" အန်တီမော် နှင်းဆီတွေက ညှိုးနေပြီနော် ၊
ကာရန်လည်း အခုမှ ကြည့်မိတယ် ။ စောစောကတည်းက မြင်ရင် ထားခဲ့ဦးမှာကို "
ခြံထဲကို
စက်ဘီးတွန်းပြီး ဝင်လာတဲ့ သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ
ရှိနေတုန်းပဲ ။ ဆိုင်ရှေ့က အလှတင်တဲ့ ပန်းအိုးထဲက ပန်းတွေကို ကြည့်ပြီး
အန်တီမော်နဲ့ ပေါ့ပေါ့ပါးပါးစကားပြောရင်း ကျွန်မကို တွေ့သွားတော့
ပြုံးပြတယ် ။ သူ့ကို ကြည့်နေမှန်းသိလို့ ပြုံးပြလိုက်တာ
ဖြစ်နိုင်ပေမယ့် သူ့ကို ကြည့်နေမိမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားတဲ့ ကျွန်မကတော့
ဆက်ခနဲ မျက်နှာလွှဲလိုက်မိတယ် ။
" သေချာတောင် မကြည့်မိပါဘူးကွယ် ၊ လဲထားတာ မကြာသေးတော့
ကောင်းဦးမယ်ပဲ ထင်တာ "
" ဒီရက်ပိုင်း နေတော်တော်ပြင်းနေတာလေ ၊
ကာရန့်ဖောက်သည်တွေတောင် ပန်းတွေ ခဏလေးနဲ့ နွမ်းကုန်လို့ ပြစ်ရတယ် ပြောတယ် "
" အဲဒါကို ဘောစိမမက ဈေးလျှော့ပေးလာပြန်ပြီပေါ့ "
" အန်တီမော်ကလည်း ကာရန်လည်း ဈေးကွက်စီးပွားရေးတော့ မြင်တတ်ပါတယ်
၊ လျှော့ပေးမလား "
" အစ်မကာရန်ချို ၊ ရှာလိုက်ရတာဗျာ ဒီမယ် အမေပေးခိုင်းလိုက်တာ
ပန်းဖိုး ။ ပန်းတွေ ပြစ်ရတယ်ဆိုတာနဲ့
ပိုက်ဆံ မယူဘဲ ထွက်သွားစရာလားဗျ ။ အလကားရတာမှတ်လို့ ၊
အစ်မကို အမေဆူနေတယ် "
စာအုပ်တစ်အုပ်ချင်းကို
မာတိကာထိုင်ဖတ်နေတဲ့ ကျွန်မရဲ့ အာရုံတွေက အဲဒီစကားဝိုင်းဆီ ပြန်ရောက်သွားတယ် ။
" ပြန်ယူသွားပါ ထူးမောင်ရာ ၊ မနေ့က ပန်းတွေက အရင်းကြေတယ်ဆို
ဒီနေ့ပန်းတွေက အမြတ်ရတာပေါ့
"
" ဟာ မရဘူး မရဘူး ၊ ပိုက်ဆံ ပြန်ပါသွားရင် သားထောင်းခံရလိမ့်မယ် "
ငွေစက္ကူတစ်ထပ်ကို
သူ့ရှေ့က စားပွဲပေါ်တင်လို့ ခြေတခါခါ လက်တခါခါနဲ့ ထွက်သွားတဲ့ ကောင်လေးကို ကြည့်ရင်း
သူကတော့ ရယ်တယ် ။
" ဈေးကွက်စီးပွားရေးကတော့ အရမ်းမြင်တတ်တာနော် ဟင်းဟင်း "
မော်မော့်ရဲ့
အသံထွက်လာတော့မှ ရယ်ကျဲကျဲနဲ့ ရှေ့က ပိုက်ဆံတွေကို ကောက်ပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တာကို
မြင်လိုက်ရတယ် ။
" ထူးအောင်လေးက ဆေးရုံတက်နေရတာလေ အန်တီမော်ရဲ့ ၊
သူ့ ဆေးဖိုးနဲ့တင် ပန်းဆိုင်က အမြတ်က ကျန်တာမှ မဟုတ်တာ ။ ဦးဘထူးကို ကြည့်မရပေမယ့် ကလေးတွေနဲ့
ကြီးကြီးကတော့ ဘာမှမဆိုင်ဘူးလေ
"
မော်မော်က
ခေါင်းတငြိမ့်ငြိမ့်နဲ့ သက်ပြင်းတစ်ချက်ချတယ် ။
မော်မော့်ရဲ့ လက်လျှော့လိုက်တဲ့ အပြုအမူကို မြင်တော့ သူက ပြုံးပြန်တယ် ။
" အန်တီမော် ဘာချက်လဲ ၊ ကာရန်ဗိုက်ဆာနေပြီ ။
ကာရန့်ကိုလည်း ကြည့်ပါဦး အန်တီမော်ရယ် ၊ မနက်ကတည်းက ဈေးထဲ စက်ဘီးတစ်စီးနဲ့
