နွေးဦးငယ်ငယ် - Episode 3


မျက်နှာပေါ်ကျရောက်လာသည့် အေးစက်စက်အထိအတွေ့များ။ 


အေးတယ်…. ဘာတွေလဲ။ 


"ဇူလီ"


သူမနာမည်ခေါ်သံကြောင့် အလန့်တကြားဖြင့်မျက်လုံးတွေဖွင့်လိုက်၏။ မျက်စိရှေ့မြင်နေရသည်ဟာ မြူတွေဆိုင်းနေသည့် ရေပြင်ကြီး။ ပတ်ပတ်လည်ဟာ မြူတွေနဲ့အတူရေပြင်ကြီးသာရှိ၏။ သူမနာမည်ကို ဘယ်သူခေါ်လိုက်သည်လဲ မသိရပါ။  သူမဘယ်ရောက်နေသည်ဆိုတာကိုပါ မသိရ။ ပြီးတော့ ဒီနေရာမှာ သူမအပြင်မည်သူတွေရှိသေးသနည်း။ လိုက်ကာရှာကြည့်ပေမယ့် မြူခိုးငွေ့များကြောင့် ဇူလီဟာ မည်သည့်အရာကိုမှမြင်ခွင့်မရ။ ပြီးတော့ ဒီနေရာမှာ သူမသာရှိကြောင်းနဲ့ ဒါဟာလည်းအိမ်မက်ဖြစ်နိုင်ကြောင်း ဇူလီသိလိုက်ပါပြီ။ 


သူမ ရောက်နေသည့်နေရာဟာ ရေလယ်မှာဖြစ်ထွန်းနေသည့် သဲကုန်းမြင့်လေးတစ်ခု။ ထိုအတိုင်းလေး‌လျှောက်လှမ်းရင်း ဇူလီဟာ သက်ရှိဟူသမျှကို လိုက်ကာရှာကြည့်မိ၏။ အတန်ကြာလျှောက်နေပေမယ့်လည်း သူမဟာ ဘယ်နေရာကိုမှရောက်သွားခဲ့ဟန်မတူ။ မည်သည့်အရာကိုမှလည်း တွေ့ရှိသွားခဲ့ဟန်မတူ။ ဦးတည်ရာမရှိလျှောက်သွားနေရင်းမှာ ရင်းနှီးသည့်မွှေးရနံ့လေးတစ်ခုဟာ လေနဲ့အတူပါလာ၏။ ဒီရနံ့ကို သူမဟာ ရင်းနှီးသည်။ သို့ပေမယ့် သူမအသိထဲ ထိုရနံ့ပိုင်ရှင်ဟာ ရုပ်လုံးပေါ်မလာ။ ဒီနေရာမှာ သူမနဲ့အတူ လူတစ်ယောက်ထပ်ရှိနေသေးသည်ဆိုတဲ့အသိလေးကြောင့် အနည်းငယ်ဝမ်းသာမိသွား၏။ မြူတွေကြားထဲက မသဲမကွဲဖြင့် တဝိုးတဝါးပုံရိပ်လေးဟာ အမျိုးသမီးတစ်ယောက်လို့တော့ထင်၏။ အကူအညီရလိုရငြား ဇူလီဟာထိုပုံရိပ်လေးဆီ ပြေးသွားမိသည်။ ထိုအမျိုးသမီးဟာ ခဲရောင်လှိုင်းလုံချည်နဲ့ အနက်ရောင်င်္အကျီကိုဆင်မြန်းထားပြီး လက်ထဲ၌ ထီးလေးတစ်ချောင်းကိုကိုင်ဆောင်ထားသည်။ ဖြောင့်စင်းနေသည့်ဆံပင်ရှည်ရှည်တွေကိုလည်း ချထား၏။ 


ဇူလီထိုမိန်းမကို ရင်းနှီးတယ်။ 


"အစ်မ" 


ထိုမိန်းမဟာလှည့်လာသည်။


“ဇူလီ” 


လှပလွန်းသည့်မျက်နှာကို မြင်မိသည့်တစ်ခဏမှာတော့ ဇူလီဟာ အိမ်မက်တွေထဲကနေနိုးထလာသည်။


အာခေါင်တစ်ခုလုံးဟာ ခြောက်ကပ်နေပြီး ရေဓာတ်ကိုအင်မတန်မှလိုလားအပ်နေ၏။ 


ဘယ်သူလဲ။ သူ့အိမ်မက်ထဲကအမျိုးသမီးကြီးဟာ ဘယ်သူလဲ။


ထိုမိန်းမရဲ့လှပမှုဟာ ဤကမ္ဘာမှာထပ်မရှိနိုင်တော့သည့် လှပမှုမျိုး။ အများကပြောသည့် အိပ်မက်နတ်သမီးလား ၊လူလားဆိုတာတောင် သူမမှာဝေခွဲမရနိုင်တော့။ သို့ပေမယ့် သူမရဲ့နာမည်ကိုခေါ်လိုက်သည့် ထိုအသံကိုရင်းနှီးသည်။ စဉ်းစားစရာတောင်မလို အဖြေဟာထွက်နှင့်ပြီးသား။ ထိုမိန်းမဟာ သူမ,ဝေခွဲရခက်နေသည့် လူလည်းမဟုတ်သလို နတ်သမီးလည်းမဟုတ်ခဲ့။ သူမရဲ့အိမ်မက်ဆိုးတွေဖြစ်နေခဲ့တာ။ ဟင့်အင်း သူမဒါကိုလက်မခံနိုင်။ ထိုမိန်းမကြီးမဖြစ်ရဘူး။ 


အိမ်မက်တွေဟာ မသိစိတ်ရဲ့စွဲလမ်းမူတွေကြောင့်ဖြစ်ပေါ်လာသည့်အပိုင်းအစလေးတွေပါ။ ဇူလီရဲ့မသိစိတ်တွေထဲမှာ ထိုမိန်းမဟာ မည်မျှလောက်ထိနေရာယူထားသနည်း။ 


ခေါင်းရင်းနားခုံကနေ အရည်ပျော်နေပြီဖြစ်သည့်ရေခဲဘူးကို အလောတကြီးဖွင့်သောက်သည်။ 

ထိုနားလေးတင်ထားသည့် စံပယ်ပန်းကိုသူမ,မြင်၏။ စံပယ်ရနံ့ဖြင့်အိပ်စက်ရသည်ဟာ သူမကိုအိပ်ပျော်မြန်စေလို့ခြံထဲကခူးပြီး ထိုခုံပေါ်တင်ထားခဲ့တာပင်။ သို့ပေမယ့် အိမ်မက်တွေဟာတော့လှပခြင်းမရှိခဲ့။ 


သူမ ခုနလေးတင်မက်ခဲ့သည့်အိမ်မက်ကိုပြန်စဉ်းစားတော့ ထိုအမျိုးသမီးရဲ့မျက်နှာကို ဇူလီဟာ မမှတ်မိတော့။ အရမ်းလှတာကိုတော့သိသည်။ သူမနာမည်ကိုခေါ်လိုက်သည့်အသံကိုလည်း နားထဲသိပ်မမှတ်မိချင်တော့။ သို့ပေမယ့် ဇူလီသိသည် ထိုမိန်းမဟာ ဟိုဘက်အိမ်ကမိန်းမဖြစ်မယ်ဆိုတာကို ဇူလီသိသည်။ မနေ့ကကိစ္စကြောင့် သူမ ဒီအိမ်မက်ကိုမက်တယ်ဆိုတာ နှစ်ခါပြန်တွေးစရာတောင်မလို။ 


သူမရဲ့ခြေလှမ်းတွေဟာ မပိတ်ခဲ့ရသည့်ပြတင်းပေါက်တွေဆီသို့။ တစ်ဖက်ခြံမှအခန်းမီးလေးဟာ လင်းလက်နေခြင်းမရှိတော့ပါ။ ဇူလီကတော့အိပ်ပျက်ညတွေများနေပေမယ့် ထိုမိန်းမကတော့ အိပ်ကောင်းခြင်းတွေဖြင့်အိပ်စက်နေဟန်တူသည်။ ထိုမိန်းမဟာ သူမဖို့ ကြာလေ ပိုပြီးရှောင်ရမည့်လူဖြစ်လာ၏။ 


လူတွေဟာ အိပ်စက်နေစဉ်မြင်မက်လေ့ရှိသည့်အိမ်မက်ပေါ်မူတည်ပြီး အဓိပ္ပာယ်ကောက်လေ့ရှိကြသည်တဲ့။ 

တစ်ကယ်လို့သင်ဟာ အဆုံးအစမရှိတဲ့ပင်လယ်ပြင်ကြီးထဲကို နှစ်မြုပ်သွားတယ်ဆိုရင်ရော ဘယ်လိုအဓိပ္ပာယ်ကောက်ယူမလဲ။ 


နောက်ရက်များကျ ဇူလီဟာ ဘုရားကိုဝတ်ပြုပြီးဘဲအိပ်ရတော့မလား ဒါမှမဟုတ် သူမအိမ်မက်ထဲကိုထပ်မလာတော့ဖို့ ထိုမိန်းမကိုဘဲရှိခိုးပြီးအိပ်ရတော့မလား ဝေခွဲရခက်သွား၏။


.............


