင့် စံအိမ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

 

အခန်းကိုအလှဆင်သူကဆင် ကြမ်းတိုက်သူကတိုက်

အစားအသောက်များကိုနွှေးသူကနွှေး ခြံဝဆီပြေးသူကပြေးနှင့် ဝုန်းဒိုင်းကြဲနေလေသည်။ အယောက်၂၀နီးနီးရှိတဲ့အိမ်စေတွေဟာသေမင်းတမန်နဲ့တွေ့ရတော့မည့်သူများပမာ ထိတ်လန့်မှုအပြည့်
ဖြစ်နေကြသည်။
 

 

မကြာမီ ထိုစံအိမ်ကြီးအတွင်းသို့ကားတစ်စီးထိုးစိုက်လာပြီး ကားအတွင်းမှ အနက်ရောင်လေဒီရှူးစီးထားသည့်ခြေထောက်တစ်စုံက မြေပေါ်သို့ ကြွကြွရွရွချဆင်းလာ၏။


ကားပေါ်မှဆင်းလာသည့်အနက်ရောင်ပုံရိပ်ခန့်ခန့်ထည်ထည်ကိုမြင်လျှင်အိမ်စေတွေဟာ ခါးလေးတွေကိုအနည်းငယ်ကိုင်းညွှတ်ကြသည်။

 

ထိုမိန်းကလေးဟာသူမနေကာမျက်မှန်ကိုချွတ်လိုက်ကာ
မျက်လုံးကိုဝေ့ဝိုက်ကြည့်၏။ လူပေါင်းများစွာထဲမှထိုနားမှာရှိမနေသည့်တစ်စုံတစ်ယောက်ကိုရှာနေဟန်တူသည်။
 

 

"မမယုရော"



ထိုအမေးကြောင့်ကားအနီးတစ်ဝိုက်တွင်စီရီနေသောအိမ်စေများ၏မျက်နှာများမှာချက်ချင်းဖြူဆုတ်

ထိတ်လန့်သွားကြသည်။ 

 

"မမယုလာပါပြီ"


ထိုအသံကြားမှအိမ်စေတစ်ချို့ကသက်ပြင်းတစ်ဝက်ချသည်။ သက်ပြင်းတစ်ဝက်ပဲချနိုင်သေးသည်။ကျန်တစ်ဝက်ကိုချဖို့မရဲကြသေး။ 

 

အသံထွက်လာရာနေရာကိုမုန်းလှမ်းကြည့်လိုက်တော့သူမထံမိန်းကလေးတစ်ယောက်သည်ခပ်

သုတ်သုတ်ကလေးပြေးလာနေလေ၏။ အဆိုပါမိန်းကလေးကြည့်ရတာ မမယု ဆိုတဲ့နာမ်စားပိုင်ရှင်ပဲဖြစ်ရမည်။ 

 

ကားပေါ်မှပြာယီးပြာယာဆင်းလာပြီးသူမထံ ကပိုကယိုလေးပြေးလာသော ယုကို မုန်းတစ်ချက်ကြည့်လိုက်၏။ နေကာမျက်မှန်ချွတ်လိုက်ချိန်မှာမြင်နေရသောမျက်ဝန်းများသည်နက်မှောင်စူးရှနေရုံမကစိမ်းဖန့်ဖန့်အရောင်ပါသမ်းချင်နေသလား။ 

 

"ဒီနေ့ကျွန်မအိမ်ပြန်လာမယ်ပြောထားတာကို ဘာလို့အိမ်မှာအဆင်သင့်စောင့်မနေတာလဲ"


အမေးစကားနှင့်ယှဉ်တွဲနေသောအကြည့်စူးစူးတွေကိုရင်မဆိုင်ရဲ၍ ယုမျက်လုံးလေးအသာချသည်။

 

"ဒီနေ့ဆေးရုံမှာမမယုတာဝန်ချိန်ရှိလို့ပါ ပြီးတော့အရေးကြီးခွဲစိတ်လူနာကလည်းခုနမှရောက်လို့"

