ပန်တော်ကျ - Episode 2

အခန်း(၂)

..............

 

ဆန်ဆေးပြီးသည်နှင့် ထမင်းအိုးကို မီးဖိုပေါ်တင်လိုက်သည်။

လတ်လတ်က ထမင်းကြော်ထားသည့်အိုးထဲကနေ

ထမင်းကြော်တွေကို  ဇလုံနှစ်ခုထဲ အညီအမျှ

ခွဲဝေထည့်နေသည်။

ဘုတ်အီးတစ်ယောက် မနက်စာမစားနိုင်သေးပဲ

ရေချိုးဖို့ပြင်သည်။

 

ဒီနေ့ ကျောင်းဖွင့်ရက်ဖြစ်တာကြောင့် ကျောင်းမသွားခင်
ရေချိုးပြီး ဖြီးလိမ်းပြင်ဆင်ရမည်။

 

ထမင်းအိုးတည်ထားချိန် တဲရှေ့က ရေစည်ပိုင်းမှာ

ရေသွားချိုးလိုက်သည်။

ရေကို လေး၊ငါးမုတ်ခန့်အဆက်မပြတ်လောင်းချ

လိုက်ပြီးနောက် ဆပ်ပြာတိုက်သည်။

ထိုနောက် လေး၊ငါးမုတ်ခန့် ပြန်လောင်းပြီး ရေချိုး

ခြင်းကို လက်စသတ်လိုက်သည်။

 

ရေဝတ်ချိုးထားသည့် လုံခြည်ကို ရေညှစ်၍ တဲရဲ့
ဘေးဘက်ကနေ တဲနောက်ဘက်သိုပတ်သွားလိုက်ပြီး
လုံခြည်လှန်းသည့်တန်းမှာ လုံခြည်ကို လှန်းထားလိုက်သည်။


ထိုနောက် တဲအရှေ့ဘက်သိုပြန်လာပြီး ရွှံ့ပေသွားသည့် 
ခြေထောက်တွေကို ရေပြန်ဆေးကာ တဲထဲဝင်လာခဲ့သည်။

 

စျေးပေါပေါသနပ်ခါးခဲကို လက်ဝါးသာသာလောက်

သာရှိသော ကျောက်ပျဥ်ပေါ်မှာသွေး၍ သနပ်ခါး

မြန်မြန်လူးလိုက်သည်။

 

သနပ်ခါးလိမ်းပြီးနောက် ထိုင်ရာမှထကာ ထမင်းအိုး

ဆူမဆူသွားကြည့်ပြီး ယောက်မနှင့်မွှေကာ ထမင်း

စေ့တွေကို လက်ညှိးလက်မနှင့်ဖိ၍ စမ်းကြည့်

လိုက်သည်။

 

လက်ထဲကယောက်မကိုပြန်ချလိုက်ပြီးနောက် 

တန်းမှာချွတ်ပြီးလှန်းထားခဲ့သည့် ဖားဥအစက်တွေ

ပရပွနှင့် ရှင်မှီးအင်္ကျီကို ပြန်ဝတ်လိုက်ကာ လုံခြည်

ကိုပြင်ဝတ်၍ မီးဖိုပေါ်ကပွက်ပွက်ဆူနေပြီဖြစ်သည့်

ထမင်းအိုးကို လက်နှီးစုတ်ဖြင့် မ ၍ ယူလိုက်ပြီး

ထမင်းရည်ငှဲ့လိုက်သည်။

 

ထိုနောက် မီးဖိုထဲက ထင်းချောင်းတွေကိုပြန်လျှော့၍ 
ထမင်းအိုးကိုမီးဖိုပေါ်ပြန်တင်ကာ နှပ်ထားလိုက်သည်။

 

သံချေးကိုက်နေပြီဖြစ်သည့် သံသေတ္တာအဟောင်း

လေးထဲ ခေါက်ထည့်ထားသည့် တစ်စုံထဲသော 

ကျောင်းဝတ်စုံလေးကိုထုတ်ပြီး ဝတ်လိုက်သည်။

တိုင်မှာချိတ်ထားသည့် အဖာအထေးတွေနှင့် ဘေးလွယ်အိတ်အဟောင်းလေးကို ဖြုတ်၍ 
သူတို့အိပ်သည့် ကွပ်ပျစ်ပေါ်မှာ ချထားလိုက်သည်။

 

ထမင်းအိုးကျက်သည်နှင့် မီးဖိုထဲကမီးတွေကို ရေလောင်း၍ သတ်လိုက်ပြီး
မီးကြွင်းမီးစ ကျန်,မကျန်သေချာစစ်လိုက်သည်။

 