ဇူလီဟာ သူမ,တွေးခဲ့ဖူးသည့်ကုက္ကိုလ်ပင်တန်းဘက် အလည်တစ်ခေါက်ရောက်လာခဲ့၏။ ယခင်ကအရိုးပြိုင်းပြိုင်းဖြစ်ခဲ့သည့် ထိုအပင်ဟာ ယခုများတော့ရွက်သစ်ဝေကာ အားအင်ပြည့်ဝလာပြီဖြစ်သည်။ ခရီးသွားတွေနားခိုဖို့လုပ်ထားသည့် အရိပ်ကောင်းသည့်အပင်အောက်မှကွက်ပျစ်မှာ သူမဟာ ထိုင်နေတာအတန်ကြာပါပြီ။ အဝေးပြေးကားလမ်းမကြီးဘေးမို့ အထက်အောက်စုံဆန်သွားနေကြသည့်ကားသံများဖြင့် ဆူညံနေ၏။ သို့ပေမယ့် ဒီမြို့ပြရဲ့သဘာဝအသံတွေကို သူမ သဘောကျသည်။


နေ့ခင်းကတည်းကဇူလီဟာ ထိုနေရာမှာပုံထိုင်ဆွဲနေခဲ့သည်။ ပုံကောင်းကောင်းတစ်ပုံရဖို့ သူမရဲ့စိတ်ဝိဉာဏ်တွေအကုန်လုံးကို ထိုပုံမှာဘဲနှစ်မြုပ်ထား၏။ ဇူလီရဲ့ရွေ့‌လျားနေသည့်လက်တွေဟာ ရပ်တန့်သွားသည့်အဆုံးမှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ပုံဟာ ရုပ်လုံးပေါ်လာသည်။ အိမ်မက်တွေထဲဝင်လာတတ်သည့် အမျိုးသမီးတစ်ယောက်ရဲ့ပုံ။ သို့ပေမယ့် လှပသည့်မျက်လုံး မျက်ခုံးများ မပါဝင်ပါ။ဆံပင်ရှည်ရှည်တွေ လက်သွယ်သွယ်လေးတွေဟာ သူမ,မှတ်မိသမျှအစိတ်အပိုင်းအကုန်။ သူမဟာ မှတ်မိတာကို မမှတ်မိချင်ယောင်များဆောင်နေသည်လား။ ယခုမိန်းမရဲ့နေရာမှာ မျက်ဝန်းနက်နက်တစ်စုံကိုထည့်ဖို့၊ နူတ်ခမ်းနီရဲရဲတစ်စုံကိုထည့်ဖို့ သူမ အဖန်များစွာတွေးကြည့်ခဲ့ဖူးသည်။ သို့ပေမယ့် သူမ,မလုပ်နိုင်ခဲ့။ ထိုမိန်းမရဲ့မျက်ဝန်းနက်နက်တွေကို သူမစိတ်ကူးထဲကနေတောင် ရင်ဆိုင်ဖို့သတ္တိမရှိ။ သူမရဲ့လက်တွေဟာလည်း ချပြီးဆွဲဖို့ကို မစွမ်းသာခဲ့။ ဒီနေ့ညရော ထိုမိန်းမကြီးဟာ သူ့အိမ်မက်ထဲ ထပ်ပြီးပေါ်လာအုံးမည်လား။ ငရဲခွေးကြီး၃ကောင်လိုက်သည့်အိမ်မက်တွေတောင် သူမအတွက်လှပသလိုရှိလာသည်။ ထိုမိန်းမနဲ့၂ယောက်တည်းအတူရှိနေမည့်အိမ်မက်ဟာတော့ အတော့်ကိုဆိုး၏။


သူမ ပုံကိုငေးစိုက်ကြည့်နေတုန်း ကုက္ကိုလ်ရွက်အချို့ဟာ စာအုပ်ပေါ်ကျလာသည်။ သူမ မျှော်လင့်စောင့်စားခဲ့သည့်အချိန်ဟာ ယခုရောက်လို့လာပြီဖြစ်၏။ ခေါင်းမော့ကြည့်တော့ လေနဲ့အတူကြွေဆင်းလာသည့်ရွက်ဝါများကိုမြင်သည်။ လေထုသည် ရွက်ခြောက်များ၏ကြွေကျသံများဖြင့်ပြည့်နှက်နေ၏။ နှလုံးသားဟာ ပန်းမျာလိုပွင့်လန်းလာသည်။ လှလိုက်သည့်မြင်ကွင်း။ အညာနွေဟာ မည်မျှပူပြင်းပြီး မည်မျှလည်း လှပကြောင်း ခံစားဖူးသူအချို့သာသိပါလိမ့်မည်။ လေရူးတွေကျီစယ်လိုက်တိုင်း မြေခကြွေကျရသည့်ရွက်လှလေးတွေရဲ့မြင်ကွင်းဟာ ဘာနဲ့မှမလဲနိုင်။ 


များမကြာမီ ဆယ်တန်းတွေစာမေးပွဲဖြေကြတော့မည်။ တက္ကသိုလ်စာမေးပွဲတွေကတော့ ၄လပိုင်း င်္သကြန်ပြီးမှဖြေကြလိမ့်မည်။ တက္ကသိုလ်စာမေးပွဲများပြီးလျှင် သူမသူငယ်ချင်းတွေ သူမဆီလာမည်ဟုပြောဖူး၏။ တစ်ခါတစ်‌လေများတော့ ဇူလီဟာ သူတို့ကိုတွေ့ချင်ပြီး သူတို့ပြောပြသည့် တက္ကသိုလ်မှဇာတ်လမ်းများကို နားထောင်ချင်မိ၏။ ဇာတ်လမ်းတွေထဲပါတတ်သည့် ပုခုံးစွန်းချင်းတိုက်မိကြသည့်အချစ်ဇာတ်လမ်းတွေဟာ တစ်ကယ်ဘဲလား သူ မေးချင်မိသည်။


ဇူလီဟာ ကုက္ကိုလ်ရွက်ကိုညှပ်ဖို့ ကျရာစာရွက်ကြားတစ်ခုကိုလှန်သည်။ သဘာဝတရားက သူမကိုလိုလိုလားလားပေးလာသည့်လက်ဆောင်ကို သူမဘယ်ပစ်ရက်ပါ့မလဲ။ ရှေ့စာမျက်နှာတွေဘက်သူမပြန်လှန်တော့ အရင်ရက်တွေကဆွဲထားမိသည့် ခြေဖုဝါးလေးတစ်စုံကို သူမ,တွေ့သည်။ ထိုခြေဖုဝါးလေးရဲ့ပိုင်ရှင်ကို ဇူလီဟာသိသည်။ မြက်ခင်းစိမ်းတွေကြားက၊ ကျွန်းသားတွေရဲ့ကြားက ခြေဖုဝါးနုနုလေးတစ်စုံ။ ထိုပုံကိုဆွဲနေတုန်းက သူမ မှာရပ်ပြစ်ဖို့စိတ်ကူးဟာ တစိုးတစိမျှမရှိခဲ့။ စက္ကန့်နှင့်အမျှသူမရဲ့စိတ်တွေဟာ မြက်ခင်းစိမ်းတွေကိုဖြတ်လာသည့်ခြေဖုဝါးနုနုလေးတွေကို မြင်နေခဲ့တာ။ အသိစိတ်တွေဝင်လာသည့်အခါ ပုံဟာပြီးသွားနှင့်ခဲ့ပြီ။ စိတ်တွေနှစ်ပြီးဆွဲထားခဲ့သည့်ပုံမို့ ဆွဲဖြဲပြစ်ဖို့ကိုလည်း ဇူလီဟာ အနုပညာတွေကိုနှမျောသည်လေ။ 


"ကားလာစောင့်တာလား" 


စကားသံကြားရာဘက် သူမ,လှည့်ကြည့်တော့ အန်တီကြီးတစ်ယောက်ဟာ သူမနားလာပြီးစကားလာပြော၏။ တစ်ခါတစ်လေများကျ နယ်တွေဘက်ပြန်မည့်လူတွေဟာ ဒီနေရာမှာကားလာစောင့်တတ်သည်မို့ သူမကိုလည်းထိုနည်းတူထင်နေဟန်တူသည်။ မဟုတ်လည်း စကားစပြောဖို့လမ်းရှာသည်နေမှာပေါ့။ 


"မဟုတ်ပါဘူး။ ကျွန်မကဒီတိုင်းလာတာပါ" 


သူမအဖြေကြားတော့ ထိုအန်တီက အသံတိုးတိုးဖြင့် ခေါင်းငြိမ့်၏။ ပြီးတော့ အအေးဘူးတစ်ဘူးကို သူမဆီပေးလာသည်။ 


"မယူတော့ဘူးအန်တီ" 


ဇူလီငြင်းနေပေမယ့် ထိုအန်တီကအတင်းထိုးပေး၏။ ပိုက်ဆံပေးမည်ဆိုတော့လည်း မယူ။ စေတနာဖြင့်ပေးတာဟုဆို၏။ သူမပိတ်ပြစ်လိုက်သည့်စာအုပ်ကို ထိုအန်တီကသတိထားမည့်ဟန်တူသည်။ မဟုတ်လည်းသတိထားမိမှာပါဘဲ စရောက်ကတည်းက ပုံထိုင်ဆွဲနေသည်ကို ဒီနားကလူအကုန်မြင်သည်လေ။ ဇူလီကတော့ မပြည့်စုံသေးသည့်သူမရဲ့အနုပညာတွေကို အခြားလူတွေကိုပြသဖို့စိတ်ကူးမရှိသေး။ သူမဟာ အဆင်သင့်မဖြစ်သေး။ ထိုအန်တီဟာ သူမကို ဘယ်ကလဲ ဘယ်သူ့သမီးလဲ စသည်ဖြင့်မေးခွန်းအချို့မေးပါသည်။ ဇူလီကအလိုက်သင့်ဖြေပေး၏။ ဇူလီဟာ ပြန်မှရတော့မည်။ မေမေဟာ သူမကိုအိမ်ပြန်လာခဲ့ဖို့ဖုန်းဆက်ခေါ်နေလေပြီ။


ပုံဆွဲစာအုပ်ကို စက်ဘီးရှေ့ခြင်းဆီထည့်ပြီး လာရာလမ်းအတိုင်း အိမ်ကိုနှင်းသည်။ စက်ဘီးက မကြာသေးခင်ကမှ အိမ်ကဝယ်ပေးလိုက်တာဖြစ်၏။ သူမ ပူဆာတာ‌ရော မကြာခင်ကျူရှင်တွေတက်ရတော့မှာကြောင့်ရော အိမ်ကလည်းဝယ်ပေးလာ၏။ ဘီးကမိန်းမသိပ်ဆန်သည်မို့ ဇူလီမကြိုက်ပေမယ့် သူမမေမေပါ အသုံးပြုရလွယ်သည်မို့ ယူလိုက်ခြင်းပင်။ ဘယ်လိုဖြစ်ဖြစ် သူမကတော့ သွားချင်သည့်နေရာတွေကိုသွားနေရလို့ အလွန်ပျော်သည်။ ကမ္ဘာကြီးကိုခြေဆန့်ဖို့ ရထားလက်မှတ်လေးတစ်စောင်ရသွားသလိုပါပင်။