 


"ကျွန်မထက်ပိုအရေးကြီးတယ်ပေါ့"


ထိုအမေးကတော့မေးခွန်းသတ်ပြီထင်သည်။ ယုဖြေဖို့တုံ့ဆိုင်းမိပေမဲ့မရဲတရဲလေးတော့တုံ့ပြန်မိ၏။

"လူ့အသက်လေကွယ်"

 

ထိုအဖြေကို သဘောကျဟန်ဖြင့် မုန်းတစ်ချက်ပြုံးလေသည်။သို့သော် ယုကတော့ မပြုံးနိုင်။

မုန်း၏အပြုံးကိုယုကြောက်ပါသည်။ 

 

မုန်းသည်ခပ်ဟဟပြုံးရင်း သူမအိတ်ကို ဘေးမှအိမ်စေလေးထံလှမ်းပေးသည်။ စေတန်ရဲ့အပြုံးလို့ဆိုရလောက်တဲ့ထိုအပြုံးကြောင့်ပတ်ဝန်းကျင်မှာပိုလို့ပင်အေးစက်ခြောက်သွေ့လာတယ်ထင်ရသည်။ 

 

"မမယု ကျွန်မအခန်းကိုသွားရအောင်"

 

ယု သူမရှေ့ကနေထွက်သွားသော မုန်းနောက်သို့ 

အထိတ်တလန့်လိုက်သွားမိသည်။ ယုရဲ့ခြေထောက်တွေထုံကျဉ်နေသည်။ အခန်းထဲရောက်တော့မုန်းဟာအခန်းလော့ခ်ကိုချ၏။ လော့ခ်ချသံကြောင့်ယုကျောပြင်လေးတစ်ချက်တုန်ချင်သွားသည်။ 

 

"ခရီးသွားနေတဲ့၁ပတ်အတွင်း ကျွန်မကိုဆင်ခြေ

ပြန်ပေးဖို့သတ္တိတွေမမယုဘယ်ကရလာတာလဲ"

 

"ဟို..ဟို..မမကဒီတိုင်းပြောပြတာပါ"

 

မုန်းသည်သူမမျက်နှာထက်တွင်ခပ်ထေ့ထေ့အပြုံးကိုဖန်ဆင်းထားလျက်မှ ယု၏မျက်နှာနုနုကိုသူမလက်ချောင်း၂ချောင်းဖြင့်မော့စေသည်။ 

 

"ချွေးတွေတောင်ပျံနေပြီ ကျွန်မကိုအဲ့လောက်မကြောက်ပါနဲ့"

 

သူမကိုခပ်လန့်လန့်ပုံစံဖြင့်ကြည့်နေသည့် ယု၏ မျက်နှာကို မုန်း ကျေနပ်သည်ထိစိုက်ကြည့်နေမိသည်။
ခပ်သွယ်သွယ်မျက်နှာလေးပေါ်တွင် အချိုးအစားညီမျှစွာနေရာယူထားသည့် ခပ်ရွဲရွဲမျက်လုံးအစုံက ကြောက်ရွံ့မှုများတွဲခိုနေသည်ကိုပင် ညှို့ယူမှုရှိနေ၏။

 

ဖြောင့်စင်းနေသည့် နှာတံလေးပေါ်တွင်ချွေးစလေးအချို့ကစို့နေပြီး နှာဖျားလေးနှင့် ပါးမို့မို့လေးနှစ်ဖက်ကလည်းရဲနေလေသည်။နှုတ်ခမ်းဆေးမကူထားသည့်တိုင် ပန်းနုရောင်သမ်းနေသည့်နှုတ်ခမ်းပါးပါးလေးက မြင်ရသူအားစားသုံးချင်စဖွယ်ဖြစ်အောင်ဖမ်းစားနိုင်သည်။ ဘယ်ဘက်မေးစေ့ထောင့်မှ ထင်းနေသည့်မှည့်နက်ကလေးကသူမ၏အလှကိုပိုမိုလေးနက်စေ၏။

