နွေးဦးငယ်ငယ် - Episode 1


ကြားဖူးသလားတော့မသိ ချစ်ခြင်းမေတ္တာကြောင့်လူတွေဟာဖျားနာလာခဲ့ရင် ပြန်လည်ကျန်းမာလာဖို့သိပ်ခက်ခဲတယ်တဲ့။ ဟုတ်ချင်လည်းဟုတ်မှာပေါ့ နှလုံးသားတစ်ခုလုံးဟာ အဖျားရောဂါစွဲကပ်လာပြီး အရာရာကိုလည်း လက်လျော့ချင်လာတော့တာကိုး။ ဘာကိုမှမမျှော်လင့်တော့ဘဲ ဘဝကို ပေါ့ပေါ့တန်တန်လေးဘဲဖြတ်သန်း တော့ဖို့ ဆုံးဖြတ်ချက်ချပြီးကာမှ ဖြတ်ပြေးသွားတဲ့လေညှင်းကလေးဟာ သူ့ရဲ့သင်းရနံ့ကို သယ်ဆောင်လာတယ်။ သီချင်းတွေနဲ့တောင် မဖော်ပြနိုင်လောက်အောင် နူးညံ့သင်းပျံ့လွန်းတဲ့ရနံ့လေး။ 


ရခဲလွန်းတဲ့သူမရဲ့အပြုံးဟာ နွေဦးမိုးနဲ့သိပ်တူတယ်။ သင်းရနံ့တွေနှင့်အတူ ဖွဖွကလေးဖြတ်ပြေးသွားတာ။ သူ့ရဲ့မျက်ဝန်းတွေထဲကနူးညံ့မူတွေဟာ ကိုယ့်ရဲ့နှလုံးသားတွေထဲထိပျော်ဝင်လာတယ်၊ နွေးထွေးတဲ့လက်တွေနဲ့ ကိုယ့်ရဲ့စိတ်ကို ထိတွေ့လာတယ်၊ သူရှိမနေတဲ့အခန်းထဲမှာတောင် သူမရဲ့ရနံ့တွေပြည့်လာတယ်။


အဆုံးမရှိတဲ့အချစ်ကိုရှာတွေ့ဖို့ နွေဦးဟာ စတင်ချက်တစ်ခုဖြစ်သွားတယ်။ ပန်းပွင့်လာတာမျိုးမဟုတ်ပဲ အချစ်တွေပွင့်လာတာ။ ဒီအချစ်က ငြိမ်းချမ်းတယ်၊ ပူလောင်ခြင်းမဟုတ်ဘူး။ ပေါ့ပါးပြီး ရင်ဘတ်ထဲမှာ လိပ်ပြာလေးတွေလို လူးလားပျံသန်းနေတာ။ အချစ်ဆိုတာ အချို့အချိန်တွေမှာ ကြီးမားတဲ့အကြောင်းအရာတစ်ခုနဲ့မဟုတ်ဘဲ တိတ်တဆိတ်လေးနဲ့လည်း တဖြည်းဖြည်းဝင်ရောက်လာတတ်ပါလား။ 


ဒါက ဘာအကြောင်းလဲဆို ချစ်ခြင်းမေတ္တာကို မေ့လျော့ထားခဲ့တဲ့မိန်းကလေးနှင့် ချစ်ခြင်းမေတ္တာနှင့်ထိတွေ့မိလို့ ဘယ်ဘုရားတရားမှမမြဲတော့တဲ့ မိန်းကလေးတစ်ယောက်အကြောင်း။


.......... 


နွေဦးရဲ့ ဖြတ်ပြေးနေကျ လေရူးတွေကလွဲရင် ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေလျှက်။ ပန်းရနံ့ပေါင်းစုံကို သယ်ဆောင်လာသည့်လေပြည်လေးဟာ နှင်းရည်လဲ့နေသည့်မြက်ခင်းစိမ်းလေးတွေကို ဖြတ်ပြီး သူမရဲ့အခန်းဆီ တိုးဝင်လာသည်။ အဖြူရောင်ခန်းစည်းလိုက်ကာလေးတွေဟာ လေအဝှေ့မှာ တလွင့်လွင့်။ လှလိုက်သည့်နွေဦးရဲ့ သင်္ကေတ လေးတွေပါလား။ လေတစ်ချက်ဝှေ့သွားလိုက်တိုင်း လစ်ဟာသွားသည့် လိုက်ကာစတွေကြားမှနေ၍ ခြေဖုဝါးနုနုလေးကို မြင်ရသည်။ အဖြူရောင်ပန်းမွေ့ယာကြီးထဲ လဲလျောင်းနေသည့် မိန်းမပျိုလေးဟာ နွေဦးကို တစ်ဖန် အိမ်မက်,မက်နေသည့်ပုံ။ 


' ဒုန်း....ဂလုန်း '


လေနဲ့အတူပါလာသည့် ဆူညံသံတစ်ချို့ဟာ သူမရဲ့ နွေဦးအိမ်မက်တွေကို ဖျက်ဆီးပစ်လိုက်ပုံ။ မျက်တောင်ရှည်လေးတွေဟာ လှုပ်ခတ်,ခတ်ဖြစ်လာသည်။။ သတိတရဖြင့်လက်ကောက်ဝတ်လေးဆီမှ နာရီကို ပင့်ကာကြည့်မိတော့ အချိန်ဟာ နေ့ခင်း2နာရီ ကျော်နေပြီ။ သူမသာ အမှတ်မမှားဘူးဆိုရင် ဆေးအရှိန်ကြောင့် အိပ်ပျော်သွားသည်ဟာ နာရီဝက်လောက်သာရှိပါလိမ့်အုံးမည်။ 


' ဟဲ့ ဟဲ့ ဖြည်းဖြည်းချလေ။ ကျိုးကုန်မယ်။ '


လေဖြင့်ပါလာသည့် အသံတိုးတိုးကို သူမ ထပ်ပြီးကြားရပြန်သည်။ ကြည့်ရတာ ဟိုဘက်ခြံကအိမ်ပြောင်းတွေ ရောက်လာပြီထင်ရဲ့။ ထိုအရင်ခြံပိုင်ရှင်တွေဟာ လွန်ခဲ့တဲ့ရက်တွေကတည်းက ခြံကို သန့်ရှင်းရေး လုပ်နေခဲ့ကြတာပင်။ ပြီးတော့ အိမ်ပြောင်းတွေရောက်မည်ဟု လေးနု(ထမင်းချက်အကူ)ဆီမှလည်း နားစွန်းနားဖျား ကြားမိသေး၏။ 


သူမ အတွေးကို လက်စသတ်ပြီး အိပ်ယာပေါ်မှ ထလာလိုက်သည်။ 

ဆူညံသံတွေဟာ မကျယ်ပေမယ့်လည်း သူမကတော့ ထပ်ပြီးအိပ်ချင်လိုစိတ်မရှိတော့။ သူမခေါင်းထဲ ထပ်ပြီးဝင်လာသည်က မနေ့ညက ဖတ်လက်စစာအုပ်လေးအကြောင်း။ လေသာဆောင်ဘက်ထွက်ပြီး ထိုစာအုပ်ကိုထပ်ဖတ်ဖို့ သူမ,ကြံသည်။ သူမရဲ့ အခန်းအပြင်ဘက် လေသာဆောင်ဟာ အတော့်ကို ကျယ်ပါသည်။ ကျယ်ပေမယ့်လည်း သူမမှာ စာဖတ်ဖို့ ကြိမ်ခုံလေးတစ်လုံးရယ် စာအုပ်တွေတင်ဖို့ ကြိမ်စားပွဲလေးတစ်လုံးရယ်သာရှိ၏။ သူမတို့အိမ်ဟာ ဧည့်အဝင်အထွက်များပေမယ်လို့ သူမဆီလာသည့်ဧည့်သည်တွေကတော့ရှားသည်လေ။ ထို့ကြောင့် ခုံအပိုမရှိရခြင်းပင်။


လေသာဆောင်ဘက်ထွက်တော့ နွေဦးရဲ့ရနံ့တွေရသည်။ မြူမှိုင်းတဝေဝေဖြင့် အရိုးစိမ့်အောင်အေးသည့်အညာဆောင်းဟာ ပြည်ဖုံးကားချပြီး သစ်ပင်ပန်းမှန်များဟာ လတ်ဆတ်သောနေရောင်နွေးနွေးဖြင့် သက်ဝင်လှုပ်ရှားလာကြသည်။ ပန်းရနံ့ပေါင်းစုံကိုသယ်ဆောင်လာသည့် နူးညံ့မွှေးပျံ့သောလေများ၊ ပန်းရနံ့များကြားတွင် တောင်ပံခတ်ကာပျော်မြူးနေကြသောလိပ်ပြာကလေးများ။ နွေးဦးဟာ လေနုအေးများနဲ့အတူပန်းတွေကခုန်ကြသောရာသီ၊ သက်ရှိတိုင်းတစ်ဖန်ပြန်လည်မွေးဖွားကြသည့်နွေဦးရာသီဖြစ်၏။


ကြိမ်ခုံလေးမှာ ခြေတစ်ဖက်ချိတ်ထိုင်ပြီး စာအုပ်ရဲ့ခေါက်ချိုးလေးအတိုင်းဖွင့်လိုက်သည်။ သူမရဲ့အတွေးတွေ စိတ်အာရုံတွေဟာ ဇာတ်လမ်းလေးတွေဆီမှာ တဝဲလည်လည်။ 


'ဇူလီချမ်းမြေ့' 


နားထဲကို ပီပီသသကြီးဝင်လာသည့် နာမည်တစ်ခု။ တချို့အသံတွေကိုတော့ တဝိုးတဝါးကြားရပေမယ့် ယခုကတော့မတူ။ ကြည့်ရတာ တစ်စုံတစ်ယောက်ဟာ ထိုအမည်ပိုင်ရှင်ကို အော်ကာခေါ်လိုက်သည့်ပုံပင်။ 


'နင့်ပစ္စည်းတွေကို ကိုယ်တိုင်သယ်ဖို့ စိတ်ကူးမရှိတော့ဘူးလား' 


ထိုအသံပိုင်ရှင်အမျိုးသမီးသည် တစ်‌စုံတစ်ယောက်ကို စိတ်မလိုအားမရဖြစ်နေသည်ထင်။ အသံအတော်ကျယ်၏။ 


'မသယ်ပါဘူး။ မနေနိုင်တဲ့လူကသယ်ပေါ့' 


ထိုအမျိုးသမီးကိုပြန်အော်လိုက်သည့် ခပ်ပြတ်ပြတ်အသံတစ်ခု။ အသံနားထောင်ကြည့်ရတာ ငယ်မည့်ပုံပင်။ သူမမှာစပ်စုချင်စိတ်တွေရှိမနေပေမယ့် အသံကြားရာဘက်တော့ ခန္ဓာကိုယ်ကအလိုလိုတုံ့ပြန်မိ၏။ ဝရံတာဘက်သွားပြီး တိုးကပ်ကြည့်မိသေးသည်။ မြင်ကွင်းဟာသိပ်တော့မရှင်းပါ။ အိမ်ပြောင်းserviceကလူတွေနဲ့ အတော်ရှုပ်နေ၏။ သူမရဲ့ လေသာဆောင်လက်ရန်းအပေါ်တန်းတွေဆီကနေ တစ်ဆင့်ပြန်ကာချထားသည့် ဝါးကပ်လိုက်ကာလေးတွေကြောင့်လည်း ပါ,ပါလိမ့်မည်။ ပြီးတော့ သူမတို့ခြံသည် အလွန်ကျယ်ပြီး ထိုအိမ်ပြောင်းခြံနဲ့လည်း အနည်းငယ်တော့ ဝေးနေသေး၏။

 

'နောက်မှ နင့်ပစ္စည်းတွေ ဘာဖြစ်တယ်ညာဖြစ်တယ် ပြောကြည့်' 


'ဖြစ်ရင်တော့ ပြောရမှာဘဲ။ အစတည်းက မပြောစေချင်ရင် မပြောင်းလာပါနဲ့လား'


ကြည့်ရတာ အမျိုးသမီးငယ်သည် အိမ်ပြောင်းလာရသည်ကို သဘောမကျသည့်ပုံ။ အမျိုးသမီးကြီးပြောသည့်စကားတိုင်းကို ခွန်းတုံ့ပြန်ပြောနေလေ၏။ အမေနှင့်သမီးဖြစ်ပုံတူသည်။ 