လေတဖြူးဖြူးဖြင့် အစိမ်းရောင်တွေပြည့်နေသည့်လမ်းကလေး၊ နားကြပ်ဆီမှသီချင်းသံ၊ လမ်းတလျောက်မြင်နေရသည့် စိမ်းစိုစို နွေစပါးများနဲ့ အဆုံးမဲ့လယ်ကွင်းများ။ ဒီဘက်ကလူတွေအတွက် အဓိကထုတ်ကုန်ဟာ ဆန်စပါးဆိုလည်းဟုတ်သည်။ ရာသီမရွေးစိုက်ပျိုးကြ၏။ ရေရှားသည့်နွေခါများဆို ဆည်များမှရေယူကာ ရေသွင်းစိုက်ပျိုးကြ၏(ပဲတွေလည်းစိုက်သည်)။ စပါးပင်များဟာ အရွယ်လတ်ကလေးသာရှိသေးသည်။ ပြောတာကြားတာတော့ မုတ်သုန်လေမလာခင်(ဇွန် သို့မဟုတ် ဇူလှိုင်)ရိတ်သိမ်းကြသည်တဲ့။ ပြီးလျှင် မိုးစပါးဆိုပြီးထပ်စိုက်ကြသေးသည်တဲ့။ နေဒီလောက်ပူနေသည့်ကြားမှာ လယ်ကွင်းထဲတွင် ပေါင်းသတ်ဆေးဖြန်းသူကဖြန်း၊ ပေါင်းရှင်းနေသည့်လူကရှင်းဖြင့် တွေ့ရသည်။ 


အဆိုတစ်ခုရှိ၏။ 

'နွေဦး၊ နွေလေ၊ နွေအပူ၊ နွေစပါးတွေကြားမှာ 

ဟန်ချက်ညီညီ လှုပ်ရှားနိုင်သူကတော့

နွေနတ်ဘုရားတွေဖြစ်တဲ့ နွေတောင်သူတွေဘဲရှိသည်' တဲ့။ နွေတောင်သူများဟာ အပူကိုမမူကြသည့် တစ်ကယ့်အာဂတွေပင်။


ဇူလီရဲ့ဖွင့်ထားသည့်playlistထဲမှ The 1975 ရဲ့ Robbers သီ‌ချင်းလေးလာနေသည်။ 


When she gets his gun he's begging, babe stay, stay

Stay, stay, stay


ချစ်သူနှစ်ဦးရဲ့toxic relationship အကြောင်း‌လေးပါ။ 


I'll give you one more time

We'll give you one more fight

Said one more line

Will I know you?


သီချင်းလေးထဲက ချစ်သူနှစ်ယောက်လုံးဟာ နာကျင်နေခဲ့ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် လက်လွှတ်ဖို့ငြင်းဆန်နေခဲ့ကြတဲ့အကြောင်း။ ဒီဆက်ဆံရေးကြီးမှာ ဘယ်လောက်ဘဲဖက်တွယ်ဖက်တွယ် သူတို့ရဲ့အချစ်ခရီးကတော့ ရှေ့ဆက်မသွားနိုင်တော့တဲ့အကြောင်း။ သို့ပေမယ့် သူတို့ကတော့ ဒီrelationship ကြီးကိုဆက်ပြီးဖက်တွယ်နေကြဆဲအကြောင်း။


လူတွေဟာဒီလိုပါဘဲ။ ကိုယ့်ကိုနာကျင်စေသည့်လူကိုမှ သဲသဲလှုပ်ချစ်မိတတ်ကြသည်၊ လက်လွှတ်ဖို့ငြင်းဆန်တတ်ကြသည်၊ အတိတ်ကလူကို မျက်ရည်တွေဖြင့်ပြန်တမ်းတတတ်ကြသည်။ အနာဂတ်မှာပိုကောင်းသည့်အရာတွေက စောင့်နေသည်ဆိုတာကို သူတို့တွေမသိကြ။ အချစ်ဟာ အဆိပ်သင့်သည်။


ဇူလီကို The 1975ရဲ့သီချင်းတွေဘာလို့ကြိုက်လဲလို့ မေးသည့်လူတွေရှိခဲ့ဖူးသည်။ သူမက ဒီတိုင်းသီချင်းတွေကိုကြိုက်မိရုံပါဘဲ။  သီချင်းတွေကိုခံစားတတ်သည့်နှလုံးသားရှိလျှင် သီချင်းတွေဟာအရွယ်မရွေး၊ လူတန်းစားမရွေးဘူးလို့ထင်သည်။ သီချင်းတစ်ပုဒ်ဟာ ကိုယ့်ခံစားချက်ဖြင့်ကိုက်ညီသွားပါက ထိုလူဟာ တိမ်ပေါ်လွင့်ပျံနေရသလိုခံစားမှုမျိုးရှိ၏။ ထိုခံစားချက်မျိုး ဇူလီဟာသိပ်ကြိုက်သည်။ သီချင်းတွေဖြင့်သာအတူရှိနေလျှင် ‌မည်မျှဝေးသည့်ခရီးမဆို ဇူလီဟာ သွားနိုင်၏။ ပြီးတော့ သီချင်းတွေထဲမှာ လူတွေရဲ့ခံစားချက်တွေ၊အတိတ်‌တွေ၊ ဘဝတွေ၊ စိတ်ဒဏ်ရာတွေကိုလည်းတွေ့မြင်ရတတ်ပါသည်။ လူတစ်ယောက်အကြောင်းကို သီချင်းတွေကနေလည်း လေ့လာလို့ရနိုင်ပါသည်။


"တီး" 


ရုတ်တရက်ကြီးဝင်လာသည့်ကားဟွန်းသံက သူမကိုယ်ကိုတွန့်သွားစေသည်။ ဒီရပ်ကွက်ရဲ့လမ်းဟာကျယ်ပေမယ့် ကားသမားများဟာစက်ဘီးသမားတွေကိုဆို ကားရှေ့ဝင်လာမည်စိုး၍ သတိပေးသည့်အနေဖြင့် ဟွန်းတီးတတ်ကြ၏။ စက်ဘီးကိုဘေးကပ်ရပ်ပြီး ထိုကားကိုကြည့်တော့ နံပတ်လှလှလေးတွေကိုသာတွေ့လိုက်ရသည်။ ကားကောင်းကြီးပေမယ့် ထိုကားဟာ စိမ်းလဲ့ညိုတို့အိမ်မှကားမဟုတ်။ သို့ပေမယ့် ထိုခြံဝန်းထဲတော့ဝင်သွား၏။ 


ဇူလီဟာ စိတ်ထဲမှ တစ်ခုခုကိုခံစားလိုက်ရသည်။ စက်ဘီးကို အိမ်ရောက်အောင် အမြန်နှင်း၏။ 


ထိုကားထဲမှထွက်လာသည့်လူဟာ အသားဖြူသည်။ ငယ်ရွယ်သည်။ အရပ်အမောင်းကောင်းသည်။ ကြည့်လို့လည်းကောင်းသည်။ သာမှန်ဘဲဝတ်စားထားပေမယ့် ထိုအဝတ်အစားတွေဟာ ဈေးကြီးမှန်းသူမ,သိ၏။ ကားထဲမှယူချလာသည့် စာအုပ်တွေ။ ထိုစာအုပ်တွေဟာ ဦးကျော်မင်းနောင် ဖတ်မည့်စာအုပ်တွေတော့မဖြစ်နိုင်ပါ။ စာအုပ်တွေကိုအရမ်းကြိုက်သည့် ယောက်ျားမဟုတ်သည့်တစ်စုံတစ်ယောက်ဟာ ထိုအိမ်ထဲမှာရှိသည်။ 


ဇူလီနှလုံးဟာ ဆစ်ခနဲ။ 


"ဟဲ့ အိမ်ထဲမဝင်သေးဘဲ ဘာလုပ်နေတာလဲ" 


မေမေ့အသံကြားတော့ သူမ စက်ဘီးပေါ်မှဆင်းသည်။ ပြီးတော့ အိမ်ပေါ်ပြေးတက်၏။ ဒေါက်ပင်မထောက်ခဲ့နိုင်သည့် စက်ဘီးအသစ်စက်စက်ကိုလည်း အားမနာနိုင်တော့။ အောက်ဘက်မှမေမေရဲ့အော်သံတွေဟာ ဆူညံနေသည်။ 


သူမဘာတွေဖြစ်နေသလဲဆိုတာ ဇူလီမသိ။ သေချာသည်ကတော့ ဟိုဘက်အိမ်ကမိန်းမကို အခြားယောက်ျားတစ်ယောက်နဲ့ တွဲမမြင်ချင်တာဖြစ်လိမ့်မည်။ အများကမြင်တွေ့ဖို့ခဲယဉ်းသည်လို့ပြောထားသည့်ထိုမိန်းမကို ဘာရယ်ကြောင့်များ ထိုယောက်ျားဟာအလွယ်လေးတွေ့လို့ရနေသနည်း။ အမည်မသိသည့်ခံစားချက်တွေဟာ သူမကိုယ်ထဲပြေးလွှားနေသည်။ မြင်ကွင်းရှင်းစေရန် မတပ်တာကြာပြီဖြစ်သည့် မျက်မှန်ကို ကမန်းကတန်းရှာရ၏။ ထိုယောက်ျားဟာ အိမ်အောက်ထပ်မှာ တစ်စုံတစ်ယောက်ကို ထိုင်ကာစောင့်‌နေသည်။ သူမ,ထင်သည့်လူမဖြစ်ပါစေနဲ့လို့သာ စိတ်ထဲဆုတောင်းမိ၏။ 


သူမျှော်သည့်လူဟာ ရောက်လာပြီထင်သည်။ ထိုယောက်ျားဟာ ပြုံးဖြီးဖြီးဖြင့် ထရပ်၏။ 


ထိုမိန်းမနှင့်ပတ်သက်သည့် ဇူလီရဲ့ဆုတောင်းတိုင်းဟာ ပြည့်ရိုးထုံးစံမရှိခဲ့ပါ။ ထိုယောက်ျားရှေ့ရပ်နေသည့် ခပ်သေးသေးခန္ဓာကိုယ်တစ်ခု။ စာအုပ်ကိုလှမ်းယူလိုက်သည့် လက်သွယ်သွယ်လေးတွေ။ သိပ်မမြင်ရပေမယ့် ထိုမိန်းမဟာ ထိုလူ့ကိုလည်း အပြုံးတွေပေးနေမှာသေချာပါသည်။ မောပန်းနေသည့်စိတ်ကြောင့်လားမသိ ဇူလီ့ခန္ဓာကိုယ်ဟာ အားအင်တွေချိနှဲ့လာသလိုရှိလာသည်။ သူမစိတ်ထဲကနေ တစ်စုံတစ်ခုပျောက်ဆုံးသွားသလိုပင်။ ထိုအရာဟာ ဘာမှန်းလဲသူမ,မသိ။ နားကြပ်ဆီမှလာနေသည့်သီချင်းဟာလည်း ဘာမှန်းမသိရတော့။ 