 

"ဒယ်ဒီတို့ဆီသွားဖြစ်သေးလား"

 

"ရောက်ဖြစ်ပါတယ်"

 

"ကျွန်မခဏနားဦးမယ် မမယုထမင်းစားခန်းမှာစောင့်နေပါ"

 

"ဒါဆို မမသွားပြီနော်"

 

အခန်းပြင်ရောက်မှ ယု သက်ပြင်းချမိလိုက်၏။ဒီလောက်နဲ့ပြီးဆုံးသွားမယ်မထင်ခဲ့ပေမဲ့ပြီးသွားခဲ့တာပဲ။ သို့ပေမဲ့ ယုစိတ်ထဲတော့ထင့်နေသေးသည်။ မုန်းမဟူရာရဲ့အကြောကိုယုထက်သိတဲ့လူရှိမည်မထင်။ 

 

သူမဘဝကိုပြန်တွေးကြည့်မိတိုင်းမနာကျင်ဘူး
ဟုဆိုသော်လည်း ယုရင်ဘက်ထဲတွင်တော့ မွန်းကြပ်ရ၏။

 

လွန်ခဲ့သော ၂၃နှစ် အရေးပိုင်မင်းဦးဟယ်ရီသိုက်နှင့်ဒေါ်မြသက် တို့ သူမကို မိဘမဲ့ဂေဟာမှလာခေါ်စဉ်ကယုဘဝအတွက်အပျော်ဆုံးနေ့ဖြစ်မည်ထင်ပါသည်။


အသက်အရွယ်ရနေပြီး ကလေးမရှိသေးသည့်
 ဦးဟယ်ရီတို့အတွက်တော့ မုန်းကိုမမွေးဖွားသေးခင်အထိ ယုဟာ ဘုရင်မတစ်ပါး။

 

ယုကိုမွေးစားပြီး ၅နှစ်ခန့်ကြာတော့ ဒေါ်မြသက်သည်  မုန်းမဟူရာ ဆိုသော အိမ်ရှေ့စံအသစ်စက်စက်ကလေးကိုမွေးဖွားခဲ့သည်။

 

ထိုမှစ ယု နန်းကျခဲ့ပြီး ယု ဘဝသည် အိမ်မွေးတိရစ္ဆာန်တစ်ကောင်မျှသာရှိတော့သည်။ အသက်ကြီးမှရသည့် မုန်းကို မိဘများကသဲသဲလှုပ်ကြသလို ယုကိုယ်တိုင်လည်းအရမ်းချစ်ကာဦးစားပေးပါသည်။

 

သို့သော် မုန်းကတော့ ယုကိုမချစ်။ ရန်သူတစ်ယောက်လိုသဘောထား၍ အမြဲအနိုင်ယူ၏။

သို့သော်ငြားလည်း ယုကတော့ မုန်းကိုအလျှော့ပေးရတာပျော်ပါသည်။

 

အရွယ်ရောက်လာတော့ ကြိုးစားသူထက်မြက်သူပီပီ ယုကဘိလပ်ပြန်ဆရာဝန်တစ်ယောက်ဖြစ်လာပြီး ဆေးရုံမှာတာဝန်ထမ်းဆောင်နေသည်။ မုန်းကတော့ကောလိပ်ပြီးအောင်တက်ကာ တစ်ခါတရံစိတ်ပါလျှင် မိဘပိုင်လုပ်ငန်းများကိုသွားကြည့်၏။မိဘလုပ်ငန်းတွေကူတယ်ဆိုတာထက်သူမ ပျော်ရာသောက်စားပျော်ပါးသည့်ကိစ္စကိုသာမုန်းမဟူရာရွှင်မြူးတာများသည်။


 

မိဘကအလိုလိုက်ထား၍ မုန်းတွင်အလုပ်သိပ်မရှိပါ။သွားသည် လာသည် စားသည် သောက်သည် အိမ်စေများနှင့်ယုကိုပြဿနာရှာသည်။သူမပြဿနာရှာခြင်းကိုအခံရဆုံးသူမှာတော့ ယု ပင်။ ယု ထိုငရဲကိုကျနေတာ၂၈နှစ်တိတိရှိလေပြီ။


