" ရောင်စုံပန်းပွင့်လေးတွေ လေလာတိုင်းမှာ ယိမ်းမယ်...
လေမှာ ရောင်စုံ မွှေးရီ သင်းပျံ့နေစေမယ်နော်
"
ဒီနေ့ကတော့ မနေ့ကနဲ့
မတူဘဲ ကောင်းကင်ပြာပြာမှာ မိုးရိပ်မိုးငွေ့တွေ ကင်းစင်နေတယ် ။ မနေ့ညကလည်း သွန်ချသလို
ရွာလိုက်သေးလို့ ထင်ပါရဲ့ ။
" ရောင်စုံ မိုးတိမ်လေးတွေ အပြာရောင် ကောင်းကင်ထဲမှာ
...
နေရာယူလာ ညနေ လှပနေမယ်လေ ... "
မနေ့က ထုတ်ထားတဲ့
ကင်မရာကလည်း lens ကိုပဲ ဖြစ်သလို ဖုန်သုတ်ပြီး ထုတ်ထားမိတာကြောင့် စိတ်ကြည်ကြည်လင်လင်
ရှိနေတဲ့ ဒီနေ့မှာ brush ကို ကိုင်ရင်း ကင်မရာကို လှည့်ပတ်ကြည့်နေမိတယ် ။
" ကိုယ့်ရဲ့ ဒီစိတ်ကူး… သာယာတဲ့ ကမ္ဘာထဲ လိုနေတာကတော့ ချိုတဲ့ အချစ်တွေပဲ
"
တိတ်ဆိတ်မှုကို
သဘောကျလွန်းတဲ့ ကျွန်မက ဒီတစ်ခါ ဆူညံသံအနည်းငယ်ကိုတော့ စိတ်ထဲ မထားမိပါဘူးတဲ့ ။
အသံပိုင်ရှင်ကို မော့ကြည့်မိတော့ ကဗျာစာအုပ်တွေ တင်ထားတဲ့
စင်ကို ကြက်မွှေးတစ်ချောင်းနဲ့ ဖုန်တွေ ခါနေတဲ့ ကာရန့်ကို တွေ့ရတယ် ။
ကာရန်က သူ့အလုပ်လို့
ထင်ရတဲ့ အရာတွေ အကုန်လုပ်ပြီးသွားရင် ဆိုင်မှာ လာပြီး အချိန်ဖြုန်းလေ့ရှိတယ် ။ စာအုပ်တွေ
စီတာဖြစ်ဖြစ် မော်မော်နဲ့ စကားပြောတာဖြစ်ဖြစ် ဘယ်အရာကမှ
သူ့ကို လေးဖင့်နေစေတာမျိုး မတွေ့ရဘူး ။
ကင်မရာကို
သန့်ရှင်းပြီးသွားတဲ့ အချိန်မှာတော့ ကောက်ကိုင်ရင်း ဟိုချိန် ဒီချိန် လုပ်မိပြန်တယ် ။
ကြည်လင်သွားတဲ့ မှန်ဘီလူးကြောင့် မနေ့ကထက်တော့ ကြည်ကြည်သာသာရှိတာ အမှန်ပဲ ။
ကြက်မွှေးကိုဘေးချပြီး
စာအုပ်တစ်အုပ်ကို ယူဖတ်နေတဲ့ ကာရန့်ရဲ့ ဘေးတစောင်းပုံရိပ်ကို ကင်မရာ လေးထောင့်ကွက်မှာ
ထင်ထင်ရှားရှားတွေ့လိုက်ရတယ် ။ ခလုတ်ကိုတော့ မနှိပ်မိဘူး ။ ဒါပေမယ့် ... ဖြတ်ပြေးသွားတဲ့
ခံစားချက်တစ်ခု ရှိတယ် ။ ဘာပါလိမ့် ။
" စိုက်ကြည့်နေတာပဲ "
လှည့်မကြည့်ဘဲ
ပြောလာတဲ့ စကားသံရဲ့ အဆုံးမှာ ကင်မရာကို ဆက်ခနဲ
