နွေးဦးငယ်ငယ် - Episode 2


 "စိမ်း"


စာဖတ်နေသည့်မိန်းမဟာ အခန်းထဲဝင်လာသည့်မိခင်ဖြစ်သူကြောင့် အတွေးများပြတ်သွားရသည်။


"
မနက်စာ"


ထိုမိန်းမကလှည့်ကြည့်တော့ သူမမေမေဟာ ဆေးပန်းကန်နှင့်အတူမနက်စာထည့်လာသည့်ဗန်းကို မြောက်ကာပြ၏။ ဟုတ်ပါရဲ့ သူမဟာ မနက်ထလာကတည်းက ဘာမျှမစားရသေးပါ။ ဒီနေ့မှ စိတ်ကူးမရှိလို့မနက်စာကို ဆင်းမစားခဲ့ခြင်းဖြစ်၏။။ သို့ပေမယ့် သူမရဲ့မနက်စာဟာ မိခင်ဖြစ်သူကြောင့် အမြဲအချိန်မှန်ပါသည်။ မနက်စာကိုစားပွဲပေါ်တင်ခဲ့ပြီးပေမယ့် ‌သူမမေမေဟာ ထွက်မသွားသေး။ သူမကိုတစ်ခုခုပြောချင်ပုံရသည်။ ပြောဆိုသည့်အထာဖြင့် သူမမေမေ့မျက်နှာကိုကြည့်လိုက်ပေမယ့် မိခင်ဖြစ်သူဆီမှ စကားသံဟာအတန်ကြာသည်ထိထွက်မလာပါ။

 

"စိတ်ကလေးကျန်းမာရေးကောင်းအောင် အပြင်လေးဘာလေးထွက်ပါလား "


သူမမေမေဟာ ထိုစကားကိုပြောဖို့ စိတ်တွေအတော်လေးလွန်ဆွဲလိုက်ရသည်ထင်သည်။

 

"အင်း စိတ်ပါရင်ပေါ့"


ထိုမိန်းမဟာ မထုံတတ်သေးအမူအယာဖြင့်ပင် အဖြေပြန်ပေးလိုက်ပါသည်။ မိခင်ဖြစ်သူဟာလည်း သူမဒီလိုဖြေမည်ဆိုတာကိုရိပ်မိသည်ထင်ရဲ့ စကားထပ်မပြောတော့ဘဲ ထွက်သွား၏။ ခါတိုင်းဆိုထိုစကားမျိုး‌ သူမမေမေဟာဘယ်တော့မှမပြောပါ။ သူမကို ဘယ်လိုနေနေ ဆိုပြီးလွတ်ထားတတ်သည်ပင်။ ဒါတွေကဘယ်ကစလဲဆို မနေ့ကခြံထဲဆင်းလျှောက်လိုက်လို့ဖြစ်မည်။ သူမကစိတ်သိပ်ပါလို့လမ်းဆင်းလျှောက်တာမျိုးတော့မဟုတ်။ ဒီတိုင်းခြေဖုဝါးနုနုလေးတွေခေါ်ဆောင်ရာဆီ ခန္ဓာကလိုက်ပါသွားတာလို့ပြောရမည်လား။ ထိုနေရာမှာ သူမအတွက်စိတ်ဝင်စားစရာ ဘာမှရှိနေခဲ့တာမျိုးလည်းမဟုတ်။

 

လောကမှာ သူမရဲ့လှပသည့်မျက်နှာကို ဖျက်ခနဲတောင်မကြည့်သည့်လူကို ထိုမိန်းမဟာ ပထမဆုံးမြင်ဖူးခဲ့ပါပြီ။ သိသလောက်တော့ လူတိုင်းဟာသူမရဲ့မျက်နှာကို သဘောကျကြသည်၊ ထပ်ကာထပ်ကာ တစိမ့်စိမ့်ကြည့်ချင်ကြသည်။ သို့ပေမယ့် ထိုကလေးမကတော့ သူမကိုရှောင်ကာလွဲကာသာနေ၏။ ဒီလောကမှာ သူမကိုသဘောမကျသည့်လူလည်းရှိတာဘဲလား။

 

ထိုမိန်းမရဲ့ခြေလှမ်းတွေဟာ ယောင်မှားမှားဖြင့် ဝရံတာဘက်ရောက်သွားသည်။ လိုက်ကာလေးတွေကိုဖယ်ကာကြည့်လိုက်လျှင် သူမဟာ ဟိုရှေ့တည့်တည့်က စာထိုင်လုပ်နေသည့်ကလေးမကို မြင်ရ၏။ ထိုကလေးမအခန်းဟာ သူမရဲ့အခန်းနဲ့တည့်တည့်ပါ။ အလှမ်းဝေးသော်လည်း အဲ့ကလေးမရဲ့လှုပ်ရှားမူတွေကိုတော့ ကောင်းကောင်းကြီးမြင်ရပါသေးသည်။ ထိုကလေးမဟာ ကျောင်းသူဘဲရှိသေးသည်ထင်သည်။ အရမ်းငယ်သေး၏။ သူမရဲ့အလှအပကိုမခံစားတတ်တာ အံ့ဩစရာတော့မရှိပါ။ သူ့ပုံစံကြည့်ရတာသည်မှာလည်း ဘာသိဘာသာနေတတ်မည့်ပုံမျိုးပင်။ မကြာပါဘူး တစ်ဖက်အိမ်မှကလေးမသည် သူမကိုတွေ့သွားသည်ထင် လှုပ်လှုပ်ရွရွများဖြစ်လာသည်။ ထိုကလေးမဟာ သူမကြည့်နေသည်ကို အတော်သဘောမကျသည့်ပုံပါ။ စားပွဲမှထလာပြီး ဖွင့်ထားသည့်ပြတင်းပေါက်မှလိုက်ကာစများကို ထကာဆွဲပိတ်ပြစ်၏။

 

"ဟောတော်"

 

ထိုမိန်းမမှာ အံ့ဩလွန်းလို့ နှုတ်ကနေပါ အာမေဏိတ်သံထွက်သွားရသည်အထိ။ သူမမှာ ရယ်ရမလိုလိုနဲ့ စဉ်းစားရကြပ်သွားသေးသည်။ ထိုကလေးမဟာ ကြောင်တောင်တောင်နဲ့လို့ပြောရမလား၊ မဟုတ်လည်း ရှက်နေသည်လား။ သူမလည်းဘာမှမလုပ်လိုက်ရပါဘဲ။ လူကြောက်တတ်သည် ရှက်တတ်သည်ဆိုရအောင်ကလည်း သူ့အရွယ်ကြီးဟာ အခြားလူကိုတောင်အားနာဖို့ကောင်းလှပါသည်။ ဘယ်လိုဘဲအသက်ငယ်သည်ဆိုဆို သူ့အရပ် သူ့အရွယ်ကြီးနဲ့‌တော့ ဒီလောက်ထိမဖြစ်သင့်ပါ။ ဒီလောကမှာ သူမကိုမြင်ပြီး အဲ့သည်လိုဖြစ်တာဆိုလို့ ထိုကလေးမက ပထမဆုံးဖြစ်ပါလိမ့်မည်။ သူမ အခန်းထဲပြန်ဝင်လာပြီးသာ ဖတ်လက်စစာအုပ်ကို ကောက်ကိုင်လိုက်သည်။ ခေါင်းကိုအသာခါရင်း သက်ပြင်းသာချရ၏။

 

ဖြစ်ရမယ်”

 

သူတစ်ပါးကသဘောမကျတော့လည်း သူမမှာ ရှောင်ယုံဘဲပေါ့။

 

.............

 

ကုန်ဆုံးသွားသည့်နေ့ရက်များနဲ့အတူ နွေဦးဟာ ပို၍နက်ရှိုင်းလာသည်။ ရာသီဥတုဟာ ဒီဘက်ဒေသခံတွေအဖို့တော့ သိပ်မပူပေမယ့် ဇူလီအဖို့တော့ သိပ်ကိုပူပါသည်။ သူမစိတ်က‌ပူတယ်ထင်လို့များ ပို၍ပူနေလားတော့မသိပါ။ ပန်ကာကိုအမြဲဖွင့်ထားရသည်။ သွားလေရာကိုလည်း ယပ်တောင်ကြီးတကားကား ယူသွားရသေး၏။ ၄လပိုင်းနေအသားကုန်ပူသည့်အချိန်ဆို ဘယ်လိုများနေရမလဲ သိချင်မိပါသည်။

 

ဇူလီဘဝဟာ နေရာသစ်ရောက်သည့်အခါ ပျင်းစရာအလွန်ကောင်း၏။ ပျင်းလို့ဆိုပြီး အပြင်ထွက်လည်ရအောင်ကလည်း သူမမှာအဖော်ရယ်လို့မရှိ။ မတောက်တခေါက်ဖြင့် ပုံထိုင်ဆွဲရအောင်ကလည်း ဒီရာသီဥတုကြောင့် အာရုံသိပ်မစိုက်နိုင်။ စာတွေလေ့လာရအောင်ကလည်း ဒီစာတွေဟာသူမဖို့နှောကြေနေပြီ။ ခေါ်ထားသည့်ဆရာမကလည်း အထက်တန်းတွေ စာမေးပွဲဖြေပြီးခါမှအကြောင်းပြန်မည်ဟုပြောထား၏။

 

ဘဝကစိတ်ညစ်စရာကောင်းနေပါသည်ဆိုမှ ဟိုဘက်အိမ်ကမိန်းမကတစ်မျိုးဒုက္ခပေးသေးသည်။ ဇူလီဟာ ထိုမိန်းမရဲ့အကြည့်တွေကို လုံးဝမကြိုက်ပါ။ ဟိုတစ်ခါတွေ့ကြသည့်နေ့က သူမကိုဝါးစားမတတ်အပေါ်အောက်စုံအောင်ကြည့်ကာ စပ်စုနေတာပင်။ မိန်းကလေးတွေမို့လို့တော်သေး၏။ သူတစ်ပါးကိုအဲ့လိုကြည့်တာဟာရိုင်းမှန်း ဇူလီတောင်သိသည်။ ထိုအကြည့်တွေကိုရှောင်ဖယ်နေကတည်းက ထိုအရာကိုဇူလီမကြိုက်မှန်း ထိုမိန်းမ,သိခဲ့ဖို့ကောင်းသည်။ ထိုမိန်းမဟာရုပ်သာလှသာ လူကဲခတ်တာကတော့ညံ့သည်ထင်၏။ မနေ့ကလည်း ပုံထိုင်ဆွဲနေသည့်သူမကိုဟိုဘက်ကနေလှမ်းကာကြည့်နေတာတွေ့၏။ မနေနိုင်သည့်သူမကဘဲ ပြတင်းပေါက်တွေထပိတ်ရ၏သည်။

 

"ဘာမှန်းမသိဘူး”

 

ဇူလီဟာ ခေါင်းကိုခါယမ်းရင်းဖြင့် ထိုသို့ရွတ်မိ၏။ နောက်နေ့များကျ အဲ့မိန်းမကိုမတွေ့အောင်ရှောင်ရမည်။

 

.............