ပတ်နေရတာ အခုမှ နားရတယ် "
ကျွန်မထက်
အသက်ကြီးတယ်ဆိုတာကိုတောင် မေ့သွားလောက်တဲ့အထိ ကျွန်မတောင်
တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ အပြုအမူတွေနဲ့ မော်မော့်ကို ကပ်ချွဲနေတာကို တွေ့ရတော့ ပါးစပ်အဟောင်းသားဖြစ်သွားရတယ်
။
" ချက်ပါ့ရှင် ၊ ကာရန်နဲ့ ညောင်က အကြိုက်တူတယ်လေ ။ ကြက်သားဆီပြန်နဲ့ ကန်စွန်းရွက်ကို မှိုနဲ့ရောပြီး အစပ်လေးကြော်လာတယ်
၊ ပြီးတော့ ငါးပိရည်တို့စရာလည်း ပါသေးတယ် "
" အိုး မိုက်ပြီ ၊ ကာရန် ပန်းကန်တွေ ထုတ်လိုက်ဦးမယ် "
ကျွန်မကို
ဖြတ်ကျော်ပြီး အနောက်ခန်းထဲကို ဝင်သွားတဲ့ ပုံအရတော့ မော်မော်နဲ့
သူက နှစ်အိမ်တစ်အိမ် နေကြတယ်နဲ့ တူပါတယ် ။
" မနက်က ကျော်ကျော် စက်ဘီးလာယူသွားတယ်နော် ကာရန် "
" ဟုတ်တယ် လမ်းမှာ တွေ့လို့ နည်းနည်းအုပ်ပေးလိုက်တာ ၊
ဘရိတ်ကြိုးအသစ်လဲပေးမယ်တဲ့ ။ ထပ်ပြတ်ရင် သူ့ ထောင်းသိပ်ဖို့ပဲ ကျန်တော့တယ် ၊ အဲဒါ ချိန်းကြိုးလည်း
သူ့ဆီမှာပဲ လဲထားတာ "
စကားတစ်ခွန်းရသွားရင်
အကျယ်ချဲ့နေတတ်တဲ့ အကျင့်က ကျွန်မရဲ့ အဒေါ်ဖြစ်သူနဲ့တော့ တစ်ပုံစံတည်းပါပဲ ။
အဲဒါကြောင့်လည်း ပေါင်းလို့ရနေတာ ထင်ပါရဲ့ ။
" ညောင် ထည့်စားလေ "
" ညောင် ?
"
ထမင်းတစ်လုပ်ကို ဝါးနေရင်းနဲ့ သူက
ကျွန်မကို မျက်လုံးအပြူးသားလေးနဲ့ မော့ကြည့်တယ် ။
" ညောင်က ကြောင်အရမ်းချစ်တာလေ ၊
စကားစပြောတတ်ခါစတုန်းက အဖေ အမေထက် ကြောင်ကို မြင်ရင် သူ
ပျော်နေတာ ။ တညောင်ညောင်နဲ့ လိုက်အော်လို့ သူ့ကို စရင်းက အိမ်နာမည်ဖြစ်သွားတာ "
" ဪ ဪ နားလည်ပြီ "
သူက ပြုံးစေ့စေ့နဲ့ ခေါင်းငုံ့သွားတော့ ကျွန်မ မော်မော့်ကိုပဲ မျက်စောင်းထိုးလိုက်မိတယ် ။ ကျွန်မရဲ့
ဗိုက်ထဲမှာ အူဘယ်နှခွေရှိသလဲဆိုတာကအစ ပြောပြတော့မလား မသိဘူး ။
" ဒီတစ်ပတ် စာအုပ်သွားတင်ရင်
လိုက်ခဲ့လေ ၊ အမိ တစ်ယောက်တည်းဆို
ပျင်းနေမှာပေါ့ "
" အပျိုကြီး စကားများနေတာနဲ့တင်
ပျင်းဖို့အချိန်တောင် မရဘူး "
ပန်းကန်တွေ စီနေတဲ့ သူ့ဆီကနေ ရယ်သံခပ်သဲ့သဲ့ကလေး ထွက်လာတယ် ။ တံခါးရှေ့ ပန်းအိုးထဲက ပန်းအနွမ်းတွေကို
ဖယ်ထုတ်နေတဲ့ မော်မော်ကတော့ ကြားမယ်မထင်ဘူး ။
" အန်တီမော်က ရွေးလွန်းလို့
အပျိုကြီး ဖြစ်တာမှ မဟုတ်တာ "
" သိသား ဘယ်သူ့ကိုမှ မရွေးလို့
ဘယ်သူ့ကိုမှ မရတာ "
ရယ်သံတွေက ရပ်မသွားဘူး ။ ကျွန်မသိချင်တာက သူက နေရောင်ခြည်လို လူမျိုးလား ၊ ဒါမှမဟုတ် တမင်
အဲ့လိုဖြစ်အောင် နေနေတာလား ဆိုတာကိုလေ ။ သူ့ အပြုံးတွေက
ဖြူစင်တယ်ဆိုတာကိုတော့ မေးခွန်းထုတ်နေစရာမလိုပါဘူး ။
" အဲဒါဆို ကာရန် ပြန်ထွက်လိုက်ဦးမယ်