အားလုံးပြီးသွားမှ မနက်စာစားဖို့အတွက် ဖင်ထိုင်ခုံ

တစ်ခု ဆွဲ၍ ထိုင်ကာ စားပွဲဝိုင်းပေါ်မှာတင်ထားသည့်

ထမင်းကြော်ဇလုံကို ယူလိုက်သည်။

 

လတ်လတ်နှင့်ထွေးမောင်က ဇလုံတစ်ခုထဲ မျှဝေပြီး

စားနေတာကြောင့် သူ့ဇလုံထဲက ထမင်းကြော်တွေ

ကို လတ်လတ်တို့ ဇလုံထဲသို တစ်ဝက်နီးနီး ထပ်

ဖြည့်ပေးလိုက်သည်။

 

မနက်စာကို ခပ်မြန်မြန်စားလိုက်ပြီး ကွပ်ပျစ်ပေါ်

တင်ထားသည့် ဘေးလွယ်အိတ်ကိုလွယ်ကာ 

ထွေးမောင်ကို လွယ်အိတ်မရှိသည့်ဘက်မှာ ခါးထစ်

ခွင်၍ ချီလိုက်သည်။

 

"လတ်လတ် ဘယ်မှလျှောက်မသွားနဲ့နော်...

အိမ်မှာပဲနေ.."

 

"အင်း.."

 

ဘုတ်အီး ထွေးမောင်ကိုချီ၍ တဲထဲကနေ လိန်ဖယ်

လိန်ဖယ်နှင့်ထွက်သွားလေသည်။

 

"ဘုတ်ဘုတ်.."

 

ဘုတ်အီး တဲထဲကနေ ကလေးချီ၍ထွက်လာသည်

ကိုမြင်တော့ သူတိုတဲရဲ့မျက်နှာချင်းဆိုင်မှာရှိသည့်

သွပ်မိုးပျဥ်ထောင်အိမ်လေးထဲကနေ ဘုတ်အီးနှင်

အသက်အတူတူလောက်သာရှိဦးမည့် မိန်းကလေး

တစ်ယောက် သူဝတ်ထားသည့် ဂါဝန်အနားစလေး

တွေ လေထဲလွင့်သည်အထိ ဘုတ်အီးဆီသို အပြေး

တစ်ပိုင်းနှင့်လှမ်းလာရင်းက ဘုတ်အီးကို လှမ်းခေါ်

လိုက်သည်။

 

ဘုတ်အီးလည်း ဆက်မသွားသေးပဲ ထိုမိန်းကလေး

ကိုရပ်ကြည့်နေလေသည်။

 

"ငါ ဘိန်းမုန့်သွားဝယ်ချင်လို့ အဖော်လိုက်ခဲ့ဦး"

 

ငွေမှုံက တစ်ကျပ်တန်လေးတစ်ရွက်ကိုင်ထားရင်း ဘုတ်အီးကိုပြောသည်။

ဘုတ်အီး သူ့မောင်ကို ခါးထစ်ခွင်ချီထားသည်ကိုအပေါ်သို့ အနည်းငယ်တိုး၍ချီလိုက်ပြီး

 

"ငါဝယ်ပေးမယ် ဒီကပဲစောင့်နေ ဘယ်နှစ်ခုဝယ်ရမှာ

လဲ"

 

"သုံးခု အဖြူကြီးပဲ"

 

"အင်း"

 

"ပိုတဲ့တစ်မတ်နင်ယူလိုက်"

 

ဘုတ်အီး ခေါင်းညိတ်ပြလိုက်ပြီး ပိုက်ဆံယူ၍ လမ်းထိပ်က 
ဘိန်းမုန့်ရောင်းသည့်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။

ဒီအချိန်ဆို ဘိန်းမုန့်ဆိုင်က ဝယ်သူများ၍ စောင့်ရလောက်သည်။

အမေ့ဆိုင်ကိုလည်းသွားရဦးမည်။ဘိန်းမုန့်စောင့်နေရင် ဆိုင်ကိုနောက်ကျမှရောက်လိမ့်မည်။

ဆိုင်မှာလည်းဒီအချိန်ဆို လူကျနေလောက်ပြီ။

နီတွတ်တစ်ယောက်တည်းနှင့်နိုင်မည်မဟုတ်ချေ။

အဲ့ကောင်လေးက နမော်နမဲ့နှင့် အမေ လည်ချောင်းကွဲမတတ်အော်နေရလောက်ပြီ။

 

ဘုတ်အီး စိတ်ထင်နေသလိုပါပဲ။ မိလှိုင်တစ်ယောက်အကြော်ကြော်ရင်း နီတွတ်အလုပ်လုပ်တာထောင့်မစေ့၍ အော်နေရသည်။

 

"ဟဲ့ကောင်လေး အဲ့ဒီ့ရေနွေးအိုးကို ထားဦး..