'နင့်အဖေကိုသာပြောလိုက်တော့' 


အမျိုးသမီးကြီးဟာ သမီးဖြစ်သူကို လက်လျှော့သွားသည့်ပုံပင်။ ပစ္စည်းတစ်ချို့ကိုသယ်ပြီးအိမ်ထဲဝင်သွား၏။ ခပ်စွာစွာအမျိုးသမီးငယ်ကတော့ သူ့ရှေ့ကလူတွေကို ကူချင်သည့်ပုံမပေါ် ။ ခြံအရှေ့နားက အပင်ကြီးအောက်ရှိ ခုံတန်းတွေဆီ ခြေလှမ်းကျယ်ကျယ်နဲ့ လျောက်ကာသွားနေ၏။ ခုံတန်းတွေပေါ် ဖိနပ်မချွတ်ဘဲတက်ကာ ဆောင့်ကြောင့်ထိုင်သည်။ ထိုအမျိုးသမီးငယ်လေး၏ပုံရိပ်ဟာ တဝိုးတဝါးပါ။ ဆံပင်ရှည်ရှည်ဖြင့် အရပ်ရှည်ကာ အသားဖြူသည်။ အနက်ဝတ်ထား၍လားမသိပါ။ ပြီးတော့ နေရောင်ကြောင့်လက်ကနဲဖြစ်သွားတတ်သည့် မျက်မှန်ဝိုင်းဝိုင်းဟာလည်း သူ့မျက်နှာနဲ့လိုက်ဖက်၏။ အသင့်ပါလာသည့် မုန့်တစ်ခုခုကိုစား‌နေပြီး သူ့ရှေ့ကလူတွေကို ဇိမ်ခံကာထိုင်ကြည့်နေသည်ကိုတွေ့ရပါသည်။


"ဇူလီချမ်းမြေ့"


"ဘာလဲ" 


"နင့်မီးအိမ်ကွဲသွားရင် ငါပြန်ဝယ်မပေးဘူးနော်။ အပေါ်ထပ်မှာ အခန်း၃ခန်းရှိတယ်။ နောက်ကျတဲ့လူက သူများရွေးကျန်တဲ့အခန်းမှာနေရမယ် ဒါဘဲ" 


ထိုသို့ပြောမှသာ သမီးဖြစ်သူဟာလှုပ်စိစိဖြစ်လာ၏။ တစ်အိမ်လုံးမှာ အကြီးကျယ်ဆုံးသမီးငယ်ဖြစ်သူဟာ သေချာပေါက် ဒီအိမ်ရဲ့အခန်းအကြီးဆုံးဆိုတာကို ရချင်မှာပင်။ သို့သော် သမီးဖြစ်သူဟာ ခုံတန်းရှည်ကြီးဆီမှဆင်းပြီးသာ ရပ်နေလေ၏။ စိတ်ဆိုးကာအရွဲ့တိုက်နေသည့်ပုံ။ 


"ဘယ်သူ့ကိုလာခြောက်နေတာလဲ ။အစ်မရောအဖေရော ပါမလာကြသေးဘူး။ အေးဆေးရွေးလို့ရတယ်"


သမီးငယ်ဖြစ်သူဟာ ခေါင်းအတော်မာ၏။ ကပ်သီးကပ်ဖဲ့လည်း အလွန်ပြောနိုင်ပါသည် ။ သို့ပေမယ့် သူမတို့ကိုသာပြောခြင်းပင်။ 


"မနိုင်ဘူး။ လုပ်ချင်သလိုလုပ်" 


မိခင်ဖြစ်သူဟာ ထိုမျှသာပြောပြီး အိမ်ထဲထပ်ဝင်သွား၏။ 


ဇူလီရဲ့စိတ်တွေဟာကြည်လင်မနေပါ။ ဖခင်ဖြစ်သူရဲ့အစိုးရဝန်ထမ်းအလုပ်ကြောင့် ဇူလီတို့မိသားစုဟာ အိမ်ခဏခဏပြောင်းရတတ်ပါသည်။ နေရာသစ်မှာ ဘဝသစ်စရသည်ကလည်း ခဏခဏ။ ဇူလီဟာ ထိုဘဝကိုစိတ်ကုန်လှ၏။ သို့ပေမယ့်လည်း မတတ်နိုင်ပါ။ ရာသီအကူးအပြောင်းနဲ့ပတ်ဝန်းကျင်အပြောင်းအလဲကြောင့် သူမ နေမကောင်းမဖြစ်စေဖို့သာဆုတောင်းရ၏။ 


"ပူချက်။ ဘာနွေဦးကြီးလဲ" 


အညာရဲ့နွေဦးဟာ အလွန်လှပေမယ့် အလွန်လည်း ပူပြင်းတတ်ပါသည်။ သူမကတော့ အမဲရောင်ဝတ်လာလို့လားမသိ ယခင်ကထက်ပိုပြီးပူသလိုခံစားရ၏။ အပေါ်ဝတ်ကိုချွတ်လိုက်ပေမယ့်လည်း မထူးမခြားအောက်ခံက t-shirtအမဲရောင်ပင်။ အပူဒဏ်ကြောင့် သူမမျက်ခုံးတွေဟာ တွန့်ချိုးနေ၏။ ကားနားသွားပြီးရေဘူးကိုယူကာ သောက်လိုက်ပေမယ့် ရေဟာအေးမနေ။ အပူဒဏ်သက်သာအောင် မျက်နှာသစ်ဖို့ကို သူမ ကြံသည်။ လမ်းတွေမှာပေကျံလာသည့်ဖုန်မှုန့်တွေကြောင့် မျက်နှာဟာယားကျိကျိဖြစ်လာသည်လေ။ မျက်နှာသစ်ဖို့ခြံစည်းရိုးထောင့်နားဘက် အပင်ထူသည့်နေရာနားကို သူမရွေး၏။ အညစ်အကြေးတွေဖြင့်မျက်နှာဟာ သန့်စင်ပြီးခါမှ လူကအနည်းငယ်လန်းသွားသလိုရှိလာသည်။ တစ်လက်စတည်း သူမဟာ ပတ်ဝန်းကျင်ကိုစူးစမ်းမိ၏။ ဒီဘက်ရပ်ကွက်ဟာ ဆိတ်ငြိမ်ရပ်ကွက်မှန်းသိသာပါသည်။ အပင်တွေပေါများ၏။ အိမ်ကြီးအိမ်ကောင်းတွေဆိုတာထက် လုံးချင်းတိုက်ကလေးတွေပေါသည်။ ဟိုဘက်တစ်ခြံကလွဲရင် ကျန်သည့်အိမ်တွေအားလုံးဟာ ကပ်လျှက်နီးပါးတည်ရှိကြပါသည်။ ခြံအကျယ်အဝန်းကလည်းသူမတို့နီးတူပင်။ ဟိုညာဘက်ခြံတော့မပါ။ 


ထိုညာဘက်ခြံဟာ အတော်ကျယ်ပါသည်။ အိမ်ဟာ ရှေးကစစ်ကျန်အိမ်ကြီးလို အနည်းငယ်ရှေးကျသလိုရှိနေ၏။ ပြန်လည်ပြုပြင်ထားသည်ထင်ရသည့် အစိတ်အပိုင်းများကိုလည်း တွေ့ရ၏။ တစ်ခြံလုံးမှာ မြက်ခင်းစိမ်းတွေနဲ့ အခြားအလှ‌မွေးအပင်တွေအပြည့်ပင်။ ထိုင်ဝမ်ဗန်ဒါတွေအများဆုံးတွေ့ရ၏။ နှစ်ထပ်အိမ်ကြီးကြီးဟာ ရေနံချေးတွေသိပ်မထင်းတော့ပေမယ့်လည်း အတော်ခိုင်သည့်ပုံပါ။ ခြံဝင်ပေါက်ကလည်းကျယ်ပြီး ထိုနားမှာကင်းစောင့်တဲလေးကို အုတ်နဲ့သေချာဆောက်ပေးထားပါသည်။ ဝင်ပေါက်တစ်ဖက်စီမှာ စွယ်တော်ပင်နှစ်ပင်ကိုလည်းတွေ့ရ၏။ ကြည့်ရတာ ဘာကောင်မှန်းမသိသည့် အကောင်ကြီးကြီးနေသည့်အိမ်ဖြစ်ရမည်ထင်သည်။ 


အိမ်ကိုကြည့်ပြီး အတွေးတွေနယ်ဆန့်နေခါမှ ထိုအိမ်အပေါ်ထပ်မှလူရိပ်စိမ်းစိမ်းကို သေချာသတိထားမိပါသည်။ ဇူလီမှာ သူခိုးလူမိသလိုခေါင်းကြီးသွားရ၏။ ထိုအရိပ်ပိုင်ရှင်ကိုသိပ်မမြင်ရပေမယ့် ခန္ဓာအရွယ်အစားအရ မိန်းကလေးဖြစ်မည်။ လက်နှစ်ဖက်ကိုကျကျနနချိတ်ထားပြီး သူမတို့ဘက် မဟုတ်လည်း သူမကို ကြည့်နေတာပင်။ ဗမာဝမ်းဆက်အစိမ်းရင့်ရောင်ကြောင့် ထိုမိန်းကလေး၏အသားရောင်ဖွေးဖွေးဟာ ပေါ်လွင်နေပါသည်။ မျက်နှာကိုတော့ အပေါ်ကနေချ,ကာထားသည့်ဝါးကပ်တွေကြောင့် သိပ်မမြင်ရ။ သူမကပြန်ပြီးကြည့်နေတာကိုတောင် ထိုအမျိုးသမီးဟာလှုပ်"ရှား"ဖြစ်မသွား။ ဇူလီကဘဲ အရင်မျက်နှာလွဲ‌ရ၏။


"သွား အပေါ်ထပ်‌နင်နေမယ့်အခန်းကိုသန့်ရှင်းရေးသွားလုပ်။ ငါကတော့မလုပ်ပေးနိုင်ဘူး။ ညစာစားဖို့လုပ်ရအုံးမယ်" 


ဇူလီ၏မိခင်ဟာ ဟိုကနေစုပြီးယူလာသည့်အဝတ်စုတ်ထုတ်ကို သူမဆီပစ်ပြီး ထိုသို့ပြောလာသည်။ ဇူလီဟာ စိတ်ဆိုးနေပေမယ့်လည်း ညအိပ်ဖို့တော့ သူမအခန်းကိုသေချာလုပ်ရမည်ပင်။ သူမသာ ဘာမှဝင်မကူပေမယ့် အိမ်ကပစ္စည်းအတော်များများကတော့ နေရာတကျဖြစ်နေပါပြီ။ လုပ်သားတွေငှါးလာလို့တော်သေး၏။ မေမေကတော့ မီးဖိုဆောင်ဘက်ဝင်ကာ ချက်ပြုတ်ဖို့ သန့်ရှင်းရေးစလုပ်နေပြီပင်။ သူမဖေဖေကတော့ လုပ်လက်စအလုပ်တွေမပြီးသေးလို့ နောက်၂ရက်လောက်နေမှ လိုက်လာမည်ပြော၏။ သူမ၏အစ်မဖြစ်သူကတော့ ဆေးနီးနွယ်သည့်ဝန်ထမ်းတစ်ယောက်မို့ကျ‌ရာနေရာ၌တာဝန်ထမ်းနေရသည်။ ဒီအိမ်ကိုတော့ အလည်လောက်ဘဲလာပါလိမ့်မည်။