ယု ဟုခေါ်သော သူမသည်ကား ထိုနယ်တစ်ခွင်တွင်ဒေါက်တာယုသစ္စာခင်ဟူ၍ အများ၏လေးစားအားကျခြင်းကိုခံနေရသောဆရာဝန်တစ်ယောက်ပင်။

 

အဆင်းလှရုံမက ပညာအရည်အချင်းကပြည့်ဝသလို နူးညံ့သိမ်မွေ့သည့်သူမဟာ ထိုခေတ်အခါထိုနယ်တစ်ဝှမ်း လူကုံထံသခင်မလေးများကြားစံပြတစ်ဦးဆိုလျှင်မမှား။ သူမကို ချွေးမတော်လို၍ လာကမ်းသူများကလည်းမနည်းမနှောပင်။

 

သို့သော် ယုသည် ခုထိအိမ်ထောင်မပြုဖြစ်ပါ။ မုန်းက ယုကိုသူမအနား၌သာ ထားပြီး အိမ်ထောင်မပြုရဟုမှာထား၏။ယုကိုယ်တိုင်လည်းအိမ်ထောင်မပြုချင်။ မုန်း၏ အချုပ်အနှောင်များကြားနေရသည်ကိုပင်ကျေနပ်နေလေ၏။ကိုယ့်အတွေးနှင့်ကိုယ် လျှောက်လာရင်း ယု ထမင်းစားခန်းရှေ့သို့ပင်ရောက်လာပြီ။

 

ယနေ့ အရေးကြီးခွဲစိတ်လူနာရှိသည့်အပြင်လူနာကလည်းများတော့လူပန်းသည်။ ထို့ပြင်မုန်းပြန်လာတဲ့အချိန်ကိုမှီအောင်အမြန်ပြေးလာရတဲ့အတွက်လည်းစိတ်မော၏။ လက်ကနာရီကိုကြည့်တော့ယုရဲ့တာဝန်ချိန်မပြီးသေးပါ။ယု အထက်ကဆရာဝန်ကိုအကြောင်းကြားပြီး စံအိမ်ခဏပြန်လာတာဆိုတော့ ဆေးရုံကိုပြန်သွားရဦးမည်။ 

 

"မမယု ညစာအဆင်သင့်ဖြစ်ပါပြီ"


ထမင်းစားပွဲကိုမသွားသေးဘဲ ယု အခန်းဝမှာရပ်နေမိလို့ထင်သည်။ အိမ်စေလေးဟာယုဘေးကိုလာပြီးသတိပေးသယောင်လေးဆို၏။ 

 

ယု အနည်းငယ်တွန့်ချင်နေသောအဝတ်တို့ကိုသပ်ရပ်သွားအောင်ပြင်လိုက်သလိုခါးနားဝဲနေသည့်ဆံနွယ်တို့ကိုလည်းရှင်းလင်းနေစေရန်ပြင်ဆင်ပြီးမှလက်ဆေး၏။ ခုနကပြာကယာနဲ့ဆိုတော့အဝတ်အစားနဲ့ယုပုံစံမသေမသပ်ဖြစ်ချင်နေသည်။  ယုရဲ့သပ်ရပ်ကြည်လင်နေသည့်အပိုင်းကိုပဲမုန်းကမြင်ချင်တာမဟုတ်လား။ ယုစားပွဲကိုရောက်ပြီးမကြာမီပင် မုန်းသည်လည်းထမင်းစားခန်းသို့ဆင်းလာလေ၏။ မုန်းထမင်းစားခန်းထဲဝင်လာတာနဲ့အခန်းရဲ့လေထုလည်းချက်ချင်းအေးစက်သွားသည်။ ဒီနေ့ချက်ထားတဲ့ဟင်းတွေကိုမမလေးမုန်းမဟူရာသဘောတွေ့ပါ့မလား။ 