ဒီမှာ အကြော်လာထည့်ပေးစမ်း.. တကတည်း 

တစ်ခုဆို တစ်ခုပဲလုပ်နေတာ..မျက်လုံးကလည်း

ဘေးဘီကို တစ်ချက်ကြည့်ဦးမှပေါ့..

ဟိုဟာမလေးကလည်း အခုထိပြန်မလာသေးဘူး"

 

ဘုတ်အီးတစ်ယောက်ကတော့ ဘိန်းမုန့်ဆိုင်မှာတန်းစီနေရလေသည်။

ဒီအချိန်က စျေးပြန်သည့်လူတွေနှင့် ကျောင်းလာကြသည့်ကျောင်းသားတွေဆုံသည့်အချိန်ဖြစ်တာ

ကြောင့် ဘိန်းမုန့်နှင့်ခေါက်မုန့် တွဲရောင်းသည့် တဲလေးရှေ့၌ ဝယ်သူ လေး၊ငါး၊ဆယ်ယောက်ခန့်စုဝေးကာ မုန့်စောင့်နေကြသည်။

မုန့်လုပ်ရောင်းသူမှာလည်း လက်မလည်ချေ။

မုန့်ရောင်းသူက ကြွေစိအမေ ဒေါ်သောင်းခင်ဖြစ်သည်။
မနက်အစောထဲက မုန့်တွေကြိုလုပ်ထားပေမယ့် ဒီအချိန်ဆို ဝယ်သူများ၍ လက်မလည်ခြင်းဖြစ်သည်။


ဝယ်သူရှိလျှင် မုန့်ကိုဒယ်အိုးပေါ်ပြန်တင်၍ ပြန်ပြီး

အပူပေးသည်။

ဒေါ်သောင်းခင်၏မြေးအငယ်ဆုံး နွယ်နွယ်လည်း

ကျောင်းမသွားခင် ဖွားအေနှင့်အတူ စျေးကူရောင်း

ပေးလေသည်။

ကူရောင်းပေးသူမှာလည်း လက်မလည်ချေ။

 

ဝယ်သူတွေလက်ထဲ မုန့်ကိုအလျင်မီအောင် ထည့်

ပေးနေရသည်။

ဘုတ်အီးက နွယ်နွယ်နှင့် အတန်းတူပြီး နွယ်နွယ့်

ထက် အသက်နှစ်နှစ်ကြီးသည်။

 

ဘုတ်အီးအသက်အရွယ်နှင့်တစ်နှစ်တစ်တန်းသာ

အောင်မည်ဆိုလျှင် အခုဆို တတိယတန်းသို ရောက်ပြီဖြစ်သည်။

အခုတော့ ဒုတိယတန်း၌ နှစ်နှစ်ရှိပြီ။

 


နွယ်နွယ်က ထွေးမောင်ရဲ့လက်ထဲသို ခေါက်မုန့်

အပိုင်းတစ်ခုကိုထည့်ပေးလိုက်သည်။

 

"မမဘုတ်အီး မနေ့ကပေးလိုက်တဲ့အိမ်စာတွေ

အကုန်ပြီးသွားပြီလား"

 

"အေး..ပြီးသွားပြီ"

 

နွယ်နွယ်က ဘိန်းမုန့်တစ်ခုကို ဗာဒံရွက်ဖြင့်ပတ်၍ 

ကျောင်းသားလေးတစ်ယောက်ကိုပေးလိုက်သည်။

ဘုတ်အီး နွယ်နွယ့်ဘေးမှာ ခြေတစ်ဖက်ကိုမြေကြီးပေါ်
တွဲလောင်းချ၍ ထိုင်နေရင်း မုန့်စောင့်နေသည်။

 

ဘုတ်အီးက ဥာဏ်အလွန်ထိုင်းသည်။ စာတစ်ပုဒ်

ကို အကြာကြီး ကျက်ရသည်။

သင်္ချာဆိုရင်လည်း သူ့အတွက်က သင်လေချာလေဖြစ်သည်။

ဒါကြောင့် တစ်ခါတလေ နွယ်နွယ်က သူ့ကို စာပြန်

ရှင်းပြရတာမျိုးရှိသည်။

 

ဘုတ်အီး မှာထားသည့် ဘိန်းမုန့်တွေ ရသည်နှင့်

ထွေးမောင်နှင့်သူ့လွယ်အိတ်ကို ဘိန်းမုန့်ဆိုင်မှာ

ထားခဲ့ကာ ငွေမှုံဆီသို့ ဘိန်းမုန့်တွေကိုအပြေးလေး

သွားပေးသည်။

 