အပေါ်ထပ်မှာ အခန်းက၃ခန်းရှိသည်။ ကျယ်သည့်အခန်းကတော့ သေချာပေါက်သူမရဲ့အခန်းပင်။ ဒီအိမ်ဟာ မိသားစု၄ယောက်နေဖို့ အတော့်ကို ကျယ်လှပါသည်။ သူမဖေဖေရာထူးကြောင့်ရော အသိတွေကြောင့်ရောပါ ဒီအိမ်ကြီးကို အငှားရလိုက်တာပင်။ လှေကားကနေတက်လာရင် သူမအခန်းက ဘယ်ဘက်အစွန်ဆုံးမှာရှိ၏။ အခန်းဟာ အရင်အိမ်ရှင်တွေကောင်းမူကြောင့် သန့်ရှင်းနေပါသည်။ ၂ယောက်အိပ်ကုတင်မှာလည်း‌ မွေ့ယာကအဆင်သင့်ချထား၏။ ဖုန်တွေအနည်းငယ်ရိုက်ပြီး မွေ့ယာပေါ် ခြေပစ်လက်ပစ် သူမ,လှဲချပစ်လိုက်၏။ ယခုအချိန်ဆို သူမသူငယ်ချင်းတွေ ဘာလုပ်နေကြလောက်မလဲ ဆိုသည့်အတွေးကဝင်လာသည်။ စက်ဘီးတွေ ပတ်စီးနေကြလောက်မလား၊ မုန့်တွေထွက်စားနေကြလောက်မလား။ မနက်ကတော့ ဒီဘက်ဆင်းလာခါနီး သူမသူငယ်ချင်း ဆုရည်မွန်နှင့်ထင်လင်းကျော်တို့ဟာ သူမကိုလာနူတ်ဆက်ခဲ့ကြသေးသည်။ သုံးယောက်သား ဖက်ကာလည်း ငိုခဲ့ကြသေး၏။ သူမတို့ဟာ နောက်များကျပြန်ဆုံဖို့အခွင့် ရှိလာပါအုံးမလား။ လူတွေဟာ တစ်သက်တာတွေ့ဆုံ ခင်မင်ခွင့်ရကြဖို့မသေချာပါ။ မည်မျှပင်စိတ်ချင်းနီးစပ်ကြပါစေ လူချင်းအလမ်းဝေးလာသည်နဲ့အမျှ ပြန်လည်တွေ့ဆုံဖြစ်ကြဖို့ဟာလည်း အလှမ်းကွာဝေးလာသည်။


အတွေးတွေဟာ သူမစိတ်မပြတ်ခဲ့သည့် မနေ့ကအတိတ်တွေဆီသို့။ 


"ဇူလီ သမီး ထတော့။ ညစာစားရအောင်"


မိခင်၏အသံကိုကြားခါမှ သူမဟာအိပ်ပျော်သွားမှန်းသိရသည်။ အပြင်ဘက်ကြည့်မိတော့ နေ‌ဟာဝင်လုနီးနီး။ သူမဟာတော်တော်ဆိုး၏။ မိခင်ကို တစ်ကယ်ဘာမှမကူဘဲ အိပ်ပျော်နေခဲ့တာပင်။ တစ်ခါတစ်လေ သူမဟာ အလိုက်သိတတ်ပေမယ့်လည်း တစ်ခါတစ်လေတော့ ဂျစ်ကန်ကန်နေတတ်၏။


"ထ ထ နင့်အဖေလည်းရောက်လာပြီ" 


သူမမေမေဟာ သူမနဖူးပေါ်ကချွေးတွေကိုသုတ်ပေးပြီး ထိုသို့ပြောလာသည်။ 


"ဟင် ဘယ်လိုဖြစ်တာလဲ။ အဖေပြောတော့နောက်၂ရက်လောက်မှဆို" 


"အေး အထက်ကို မရမကခွင့်တိုင်ပြီးလိုက်လာလိုက်တာတဲ့။ နင်နဲ့ငါ့ကို စိတ်မချတာလည်းပါမှာပေါ့။ ထ အိမ်နောက်မှာရေကန်ရှိတယ်။ ခြေရေလက်ရေဆေးပြီး ထမင်းစားခန်းကိုလာခဲ့" 


ထွက်သွားသည့် မေမေ့ကျောပြင်ကိုကြည့်ပြီး ဇူလီတစ်ကယ်အားနာမိတာပင်။ သူမက ကိုယ်အဆင်မပြေတာကိုဘဲကြည့်ပြီး စိတ်ကောက်နေခဲ့သည်မဟုတ်လား။ အခုလိုပြောင်းလာခဲ့ရတဲ့မေမေကရော ဒီအခြေအနေကိုစိတ်မညစ်ဘဲနေပါ့မလား။ သူလည်း အရွယ်ရောက်နေသည့်သားသမီးတွေနဲ့အတူ နေရာအတည်တကျမှာနေချင်မှာဘဲ။ သူမ အမြန်ထကာ အိမ်အောက်သို့ပြေးဆင်းရသည်။ အိမ်ပြောင်းရွေ့လုပ်သားတွေတော့မတွေ့ရတော့။ အပြင်မှာ ဖေဖေ့ကားတစ်စီးသာတွေ့ရသည်။ 


"ဇူလီ နင့်အမေကထမင်းစားမယ်ပြောနေပြီလေ။ မြန်မြန်မလုပ်သေးဘူးလား" 


အိမ်ရှေ့ကိုငေးနေသည့်သူမကို ဖခင်ဟာ လေသံမာမာနဲ့ပြောလာ၏။ သူမဖေဖေဟာ လေသံမာပေမယ့်လည်း ဆိုးသည်တော့မဟုတ်။ သားသမီးတွေကို ချော့တစ်ခါ ခြောက်တစ်လှည့်ပေါ့။ အိမ်နောက်ကိုရောက်တော့ ဘာအတွက်အသုံးပြုသည်မှန်းမသိသည့်ကန်ကို သူမ တွေ့ရသည်။ ထိုနှင့်ခပ်လှမ်းလှမ်းမှာတော့ အုတ်တက်ထားသည့်အိမ်သာတစ်လုံး။ ရေကန်ကတော့ သူမဖေဖေ‌ ဆေးထားသည်ထင်ရဲ့။ ရေတွေကအေး၍ကြည်လင်နေပြီး ကန်ကလည်းသန့်ရှင်းနေသည်။ သူမရဲ့ဖေဖေနှင့်မေမေဟာ အိမ်သန့်ရှင်းရေးအတွက် သူမကို တစ်ကယ်လာမနိုးခဲ့ကြတာပင်။ နောက်ပိုင်းအလိုက်တသိနေဖို့ ကိုယ့်စိတ်ကို သတိပေးရ၏။


သူမတို့အိမ်အနောက်ဘက်ဟာ ဟိုဘက်ခြံစပ်ကမီးရောင်ကြောင့် အလင်းရောင်ကောင်းစွာရနေပါသည်။ တစ်ခြံလုံးကိုမီးတွေထွန်းထားတာက နန်း‌တော်ကြီးလို့ပင် ထင်မှတ်မှားရသည်အထိ။ နန်းတော်ဆိုမှ နေ့ခင်းကသူမ,မြင်ခဲ့ရသည့်အခန်းကို မီးရောင်တွေကြောင့် ယခင်ထက် ပိုမိုထင်ရှားစွာတွေ့မြင်နေရပါပြီ။ ယခုထိုအခန်းဟာ ဝါးကပ်လိုက်ကာလေးတွေကို လိပ်ကာတင်ထား၏။ အခန်းဟာ အပြင်ကကြည့်တောင် ကျယ်မှန်းသိသာလှသည်။ ဝရံတာဘက်ဆက်ထားသည့်(ယခုဖွင့်ထားသည့်)တံခါးပေါက်များဟာ အတော်ကျယ်၏။ ပြတင်းပေါက်လည်းများသည်။ လေတော့တော်တော်ရမှာဘဲဟု တွေးမိ၏။ သို့ပေမယ့်လည်း မြင်ခဲ့ရသည့် အစိမ်းရောင်ပုံရိပ်လေးကိုတော့ သူမ,မတွေ့မိပါ။ မိသားစုနှင့်အတူညစာစားနေလောက်မည်ထင်သည်။ ထိုခြံဟာယခုမှပိုသက်ဝင်သည်ပြောရမည်။ လှုပ်"ရှား"ပုံရိပ်များတွေ့လာရလေ၏။ 


သူမ ထမင်းစားပွဲရောက်တော့ ဖေဖေရောမေမေရောက ထမင်းကိုစားနှင့်နေကြပြီဖြစ်၏။ စားပွဲပေါ်မှဟင်းတချို့ဟာ သူမမေမေလက်ရာမဟုတ်။


"ဟိုဘက်ခြံကလာပေးသွားတာ" 


မေမေဟာ သူမကြည့်နေသည့် ကြက်သားဟင်းခွက်ထဲက အသားတစ်တုံးကိုနိုက်ကာ ပန်းကန်ထဲထည့်ပေးလာ၏။ ဟင်းလာပေးသည့်လူဟာ နေ့ခင်းကအမျိုးသမီးတော့မဖြစ်နိုင်ဟု ကြံကြံဖန်ဖန်တွေးမိလိုက်သေးသည်။ 


"မနက်ဖြန်မနက်ကျ ဟင်းတွေချက်ပြီးဘေးအိမ်တွေကိုပို့ပေးရမယ်။ မိတ်ဖြစ်ဆွေဖြစ်ရော ကျေးဇူးတင်တဲ့အနေနဲ့ရောပေါ့" 


မေမေဟာထိုသို့ပြောရင်း ထမင်းကို အားရပါးရစားနေပါသည်။ သူမဖေဖေကတော့ ဗိုက်အတော်ဆာနေသည်ထင်။ အသံပင်ထွက်မလာတော့။ မထွက်နိုင်ဆို ဟိုဘက်ခြံကပေးတဲ့ဟင်းက စားကောင်းလို့မှန်း သူမအခုမှသိတော့သည်။ ကြက်သားဟာ ငရုတ်သီးကြောင့်စပ်တာမဟုတ်ဘဲ ထိုအထဲပါလာသည့်အရွက်ကြောင့် စပ်စပ်ကလေးနဲ့ အတော်စားကောင်းပါသည်။ ဘာအရွက်မှန်းတော့ သူမ,မသိ။ ကြည့်ရတာ ဗမာချက်,ချက်ထားသည်ထင်။ 


"မနက်ဖြန် ဟိုဘက်ခြံနှင့်ဒီဘက်ခြံတွေကို ဟင်းသွားပို့ပေးနော် ဇူလီ" 


ဘေးအိမ်တွေကို ဟင်းသွားပို့ရမည်ကြားတော့ ဇူလီ စားလက်စထမင်းပင် မျိုမကျချင်တော့။ စိတ်ကအရင်ညစ်လာသည်။


"အမေဘဲသွားပို့လို့မရဘူးလား" 


သူမ ထိုစကားကိုဘေစင်နားက မိခင်ဖြစ်သူအားမကြည့်ဘဲပြော၏။ ဇူလီဟာ စကားနည်းပေမယ့် တစ်ချို့ကိစ္စတွေမှာ သူ မကြိုက်သည့်အရာကိုဆို အားမနာတမ်းပြောတတ်သည့်လူ။ ဇူလီဟာ လူတွေနဲ့အဆက်အဆံလုပ်ရမှာ အတော်ပျင်းပါသည်။ စကားမပြောချင်။


သူမ၏စကားကိုကြားတော့ သူမအမေကစိတ်ပျက်သည့်ဟန်ဖြင့် ခါးထောက်ရပ်ကြည့်ကာ သက်ပြင်းတစ်ချက်ကို ချသည်။


“ဟုတ်ပြီ အဲ့ဒါဆို မနက်ဖြန်လာမည့်ဧည့်သည်တွေကိုနင်ဧည့်ခံနေ ဘေးအိမ်တွေကိုကငါသွားပို့မယ်” 


ထိုစကားအပြီးမှာ ဇူလီက ကျစ် ခနဲစုတ်သတ်သည်။ 


"‌လူဆိုတာကလေ ဘယ်နေရာရောက်ရောက် ကိုယ်ကအရင်ကောင်းတာတွေချည်းပေးရတယ်။ ရင်းနှီးမူယူတဲ့သဘော ရှေ့လျောက်စောင့်ရှောက်ပေးပါဦးဆိုတဲ့သဘောနဲ့မိတ်ဆွေဖွဲ့ရတယ်။ သူများဟင်းကျတဖြဲနဖြဲစားပြီးတော့များ" 


သူမမေမေဟာ ထိုသို့ပြောပြီး စားပြီးသားပန်းကန်တွေ ဆက်ဆေးနေလေ၏။ ဇူလီဟာ စကားကို ပေါက်ပေါက်ရှာရှာပြောတတ်သည့်သူ၊ လူနားကပ်ရမှာသိပ်ပျင်းသည့်သူ၊ စကားအပြောသိပ်မတတ်သည့်လူ၊ ရှက်တတ်သည့်လူ၊ အေးဆေးဘဲနေချင်သည့်လူ၊ အိမ်မှာဘယ်လောက်အသံကျယ်ကျယ်ပြောပြော အခြားသူများနှင့်စကားပြောလျှင် သူမအသံဟာ တစ်စက်ကလေးမျှထွက်မလာတတ်သည့်လူ။ ထို့ကြောင့် ထိုအိမ်နီးချင်းတွေဆီသွားဖို့ သူမ ငြိုငြင်တာဟာ အဆန်းတော့မဟုတ်။