 

ဒီနေ့ဟာ ဇူလီဖေဖေတို့ရုံးပိတ်သည်။ သို့ပေမယ့်လည်းသူမဖေဖေဟာ ဇူလီမပျင်းအောင်ဆိုပြီး သစ်တောဝန်းထဲသို့အလည်ခေါ်သွားပေး၏။ ပိတ်ရက်ဆို သစ်တောဝန်းထဲက ကလေးတွေစုံသည်ဟုသာပြောတာ  ဈေးသွားသူသွား၊ မိသားစုလိုက်အပြင်သွားသူသွားဖြင့် ဝန်ထမ်းတန်းလျားဟာ လူသိပ်မစုံတော့ပါ။ သို့ပေမယ့်လည်း ဇူလီဟာ ဝန်းထဲလိုက်ရမည်ဆိုလျှင် အရမ်းပျော်တတ်ပါသည်။ အပင်မျိုးစုံဖြင့် စိမ်းလန်းနေသည့်ဝန်းကြီးဟာ သူမအတွက်တော့ စိတ်ပျော်ရာနေရာပင်။ တန်းလျားတွေရဲ့ဘေးမှာ ပျိုးပင်ပေါက်လေးဟာအစုံရယ်ပါ။ ပျိုးခင်းများကိုတော့ နေပူဒဏ်မခံနိုင်မည်စိုးသောကြောင့် အပေါ်မှ နေကာပလပ်စတစ်စိမ်းဖြင့် အုပ်မိုးပေးထားပါသည်။ တချို့အပင်တွေဟာစိမ်းစိုနေပေမယ့် တချို့အပင်တွေဟာတော့ အပူဒဏ်ကိုခံနိုင်ရည်မရှိပါဘဲ လက်မြောက်အရှုံးပေးသွားကြကုန်ပါပြီ။ ဒီဝန်းထဲမှာအပေါဆုံးက ကျွန်းပင် ။ ထိုအဝါရွက်ကြီးကြီးနဲ့ကျွန်းပင်တွေဟာ ဘယ်နေရာပေါက်ပေါက် အစိုးရအပိုင်ဘဲဟု ဖေဖေကသူမကိုပြောဖူးပါသည်။ ကျွန်းပင်ခုတ်သည့်လူဟာ ဒဏ်ကြီးပေးခံရတတ်သည်တဲ့။ သို့ပေမယ့်လည်း ပြစ်ဒဏ်ကိုမကြောက် သစ်ခိုးထုတ်သူတွေကတော့ ရှိစမြဲပါဘဲ။ ရုတ်တရက် ကျွန်းတွေဖြင့်အလှဆင်ထားသည့် အိမ်ကြီးဟာ မြင်ကွင်းထဲပေါ်လာ၏။ သူတို့အိမ်ကျတော့လည်း ကြမ်းခင်းကစ ကျွန်းတွေကြီးဖြင့်ပင်။ အာဏာရော ငွေရောရှိသည့်ထိုလူတွေအတွက်တော့ နိုင်ငံရဲ့ဥပဒေဟာ မည်သို့မျှသက်ရောက်နိုင်သည့်ပုံမပေါ်။

 

ဇူလီရဲ့ပါလာသည့်ဖုန်းလေးဟာ အနားမနေရတော့။ ဒီဝန်းထဲက သူမမျက်စိကျသည့်အရာမှန်သမျှကို ဖုန်းဖြင့် မှတ်တမ်းယူကာနေသည်။ ဒီဘက်လာတုန်းကဖြတ်လာခဲ့သည့် တမာပင်တန်းကြီးကို ဇူလီက သိပ်သဘောကျ၏။ ရွက်နုတွေ၊ တမာပွင့်တွေရဲ့ အဖြူအစိမ်းရောစပ်မူဟာ သိပ်ကိုပြည့်စုံလှသည်။ ဖြတ်သွားဖြတ်လာကားများအတွက် ကွမ်းယာဆိုင် အကြော်ဆိုင်နဲ့ ကုန်စုံဆိုင်သေးသေးလေးများလည်း ထိုနေရာတွင်ရှိ၏။ နောက်ရက်များကျ အဲ့လမ်းဘက်သွားပြီး ပုံသွားထိုင်ဆွဲရမည်။

 

တောဝန်းဟာ ပုံမှန်နေရာများထက် ပန်းမှန်စုံလင်စွာတည်ရှိပါသည်။ အပင်များဟာ ဆောင်းမှာပုံးကွယ်နေခဲ့သမျှ နွေ၏ရောင်နီနွေးနွေးကိုထိတွေ့လာရချိန်မှာတော့ အကိုင်းအခက်ဝေဆာကာ စိမ်းလဲ့လာကြသည်။ အပွင့်အဖူးတွေဝေနေသည့် လက်ပံပင်အကြီးများ၊ ပွင့်ဖူးလာကြတော့မည့် ကံ့ကော်ပန်းများ၊ ရနံ့မဲ့ကာ ပန်သူကင်းသည့်စက္ကူပန်းကလေးများ စသည့်ပန်းများဟာ ဝန်းထဲအပြိုင်တည်ရှိနေကြသည်။ ပြီးတော့ ရွက်နုတွေဝေဆာနေသည့် ကုက္ကိုလ်ပင်ကြီး။

 

"အရွက်တွေနုနေပြီ။ လှတယ်မလား"

 

ဇူလီဓာတ်ပုံရိုက်နေတုန်း ဘေးကနေအသံထွက်လာသည်။ လှည့်ကြည့်တော့ သူမထက်အနည်းငယ်ပုသည့် မိန်းကလေးဟာ ဘေးနားရှိနေ၏။ ခန္ဓာကိုယ်ကတော့ ဝတယ်လို့မဆိုနိုင်။ ပါးဖောင်းပြီး ခန္ဓာကိုယ်ကထွားနေတာပင်။

 

"ဒါသုပ်စားလို့ရတယ်လေ။ ပြုတ်ပြီး ပဲလေးနဲ့သုပ်စား အရမ်းကောင်းတယ်"

 

ထိုမိန်းကလေးဟာ သူမကိုနှစ်ရှည်လများသိနေသည့်ပုံဖြင့် တရင်းတနှီးကိုစကားပြောလာပါသည်။ ဇူလီကတော့စိတ်အနှောက်အယှက်သိပ်မဖြစ်မိပါဘူး။

 

"ငါအပင်တက်မှာ အဲ့အရွက်ခူးဖို့။ နင်ရောရချင်လား။ ငါပိုခူးခဲ့ပေးမယ်"

 

"တက်တတ်တယ်ပေါ့"

 

ထိုမိန်းကလေးဟာ ခင်ချင်စရာကောင်းပါသည်။ စကားသွက်သည်။ ပြီးတော့ ပွင့်ပွင့်လင်းလင်းရှိမည့်ပုံစံပင်။ အသက်အားဖြင့်လည်း သူမထက်မငယ်တောင် တန်းတူဖြစ်လောက်သည်။ သူမအနေရခက်တာမျိုးမရှိသည်မို့ စကားပြန်ပြောမိ၏။ မိန်းကလေးတစ်ယောက်က ဒီလောက်မြင့်သည့်ကုက္ကိုလ်ပင်ကြီးကို တက်မည်ဆိုတာကတော့ အနည်းငယ်အံဩစရာကောင်းသည်မလား။

 

"စတာဟဲ့။ ဒီလိုနေပူပုံမျိုးနဲ့ငါတက်နိုင်ပါ့လား။ အရွက်တွေသိပ်မရှိတော့ တက်ရတာအဆင်မပြေဘူး။ ပြုတ်ကျရင် ဆွဲကိုင်စရာဘာမှမရှိဘူးလေ"

 

ထိုမိန်းကလေးဟာ သူမကိုပြုံးရင်းပြောလာသည်။

 

"အောက်ကနေဘဲဝါးညှပ်နဲ့ခြွေချရတော့မှာ။ နင်ယူမှာမလား ငါခူးပေးမယ်"

 

သူမက အင်း ဟုဖြေတော့ ထိုမိန်းကလေးဟာ ဝါးညှပ်သွားရှာယူပါသည်။ ကုက္ကိုလ်ရွက်သုပ် တစ်ခါမှမစားဖူး၍ သူမ,မြည်းစမ်းချင်သည်။ အရွက်နုတွေဟာ စားကောင်းမည့်ပုံပင်။

 

"ငါတို့ဘက်မှာဆို ဟင်းစားမရှားဘူးသိလား။ ဟိုအရွက်ခူးစား ဒီအရွက်ခူးစားနဲ့။ အသီးလည်းပေါတယ် ။ ဟိုးနားကလက်ပံပွင့်တွေလည်း စားလို့ကောင်းတယ် ခူးသွားလေ"

 

ထိုမိန်းကလေးဟာ စကားတပြောပြောနဲ့ ရွက်နုများကိုခြွေချနေသည်။ ဝါးညှပ်ကနေကျလာသည့် ရွက်နုတွေကိုဇူလီကလိုက်ကောက်၏။ ကုက္ကိုလ်ရွက်နုတွေဟာ အားရစရာ။ ဇူလီကတော့လက်ထဲရှိနေသည့်အရွက်တွေကို ဒီတိုင်းတောင်စားလိုက်ချင်သည်။ သူမတို့ကောက်တာ ရွက်နုတွေဟာ ကုန်လုနီးနီး။ အသေးအကြီးကအစခြွေချခဲ့ကြတာပင်။ ပြုတ်ပြီးသုပ်လိုက်ရင် နည်းသွားတာကြောင့် အကုန်ခြွေမှရမည်ဟုလည်း ထိုမိန်းကလေးကပြောသည်။

 

"နင်ပျင်းရင်ဒီကိုလာလည်လေ။ ငါတို့ကဒီဝန်းထဲဘဲနေတာ။ နွေဆိုအိမ်ကပူလို့ အရိပ်တွေပေါတဲ့ဒီဝန်းထဲဘဲနေကြတာများတယ်။ ကျောင်းဖွင့်ရင်တော့ ငါနဲ့တွေ့ဖြစ်မှာမဟုတ်ဘူး"

 

ထိုမိန်းကလေးဟာလည်း ကျောင်းသူတစ်ယောက်ပါပင်။ တက္ကသိုလ်ကျောင်းသူတဲ့။ သူမနဲ့အရွယ်တူသည်ဘဲ။ တစ်ခါတစ်လေများကျ ဇူလီဟာစိတ်အားငယ်မိပါသည်။ ရွယ်သူတွေဟာ တက္ကသိုလ်မှာ ကာလာစုံပျော်ရွင်မူတွေခံစားနေကြချိန် သူမကတော့ တက်လမ်းအတွက်ကျန်းမာရေးနဲ့လုံးပန်းနေရတုန်း။ ထိုမိန်းကလေးနဲ့သူမဟာ စကားလမ်းကြောင်းအတော်တည့်၏။

 

ညနေခင်းလောက်တော့ ဇူလီတို့ဟာထိုဝန်းထဲကနေပြန်လာကြသည်။ သူမဟာထိုမိန်းကလေးနာမည်ကိုမေးဖို့ မေ့ခဲ့၏။ သို့ပေမယ့် ဖေဖေက ထိုမိန်းကလေးဟာ ဝန်းထဲကစာရေးဦးထွန်းကြိုင်သမီး ရီရီပွင့်ဖြူ ဖြစ်ကြောင်းပြောပြပါသည်။ သွက်သွက်လက်လက်ရှိသည်မို့ လူချစ်လူခင်လည်းပေါသည်ဟုဆို၏။

 

အိမ်ပြန်ရောက်တော့ ဇူလီဟာခနအနားယူ ရေချိုးပြီး သူမမေမေ့ကိုညစာချက်ဖို့ကူပါသည်။ သူမတို့မိသားစုဟာ ညစာကိုစားခါနီးသည့်အချိန်မှ ချက်စားတာဟာထုံးစံတစ်ခုပင်။ ပေါ့ပေါ့ပါးပါးချက်စားဖြစ်သည်ကလည်းများ၏။ မနက်ကယူလာသည့်ကုက္ကိုလ်ရွက်ကိုသုပ်သည်။ နေ့ခင်းကကျန်သည့်အသားဟင်းကို နွေးသည်။ ပြီးတော့ အရည်ဟင်းတစ်ခွက်၊ အရွက်ကြော်တစ်ခွက်။

 

"ထူးထူးဆန်းဆန်း အဖော်တွေဘာတွေရလို့ပါလား"

 

ဇူလီဟာမေမေ့ကို ကုက္ကိုလ်ရွက်နဲ့ပတ်သက်ပြီး မနက်ကကိစ္စအားအနည်းငယ်ပြောပြခဲ့၏။

 

"အဲ့လိုစကားလေးဘာလေးပြောပေါ့။ လေနှမျှောတာလား။ နင့်ဖျင်ကနေရှုတောင်ရတယ်။ လူဆိုတာကအပေါင်းအသင်းရှိမှ အားကိုးရာရတာ။ အသိမိတ်ဆွေရှိတယ်ဆိုတာကလေ တစ်ရွာတည်တာနဲ့မခြားဘူး။  တစ်ရွာမပြောင်း သူကောင်းမဖြစ် တဲ့"‌

 

ဟင့်အင်း မလုပ်ချင်ဘူး စိတ်ကုန်တယ် ပျင်းတယ်"

 

ဟဲ့ နင်လေ ငါဘာပြောရင်ဘယ်လိုကန့်လန်ပြောရမလဲတန်းသိတယ်နော်။ အဲ့စကေးဘယ်ကရတာလဲ”

 

သူမမေမေကပြောတော့ ဇူလီကတခစ်ခစ်ရယ်သည်။ ဇူလီဟာ သူမမမေကိုစနှောက်ရတာ အရမ်းသဘောကျ၏။

 

"အန်တီနွေး ရှိလားမသိဘူး"

 

အိမ်ရှေ့ဆီမှ အော်ခေါ်သံကြောင့် သူမနဲ့မေမေဟာထမင်းစားနေရာကနေ ခေါင်းမော်ကြည့်ကြသည်။ ထိုအသံကို ဇူလီဟာ သေသွားရင်တောင် အမှတ်ရ၏။

 

ဟိုဘက်အိမ်ကမိန်းမကြီး။

 

ဇူလီဖေဖေဟာ သွားထိုးတံရှာနေရင်းကနေ အိမ်ရှေ့ဆီထသွားပါသည်။ ပြီးတော့ ဖေဖေနဲ့အတူလိုက်ဝင်လာသည့် ထိုအမျိုးသမီး။

 

"ဟင်းလာပို့ပေးတာပါ အန်တီနွေး"

 