လှပမှုဟာ တက်မက်မှုကိုဖြစ်စေနိုင်သည်။ ယခုသူမ,ရသည့်ခံစားချက်တွေဟာ တက်မက်မှုလား။ သူမဟာ ထိုမိန်းမအပေါ် တက်မက်စိတ်တွေမဖြစ်ခဲ့တာကတော့ သေချာသည်။ ဒီတိုင်း ထိုမိန်းမရဲ့အလှအပတွေကို နှမြောမိသွားတာဖြစ်မည်။ ထိုမိန်းမရဲ့အလှအပဟာ အခြားသူပိုင်ဆိုင်ဖို့တောင် မထိုက်တန်လို့ပါ။ 


ဇူလီကိုယ့်အဖြစ်ကိုတွေးမိပြီး ရယ်ချင်သွား၏။ ကိုယ်ဖြင့်မဆိုင်သည့်ကိစ္စကို သူမဟာအရမ်းဝင်ခံစားနေသလို။ တစ်နေ့ကျ ထိုမိန်းမရော သူမရောဟာ အခြားသူဖြင့် လက်ထပ်သွားမည့်လူတွေကြီးပါဘဲ။ သို့ပေမယ့် ထိုမိန်းမကိုပိုင်ဆိုင်သွားမည့်လူကိုတော့ သူမဟာ သိချင်မိပါသည်။


….. 


"ကိုဇွဲသုခမင်းက မပြန်သေးဘူးလား" 


"ဗျာ ဟုတ်ကဲ့" 


သူမရှေ့ထိုင်နေသည့်လူဟာ သူမ မေးခွန်းကြောင့် ဖြေရတာရော အနေရော ခက်သွားသည့်ပုံ။ ခုနကမေးခွန်းဟာ ပြန်စေချင်သည့်သဘောဖြင့် မေးလိုက်တာမဟုတ်ဘူးလား။ 


"ဒေါ်လေးက ထမင်းစားသွားအုံးဆိုလို့" 


"ဪ" 


သူမ မီးဖိုခန်းဘက်လှည့်ကြည့်တော့ ထိုလူကိုထမင်းကျွေးရဖို့ ကြိုးစားပမ်းစားချက်ပြုတ်နေကြသည့် အရိပ်အယောင်တွေကိုတွေ့ရသည်။ 


"အခြားရချင်တဲ့စာအုပ်တွေရှိသေးလား" 


"ဟင့်အင်း ခုလောလောဆယ်တော့မရှိသေးဘူး။ ရှိလာရင်တော့ပြောမယ်လေ" 


ထိုရှေ့မှလူဟာ သူမနဲ့ အလွန်ရင်းနှီးသည့်ဆက်ဆံရေးရှိသည်။  ဟိုးငယ်စဉ်ကတည်းကလို့ ဆိုရမလားဘဲ။ သူမဟာ ထိုလူယူလာပေးသည့် စာအုပ်တွေကို သေချာစစ်နေသည်။ အင်္ဂလိပ်ဝတ္ထုတွေပါ။ မြန်မာပြည်ဘက်ရှာရခက်သည့်စာအုပ်တွေ။ 


"စိမ်း ဒီအပတ် ကျွန်တော်နဲ့အတူမြို့ထဲလိုက်ခဲ့ပေးပါလား" 


မေးခွန်းအဆုံးမှာ ထိုလူရဲ့ မျှော်လင့်တကြီးဖြစ်နေသည့်မျက်ဝန်းတွေ။ 


"ဘာအရေးကြီးလို့လဲ" 


သူမရဲ့တန်ပြန်မေးခွန်းဟာ တစ်ဖက်လူကိုအားတက်သွားစေသည်။ သူသာအလျှောက်ကောင်းရင် စိမ်းလဲ့ညိုဟာ သူနဲ့အတူပါလာမည်လေ။ 


"အလုပ်ကလူတွေကို လက်ဆောင်ပေးချင်လို့ပါ။ တစ်ချို့လုပ်သက်ကြာတဲ့လူတွေကို လက်ဆောင်ပေးချင်တာ ဘာပေးရမှန်းမသိလို့" 


ယောက်ျားလေးတွေဟာ လက်ဆောင်ဝယ်သည့်နေရာမှာ သိပ်မတော်ကြတာထုံးစံပါပင်။ 


"ဟုတ်ပြီလေ။ စာအုပ်တွေအတွက် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ လိုက်ကူပေးမယ်" 


“အိုခေဗျာ”


"ဘယ်နေ့သွားကြမှာလဲ" 


"ကြာသပတေးနေ့" 


ယနေ့ဟာ အင်္ဂါ။ သူမ ဟုတ်ပြီ ဟုသာပြန်ဖြေပေးလိုက်သည်။ ပြီးတော့ သူမတို့ရဲ့စကားဝိုင်းထဲ သူမရဲ့မိခင်ဖြစ်သူရောက်လာပြီး ဆူညံတော့၏။


ကိုဇွဲသုခမင်းဟာ ကားအရောင်းပြခန်းတစ်ခုကိုဖွင့်ထားသည့် လူငယ်လေးတစ်ဦးပါ။ တစ်ခါတစ်ရံ သူမဖေဖေရဲ့ဆေးရုံက အလုပ်တွေကိုလည်း ကူညီတတ်၏။ မှတ်မိသလောက်ဆို နှစ်ယောက်လုံးဟာ ဆေးကျောင်းအတူတက်ခဲ့ကြသည်ပင်။ သူမကသာ ပြဿနာတွေကြောင့် ကျောင်းဆက်မတက်ခဲ့ပေမယ့် သူကတော့ ဘွဲ့ရခဲ့ရှာ၏။ သို့ပေမယ့် ထိုလူဟာ ကားတွေကိုပိုသဘောကျသည်မို့ အလုပ်မှထွက်ပြီး သူနှစ်သက်ရာရပ်ဝန်းမှာအဆင်ပြေပြေရှိနေသည်။ 


"ဟင်းတွေကစုံနေရောဘဲ။ အန်တီသိမ့်လက်ရာကိုလေ အများကြီးလွမ်းတာ သိလား။ မားကတောင် သူချက်တာမစားဘဲ အန်တီသိမ့်လက်ရာဘဲတနေလို့တဲ့ အမြဲကျွန်တော့ကိုပူနေတာ” 


“အမလေး အဲ့လောက်လွမ်းနေလည်း အိမ်ကိုမကြာမကြာလာလည်ပါလား။ တစ်လမှတစ်ခါတောင်ပေါ်မလာဘဲနဲ့များ”


“မအားဘူးလေဗျာ။ ပွဲစားတွေနဲ့အလုပ်သိပ်ရှုပ်ရတာကိုးဗျ”


ထိုလူရောက်လာသည့်နေများဆို သူမတို့အိမ်ဟာတစ်ကယ်ဟင်းစုံသည်။ သားမရှိသည့် သူမမေမေက ဇွဲသုခမင်းကို တစ်ကယ်မေတ္တာ စေတနာထားပေး၏။ စိမ်းလဲ့ညိုဟာ တစ်ယောက်တည်းထမင်းစားသည်ကများပေမယ့် ကိုဇွဲသုခမင်းရောက်လာလျှင်တော့ တစ်ခါတစ်ရံ အဖော်ပြုထမင်းအတူစားပေးတတ်၏။ သူအိမ်လာလည်သည့်အချိန်ကလည်း တစ်လမှာတစ်ခါတောင်မရှိ။


စားပွဲပေါ်ကဟင်းတွေကိုကြည့်ပြီး ချိုင့်လေးကိုင်ကာရောက်လာတတ်သည့် တစ်စုံတစ်ယောက်ကိုတောင် သတိရမိသွားသည်။ ထိုကလေးမလေးတို့အိမ်ဟာ သူမတို့အိမ်အပြင် ရပ်ကွက်ထဲရှိအခြားအိမ်များကိုလည်း တစ်ခါတစ်ရံဟင်းတွေပို့ပေးတတ်၏။ ကိုယ်၌ရှိသည့်အရာကို အခြားသူများဖြင့်ဝေမျှသုံးစွဲတတ်သည့်ဇူလီတို့အိမ်ဟာ မည်သို့သောအိမ်ဖြစ်သနည်း။ ပုံမှန်အားဖြင့် လူများဟာ ကိုယ့်မိသားစုလောက်ငှရုံလောက်သာ သုံးစွဲတတ်သည်လေ။ သူမဖေဖေဦးကျော်မင်းနောင်ဟာ ထိုအိမ်က သစ်တောအရာရှိကြီးဦးစိုးမြင့်ဖြင့်အဆက်အဆံလုပ်တတ်၏။ ချမ်းသာသည့်လူက ရာထူးကြီးသည့်အစိုးရပိုင်းကလူကို အဆက်အဆံလုပ်တာဟာ သိပ်အံ့ဩစရာမရှိပါ။ ဦးစိုးမြင့်ဟာလည်း သူမဖေဖေရဲ့လက်ရုံးတွေထဲကတစ်ယောက်ဖြစ်လာမည်လား သူမ,မပြောတတ်။ 


"အင်း နင့်ညီမကို ခေါ်သွားပေးစမ်းပါ သူတစ်ယောက်တည်းဆိုအပြင်မထွက်ဖြစ်ဘူးလေ" 


ကိုဇွဲသုခမင်းဟာ စိမ်းလဲ့ညိုထက် အသက်လပိုင်းသာကြီးပါသည်။


"ကျွန်တော်က ခေါ်သွားပေးချင်ပေမယ့်လည်း သူကလိုက်ချင်အုံးမှပေါ့ဗျာ။ စိမ်းက အရင်ကတည်းကကျွန်တော့်နောက်လိုက်ရတာ သိပ်ကြိုက်တာမဟုတ်ဘူး"


စိမ်းလဲ့ညိုဟာ အပြင်ထွက်ရမှာကို သိပ်မုန်းပေမယ့်လည်း Fancy ပစ္စည်းတွေကြိုက်တတ်တော့ မြို့ထဲများ ခပ်ရှားရှားတစ်ခါဈေးဝယ်သွားဖြစ်၏။ အများကလာခေါ်လျှင်တော့ မလိုက်တတ်ပါ။ 