"ဇူလီ စားပြီးရင်ဆေးသောက်ထားနော်။ ဟင်းစပ်တွေဆိုတော့ ဗိုက်အောင့်လိမ့်မယ်။ ရာသီဥတုကလည်းပူတော့ ဝမ်းပျက်တာတွေဖြစ်တတ်တယ်" 


သူမ၏ဖေဖေဟာ ဗမာဆေးတစ်မျိုးကိုရေဖြင့်မျောနေရင်း သူမဆီ ဆေးဘူးလှမ်းပေးလာသည်။ အစာကြေဆေးတစ်မျိုးပါ။ 


စားပြီးသွားတော့ ဇူလီဟာဘာလုပ်ရမည်မသိ။ နေရာအသစ်မို့ နေသားမကျတာလည်းပါလိမ့်မည်။ ပျင်းနေမည့်အစား အခုထိပစ္စည်းတွေနေရာချနေသေးသည့်မိခင်ကိုကူဖို့ ဆုံးဖြတ်လိုက်သည်။ ဖခင်ဖြစ်သူကတော့ အလုပ်ကိစ္စထင်သည် ဖုန်းတွေဟိုဆက်ဒီဆက်ဖြင့် အလုပ်ရှုပ်နေ၏။ 


“ဖုန်းသွားယူပေး” 


ရုတ်တရက်ထမြည်လာသည့်ဖုန်းကိုသွားယူဖို့ ဇူလီဟာထလာသည်။ contact မှာရေးထားသည့်အမည်ဟာ ‘အကြီးမ’။ 


“ဘယ်သူလဲ” 


“မကြီး” 


မိခင်ဖြစ်သူဟာဖုန်းဖြေနေရင်း ဇူလီကိုအမှိုက်တွေ အိမ်ရှေ့နားကအမှိုက်ပုံးမှာသွားပြစ်ဖို့ လက်အမူအယာဖြင့်ပြ၏။ 


အိမ်ပြင်ထွက်တော့ ဇူလီမျက်နှာဟာ အအေးဒဏ်ဖြင့်ရိုက်ခတ်ခံရသည်။ ဆောင်းအကုန်နွေအကူးဆိုပေမယ့်လည်း ဆောင်းဟာ ဤလောကကြီးကိုအပြည့်အဝနူတ်မဆက်နိုင်သေးသည့်ပုံပင်။ နေ့တွင်ပူပြီး ညတွင်အနည်းငယ်အေး၏။ ဇူလီတို့အိမ်ရှေ့မှအမှိုက်ပုံးဟာ သိပ်ကိုပြည့်လျှံနေပါပြီ။ ထည်မရတော့သည့်အမှိုက်များကို အိတ်ဖြင့်သေချာထုတ်ပိုးပြီး အမှိုက်ပုံးနားသေချာကပ်ကာချထား၏။ ချွေးပေါက်တွေဟာ နဖူးမှနေ၍ အစိမ်းနုရောင်မြက်ခင်းတွေဆီခုန်ဆင်းသွားသည်။ နှဖူးမှချွေးများကို လက်ဖမိုးဖြင့်သုတ်ပြီး လမ်းဘေးဆီမှမီးတိုင်ကိုကြည့်မိသည်။ မီးရောင်အောက်မှာ ပျော်မြူးနေကြသည့် ပိုးကောင်ငယ်လေးများ။ သူတို့ကြည့်ရသည်မှာအပူအပင်အပင်ကင်းသည့်ပုံပင်။ ဇူလီဟာ တစ်ရက်လောက်ကလေးဖြစ်ဖြစ် ထိုမီးရောင်အောက်မှာလူးလားပျံသန်းနေသည့်ပိုးကောင်ငယ်လေးဖြစ်လိုက်ချင်သည်။ မည်မျှလွတ်လပ်လိုက်ကြသနည်း။ ထိုပိုးကောင်ငယ်လေးတွေဟာ အိမ်တွေခဏခဏပြောင်းရလည်း စိတ်မရှိတတ်ကြဘူးမလား။ မရောက်သေးသည့်မနက်ဖြန်ကိုကြိုတွေးပြီး ဇူလီဟာစိတ်မောလာသည်။ သူမအတွက် အရာရာဟာအသစ်ကတစ်ဖန်ပြန်စပြီ။ နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်၊ သူငယ်ချင်းအသစ်။ မနက်ဖြန်မှစပြီး ဇူလီဟာ ဒီပတ်ဝန်းကျင်မှာနေသားကျဖို့ အများကြီးကြိုးစားရပြန်တော့မည်။


မနက်ရောက်တော့ ဇူလီတို့အိမ်ဟာ အတော်ကို့ဆူသည်။ သူမဖေဖေတို့ သစ်တောဝန်းဆီမှ ဝန်ထမ်းတစ်ချို့ဟာ လက်ဆောင်ပစ္စည်းတွေကိုယ်စီဖြင့်အိမ်ရောက်လာကြ၏။ အိမ်ကပစ္စည်း‌တွေတောင် သူ့ဟာသူနေရာသိပ်မကျသေးသည်ကို ဒီဧည့်သည်တွေကိုမြင်ပြီး ဇူလီကတော့ စိတ်ညစ်မိ၏။ အပေါင်းအသင်းဆိုတာ ရှောင်ချင်တိုင်းလည်းရှောင်မရသည့်အရာဖြစ်၏။ မေမေနှင့်သူမကတော့ ဖေဖေဝယ်လာသည့်ဟင်းစိမ်းတွေကို အိုးကြီးအိုးငယ်ဖြင့်ချက်ပြုတ်ကာ အလုပ်များကြရ၏။ အတော့်ကိုအလုပ်များတာမို့ ယားရင်တောင် အကူခေါ်ပြီးကုတ်ခိုင်းရမလိုပင်။ ဇူလီဟာ ဧည့်များတာကို တစ်ကယ်မကြိုက်ပါ။ သူတို့လာရင် သူမမှာနေစရာရယ်လို့မရှိ။ နေစရာမရှိဆိုသည်က သူမဟာ လွတ်လွတ်လပ်လပ်မနေရလို့ပါ။ အိမ်လာသည့်ဧည့်သည်များက သူမဖေဖေမျက်နှာကြောင့်ရော လေးစားမူ၊ ယဉ်ကျေးမူအရရော သူမကို နုတ်ဆက်စကားပြောတတ်ကြသည်လေ။ ဒါကိုဇူလီက မနေတတ်။ သူတို့မေးသည့် မေးခွန်းများကိုလည်း တစ်ခါတစ်လေမဖြေတတ်။ သူမက ဘယ်သူနဲ့ရုပ်တူတာ ဘာညာလည်း ရယ်ကာမောကာပြောတတ်ကြ၏။ ဧည့်သည်တွေ သူမကို သတိမထားမိရင်ကောင်းမည်ဟု ဆုတောင်းရတာကလည်း အကြိမ်ကြိမ်ပင်။ ခုနကဧည့်သည်တွေဆီ လက်ဖက်ပန်းကန်လေးသွားချတာတောင် သူမမှာ သူ့ကိုစကားပြောလာမည်စိုး၍ အသက်ကိုအောင့်ထားရ၏။ 


နေ့ခင်းလောက်တွင် သူမတို့ ချက်ပြုတ်တာပြီးစီး၏။ အရှေ့၃အိမ်နဲ့ ဘေးဘက်၂အိမ်ကို ဟင်းတွေသွားပို့ဖို့ ဇူလီကတာဝန်ကျသည်။ သူမ စိတ်လုပ်ရှား၏။ ဒီအကျင့်ကိုဘယ်လိုဖျောက်ရမည်နည်း။ ပြီးရင် အိမ်ကဧည့်သည်တွေကိုလည်း မေမေက ထမင်းကျွေးချင်သေးသည်ဆို၏။ ဒီနေ့မှမသေရင် ဇူလီဟာဘယ်တော့မှသေတော့မည်မဟုတ်။ 


ဒီဘက်ရပ်ကွက်ဟာ လမ်းတွေအတော်ကျယ်ကြသည်။ အရိပ်ကောင်းသည့်အပင်တွေလည်းပေါ၏။ 

တမာပင် ၊ ကုက္ကိုလ်ပင်နှင့်ထနောင်းပင်တွေကတော့ အများဆုံးပင်။ တမာနုနုသည် နွေဦး၏သင်္ကေတ ဟုပြောတာကြားဖူး၏။ လေတွေတိုက်တိုင်း လွင့်ပျံလာကြသည့် ရွက်ခြောက်‌တွေနှင့်တမာပွင့်တွေဟာ ပတ်ဝန်းကျင်ရဲ့အလှတစ်ခု။ ဒါကြောင့် ရှေးလူကြီးတွေ​က "နွေဦးရဲ့အလှကို အညာမှာသွားခံစားရတယ်" ဟုပြောခဲ့ကြတာနေမည်။ 


ရှေ့၃အိမ်ကတော့ ဇူလီဟင်းသွားပို့တုန်းက ချိုင့်ပါဆေးပေးကြ၏။ အပြင်မှာစောင့်နေသည့်သူမကိုလည်း အိမ်ထဲဝင်ဖို့‌ အတင်းခေါ်ကြပါသေးသည်။ ဇူလီက မဝင်။ စကားမပြောချင်ပါ။ အိမ်ရှင်တွေကပြန်ပြောသည့်ကျေးဇူးတင်စကားကိုတောင် သူမမှာ ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်သာ ခံယူခဲ့၏။ ဒီလိုအချိန်များဆို ဇူလီဟာ အစ်မဖြစ်သူကို သိပ်သတိရသည်။ ကျေးဇူးတင်စကားပြောဖို့ ရှက်‌နေတတ်သည့်ဇူလီ့ကို နောက်ကနေလိုက်ချောင်းပြီး လေ့ကျင့်ပေးခဲ့တာပင်။ ပြီးလျှင် ထိုသူတွေကို သူမညီမက ကျေးဇူးတင်စကားပြောခဲ့ရဲ့လားဟု အတည်ကြီးလိုက်မေးတတ်သေး၏။ ဇူလီ၏ ကောင်းကွက်တော်တော်များများဟာ သူမအစ်မ၏ သင်ကြားပို့ချမူကြောင့်ဆိုတာ ငြင်းလို့မရ။ အစ်မတွေဟာ အငယ်တွေရဲ့ဒုတိယမိခင်ပါဘဲ။ 


ဟိုဘက်ခြံကျယ်ကြီးဆီတော့ ဇူလီအမေဟာ ချိုင့်ကြီးကြီးနဲ့ပို့ခိုင်းပါသည်။ လူများမည်ထင်လို့ဟုပြော၏။ သူတို့အိမ်လူနည်းသည်များသည်ဟာအသာထားပါ ထိုအိမ်ကလူတွေ ထွက်ယူရင်တောင် ဇူလီဟာ ကံကောင်းနေပြီဖြစ်သည်။ ထိုခြံပိုင်ရှင်ရဲ့အဆင့်ကတော့ သေးမည်မထင်။ ကားအကောင်းကြီးတွေကို အိမ်ဘေးမှာ ချရပ်ထားတာတွေ့ရ၏။ သူတို့လာပို့တဲ့ဟင်းတွေကို ထိုခြံပိုင်ရှင်တွေဟာ စားမှစားပါ့မလား၊ ယူရောယူပါ့မလား။ ဒီထပ်ပိုကောင်းတာတွေဘဲ သူတို့စားမှာပေါ့။ မေမေဟာ သူမကို ထိုပိုင်ရှင်တွေအား ကျေးဇူးတင်စကားသေချာပြောခဲ့ဖို့ မှာခဲ့တာပင်။ ဟိုကထွက်တွေ့ရင်တောင် သူမမှာကံကောင်းနေတဲ့ဟာကို။ ခြံထဲမဝင်ခင်ကတည်းကပင် ဇူလီမှာ အတွေးပေါင်းစုံနဲ့ ချွေးတွေပျံနေရပြီ။