အောက်ချလိုက်မိတယ် ။ မထိတ်သာမလန့်သာရှိလိုက်တာ ။
" မကြည့်ပါဘူး ၊ အတွေးလွန်နေလို့ "
အခုထိ ကျွန်မကို
လှည့်မကြည့်သေးပေမယ့် သူက ပြုံးတယ် ။ စာအုပ်ကို စင်ပေါ်ပြန်တင်နေတုန်း ပြတင်းပေါက်က ဝင်လာတဲ့
တိုက်လေသွဲ့သွဲ့က သူ့ရဲ့ ကျောပေါ်က ဆံစတွေကို တွန်းတိုက်သွားကြတယ်။ ကလစ်နဲ့ တစ်လွှာ
ခွဲညှပ်ထားပြီး ခပ်လိမ်လိမ်ရှိနေတဲ့ အဖျားပိုင်းကို လွတ်လွတ်လပ်လပ် ဖြန့်ကျဲထားတာ ။
" အန်တီမော် ပြောဖူးတာကတော့ လရောင်က ကဗျာတွေ ဖတ်ရတာတွေ
ကြိုက်တယ်တဲ့ "
" ကိုယ့်ဟာကိုယ် ဘာကြိုက်လို့ ကြိုက်မှန်းတောင် မသိတော့ဘူး "
ရယ်သံတစ်ချို့
ထွက်ကျလာတော့ ကျွန်မလည်း ဆက်တည်မနေနိုင်တော့ဘူး ။
ဒီရယ်သံတွေက သူနဲ့ ရှိနေမှ ထွက်လာရတာကိုလည်း တကယ် အံ့ဩတယ် ။
" ပြန်ရှာကြည့်ပေါ့ ၊ အခန့်မသင့်ရင် ကဗျာထက် ပိုကြိုက်ရတဲ့
အမျိုးအစားတွေ ရှိလာနိုင်တယ်
"
လခမပေးရတဲ့
အလုပ်သမားနှစ်ယောက် စကားဖောင်ဖွဲ့နေတာကို ကြည့်နေတဲ့ မော်မော်
ပြုံးနေခဲ့တာကိုတော့ နှစ်ယောက်လုံး မသိလိုက်ဘူး ။
" လရောင် ကဗျာကို ဒီမှာ ထားရမှာလေ "
" မဟုတ်ဘူး ဒီမှာ ထားသင့်တယ် ၊ ကဗျာဆိုတာ စာပေရဲ့
standard တစ်ခုပဲ ။ အဲဒါကြောင့် မြင်လိုက်တာနဲ့ မြင့်တယ်လို့ ထင်ရတဲ့
နေရာမှာ ထားရမှာ
"
" ဒါပေမယ့် အဲဒါက ကလေးတွေအတွက် ပုံပြင်စာအုပ်တွေ တင်မှာလေ "
" တခြားမှာ ရှာခိုင်းလိုက် "
ကာရန်က ကျွန်မကို
အူကြောင်ကြောင်ကလေး ပြန်ကြည့်လာတယ် ။ ပြီးမှ ဟက်ခနဲ ရယ်ချတယ် ။ လေပြေတွေ တိုးဝှေ့လာသလိုပဲ ။
ကျွန်မရဲ့ စိတ်လိုလက်ရ ရယ်ချလိုက်နိုင်တဲ့ ဒေသပဲ ။
ညနေပိုင်းမှာတော့
စကားများလှတဲ့ ကာရန်လည်း မောသွားလို့ ထင်ပါရဲ့ ၊ စကားသံ သိပ်ထွက်မလာတော့ဘဲ စာအုပ်တွေကို
သပ်သပ်ရပ်ရပ် ပြန်စီနေတယ် ။
" ဘာတွေ ထည့်နေတာလဲ "
ကာရန်က
အငှားစာအုပ်တွေရဲ့ ကြားထဲကို ကြယ်ပန်းခက်ကလေးတွေ ညှပ်ထည့်နေကြောင်း
ပြတယ် ။