“ဒီတစ်ခါတော့ ကျွန်တော့နောက် သေချာလိုက်မယ်မလား စိမ်းလဲ့ညို”


“စိတ်ပါရင်ပေါ့။ နင်အရမ်းစကားများတယ်။ ငါ့စိတ်လေးမပြောင်းခင် တိတ်လိုက်တော့”


သူမရှေ့မှလူဟာ ပြုံးသာပြုံးနေသည်။ ဟိုးငယ်ငယ်တည်းကနေ ယခုချိန်အထိ ထိုလူဟာ စိမ်းလဲ့ညိုကိုအမြဲအပြုံးတွေဘဲပေးနေခဲ့တာ။ ဆယ်စုနှစ်ကျော်ပါပြီဖြစ်သည့် သံယောဇဉ်တွေကိုငဲ့ညာပြီး သူမတို့နှစ်ဦးဟာ အပြန်အလှန်ခွင့်လွှတ်သည်းခံပေးခဲ့တဲ့အရာတွေ အများကြီးရှိပါသည်။ နားလည်လက်ခံပေးခဲ့သည့်အရာများစွာလည်း ရှိခဲ့ဖူးပါသည်။ 


"ဗိုက်မဆာဘူးလား။ ထမင်းပန်းကန်ကိုတစ်စက်မှတောင်မထိဘူး"  


စားပွဲပေါ်မှေးထောက်၍တစ်နေရာကိုငေးနေဟန်တူသည့် သူမကို ကိုဇွဲသုခမင်းက မေးလာသည်။ 


" ဟင့်အင်း " 


သူမမှာ အမှန်တစ်ကယ်စားချင်စိတ်ရှိမနေပါ။ 


"အပေါ်တက်တော့မယ်" 


သူမက ထသွားဟန်ပြင်တော့ 


"အစ်ကိုစားပြီးတဲ့ထိတောင်မစောင့်တော့ဘူးလား" 


သူမဟာ စာအုပ်ကလေးများကိုကိုင်၍ 


“ငါနင့်ကိုဘယ်တုန်းကများစောင့်ဖူးလို့လဲ” 


ထိုသို့ဆိုကာ လှည့်ထွက်လာခဲ့သည်။


"အင်းပါ သန်ဘက်ခါသာ ပြင်ထား။ ၁၀နာရီလောက်လာခေါ်မယ်" 


အပေါ်တက်တော့မည်သူမကို အော်ပြောသံကြားရ၏။ 


ပျင်းစရာကောင်းသည်။ နေ့ရက်တိုင်းဟာ ပျင်းစရာကောင်း၏။ 


သူမ စာအုပ်တွေကို တီဗွီစင်အောက်နားလေးက စားပွဲမှာ တင်၏။ 

Friedrich Nietzsche ရဲ့ Beyond Good and Evil စာအုပ်ကိုကောက်မကိုင်ခင် သူမအနည်းငယ်ငြိမ်သွားသည်။


ဒီညနေခင်း သူမတစ်စုံတစ်ယောက်ကို သတိရနေသလိုရှိ၏။ ပျင်းစစရှိလို့ဆို ဘယ်ဟုတ်ပါ့မလဲ သူမတစ်စုံတစ်ယောက်ဆီသို့ အလည်မသွားရသည်ဟာကြာခဲ့ပြီလေ။ နဂိုအရယ်အပြုံးမရှိသည့်မျက်နှာ၊ အမြဲတွန့်ချိုးနေတတ်သည့်မျက်ခုံး၊ ရဲနေတတ်သည့်ပါး‌လေးတွေ၊ ခပ်တင်းတင်းနူတ်ခမ်းတွေကို သူမဟာ သိပ်ကိုသတိရနေခဲ့ခြင်း။ ဇူလီဟာ သူမကိုရှောင်နေသည်လား တစ်ကယ်ဘဲအလုပ်များနေသည်လား သူမ,မပြောတတ်။ ထိုကလေးမဟာ တစ်ကယ်ပင်အိမ်သိပ်မကပ်ပါ။ ခြံဝန်းထဲမှစက်ဘီးကိုမြင်မှသာ ဇူလီဟာ အိမ်ပြန်ရောက်လာပြီမှန်းသူသိရတတ်သည်။ ဇူလီဟာ စာဖတ်ရတာကြိုက်သည်လား သူမ,မပြောတတ်။ စာအုပ်ကလေးတစ်အုပ်ဖြစ်ဖြစ် လက်ဆောင်ပေးချင်စိတ်လေးပေါ်လာသည်။ 


ဇူလီအရွယ်ဖြင့်လိုက်မည့်စာအုပ်ဟာ ဘာတွေရှိသနည်း။ စာအုပ်စင်ဘက်သွားပြီး လူငယ်တွေဖြင့်လိုက်မည့်စာအုပ်တစ်အုပ်ကိုရှာသည်။ အဝါရောင်စာအုပ်လေး။ အဝါရောင်ဟာ ပျော်ရွင်မူကို ကိုယ်စားပြုသည့်အရောင်ဖြစ်၏။ သို့ပေမယ့် သူမအတွက်တော့ ပျော်ရွင်မူကိုကိုယ်စားပြုသည့်အရောင်ဟာ အစိမ်းဖြင့်ပတ်သက်သည့်အရောင်ဘဲဖြစ်လိမ့်မည်။ ပတ်ဝန်းကျင်ရဲ့တည်ရှိမှုကာလာ သူမရဲ့တည်ရှိမှုကာလာ။ 


အရောင်တွေအကြောင်းစဉ်းစားလိုက်တိုင်း သူမအတွေးထဲပေါ်လာတတ်သည့်လူတစ်ဦးရှိသည်။ 


သူမကို စိမ်းညို့ညို့ လို့အမည်ပေးခဲ့သည့် လူတစ်ယောက်။ 

သူမကိုထားရစ်ခဲ့သည့်လူတစ်ယောက်။ သူမကိုသိပ်ချစ်ပါတယ်ပြောပြီး သူမကိုချန်ထားရစ်ခဲ့သည့်လူတစ်ယောက်။ 


ချစ်ခြင်းမေတ္တာဟာသိပ်ကိုလှပပါသည်။ နှလုံးသားမှာ နူးညံ့စွာပွင့်လန်းလာသည့် ပန်းဥယျာဉ်ကလေး။ ဥယျာဉ်မှူးဖြစ်သူမှသာသင်းပျံ့သည့်မွှေးရနံ့ကိုရရှိနိုင်၏။ ထိုလှပသည့်အရာတွေဟာ သူမအတွက်ဟုတ်ခဲ့ဟန်မတူ။ ဥယျာဉ်မှူးဟုထင်ထားသည့်လူဟာ သူမ၏သင်းရနံ့မွှေးထုံသည့်ပန်းဥယျာဉ်ကို အကျဉ်းတန်ရုပ်ဆိုးအောင်ဖျက်စီးသွားခဲ့သည်။  ကိုယ်ချစ်ရသည့်လူတစ်ယောက်ကို နောက်မှာချန်ထားရစ်ခဲ့လေခြင်းမရှိသည့် အချစ်ဟာအဘယ်နည်း။ အေးတူပူအမျှ ခံစားမျှဝေလိုခြင်းရှိသည့် ချစ်ခြင်းမေတ္တာဟာ အဘယ်နည်း။ 


စိတ်တွေဟာ မောပန်းလာသည်။ အသည်းဟာ တဆစ်ဆစ်ကိုက်ခဲလာသည်။ 

စင်ပေါ်မှစာအုပ်တစ်အုပ်ဟာ သူမခြေဖုမိုးပေါ်ပြုတ်ကျ၏။ ခြေဖုမိုးဟာ သိပ်မနာ။ သို့ပေမယ့် အသည်းကတော့နာသည်။ 


မေ့ပြစ်ချင်ခဲ့သည့် အတိတ်တွေ။ 

မေ့သွားပြီထင်ခဲ့သည့်အတိတ်တွေ။

မေ့ပြစ်ဖို့ကြိုးစားခဲ့သည့်အတိတ်တွေ။ 

သတိမရခြင်းတွေဟာ အဘယ်နည်း။


သတိရခြင်းဟာ ဘယ်နည်းဖြင့်မဆိုကိုယ့်ဆီရောက်လာတတ်၏။ တိုက်ဆိုင်သွားမှရယ်လို့မဟုတ်။ သူမကတော့ နှလုံးသားဖြင့်ရေးမှတ်ခဲ့လို့ထင်သည် မေ့ပြစ်ဖို့အတော်ခက်၏။ အချစ်ကိုမျက်လုံးစုံမှိတ်ပြီး ယုံကြည်ခဲ့သည့်သူမ ယခုများတော့ အသည်းနာသွားခဲ့ပါပြီ။ သူမ နားလည်ခဲ့သည့်အချစ်ဟာ လှပသည့်အရာမဟုတ်ခဲ့။ 


အချစ်ဟာ လူတစ်ဦးတစ်ယောက်၏နှလုံးသားကို ပြာမှုန့်တွေအဖြစ်ကျွမ်းလောင်သွားစေနိုင်သည့် မီးတောက်တစ်ခုသာဖြစ်၏။


............