သူမခြံရှေ့ရောက်တော့ ခြံစောင့်ဦးလေးက တံခါးဖွင့်ပေးပါသည်။ ပြုံးလည်းပြုံးပြ၏။ သူကဘာမှမမေးပေမယ့် သူမကတော့ ဟင်းလာပို့တာဟု အသံတိုးလေးနဲ့‌ခေါင်းလေးငုံ့ကာ ပြောလိုက်ပါသည်။ ထိုဦးလေးဟာ သူမကို အိမ်ထဲထိခေါ်သွားပေး၏။ ဝင်သွားဖို့ကိုလက်ဟန်ပြပြီး ထိုလူကြီးဟာ သူမကိုအိမ်တံခါးမကြီးနား ချန်ထားခဲ့ပါသည်။ မဝံ့မရဲဖြင့် အိမ်ထဲဝေ့ဝိုက်ကြည့်မိ၏။ ဧည့်ခန်းဟာ တိတ်ဆိတ်နေသည်။ သူမ,စိတ်ဖြင့် အိမ်ရှင်ကိုလည်း ခေါ်ဖို့မရဲခဲ့ပါ။ အိမ်ထဲကိုသာတိုးဝင်ဖို့ဆုံးဖြတ်ချက်ချရ၏။ 


ဝင်ဝင်ချင်းမှာပင် ဇူလီဟာ အပြာရင့်‌ရောင်ဝမ်းဆက်ဖြင့်ခြေတစ်ဖက်ချိတ်ထိုင်ကာ သတင်းစာဖတ်နေသည့်အမျိုးသမီးတစ်ယောက်ကိုတွေ့ပါသည်။ သူမရဲ့အသိတွေထဲမှာ လှသည် ဟုသာထွက်နိုင်လောက်သည်အထိ ထိုအမျိုးသမီးဟာလှပပါသည်။ နှာတံစင်းစင်းဖြင့်ထိုမျက်နှာဟာ ပုလဲလုံးတွေထက်ကိုပိုပြီး ကြည်လင်သည်။ သတင်းစာကိုင်ထားသည့် ဆိုးဆေးနီညိုရောင်ဖြင့်လက်ချောင်းလေးတွေဟာလည်း အတော့်ကိုလှပါသည်။ ဝင်လာသည့်သူမကို ဖျက်ခနဲသာ ကြည့်လာသည့်မျက်ဝန်းနက်နက်တွေ၊ သတင်းစာဆီသို့ အကြည့်ပြန်လွဲသွားသည့်မျက်ဝန်းတွေ၊ မျက်တောင်ရှည်ရှည်တွေနဲ့ ခပ်တင်းတင်းစေ့ထားသည့် နီရဲရဲနုတ်ခမ်းတွေဟာ အသက်ရှုဖို့ကိုတောင်‌ မေ့လျော့ရသည်အထိ။ ငေးကနဲဖြစ်သွားသည်ကို သူမမှာ ပြန်ထိန်းရ၏။ 


"ဪ သမီးလေး။ ဟင်းလာပို့တာလား"


ဘုရားရှင်ဟာ သူမ ဆုတောင်းသံကို ကြားသွားသည်ထင်၏။ အိမ်ရှင်ဟုထင်ရသည့် သား"နား"ဝတ်ဆင်ထားသောအမျိုးသမီးဟာ မီးဖိုဆောင်ထင်ရသည့်ဘက်မှ ထွက်လာပြီး သူမကိုလှမ်းမေးလာသည်။ 


" ဟုတ်တယ် ကြီးကြီး" 


ကြီးကြီးဟုခေါ်ပြီးခါမှ သူမ နောင်တရချင်လာသည်။ ထိုအမျိုးသမီးဟာ ထိုသို့ခေါ်ရလောက်တဲ့အထိတော့ အရွယ်ရင့်မနေပါ။ အသားဖွေးဖွေးနဲ့ သေချာပြင်တတ်ဆင်တတတ်မူ‌ကြောင့် အရွယ်နုသည်ထင်ရ၏ ။ 


"အားနာစရာကွယ်။ ခုမှအိမ်ပြောင်းလာခါစကို အလုပ်တွေများနေတော့မှာဘဲ" 


"ချိုင့် ပြန်ဆေးပေးစရာမလိုပါဘူး အန်တီ။ ကျွန်မကို ဒီအတိုင်းဘဲပြန်ပေးရင်ရပါပြီ" 


ရှိသမျှအားအင်တွေစုပြီး ထိုစကားစုရှည်ကြီးရွတ်ရသည်။ 


"အို မဟုတ်တာကွယ် သမီးကလည်း။ စေတနာနဲ့တောင်ချက်ပြီး တကူးတက အိမ်ထိလာပို့ရတာကို။ အလုပ်များနေတဲ့လူတွေကို အလုပ်ထပ်မပေးချင်ပါဘူးကွယ်" 


ထိုမိန်းမကြီးရဲ့ဆွဲဆောင်မူကတော့ အပြုံးလှလှလေးများပင်။ သူမကို စကားပြောနေသည့်တစ်လျောက်လုံး မျက်နှာတွင် အပြုံးလှလှကလေးများကို ပုလဲလုံးလေးလိုဆင်မြန်းထား၏။ ဇူလီဟာ ဇက်လေးအသာပုပြီးသာ ပြန်တုံ့ပြန်လိုက်သည်။ ထိုအမျိုးသမီးကြီးဟာ သူမဆီမှချိုင့်ကိုလှမ်းယူပြီး ကျွန်းခုံကြီးမှာသွားထိုင်စောင့်နေဖို့ ပြောလာ၏။ ချိုင့်လှယ်တာသိပ်မကြာပေမယ့် အိမ်ကြီးထဲမတ်တပ်ရပ်နေမည့်အစား ထိုင်ဖို့ကိုဘဲ ဇူလီဟာ ရွေးချယ်လိုက်သည်။ သူမဟာ ကျွန်းခုံရဲ့အစွန်းလေးမှာ မရဲတရဲကပ်ထိုင်၏။ ထိုင်နေသည့်အမျိုးသမီးဟာ သူမကို တစ်စက်မျှကြည့်မလာပါ။ နုတ်လည်းမဆက်ပါ။ သတင်းစာကိုသာ အာရုံစိုက်နေလေ၏။ သူမရဲ့အကြည့်တွေကို ထိုအမျိုးသမီးဆီမရောက်မိအောင် အတတ်နိုင်ဆုံးထိန်းရသည်။ အတင်းဆုတ်ထားသည့်လက်နှစ်ဖက်ဟာ ချွေးတွေချွဲကာနေပြီ။ အိမ်မြန်မြန်ပြန်ချင်သည့်စိတ်သာ သူမဆီရှိတော့၏။


အိမ်ထဲရှိအသံတွေဟာ လူရှိပါလျက်နဲ့ တိတ်ဆိတ်နေသည်။ ဘေးကအမျိုးသမီးဆီ စိတ်တွေမရောက်မိအောင် သူမဟာ အိမ်ရဲ့အတွင်းဘက်ကို စပ်စုကာကြည့်ဖို့ပြင်ရတော့၏။ ဒီအိမ်ရဲ့ဧည့်ခန်းဟာ အတော့်ကိုကျယ်ပါသည်။ ပြောင်လက်နေသည့်ကြမ်းခင်း၊ အိမ်အပေါ်ထပ်တက်သည့်လှေကားတွေကစ ကျွန်းစစ်စစ်တွေပင်။ နံရံတွေမှာတော့ မိသားစုပုံကလွဲရင် အကုန်ရှိနေပါသည်။ အလှပန်းအိုးတွေတင်ထားသည့်ကျွန်းစင်ကြီးတွေ၊ ပြက္ခဒိန်အဟောင်းအသစ်တွေ၊ တိုင်ကပ်နာရီ၊ ပန်းချီလက်ရာတစ်ချို့တွေ ၊ သတင်းစာအထပ်လိုက်တင်ထားသည့်ခုံတွေ ပြီးတော့ ဇူလီနှစ်ပေါင်းများစွာကျွမ်းဝင်လာသည့် ဆေးအနံ့တွေ။ အိမ်ကြီးဟာ ပုံစံတင်ရှေးကျတာပင် အိမ်အတွင်းပိုင်းကပစ္စည်းများကတော့ ခေတ်ဆန်ပါသည်။


ဧည့်ခန်းဆီမှ အမျိုးသမီးနှစ်ဦးလုံးဟာ အပြန်အလှန် မနုတ်ဆက်ခဲ့ကြပါ။ ဒါကိုဘဲဇူလီဟာ ကျေးဇူးတင်နေမိပါသည်။ ထိုအမျိုးသမီးသာ စကားစပြောလာခဲ့ရင် သူမအသံဟာ ရှက်စိတ်ကြောင့်ရော၊ စိတ်လုပ်ရှားတာရောကြောင့် ခွေးအကြီးလည်နှင်းခံရသလိုဖြစ်‌နေမှာသေချာနေ၏။ ထိုအမျိုးသမီးဟာ အဲ့နားရှိနေတာ ဘယ်အချိန်ကတည်းကလည်းမပြောတတ်ပါ။ ဒီခေတ်ကြီးထဲမှာ သတင်းစာကိုတစိုက်မတ်မတ်ဖတ်သည့်အမျိုးသမီးကို ဇူလီအနေဖြင့် ပထမဆုံးမြင်ဖူးခြင်းပင်။


"စောင့်ရတာကြာသွားပြီလား။ ဆောရီးကွယ် အလုပ်နည်းနည်းများသွားလို့" 


ခုနကအန်တီဟာ သူမဆီ ချိုင့်ထိုးပေးရင်းပြောလာသည်။ ကယ်တင်ရှင်ရောက်လာမှ သူမဟာကပျာကယာထပြီး ချိုင့်ကိုဆွဲယူ၏။


"ရပါတယ်" 


ချိုင့်ဟာ အနည်းငယ်နွေးနေသလိုပင်။ 


"အန်တီ ဟင်းနည်းနည်းပြန်ထည့်ပေးထားတယ်။ အန်တီတို့လည်း ကျေးဇူးတင်လို့ပါ။ ထည့်ပေးလိုက်တဲ့ဟင်းတွေက အများကြီးရယ်။ သမီးမေမေကိုလည်း ပြောလိုက်အုံး အန်တီလာနုတ်ဆက်ပါ့မယ်လို့" 


"ဟုတ်ကဲ့"


ထိုအန်တီကြီးဟာ စကားအတော်ပင်ပြောနိုင်ပါသည်။ဖော်ရွေတယ်ဘဲပြောရမလား။ သူမ တွေးထားတာနဲ့လည်း တစ်ခြားစီပါ။ သူမထင်ထားတာ ဒီခြံပိုင်ရှင်ဟာမာနကြီးပြီးသီးသန့်ဆန်လိမ့်မယ်လို့။ ဆုံးဖြတ်စောသွားခဲ့တာပင်။ 


"နေအုံး နေအုံး" 


လှည့်ထွက်ဖို့ပြင်နေသည့်သူမကို ထိုအန်တီဟာ အင်္ကျီလက်ကဆွဲထားရင်း တား၏။ အိမ်အမြန်ပြန်ချင်ပါသည်ဆိုကာမှ မပြီးနိုင်သည့်သံယောဇဉ်တွေ။ သူမက ဘာလဲဆိုသည့် အကြည့်ဖြင့်ကြည့်တော့ 


"နာမည်ဘယ်လိုခေါ်လဲ။ သမီးနာမည်လေးသိထားချင်လို့ပါကွယ်။ နောက်ကျခေါ်ရပြောရတာလွယ်အောင်ပေါ့"


ဒါဟာ လောကဝတ်အရမှန်း သူမသိပါသည်။ ပြီးတော့ လူတိုင်းဟာ နောက်များကျ ကိုယ်နှင့်ထပ်ပြီးထိတွေ့ဆက်ဆံရမည့်လူကို နာမည်များမေးတတ်ကြသည်လေ။ လူတွေဟာ တစ်စုံတစ်ယောက်ရဲ့နာမည်ကို စပြီးမေးမိလိုက်ပြီဆိုတာနဲ့ ထိုလူကိုသံယောဇဉ်စပြီးတွယ်ကြတော့၏။


"ဇူလီချမ်းမြေ့ လို့ခေါ်ပါတယ် အန်တီ" 


သူမ ချိုင့်ကို တင်းနေအောင်ဆုတ်ပြီး ပြန်ဖြေလိုက်သည်။ အသံဟာ ခါတိုင်းလိုတော့ တိုးမနေတော့ပါ။ 


"ဪ....နာမည်လေးကလှသားကွယ်။ လူကလည်းချစ်စရာလေးပါ။ ရှက်နေတာကြည့်အုံး" 