၊ အမွှာနှစ်ကောင်ကို ကျောင်းကြိုပေးလိုက်ဦးမယ် "
" ဆေးရုံကိုလည်း ဝင်အုန်း မှာမဟုတ်လား ၊ ရော့ ထူးအောင်လေးအတွက် တစ်ခုခု ဝယ်သွားပေးဦး ။ အန်တီမော်က
သတင်းမေးနေတယ်လို့ "
" ရက်စ်ဆာ "
နံရံက နာရီကို လှမ်းကြည့်တော့
နှစ်နာရီခွဲခါနီး ။ ကလေးတွေ ကျောင်းကြိုဖို့
အလုပ်လည်း ရှိတယ်ထင်ပါရဲ့ ။ တစ်နေ့တည်းနဲ့ အဲ့လောက်အများကြီး လုပ်နိုင်ရလောက်တဲ့အထိ အားအင်တွေ ဘယ်ကနေ ရသလဲ မသိဘူး ။
ဆိုင်ရှေ့ကို အကြည့်ရောက်သွားတော့ စက်ဘီးလက်ကိုင်ကို ထိန်းထားရင်း ကောင်းကင်ကို မော့ကြည့်နေတဲ့ မိန်းကလေးကို
တွေ့ရတယ် ။ ညနေစောင်းခါနီးတစ်ခုမှာ မြင်လိုက်ရတဲ့ အပြုံးခပ်နုနုကို
ခဏတာ ငေးခနဲ ဖြစ်သွားရတယ် ။
ဒီမိန်းကလေးက တကယ်လှတယ်ဆိုတာကိုတော့ လက်ခံရပါလိမ့်မယ်လေ ။
-
ရက်အနည်းငယ်ကြာလာတော့ ရပ်ကွက်ထဲက လူတော်တော်များများနဲ့လည်း ရင်းနှီးလာရတယ် ။ အိမ်မှာ လက်ယားလက်ယားလုပ်နေတဲ့ ကျွန်မကို
အဒေါ်ဖြစ်သူကတော့ မငြိုငြင်ရှာဘူး ။ အမေကတော့ သူ့အစ်မကို တကူးတက
ဒုက္ခတက်ပေးလို့ ငြိုငြင်နေသလား မသိဘူး ။
" ညောင် မနက်ဖြန် ဘာလုပ်ဖို့ရှိလဲ
သမီး "
" ထုံးစံအတိုင်းပေါ့ ၊ အိမ်မှာနေမယ်
မော်မော့်ဆီ လာမယ် ထမင်းစားမယ် အိပ်မယ် "
ကျွန်မရဲ့ အပိုစကားတွေ သိပ်မပါတဲ့ အဖြေကို ကြားတော့ မော်မော်က ရယ်တယ် ။
" မနက်ဖြန်အားရင် ကာရန်နဲ့
လိုက်သွားချင် လိုက်သွားလို့ရတယ်လို့
ပြောမလို့ပါကွယ် ၊ ကာရန်ကလည်း ညောင့်ကို လိုက်ခဲ့ပါလားတဲ့ ခေါ်ချင်နေတာ "
" သမီး သူနဲ့ မရင်းနှီးချင်ပါဘူး "
တကယ်က မသိလိုက်ခင်မှာပဲ ကျွန်မက သူနဲ့ ရင်းနှီးနေပြီးပါပြီ ။
" ဟော ဘာဖြစ်လို့လဲ ညောင်ရဲ့ ၊
ကာရန်က ဒီလောက် စိတ်ရင်းကောင်းတာ "
" အင်း အရမ်းစိတ်ရင်းကောင်းတဲ့
ပုံပေါ်နေလို့ "
မော်မော်က ကျွန်မကို တအံ့တဩပုံစံနဲ့ ကြည့်တယ် ။ စိတ်ရင်းကောင်းတဲ့လူတွေဆီကပဲ ဒဏ်ရာတွေ ရခဲ့တယ်ဆိုတာ
ကျွန်မရဲ့ အဒေါ်က မသိရှာဘူးလေ ။
" မလိုက်ချင်ဘူးဆိုတော့လည်း
ဘယ်တတ်နိုင်ပါ့မလဲ ၊ အရမ်းညနက်တဲ့အထိ တီဗ္ဗီမကြည့်နဲ့နော် ညောင် ။ မော်မော်
မနက် ဆွမ်းထချက်ရမှာမို့လို့ အိပ်တော့မယ် "
" ဟုတ် "
မော်မော်အခန်းထဲ ဝင်သွားတော့ ဘေးနားက တီဗ္ဗီရီမုကို ယူပြီး အသံတိုးလိုက်တယ် ။ တီဗ္ဗီဆီက ရသစုံရှိုးကတော့ ရယ်စရာတွေကို
ပြောနေတုန်းပဲ ။
ဘေးနားမှာ ချထားတဲ့ ဖုန်းဆီကနေ စာတွေ ဝင်နေတာကို မျက်လုံးထောင့်ကနေ မြင်နေရပေမယ့် ကောက်မကိုင်မိဘူး ။ Group chat ထဲက အကြောင်းအရာတွေနဲ့ ဝေးကွာနေခဲ့တာ ဒီကို စရောက်ကတည်းကပါပဲ ။
နောက်ထပ်လည်း ဆုံနိုင်ဖို့မရှိပေမယ့်