"အဲ့တော့ နင်ကလာမှာလားမလာဘူးလား" 


ဇူလီ အေပရွန်ကြီးဝတ်ကာ ရီရီ့ဆီဖုန်းဆက်နေ၏။ လက်ကလည်း‌ ဆီပူထဲဖောက်ထည့်ထားသည့် ကြက်ဥကိုကြော်လှော်နေရသေးသည်။ ယနေ့ အိမ်မှာသူမတစ်ယောက်တည်းမို့ စိတ်ကူးပေါက်ကာ ရီရီကိုခေါ်ပြီး ခေါက်ဆွဲလေးကြော်စားဖို့စဉ်းစားမိခဲ့၏။ ရီရီကတော့ သူမ အိမ်မလာတော့ဘူး ပြောသည်။ သူတို့အမျိုးတစ်ယောက်ရဲ့သားစာမေးပွဲဖြေသည်ကြောင့် ပဠာန်းရွတ်သွားရမည်ဖြစ်ကြောင်း ပြောပြ၏။ ဆယ်တန်းတွေစာမေးပွဲဖြေကြခါနီးသည်မို့ အချို့အိမ်တွေက ယတြာအနေဖြင့်ပဠာန်းရွတ်တာမျိုး အလှူလုပ်တာမျိုးရှိကြသည်လေ။ ဇူလီ့မေမေတောင် ထိုဘက်ပါသွား၏။ 


တရှဲရှဲမြည်နေသည့်ဆီဝနေသည့်အိုးမှာကြော်ထားသောကြက်ဥဟာ အိုးဖြင့်နေသားကျလာပြီမို့ အသင့်လှီးဖြတ်ထားသည့် မိဿလင်၊ ဂျင်း၊ ဝက်သားနုတ်နုတ်စဉ်းထားသည်များကို ပဲငံပြာရည်ထည့်၍ခေတ္တမျှမွှေသည်။ ဝက်သားက အရောင်လေးသန်းလာပြီဆိုလျှင်တော့ ကိုက်လန်ရွက်များကို ခရုဆီအနည်းငယ်ထည့်၍ သမအောင်ထပ်မွှေ၏။ အနံ့မွှေးလာလျှင် ကြက်သွန်ဖြူငရုတ်သီးထောင်းကို ထည့်ပြီး အဆုံးမှာခေါက်ဆွဲကိုထည့်၏။ ခေါက်ဆွဲဖတ်ကလေးတွေအနည်းငယ်ပေါ့လာလျှင် အိုးကချလို့ရပါပြီ။ သူမလက်သုတ်ဝတ်ယူပြီး စားပွဲကိုအရင်သွားသုတ်၏။ အိမ်မှာလူမရှိသည်မို့ အိမ်စောင့်သည့်အနေဖြင့် ဧည့်ခန်းဘက်ထိုင်စားရမည်။ 


"ဟယ် တစ်ယောက်တည်းလား" 


စားပွဲကိုကုန်းသုတ်နေသည့်သူမ အသံကြားရာဘက်ကိုကြည့်သည်။ ထီးလေးဆောင်းပြီး အိမ်ရှေ့ရောက်လာသည့်ထိုမိန်းမ။ လက်ထဲမှာလည်း စာအုပ်တစ်အုပ်ပါလာသည်။ သူမမေမေက ရပ်ကွက်ထဲပဠာန်းရွတ်မည့်အိမ်တစ်အိမ်သို့ အစားအသောက်ကူလုပ်ပေးဖို့ အဖော်တွေဖြင့်ပါသွား၏။။ ညနေပိုင်းလောက်ကျပြန်လာပြီး ပဠာန်းရွတ်ဖို့ အဝတ်တွေလာလှဲမည်ထင်သည်။ ဇူလီတော့ ငါးပါးတွေမှောက်ပြီထင်သည်။ ယခုများတော့ သူမဟာတရားဝင်အိမ်ရှင်ဖြစ်ပြီး ထိုမိန်းမဟာတော့ တရားဝင်ဧည့်သည်ဖြစ်သည်လေ။ 


ထိုမိန်းမဟာ သူမတောင်မခေါ်ပါဘဲ အိမ်ထဲဝင်လာနေသည်။ 


"အမေကအပြင်သွားတယ်။ နောက်မှလာခဲ့ပါလား" 


အတင်းနှင်ချင်နေသည့်ဇူလီ့ဆီ ထိုမိန်းမဟာ မျက်စောင်းလှလှကလေးပေးလာ၏။ 


"ဒါဖြင့်လည်း ဇူလီဆီလည်တာပေါ့" 


ထိုမိန်းမနဲ့ဇူလီကြားမှာ ပြောစရာစကားဆိုသည်ဟာ မည်သို့ရှိမည်နည်း။ ဇူလီကတော့ ထိုမိန်းမကိုပြောစရာစကားမရှိတာရာနှုန်းပြည့်သေချာသည်။ 


"ဘာချက်နေတာလဲ။ စားဖို့မခေါ်တော့ဘူးလား" 


တစ်အိမ်လုံးလှိုင်နေသည့်အနံ့ကို ထိုမိန်းမက ရသွားသည်ထင်သည်။


"အစ်မ စားတတ်မှာမဟုတ်ဘူး" 


စေတနာမပါလို့တော့မဟုတ်ပါ။ သူမရဲ့လက်ရာထိုခေါက်ဆွဲကြော်ကို ထိုမိန်းမ စားတတ်မည် တစ်ကယ်မထင်လို့ပါ။ 


"ဟုတ်လား။ ဘာလို့လဲ" 


"ကျွန်မလျှောက်ပြီးလုပ်ထားတာမို့"


"ရပါတယ်။ အစ်မသွားတွေအကောင်းကြီးရှိသေးတယ်" 


ထိုသို့ပြောတော့ ဇူလီက မည်သို့ငြင်းရတော့မည်နည်း။ မကျွေးပြန်တော့လည်း စေတနာတရားခေါင်းပါးတယ်ဖြစ်အုံးမည်။


အေးလေ သွားကောင်းတော့လည်း ကျွေးရတာပေါ့။ 


ထိုမိန်းမ စားပွဲပေါ်ချလိုက်သည့် စာအုပ်ဟာအဝါရောင်နေကြာပန်းတွေဖြင့်။ 


သူမ မီးဖိုဘက်ဝင်သွားတော့ ထိုမိန်းမဟာလည်းလိုက်လာသည်။ 


"အပြင်မှာဘာလို့ထိုင်မစောင့်နေတာလဲ" 


"သက်သက်ချည်းထိုင်စားရင်ဘယ်ကောင်းပါ့မလဲ ဇူလီရဲ့။ အားနာစရာ"


ထိုမိန်းမဟာ သူမကိုကူဖို့လာသည်လား ဘာလားတော့မသိပါ။ သို့ပေမယ့် ဘာမှလည်းမကူ။ မီးဖိုအနှံ့သာ‌လျှောက်ကြည့်နေ၏။ ဇူလီဟာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် မီးဖိုဆောင်ရှိပစ္စည်းများကို ရှုပ်ပွအောင်သုံးစွဲတတ်သည့်လူမျိုးမဟုတ်ပါ။ အမှိုက်ဟာ သူ့နေရာနဲ့သူ၊ သုံးစွဲပြီးသားပန်းကန်များဟာလည်း ဆေးကြောသန့်စင်ပြီး သူ့နေရာနဲ့သူရှိနေ၏။ အနံ့သာလှိုင်မနေရင် မီးဖိုဆောင်ဟာ လူတစ်ယောက်လောလောလတ်လတ်သုံးစွဲထားသည်မှန်းတောင်မသိသာပါ။ 


ထိုမိန်းမရဲ့ခေါက်ဆွဲပန်းကန်တစ်ချပ်ကိုသာ စားပွဲမှာချထားပေးပြီး ဇူလီဟာခုံမှာထိုင်ချလိုက်၏။ 


"ဇူလီက အစ်မနဲ့အတူမစားဘူးလား" 


ဇူလီဟာ ခေါင်းသာခါပြသည်။ ထိုမိန်းမဖြင့်အတူသာစားရလျှင် သူမဇွန်းကိုင်ဖို့အင်အားတောင်ရှိမှာမဟုတ်။


"အစ်မနဲ့အတူမစားတတ်လို့လား ဒါမှမဟုတ် မစားချင်လို့လား"


ထိုမိန်းမဟာ ကျွေးတာကိုမစား တော်တော်အရစ်ရှည်သည်။ 


“အမေ့ကိုစောင့်မလို့ပါ”


“ဪ အန်တီက ဘယ်သွားသလဲ” 


“မသိဘူး” 


သူအမေဟာဘယ်သွားသည်မှန်း ဇူလီသိသည်။ သို့ပေမယ့် သူဖြေလိုက်ရင် ဘာသွားလုပ်တာလဲ ဘာညာ စသဖြင့်မေးခွန်းများဆက်လာမှာစိုး၏။ 


“ဒါဆို အစ်မက ဦးဦးဖျားဖျားပေါ့။ အန်တီ့ကိုအားနာစရာကြီးရယ်” 


“ရပါတယ်၊ အမေ့ဖို့ကြိုပြီးခွဲထားတယ်” 


“အင်း ဒါဆိုလည်း အစ်မ စားတော့မယ်နော်”


ဧည့်ခန်းရှိအသံဟာ တိတ်ဆိတ်နေသည်။ ဧည့်သည်ရှိရက်နဲ့အိမ်တစ်အိမ်ဟာတိတ်ဆိတ်နေရင် ထိုအိမ်ဟာမကောင်းပါ။ ဇူလီဟာ ထိုမိန်းမကို မည်သို့စကားစပြောရမည်ရော၊ ပြောစရာစကားရော သူမမှာမရှိ။ ဘာလုပ်ပြီးဘာကိုင်ရမည်မှန်းတောင် မသိဘဲ ထိုမိန်းမ ထိုင်စားနေသည်ကိုကြည့်နေ၏။ သူမတို့ဟာ တစ်နေရာတည်းထိုင်နေကြသည်ဆိုပေမယ့် အလှမ်းဝေးကြ၏။ ညာဘက်ထိပ်ဆုံးခုံနဲ့ ဘယ်ဘက်အောက်ဆုံးခုံ။


ခေါက်ဆွဲကို တူဖြင့်အသာညှပ်ကာ တစ်လုတ်ပြီးတလုတ်စားနေသည့်မိန်းမကိုကြည့်ရင်း ဇူလီမျက်ဝန်းတွေထဲ ပုံရိပ်များစွာဟာဖြတ်သန်းသွားသည်။ မိမိဖန်တီးထားသည့်ပစ္စည်း၏ ကောင်းမကောင်းအကြောင်းအရာ။ ခေါက်ဆွဲဟာ စားကောင်းသလား၊ ပေါ့သည်လား၊ ငန်သည်လား သူသိချင်နေသည်။ သို့ပေမယ့် နှုတ်မှနေ၍ ထုတ်မမေးဖြစ်။ မေးစရာမလိုဘဲ စားသုံးသူဟာ အလိုလိုပြောပြလာပါလိမ့်မည့်လို့ ထင်လိုက်ပေမယ့်လည်း အတန်ကြာသည်ထိ စားသုံးသူမိန်းမဟာ မည်သည့်အသံမျှထွက်မလာပါ။ သူသည်လည်း ဇူလီဘက်ကစပြီးမမေးမချင်း အရသာကိုထုတ်ပြောဖို့ စိတ်ကူးမရှိဟန်။ သိချင်လိုစိတ်ပြင်းပြပေမယ့် နှုတ်မှထုတ်မေးမလာသည့်ဇူလီကို အူယားကာ ကြိတ်မှိတ်ပြီးစားပြ၏။ 