" နောက်ထပ် ဖတ်မယ့်လူအတွက် suprise"
ကျွန်မ ယူဖတ်ဖူးတဲ့
စာအုပ်တစ်ချို့ ကြားက ကြယ်ပန်းတွေက သူ့ရဲ့ လက်ရာတွေပဲ ။
" အန်တီမော် သား မှာထားတဲ့ စာအုပ် ရပြီလား "
" ဟော ပါလာပါတယ်တဲ့ကွယ် ၊ အဲ့မယ် မင့်အစ်မကို မေး "
ကျောပိုးအိတ်
အပြာရောင်လေးကို လွယ်ရင်း ဆိုင်ထဲ ဝင်လာတဲ့ ကောင်လေးက ကာရန်ထိုင်နေတဲ့ အနားကို ရောက်သွားတယ် ။
" ရပြီလား
"
" မင်း စာအုပ်ကို တော်တော်ရှာခဲ့ရတာနော် ၊
ရှာခ "
ကောင်လေးက
နှုတ်ခမ်းကို ဆူရင်း လွယ်အိတ်ရဲ့ ဘေးအိတ်ထဲကနေ သကြားလုံး
တစ်လုံးထုတ်လို့ လက်ဖြန့်ထားရဲ့ ကာရန့်ရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ် ။
" တစ်လုံးတည်းလား "
" မမတို့က အမြဲ အဲ့လိုပဲ ၊ အကူအညီလေး တစ်ခုလောက်တောင်းမိရင် ပြန်တောင်းလို့ကို
မပြီးတော့ဘူး "
သကြားလုံးလေး
တစ်လုံးပေးပြီး စကားတွေ ကြီးကြီးကျယ်ကျယ်ပြောလာတဲ့ ကောင်လေးကို
ကြည့်ရင်း မျက်မှောင်ကျုံ့လိုက်မိတယ် ။ သကြားလုံး နောက်တစ်လုံးကို
ထပ်ထုတ်ပေးလိုက်တော့ သူက ပြုံးတယ် ။
" ဒီမှာ မင်းစာအုပ် "
ကောင်လေးက စာအုပ်ကို
ယူပြီး မော်မော့်ဆီမှာ စာအုပ်သွားမှတ်နေတာကို တွေ့ရတယ်
။
" ရော့
"
ကျွန်မရဲ့ ရှေ့ကို
ရောက်လာတာကတော့ ကောင်လေးပေးသွားတဲ့ သကြားလုံးနှစ်လုံးထဲက တစ်လုံး ။
" လရောင်အတွက်ပါ တောင်းပေးထားတာလေ ၊ မနေ့က လရောင်လည်း
ပင်ပန်းသွားလို့ "
အဖိုးအခကြီးကြီးမားမားကို
လက်ခံပြီး အင်္ကျီအိတ်ထဲ ထိုးထည့်လိုက်တယ် ။ မဆုံးသေးတဲ့ သီချင်းကို ခပ်တိုးတိုး
ဆက်ညည်းရင်း စာအုပ်စင်ဘက်ကို ပြန်ရောက်သွားတယ် ။
ကျွန်မရဲ့
အင်္ကျီအိတ်ကပ်ထဲမှာ သူပေးခဲ့တဲ့ သကြားလုံး တစ်လုံးရှိပြီး
ကျွန်မရှေ့က စားပွဲပေါ်မှာတော့ သူဖျော်ပေးခဲ့တဲ့ လက်ဖက်ရည်တစ်ခွက်ရှိတယ် ။
လက်ဖက်ရည်ကို မကြိုက်တတ်တာကြောင့် မထိဖို့ ဆုံးဖြတ်ပြီးခါမှ စေတနာကို
အသိအမှတ်ပြုပေးဖို့ ခွက်ကို