ထိုအမျိုးသမီးဟာ လက်ထဲကချိုင့်ကိုမြောက်ပြသည်။ ပြီးတော့ သူမကိုဖျက်ခနဲကြည့်ပြီး မေမေ့ဆီအကြည့်လွဲသွား၏။ ဇူလီရဲ့စားလက်စထမင်းတွေဟာ ထိုမိန်းမအသံကြားကတည်းက မျိုမကျတော့ပါ။ ဗိုက်လည်းမဆာတော့။ ထိုမိန်းမဟာ အဲ့လောက်ထိစွမ်းသည်လား။ ထမင်းကမျိုမကျပါဘူးဆိုမှ သူမမေမေဟာ ထိုအမျိုးသမီးအား ထမင်းအတူစားဖို့ခေါ်လိုက်သေးသည်။ ဝတ္တရားအရဆိုတာသိပေမယ့်လည်း တစ်ကယ်ကြီးလာဝင်စားရင် ဘယ်လိုလုပ်မလဲ။

 

ထိုအမျိုးသမီးဟာ ထမင်းလုတ်ကိုမဝါးဘဲ ပါးစောင်းကပ်ထားသည့်သူမကို တစ်ချက်အရင်ကြည့်လာသည်။ ခေတ္တမျှပါဘဲ။ 

 

"မစားတော့ဘူး အန်တီ။ ကျွန်မအတွက် ဒီအချိန်ကညစာစားချိန်မဟုတ်လို့ပါ"

 

ဇူလီဟာ အမြဲကံကောင်းပါသည်။ ဒီတစ်ခါလည်း ဘယ်နတ်ကယ်မှန်းမသိဘဲ အသက်တစ်ရက်ရှည်ခွင့် ရသွား၏။ ထိုအမျိုးသမီးချိုင့်ထိုင်စောင့်နေတုန်း ဇူလီဟာပန်းကန်တွေအမြန်သိမ်းသည်။ ပြီးရင်အပေါ်အမြန်တက်ဖို့ကြံထား၏။ ဖေဖေနှင့်စကားပြောနေသည့် ထိုမိန်းမအသံကိုကြားနေရသည်။ပတ်ဝန်းကျင်ကပြောသည့်မာနတစ်ခွဲသားနဲ့အမျိုးသမီးဟာ ထိုမိန်းမမှဟုတ်ပါရဲ့လား။

 

"ဇူလီ သွား လက်ဖက်ရည်ပန်းကန်တွေသွားချချေ"

 

လက်ရေဆေးပြီးသွားသည့်သူမကို မေမေဟာထိုသို့ဆိုလာသည်။

 

"မချပါဘူး ကိုယ့်ဘာသာသွားချ။ သမီးပင်ပန်းနေလို့ နားချင်ပြီ"

 

သူမ လက်ကိုအမြန်သုပ်သည်။ ပြီးတာနဲ့အပေါ်ပြေးတက်ဖို့ပြင်သည်။

 

"သမီး ဇူလီရေ။ လက်ဖက်ရည်ပန်းကန်လေးလာချပါအုံး"

 

အိမ်ရှေ့ဆီမှဖေဖေ၏အော်ပြောသံအကြားမှာတော့ သူမဟာ ဘယ်သူ့ကိုမှန်းမသိဘဲ စိတ်ထဲကနေကျိန်ဆဲမိသွားသည်။ မေမေကလည်း သွား ဟုသာပြောနေ၏။ တစ်ကယ်လို့အဲ့နေရာမှာ ထိုမိန်းမသာမဟုတ်ခဲ့ဘူးဆိုရင် ဇူလီဟာ လက်ဖက်ရည်ပန်းကန်ကို ရဲရဲကြီးသွားချမိမှာ အမှန်ပင်။ သူမဘာကိုကြောက်နေသည်လဲဆိုတာ ဇူလီလည်းမပြောတတ်။ ထိုမိန်းမရဲ့အကြည့်စူးစူးတွေလား။ ဒါမှမဟုတ် အပြုံးတွေကိုလား။ အသက်ကိုဝဝရှုပြီး စိတ်ကိုပြင်ဆင်ရသည်။ မီးဖိုဆောင်ကနေ ဧည့်ခန်းဆီသွားသည့်ခြေလှမ်းတွေဟာ ခလုတ်တိုက်ချင်သလိုတောင်ဖြစ်၏။ ထိုမိန်းမဟာ ဖေဖေ့လိုလူကြီးရှေ့မှာတောင် ခြေချိတ်ပြီးထိုင်နေပါသည်။ မပြောဘူးလား ထိုမိန်းမက အလိုက်ကန်းဆိုးမသိပါဘူးလို့။ အနားရောက်သွားတော့ စကားဝိုင်းဟာ သာမန်ပါပင်။ ကောင်းကြောင်းဆိုးကြောင်း သာကြောင်းမာကြောင်း။ စားပွဲပေါ် လက်ဖက်ရည်ဗန်းကိုတင်လိုက်တော့ ထိုမိန်းမဟာချက်ချင်းလက်လှမ်းလာ၏။ ဇူလီဟာ ဘုရားကိုချက်ချင်းတမိ၏။ ရှည်လျားပြီး ဖြူဖွေးနေသည့်လက်သွယ်သွယ်လေးတွေဟာ ဇူလီရဲ့လက်တွေကိုထိမိဖို့ နည်းနည်းလေးသာလိုသည်။

 

ထိုမိန်းမ၏ လှုပ်ရှားပုံတွေဟာ သိမ်မွေ့ပြီး အထက်တန်းဆန်သည်။ သပ်ရပ်စွာချည်နှောင်ထားသည့်ဆံပင်၊ နဖူးပေါ်ဝဲချထားသည့်ဆံစလေးများ၊ ဖွေးနုနေသည့်မျက်နှာ၊ နီရဲနေသည့်နှုတ်ခမ်းတွေဖြင့် ထိုမိန်းမဟာအလွန်ပြည့်စုံလှပါသည်။ ထိုမိန်းမရဲ့အရာရာဟာ အထက်တန်းမှာသီးသန့်စံစားဖို့များ သေချာထုဆစ်ထားလေသလား။ တစ်ချက်တစ်ချက် ဆံပင်ကိုနားကြားထဲသပ်တင်လိုက်သည်ကိုမြင်တိုင်း ဇူလီ့မှာ ငေးမောရ၏။

 

ဘုရားဘုရား….. စိမ်းလဲ့ညို

 

ဇူလီ မီးဖိုဆောင်ထဲဝင်တော့ မေမေဟာ ချိုင့်ကိုကိုင်ပြီး စားပွဲဆီထွက်သွားပါသည်။ ထိုစကားဝိုင်းထဲ သူမပါထပ်ပေါင်းမည့်ပုံပါ။

 

"မဟုတ်တာ ဦးစိုးမြင့်ရယ်။ ကျွန်မတို့အိမ်ကဖြင့် အပင်တွေများနေပါပြီ။ ငြင်းပါရစေတော့"

 

ကြည့်ရတာ ဇူလီဖေဖေဟာ ထိုမိန်းမကိုပန်းပျိုးပင်တွေလက်ဆောင်ပေးဖို့ ပြောလိုက်သည်ထင်သည်။ ဧည့်ခန်းနဲ့မီးဖိုဆောင်ဟာ သိပ်မဝေးလှသည်မို့ ထိုစကားဝိုင်းကအသံတွေဟာ သူမ,ကြားရဖို့လုံလောက်ပါ၏။

 

"ခြံကအကျယ်ကြီးကိုကွယ်။ ပန်းတွေစုံသွားရင် သိပ်လှမှာ"

 

မေမေဟာလည်း စေတနာတွေအရမ်းပိုနေသည်ထင်။

 

"ကျွန်မနောက်မှယူပါ့မယ် အန်တီနွေး"

 

ပန်းတွေလက်ဆောင်ပေးသည်ကို ထိုအမျိုးသမီးဟာ ငြင်းသည်။ ပန်းလက်ဆောင်ပေးသည်ကိုငြင်းသည့်အမျိုးသမီးတစ်ယောက်ကို လူတွေဟာဘယ်လိုမှတ်ချက်ပြုလေ့ရှိကြသနည်း။ ဇူလီကတော့ ပန်းဆိုသိပ်ကြိုက်၏။ ပန်းတွေဟာ လှသည်၊ စိတ်ကိုပျော်ရွင်စေသည်၊ ပြီးတော့ ပန်းတွေဟာ ကမ္ဘာကြီး၏ အနူးညံ့ဆုံးအစိတ်အပိုင်းကလေးများဖြစ်၏ ။

 

"ကျွန်မပြန်အုံးမယ် ဦးစိုးမြင့်

အန်တီနွေး"

 

ထိုမိန်းမဟာ သူမရှေ့ကအိမ်ရှင်နှစ်ဦးကို တစ်လှည့်စီနှုတ်ဆက်ပါသည်။ ‌ဇူလီ့မေမေကတော့ အိမ်ခြံပေါက်နားထိ ထိုမိန်းမကိုလိုက်ပို့၏။ ဇူလီကတော့ မီးဖိုခန်းထဲကျန်နေဆဲပင်။ ထိုမိန်းမ,ပြန်သွားတော့ သူမတို့မိသားစုသုံးယောက်ဟာ ဧည့်စားပွဲမှာ လက်ဆုံကျကြသည်။ မေမေကတော့ သေချာပေါက် ထိုအမျိုးသမီးအကြောင်းတွေ သူလှမ်းမီသလောက်ပြောပြနေ၏။

 

"မသိပါဘူး ကိုစိုးမြင့်ရယ် သူတို့အကြောင်းကတော့ ကြားရတာကတော့အမျိုးမျိုးဘဲ။ ပတ်ဝန်းကျင်ဆိုတဲ့အမျိုးက ဒီလိုဘဲအပုတ်အခတ်တတ်တာ။ သူတို့ကချမ်းသာလွန်းလို့ ပုတ်ခတ်ကြတာလည်းဖြစ်ချင်ဖြစ်မှာပေါ့။ အိမ်ရှင်တွေကိုဆက်ဆံကြည့်ရတာတော့ သဘောကောင်းမယ့်ပုံတွေပါဘဲ"

 

ဇူလီ့မေမေဟာ ပွင့်လင်းပါသည်။ ပြီးတော့ အမြင်တစ်ခုတည်းဖြင့် လူတွေကိုမဆုံးဖြတ်တတ်။ ဖေဖေကတော့ ဇူလီလိုအနေအေးပြီး စကားနည်းသည်။ သို့ပေမယ့် သူ့ဂုဏ်ပုဒ်ဖြင့်အညီ ပေါင်းသင်းဆက်ဆံ စကားပြောရတာကများ၏။

 

"အဲ့မိန်းမက လှပါတယ်။ ဒါမယ့် တစ်မျိုးကြီးလိုဘဲ"

 

"အံမယ် နင်က အဲ့မိန်းမအကြောင်းဘယ်လောက်သိလို့လဲ။ စကားဆယ်ခွန်းပြည့်အောင်တောင်မပြောဖူးဘဲနဲ့များ။ အဲ့မိန်းကလေးမျက်လုံးကလေ ညို့ဓာတ်ပြင်းတယ် သိလား။ ကောင်မလေးက ဘယ်ဘဝကကုသိုလ်တွေလည်းမသိပါဘူး လှလိုက်တာကိုမှ"

 

မေမေဟာ ဇူလီစကားကိုငြင်းသည်။ နောက်ဆုံးတော့လည်း သူမကဘဲ အပြစ်ဖြစ်ရ၏။

 

"အဖေ့ရှေ့မှာတောင် ခြေချိတ်ပြီးထိုင်တာ မမြင်ဘူးလား။ ဒါကျဘယ်လောက်လှတဲ့မိန်းကလေးဆိုဆို လူကြီးရှေ့ဆို ခြေချိတ်ပြီးမထိုင်ရဘူးလေ။ အမေဘဲပြောဖူးတာ‌အဲ့လို"

 

"ထူးထူးဆန်းဆန်း ငါ့စကားတွေကိုမှတ်သားလို့ပါလား"

 

ဇူလီ့မေမေဟာ လက်ဖက်ရည်ရည်ကိုတစ်ချိုက်ကျိုက်သည်။

 

"ဒါကျ သူ့ဟာသူပေါ့။ အရမ်းကြီးလည်းရုပ်မပျက်ပါဘူး"

 

ဇူလီ၏ဘယ်လောက်ဘဲ ထိုမိန်းမကိုဖျက်ဖျက် သူမ မေမေကတော့ ရရာနည်းဖြင့်ကာပေး၏။ ဟင်းလေးတစ်ခွက်နှစ်ခွက်ဖြင့် ထိုမိန်းမဘက်ပါသွားသည့် သူမ မေမေကိုကြည့်ကာ သက်ပြင်းဘဲချလိုက်တော့သည်။

 

လှပသည့်လူမျိုးဆို လူတိုင်းကကာကွယ်ပေးချင်ကြတာဟာ သဘာဝဖြစ်မည်။ တစ်ခါတစ်လေကျ လှပမှုဟာသိပ်ကိုအစွမ်းထက်၏။ ချွင်းချက်တွေကိုမမြင်နိုင်သည်ထိ ဖုံးကွယ်နိုင်စွမ်းရှိသည်လေ။

 

…….