ထိုအန်တီဟာ သူမမျက်နှာကိုကြည့်ပြီး ပြုံးကာပြောလာ၏။ သူပြောမှ ဇူလီက အနေရပိုခက်လာသည်။ ဇူလီရှက်နေတာကို ဘယ်သူမှ ဒီလို တိုက်ရိုက်ကြီးပြောလာတာမရှိခဲ့ဖူးပါ။ ထိုအန်တီဟာ နုတ်သွက်သည်၊ ပွင့်လင်းသည်။ 


ဇူလီထွက်သွားခါမှ အိမ်ထဲမှတစ်စုံတစ်ယောက်ဟာ ထိုင်နေရာမှထလာတော့၏။ ချိုင့်ကိုမြောက်‌"လေးကိုင်ပြီး ခပ်သုတ်သုတ်ဖြင့်လျောက်ကာသွားနေသည့်မိန်းကလေးကို အခုမှကြည့်မိသည်။ ခြံစောင့်ဦးလေးကို နုတ်ဆက်နေတာတွေ့ရ၏။ 


"သမီး ထမင်းစားတော့မလား။ ဟင်းတွေအခုမှချထားတာ စားချင်ရင်ပူတုန်းလေးစား" 


မိခင်ဖြစ်သူရဲ့အမေးကို ထိုမိန်းမဟာခေါင်းသာငြိမ့်ပြလိုက်သည်။ ထိုမိန်းမဟာ ထမင်းစားဖို့ဆင်းလာသည်မှာ ကြာပါပြီ။ ဟင်းတွေအဆင်သင့်မဖြစ်သေးလို့ဆိုပြီး ဧည့်ခန်းမှာထိုင်စောင့်နေရင်း မမျှော်လင့်ထားသည့်ဧည်သည်ဟာ ရောက်ရှိလာတာဖြစ်၏။ စကားပြောရမှာ စိတ်မပါသည်မို့ သတင်းစာမှာပါလာသည့်ဇာတ်လမ်းတိုကလေးများကိုသာ ထိုင်ကာဖတ်နေခဲ့တာပင်။ 


ထမင်းစားပွဲမှာ ပန်းကန်လုံးဖြင့်ထည့်ထားသည့်(ချက်နေကျမဟုတ်သော)ဟင်းတွေဟာ ခုနကကောင်မလေးအိမ်မှဟင်းတွေဖြစ်လောက်၏။ ခါတိုင်းလိုပင် သူမရဲ့ထမင်းစားပွဲဟာ တိတ်ဆိတ်နေသည်။ သူမကိုယ်တိုင်မှလွဲ၍ မည်သည်တစ်ဦးမျှမရှိ။ အလုပ်ရှုပ်နေသည့်မိခင်ဖြစ်သူကျောပြင်ကိုကြည့်ရင်းလည်း ထမင်းအတူစားဖို့မခေါ်ဖြစ်ပြန်။ တစ်ကိုယ်တည်းနေရသည်ဟာ သူမအတွက် အသားကျသွားပြီထင်ပါသည်။ 


..........


ဒီနေ့များတော့ ဇူလီတို့အိမ်ဟာ တိတ်ဆိတ်လှသည်။ သူမဖေဖေကတော့ သစ်တောဝန်းကိုသွားပြီဖြစ်၏။ သူမမေမေကလည်း ရပ်ကွက်ကအန်တီတစ်ယောက်အဖော်ညှိမူကြောင့် ဈေးဘက်ပါသွား၏။ သူမသာ ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့သည်။ သူငယ်ချင်းမရှိ အသိတွေလည်းမရှိ။ သူငယ်ချင်းဟောင်းတွေနဲ့တော့ ဖုန်းအဆက်အသွယ်ဖြင့်နေ့တိုင်း စကားတွေပြောဖြစ်ကြပေမယ့် အမြဲတမ်းတော့မဟုတ်ပါ။ သူတို့တက္ကသိုလ်စာမေးပွဲတွေပြီးရင် လာလည်ကြမည်လို့ပြော၏။ ဇူလီကတော့ သူတို့လို တက္ကသိုလ်ကျောင်းသူ မဟုတ်သေး။ ဇူလီဟာ သူ့သူငယ်ချင်းတွေဖြင့်တစ်ရွယ်တည်းပါ။ သို့ပေမယ့် ဆယ်တန်းစောပြီးအောင်သွားကြသည့် သူငယ်ချင်းတွေကတော့ တက္ကသိုလ်ဆိုသည့်နေရာမှာ လူငယ်ဘဝကိုခံစားရင်း ပျော်နေကြလေပြီ။ ဇူလီ နောက်ကျကျန်နေသည်က အခြားကြောင့်တော့မဟုတ်ပါ။ ဆယ်တန်းနှစ်အလယ်လောက်မှာ ရာသီတုပ်ကွေးကူးစပ်၍ နေမကောင်းဖြစ်ခဲ့ရသည်ပင်။ အစာအာဟာရချို့ယွင်းမူ၊ အိပ်ရေးပျက်မူ၊ ကိုယ်ခံအားနည်းမူ၊ တုတ်‌ကွေးကူးစပ်မူတွေကြောင့် သူမအပြင်းဖျား,ဖျားကာ ဆေးရုံမှာ အသက်လုခဲ့ရသည်။ အဖျားကြီးသွားသည့် သူမဟာ ၃ရက်မှတစ်ခါ သတိရလာတတ်သည်ဟု မေမေကပြန်ပြောပြ၏။ အစာကျွေးလည်းမစားသလို ရေလည်းမသောက်။ တစ်ရက်တစ်ရက် ပိန်လှီလာသည့်ဇူလီ့ကို မေမေနှင့်တစ်ဆွေလုံးတစ်မျိုးလုံးရော အခြားအသိတွေကပါ အသက်မရှင်လောက်တော့ဘူးလို့ ထင်ခဲ့ကြပေမယ့် ဇူလီဟာကံကောင်းလွန်းခဲ့ပါသည်။ သို့ပေမယ့် အဖျားရဲ့နောက်ဆက်တွဲဒဏ်၊ ဆေးတွေရဲ့နောက်ဆက်တွဲဒဏ်ကြောင့် ချို့ယွင်းချက်တွေများလာပြီး ကျောင်းတော့ နားလိုက်ရ၏။ စာသင်နှစ်ကုန်ခါနီးမှာနားသည်မို့ အကျစာရင်းထဲသူ့နာမည်ပါသွား၏။ ထိုနှစ်က သူမမေမေအရမ်းငိုခဲ့တာကို သတိရသေးသည်။ မေမေဟာ သူမကို ကျန်းကျန်းမာမာနဲ့မမွေးခဲ့မိ၍ အရမ်းအားနာရကြောင်း၊ သူမသမီးရဲ့အိမ်မက်တွေဟာ သူ့ကြောင့်ပျက်စီးရကြောင်းပြော၍ ရင်ကိုထုကာငိုခဲ့တာပင်။ ကျောင်းကလည်း စာတော်သည့်သူမကို နှမြောကြ၏။ သူမကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သူ့ကိုမှအပြစ်မတင်ခဲ့ပါ။ ဒါတွေက ကံအကြောင်းကြောင့်ရော ချူချာတာသိရက်နဲ့ ကိုယ့်ကျန်းမာရေးကိုယ်ဂရုမစိုက်နိုင်သည့် သူမကြောင့်လို့ဘဲမှတ်ယူခဲ့သည်။


"ဇူလီရေ သမီး" 


သူမအတွေးတွေလွန်နေတုန်း ဈေးမှပြန်ရောက်လာပြီဖြစ်သည့် မိခင်ဟာ သူမနာမည်ကိုအော်ခေါ်ပါသည်။ မြန်လိုက်တာ။ ဈေးကနီးလို့များလား။ သူမမှာ အိမ်အောက်သို့ပြေးဆင်းရပါသည်။ ဇူလီမေမေဟာ ပစ္စည်းတွေအများကြီးဝယ်လာသည်။ ငှားလာသည့်သုံးဘီးကြီးထဲမှာလည်း ပစ္စည်းတွေဟာအပြည့်ပါလာသည်ပင်။ 


"အမလေး မောတာဟယ်။ နေကပူ ပစ္စည်းကများနဲ့" 


မေမေဟာ အလှူကကမ်းသည့်ယပ်တောင်ကြီးကို အားရပါးရခပ်ကာ နဖူးမှချွေးတွေသုတ်ရင်း‌ ပြောလာ၏။ ဇူလီမေမေဟာ အထက်ပိုင်းသူဖြစ်သည့်အလျောက် ယခုကဲ့သို့သောအညာနွေမျိုးကို အသားမကျနိုင်ပါ။ ဇူလီက ပန်ကာကိုဖွင့်ပေးခဲ့ရပြီး အသင့်ခပ်လာသည့်ရေကို သူမမေမေထံကမ်းပေးပါသည်။ ပြီးတော့ မေမေဝယ်လာသည့်ပစ္စည်းများကို သက်ဆိုင်ရာနေရာတွေဆီသယ်ကာ နေရာချရ၏။ မေမေကတော့ ဧည့်ခန်းခုံမှာထိုင်ပြီး မောကာပန်းကာဘုရားတနေသည်။ 


“နင့်အတွက် ဆရာမတစ်ယောက် ရလာတယ်။ အခုအသုတ်၁၀တန်းတွေဖြေပြီးရင် နင့်ဆီလာမယ်တဲ့။ မခင်သန်းစပ်ပေးတာပါအေ။ အသင်အပြကတော့ ကောင်းတယ်ဆိုဘဲ။ ဒီဘက်က ကိုယ်ပိုင်ကျောင်းတွေမှာ ဂိုက်ဝင်လုပ်နေတာတဲ့" 


သူမ ခုံမှာဝင်ထိုင်တော့ မေမေဟာ ထိုသို့ပြောလာသည်။ မေမေပြောသည့် မခင်သန်းဆိုသူသည် ဈေးလာခေါ်သည့် အန်တီကြီး ဖြစ်ရမည်။ ဒီနှစ်ဇူလီဟာ ကျောင်းပြန်တက်ရမည်ပင်။ စာတစ်ဝက်လောက်ကို သူမ,မှတ်မိပေမယ့် မသင်လိုက်ရသည့်နောက်ပိုင်းတွေကိုတော့ သူမ,မသိ။ ထိုဆရာမက သူမတို့အိမ်ကိုလာပြီးသင်မည်လားဘာလားတော့မသိပါ။ သူမဟာ ဘယ်လိုဆိုဆို အပြင်ဖြေကျောင်းသူ ဖြစ်သွားပြီလေ။


"ကျောင်းပြန်တက်ချင်စိတ်တော့ ရှိသေးတယ်မလား" 


မေမေဟာ သူမမျက်လုံးကို သေချာကြည့်၍ ထိုမေးခွန်းကိုမေးလာသည်။ ဇူလီဘယ်လိုဖြေဖြေ မိခင်ဖြစ်သူဟာ လိုက်လျောပေးမည့်ပုံ။


"တက်မှာပေါ့။ အမေတို့ကို ပြန်လုပ်ပေးနိုင်တာဆိုလို့ ဒါဘဲရှိတဲ့ဟာကို။ ကျောင်းမတက်ရင် ဘာလုပ်ရမှာလဲ တောင်းစားရမှာလား" 


“ဇူလီ နင်လေ ဘယ့်နှယ်ကြီးဘုကလန့်ပြောနိုင်သလဲမသိဘူး”


“ဟုတ်တယ်လေ ဒီအရွယ်လေးနဲ့ကျောင်းဆက်မတက်ရင် သမီးကဘာလုပ်စားရမှာလဲ။ မကြီးနဲ့အဖေက သမီးကိုကျောင်းဆက်တက်စေချင်လွန်းလို့ ရွစိစိဖြစ်နေတာမမြင်ဘူးလား”


ဟုတ်သည်။ ဖေဖေနှင့်မကြီး(သူမအစ်မ)ဟာ အမျိုးတွေကြားထဲ ဉာဏ်ပိုကောင်းသည့်သူမကိုတက္ကသိုလ်ကောင်းကောင်းတက်ရဖို့ မှန်းထားကြတာပင်။ ရည်မှန်းချက်ကြီးသည့် သူမဟာလည်း အမြင့်ကိုဘဲမှန်း၏။ သို့ပေမယ့် စိတ်ကူးနဲ့လက်တွေ့ဟာ ထပ်တူမကျရိုးထုံးစံပါပင်။ ဇူလီကဆေးကျောင်းသူဖြစ်ချင်သည်။ ထိုသို့ပြောတုန်းကဆို သူမ မကြီးဟာ ဟားတိုက်ရယ်ခဲ့တာပင်။ ကိုယ့်ကျန်းမာရေးကိုတောင် ဂရုမစိုက်နိုင်သည့်လူက သူများကျန်းမာရေးကိုသွားဂရုစိုက်ချင်သေးတယ်၊ လူနာကတောင်နင့်ထက်ပိုကျန်းမာဦးမည် ဟုရယ်မောကာပြောခဲ့၏။ သို့ပေမယ့် ဇူလီကတော့ဖြစ်ချင်သည်။ ဒီဆုံးဖြတ်ချက်ဟာ ဆေးရုံကငိုသံတွေကြားပြီးကတည်းက၊ သူမမေမေရဲ့ငိုသံတွေကိုကြားပြီးကတည်းက၊ သူမအစ်မရဲ့မျက်ဝန်းတွေကိုမြင်ပြီးကတည်းက ပိုမိုခိုင်မာလာခဲ့တာပင်။ 