မျဉ်းပြိုင်တွေအနေနဲ့ မြင်နေရဦးမယ့် အဖြစ်ကိုတော့ ကျွန်မ လက်ခံထားရပါတယ် ။
-
အိပ်ကောင်းကောင်းနဲ့ အိပ်နေတုန်း အခန်းတံခါးကို တဒေါက်ဒေါက်နဲ့ အဆက်မပြတ်လာခေါက်နေတဲ့အသံကို
ကြားလိုက်ရတာကြောင့် ဆက်ခနဲ ထထိုင်လိုက်မိတယ် ။ လန့်နိုးသွားရတာကြောင့် တဒိန်းဒိန်းနဲ့ ခုန်နေတဲ့
နှလုံးခုန်သံတွေကိုလည်း ကြားနေရတယ် ။
" လရောင်က အိပ်နိုင်လိုက်တာ ၊ လာ
သွားမယ် "
" ဘယ်ကိုလဲ "
လန့်နိုးထားရတဲ့ တစ်မှုအပြင် စိတ်မကြည်တဲ့တစ်မှုကပါ တိုးလာတော့ ကျွန်မ သူ့ကို ဘယ်လိုမှ အမြင်မကြည်နိုင်တော့ဘူး
။ သူရဲ့ အပြုံးနုနုကိုတောင် စိတ်ညစ်စရာလို့
မြင်လိုက်မိတဲ့အထိပဲ ။
" စာအုပ်သွားတင်မယ်လေ "
" မလိုက်ဘူးလို့ "
" လာပါ ၊ ဟိုကိုရောက်ရင်
ပျော်သွားမှာ "
" မလိုက်ဘူး "
" လရောင်ကလည်း .... "
တံခါးကို ပြန်ပိတ်ဖို့လုပ်တော့ သူက လက်နဲ့ ဆက်ခနဲ လှမ်းတွန်းတယ် ။
" ဘာလုပ်တာလဲ "
" တကယ်မလိုက်ဘူးလား "
" မလိုက်ဘူး "
" ခေါင်းမာလိုက်တာ "
" ကာရန်ချို ! "
" အကြီးကို "
" ဖယ် လက် "
" ရေသွားချိုး မြန်မြန်လုပ်နော် ၊
ကာရန်စောင့်နေမယ် "
ကျွန်မရဲ့ ပါးကိုဆွဲညှစ်ပြီး အခန်းရှေ့က ထွက်သွားတဲ့ သူ့ကို ထပ်ပြီးလည်း ဒေါသမထွက်နိုင်တော့ဘူး ။ အိပ်ရာထဲ
ပြန်လှဲပြီး အိပ်ဖို့ပဲ ကြိုးစားလိုက်ပေမယ့် စိတ်ထဲ စနိုးစနောင့်ဖြစ်နေတဲ့ အစိုင်အခဲက မသေးလှတာကြောင့်
စောင်ကိုပဲ ဝုန်းဒိုင်းကျဲပြီး ကန်ထုတ်လိုက်မိတယ် ။
ရေချိုးခန်းထဲက ထွက်လာတော့မှ စိတ်က အနည်းငယ် ကြည်ကြည်လင်လင် ပြန်ဖြစ်လာရတယ် ။ သူ့မျက်နှာ မြင်လို့ ပြန်နောက်သွားရင်တော့
မပြောတတ်ဘူး ။
မှန်တင်ခုံရဲ့ အံဆွဲထဲ ထည့်သိမ်းထားတဲ့ ကင်မရာကို ဘေးအိတ်ထဲ ထည့်ရနိုး ထားခဲ့ရနိုး တွေဝေနေတုန်းမှာပဲ
တံခါးခေါက်သံက ထပ်ထွက်လာတယ် ။
" လရောင် ဖုန်းလာနေတယ် "
ကုတင်ဘေးကို လှမ်းကြည့်မိတော့ ဖုန်းမရှိဘူး ။ ညက အိမ်ရှေ့မှာ ထားခဲ့မိတာကို သတိရသွားတယ် ။ ကင်မရာကို
အိတ်ထဲ ထည့်လိုက်ပြီး အပြင်ထွက်လာတော့ တီဗီရှေ့က ပစ္စည်းတွေကို သေသေချာချာစီနေတဲ့ သူ့ကို အရင်တွေ့ရတယ် ။
စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ကြည့်မိတော့ သိပ်မစိမ်းတဲ့
ဖုန်းနံပါတ်တစ်ခုကို တွေ့ရတယ် ။ နာမည်ပါ ဖျက်ထားတာတောင် ဖုန်းနံပါတ်ကို မှတ်မိနေသေးတဲ့ ကျွန်မရဲ့ တလွဲဆံပင်ကောင်း
ဦးနှောက်ကိုလည်း တကယ်ချီးကျူးတယ် ။ ဖုန်းကို အသံပိတ်ချလိုက်ပြီး
သူ့ကို ကြည့်မိတော့ ကျွန်မကို အူကြောင်ကြောင်အပြုံးမျိုး ပြုံးပြတယ် ။
" ဘာလဲဟ "