ထိုမိန်းမရဲ့မျက်နှာဟာ ရဲတက်လာသည်။ အစပ်မစားနိုင်ဘူးထင်၏။ မနေနိုင်တော့သည့်ဇူလီဟာ ထိုမိန်းမကိုသနားပြီး ရေသွားခပ်ပေးသည်။ ပြီးတော့ ပန်ကာပါဖွင့်ပေးခဲ့၏။ ဇူလီဟာလည်း အစပ်သိပ်စားနိုင်သည့် မိန်းကလေးတစ်ယောက်မဟုတ်ပေမယ့် ထိုမိန်းမထက်တော့ပိုသည်။ 


နဂိုနီရဲသည့် ထိုမိန်းမရဲ့နူတ်ခမ်းဟာ အစပ်ကြောင့်ပိုပြီးအရောင်တောက်လာသည်။ နူတ်ခမ်းတွေကိုလျှာဖျားဖြင့်တစ်ခါသပ်တိုင်း ဇူလီ့မှာ တံတွေးတစ်ခါမျိုချရ၏။ ဆံစလေးတွေဆီမှစီးကျလာသည့်ချွေးပေါက်များဟာ လည်တိုင်ကျော့ကျော့တစ်လျောက် တဖြည်းဖြည်းလှိမ့်ဆင်းလာနေသည်။ ရှေ့မှဖြစ်ပျက်နေသည့်မိန်းမကိုကြည့်ကာ ဇူလီဟာ ချွေးတွေစီးကျလာ၏။ ကံယကာရှင်ကိုယ်တိုင်မသုပ်ဘဲပစ်ထားသည့် လည်တိုင်မှချွေးပေါက်များကို အားမလိုအားမရဖြစ်ကာ သူကိုယ်တိုင်သွားသုပ်ပေးချင်လာ၏။ အနေရမခက်ဘူးလား။ 


အနည်းငယ်သာ‌လျော့သည့်ခေါက်ဆွဲပန်းကန်ကိုကြည့်ကာ ဇူလီဟာ မေးခွန်းများ စုပြုံလာသည်။ စပ်လို့လား၊ ငန်လို့လား၊ ပေါ့လို့လား၊ သူ့လက်ရာကိုမကြိုက်ဘူးလား။  သို့ပေမယ့် ဇူလီဟာ ဇူလီပါဘဲ။ ထုတ်မမေး။ 


“အစ်မ ထပ်မစားတော့ရင် ကျွန်မပန်းကန်သိမ်းလိုက်တော့မယ်” 


“အင်း” 


ရပါတယ် လို့တောင် ထိုမိန်းမဟာ မပြော။ ရပါတယ် ဇူလီဟာ ဒီကိစ္စလောက်ကိုစိတ်ထဲမရှိ။ သူမဟာ ဧည့်သည်ပေဘဲ။ 


သူမပန်းကန်‌တွေဆေးပြီးထွက်လာတော့ မှန်ကပ်ထားသည့်နံရံနား ထိုမိန်းမကိုတွေ့၏။ ပစ္စည်းတွေတင်ထားသည့်စားပွဲ‌ပေါ် လက်ထောက်ပြီး မှန်ကိုအားရပါးရယိင်းနေတာပင်။ အလှအတော်လေးကြိုက်သည်ဘဲ။ ချွတ်ထားခဲ့သည့်မျက်မှန်ကို ထိုစားပွဲပေါ်၌ ဇူလီသွားယူ၏။ ထိုမိန်းမဟာ အပူကြောင့်အနည်းငယ်ဖူးနေသယောင်ရှိသည့်နူတ်ခမ်းကို လက်သူကြွယ်ထိပ်လေးဖြင့် အသာသပ်နေသည်။ စားပွဲသာမခံထားရင် ထိုမိန်းမဟာ မှန်ထဲဝင်သွားလောက်၏။ ကျေနပ်သွားဟန်ရှိမှ ထိုမိန်းမဟာ သူမဘက်လှည့်လာသည်။ 


"နှုတ်ခမ်းနီရှိလား" 


ဇူလီခေါင်းသာခါပြလိုက်သည်။ သူမဆီအလှအပနှင့်ပတ်သက်သည့်ပစ္စည်းဆို မည်သည့်အရာမျှမရှိပါ။


ဇူလီ့မျက်လုံးတွေဟာ ထိုမိန်းမရဲ့မျက်ဝန်းတွေအောက်ကမှဲ့ဆီရောက်သွားသည်။ 


"ဇူလီ့အစ်မက ဇူလီနဲ့သိပ်မတူဘူးနော်" 


ထိုမိန်းမဟာ နောက်ကနံရံမှာချိတ်ထားသည့် သူမတို့မိသားစုပုံကိုကြည့်ပြီး ပြောလာသည်။ 


အဲ့မိန်းမက မပြန်နိုင်သေးဘူးလား။ 


"တူတာဆိုလို့ မျက်ခုံးတွေဘဲရှိတယ်" 


သူမ ဓာတ်ပုံဆီကနေအကြည့်ပြန်ရုတ်ပြီး ထိုမိန်းမဘက်လှည့်တော့ သူမကိုကြည့်နေသည့်မျက်ဝန်းတွေဖြင့်တိုး၏။


လူကရှိန်းခနဲဖြစ်သွားရသည်။ 


"မျက်ခုံးထူထူတွေ" 


သူမကိုစေ့စေ့ကြည့်ပြီး‌ ပြောလာသည့်စကားတွေ။


ထိုမိန်းမဟာ ရှေ့တိုးလာသည်။ ဒီတစ်ခါတော့ သူမဟာနောက်မဆုတ်မိပါ။ ထိုမိန်းမရဲ့လက်ညိုးလေးဟာ ခုနကမှသုတ်ထားခဲ့သည့် သူမရဲ့မျက်မှန်ကိုလာထောက်မှဘဲ နောက်မဆုတ်ခဲ့မိတာကိုနောင်တရသွားသည်။ 


ထိုမိန်းမရဲ့လက်ကောက်ဝတ်ကို သူမ,ဆုတ်ကိုင်ပြစ်၏။ ထိုမိန်းမဟာ ဘာတွေလုပ်နေသည်လဲ။ အရမ်းရဲတင်းသည်။


"ဘာလို့စိတ်မဆိုးတာလဲ" 


ဇူလီဟာ မည်သို့မျှပြန်မဖြေ။ ထင်ပါသည် ထိုမိန်းမဟာ ဇူလီကိုစိတ်ဆိုးအောင် စချင်နေ၏။ သို့ပေမယ့် ဒီလိုအပြုအမူလေးဟာ ဇူလီကိုစိတ်ဆိုးအောင်ပြုလုပ်ဖို့ မလုံလောက်။


ဇူလီက စားပွဲနားသွားတော့ ထိုမိန်းမဟာလည်း နောက်မှလိုက်လာ၏။ 


"ဇူလီ စာအုပ်ဖတ်ရတာကြိုက်လား"


ထိုမိန်းမဟာ သူယူလာသည့်စာအုပ်ကိုဖွင့်ကြည့်ပြီး သူမကိုမေးလာသည်။ 


ဇူလီက ခေါင်းခါပြပြန်သည်။


"ဇူလီ့ကြည့်ရတာ အစ်မကိုအများကြီးသဘောမကျတဲ့ပုံဘဲနော်" 


ထိုမိန်းမဟာ စိတ်မရှည်တော့ဟန်။ 


သိပ်ကိုမှတည့်တိုးဆန်လွန်းသည့်မေးခွန်းဟာ ဇူလီဖို့ဖြေရအများကြီးခက်သည်။ သူဘယ်လိုဖြေရမည်မသိ။ စကားများလွန်းသည့်ထိုမိန်းမကို သူမဟာ သဘောမကျတာလား ကျတာလား။ တွေးကြည့်တော့လည်းမဟုတ်။ ဇူလီဆီမှ စကားသံထွက်မလာခြင်းဟာ သာမှန်ပေမယ့် ထိုအပြုအမူများဟာတော့ သူတစ်ပါးဖို့ နေရခက်သွားစေဟန်တူသည်။


"မဟုတ်ပါဘူး" 


“ဒါဆို ဘာလို့သူတစ်ပါးကို အဲ့လောက်ထိဥပက္ခာပြုနေရတာလဲ” 


“ဘာပြောရမှန်းမသိလို့ပါ။ အစ်မမေးသမျှတော့ ကျွန်မ ပြန်ဖြေနေတာဘဲလေ” 


“ခေါင်းငြိမ့်ခေါင်းခါလုပ်ပြီးလား”


ထိုမိန်းမဟာ စာအုပ်ကိုစားပွဲပေါ်ပြစ်ချပြီး စိတ်ဆိုးဟန်ဖြင့်နေသည်။ ဘာလဲ သူများအိမ်လာပြီး။ 


"……" 


“ဟုတ်ပြီ အစ်မ ပြန်ပြီ” 


ပြောပြောဆိုဖြင့် ထရပ်လိုက်သည့်မိန်းမကြောင့် ဇူလီဟာ တစ်ကယ်အားနာသွားသည်။ 


“တောင်းပန်ပါတယ် အမေပြန်လာမှဘဲလာခဲ့ပါနော်” 


“ဟင့်အင်း မလာဘူး” 


ဇူလီဟာ မျက်နှာတွေပါရဲတက်လာသည်။ သူမ ဘယ်လိုလုပ်ရမလဲ။ 


"ဪ ပေးစရာရှိတာလေးတော့ပေးထားခဲ့မယ်။ နင့်ဟာနင် ဖတ်ချင်ရင်ဖတ် မဖတ်တော့လည်း ပြန်လာပို့ပေါ့”


ထိုမိန်းမဟာ စာအုပ်ကိုစားပွဲပေါ်တင်ပြီး ခပ်မြန်မြန်ထွက်သွားခဲ့၏။ ဇူလီဟာ ယခုချိန်ထိဘယ်လိုလုပ်ရမည်မှန်း မသိသေးပါ။ အိမ်ရှင်၏ဧည့်ဝတ်ညံ့ဖျင်းမှုကြောင့် ဧည့်သည်ဟာ ဝုန်းကနဲထပြန်သွားခဲ့သည်။ 


ထွက်သွားသည့်ကျောပြင်လေးကိုကြည့်ပြီးသာ သူမ,ကျန်နေခဲ့၏။ ဘဝမှာ ပထမဆုံးအကြိမ် သူမရဲ့ဧည့်ဝတ်မကျေမှုအပေါ် အပြစ်ရှိစိတ်ဝင်မိ၏။ ထိုမိန်းမဟာ သူမကိုမည်သို့တွေးထင်သွားမည်နည်း။ သူမက စကားပြောဖို့ကြိုးစားပေမယ့်လည်း ခေါင်းထဲမှာ ပြောရမည့်စကားဟာ ဗလာဖြစ်နေသည်။ သူမ ဘာတတ်နိုင်မည်နည်း။  ချထားခဲ့သည်စာအုပ်လေးကိုကောက်ကိုင်ကာ သူမမှာ အတွေးများပြီးကျန်ခဲ့တော့၏။


..............