ကိုင်ပြီး တစ်ငုံမော့လိုက်တယ် ။ ချိုစိမ့်စိမ့်အရသာက လျှာဖျားပေါ်
အရင်ရောက်ရှိလာပြီး မကြာခင်မှာပဲ ခါးသက်သက်အရသာကို ခံစားလိုက်မိတယ် ။
" လရောင် မနက်ဖြန် တနင်္ဂနွေနေ့နော် "
နံရံက ပြက္ခဒိန်ကို
လှမ်းကြည့်လိုက်တော့ သူပြောတာ မမှားကြောင်း တွေ့ရတယ် ။
" စောစောထပါလား "
" စိတ်မဝင်စားဘူး "
ကျွန်မရဲ့ လိုတိုရှင်း
အဖြေကို သူက သဘောမကျသလို မျက်မှောင်တွေကျုံ့ပြီး လှည့်ကြည့်တယ် ။
" လာနှိုးမယ်
"
" လော့ချထားမှာ "
" အန်တီမော့်ဆီမှာ သော့ရှိတယ် "
" သော့ပါ ယူထားမှာ "
" ပြတင်းပေါက်ကနေ တံခါးလာခေါက်မယ် "
" ကာရန်ချို
"
" အဲဒါဆို မနက်ဖြန် စောစော လာမယ်လို့ သတ်မှတ်လိုက်ပြီနော် ၊
သွားစရာရှိတယ် အတူသွားကြမယ်
"
" အန်တီမော် ကာရန် သွားဦးမယ် ၊ ရာအိမ်မှူးအိမ်က မီးလုံးမှာထားတာ
သွားမပို့ရသေးဘူး "
" သွားပါရှင် ၊ စက်ဘီးကို အရင်စစ်ဦး "
" ကာရန်သွားလိုက်ဦးမယ်နော် အမိ "
" ကြွ
"
ခိုးခိုးခစ်ခစ်ရယ်မောရင်း
ဆိုင်ထဲက ထွက်သွားမှ ကျွန်မလည်း ရယ်လိုက်မိတယ် ။ နောက်ကျောဆီက အငွေ့အသက်တွေကို
မြင်လိုက်ရတယ် ။ ပန်းရနံ့တွေလိုမျိုး နေရောင်ခြည်လိုမျိုး ။ ပေါ့ပေါ့ပါးပါးနဲ့ လှပနေတယ်လို့လည်း
ထင်ရတယ် ။
ကင်မရာကို
ကောက်ကိုင်မိတော့ ကျောပြင်ခပ်ပြေပြေပေါ်ကနေ ဝေ့ဝဲကျနေတဲ့
ဆံနွယ်တွေနဲ့အတူ ထင်ထင်ရှားရှားဖြစ်နေတဲ့ ဘေးတစောင်းက မေးရိုးသွယ်သွယ်ကို မြင်ရတယ်
။
ခြံရှေ့မှာ စက်ဘီးပေါ်ကနေ
မြေပြင်ပေါ်ကို ခြေထောက်တစ်ဖက်နဲ့ လှမ်းထောက်ထားရင်း ဖျက်ခနဲ လှည့်ကြည့်တယ် ။ အလန့်တကြားနဲ့
ကင်မရာခလုတ်ကို ယောင်ယမ်းလို့ ဖိနှိပ်မိပြီးမှ ကင်မရာကို အောက်ပြန်ချလိုက်မိတယ် ။
မျက်လုံးတစ်ဖက်ကို
ဖျက်ခနဲ မှိတ်ပြသွားတော့ ကျွန်မ မျက်လုံးတွေကို တစ်စက္ကန့်အတွင်း ဘယ်နှကြိမ်မြောက်မှန်း
မသိလောက်အောင် အဖွင့်အပိတ်လုပ်မိသွားတယ် ။
ဒီကမ္ဘာရဲ့ ငြိမ်သက်