ဆိုဖာပေါ်တင်ထားတဲ့ သူ့ရဲ့ ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်တည်းနဲ့ လွယ်ပြီး အရှေ့က သွားပါဆိုတဲ့ ပုံစံကို ရိုရိုကျိုးကျိုးနဲ့
လုပ်ပြတယ် ။
" မျက်နှာမပြောင်နဲ့လို့ ပြောတယ်နော် "
" ကာရန်မိတ်ကပ်နည်းနည်းလိမ်းလာတယ်လေ
အမိရဲ့ ၊ ဒီမှာ နှုတ်ခမ်းနီတောင်
ထည့်လာသေးတယ် "
ဘယ်သူက အငယ်မို့လို့ ဘယ်သူက အကြီးဖြစ်ပြီး တည်တည်တံ့တံ့မနေဘဲ လိုက်စနေရသလဲဆိုတာကို အဖြေမရှာမိတော့ဘူး ။
" စက်ဘီးရော "
" စာအုပ်တိုက်သွားမှာ စက်ဘီးနဲ့ဆို
ညောင်းပြီး နေရာမှာတင် ခေါက်ခနဲ
ပစ်လဲသွားမှာပေါ့ ၊ ပြီးတော့ အမိ ခန္ဓာကိုယ်ကို တင်နင်းဖို့က အင်းးးး "
" ရှင်ကလေ ... "
" အကြီးကို "
" ရှင် အသက်လိမ်ထားတာ ကျွန်မ
သိပြီးပြီ ၊ အကြီး အကြီးနဲ့ ထည့်မပြောနဲ့ "
" အဲဒါ သူငယ်တန်းတုန်းက
ကျောင်းတက်ဖို့ အသက်မပြည့်လို့ လိမ်ရတာပါ အမိရာ ၊ ဘာပဲ ပြောပြော
ကာရန်က ကြီးပါတယ် "
သူ့စကားကြောင့် ကျွန်မရဲ့
မျက်လုံးက သူ့ခန္ဓာကိုယ်ပေါ်ကို ရောက်သွားတယ် ။ သူက သတိထားမိတော့
ရယ်ပြီး ကျွန်မရဲ့ ဆံပင်တွေကို ထိုးဖွတယ် ။
" မဟုတ်တာတွေ တွေးနေပြန်ပြီ "
" အာ ဆံပင်တွေ ပွကုန်ပြီ "
ဒါပေမယ့် ကျွန်မလည်း ရယ်လိုက်မိပါတယ် ။
" ကြီးတာတော့ လက်ခံပါတယ် "
တကယ်ကို ဒီမိန်းကလေးက လူတိုင်းရဲ့
အပြုံးတွေကို ဆွဲထုတ်ပေးနေတာပါပဲ ။
ခြံရှေ့နားက ကားကို တွေ့မှ ကျွန်မ သူ့ကို တစ်ခါထပ်ကြည့်လိုက်မိတယ် ။
" ကာရန် မပြောနဲ့နော် ... "
" ဟုတ်တယ် ကာရန် မောင်းမှာ "
ကျွန်မ ခြေရော လက်ရော ခါပြလိုက်ပေမယ့် သူက ကျွန်မကို ကားပေါ် အတင်းတက်ခိုင်းတော့တာ ။ မသိရင် ကားတင်ပြေးလာသလိုပဲ
။
" ဒီနေ့ နေသာတယ်နော် ၊ ရာသီဥတုက
ကြည်လင်နေတာပဲ "
ကားကိုငြင်ငြင်သာသာ မောင်းနေတာကို တွေ့ရမှ ဘေးက လက်ရန်းကို လွှတ်ရဲတော့တယ် ။ ကျွန်မက ရည်းစားဟောင်း
မောင်းတဲ့ ကားကိုတောင် မဖြစ်မနေမှ လိုက်စီးတာ ။
" နေသာလို့ ပန်းတွေ ညှိုးကုန်ရင်
ကာရန်က ထပ်ပြီး အလကားပေးပစ်ဦးမယ် "
လှောင်ရယ်သံ မဟုတ်ဘဲ သဘောတကျ ရယ်သံလို့ ထင်ရတဲ့ ခိုးခိုးခစ်ခစ်အသံတစ်ချို့က ကားအတွင်းပိုင်းမှာ
ပျံ့နှံ့လာတယ် ။
" ကာရန်က လူတိုင်းကိုတော့
အလကားလိုက်ပေးပါ့မလား အမိကလည်း ၊ ငတ်သေသွားမှာပေါ့ "
" မဖြစ်မနေပေးရမယ်ဆိုတာရော
ရှိလို့လား "
" ကာရန့်အတွက်တော့ ရှိတယ် ။
ထူးအောင်နဲ့ ထူးမောင်က အမွှာတွေလေ ၊
မတူတာဆိုလို့ ကျန်းမာရေးပဲ ရှိတယ် ။ ထူးမောင်က ဒေါင်ဒေါင်မြည်သလောက် ထူးအောင်က ထစ်ဆို ဆေးခန်းပြေးရ ဆေးရုံပြေးရနဲ့ ၊ သူတို့
အဖေကကျ အရက်ကိုပဲ ဘဝကြီး ။ တစ်အိမ်လုံးအတွက် ဒေါ်လေးကပဲ