 

"နင့်အိမ်က ဝေးတယ်နော်"

 

ရီရီဟာ စက်ဘီးကိုအားစိုက်နှင်းရင်း နောက်ကသူမကို ပြောလာ၏။

 

"အင်း မောလို့လား။ ငါနင်းမယ်လေ"

 

ဇူလီနှင့်ရီရီဟာ သူငယ်ချင်းလို့ဆိုရလောက်သည်အထိ အနေနီးလာပါပြီ။ ပွင့်လင်းပြီးဟာသဉာဏ်ရှိသည့် ရီရီ့ကို သူမကသဘောကျ၏။

 

"တော်ပါ ငါ့ကိုယ်ကနင့်ထက်ပိုလေးတယ်။ တော်ကြာချီးထွက်နေမှဖြင့်"

 

ရီရီ့အပြောမှာ သူမတို့နှစ်ယောက်လုံး ထရယ်မိကြသည်။ ဇူလီ့ရဲ့အနည်းငယ်ပိန်သည့်ခန္ဓာကိုယ်ဟာ အနည်းငယ်ထွားသည့်ရီရီ့ကို နိုင်မည်မဟုတ်ပါ။ ဒီနေ့ ရီရီဟာ ကျောင်းလစ်သည်မို့ သူမကိုသစ်တောဝန်းဆီ အလည်ခေါ်ခဲ့ခြင်းပါ။ အသွားတုန်းကတော့ ဖေဖေ့ကားဆီလိုက်စီးသွားပေမယ့် ရီရီကအိမ်အလည်လိုက်ချင်သည်ဆိုလို့ နှစ်ယောက်သားဟာစိတ်ရူးပေါက်ပြီး စက်ဘီးဖြင့်ပြန်ဖို့ ရွေးချယ်ခဲ့မိကြ၏။ တော်တော်ရူးသည့်လူတွေပင်။

 

"ငါကိုယ်ပိုင်ကားဝယ်စီးနိုင်မှဘဲ နင့်အိမ်ကိုအလည်လာတော့မယ်"

 

ဇူလီတို့အိမ်နဲ့ သစ်တောဝန်းဟာ တောင်နဲ့မြောက်ပါ။ ဝေးတယ်လို့ပြောရမည်။ သစ်တောဝန်းကတော့ မြို့ပြင်အဝေးပြေးကားလမ်းမကြီးဘေးတွင်ရှိ၍ ဇူလီ‌တို့အိမ်ကတော့ မြို့လယ်ကဆိတ်ငြိမ်ရပ်ကွက်တွင်ရှိ၏။

 

"ငါမသေခင်တော့ နင်နဲ့နင့်ကားကိုငါ့အိမ်ရှေ့ မြင်ရမှာပါနော်"

 

ရီရီဟာ ဇူလီ့စကားကိုသဘောကျ၍ တခစ်ခစ်ရယ်သည်။

 

ဇူလီတို့အိမ်ရောက်တော့ သူမ မေမေဟာ အဝတ်တွေခေါက်နေ၏။ ဇူလီက သူမရဲ့ဧည့်သည်ကို အပေါ်ထပ်သူမအခန်းထဲသာခေါ်ခဲ့လိုက်သည်။

 

"နင့်အခန်းကအကျယ်ကြီးဘဲနော်"

 

ရီရီဟာ သူမအခန်းကိုဝေ့ဝိုက်ကြည့်ရင်းပြောလာသည်။

 

ရာသီဥတုပူပြီး မောနေကြသည့်အတွက် ဇူလီဟာအောက်ထပ်ဆင်းပြီး သံပုရည်သွားယူသည်။ ခုနကအဝတ်ခေါက်နေသည့်မေမေကို မီးဖိုဆောင်ထဲပြန်တွေ့၏။ သူမတို့အတွက် သံပုရာရည်ဖျော်ပေးနေခြင်းပါ။

 

"နေဒီလောက်ပူတာကို စက်ဘီးနဲ့ပြန်လာကြတာလား"

 

"ဟုတ်တယ် ဖေဖေကအလုပ်ရှိသေးလို့လေ။ ရီရီကလည်းအိမ်အလည်လိုက်ချင်တယ်ဆိုလို့" 

 

 

"ဟိုဘက်ခြံကအကျယ်ကြီးဘဲနော်။ ဘယ်သူတွေနေတာတဲ့လဲ"

 

ရီရီဟာ ဇူလီကမ်းပေးသည့်သံပုရာခွက်ကိုယူရင်း လှမ်းမေးပါသည်။ သူမေးငေါ့ပြသည့်နောက် ဇူလီလိုက်ကြည့်၏။

 

"နင်ကမြို့ခံမဟုတ်ဘူးလား။ သူတို့ကိုမသိဘူးပေါ့"

 

ခုမှပြောင်းလာသည့်သူမကို ထိုမေးခွန်းလာမေးသည့်သူအား ဇူလီပြန်အံ့ဩမိပါသည်။ တစ်မြို့တည်းနေပြီး မသိဘူးဆိုသည်က အံ့ဩစရာဘဲမလား။

 

"နင့်ဂျီးတော် ဒီမြို့မှာလူပေါင်းဘယ်လောက်ရှိလဲသိလား"

 

ဟုတ်တော့ဟုတ်ပါသည်။ တစ်မြို့တည်းနေတိုင်းလည်း အားလုံးသိရမယ်လို့ဆိုလိုသည်မဟုတ်။ သူတောင်သူ့အမျိုးနာမည်တွေမသိတဲ့ဟာ။  ဒါပေမယ့် ဒီလိုလူကျော်‌လူမော်တွေကိုမှမသိတာကို ပိုပြီးအံ့ဩခြင်းပါ။ အထူးသဖြင့် စိမ်းလဲ့ညို ဆိုသည့် မိန်းမကို။

 

"စိမ်းလဲ့ညိုတဲ့ မသိဘူးလား"

 

ဇူလီဟာ ထိုနာမည်ကိုအရင်ပြောပြပြီး ရီရီရဲ့ဖြစ်ပျက်လာမည့်မျက်နှာရိပ်ကိုအရင်ဖမ်း၏။ သို့ပေမယ့် ဂျီးတော်မကတော့ နာမည်ကြားတာနဲ့ ဆွေစဉ်မျိုးဆက်တွေပါစဉ်းစားနေရသည့်ပုံဖြစ်လို့နေသည်။

 

"ကြားဖူးသလိုဘဲ"

 

ဇူလီစိတ်မရှည်တော့ပါ။

 

"သူ့အဖေက ဦးကျော်မင်းနောင်လေ။ ABC ဆေးရုံက။ သူ့အမေက ဒေါ်မြသိမ့်သိမ့်သူ လို့ခေါ်တယ်။ သူတို့သမီးက..."

 

"ဪ....သိပြီ သိပြီ။ ပပဝတီတို့မိသားစု။ စွန့်ပစ်ခံမင်းသမီးလေး"

 

လူတွေက ထိုအမျိုးသမီးကို ပပဝတီလို့ခေါ်တာ ဇူလီ မအံ့ဩပေမယ့် စွန်ပစ်ခံမင်းသမီးလေး ဆိုသည့်ဂုဏ်ပုဒ်ကိုတော့ ခုမှကြားဖူးတာပင်။ သူမ သေချာမသိရသေးသည့် ထိုအမျိုးသမီးရဲ့သတင်း‌တွေက ဘာများဖြစ်မလဲ။

 

"ဘာလို့အဲ့လိုခေါ်တာလဲ"

 

ရီရီဟာ သံပုရည်ခွက်ကိုချပြီး သူမဘက်လှည့်လာသည်။ ရီရီ့‌မျက်လုံးတွေထဲမှာ သူမမေးခွန်းအပေါ် မည်သည့်သံသယတွေမျှ ရှိမနေပါ။

 

"သူ့ကောင်ကပြစ်သွားလို့။ သူ့ရည်းစားလေ"

 

"ဟမ်"

 

"ဟုတ်ပါ့မလား သူကဒီလောက်ပြည့်စုံနေတာကို။ ပြီးတော့ ချမ်းသာတယ်လေ"

 

ဇူလီမယုံပါ။ ဒီလောက်လှသည့်အမျိုးသမီး အဘက်ဘက်ကပြည့်စုံသည့်အမျိုးသမီးကို ပစ်ထားရက်ခဲ့သည့်လူဟာ မျက်စိကန်းနေပြီး ဦးနှောက်မရှိသည့်လူဘဲဖြစ်ပါလိမ့်မည်။

 

"ငါသေချာတော့မသိဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်က အတူနေပြီးကြပြီလို့တောင်ပြောကြတာနော်။ ဗိုက်ကြီးသွားသေးတယ်လို့တောင်ပြောတယ်။ နောက်မှသူ့အဖေသဘောမတူလို့ ဖျက်ချလိုက်တာဆိုလား။ ပြဿနာဖြစ်တဲ့ညက အဲ့ခြံထဲဆူသွားတာဘဲတဲ့။ ကြာခဲ့ပါပြီဟယ် ။ တချို့ကမေ့ကုန်ကြပြီ တချို့တွေကတော့ မမေ့ကြသေးဘူး"

 

ရီရီဟာ သူမကိုပြောပြပြီး နောက်ဆုံး၌ရယ်သည်။ ပြီးတော့ မယုံနိုင်ဖြစ်နေသည့် ဇူလီ့မျက်နှာကို တစ်ချက်ကြည့်လာ၏။

 

"မယုံနိုင်ဖြစ်နေတယ်မလား။ အဲ့မိန်းမရဲ့ရုပ်နာမ်က ဒီလိုအပုတ်မျိုးနဲ့မလိုက်ဖက်လို့လေ"

 

ဇူလီ မည်သည့်အဖြေကိုမျှမပေးမိပါ။ ဒီလိုအတင်းသတင်းဆိုသည့်အမျိုးက လူတွေရဲ့အပေါ်ယံထင်မြင်ချက်တွေကြောင့် ဖြစ်ပေါ်လာသည့်အရာများပင်။ ထိုအရာတွေရဲ့နောက်ကွယ်မှာ လူတွေမသိသေးသည့်အမှန်တရားဆိုတာ အမြဲရှိ၏။

 

"သူ့ကောင်လေးကရော"

 

ဇူလီ မွေ့ယာပေါ်လှဲချလိုက်ရင်း မေးလိုက်သည်။

 

"မသိပါဘူး။ ပြောရခက်တယ်။ အစကတည်းက အဲ့ကောင်လေးကို သူတို့ကလွဲ ဘယ်သူမှမမြင်ဖူးကြဘူးလေ"

 

ရီရီဟာ မတတ်နိုင်ဘူးဆိုသည့်သဘောဖြင့် သူမကို ပုခုံးတွန့်ပြသည်။

 

လူတွေဟာခက်၏။ သူတို့တောင်သေချာမသိသည့်လူတွေကို ဒီလိုအတင်းလုပ် ဖျက်ဆီးပြီးပြောနိုင်ကြသည်။

 

"သူတို့ချင်းကတော့ အရမ်းချစ်မယ့်ပုံဘဲ။ ကောင်မလေးက သတ်သေဖို့တောင်လုပ်ခဲ့တာနော်"

 

ထိုစကားစုလေးမှာ ဇူလီရဲ့တွန့်ချိုးနေသည့်မျက်ခုံးတွေ ပျယ်သွားရသည်။ ထိုအမျိုးသမီးက အဲ့လောက်ထိချစ်တတ်သည်လား။ သူမရဲ့အချစ်အတွက်ဆို အသက်ပေးရဲသည့်ယောက်ျားတွေဘဲရှိမည်လို့ ဇူလီကထင်ထားခဲ့မိတာ။ ခုများတော့ပြောင်းပြန်။ ဘယ်လိုဆိုဆို ထိုမိန်းမ,ချစ်မိသွားသည့်ယောက်ျားဟာ သိပ်ကိုကံကောင်းမည်မှာ သေချာပါသည်။ စိမ်းလဲ့ညို လိုအမျိုးသမီးက ချစ်မိသွားသည့်လူကို ဇူလီဟာ မြင်ဖူးချင်၏။ ဘယ်လိုလူမျိုးမို့လို့ အသက်ပါပေးချင်သည်ထိ ထိုမိန်းမဟာ ချစ်မိသွားခဲ့ရသနည်း။

 

..............