လှပမှုတွေ ပြန်ပြီး အသက်ဝင်လာသလို ။ ဒိတ်ခနဲ ဖြစ်သွားတဲ့ နားထင်က သွေးခုန်နှုန်းကြောင့်
နားရွက်ဖျားတွေပါ ပူငွေ့ငွေ့ကလေး ဖြစ်လာရတယ် ။ နားထင်ဆီက သွေးခုန်နှုန်းမဟုတ်ဘူးဆိုတာကိုတော့
လက်တင်လိုက်မိတဲ့ ရင်ဘတ်ဆီက အသံတွေက ပြောပြနေခဲ့တာ ။
အင်္ကျီအိတ်ကပ်ထဲက
ထွက်လာတဲ့ သကြားလုံးကို ခပ်ကြောင်ကြောင်လေး ငေးနေရင်းနဲ့
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ရမလားလို့ တွေးမိတယ် ။
ထပ်ဖြစ်လိုက်ရင်
ဘယ်လောက်အထိ ပြန်နာကျင်ရမယ်မှန်း မသိရတဲ့ ခံစားချက်တွေဖြစ်တာကြောင့် ကျွန်မ တကယ်ကို
ကြောက်ရပါတယ် ။
-
မနက်ခင်းတွေ အစောကြီး
ထရတာမျိုးကို တကယ်သဘောမကျတဲ့ ကျွန်မကို တစ်ညလုံးအိပ်မရအောင် လုပ်နိုင်တဲ့ အတွေးတွေကို
ဖြစ်နိုင်ရင် ဓားနဲ့ နုတ်နုတ်စင်းပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ချင်တယ် ။
အစောကြီး ထတာမျိုးလည်း
မဟုတ်ပါဘဲ ရှင်းရှင်းပြောရရင် တစ်ညလုံးကို မအိပ်ရသေးတာ ။ ကာရန်ချိုက တကယ်ကို ဆိုးတာပါ ။
" ညောင် အစောကြီး နိုးနေပါလား ၊ ကာရန့်ဆီ သွားမလို့လား "
" အာ မဟုတ်ပါဘူး မော်မော်ကလည်း ၊ သမီး လမ်းလျှောက်မလို့ ဟိုနားဒီနား "
" ဪ အဲ့လို
"
မော်မော့်ရဲ့ မယုံသလို
လေသံကို တော်တော် သဘောမကျပေမယ့် မတတ်နိုင်ဘူး ၊ ဟန်ကိုယ့်ဖို့တော့ ရှိရမှာပေါ့ ။
" ညောင် ဆိုင်စောင့်ပေးလို့ရတယ်မလား "
ခေါင်းငြိမ့်ပြလိုက်ပြီး
နံရံမှာချိတ်ထားတဲ့ ဆိုင်သော့ကို ဖြုတ်ယူလိုက်တယ် ။ မော်မော်က တနင်္ဂနွေနေ့တိုင်း သူ့ရဲ့
တနင်္ဂနွေသန့်ရှင်းရေးအသင်းနဲ့အတူ တောင်ပေါ်က ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စတွေ
သွားလုပ်ပေးလေ့ရှိတယ် ။ ကျွန်မကို လိုက်ခဲ့ဖို့ ခေါ်ဖူးပေမယ့်
မနက်အစောကြီး မထချင်လို့ ငြင်းထားခဲ့တာ ။
အင်း အဲ့လိုလူကို
မနက်အစောကြီး ထရအောင် တတ်နိုင်ခဲ့တာက ဘယ်လို ခံစားချက်တွေပါလိမ့် ။