ငွေမှုံ အိမ်ပေါက်ဝမှာထိုင်စောင့်နေရာမှ ဘုတ်အီးကို

မြင်တော့ ထလာသည်။

ဘုတ်အီး ငွေမှုံအနားထိရောက်အောင်သွားလိုက်

သည်။

 

"စောင့်နေရတာလား"

 

"အေး..ဟုတ်တယ်..ရော့..ဒါနဲ့ ဘယ်နှနာရီထိုးပြီ

လဲ"

 

ဘုတ်အီး ငွေမှုံလက်ထဲသို့ စက္ကူဖြင့်ပတ်ထားသည့်

ဘိန်းမုန့်လေးတွေကိုလှမ်းပေးရင်း နာရီမေးလိုက်သည်။

 

ငွေမှုံ အိမ်ထဲသို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် 
ဘုတ်အီးဘက်သိုပြန်လှည့်ကာ 

 

"ရှစ်နာရီထိုးပြီ"

 

"ဟင်"

 

ဘုတ်အီး မျက်လုံးပြူးသွားပြီး ငွေမှုံကိုတောင်

နှုတ်မဆက်နိုင်ပဲ တချိုးတည်းလှည့်ပြေးလေတော့

သည်။

 

ဘိန်းမုန့်ဆိုင်မှာထားခဲ့သည့် ထွေးမောင်နှင့်လွယ်

အိတ်ကိုလည်း မေ့ကျန်ခဲ့၍ သမရုံးရှေ့ရောက်မှ

ပြန်လှည့်ပြီးကလေးနှင့်လွယ်အိတ်ကို ပြန်ယူရ

သေးသည်။

 

လွယ်အိတ်ကိုအမြန်ကောက်လွယ်။ကလေးကို

ခါးထစ်ခွင်ချီ၍ ဘိန်းမုန့်ဆိုင်ကနေ ကားဂိတ်က

သူ့အမေရဲ့အကြော်ဆိုင်သို ခပ်သုတ်သုတ် ထွက်

လာခဲ့လိုက်တော့သည်။

 

ဆိုင်ကိုရောက်သည်နှင့် မိလှိုင်က ဘုတ်အီးကို စီးဆူလေသည်။
နီတွတ်မျက်နှာသည်လည်း အဆူခံထားရတာကြောင့် ပုတ်သိုးနေပြီ။
ဘုတ်အီးကို မကျေမနပ်နှင့်ကြည့်သည်။

 

"အမလေး..မယ်မင်းကြီးမ ပေါ်လာသေးတယ်..

အဲ့ကလေး အောက်ချထား..အချဥ်ဖျော်စမ်း..

ဒီမှာကုန်နေပြီ.."

 

"ဟုတ်..."

 

"ဟိုကောင်လေး...သွား..အိမ်ပြန်တော့...မိလတ်နဲ့

ရန်ဖြစ်မနေနဲ့ဦးနော်...ရန်ဖြစ်တယ်ကြားလို့ကတော့

နှစ်ယောက်လုံး  နာဖို့ပြင်ထား.."

 

နီတွတ်က သူ့အကျင့်အတိုင်း ပြန်မပြောနားမထောင်

လုပ်နေလေသည်။

မိလှိုင် သူ့သားကို လှမ်းကြည့်ပြီးနောက်

 

"ဟဲ့..ကြားလား..."

 

"ဟုတ်..."

 

"ရော့...ဒီမှာ ပိုက်ဆံလာယူ"

 

ထိုအခါမှ နီတွတ်မျက်နှာ ပြန်ရွှင်လာသည်။

မိလှိုင်က ချွေးခံအင်္ကျီထဲက ငါးမူးစေ့တစ်စေ့

ထုတ်၍ နီတွက်ဆီသို့ ပြစ်ပေးလိုက်လေသည်။

 

"မိလတ်ဖို့ပါ မုန့်ဝယ်သွား… ကြားလား"

 

"ဟုတ်.."