 

ပူပြင်းတဲ့ရာသီမှာ တစ်နေ့တာကိုဖြတ်သန်းဖို့အကောင်းဆုံးနည်းလမ်းဟာ ပန်းလေးတွေ၊ သီချင်းလေးတွေနှင့်အတူနေခြင်းပါဘဲ။ Taylor Swift ရဲ့ playlist ကိုဇူလီဖွင့်ထားသည်။

 

The more that you say

The less I know

Wherever you stray

I follow

I'm begging for you to take my hand

Wreck my plans

That's my man

 

Taylor Swift ရဲ့အသံချိုချိုလေးနှင့်သံစဥ်အေးအေးလေးဟာ ဇူလီအတွက်တော့ အပူချိန်တစ်ဝက်လောက်ကို လျှော့ချပေးလိုက်သလို။

 

"Life was a willow and it bent right to your wind (oh)"

 

(ဘဝကမိုးမခပင်လိုပါဘဲ ချစ်ရသူရဲ့လေယူရာဘက်ဘဲယိမ်းနေမယ်)

 

အချစ်မှာနစ်မွန်းနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းဆိုတာသိရတော့ မျက်လုံးလှလှလေးနဲ့အမျိုးသမီးကိုတောင် သတိရမိသွားသည်။ ထိုအမျိုးသမီးဟာလည်း သီချင်းထဲကလို သူချစ်ရတဲ့အမျိုးသားကြောင့် အသက်ဆက်ရှင်ဖို့အစီအစဉ်တွေကိုပြောင်းလဲခဲ့ပုံပင်။

 

ဘယ်ကိုပဲလမ်းလွဲသွားပါစေ ပေါင်းစည်းကြရဖို့ နောက်ကတကောက်"လိုက်မည်တဲ့(သီချင်းစာသား)။

ထိုမိန်းမရဲ့ချစ်ရသူဟာ သေသွားသည်လား။ ဒါ့ကြောင့် သူမရဲ့လက်ကိုဓားဖြင့်လှီးပြီး ချစ်ရသူနောက်လိုက်ဖို့ကြိုးစားခဲ့သည်လား။ မိုးမခပင်လို သူချစ်ရတဲ့အမျိုးသားဘက်ဘဲယိမ်းသွားခဲ့သည်ထင်သည်။

 

အတွေးထဲမှာမေးခွန်းများစွာ။

 

အချစ်မှာ မျက်စိမရှိဘူးလို့ ‌လူတွေပြောစမှတ်ပြုကြပါသည်။ ဟုတ်ပါရဲ့ လူတွေဟာ အချစ်နဲ့ထိတွေ့မိရင် ရဲရင့်လာကြတယ်၊ နူးညံ့လာကြတယ်၊ လက်ခံနိုင်စွမ်းရှိလာကြတယ်၊ ခွင့်လွှတ်နိုင်စွမ်းလည်းရှိလာကြတယ်။ တစ်ဆက်တည်းမှာဘဲ အချစ်ဟာ လူတွေကို ဆင်ခြင်တုံတရားနဲ့ တွေးခေါ်နိုင်စွမ်းကင်းမဲ့လာအောင်လည်း လုပ်နိုင်ကြပြန်တယ်။ ထိုအရာကြောင့်ဘဲ တချို့လူတွေဟာ မိုက်မဲတဲ့အရာတွေကိုလုပ်ပြစ်ဖို့ ဦးတည်လာတတ်ကြ၏။

 

စိမ်းလဲ့ညို ရဲ့အချစ်ဟာလည်း မိုက်မဲသည့်အရာတွေကိုလုပ်ပြစ်ဖို့ဦးတည်သွားတာဖြစ်လောက်သည်။ ထိုအမျိုးသမီးရဲ့ ယောက်ျားတစ်ယောက်အပေါ်ထားတဲ့ အချစ်တွေကိုတွေးမိပြီး ဇူလီဟာပိုလို့အံ့ဩရ၏။ ထိုအမျိုးသားဟာ သေချာပေါက် ယောက်ျားထုကြီးရဲ့မနာလိုမူတွေကိုလက်ခံရထားမှာပင်။

 

"ဇူလီရေ ဖရဲသီးစားရအောင်"

 

အောက်ထပ်ကမေမေရဲ့ အော်ခေါ်သံကြောင့် ဇူလီဟာ အတွေးတွေကိုလက်စသတ်ပြီး ယပ်တောင်ကိုယူကာ အောက်ပြေးဆင်းရသည်။ ဖရဲသီးချိုချိုအေးအေးလေးဟာလည်း နွေရာသီရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းလေးပါပင်။

 

"ဇူလီ လက်သုတ်ဝတ်သွားယူစမ်း။ အရည်တွေကျကုန်ပြီ"

 

မေမေဟာ ဇူလီ့ရဲ့ပုခုံးကိုတစ်ချက်ရိုက်ပြီး လက်သုတ်ဝတ်သွားယူခိုင်းသည်။ ဖရဲသီးစားပြီး ခုံပေါ်အရည်ကျအောင်လုပ်ခဲ့သည့်သူမကို ပွစိပွစိပြောနေသံဟာ သူမနောက်ကနေ မီးဖိုဆောင်ထဲထိကိုလိုက်လာ၏။

 

"ဟော သမီးလေး စိမ်းလဲ့"

 

အိမ်ရှေ့ကနေထိုနာမည်ခေါ်သံကြားတော့ ဇူလီ့ကျောပြင်တွေမတ်သွားသည်။ ဟိုမိန်းမကြီးရောက်လာပြန်ပြီထင်ရဲ့။ လက်သုတ်ယူပြီး အိမ်ရှေ့မသွားခင် ဧည့်ခန်းကစကားသံတွေကိုအရင်နားစွင့်၏။

 

"အလည်လာတာလား"

 

"ဟုတ်တယ် အန်တီနွေး။ ပျင်းစစရှိလို့ လာလိုက်တာရယ်"

 

ပျင်းနေရင် စာအုပ်တွေဘဲဖတ်နေပါလားလို့ သူမ,ပြောလိုက်ချင်သည်။ အခုများတော့ ဇူလီဟာဧည့်ခန်းထဲသွားရမလား မသွားရဘူးလားဆိုတာ ဝေခွဲနေရပြီ။ 

 

"ဇူလီ ကြာလိုက်တာ။ ဒီမှာဧည့်သည်လာပြီ မြန်မြန်ယူလာခဲ့"

 

ဧည့်သည်ကဘာအရေးမို့လဲ ဒီတိုင်းဟိုဘက်ခြံကဘဲကို။

 

"လာပြီ"

 

လက်ထဲကခြောက်နေပြီဖြစ်သည့် လက်သုတ်ဝတ်ကိုရေအမြန်ဆွတ်သည်။ ပြီးတော့ အနည်းငယ်တုန်ရီနေသည့်စိတ်ဖြင့် ဧည့်ခန်းဆီဦးတည်သွား၏။

 

ထိုအမျိုးသမီးဟာ အလိုင်းကြီးပါသည့်ထဘီခဲရောင်ကိုဝတ်ဆင်ထားပါသည်။ ခါတိုင်းနဲ့မတူ ယနေ့များတော့ ထိုအမျိုးသမီးရဲ့အင်္ကျီဟာ လက်တိုရင်ဖုံးကလေးဖြစ်နေ၏။ အရောင်ကတော့ သံသယကင်းမဲ့စွာဖြင့် အစိမ်းရင့်ရောင်ပါပင်။ မျက်စိကိုအေးစေသည့်အရောင်။ ထိုအရောင်ကို ထိုမိန်းမဟာ အရမ်းကြိုက်သည်ထင်သည်။  အသားအရည်ဟာ ယနေ့မှပိုတောက်ပလာသလားအောက်မေ့ရသည်။ လည်တိုင်ကျော့ကျော့လေးထက်မှာ ငွေရောင်ဆွဲကြိုးလေးဟာ တလက်လက်။ ဖရဲသီးကိုလှမ်းယူလိုက်သည့် ဘယ်ဘက်လက်မှာ ဆွဲကြိုးအလားတူ ဟန်းချိန်းလေးတစ်ခုရှိနေ၏။

 

"ပျင်းရင်လာလည်လို့ရပါတယ်။ အန်တီကတော့အိမ်မှာအမြဲရှိတယ်။ အန်တီ့သမီးအကြီးကတော့ အလုပ်ကြောင့်အဝေးမှာရယ်။ သူလာရင်တော့ သမီးအဖော်ရမှာပေါ့။ ရွယ်တူလောက်ဘဲထင်တယ်နော်။ ဇူလီကတော့ အိမ်သိပ်မကပ်သလို စကားကလည်းနည်းတော့"

 

ဇူလီ့မိခင်ဟာ သူမဘက်ခဏလှည့်ပြီး ထိုအမျိုးသမီးကိုပြောပြ၏။ သူတို့နှစ်ဦး၏စကားဝိုင်းမှာ သူမနာမည်ကမည်သို့ပါလာရသနည်း။

 

ထိုအမျိုးသမီးဟာ မေမေ့ကိုပြုံးသာပြသည်။ ပြီးတော့ ဖရဲသီးကိုင်ထားသည့်လက်ကို တစ်ရှုးဖြင့်တစ်ခါသုတ်၏။ ပြီးရင် ဖရဲသီးတစ်စိတ်ကိုထပ်ယူ၏။ တစ်ခါကိုက်ပြီးတိုင်း တစ်ရှုးကိုတစ်ခါသုပ်၏။ အဲ့မိန်းမ ဖရဲသီးစားလို့ဝချိန် သူမတို့အိမ်ကတစ်ရှုးလည်းကုန်လောက်သည်။ အမှန်ဆိုထိုအမျိုးသမီးအိမ်လာသည့်အကြောင်းကို ဇူလီစဉ်းစားမရ။ သူမအမေလိုအရွယ်နဲ့ ထိုအမျိုးသမီးအရွယ်ဟာ အမေနဲ့သမီးအရွယ်ပါ။ ထိုအရွယ်ကွာဟချက်ကြားမှာ ပြောဖို့ စကားလုံးများရှိကြသည်လား။ ဖရဲသီးလှမ်းယူတတ်သည့်လက်ကလေးများကို ဇူလီဟာ ခိုးခိုးပြီးကြည့်ရပါသည်။ ရီရီပြောပြသည့် ဓားလှီးထားသည့်အရာဟောင်းလေးများ တွေ့လိုတွေ့ငြားပေါ့။ ကံမကောင်းတာကတော့ ဇူလီဟာထိုမိန်းမရဲ့ မျက်စောင်းထိုးဘယ်ဘက်ခုံမှာ ထိုင်နေရခြင်းမို့ ထိုမိန်းမရဲ့ဘယ်ဘက်လက်ကောက်ဝတ်ကို မမြင်ရပါ။

 

"ဖရဲသီးထပ်ယူမှထင်တယ်"

 

ဇူလီ့မေမေဟာ ဗန်းထဲကအနည်းငယ်သာကျန်တော့သည့်ဖရဲသီးစိပ်ကလေးကိုကြည့်ပြီး ထသွားဟန်ပြင်၏။

 

"ထပ်မယူပါနဲ့တော့ အန်တီနွေး။ ကျွန်မတော့ မစားနိုင်တော့ဘူးရယ်"

 

မှတ်မိသလောက်ဆို ထိုမိန်းမ,စားသည့်ဖရဲသီးစိပ်အရေအတွက်ဟာ သုံးစိပ်သာရှိမည်။

 

"အားမနာပါနဲ့ကွယ်"

 

သူမမေမေကတော့ ဖရဲသီးတွေထပ်စိပ်ဖို့ မီးဖိုဘက်ဝင်သွား၏။ ယခုများတော့ ထိုစားပွဲမှာ ဇူလီနှင့်ထိုမိန်းမသာကျန်တော့သည်။

 

"ဖရဲသီးအရမ်းကြိုက်တယ်ထင်တယ်နော်။ ဇူလီစားနေတာ ဆယ်စိပ်မကတော့ဘူး"

 

ခေါင်းလေးငုံ့ပြီးဖရဲသီးစားနေသည့်ဇူလီဟာ ထိုမိန်းမရဲ့အပြောကို မည်သို့တုံ့ပြန်ရမည်မှန်းမသိပါ။ ထိုမိန်းမဟာ စကားတစ်ခါမျှတောင်မပြောဖူး၊ နာမည်တောင်တစ်ခါမျှမပြောပြဖူးသည့်သူမအမည်ကို နှုတ်မှနေ၍ တရင်းတနှီးခေါ်ယူသုံးစွဲခဲ့တာပင်။ သူမကိုဒီတိုင်းရိုးရိုးစကားဘဲပြောသည်လား အများကြီးစားလို့လှောင်နေသည်ဘဲလား သူမ,မသိ။ သေချာသိတာကတော့ ထိုမိန်းမဟာ ခြေချိတ်ထားသည့်ညာဘက်ခြေထောက်ပေါ်  မှေးထောက်တင်၍ နူးညံ့သည့်အကြည့်တွေပေးနေသည်ဆိုတာပါဘဲ။ အဲ့ဒီအကြည့်က လှောင်ရယ်နေတာဘဲလား။

 

ထိုမိန်းမရဲ့ညို့ဓာတ်ပြင်းတဲ့ဘယ်ညာမျက်ဝန်းတွေအောက်မှာ မှဲ့နက်လေးဟာ တစ်ဖက်၁လုံးစီ။

 