မော်မော်ရော ကျွန်မရော
ခြံတံခါးကို သော့ခတ်ပြီး လမ်းခွဲထွက်လာတဲ့အချိန်က ခြောက်နာရီခွဲခါနီး ။ မြူတွေ
အုပ်ဆိုင်းနေတဲ့ လမ်းကို ကြည့်ရင်း အနွေးထည်ဝတ်မလာမိတာကို နောင်တရသွားတယ် ။ ဒါပေမယ့်လည်း
အလုပ်တစ်ခုကို နှစ်ခါလုပ်ဖို့ ပိုပျင်းတတ်တဲ့ စိတ်ကလေးက အနိုင်ရသွားတော့ အဲဒီအတိုင်းပဲ
ထွက်လာခဲ့လိုက်တယ် ။
ဆိုင်ရှေ့ရောက်တော့
ခြံတံခါးက ဖွင့်ထားပေမယ့် ခြံထဲမှာ ဘယ်သူမှ မရှိဘူး ။ ခြံတံခါးဖွင့်ပြီး
ဘယ်ရောက်သွားပြန်တာပါလဲ ။
ခြံပတ်ပတ်လည်မှာ
စိုက်ထားတဲ့ အပင်အမျိုးအစားတွေ အများကြီး ရှိတဲ့အထဲက အပွင့်မပွင့်သေးတဲ့
ကိုးနာရီပန်းလေးတွေအနားကို ရောက်လာတယ် ။ နေလည်း လင်းလင်းချင်းချင်း
မထွက်သေးတာကြောင့် ပန်းအဖူးလေးတွေက အိပ်လို့ကောင်းတုန်းပဲ နေမှာ ။
တကယ်ဆို ကျွန်မလည်း သူတို့လို အိပ်နေရဦးမှာ ။
ပုခုံးပေါ်ရောက်လာတဲ့
ခပ်နွေးနွေး အထိအတွေ့ကြောင့် ဆက်ခနဲ လှည့်ကြည့်မိတော့ ကာရန့်ကို တွေ့ရတယ် ။ သူ့ရဲ့
အနွေးထည်ကို ကျွန်မရဲ့ ပုခုံးပေါ် တင်ပေးနေတာ ။
" ပြင်ဦးလွင်ဆောင်းကို ရန်ကုန်ဆောင်းလိုများ ထင်နေလေသလား
အမိက "
" အဲ့လောက်လည်း မအေးပါဘူး "
" ခံစားချက်မရှိသလို ဟန်ဆောင်တဲ့နေရာမှာတော့ အမိက
အတော်ဆုံးပဲ "
" ကာရန်ကသာ သေးသေးလေးကအစ လိုက်ခံစားပေးနေတာ မဟုတ်ဘူးလား "
" အ ...
"
" ဟင် ကာရန် ဘာဖြစ်တာလဲ "
ရင်ဘတ်ကို ဖိပြီး
ခန္ဓာကိုယ်ကို ငုံ့လိုက်တော့ ကျွန်မကိုယ်တိုင်တောင် ထိတ်ထိတ်ပြာပြာဖြစ်သွားရတယ် ။
" သူများ ခံစားချက်ကို လာထိခိုက်နေတာကို "
မျက်စောင်းတစ်ချက်ထိုးပြီး
ပုခုံးပေါ်က သူ့ရဲ့ အနွေးထည်ကို လက်ထိုးထည့်ပြီး သေချာဝတ်လိုက်တယ် ။
" လာ
"
" ဘယ်လဲ
"
" ရောက်ရင် သိမှာပေါ့ "
ကာရန်ချိုရဲ့ နောက်ကနေ
အရပ်ရှည်ရှည် မျက်နှာသွယ်သွယ်နဲ့ လူတကာ လည်ပြန်ငေးရလောက်အောင် လှပြီး ယက်ကန်ယက်ကန်နဲ့
ပါလာတဲ့ မိန်းကလေးဆိုရင် ကျွန်မပါပဲ ။