"ကိုယ့်ဘာသာအရမ်းကြီးဖိအားမပေးနဲ့။ တော်ယုံဘဲလုပ်" 


ဇူလီမေမေကတော့ ဇူလီကိုသာစိတ်ပူသည်။ သူ့သမီးကိုထပ်ပြီး ဆေးရုံမှာမမြင်ချင်တော့။ လူတွေ ကိုယ့်စိတ်ကိုဖိအားပေးကြတာဟာ အဆုံးဝါးဆုံးကျန်းမာရေးဖြစ်လာတတ်သည်မို့ သူ့သမီးဖြစ်သူအား ဖိအားကလေးများ မပေးချင်ပါ။ 


“နင်မငတ်ပါဘူးအေ။ မတက်ချင်ရင်မတက်နဲ့။ သူများပယောဂနဲ့ ကင်းကင်းနေ”


"ရပြီ အရင်လိုမဟုတ်တော့ဘူး။ အခုဘာလုပ်ရမယ်မှန်း ကိုယ့်ဘာသာသေချာသိလာပြီ။ သူများကြောင့်တက်ချင်တာမဟုတ်ဘူး ကိုယ်ဖြစ်ချင်တာရှိတာမို့ ပြန်တက်ချင်တာ” 


နောက်ပိုင်းလွတ်လပ်မူပိုများလာသည့်ဇူလီဟာ ကိုယ်ဘာဖြစ်ချင်သည် ဘာလုပ်ချင်သည်ကိုစဉ်းစားဆုံးဖြတ်ဖို့အချိန်ပိုရခဲ့၏။ ဆုံးဖြတ်ချက်တစ်ခုကိုသေချာချပြီးပြီမို့ ထိုအရာကိုသာသူတစ်စိုက်မတ်မတ်ကြိုးစားချင်သည်။ ခုနောက်ပိုင်းလည်း ဇူလီဟာဆေးရုံမှာ ကုသမူကြာကြာယူခဲ့သည်မို့ နေမကောင်းတာမျိုးမဖြစ်တော့သည်မို့ ကျန်းမာရေးအတွက် သူ့မှာယုံကြည်မူအပြည့်ရှိနေသည်။ သို့ပေမယ့် အခုထိသူမမေမေက သူမကိုစိတ်ပူနေတုန်းပင်။ သားသမီးတွေပေါ့လျော့တတ်သည့်အရာများဟာ မိဘတွေအတွက် အမှတ်ရစရာအရာကြီးတစ်ခုဖြစ်နေတတ်သည်ဟာ သဘာဝပါ။ သားသမီးများရဲ့ကျန်းမာရေးဟာ မိဘများ၏စိတ်ကျန်းမာရေးလည်းဖြစ်၏၊ 


"နင်ပြောလာရင်အဲ့လိုကြီးဘဲ။ ပြီးရင်အမြဲမှုန်ကုပ်ကုပ်" 


ဇူလီဟာ သူမအမေပြောတာကိုဘဲ နားထောင်နေရုံရှိသည်။ သူမမှာ ဘာမှပြန်ပြောစရာမရှိ။ ဘာမှဖြစ်မြောက်အောင်မလုပ်နိုင်သေးသည့် သူမမှာ ပြန်ပြောစရာရယ်လို့ တစ်စိုးတစ်စိမျှမရှိ။


................


ရက်များကြာရှည်လာတော့ ဇူလီဟာ ဒီပတ်ဝန်းကျင်နှင့်အနည်းငယ် နေသားကျလာပါပြီ။ ဒီအိမ်နားတွေမှာသူမရွယ်ကလေးတွေ ရှိပေမယ့်လည်း သူမကတော့စကားသွားမပြောဖြစ်။ ပတ်ဝန်းကျင်ရဲ့ဟောပြောကောင်းမူကြောင့် ဘေးဘက်ခြံကလူတွေဟာ ဘာကောင်တွေမှန်းလည်း သူမ,သိခဲ့ရပါပြီ။ သူမမေမေပြန်ပြောပြလို့ ပြန်လည်သိရခြင်းပါ။ ထိုခြံပိုင်ရှင်ဟာ အငြိမ်းစားကျန်းမာရေးဝန်ကြီးတစ်ဦးဖြစ်ပြီး ယခုအခါပုဂ္ဂလိကဆေးရုံကြီးတစ်ခုမှာ ရာထူးအကြီးပိုင်းယူထားသည်ဟု သိရ၏။ ဇနီးဖြစ်သူဟာလည်း ဆရာဝန်ဟောင်းတစ်ယောက်ဖြစ်ပြီး ယခုအခါအလုပ်မလုပ်တော့ဘဲ အိမ်မှာသမီးဖြစ်သူနှင့်သာ နေတော့သည်တဲ့။ ထိုအိမ်ရဲ့သမီးဖြစ်သူဟာ အရမ်းချော၊ အရမ်းလှပြီး၊ အရမ်းလည်းမာနကြီးသည်ဟု ပြော၏။ ပတ်ဝန်းကျင်ဟာ ဘယ်ကတည်းက အတင်းချချင်နေသည်မသိ အခုမှပြောင်းလာသည့် မျက်နှာစိမ်းသူမတို့ကိုပင် ထိုခြံအကြောင်း အားရပါးရပြောချခဲ့တာပင်။ ထိုအိမ်မှသမီးချောလေးကိုမြင်ရဖို့ဟာ အင်မတန်ခက်ခဲကြောင်း၊ ယောက်ျားသားများကလည်း သူမကိုဘယ်‌လောက်ထိ လိုချင်နေကြကြောင်း၊ ရွှေရှိမျိုးရှိယောက်ျားသားများကိုတောင် ထိုအမျိုးသမီးက ဘယ်လိုငြင်းပယ်ထားကြောင်း စသဖြင့် ကောင်းသတင်း ဆိုးသတင်း အကုန်ပါပင်။ ဆိုးသည့်သတင်းကတော့ ထိုအမျိုးသမီးဟာ သတ်သေဖို့ကြိုးစားခဲ့ဖူးသည်ဆိုတာပါဘဲ။ ဒီလောက်လှပပြီး နတ်စည်းစိမ်ခံနေရသည့် အမျိုးသမီးကလေ။ ဇူလီဟာ ထိုအမျိုးသမီးရဲ့နာမည်ကိုတော့ ယခုချိန်ထိမသိရသေးပါ။ သူမတို့အိမ်ကို ဒေါ်မြသိမ့်သိမ့်သူ လို့ခေါ်သည့်ခြံပိုင်ရှင်ဇနီးကတော့ အလည်လာသွားပါသည်။ သို့ပေမယ့် သမီးဖြစ်သူကတော့ဘယ်သောခါမှ ပါလာခဲ့ခြင်းမရှိ။ မိခင်ကိုယ်တိုင်ကလည်း သမီးဖြစ်သူအကြောင်းကို အထူးတလည် မိတ်ဆက်သွားခဲ့တာမျိုး မရှိခဲ့ဖူးပါ။ သမီးတစ်ယောက်ရှိသည်လို့သာပြောဖူး၏။ သူ့ကျေးဇူးကြောင့် အရိပ်သာမြင်ဖူးသေးသည့် သူ့ယောက်ျားဟာလည်း ဦးကျော်မင်းနောင် လို့ခေါ်ကြောင်း သိခဲ့ရပါပြီ။


ဇူလီဟာလည်း ခနတာမြင်ခဲ့ရသည့် ထိုအမျိုးသမီးရဲ့မျက်နှာကို တဝိုးတဝါးသာမှတ်မိတော့သည်။ သို့ပေမယ့် ထိုမိန်းမဟာ သိပ်လှသည်ဆိုတာကိုတော့ ယခုချိန်ထိလက်ခံဆဲပါပင်။ ညနေတိုင်းထိုအမျိုးသမီးဟာ ဝရံတာဘက် စာထွက်ဖတ်တတ်သည်။ ပြီးတော့ သူစာထွက်ဖတ်သည့်အချိန် လမ်းဟာမသိမသာဖြင့်လူပိုစည်၏။ 


ထိုအမျိုးသမီးကိုမြင်လိုက်သည့်အချိန်တိုင်းဟာ အစိမ်းရောင်တွေဖြင့်ပြည့်နေသည့် ပန်းချီကားတစ်ချပ်ဖြင့်တူသည်။ ထိုအမျိုးသမီးဟာ တည်ငြိမ်ရင့်ကျက်သည့်ဟန်လည်းရှိ၏။ ရွှေရောင်ဝင်းသော ညနေခင်းများတွင် ထိုအမျိုးသမီးကို သူမ၏လေသာဆောင်ဘက်၌ စာအုပ်တစ်အုပ်နဲ့အတူ အမြဲတွေ့ရတတ်ပါသည်။ စာဖတ်ရတာ အလွန်ကြိုက်သည်ထင်၏။ ဇူလီကတော့ စာဆို ကျောင်းကစာလောက်ဘဲသိသည်။ အခြားစာအုပ်တွေဘာတွေနဲ့တော့ သူမဟာအလှမ်းအလွန်ဝေး၏။ မကြိုက်တာရယ်လို့လည်းမဟုတ်။ ဒီတိုင်း စာတွေအများကြီးကိုဖတ်ဖို့သူမမှာ အချိန်မရှိလို့ပါပင်။ 


နွေဦးဆို နေဟာအတော်နဲ့မဝင်နိုင်ပါ။ ယခုလည်းညနေ၅နာရီလောက်ရှိနေတာတောင် နေအပူမလျှော့သလို အလင်းရောင်လည်းကောင်းနေဆဲ။ ဇူလီစာကြည့်ပြီးလို့ အိမ်အောက်ကိုဆင်းပြီး လမ်းဆင်းလျှောက်ဖို့ ပြင်သည်။ သူမမေမေဟာ သူမကို ထိုင်ချည်းဘဲမနေနဲ့ လမ်းဆင်းလျောက်ပြီး လေ့ကျင့်ခန်းလုပ်ဟု အတန်တန်မှာတတ်သည်။ သူမ အိမ်အောက်ရောက်တော့ မေမေဟာရှိမနေ။ ခြံစပ်နားကတော့ စကားပြောသံနဲ့ရယ်သံတစ်ချို့ ကြားရပါသည်။ တစ်ယောက်"နဲ့ စကားပြောနေကြသည်ထင်၏။ သူမ ထွက်ကြည့်တော့ ဟုတ်ပါသည်။ သူမမေမေဟာခြံစပ်မှာ ဟိုဘက်ခြံကအန်တီသိမ့်နဲ့ အတူ စကားတွေပြောနေကြတာပင်။ ဘာအကြောင်းပြောကြသည်တော့မသိ နှစ်ယောက်သားမျက်နှာဟာ မှိုရသလိုပင်။ မိန်းမသားများဟာ အတင်းများပြောကြရမည်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ဟာ ဟိုးဘဝကတည်းသိခဲ့ကြသည့်သူငယ်ချင်းတွေလိုဖြစ်သွားတတ်ကြ၏။ 


ဇူလီဘဝဟာ စားလိုက်၊ စာကြည့်လိုက်၊ ဖုန်းဆော့လိုက်၊ မေမေနှင့်အတူဈေးလိုက်သွားလိုက်၊ အိမ်လာသည့်ဧည့်သည်တွေစကားပြောတာကို ထိုင်ပြီးနားထောင်လိုက်ဖြင့်သံသရာလည်နေသည်။ တချို့ဧည့်သည်တွေကိုသူမဟာ မျက်နှာရင်းနေ၍ ရှက်တာမျိုးမရှိတော့။ စကားဝင်မပြောဘဲ သူတို့သယ်လာသည့် သတင်းတွေကိုသာ ဆိတ်၍ နားထောင်နေတတ်သည်။ လူကြီးတွေပြောသမျှအရာအားလုံးဟာ နားထောင်တတ်ရင် စိတ်ဝင်စားဖို့ အင်မတန်ကောင်းပါသည်။ ထိုမိန်းမနှစ်ဦးဟာ မည်သို့သောစိတ်ဝင်စားစရာများကို ပြောဆိုနေကြသလဲဆိုတာ ဇူလီဟာသိချင်သည်။