ရှာဖွေနေရတာဆိုတော့ သူတို့ကတော့ ကာရန့်ရဲ့ ဦးစားပေးပေါ့ ။ ကျန်တဲ့လူတွေတော့ ကာရန် အလကားပေးမပြစ်ပါဘူးနော် "
ဘေးတစောင်းမြင်နေရတဲ့ ကာရန့်ရဲ့ လည်တိုင်မှာ ခပ်ရေးရေး မှဲ့လေးတစ်လုံးရှိတယ် ။ အပြုံးတွေက
ကူးစက်တတ်တယ်ဆိုတာကိုတော့ ကျွန်မ လက်ခံရတော့မှာပဲ ။
" လိုက်မယ် မဟုတ်လား ဒီအထိ
ရောက်လာပြီးမှတော့ ကားထဲမှာတော့ မနေခဲ့ပါနဲ့ လာ "
တဖြေးဖြေးနဲ့ ဒီကို လိုက်လာမိတာက မှန်သလို ခံစားလာရတယ် ။ ထိုင်းမှိုင်းနေခဲ့တဲ့ စိတ်တွေက
အနည်းနဲ့အများကြည်လင်လာလို့ သူ့ကို တစ်မှတ်တိုးပေးလိုက်မိတယ် ။ ကာရန်ချိုက နေရောင်ခြည်လို လူမျိုးပဲ ။
" လရောင်အတွက် နန်းကြီးသုပ်ကို
နံနံပင် မပါတာ "
သူယူလာတဲ့ ပန်းကန်ကို ကျွန်မရဲ့ ရှေ့ကို တွန်းပို့ပေးတယ် ။ သူ့ရဲ့ ပန်းကန်ထဲမှာတော့ မန္တလေးမြီးရှည်ကို
ငရုတ်သီးများများနဲ့ နယ်ထားတာကို တွေ့ရတယ် ။
" အဲ့နေ့ကတည်းက မေးမလို့ ၊ ကျွန်မ
နံနံပင် မကြိုက်တာ ဘယ်လို သိသွားတာလဲ ။
ပြောလည်း မပြောမိပါဘူး
"
" နံနံပင်တွေကို ကြည့်ရင်း
သက်ပြင်းချလိုက်တာလေ "
" အဲဒါက ကာရန်စကားများနေတာကို
မကြိုက်လို့ သက်ပြင်းချလိုက်တာရော
မဖြစ်နိုင်ဘူးလား "
" မဖြစ်နိုင်ဘူး ၊ လရောင် နံနံပင်ကို
ကြည့်တဲ့အကြည့်နဲ့ ကာရန့်ကို ကြည့်တဲ့အကြည့်က မတူဘူး
။ နံနံပင်ကိုတော့ အလိုမကျသလို အကြည့်တွေနဲ့ ကြည့်နေတာပေမယ့် ကာရန့်ကိုတော့ မဟုတ်ဘူးလေ "
" ကျွန်မ ရှင့်ကိုလည်း ...
သဘောမကျပါဘူး "
" ကာရန့်ကို လရောင်
သဘောကျတဲ့အကြည့်နဲ့ ကြည့်တယ်လို့လည်း မပြောမိပါဘူး "
ဒီမိန်းမ ! စကားကို ဝေ့လည်ကြောင်ပတ်နဲ့ ။
" ပြီးရင် လရောင် ရိုက်ထားတဲ့
ဓာတ်ပုံတွေ ပြပါလား "
စားပွဲပေါ်တင်ထားတဲ့ ကင်မရာကို မေးငေါ့ပြတော့မှ ကင်မရာတစ်လုံးကိုင်ပြီး ဟိုဟိုဒီဒီလိုက်ချိန်ခဲ့မိတာကို သတိရသွားတယ် ။
လက်က ကျင့်သားရနေတော့ ဘယ်နေရာနေနေ ကင်မရာနဲ့အရင်
ချိန်လိုက်မိသွားတာပဲ ။
" မရိုက်ထားဘူး "
" မရိုက်ထားဘူး ? "
နန်းကြီးသုပ်ထဲက ကြက်သားတစ်ဖက်ကို တူနဲ့ ညှပ်ယူရင်း ခေါင်းငြိမ့်ပြလိုက်တယ် ။ ကင်မရာချိန်ရတာကို
ကျင့်သားရနေပေမယ့် ခလုတ်ကို နှိပ်လိုက်ဖို့တော့ သိပ်ကို တွေဝေနေမိတာလေ ။
" ကိုကို့ကို ဓာတ်ပုံရိုက်မယ်ဆို
နောက်တစ်ခါကျ ရိုက်ခါနီး ဝမ်း တူး သရီး ရေရင်းနဲ့ ချစ်တယ်လို့ ပြောလိုက်
၊ အဲဒါဆို ကိုကို့ရဲ့ သဘာဝကျကျအပြုံးလေး ရလာလိမ့်မယ် "
ဦးနှောက်ထဲ ဝင်လာတဲ့ အတွေးအပိုင်းအစတွေကို ခေါင်းခါလို့ ထုတ်ပစ်ရပြီး နာကျင်စရာတွေကိုပါ ပြန်ပြီး ပိတ်သိမ်းရတယ် ။
လူကြားသူကြားထဲမှာတော့ ငါ့ကို
မျက်ရည်ကျအောင် မလုပ်ချင်စမ်းပါနဲ့ !