ပြင်ဦးလွင်ရဲ့
မနက်ခင်းက ကျွန်မ မျှော်မှန်းထားတာထက်တောင် ပိုပြီး လှပနေသေးတာ ။
နေရောင် ခပ်စစရဲ့ အောက်မှာ မနက်စောစော လုပ်ငန်းခွင်ဝင်ကြတဲ့လူတွေနဲ့ လေ့ကျင့်ခန်းလုပ်ကြတဲ့
လူကြီးပိုင်းတစ်ချို့ကိုလည်း တွေ့ရတယ် ။
" ကြီးနွဲ့ နန်းကြီးသုပ်နှစ်ပွဲ ၊ တစ်ပွဲက နံနံပင်မထည့်ဘူး
အစပ်လျှော့မယ် ။ ဟင်းချိုထဲ ငရုပ်ကောင်းမထည့်ဘူး "
အိမ်ရှေ့လေးမှာပဲ
စားပွဲခုံလေးတွေ ချထားတဲ့ အိမ်ဆိုင်လေးထဲကနေ ခက်ခက်ခဲခဲ
နေရာရှာလိုက်ပြီး သူကတော့ စားစရာတွေကို တရင်းတနှီးပဲ မှာယူနေတယ် ။ ဆိုင်မှာ ထိုင်နေတဲ့
လူတွေက သူ့ကို တွေ့တော့ စလားနောက်လားနဲ့ နှုတ်ဆက်ကြတာကိုလည်း တွေ့ရတယ် ။ တစ်ရပ်ကွက်လုံးမှာ
သူမသိတဲ့လူများ ရှိပါဦးမလား ။
" အမိကို ဒီက နန်းကြီးသုပ် ကျွေးချင်လို့ စောစော
ထခိုင်းရတာ ၊ ဒီဆိုင်က ၇ နာရီလောက်ဆို ကုန်ပြီ "
" ပါဆယ်ဝယ်ထားပေးရင် ရတာကို "
" မတူဘူးလေကွယ် ၊ စားကြည့်ပါ ဘာမတူလဲဆိုတာ သိသွားလိမ့်မယ် "
ခဏကြာတော့
စားပွဲပေါ်ကို နန်းကြီးသုပ်ပန်းကန်နှစ်ချပ် ရောက်လာတယ် ။
အပြင်အဆင်ကအစ ရန်ကုန်ကနဲ့ မတူဘူးဆိုတာကိုတော့ ဒီကိုရောက်ကတာက သတိထားမိခဲ့တာ ။
" အမိ
"
" ပြော
"
" ရုက္ခဗေဒဥယျာဉ် ရောက်ဖူးလား "
သူ့ကို မော့မကြည့်ဘဲ
ခေါင်းခါပြလိုက်တယ် ။ အစားကောင်း စားနေရတဲ့အချိန်မှာတော့ ကျွန်မ တစ်လောကလုံးကို
ကြည်ကြည်လင်လင်လေး ကြည့်နိုင်ပါတယ် ။
" သွားရအောင်
"
" မသွားချင်ဘူး "
" အမိလုပ်ချင်တာ ဘာရှိလဲ "
" ဘာမှ မရှိဘူး "
တိတ်ဆိတ်သွားတဲ့
အခြေအနေကြောင့် စားနေတာကို ရပ်ပြီး မော့ကြည့်မိတော့ သူက ကျွန်မကို ပြုံးရင်း ကြည့်နေတယ် ။
" ဘာကြည့်တာ
"
" အမိက တကယ် ကလေးလေးပဲ "
" ဘာပြောတယ်
"
" သဘက်ခါလောက် သွားကြမလား ၊ ပိတ်ရက်ဆို လူများတယ် ၊
ကြားရက်ကျ လူရှင်းတော့ နားအေးပါးအေး နေလို့ရတာပေါ့ "