 

နီတွတ် ငါးမူးစေ့ကို ကျစ်နေအောင်ဆုပ်၍ ကား

လမ်းဘယ်ညာကြည့်ကာ လမ်းတစ်ဖက်သို ကူးပြေး

သွားလေသည်။

 

သူတို့လမ်းထိပ်က မကြာအေးရဲ့မုန့်ဆိုင်မှာ ကျောက်

ဒိုးနှစ်လုံးဝယ်ပြီး လတ်လတ်အတွက် သူကျောက်ဒိုး

ဝယ်လို့ပိုတဲ့ပိုက်ဆံနှင့် လက်ညှိးသာသာလောက်

ရှိသည့် ပေါင်မုန့်ခြောက်ချောင်းငါးချောင်းပါသည့်
မုန့်တစ်ထုတ်ဝယ်ကာ အိမ်ပြန်သွားလေသည်။

 

ဘုတ်အီး သူ့အမေဆိုင်မှာအလုပ်ကူလုပ်ပေးရင်း

ကျောင်းက ကိုးနာရီထိုးလျှင် ခေါင်းလောင်းထိုးမည်

ဖြစ်၍ ကိုးနာရီထိုးဖို့ငါးမိနစ်အလိုမှာ ကျောင်းသို့ထွက်လာခဲ့လေသည်။

သူ့ကို သူ့အမေက မုန့်ဖိုးတစ်မတ်ပေးလိုက်သည်။

သူ့မှာ ငွေမှုံပေးတဲ့တစ်မတ်နှင့်သူ့အမေပေးတဲ့

တစ်မတ်ပေါင်းရင် ငါးမူးရှိသည်။

 

ဘုတ်အီးကျောင်းသိုရောက်သည်နှင့် အရင်ဆုံး 

တန်းသွားသည့်နေရာက စာသင်ခန်းမဟုတ်ပါ။

မုန့်စျေးတန်းသို့ဖြစ်သည်။ မနက်တုန်းက အိမ်ကနေ

မနက်စာ ထမင်းကြော်စားလာသည်ဆိုပေမယ့် ဟို

ပြေးသည်ပြေးနှင့် အစာအိမ်ရဲ့ဘယ်ချောင်မှာ သွား

ကပ်နေပြီလဲတောင်မသိတော့ချေ။

ထိုကြောင့် ကျောင်းရောက်တော့ ဒေါ်ဗျော့ဆီက 

မုန့်ဖက်သုပ် တစ်မတ်ဖိုးဝယ်ပြီး သူယူလာသည့်

အကြော်ကြေတွေနှင့်စားတတ်သည်။

အပြင်ကအသုပ်ဆိုင်တွေမှာရောင်းသလို ကောင်း

ကောင်းကန်းကန်းရယ်လိုတော့မဟုတ်ပါ။

မုန့်ဖက်ကို ဆီချက်အဖြူနှင့်သုပ်၍ ပဲမှုန့်လေးပါ

လေရာ၊ဆားလေးပါလေရာလောက်သာဖြစ်သည်။

ဘုတ်အီးတို့လို ကလေးတွေအတွက်တော့ ဒေါ်ဗျော့

ရဲ့လက်ရာကိုသာအကောင်းလုပ်၍ စားကြလေသည်။

ဘုတ်အီး စာသင်ခန်းထဲမဝင်သေးပဲ ကော်ရစ်တာ

ထောင့်မှာထိုင်၍ စိန်ကတုံးရွက်ဖြင့်ထည့်ပေးသည့်

မုန့်ဖက်သုပ်တစ်မတ်ဖိုးနှင့် ဆိုင်ကယူလာသည့်

အကြော်ကြေတွေကို မြန်မြန်မကုန်အောင် လက်ဖဝါး

ပေါ်တင်၍ လက်ညှိးလက်မနှင့်ညှပ်ကာ ချွေတာပြီး စားနေခိုက်

 

"ဟဲ့...ဘုတ်အီး"

 

နားနားကပ်၍ အသံပြဲပြဲနှင့်ခေါ်လိုက်သည့်

မြမော်ရဲ့အသံကြောင့် ဘုတ်အီးလန့်သွားသည်။

ထိုင်နေရင်းက မြမော်ကိုမော့ကြည့်လိုက်သည်။

မြမော်က တစ်ယောက်တည်းမဟုတ်။သူ့အဖော်

နှစ်ယောက်ပါသေးသည်။မြမော်က ခါးကိုလက်နှစ်

ဖက်ဖြင့်ထောက်ကာ ရပ်နေရင်းက ဘုတ်အီးကို

ကြည့်ပြီး

 

"နင် တခြားမုန့်ဝယ်မစားဘူးလား..တစ်ခါလာလည်း

ဒီမုန့်ဖက်သုပ်ပဲစားနေတယ်"

 

"ငါ့ဘာသာ ဘာဝယ်စားစားပေါ့"

 

"ဟွန်း..ကောင်းကောင်းကန်းကန်းလည်းမဟုတ်တာ

ကို စားနေတာ..ငါဆို အန်တီမလေးရဲ့ဆိုင်ကအသုပ်

ပဲစားတာ..တစ်ပွဲမှ ငါးကျပ်ထဲ ငါးဖယ်တွေလည်း

ပါတယ်..အကြော်ဆ်ိလည်း ကိုယ်ကြိုက်တာနဲ့စားလို့

ရတယ်"