အန်တီသိမ့်ဟာ အတော်ဖော်ရွေပြီး စကားရွင်သည့်လူပါ။ အိမ်ထဲကထွက်လာသည့် သူမကို မြင်တော့ လှမ်းနုတ်ဆက်၏။ သူမထိုအနားသွားတော့ မေမေဟာ သူမတို့၏မပြီးဆုံးနိုင်သည့် အိမ်ပြောင်းရွေ့ရခြင်းအကြောင်းများနှင့် သူမရဲ့သားသမီးတွေအကြောင်းကို ဖောက်သည်ချနေတာပင်။ 


“အကြီးမကလာလည်ချင်တာ ခွင့်မရဘူးမသိမ့်ရယ်”


"အစိုးရဝန်ထမ်းတွေဘဝက ဒီလိုပါဘဲမနွေးရယ်။ သမီးဖြစ်သူကလည်း အရေးပါတဲ့နေရာမှာအလုပ်,လုပ်နေရတာကိုး" 


အန်တီသိမ့်ဟာ သူ့စကားဆုံးပြီးတော့ ဇူလီ့ကိုကြည့်ကာ 


"မမနွေးသမီးတောင် အရင်ကလောက် မရှက်တော့ဘူးဘဲ လူရဲလာပြီ။ အိမ်ကိုဟင်းလာပို့တုန်းကဆိုလေ ကုပ်ကုပ်ကလေးနဲ့ အသံကလည်းတိုးတိုးလေး။ မျက်နှာကလည်းနီလို့ရဲလို့ " 


"ဟုတ်တယ် မသိမ့်ရေ။ သူကအိမ်မှာသာကျယ်တာ သူများနဲ့များပြောရမယ်ဆို သူ့အသံကသူ့ဟာသူတောင်မကြားရဘူး" 


မေမေဟာ အန်တီသိမ့်ကိုစစ်ကူဝင်ထောက်ပါသည်။ အန်တီသိမ့်ရော မေမေပါ သူမကိုကြည့်ကာရယ်ကြ၏။ ဇူလီဟာလည်း စိတ်ထဲပြုံးမိပါသည်။ သူမမေမေပြောတာဟာ မှန်သည်လေ။


"‌ဟိုဟာက မသိမ့်သမီးလား။ အတော်လှတယ်နော်" 


မေမေဟာ အန်တီသိမ့်ကိုကျော်ကြည့်ကာ ထိုစကားကိုပြောလာ၏။ မေမေ့ရဲ့ အကြည့်တွေနောက်လိုက်မိတော့ ဇူလီရင်တွေဟာ ဒိတ် ကနဲ။ အန်တီသိမ့်ကလည်း ထိုစကားကိုကြားကာ နောက်ကိုလှည့်ကြည့်၏။ အိမ်ရှေ့ပေါ်တီအောက်မှာ လက်ပိုက်ရပ်လျက် သူမတို့ကိုကြည့်နေသည့်သမီးဖြစ်သူကိုမြင်တော့ သူမသည်လည်း အံ့ဩသွားဟန်ရှိသည်။ ဇူလီမေမေဟာမြင်လည်းမြင်တတ်သည်။ ထိုအောက်ရပ်နေသည့် ထိုခန္ဓာကိုယ်သေးသေးလေးကို သူမမေမေဟာမြင်ဖြစ်အောင်ကိုမြင်သည်။ 


နေရောင်ဟာ ထိုအမျိုးသမီးလေး၏ ရောင်ဝါတွေကြောင့် မှေးမှိန်သွားဟန်ရှိပါသည်။ လေနှင့်အတူပါလာသည့် ပန်းရနံ့ပေါင်းစုံကို ဇူလီရသည်။ ပြီးတော့ လိပ်ပြာတွေ။ သစ်ရွက်ခြောက်တွေ။ 


လှလိုက်သည့်ညနေခင်း။ 


ထိုအမျိုးသမီးဟာ လက်ကိုဖွဖွပိုက်ကာ ခပ်နွဲ့နွဲ့ဖြင့် သူမတို့ဆီလှမ်းလာနေပါသည်။ မြက်ခင်းစိမ်းတွေကိုဖြတ်ကာနင်းလာသည့် ခြေဖုဝါးနုနုလေးဟာ ဖိနပ်ပင်ပါမလာ။ ဇူလီဟာ ထိုခြေဖုဝါးနုနုကိုကြည့်ရင်း အသဲယားလာ၏။ 


ထိုအမျိုးသမီးဟာ ပထမဆုံး သူမတို့ကိုပြုံးပြနုတ်ဆက်၏။ ပြီးတော့ ဇူလီဆီဦးတည်လာသည့် မျက်ဝန်းနက်နက်တွေ။ 


"စကားတွေကောင်းနေကြတာဘဲနော် အန်တီတို့" 


ထိုအမျိုးသမီးဟာ ဇူလီမေမေ့ကိုပြုံးကာ နုတ်ဆက်ပါသည်။ 


“မသိမ့်သမီးလေးလှလိုက်တာအေ”


ထိုအမျိုးသမီးရဲ့လှပကျော့ရှင်းမူဟာ ဇူလီ့အမေကတောင် ငေးမောရသည်အထိ။


”တစ်ဦးတည်းသောသမီးလေးပါ။ စိမ်းလဲ့ညို တဲ့”


စိမ်းလဲ့ညို  စိမ်းလဲ့ညို


ထိုမိန်းမရဲ့နာမည်ကို ဇူလီဟာသံယောင်လိုက်ရေရွတ်မိသည်။ ထိုအမည်နာမနဲ့အတူ လှပသည့်အရာများ၊ စိမ်းလဲ့သည့်အရာများဟာ လိုက်ပါလာ၏။


“စိမ်းကို စိမ်းလို့ဘဲခေါ်ပါ” 


ခပ်တင်းတင်းစေ့ထားသည့် နုတ်ခမ်းမှအပြုံးဟာ ထိုမိန်းမနဲ့အလွန်ပနံသင့်သည်။ သူမနာမည်ကိုမိတ်ဆက်လိုက်သည့် အသံလွင်လွင်လေးဟာ ဇူလီ့ရဲ့အကြားအာရုံတွေမှတစ်ဆင့် ခန္ဓာကိုယ်ထဲကို စိမ့်ကာစီးဝင်သည်။ ဘာရယ်ကြောင့်မသိ ရှိန်းခနဲတက်လာသည့် အပူရှိန်တွေ။ 


"အို လှလိုက်တာကွယ်။ နာမည်ရော လူရော။ မသိမ့်ဟာလေ ဒီလောက်လှတဲ့သမီးကို ဖွက်ထားတာ ကြည့်စမ်း" 


မေမေဟာ သူ့ရှေ့က ထိုအမျိုးသမီးကိုတစ်လှည့် မိခင်ဖြစ်သူကိုတစ်လှည့် ကြည့်ကာ ချီးမွမ်းခန်းဖွင့်နေသည်။


"မျက်လုံးလေးကလည်း ပုလဲလုံးလေးတွေလိုဘဲ လှမှလှ" 


ဇူလီကတော့ လှပပါသည်ဆိုသည့် ထိုမျက်ဝန်းတွေကို မကြည့်ရဲပါ။ ကြည့်လည်းမကြည့်ချင်။ ဘာပြစ်မူမှမရှိဘဲ တရားခံတစ်ယောက်လို သူမမျက်လုံးတွေထဲကနေ တစ်ခုခုကိုရှာဖွေတွေ့ရှိသွားမည့်အလား ကြောက်ရွံ့ကာ အကြည့်လွဲနေမိ၏။


ထိုအမျိုးသမီးဟာ မေမေတို့စကားဝိုင်းထဲ သိပ်ဝင်ပါတာမျိုးမရှိ။ တစ်ခါတစ်လေ ပြုံးပြတာမျိုး စကားဝင်ထောက်တာမျိုးလောက်သာလုပ်၏။ ပြီးရင် ဇူလီဆီသို့ တစ်ဖန်ပြန်ကြည့်သည်။ ဇူလီဟာ ထိုအပြုအမူအပေါ် စိတ်ကွက်လာ၏။ ကိုယ့်ဟာကိုယ်အငြိမ်မနေဘဲ ဘာကြောင့်စပ်စပ်စုစုရှိနေရသနည်း။ သူမမှာ ခေါင်း၂လုံးလည်းအပိုပါမလာ။ ဘာတွေများထူးဆန်းနေလို့ အဲ့လောက်ထိကြည့်နေရတာလဲဟု အရဲစွန့်ကာမေးပြစ်လိုက်ချင်သည်။ သို့ပေမယ့် သူမမှာ ထိုသို့သောသတ္တိတွေရှိ‌မနေ။ 


ထိုအမျိုးသမီးဟာ အတော့်ကိုအတင့်ရဲသည်။ သူတစ်ပါးရဲ့မျက်ဝန်းတွေထဲထိကို ပိုင်စိုးပိုင်နင်းကျူးကျော်ပြီး စိတ်ကိုလည်းခွင့်မတောင်းဘဲဖတ်တတ်သည်ထင်သည်။ ဇူလီဟာ ထိုအမျိုးသမီးရဲ့ မျက်ဝန်းနက်နက်တွေထဲ နှစ်မြုပ်မိသွားမှာကြောက်မိ၍ ခဏခဏအကြည့်တွေလွဲရ၏။ သူမမှာ ချွေးတွေတောင်စီးကျလာသည်။ 


“ဒီလောက်လှတာ ဆိုင်သူမရှိဘူးဆိုတာတော့ မယုံပါဘူးနော်။ တစ်ယောက်ယောက်ကို စောင့်နေလို့များလား”


ဇူလီမေမေရဲ့စနှောက်သည့်စကားကို ထိုမိန်းမဟာပြန်မဖြေပါ။ ပြုံးပြီးသာတုံ့ပြန်၏။ အမှန်ပြောရရင် ဇူလီဟာထိုနေရာမှာ ထိုမိန်းမမည်သို့ဖြေမလဲဆိုတာ တစ်ကယ်သိချင်နေခဲ့တာပင်။ သို့ပေမယ့် ရှေ့ကလူဟာ ထင်ထားသည်ထက်ပိုပြီးလျို့ဝှက်တတ်သည်။ အပြုံးတွေကို ကောင်းစွာအသုံးချတတ်သည်။ 


သတိကြီးကြီးထားနေလျက်နဲ့ပင် ဇူလီဟာ သူမ ရှောင်လွဲဖို့ကြိုးစားနေသည့် မျက်ဝန်းတွေနဲ့မှတည့်တည့်ကိုတိုး၏။ အကြည့်ချင်းဆုံမိသည့်တစ်ခဏမှာ ရင်ဟာ ဒိုင်းကနဲ။ တရွရွထလာသည့်ကြက်သီးမွေးညင်းတွေ။ 


ယနေ့ရဲ့ညနေခင်းကိုအဆုံးသတ်ဖို့ အပြုံးလေးတစ်ပွင့်ဟာ နိဂုံးအနေဖြင့်လုံလောက်ခဲ့သည်။ စွဲမက်ဖွယ်ဖြစ်လာသည့် အပြုံးကလေးတွေ ပြီးတော့ အပြုံးတွေကြောင့် ပိုပြီးအသက်ဝင်လှပလာသည့် မျက်ဝန်းတွေ။ 


နွေဦးဟာ ဆန်းသစ်သည့်အရာများဖြင့် စတင်လာခဲ့သည်။ ပျော်မြူးနေသောလိပ်ပြာများ၊ ကခုန်နေသောပန်းပွင့်များ၊ တေးသီချင်းသီဆိုနေကြသော ရွက်စိမ်းနုနုကလေးများဟာ လိုက်ဖက်ညီသောတေးသွားတစ်ပုဒ်နဲ့တူသည်။ များမကြာမီတွင် နွေးဦးဟာ ပွင့်လန်းလာသောအချစ်ပန်းများနဲ့အတူ ပို၍မှော်ဆန်လာတော့မည်။


..................


ဆက်ရန်


April 2.24