 

အိမ်စေများထည့်ပေးသည့်ထမင်းကိုမုန်းတည်တည်ငြိမ်ငြိမ်စားနေပုံအရ သဘောမတွေ့တာတော့
မဟုတ်လောက်။ စားနေရင်းမုန်းဟာဇွန်းခက်ရင်းကိုချသည်။
 

 

"မမယု ဒီည ကျွန်မနဲ့လာအိပ်ပေး"

 

ယုလည်း စားနေသည့် ဇွန်းခက်ရင်းကိုချပြီးမုန်းထံအကြည့်ပို့သည်။ မုန်းဟာသူမစကားပြောနေတုန်းတစ်ခြားကိစ္စတွေလုပ်နေတာမကြိုက်တတ်။ဒါကိုလည်းယုမှတ်မိနေသည်။ 

 

"ဘာလို့လဲမုန်းရဲ့"

 

"မမယုမှာ ကျွန်မကိုပြန်မေးခွင့်ရှိလား"

 

ယုမျက်နှာလေးငယ်ကျသွားသည်။ တစ်ခုခုကိုယုဟာမဝံ့မရဲပြောဖို့ဟန်ပြင်ပြန်၏။

 

"မမယု ဒီည တာဝန်ချိန်ရှိတယ်"

 

"ကျွန်မထက်အရေးကြီးလား"

 

"မုန်းကမမယုအတွက်အရေးအကြီးဆုံးပါ ဒါပေမဲ့ တာဝန်ပျက်ကွက်တာကျ…"

 

မုန်းသည်ရေခွက်ထဲမှရေကိုသောက်လိုက်ပြီးခပ်အေးအေးအကြည့်တွေနဲ့ယုကိုတစ်ချက်ကြည့်ပြီးပြုံးပြန်သည်။ ထိုအပြုံးသည်လည်းသိပ်တော့စိတ်ချစရာကောင်းမနေ။ 

 

"ဒါဆိုလည်းသွားပါ"



ထမင်းကိုကုန်အောင်မစားဘဲ အပေါ်ထပ်ကိုပြန်တက်သွားသည့် မုန်းကြောင့် ယုနည်းနည်းတော့လန့်မိသွားသည်။

 

သို့သော်လည်းတာဝန်တော့မပျက်ကွက်လို၍ သူမအခန်းကိုပြန်ကာအဝတ်လဲပြီး ဆံနွယ်ရှည်ရှည်တို့အားသပ်ရပ်စွာထုံးဖွဲ့ကာသူမကားလေးကိုဆေးရုံသို့ဦးတည်လိုက်၏။