လက်ထဲမှဖရဲသီးစိပ်ဟာသရုပ်ပျက်ကာ ကြမ်းပြင်ပေါ်ပြုတ်ကျ၏။ ထိုမိန်းမရဲ့အကြည့်တွေဟာ သူမပြုတ်ကျသွားသည့်ဖရဲသီးစိပ်နောက်လိုက်လာသည်။ ဇူလီဟာ ရှက်ရှက်ဖြင့်ထိုဖရဲသီးစိပ်ကိုကြမ်းပေါ်မှ ကောက်ယူလိုက်ပြီး အခွံတွေပုံကာထည့်ထားသည့်ဗန်းထဲ ထည့်လိုက်၏။ ထိုမိန်းမရဲ့မျက်လုံးတွေဟာ ဇူလီရဲ့လှုပ်ရှားမူတွေနောက်လိုက်ပြီး လှုပ်ရှားနေသည်။

 

"အစ်မကို မကြိုက်လို့လားဟင်"

 

ဇူလီဘယ်လိုဖြေရမည်မသိ။ ဘယ်လိုကြီးမေးလိုက်တာတုန်း။

 

မဟုတ်ပါဘူး”

 

ဇူလီ့ပုံစံကြည့်ရတာတော့ အစ်မအိမ်အလည်လာတာကို သိပ်ကြည်ဖြူပုံမရဘူး။ အစ်မနဲ့စကားပြောရတာ မကြိုက်လို့လားဟင်”

 

ဒီမိန်းမက ဘာကြီးလား။ အရမ်းကိုတည့်တိုးဆန်ပြီး နှုတ်ရဲသည်။ သူ့အိမ်မဟုတ်တာတောင်မှ။ မကြိုက်လို့လားဆိုပြီး အားနာသလိုမေးခဲ့ပေမယ့် ထိုမိန်းမရဲ့မျက်နှာမှာ သူမအပေါ် အားနာသွားဟန် တစ်စက်မျှရှိမနေ။ သူမကိုစနေသည်လား။ အနည်းငယ်ပြုံးရိပ်သန်းသွားသည့်နူတ်ခမ်းတွေကို သူမ,သေချာဖမ်းမိလိုက်၏။ လူတစ်ယောက်က လူတစ်ယောက်ကိုစကားပြောတာဟာ သာမာန်ပေမယ့် ထိုမိန်းမကတော့ သာမာန်မဟုတ်။

 

ရုတ်တရက်ကြီး ရှက်စိတ်တွေအုံကြွလာသည်။ စိတ်ကလည်းယခုအခြေအနေကို အလိုမကျတော့။

 

"မဟုတ်ပါဘူး"

 

ဇူလီအနေရခက်နေသည်ကို ထိုမိန်းမ ဖမ်းလို့မိမှာပါ။ ရဲတက်လာသည့်မျက်နှာ၊ ခပ်တိုးတိုးအသံတွေကို ထိုမိန်းမ သတိပြုမိမှာပါ။ သို့ပေမယ့်လည်း ဇူလီ့နားထဲ ရယ်သံတစ်ချက်သာကြား၏။ သိပ်မကျယ်ပေမယ့်လည်း နီးနေသည်မို့ သူမကြားလိုက်ပါသည်။

 

"ဟဲ့ ပါးစပ်ပေါက်နေတာလား။ အောက်မှကျထားတာ ရွဲနေတာဘဲ ကြည့်စမ်း"

 

"သွားမြန်မြန် ကြမ်းသုတ်ဝတ်ယူပြီးသုတ်လိုက်"

 

‌ဇူလီ့မေမေရဲ့ ဆူငေါက်သံတွေ သူမ သိပ်မကြားနိုင်တော့ပါ။ အခြေအနေပေးသည်နဲ့ နောက်ဖေးသာပြေးလာခဲ့၏။ စားပွဲမှနေ၍ နောက်ဖေးထိကို ထိုမိန်းမဟာ သူမစိတ်ထဲပါလာခဲ့သည်။

 

မာယာတွေ။

 

အိမ်နောက်ကရေကန်မှာ ကြမ်းပေါ်သုတ်ထားသည့် အဝတ်စုတ်ကိုချပြီး ဇူလီ့အတွေးတွေဟာ တောင်ရောက်မြောက်ရောက်။ ထိုတောင်မြောက်ရောက်နေသည့် အတွေးများရဲ့ပိုင်ရှင်ဟာ စိမ်းလဲ့ညို မည်သည့် မိန်းမ။  အဲ့မိန်းမကြီးမပြန်ခင် သူမကိုလှည့်ကာပြောသွားသည့် 'နောက်လည်းလာခဲ့အုံးမယ်နော်' ဆိုသည့်စကားဟာ သူမနားထဲမှာတဝီဝီ။ အမှု့မဲ့အမှတ်မဲ့ဖြင့် ဟိုဘက်အိမ်ကြည့်မိတော့ တစ်စုံတစ်ယောက်ရဲ့အရိပ်ကို မတွေ့မိပါ။ ထိုမိန်းမဟာ အိမ်ကနေနှုတ်ဆက်ပြီးထွက်သွားခဲ့ပေမယ့် တစ်ကယ်ထွက်မသွားခဲ့။ သူမ၏ မသိစိတ်တစ်နေရာဆီ တွယ်ကပ်ကျန်နေခဲ့၏။ နွေဦး၏ မူယာများသည့်နူးညံ့မူများကြားမှာ ခပ်အေးအေးလေပြေလေးတစ်ခုဟာ သူမကိုတကူးတကရှာယူပြီး တိုက်ခတ်သွားခဲ့သည်။

 

.............

 

"နင်ကရှက်တတ်လို့နေမှာပေါ့"

 

စတွေ့တွေ့ချင်းလူတစ်ယောက်ကို အများနဲ့မတူ မျက်လုံးချင်းဆုံအောင်မကြည့်ရဲသည်က ဘာကြောင့်လဲ၊ အထူးတလည် သဘောမကျသည့်ခံစားချက်မျိုးရနေသည်က ဘာကြောင့်လဲ ဟု ဇူလီက ရီရီ့ကိုမေးမိခြင်းပါ။ ရီရီကတော့ ထိုသို့သာပြန်ဖြေ၏။

 

"မဟုတ်သေးဘူး။ အဲ့တာဆို နင်တို့နဲ့ကျတော့ရော ငါကဘာလို့အဲ့လိုမဖြစ်တာလဲ"

 

ရှက်လို့ဖြစ်တယ်ပြောရအောင်ကလည်း ဇူလီကအဲ့လောက်ထိဖြစ်နေတာမျိုးမဟုတ်ဘူး။ တစ်ချို့လူတွေကိုသူမမျက်လုံးချင်းဆုံပြီးကြည့်ရဲတယ်။ ထိုမိန်းမလောက်ထိ သဘောမကျသည့်ခံစားချက်မျိုးကိုလည်း အခြားသူကိုမဖြစ်မိ။

 

"ငါတို့က ချစ်မွှေးပါလို့လေ။ နင်ရဲ့မေးခွန်းတွေထဲကလူက ဘယ်သူမှန်းမသိပေမယ့် သေချာပေါက်သူကတော့ ချစ်မွှေးမပါလို့နေမှာပေါ့"

 

ရီရီကတော့ အပျော်အပြက်သဘောပြောပေမယ့် ဇူလီကတော့ ဘာနေနေလက်မခံချင်ပါ။ ချစ်မွှေးမပါဘူးပြောရအောင်ကလည်း တစ်ဖက်လူက စိမ်းလဲ့ညို လေ။

 

"ဒါနဲ့ သူကဘယ်သူလဲ။ နင့်လို တေမိမင်းကို အဲ့လိုဖြစ်အောင်လုပ်တဲ့လူက ဘယ်သူများလဲ"

 

ဒါကိုတော့ ဇူလီမဖြေချင်ပါ။ နောက်များကျ အားနာစရာတွေဖြစ်လာမည်စိုးသည်။

 

"ဒီတိုင်းမေးကြည့်တာ"

 

သူမခေါင်းကိုငုံ့၍ တမလန်းသစ်နှင်းဆီပင်ပေါက်လေးတွေကိုသာ ရေဆက်လောင်းနေလိုက်သည်။ ရီရီကတော့ ဘာမှဆက်မမေးလာတော့ပါ။ သူပြောချင်ရာသာပြောနေတော့၏။

 

တမလန်းသစ်နှင်းဆီဆိုတာ နှင်းဆီပင်တော့မဟုတ်။ အသားကောင်းပြီး ဈေးကောင်းသည့်သစ်တစ်မျိုးသာ။ အာရှစျေးကွက်တွင် မြန်မာ့သစ်ဟာ စျေးအကြီးဆုံးစာရင်းဝင်၏။ ထိုသစ်အမျိုးအစားထဲတွင် တမလန်းသစ်လည်းပါဝင်ပါသည်။ ဈေးကောင်းတာကြောင့် ပြည်ပဘက်မှောင်ခိုသွင်းသည့်လူတွေလည်း သိပ်များပါသည်။ (ဇူလီ့ဖေဖေဟာ တစ်ခါတစ်လေဆို ထိုသစ်မှောင်ခိုသွင်းသည့်ကိစ္စတွေကြောင့် နေ့ညမနားအလုပ်ရှုပ်တတ်၏။ ဟိုးတောနက်ထဲထိသွားပြီ မှောင်ခိုတွေဖမ်းရတာဟာလည်း မလွယ်လှပါ။ အခန့်မသင့်လျှင် လမ်းမှာ ဘယ်သူလုပ်လို့လုပ်မှန်းမသိဘဲ အသက်ပျောက်သွားတတ်ပါသည်) တမလန်းသစ်ရဲ့90%လောက်ကို ပြည်ပတွင်တွေ့နိုင်ပြီး 20%လောက်ကိုတော့ ပြည်တွင်း၌ တွေ့နိုင်ပါသည်။ တမလန်းကုလားထိုင်၊ တမလန်းစားပွဲ၊ ထိုင်ခုံ၊ ဆွမ်းအုပ် စသည်ဖြင့် အသုံးအဆောင်လေးတွေကို တွေ့နိုင်ပါသည်။ သစ်အရောင်ဟာ သိပ်လှသည်မို့ ဘယ်ပစ္စည်းလုပ်လုပ် သင့်တယ်နေတတ်၏။

 

"ဇူလီ သမီးရေ။ ပြန်ကြရအောင်"

 

ဖေဖေ့ခေါ်သံကြားတော့ ဇူလီဟာ ရီရီ့ကိုနုတ်ဆက်သည်။ ရုံးဆင်းပြီးတာကြာပေမယ့် ဖေဖေဟာအမြဲအလုပ်ကိုပိုလုပ်တတ်သည်မို့ ရုံးဆင်းနောက်ကျတတ်တာသဘာဝပင်။ ညနေစောင်းပြီမို့ အပူချိန်ဟာလည်းနေ့ခင်းကထက် လျော့ပါးလာပါပြီ။ ပါလာသည့်နားကြပ်ကိုထုတ်၍ ကြုံရာသီချင်းကိုဖွင့်ထားသည်။ မြန်မာသီချင်းတွေမပါတာကတော့ သေချာ၏။ မျက်စိတစ်ဆုံးမြင်နေရသည့် တောင်တန်းတွေ လယ်ကွင်းတွေ တောအုပ်တွေဟာတရိပ်ရိပ်။ ဒီဟာတွေဆုံးပြီးလျှင် တမာပင်တန်းကို မကြာခင်ရောက်တော့မည်။ လာနေကြမို့ ဒီလမ်းတွေဇူလီဟာ ရင်းနှီးနေပါပြီ။

 

သူမတို့အိမ်ပြန်ရောက်တော့ နေဟာဝင်လုပြီ။ ချုံတွေပေါသည့်ဘက်မှလာသည့် ပုစဉ်းရင်ကွဲသံတွေကိုလည်း တစ်စတစ်စကြားရနေပြီ။ ဆွဲကူလာသည့်ဖေဖေရဲ့အိတ်တွေကို အခန်းထဲသေချာအရင်ပို့ရ၏။ ပြီးမှမေမေတို့ထိုင်နေသည့် စားပွဲဆီသွားပြီးထိုင်သည်။ ဝန်းထဲမှာထူးဆန်းသည့်ကိစ္စတွေပေါ်လာမှ စကားဝိုင်းကထူးဆန်း၏။ မဟုတ်ရင်တော့ သာမန်အလုပ်သွားအလုပ်ပြန်စကားဝိုင်းလေးပါဘဲ။ မေမေကတော့ သူမတစ်နေ့တာအကြောင်းတစ်ခါတစ်လေ ပြောပြတတ်ပါသည်။

 