 

"နင်ကလည်း အန်တီမလေးရဲ့အသုပ်က တစ်ပွဲကို

ငါးကျပ်ကြီးတောင်ဟာကို သူကဘယ်လိုလုပ်

ဝယ်စားနိုင်မှာလဲ"

 

"အေး ဟုတ်သားပဲ"

 

ဘုတ်အီး သူ့လက်ထဲကအသုပ်ကိုမြန်မြန်ကုန်

အောင်စားလိုက်ပြီးနောက် အသုပ်စားထားသည့်

လက်ကို ကျောင်းစိမ်းလုံခြည်နှင့်ပွတ်၍သုတ်လိုက်သည်။

လက်ထဲက ဖက်ရွက်ကိုအမှိုက်ပုံးထဲသွားပြစ်လိုက်

ပြီးနောက် မြမော်တို့ဆီသို့ ပြန်လာကာ

 

"ဘာစားစား ချီးဖြစ်မှာပဲကို အပိုလုပ်ပြီးပြောနေ

သေးတယ်..ငါးကျပ်ပေးပြီးဝယ်စားလည်း ဖင်က

ပြန်ထွက်ရင်ချီးပဲ..အဓိကဗိုက်ဝဖို့အရေးကြီးတယ်"

 

ဘုတ်အီးရဲ့စကားကြောင့် မြမော်တစ်ယောက် 
ရုတ်တရပ် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။


ခဏကြာမှ ဘုတ်အီးကို မျက်လုံးပြူးကြည့်ကာ

 

"ဟဲ့..ချီးချင်းတူရင်တောင် ငါ့ချီးက ပိုတန်ဖိုးရှိတယ်

တန်ဖိုးကြီးတာစားပြီးမှဖြစ်လာတဲ့ချီး..နော်..

နင့်ထက်သာတယ်.."

 

"တန်ဖိုးကြီးတော့ရော ပြန်စားလို့ရလား..ဘာထူးလဲ..

ပြန်စားပြလေ.."

 

ဒီတစ်ခါမှာတော့ မြမော်တစ်ယောက် ဘာမှပြန်မ

ပြောနိုင်တော့ပေ။

 

ဘုတ်အီးကာသူတို့အနားကနေ မျက်နှာကိုမော့၍

အနိုင်ပိုင်းကာ ထွက်သွားလေတော့သည်။

 

မြမော်က ကိုသန့်မော်၏ညီ ခန့်မော်၏ သမီးဖြစ်သည်။

မျိုးနှင့်ရိုးနှင့်လေကြီးလေကျယ်တွေပြောဆိုတတ်သူဖြစ်သည်။

အတော်လေးကြွားဝါတတ်သည့်အကျင့်လည်း ရှိပြန်သည်။


ကြုံရင်ကြုံသလိုလည်းကြွားတတ်သလို၊မကြုံရင်

လည်း ကြုံအောင်လုပ်၍ ကြွားတတ်သေးသည်။

သူ့ထက်ဆင်းရဲနွမ်းပါးသူဆိုလျှင် နှိမ်၍ဆက်ဆံတတ်သည်။

သိုသော် ဘုတ်အီးကိုတော့ သူ နိုင်ထက်စီးနင်းပြောဆိုလို့မရချေ။

ဘုတ်အီးဟာငြိမ်ခံတတ်သူမဟုတ်။စွာသည်။

တစ်ခွန်းမခံ ပြန်ချေပတတ်သည်။

 

ကျောင်းတက်ခေါင်းလောင်းထိုးသံကြောင့်

ကလေးတွေ ကျောင်းရှေ့ရှိမြေကွက်လပ်သို့ စုဝေး

ရောက်ရှိလာကြသည်။

အရှေ့မှာ မိန်းကလေးတွေက ငယ်စဥ်ကြီးလိုက် 

အတန်းရှည်ကြီးစီရပ်ရသည်။

ထိုနောက်မှာမှ ယောကျ်ားလေးတွေ ငယ်စဥ်ကြီး

လိုက်စီရသည်။

နိုင်ငံတော်သီချင်းဆိုပြီးချိန် ကျောင်းအုပ်ဆရာကြီး

က ဆုံးမသြဝါဒစကားပြောနေသည်။

ထိုအချိန်မှာပဲ ငွေမှုံအနောက်မှာရပ်နေသည့် အတန်း

ကြီးကျောင်းသူတစ်ယောက်က ငွေမှုံကို မထိတထိ

နှင့်လှမ်းစနေသည်။

ထိုကျောင်းသူက ငွေမှုံတို့ ဘုတ်အီးတို့နှင့် တစ်လမ်း

ထဲနေသည့် အိုးလုပ်သည့်အိမ်မှ ဦးအောင်မောင်း

၏သမီးဖြစ်သည်။

 