" အမိက တကယ် ထူးဆန်းတာပဲ "
ဟင်းရည်ပူပူကို ခပ်သောက်တဲ့ လုပ်ငန်းစဉ်ရဲ့ နောက်မှာတော့ ကျွန်မကို ဝေဖန်ဖို့ လုပ်ငန်းစဉ်က အသင့်စောင့်နေတဲ့ ပုံပါပဲ
။
သူက ကျွန်မကို စနောက်ချင်တဲ့အချိန်တွေမှာ အမိလို့ ခေါ်လေ့ရှိတာကိုလည်း သတိထားမိတယ် ။ ကျွန်မ မကြိုက်မှန်း
သိလို့ တမင်လုပ်တာပဲ နေမှာ ။
ကင်မရာကို ဆက်ခနဲ ကောက်ကိုင်လိုက်ပြီး လျင်လျင်မြန်မြန်ပဲ သူ့ကို ထိုးချိန်လိုက်တော့ ကျွန်မကို
မျက်လုံးအပြူးသားလေးနဲ့ မော့ကြည့်တယ် ။
ခလုတ်ကို ဖိနှိပ်လိုက်မိတော့ နှလုံးသားကို တင်းတင်းကြပ်ကြပ်ချည်နှောင်ထားတဲ့ ကြိုးတစ်ချို့ ပြေလျော့ကုန်ကြတယ် ။
ကင်မရာဖန်သားပြင်မှာတော့ ပလုပ်ပလောင်းမုန့်ဝါးနေပြီး မျက်လုံးအပြူးသားနဲ့ ကျွန်မကို ပြန်ကြည့်နေတဲ့ ပုံက
ထင်ထင်ရှားရှား မြင်နေရတယ် ။
" Skill မကျသေးဘူးပဲ "
ပုံထွက်ကောင်းတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်မိတယ် ။
" ပြဦး ကာရန့်ကို "
" မပြပါဘူး "
" ခွင့်ပြုချက်မရဘဲနဲ့လည်း
ဓာတ်ပုံရိုက်သွားသေးတယ်
"
" ကာရန်က ကျွန်မကို လူထူးဆန်းလို
လာပြောနေတာကို "
" ဘာမှတောင်မပြောရဲတော့ဘူး "
နှုတ်ခမ်းကို ဆူပြီး ကျွန်မကို ပြန်မပြောနိုင်တော့ကြောင်း ပြောပြီး ခေါင်းငုံ့သွားတယ် ။ သူ့မှာ
ကလေးဆန်ဆန်အပြုအမူတွေလည်း ရှိတာပဲ ။
ဝယ်ပြီးသွားတဲ့ စာအုပ်တွေကို ကားနောက်ခန်းမှာ ထည့်နေတုန်း ကောင်းကင်က ရုတ်ချည်း မှိုင်းညှို့သွားတယ် ။
" ပြောတော့ ရာသီဥတုက
ကြည်လင်နေတာပဲဆို "
ကောင်းကင်ကို မော့ကြည့်ရင်းနဲ့ ပြောလိုက်ပေမယ့် သူ့ဆီက အဖြေပြန်မလာဘူး ။ ကားတံခါးကို ပိတ်ပြီး
လှည့်ကြည့်မိတော့ ညှို့မှိုင်းလာတဲ့ ကောင်းကင်ကို မော့ကြည့်နေတဲ့
သူ့ကို တွေ့ရတယ် ။ အရိပ်တွေ ၊ သူ့မျက်ဝန်းထဲမှာ ဖြတ်ပြေးသွားတဲ့ အရိပ်တွေ ။ တစ်ခုတည်း မဟုတ်ဘူး ။ တကယ်ကို တစ်ခုတည်း
မဟုတ်ဘူး ။
မိုးဖွားတစ်ချို့ကျလာလို့ ကားတံခါးကို ဖွင့်လိုက်မိပေမယ့် ကာရန်ကတော့ မဟုတ်ဘူး ။ မိနစ်ပိုင်းအတွင်း အနည်းငယ်သည်းလာတဲ့
မိုးရေစက်တွေအောက်မှာ ရပ်နေတုန်းပဲ ။
" ကာရန် "
လက်မောင်းကို ထိလိုက်မိတော့ ကာရန်က ဆက်ခနဲ ဖြစ်သွားတယ် ။ ကားဆီကို မလာခင်ကအထိ ရယ်ရယ်မောမော ရှိနေခဲ့တဲ့
လူတစ်ယောက်က စက္ကန့်ပိုင်းအတွင်းမှာ တခြားတစ်ယောက်လို
ပြောင်းလဲသွားတာလေ ။ ကျွန်မကတောင် ပိုလန့်သင့်တာ မဟုတ်ဘူးလား ။
" ရာသီဥတုက အမြဲတမ်းတော့
မမှန်နိုင်ဘူးပေါ့ "
ကျွန်မရဲ့ စကားကိုတော့ ကြားလိုက်တဲ့ ပုံပါပဲ ။ ဒီတစ်ခါ စကားသံမှာ ရွှတ်နောက်နောက် ခံစားချက်တွေ မပါဘူး ။
ပြန်လာတဲ့ လမ်းမှာလည်း လာတုန်းကနဲ့ တခြားစီလို့ ပြောရအောင်အထိ တိတ်ဆိတ်နေတယ် ။ တစ်နာရီလောက်
တိတ်ဆိတ်မှုနဲ့အတူ ကျွန်မတို့ အိမ်ကို ပြန်ရောက်လာရတာ ။