ရုတ်တရက်ကြီး ဇူလီ့စိတ်ထဲ ဟိုမိန်းမကြီးမလာပါစေနဲ့ဟု ဆုတောင်းမိသွား၏။ သူမတို့ညနေအိမ်ပြန်နေကျချိန်ဆို ထိုမိန်းမကြီးဟာ ရောက်လာတတ်သည်‌လေ။ ဇူလီဆုတောင်းတွေ ပြည့်တယ်ဘဲပြောရမလား ရေချိုးနားပြီး ညစာစားပြီးကြသည်ထိ ထိုမိန်းမဟာ ရောက်မလာပါ။ ယနေ့များတော့ သူမကို အလွတ်ပေးလိုက်ဟန်တူ၏။ ည၇နာရီကျော်ဘဲရှိသေးသည်မို့ သူမတို့မိသားစုဟာ ဧည့်ခန်းတွင်လူမပျက်ရှိနေကြသည်။

 

ဇူလီ့မေမေ၏ ငယ်ဘဝအကြောင်းများနဲ့ ဖေဖေ၏အလုပ်ကိစ္စအတွေ့အကြုံများဟာ ဘယ်သောအခါမှ ဇူလီ့ကိုငြီးငွေ့သွားအောင် မလုပ်နိုင်ပါ။ မေမေရဲ့ဟာသနှောကာပြောပြတဲ့ငယ်ဘဝအကြောင်းတွေ၊ သမီးအကြီးမို့ဆတ်စလူးခါတဲ့အငယ်တွေကို ဘယ်လိုထိန်းခဲ့ရကြောင်းတွေ၊ ဖေဖေနဲ့ဘယ်လိုတွေ့ပြီးချစ်ကြိုက်ခဲ့ရကြောင်းတွေ ပြီးတော့ ဖေဖေရဲ့ ရိုးမတောတွေထဲကစွန့်စားခန်းတွေဟာ အသစ်ဖြစ်နေဆဲအတိတ်တွေပါဘဲ။

 

ပန်ကာကိုဖွင့်ထားပေမယ့်လည်း လုံလုံလောက်လောက်အအေးဒဏ်ကို သူမတို့ရမနေပါဘူး။ တစ်ခါတစ်ခါ အိမ်ထဲဝင်လာတတ်သည့် လေအေးများကိုရတတ်၏။ ပုစဉ်းရင်ကွဲတွေရဲ့အော်သံဟာ ပိုပြီးဆူလာနေသည်။

 

ဇူလီမေမေဟာ သူ့ယောက်ျား၏ လူပျိုဘဝအရှုပ်ထုတ်များကို ဟာသနှောကာဖောက်သည်ချနေသည်။

 

"နင့်အဖေကို သူ့အစ်ကို၂ယောက်က သွားပြီးခေါ်ပြန်လာရတာလေ"

 

ဖေဖေဟာ အိမ်ရဲ့အငယ်ဆုံးသားပါ။ အငယ်ဆုံးဖြစ်ပြီး အရပ်ရှည်ကာရုပ်သန့်သည့်ဖေဖေဟာ အိမ်ရဲ့မင်းသားလို့တော့ပြော၏။ ဒါ့ကြောင့်ပင် ဖွားဖွားဟာဖေဖေ့ကို စစ်ထဲဝင်ဖို့ခွင့်မပြုခဲ့ဘူးဆိုသည်။ သို့ပေမယ့် ဖေဖေကတော့ အတင်းပင် စစ်သားကြီးသွားလုပ်၏။ အိမ်မှာအခန့်သားနေခဲ့သည့်ဖေဖေဟာ စစ်တပ်ရဲ့တင်းကြပ်သည့်‌လေ့ကျင်မူတွေကို ခံနိုင်ရည်ရှိခဲ့ဟန်မတူ။ ထို့ကြောင့်အိမ်ကလူတွေကို စာရေးပြီးပြန်လာခေါ်ခိုင်းသည်ဆို၏။ ထိုခေတ်က ကားတွေဆိုင်ကယ်တွေဟာ သိပ်ကိုရှားသည့်ခေတ်။ ဖွားဖွားကလည်း ဖေဖေ့ကိုခေါ်ပြန်လာဖို့ အိမ်ကအစ်ကို၂ယောက်ကို ခြေလျင်ခရီးဖြင့် အခေါ်လွတ်လိုက်သည်။ ဖေဖေဟာ ကုတ်ကုတ်ကလေးနဲ့ အစ်ကို၂ယောက်ရဲ့နောက်ကနေလိုက်ပါလာခဲ့သည်ဆို၏။ သို့ပေမယ့် လမ်းတစ်ဝက်မှာဘာစိတ်ကူးပေါက်သည်မသိ ဇူလီဖေဖေဟာ ခြုံပုတ်တစ်ခုနောက်ဝင်ပုန်းပြီး အစ်ကိုတွေမသိအောင် စစ်တပ်ကိုပြန်ပြေးသွားခဲ့သည်တဲ့။ ဖေဖေဟာနဂိုအသံတိတ်သည့်လူမို့ ရှေ့ကအစ်ကို၂ယောက်ဟာ ဘာသံသယမှမဝင်ခဲ့ကြဘဲ နောက်ကနေလိုက်ပါလာသည်ဘဲထင်ခဲ့ကြတာတဲ့လေ။

 

မေမေဟာ ထိုအကြောင်းတွေပြောပြီး တဟားဟားရယ်သည်။ ယောက်ျားဖြစ်သူကို မေမေဟာ ဘာကြောင့်ပြန်ပြေးရသနည်း ဟူသောမေးခွန်းမျိုး တစ်ခါမျှမမေးခဲ့ဖူးပါ။ ဇူလီဖေဖေကိုယ်တိုင်ကလည်း ပြောပြခဲ့ခြင်းမရှိ။ ဇူလီဖေဖေဟာ စစ်တပ်မှာတာဝန်ထမ်းပြီးမှ သစ်တောဝန်ကြီးဌာနဘက် လိုင်းပြောင်းခဲ့တာပင်။ စစ်သားဘဝ တောထဲအစာရေစာငတ်ပြတ်စဉ် အသီးအရွက်တွေကဘဲ ဖေဖေ့ကိုအသက်ဆက်ပေးခဲ့သည်။ ဖေဖေဟာ ကျည်ဆံတွေကြားမှာ အသက်ဆက်ရှင်ဖို့ သစ်ပင်တွေကိုအကာအကွယ်ယူခဲ့ရသည်။ ယမ်းမှုန့်တွေ မီးခိုးတွေကြားအသက်ရှုရခက်ပြီးမသေအောင် သစ်ရွက်တွေ၊ စမ်းရေကလေးတွေကိုအားထားခဲ့ရသည်တဲ့။ (သစ်ရွက်နဲ့ရေက အဆိပ် မီးခိုး တွေစုပ်ပေးပြီး လေကိုသန့်ရှင်းစေပါတယ်)။ အပင်တွေက လူတွေကိုဘာတွေလုပ်ပေးနိုင်သည်ကို ဖေဖေဟာ ထိုအချိန်မှာသဘောပေါက်ခဲ့သည်။ အပင်တွေလူသားတွေကိုအလုပ်အကျွေးပြုသလို ဖေဖေဟာလည်းအပင်တွေကိုပြန်ပြီးအလုပ်အကျွေးပြုချင်ခဲ့၏။ ထို့ကြောင့် ဒီအလုပ်ကိုသူရွေးသည်။ သူ့လက်ဖြင့်ရှင်သန်နိုင်သည့်အပင်များကို ရှင်သန်နိုင်သမျှထိသူစိုက်သည်။ သူ့ပတ်ဝန်းကျင်ကို အစိမ်းဖြင့်ခြယ်သည်။ ဇူလီဖေဖေဟာ ပန်းများကို ပတ်ဝန်းကျင်သို့ဝေငှတတ်သည့် နှလုံးသားနူးညံ့သည့်ယောက်ျားကြီးတစ်ဦးဖြစ်၏။

 

အပင်တွေဟာ လူသားတွေမရှိလည်း ဆက်လက်ရှင်သန်နေမှာပေမဲ့ လူသားတွေကတော့ အပင်မရှိဘဲဆက်လက်ရှင်သန်ဖို့ဟာ မဖြစ်နိုင်ပါ။

 

..........

 

မနက်၄ခွဲမှာ ဇူလီဟာ အိပ်ယာထသည်။ မေမေနဲ့ဈေးလိုက်မည်ဟု ပြောထားခဲ့လို့ခပ်စောစောထ၏။ ဈေးသွားပြီး ဟင်းစိမ်းဟင်းရွက်တွေသွားဝယ်ကူချင်သည်။ ငါးကင်စားချင်သည်လို့ သူမ ပူဆာထားသည်ကိုး။ မေမေကတော့ သူမကို ဈေးလိုက်လိုလျင် မနက်၅နာရီထဖို့ ဆော်ဩသွား‌ပေမယ့် ပြင်ဖို့ဆင်ဖို့ နာရီဝက်ကြိုပြီးထခြင်းပါ။ ‌ဇူလီတို့ရပ်ကွက်ထိပ်နားမှဈေးဟာ သိပ်မဝေးပေမယ့် ဟင်းအစုံရချင်ရင်တော့ မနက်စောစောထသွားရပါမည်။ 

 

၅နာရီထိုးခါနီးအချိန်ဟာ မနက်ခင်းအလင်းရောင်ရတော့မည့်အချိန်ပါ။ သားအမိနှစ်ယောက် ဈေးခြင်းကိုင်ပြီးထွက်လာကြတော့ လမ်းမှာဟိုဘက်ကခြံပိုင်ရှင်ဦးလေးကြီးကိုတွေ့၏။ မနက်စောစောထပြီး လေ့ကျင့်ခန်းလာလုပ်ပုံ။ ဇူလီတို့သားအမိက ဈေးဘက်အသွား ဦးကျော်မင်းနောင်က ထိုဘက်မှအပြန်။ သူမတို့ကို ပြုံးကာနုတ်ဆက်သွားသေးသည်။ ဇူလီက သူမတို့ကိုကျော်သွားပြီဖြစ်သည့် ထိုဦးလေးကို လှည်ကြည့်လှည်ကြည့်လုပ်နေသည်။ သူ့သမီးဖြစ်သည့် စိမ်းလဲ့ညိုဟာ ထိုဦးလေးနဲ့တူသည့်နေရာ တစ်စက်မျှမရှိပါ။ ပြီးတော့ ဒေါ်မြသိမ့်သိမ့်သူလို့ခေါ်သည့် မိန်းမကြီးနဲ့လည်း တူသည့်နေရာသိပ်မရှိပါ။ ထိုအမျိုးသမီးကကွက်ပြီး ထင်းထွက်နေခဲ့တာပင်။  သူမမေမေပြောသည့် ဘယ်ဘဝကုသိုလ်တွေမှန်းမသိရဲ့အကျိုးတွေကြောင့်လား။

 

"မနွေးသမီးက အရပ်ရှည်တယ်နော်"

 

ငါးခြောက်တွေရောင်းနေသည့်အန်တီကြီးက မေမေ့ကိုတစ်လှည့် ဇူလီကိုတစ်လှည့်ကြည့်ပြီး ပြောလိုက်တာပင်။  ဇူလီကတော့ ဈေးခြင်းကိုကိုင်ကာ တိတ်ဆိတ်နေ၏။

 

"ဟုတ်တယ် သူ့အဖေနဲ့သွားတူတာလေ"

 

ဇူလီရဲ့အရပ်အမောင်းဟာ ဖေဖေနဲ့တူလို့ရှည်၏။ မျက်နှာပေါက်ကတော့ မေမေနဲ့တူတယ်လို့ပြောကြတာများသည်။

 

"နောက်လည်းလာအားပေးအုံး။ ပိုထည့်ပေးလိုက်တယ် ဒီမှာ"

 

ထိုအန်တီကြီးဟာ အသားပါသည့်ငါးခြောက်နီနီကြီးကို ၂မြောင်းမျှကိုင်ပြီး အိတ်ထဲထည့်လိုက်သည်။

 

ငါးဈေးတန်းဘက်အရောက်မှာတော့ ဇူလီဟာအော့အန်ချင်သည့်စိတ်တွေ ဖြစ်လာသည်။ ငါးတွေရဲ့အနံ့ဟာ အရမ်းပြင်း၏။ လည်နားကအင်္ကျီစကိုနှာခေါင်းထိဆွဲပြီး ပိတ်ပေမယ့်လည်း အနံ့ဆိုးတွေကရနေတုန်းပင်။ သူမမေမေက ကုန်စိမ်းတန်းဘက်နေခဲ့ဖို့ပြောပေမယ့် ဇူလီကတော့ ဘယ်လောက်အနံဆိုးဆိုး မိခင်နောက်သာလိုက်ချင်သည်။

 

၃ကောင်ယူ တစ်ကောင်လက်ဆောင်ပေးမယ် အစ်မ။ ဟိုဘက်ခြင်းထဲကအကောင်တွေထဲ ကြိုက်ရာတစ်ကောင်ရွေးလိုက်လေ”

 