 

~~~~~

 

"ပင်ပန်းနေပြီလား ယု"

 

"မပင်ပန်းပါဘူး ဆရာ"

 

"ကိုယ့်ကိုဆရာလို့မခေါ်ပါနဲ့ဆို"

 

ဒေါက်တာဂျင်မီမောင် ယုတို့အထက်မှစီနီယာဆရာဝန်တစ်ဦး။ မိဘများမှာလည်းလူကုံထံသူဌေးများဖြစ်၍ သူသည်လည်းထိုမြို့မှ ဥစ္စာပေါရုပ်ချော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်တစ်ဦး။သို့သော်လည်းရတာမလို လိုတာမရဖြစ်နေသူ။ သူ့နားဝိုင်းနေသည့်မိန်းကလေးများကိုသူစိတ်မဝင်စား။ဘယ်ယောကျ်ားလေးမှရောနှောမနေတတ်သည့် ယုကိုမှ မေတ္တာသက်ဝင်နေမိသည့်သူ့အဖြစ်ကသနားစရာ။ ယုဟာမရယ်မပြုံးမျက်နှာလေးဖြင့်သာဂျင်မီ့ကိုဝဋ်ကြေတန်းကြေတစ်ချက်ကြည့်သည်။ 

 

"ဆရာက ကျွန်မရဲ့စီနီယာမို့ ဆရာလို့ခေါ်တာပါ"

 

သူထိုစကားကိုပြောတိုင်း ယုကထိုစကားလုံးကိုသာ မမုန်းတမ်းပြန်ပြောတတ်သည်။

ကြားရလွန်းလို့လည်းမုန်းချင်လှပြီ။ ဂျင်မီမချိပြုံးပြုံးလိုက်မိ၏။

 "ရော့ ယု အိပ်ချင်ပြေစားဖို့ ကိုယ်ကော်ဖီနဲ့ အသီးတစ်ချို့ယူလာတာ"

 

ဂျင်မီကမ်းပေးသည်ကို ယု မယူမိ။ သူမ ပေးသည့်အရာမှလွဲ အခြားသူများထံမှ ဘာကိုမျှလက်မခံရဘူးဆိုသည့် မုန်း၏ အမိန့်ကိုယုတသွေမတိမ်းလိုက်နာမိနေ၏။

 

"ကျွန်မ မစားတော့ပါဘူး"

 

"ကော်ဖီလေးတော့သောက်ပါယုရယ်"

 

"မသောက်တော့ပါဘူး ကျွန်မကိုခွင့်ပြုပါဦး"

 

ယုက ဂျင်မီ့ကိုရှောင်သွားရန်အလုပ် ဂျင်မီက ကော်ဖီခွက်ကိုရှေ့သို့တိုးလိုက်ရာ တိုက်မိပြီး ယုအင်္ကျီပေါ်သို့ မှောက်ကျလေ၏။

 

"အို"

 

"ဟာ မှောက်ကုန်ပြီ ကိုယ် သုတ်ပေးမယ်"

 

ဂျင်မီက သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါဖြင့် ယု အင်္ကျီကိုသုတ်ပေးမည်လုပ်တော့ ယုကအတင်းလှမ်းတားမည်ပြု၏။

 

သို့သော်လည်း ယုနောက်ကျသွားလေပြီ။

 

ဂျင်မီ့လက်ကိုတစ်စုံတစ်ယောက်ကလှမ်းကိုင်လိုက်၍ သူဘေးကိုကြည့်လိုက်တော့ မုန်းဟာသူ့လက်ကို ကိုင်ထားကာသူ့ကိုပြုံး၍ကြည့်နေလေသည်။ ဂျင်မီဘုမသိဘမသိ မုန်းကိုပြန်ပြုံးပြပြီး လက်ကိုင်ပုဝါကိုခေါက်၍ သူ့အိတ်ကပ်ကိုပြန်ထည့်သည်။ 

 

"ကော်ဖီတွေပေကုန်ပြီယုရယ် အားနာလိုက်တာ"

 

ဂျင်မီပြုံးပြပေမဲ့ယုတစ်ယောက်မပြုံးနိုင်တော့ပါ။ ဂျင်မီ့စကားကိုပင်မတုံ့ပြန်နိုင်တော့ဘဲ မုန်းကိုအထိတ်တလန့်ကြည့်နေလေ၏။

 

မုန်းသည်အပြုံးမပြတ်ပင်ဂျင်မီ့ကိုတစ်လှည့်ယုကိုတစ်လှည့်ကြည့်သည်။ 

 