"ဟဲ့..မန်နေဂျာ့သမီး..နင့်မေပြန်မလာတော့ဘူးလား"

 

ငွေမှုံက ဘာမှပြန်မပြောပဲနေနေသည်။

သူ့ရဲ့လက်သီးနှစ်ဖက်ဟာတော့ ခပ်တင်းတင်းဆုပ်ထားလေသည်။

ဘုတ်အီးက ငွေမှုံရဲ့ရှေ့တန်းမှာရပ်နေခြင်းဖြစ်သည်။

ထိုကျောင်းသူက ငွေမှုံကိုစနေတာကို ဘုတ်အီးလည်းကြားရသည်။

ဘုတ်အီး အနောက်သိုလှည့်လိုက်ပြီးနောက် ထိုကျောင်းသူကိုကြည့်လိုက်သည်။

ထိုအခါ သူမက ဘုတ်အီးကို ဘာလဲဆိုသည့်ဟန်နှင့် မေးငေါ့ပြလေသည်။

ဘုတ်အီးက သူ့ကို ပေစောင်းစောင်းဖြင့် တစ်ချက်ကြည့်လိုက်ကာ

 

"ရမ်ဘိုကြိုက်လား...အာနိုးကြိုက်လား.."

 

ဘုတ်အီး ထိုသိုမေးလိုက်တော့ ငွေမှုံကိုစသည့်

ကျောင်းသူထံမှ ဘာစကားမှထက်ထွက်မလာတော့ချေ။

 

ဘုတ်အီးမေးလိုက်သည့်မေးခွန်း၏ အဓိပ္ပါယ်ကို

သပွတ်ကုန်း စာသင်ကျောင်းမှာရှိသည့် ကျောင်းသားတိုင်း သိကြသည်။

ရမ်ဘိုနှင့်အာနိုးဆိုတာ တခြားမဟုတ်။

ကျောင်းအုပ်ဆရာကြီးက သူ့ကြိမ်လုံးတွေကို ပေးထားသည့် အမည်ဖြစ်သည်။

 

ကျောင်းသားအချင်းချင်း ရန်ဖြစ်လျှင်၊အနိုင်ကျင့်လျှင် 
ထိုကြိမ်လုံးတွေဖြင့်ရိုက်ကာ အပြစ်ပေးလေ့ရှိသည်။

 

ငွေမှုံက ခွေးပိန်၏သမီးဖြစ်သည်။ သူ့အမေက သူ နှစ်နှစ်သမီးအရွယ်မှာပင် နောက်ယောကျ်ားနောက်လိုက်ပြေးကာ သူတို့ သားအဖကို ထားခဲ့ခြင်းဖြစ်သည်။

 

ထိုကြောင့် ခွေးပိန်က သူ့သမီးကို မျက်နှာမငယ်ရအောင် 
လိုလေသေးမရှိ ဖြည့်ဆည်းပေးလေသည်။

သိုသော်လည်း ငွေမှုံက အားငယ်တတ်သည့်စိတ်ရင်း

ခံရှိနေသည်။ အလိုလို သိမ်ငယ်နေတတ်သည်။

လူကြောက်သည်။


ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှုဒဏ်တွေကို အရွယ်

နှင့်မလိုက်အောင် ခံခဲ့ရပြီး ဒီလှောင်ပြောင်မှုတွေ

ကြားမှာပဲ တဖြည်းဖြည်းကြီးပြင်းလာခဲ့ရသည်။

လူတွေနှင့်ပေါင်းသင်းဆက်ဆံရေး မလုပ်တတ်ချေ။

ဘုတ်အီးတို့ မိသားစုကသာ သူ့အတွက် အားကိုးရာဖြစ်လေသည်။

ဘုတ်အီးက သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သလို သူ့ရဲ့ဟီးရိုးဆိုလည်းမမှားချေ။

 

ခွေးပိန်က အခု ဆီမှောင်ခိုအလုပ်အပြင် ပွဲစားလည်းလုပ်နေသည်။

ဒီတော့ ဝင်ငွေက အတော်လေးသောင်သာသည်။

အရင်ထဲက လည်လည်ဝယ်ဝယ်လုပ်ကိုင်စားတတ်သူဖြစ်တာကြောင့် 
လက်ဖြားမှာ အမြဲငွေသီးနေတတ်သည်။