" မှာလိုက်တာတွေ အကုန်ရတယ် အန်တီမော်
၊ တစ်ခုခု ခိုင်းဖို့ ရှိရင် ကာရန့်ကို
လှမ်းခေါ်လိုက်နော် ။ ကာရန် အခန်းထဲမှာ ရှိနေမယ် "
မော်မော့်ရဲ့ စကားပြန်ကိုတောင် မစောင့်ဘဲ ချာခနဲ လှည့်ထွက်သွားတဲ့ သူ့ရဲ့ ကျောပြင်ကို လိုက်ကြည့်နေမိတယ် ။
မိုးရေထဲမှာ ကျွန်မထက် စက္ကန့်ပိုင်းလောက် ပိုနေခဲ့တဲ့ သူ့ရဲ့ အင်္ကျီမှာ ရေတွေ စိုနေတယ် ။
ကျွန်မအတွက် စိမ်းသက်နေတဲ့ သူ့ရဲ့ အပြုအမူကို
မော်မော်ကတော့ မထူးဆန်းတော့သလို ။ သက်ပြင်းတစ်ချက်ကို ချလိုက်သေးတာပဲ ။
" မော်မော် ဘာဖြစ်လို့လဲ "
" ဘာမှ မဖြစ်ပါဘူး ၊ ညောင်
ပင်ပန်းနေပြီလား ။ အိမ်ပြန်နှင့်မလား သမီး ၊
ထီးယူသွားလေ မိုးရွာမယ် ထင်တယ်
"
" မော်မော်နဲ့မှ အတူပြန်မယ်လေ ၊ အခု
စာအုပ်တွေ ကူစီပေးမယ် "
နေ့လယ်ပိုင်းအချိန်သာ ရှိသေးပေမယ့် ပတ်ဝန်းကျင်ကတော့ ညနေစောင်းလေလား ထင်ရလောက်တဲ့အထိ အုပ်မှိုင်းလာတယ် ။
မကြာခင်မှာပဲ မိုးခပ်ဖွဲဖွဲတွေက ဒုတိယအကျော့နဲ့ ရွာလာကြတော့တယ် ။
စာအုပ်တွေ စီပြီးလို့ ထိုင်မိတဲ့အချိန် အိတ်ထဲက ကင်မရာကို သတိရပြီး ထုတ်လိုက်မိတယ် ။ တကယ် သူ့ရဲ့
အူကြောင်ကြောင် ပုံတစ်ပုံက လွဲရင် တခြားပုံ မပါမလာဘူး ။
" မိုးကတော့ သည်းနေပြန်ပါပြီကွယ် "
မော်မော့်ရဲ့ စိတ်ပူတကြီး လေသံကို ကျွန်မ ကောင်းကောင်း ခွဲခြားတတ်တယ် ။ အဒေါ်ဖြစ်သူလို ဘဝကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနေတဲ့ အပျိုကြီးရဲ့
စိတ်ထဲကို ဝင်ရောက်လာတဲ့ ပူပန်မှုတွေက ဘာတွေပါလိမ့် ။
ကင်မရာကိုပဲ ပြန်ပြီး အာရုံစိုက်မိတော့ အခုထိ မပိတ်ရသေးတဲ့ မျက်နှာပြင်မှာ သူ့ရဲ့ ပုံက ထင်နေတုန်းပဲ ။
" မော်မော် "
" ရှင် "
" ကာရန်နဲ့ သိတာ ဘယ်လောက်ကြာပြီလဲဟင် "
" မော် ဒီကို စရောက်ကတည်းကဆိုတော့
ဆယ်နှစ်လောက်တော့ ရှိပြီပေါ့ကွယ် ၊ ဘာဖြစ်လို့လဲ
ညောင် "
" ကာရန်က အဲဒီအချိန်ကတည်းက အခုလို
ပျော်ပျော်ပဲ နေတတ်တာပေါ့နော် "
မော်မော့်ရဲ့ မျက်နှာမှာ ခပ်နွမ်းနွမ်းအပြုံးတစ်ခုကို တွေ့လိုက်ရတယ် ။
" ကာရန် အမြဲ ပြောလေ့ရှိတဲ့
စကားတစ်ခွန်းရှိတယ် လူတွေက
ကိုယ့်ကို မပြောင်းလဲခင် ကိုယ့်ကိုယ်ကိုယ် အရင်
ပြောင်းလဲပြစ်လိုက်တာက အကောင်းဆုံးပဲ တဲ့
"
ပြီးတော့ မော်မော်က ဘာမှ ဆက်မပြောတော့ဘဲ ဒီနေ့ ဝယ်လာတဲ့ စာအုပ်အသစ်တွေထဲက တစ်အုပ်ကို ဆွဲထုတ်လိုက်တယ် ။
စကားအထားအသိုတွေကို ပြန်ပြောင်းစီပြီး အဓိပ္ပာယ်ကောက်လိုက်မယ်ဆိုရင် ကာရန်က အရင်ကတော့ နေရောင်ခြည်လို လူမျိုး မဟုတ်ခဲ့တဲ့
ပုံပါပဲ ။
" အတိတ်ဆိုတာ အတိတ်အတိုင်းပဲ
ရှိနေတာက ပိုကောင်းပါတယ်ကွယ်
"
ကျွန်မရဲ့ အတိတ်တွေကိုရော အနာဂတ်ကို လာမနှောင့်ယှက်နိုင်ဖို့အတွက် ကျွန်မ ဘယ်လို ပိတ်သိမ်းရပါ့မလဲနော် ။
-
To be continue….