"ရပါတယ် ဆရာ ဒါမဲ့ ကျွန်မ မမယုကို အိမ်ပြန်ခေါ်သွားချင်လို့ အိမ်မှာအရေးကြီးကိစ္စရှိလို့ပါ"

 

" ရပါတယ် ခေါ်သွားပါ"

 

မုန်း ဂျင်မီ့ကိုခေါင်းငြိမ့်ပြကာနှုတ်ဆက်လိုက်ပြီး ယုလက်ကိုဆွဲကာ ကားရှိရာသို့ခပ်အေးအေးပင်ထွက်လာခဲ့၏။

 

ယုလက်ကိုဆွဲပြီး အခန်းတစ်ခုဆီဦးတည်သွားသော မုန်းကိုမြင်သည်နှင့် အိမ်စေများအားလုံးလန့်

နေပုံပင်။

 

မုန်းက ထိုအခန်းသော့ကိုဖွင့်လိုက်ကာ ယုကို အခန်းတွင်ပစ်ထည့်လိုက်ပြီး အခန်းလော့ခ်ကိုချလိုက်၏။

 

"မမယုပြောတဲ့ဆေးရုံကတာဝန်ဆိုတာ အဲ့တာလား"

 

ယုပုံစံလေးကတုန်ကယင်ဖြစ်နေပြီ။ ယုမျက်နှာလေးလည်းသွေးမရှိသလိုဖျော့တော့လာသည်။ 

 

" မဟုတ်ဘူး မုန်း မမယုကိုမုန်းအထင်လွဲနေပြီ"



အရှိန်ကြောင့်မြေပြင်ပေါ်လဲကျသွားသည့် ယုနားကိုမုန်းဟာဒူးထောက်ထိုင်ချသည်။

 

"ကျွန်မက အမြင်ကိုပဲယုံတယ် မမယု"

 

တစ်ဖန်ထိုင်နေရာမှထလိုက်ပြန်ကာ သံကြိုးများယူလာသည့် မုန်းကြောင့် ယု ဇောချွေးများပင်ပျံလာရသည်။

 

"ဘယ်ယောက်ျားနဲ့မှမထိတွေ့ရဘူးလို့ကျွန်မပြောထားတာကို မမယုက မမှတ်မိဘူးပဲ"

 

ခပ်ပြုံးပြုံးပြောရင်းယုလက်နှင့်ခြေထောက်များကို သံကြိုးများဖြင့် တုပ်နှောင်နေသည့်မုန်းကို ယု မရုန်းမိပါ။ ခြေ လက်များကိုတုပ်နှောင်ပြီးနောက် မုန်းကစင်တစ်ခုတွင်ချိတ်ထားသည့် ကျာပွတ်ကိုယူလိုက်ပြန်သည်။ 

 

"ကျွန်မစကားတိုင်းကို မမယုအသည်းထဲစွဲအောင် မှတ်ထားရမယ်"

 

သူမကျောပြင်ပေါ်တစ်ချက်ချင်းကျရောက်လာသည့် ထိုကျာပွတ်ချက်ရေများက ယုအတွက်တော့ ကျင့်သားရနေပါပြီ။ အသည်းထဲခိုက်အောင်နာကျင်သော်လည်း ယု အံကြိတ်ရင်းသာ သည်းခံရင်း နာကျင်မှုများကိုမျက်ရည်အဖြစ်ပြောင်းလဲနေရသည်။

 

မုန်းက ကျေနပ်သွားသယောင်ဖြင့် ရပ်တန့်လိုက်တော့ ယု ကျောပြင်တွင်လည်း သွေးများကအတော်လေးရွှဲနေလေပြီ။ဝတ်ထားသည့် ရင်ဖုံးအင်္ကျီအဖြူရောင်လေးဟာ အနီရောင်ရင့်ရင့်ပင်ကူးပြောင်းသွားချေ၏။ မုန်းသည်ယုရှေ့သို့လျှောက်လာပြီး ယုမျက်နှာကိုကိုင်လိုက်၏။ အထိအတွေ့သည်ကြမ်းတမ်းလွန်းသည်။


"ဒီနာကျင်မှုနဲ့အတူ ကျွန်မရဲ့စကားတွေကိုသေချာမှတ်ထားပါ မမယု"

 

သို့သော် မုန်း၏ စကားများကို ယုသေချာမကြားနိုင်တော့။ ယု ပင်ပန်းလှပြီဖြစ်၍ အနားယူချင်လှပါပြီ။ တဖြေးဖြေးချင်း မှေးကျသွားသော မျက်ဝန်းများနှင့် အတူ ယု၏ အာရုံများသည်လည်း အမှောင်တို့ဖြင့်ဖုံးလွှမ်းသွားပါတော့သည်။


ဆက်ရန်….. 

 

JikoJane