" သွားမယ်လို့ မပြောမိဘူးနော် "
" ကင်မရာယူခဲ့ဦး "
" မဟုတ်သေးပါဘူး ၊ ဘာလို့ ဆုံးဖြတ်ချက်ကို တစ်ယောက်တည်း
ချနေရတာလဲ "
" လူတစ်ယောက်ကို ညှိယူဖို့ စောင့်ဆိုင်းနေရင်းနဲ့ လုပ်ချင်တာလေး
မလုပ်ဖြစ်ရင် နေရတာ တန်ပါ့မလား
"
" ဒါပေမယ့်လည်း ကျွန်မကို ခေါ်ချင်တာဆိုရင် ကျွန်မရဲ့သဘောကို
အရင် မေးရဦးမှာပေါ့ "
" ကာရန် သိပြီးနေပြီလေ အမိရဲ့ သဘောကို "
ဟင်းချိုပူပူကို
ခပ်သောက်နေတဲ့ သူ့ကို ကြည့်ရင်း ဟင်းချိုပန်းကန်ထဲ ခေါင်းနှစ်ချချင်လောက်တဲ့အထိ စိတ်ဆန္ဒတွေ
ပြင်းပြလာတယ် ။
" ကျွန်မ မလိုက်ချင်တာလည်း ဖြစ်နိုင်တာပဲလေ "
" အမိသာ မလိုက်ချင်ရင် ဒီနေ့ မနက်လည်း ကာရန့်ဆီကို အစောကြီး
ထလာမှာ မဟုတ်ဘူးလေ "
ကျွန်မ ပန်းကန်ထဲက
နန်းကြီးသုပ်ကလည်း ကုန်သွားပြီ ။ ရေခွက်နဲ့ပဲ ထခေါက်လိုက်ရမလား ။ မဟုတ်သေးဘူး ၊
တဖြေးဖြေးနဲ့ အမြင်ကပ်စရာ ကောင်းလာလိုက်တာ ။
" အမိ
"
" ဘာဖြစ်နေတာလဲ ! "
ကျွန်မ
စိတ်ပေါက်ပေါက်နဲ့ အော်လိုက်မိတော့ သူက တခစ်ခစ်နဲ့ ထရယ်တယ် ။
ကလေးလေးတွေ ရယ်နေသလို ဖြူဖြူစင်စင်ဖြစ်လွန်းတယ် ။
" အမိက ကာရန် အမိလို့ခေါ်ရင် မကြိုက်ဘူးလေ "
" သိရဲ့သားနဲ့ ဘာလို့ လာခေါ်နေသေးလဲ "
" အမိ စိတ်တိုတဲ့ ပုံလေးက ချစ်စရာလေးမို့လို့ "
ဘယ်ဘက်ရင်အုံဆီက
ဒိတ်ခနဲ တစ်ချက် ... ပြီးတော့ နောက်တစ်ချက် ... နောက်ထပ် တစ်ချက် ။
သူကတော့ ကျွန်မကို
စနောက်ပြီး ပိုက်ဆံရှင်းဖို့ ထထွက်သွားပေမယ့် ရင်ဘတ်ကို မဖိမိအောင် အသက်ကို
ထိန်းရှူနေရတဲ့ ကျွန်မကတော့ မလွယ်လှဘူး ။
မဖြစ်သင့်ပါဘူး
မဖြစ်လောက်ပါဘူး မဖြစ်ရပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် အတန်အတန် သတိပေးနေတဲ့ကြားကနေ ကျွန်မကတော့
သံယောဇဉ် ကြိုး အသစ်တွေကို ချည်နှောင်မိနေပြီ ထင်ပါရဲ့ ။ ဒီသံယောဇဉ်ကြိုးကို
အရောင်မဆိုးမိဖို့တော့ ကျွန်မဘက်က ခက်ခက်ခဲခဲ ထိန်းသိမ်းရတော့မှာပါပဲ ။