 

လုပ်ငန်းကောင်းတာကြောင့် သပွတ်ကုန်း

လမ်းသွယ်(၄)ထဲရှိ အရင် တဲသာသာအိမ်လေးကို

ဖျက်ကာ တစ်ထပ် သွပ်မိုးပျဥ်ကာအိမ်လေးကို

သပ်သပ်ရပ်ရပ်ဆောက်ထားကာ ခြံနှင့်ဝန်းနှင့်

လုံလုံခြုံခြုံ စည်းရိုးခတ်ထားသည်။

 

ငွေမှုံက သူ့သမီးမဟုတ်ဘူး။ B.O.C မန်နေဂျာ

နှင့်ရတဲ့ကလေးဟု ပတ်ဝန်းကျင်က သွားပုတ်လေ

လွင့်ပြောတိုင်း ခွေးပိန် ပတ်ဝန်းကျင်ကို ငါနှင့်ကိုင်

တုတ်၍ မိုးမွှန်အောင် ဆဲရေးတိုင်းထွာတတ်သည်။

 

ငွေမှုံကိုယ်တိုင်ကလည်း ငယ်စဥ်ထဲက မိခင်ဖြစ်သူ

ကထားသွား၍ မိခင်ကိုစိတ်နာသည်။

ဖခင်ကိုသာ ခင်တွယ်လေသည်။

ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြောဆိုမှုတွေ၊လှောင်ပြောင်မှု

ဒဏ်ခံရတိုင်း မိခင်ကို ပို၍ နာကျည်းမိလေသည်။

 

ငွေမှုံကို သူ့အဖေက မုန့်ဖိုးများများပေးတတ်သည်။

ဒါကိုသိသည့်ကလေးတွေက ငွေမှုံဆီက ညာစား

ချင်ကြသည်။အနိုင်ကျင့်တာမျိုးရှိသည်။

 

ဒါတွေကို ဘုတ်အီးသိလျှင် ငွေမှုံကိုအနိုင်ကျင့်သူ

တွေကို ပြန်လည် လက်တုံ့ပြန်တတ်သည်။

အနိုင်ကျင့်ခံရမှုတွေရှေ့က ကာကွယ်ပေးသည်။

 

ခွေးပိန် အလုပ်ကိစ္စနှင့်ခရီးသွားရသည့်အခါမျိုးတွင်

ငွေမှုံကို ဘုတ်အီးတို့သားအမိတွေနှင့် ထားခဲ့လေ့ရှိသည်။

သူ့ဆွေမျိုးသားချင်းတွေကလည်း ငွေမှုံကို လက်မခံကြ။

ထိုကြောင့် ဘုတ်အီးတို့သားအမိကိုသာလျှင် ခင်ရာ

ဆွေမျိုးလုပ်၍ နေနေရရှာသည်။ဒီ့အတွက်

ခွေးပိန်က ဘုတ်အီးတိုသားအမိကိုလည်း ပြန်လည်

ကြည့်ရှုပေးသည်။

ဒီတော့ ပတ်ဝန်းကျင်အတွက် ပြောစရာဖြစ်လာပြန်သည်။

တစ်ခုလပ်နှင့်ကလေးလေးယောက်အမေ မုဆိုးမ။

ကြောင်ခံတွင်းပျက်နှင့်ဆက်ရက်တောင်ပံကျိုးဟူ၍သမုတ်ကြပြန်သည်။


သိုသော်လည်း ကာယကံရှင်နှစ်ယောက်၏ ဆက်ဆံရေးမှာ 
အများကပြောဆိုနေကြသလို မဟုတ်ချေ။

ခွေးပိန်က မိလှိုင်ထက် အသက်ဆယ်နှစ်လောက်ငယ်ပြီး 
နှစ်ဦးလုံးဟာ မောင်နှမရင်းနှယ် သံယောဇဥ်ရှိကြသူတွေဖြစ်ကာ အပြန်အလှန်စောင့်ရှောက်ပေးကြခြင်းဖြစ်သည်။

 

ငွေမှုံနှင့်ဘုတ်အီးက အသက်အတူတူဖြစ်ပြီး ငွေမှုံက 
တတိယတန်းရောက်ပြီဖြစ်သည်။

 

ဘုတ်အီးဟာ ငွေမှုံဆီက ဘယ်တော့မှ ညာမစားခဲ့

ဖူးသလို ငွေမှုံအတွက် သူလုပ်ပေးခဲ့သည့် အရာရာ

တိုင်းကလည်း သူ့စိတ်ရင်းအမှန်သာ ဖြစ်ပေသည်။

 

 

....................


ဆက်ရန် 


NwayOo