သူမမေမေရွေးပေးသည့်ငါးတွေကို အန်တီကြီးတစ်ယောက်ဟာ သံဘရပ်ကြီးဖြင့် ကြေးခွံတွေအားရပါးရခြစ်နေသည်။ လုပ်တာကြာပြီမို့ အကျွမ်းတဝင်ရှိနေဟန်လည်းတူ၏။ ငါးတွေကို အိတ်ဖြင့်ထုတ်ကာ ပေးတော့ မေမေကပိုက်ဆံရှင်းနေသည်မို့ ဇူလီကယူရသည်။ လက်ဖျားကလေးဖြင့် အိတ်ပေါက်ကိုအသာထိုးကာယူတော့ ထိုအန်တီကြီးဟာ သူမကိုကြည့်လာ၏။

 

အိမ်ပြန်သည့်လမ်းမှာတော့ မေမေဟာသူမကို နောက်များကျလိုက်မလာဖို့နဲ့ သူမကိုစိတ်ကုန်ကြောင်း တဖွဖွပြောလာခဲ့တာပင်။

 

……

 

"ဟိုဘက်အိမ်ကိုတစ်ကောင်သွားပို့ပေးအုံး"

 

ငါးကင်မှရသည့်အနံ့မွှေးမွှေးကြောင့် စိတ်ချမ်းသာနေသည်ကို သူမမေမေမှဖျက်စီးပြစ်လိုက်တာပင်။ သူမတို့သွားမပို့လည်း ထိုအိမ်ဟာအစားဆင်းရဲမသွားပါဘူး။

 

"ဘာလို့လဲ။ သူတို့ကဝယ်မစားနိုင်လို့လား"

 

စကားအဆုံးမှာတော့ ဇူလီဟာလက်ဝါးစာမိသွားသည်။

 

"အမြဲဘုကလန့်နဲ့။ သွားပို့ဆိုပို့လိုက်"

 

လူမူရေးခေါင်းပါးသည်ဘဲပြောပြောပါ ဇူလီကတော့အဲ့အိမ်ဆို အရိပ်တောင်မနင်းချင်။

 

လက်ထဲကငါးကင်ထည့်ထားသည့်ပန်းကန်ကိုကိုင်ပြီး ထိုအိမ်ရဲ့ဝင်ပေါက်ရှေ့မှာ သူမ,ရပ်နေမိသည်။ ခြံစောင့်ဦးလေးကြီးက ဈေးကြီးသည့်အလှပန်းအိုးတွေသယ်ရင်း အလုပ်ရှုပ်နေ၏။ သူမကို ဝင်သွားဆိုသည့်သဘောဖြင့် လက်ပြလိုက်တာကိုမြင်သည်။ တံခါးမကြီးနားကနေ ဧည့်ခန်းအခြေအနေကိုတစ်ချက်ဝေ့ကြည့်သည်။ ဟိုမိန်းမလည်းရှိမနေသလို အခြားလူအရိပ်အယောင်လည်း သူမ,မတွေ့မိပါ။

 

"အန်တီသိမ့်"

 

အသံတိုးတိုးလေးဖြင့် သူမတစ်ချက်အရင်အော်ခေါ်သည်။

 

"ငါးကင်"

 

အိမ်ထဲမှာ ဘယ်သူမျှရှိဟန်မတူပါ။

 

"မေမေတို့ကအပြင်သွားတယ်။ ကျွန်မဘဲရှိပါမယ်နော်"

 

အသံကြားရာဘက်ကြည့်မိတော့ အပေါ်ထပ်လှေကားနားမှာ ရပ်နေသည့် ထိုမိန်းမကိုတွေ့ရပါသည်။ ဇူလီ့စကားသံတွေထွက်မလာပါ။ လက်ထဲက ငါးကင်ပန်းကန်ကြီးကိုသာ မြှောက်ပြလိုက်သည်။ ထိုမိန်းမဆီမှ အပြုံးလေးနဲ့အတူ ဪ ဟူသည့်အသံကိုကြား၏။ ပြီးတော့ လုံချည်အနားစပွတ်တိုက်သံတွေ။

 

တစ်လှမ်းချင်းလှမ်းကာဆင်းလာနေသည့် ထိုမိန်းမရဲ့ခြေဖဝါးနုနုဥဥလေးတွေကို ဇူလီဟာ မငေးဘဲမနေနိုင်။ ကျွန်းတွေရဲ့ပြောင်လက်နေသည့်ရောင်ပြန်တွေကြောင့်လား နဂိုဖွေးသည့်အသားကြောင့်လားတော့မသိ ခြေဖဝါးနီရဲရဲကလေးတွေနဲ့ ခြေဖမိုးနုနုလေးတွေဟာ ပန်းနုရောင်ပန်းပွင့်ကလေးများဖြင့်တူသည်။

 

သူမရှေ့လာရပ်သည့်ထိုမိန်းမဟာ ဇူလီ့မှေးစေ့လေးနားလောက်သာရှိသည်။ အရမ်းကပ်သည်မို့ ဇူလီက နောက်သို့ဆုတ်လိုက်၏။ ထိုမိန်းမနားကနေ ရေမွှေးနံ့သင်းသင်းကလေးကိုရသည်။။ ဈေးကြီးသည့်ရေမွှေးတစ်မျိုးဖြစ်လောက်၏။

 

"ဇူလီတို့အိမ်က စားကောင်းတာတွေအရမ်းစားတဲ့ပုံဘဲ"

 

ထိုမိန်းမရဲ့စကားတွေဟာ ရိသဲ့သဲ့။ သူမကိုစနေပြန်တာများလား။

 

"ဟုတ်ကဲ့"

 

ချွေးတွေဟာ နားထင်တစ်လျောက် စီးကျလာသည်။

 

"ခနထိုင်ပါအုံးလား။ ပန်းကန်ပြားလှယ်ပေးမယ်"

 

ပန်းကန်ကိုသာ ထိုမိန်းမဆွဲယူလိုက်ပေမယ့် သူ့မျက်လုံးတွေဟာ ဇူလီ့အပေါ်ရှိနေတုန်းဘဲ။

 

"မဟုတ်ဘူး နောက်မှလာယူမယ်။ အခုတော့ပြန်ခွင့်ပြုပါအုံး"

 

ထိုမိန်းမနဲ့နှစ်ယောက်တည်းရှိနေတဲ့ဒီအိမ်ကြီးထဲ သူမ,မနေရဲပါ။ လှည့်ကာထွက်ဖို့ပြင်မှ ထိုမိန်းမဟာ သူမလက်ကိုဆွဲလာ၏။

 

"နေပါအုံး။ ဘာလို့အဲ့လောက်အလျင်လိုနေတာလဲ"

 

ထိုမိန်းမမျက်နှာကိုလှည့်ကြည့်တော့ ပြုံးရိပ်တွေမတွေ့ရပါ။ သို့ပေမယ့် သတိတော့ထားရမည်။ ထိုမိန်းမဟာ မာယာများသည်လေ။

 

"နေပူကြီးထဲလာခဲ့ရတာ ခဏထိုင်ပါအုံးလား။ အစ်မ အချိုရည်သွားယူပေးမယ်လေ။ ချွေးတွေလည်းထွက်နေပြီ"

 

ထိုမိန်းမ,တိုက်သည့်အချိုရည်ကို ဇူလီ မသောက်ချင်ပါ။ အိမ်ဘဲပြန်ချင်သည်။ ဇူလီဟာ ခေါင်းခါပြပြီး ငြင်း၏။

 

"ကျွန်မ အချိုရည်တွေသောက်ရတာ တစ်ကယ်မကြိုက်ဘူး အစ်မ "

 

ဇူလီဟာ အချိုရည်တွေသောက်ရတာကို တစ်ကယ်မကြိုက်ပါ။ သူမကပြန်မည်လုပ်တော့ ထိုမိန်းမကပင် သူမလက်ကိုမထိတထိလေးဖြင့်လာဆွဲပြန်၏။

 

"ဒါဆိုလည်း ရေယူပေးမယ်လေ။ ခဏထိုင်ပါအုံးလား "

 

ထိုမိန်းမဟာ သိပ်ခက်သည်။ သူတစ်ပါးကမလိုချင်သည့်အရာကို ဘာလို့အတင်းပေးနေရသနည်း။ 

 

တော်ပါပြီ”

 

ဟင် ”

 

"တစ်ကယ်မသောက်ချင်လို့ပါ အစ်မရယ်"

 

စိတ်အပျက်ပျက်နဲ့ဇူလီ့အသံဟာ အနည်းငယ်မာသွားသည်ထင်သည်။ ထိုမှသာ ထိုမိန်းမရဲ့လက်တွေ အနည်းငယ်ပြေလျှော့သွား၏။

 

"ချွေးတွေထွက်နေလို့ တစ်ကယ်စိတ်ရင်းနဲ့ပြောလိုက်တာပါ ဇူလီရယ် ။ ဘာလို့အဲ့လောက်ထိစိတ်ဆိုးသွားရတာလဲ"

 

စကားအဆုံးမှာ ထိုမိန်းမမျက်နှာဟာ အနည်းငယ်မှိုင်ကျသွား၏။ ဇူလီဟာ လွန်သွားပြီလား။

 

ကျွန်မစိတ်မဆိုးပါဘူး။ တစ်ကယ်မသောက်ချင်လို့ မသောက်ချင်ဘူးပြောနေတာပါ”

 

အဲ့လိုတော့ဘယ်ဖြစ်မလဲကွယ်။ ကိုယ့်အိမ်ထိတကူးတကလာပြီး စားစရာလာပို့ပေးတဲ့လူကို ကိုယ့်ဘက်ကလည်းဧည့်ဝတ်ကျေရမှာပေါ့”

 

ဒါဟာ တစ်ကယ်စိတ်ရင်းလား။ ထိုမိန်းမဆီမှာ သူမအတွက်စိတ်ရင်းဆိုတာမျိုး ရှိမယ်မထင်ပါ။ ဘယ်သူမှလည်း အချိုရည်ကိုအဲ့လိုဆွဲလားရမ်းလားနဲ့မတိုက်ဘူး။

 

ဟင့်အင်း ပြန်တော့မယ်။ လုပ်စရာတွေရှိသေးလို့”

 

သူမ စကားအပိုတွေမပြောချင်ပါ။ သူမရဲ့လက်ကောက်ဝတ်လေးကို ထိုမိန်းမရဲ့လက်ဖဝါးနုနုလေးကြားမှ ဆွဲဖြုတ်ပြီး ခပ်မြန်မြန်ထွက်လာခဲ့၏။ အနောက်မှာထိုမိန်းမဘယ်လိုပုံကျန်နေခဲ့မလဲ သူမ,မသိ။ သိလည်းမသိချင်ပါ။ အခုထပ်သိလာရတာက ထိုမိန်းမဟာ အရမ်းရဲသည်ဆိုတာဘဲ။ အကြည့်လည်းရဲတယ် လက်လည်းရဲတယ်။ ထိုလိုမိန်းမမျိုးကို ယောက်ျားတွေဘယ်စိတ်နဲ့များကြိုက်ကြသလဲ သူမ,မေးချင်မိသည်။

 

"ညနေပန်းကန်လာပြန်ပေးမယ်နော်"

 

သူမပေါက်ဝနားရောက်ခါနီး နောက်ကနေထိုမိန်းမ အော်ပြောသံကိုကြားလိုက်ရသည်။ သူမ လှည့်ကြည့်တော့ အပြုံးတွေဆင်မြန်းထားသည့်မိန်းမကိုမြင်၏။ ထိုမိန်းမရဲ့မကောင်းတဲ့အချက်တွေထဲ မျက်နှာပြောင်တိုက်တတ်တာကိုထည့်ပေါင်းဖို့ သူမ,မေ့သွားသည်။

 

"ခုခေတ်ကလေးတွေများ ပေါင်းရတာလက်ပေါက်ကပ်လိုက်တာနော်"

 

ထိုမိန်းမဟာ ဇူလီရဲ့ကျနေသည့်ချွေးတွေကိုကြည့်ပြီး အချိုရည်လေးဖြစ်ဖြစ် ရေလေးဖြစ်ဖြစ်တိုက်ချင်ခဲ့တာဟာ စိတ်ရင်းအမှန်။ သို့ပေမယ့် တစ်ဖက်လူဟာ ထိုအရာကိုသဘောမကျပါ။ ဇူလီဟာ ရေပြင်လိုတည်ငြိမ်ပြီး အေးချမ်းသည့် မျက်နှာပေါက်ကလေးရှိသည်။ သို့ပေမယ့် ပေါင်းရတာအလွန်ခက်သည်။ ချစ်ဖို့ကတော့ ကောင်းသလို မကောင်းသလိုလိုနဲ့ ဝေခွဲရခက်၏။

 

"မလွယ်ပါလား။ ရင်းနှီးဖို့အများကြီးကြိုးစားရအုံးမယ်ထင်တယ်"

 

ဇူလီကို စာအုပ်တွေအကြောင်းပြောပြဖို့ သူမဟာ အချိန်တွေအများကြီးယူရအုံးမည်ထင်သည်။

 

............

 

ဆက်ရန်