'အဝါရောင်နေကြာပန်းတွေပွင့်သည့်ဂါဝန်' 


လက်ထဲကနေကြာအဝါရောင်လေးတွေဖြင့်စာအုပ်ကို အိမ်အောက်မှာမထားချင်လို့ ဇူလီဟာ သူ့အခန်းဆီယူလာခဲ့သည်။ စာအုပ်ရဲ့ထုပ်ပိုးမူ၊ အရောင်၊ ဒီဇိုင်း‌ဟာ ချစ်စရာကောင်းတာကိုတော့ သူမ,ဝန်ခံပါသည်။ စာရေးသူနာမည်ကြားရုံဖြင့် ထိုသူဟာငယ်ရွယ်မည်မှန်း ခံစားရ၏။ ထိုစာအုပ်၏အကြိုက်ဆုံးအစိတ်အပိုင်းကတော့ စာအုပ်မျက်နှာဖုံးပါပင်။ စိတ်ကူးယဉ်ဆန်သည်၊ ပေါ့ပေါ့ပါးပါးရှိသည် ဟုခံစားရ၏။ သို့ပေမယ့်လည်း ဖတ်ရမှာပျင်းသည်။ အစကတော့ ထိုမိန်းမကိုစိတ်ဆိုးပျယ်စေဖို့ စာအုပ်လေးကိုဖတ်ဖို့လုပ်ပေမယ့် တစ်ကယ်တမ်းလည်းကျရော ဖတ်ဖို့ကိုအလွန်ပျင်းနေသည်။


ပျင်းစစဖြင့် ရီရီဆီသွားဖို့ သူမစက်ဘီးကိုထုတ်လာတော့ ဟိုဘက်ခြံမှာ မနေ့ကတွေ့ခဲ့သည့်ကားကို ပြန်တွေ့၏။ ဟိုယောက်ျားကြီး ပြန်ရောက်နေသည်ထင်သည်။ ဟုတ်၏။ ထိုအနီယောက်ျားဟာ နက်ပြာရောင်ဗမာဝမ်းဆက်ကိုဝတ်ကာ ပိုက်ဆံအိတ်လွယ်လာသည့်မိန်းကလေးနဲ့အတူ အိမ်ထဲမှထွက်လာ၏။ နှစ်ယောက်သားဟာ အပြုံးတွေချင်းဖလှယ်နေကြသည်။ ထိုယောက်ျားဟာ မိန်းကလေးဝင်လို့ရအောင် ကားတံခါးကိုဖွင့်ပေးသည်။ ထိုယောက်ျားရဲ့မျက်နှာဟာ သူဟာလောကမှာကံအကောင်းဆုံးလူတစ်ယောက်လိုရှိနေ၏။ 


ဇူလီ နေရာမှာတင်ရပ်နေမိသည်။ ထိုကားဟာ သူမတို့ခြံရှေ့‌ဖြတ်သွား၏။ Passenger seat မှာပါသွားသည့် စိမ်းလဲ့ညိုကို သူမ,မြင်သည်။ သူမကို တစ်ချက်လေးတောင် လှည့်ကြည့်မသွားခဲ့ပါ။ ပတ်ဝန်းကျင်ရဲ့စကားတွေဟာအလိမ်အညာတွေဘဲဆိုတာ သူမ တဖြည်းဖြည်းသိလာသည်။ ထိုမိန်းမဟာ အများကပြောသလို တွေ့ဖို့မြင်ဖို့အဲ့လောက်ခဲယဉ်းသည့်လူမဟုတ်ပါ။ အခုကြည့်ပါလား ပါသွားပြီလေ။ ဇူလီဟာ ထိုမိန်းမကိုသဘောကျသည်လည်းမဟုတ် မကျဘူးလည်းမဟုတ်။ သို့ပေမယ့် ထိုမိန်းမဆီမှ အာရုံစိုက်မှုကိုတော့ သူလိုချင်သည်။ အခုလိုဖြတ်သွားသည့်အချိန်မျိုးမှာ သူမကို လှည့်ကြည့်သွားတာမျိုး သူလိုချင်၏။


ခက်သည်။ သူမဟာ ထိုမိန်းမကြောင့်ရူးသွားပြီထင်၏။ 


.............


"ဘာလို့မေးတာလဲ။ ခုတလောနင်အဲ့မိန်းမအကြောင်းတွေ အရမ်းမေးတယ်နော်" 


ရီရီဟာ သူမမေးခွန်းကိုအရင်မဖြေ။ တစ်ခုခုကိုသိချင်နေသည့်မျက်လုံးတွေဖြင့် ဇူလီ ကိုကြည့်၏။ သူမကဒီတိုင်း အဲ့မိန်းမမှာ နောက်ရည်းစား ဒါမှမဟုတ် သဘောတူထားတဲ့လူများရှိတာလားလို့ မေးကြည့်မိခဲ့သည်။


"ငါမေးတာသာဖြေစမ်းပါ" 


နေ့စဉ်နဲ့အမျှ ဇူလီ့မှာ ထိုမိန်းမဖြင့်ပတ်သက်သည့်မေးခွန်းတွေဟာ စုပြုံလာသည်။ အတွေးတွေလည်းများလာ၏။ ဟိုတစ်ခါ စကားများကြပြီးကတည်းက အဲ့မိန်းမက သူ့အိမ်မလာတော့ပါ။ လူမမြင်ရပေမယ့် ထိုမိန်းမနဲ့ပတ်သက်သည့်ဤရာတွေဟာတော့ ဇူလီအတွေးထဲ နေ့တိုင်းမြင်နေရသည်။ ဥပမာ စက္ကန့်ပိုင်းလောက်သာ သူမ,ဆုတ်ကိုင်ခဲ့ရသည့် လက်ကောက်ဝတ်ကလေး။ ခုထိသန့်ရှင်းရေးမလုပ်ရသေးသည့် သူမရဲ့မျက်မှန်။ ဖြတ်ခနဲသာကြည့်ဖူးသည့် မှဲ့လေး၂လုံး။ ခုထိဖွင့်မဖတ်ရသေးသည့် စာအုပ်။ အထိအတွေ့လေးတစ်ခုဟာ ထိုမျှလောက်ထိစိတ်စွဲနိုင်သည်လား။ သူမရဲ့လက်တစ်ဆုတ်စာသာရှိသည့် နူးညံ့သည့်လက်ကောက်ဝတ်လေးဟာ ဇူလီရဲ့အိမ်မက်တွေထိနေရာယူလာနေပြီ။ 


"နင်ပြောတာ အသားဖြူဖြူချောချောနဲ့တစ်ယောက်မလား။ ခေါင်းမှာအမြဲဆီရွဲနေတဲ့တစ်ယောက်" 


“ဂျယ်ပါဟ နင်ကလည်း”


ရီရီပြောမှ ဇူလီမှာ လူပါမှားချင်မိသွားသည်။ ထိုယောက်ျားဟာ မချောပါဘူး။ ဝတ်တတ်စားတတ်လို့ ကြည့်ကောင်းသည်လို့ဘဲမြင်သည်။ 


"အဲ့တာသူ့သူငယ်ချင်း။ ငါတို့မမွေးခင်ကတည်းက သူတို့ခင်တာ" 


ထိုစကားကြားတော့ ဇူလီဟာ ဘာကိုစိတ်သက်သာယာရမှန်းမသိ။ 


"တရုတ်ကောင်လေ။ ပိုက်ဆံရှိတယ်" 


မျက်နှာပေါက်ကိုမြင်ကတည်းက တရုတ်မှန်းသူမခန့်မှန်းမိပြီးသားပါ။ 


"မြန်မာကားသိပ်မကြည့်နဲ့။ ဘာကိုမိဘချင်းသဘောတူလဲ သူတို့ချင်းတောင် ဘာသတင်းမှမထွက်ဖူးတဲ့ဟာ။ နင်ဆိုရော နင်နဲ့ညီအစ်ကိုလို မောင်နှမလိုပေါင်းတဲ့လူနဲ့ကြိုက်မလား။ ဒါမျိုးညာမျိုး သူတို့မိဘတွေဆီကလည်းမကြားဖူးဘူး။ ပတ်ဝန်းကျင်ကတော့ သို့လောသို့လောပေါ့" 


ရီရီဟာ ပန်းအိုးတွေမလိုက် သူမကိုလှည့်ပြောလိုက်ဖြင့်ရှိနေ၏။ 


"ဪ" 


"အဲ့မိန်းမအကြောင်းမေးတာတွေ အရမ်းများတယ်နော် နင်"  


ဇူလီ မဖြေချင်သည့်မေးခွန်းကိုဘဲ ရီရီဟာထပ်မေးလာသည်။ 


"သိချင်လို့ပေါ့။ ငါကသူ့ကိုနေ့တိုင်းမြင်နေရတာကိုး" 


သူ့အဖြေကို ရီရီယုံလားမယုံလားမသိပေမယ့် ခေါင်းတော့ငြိမ့်ပြနေသည်။ 


"အင်္ကျီအဖြူကြီး လျှော်မပျင်းဘူးလား" 


ဇူလီ ဝတ်ထားသည့်အင်္ကျီမှ အနည်းငယ်ပေသွားသည့်နေရာကို ရီရီကလက်ညိုးထိုးပြရင်းပြောသည်။ 


ဇူလီပုခုံးတွန့်ပြ၍


"ငါလျှော်တာမပြောင်ရင် ငါ့အမေကထပ်လျှော်ပေးတယ်" 


သူမကို မိဘအားဒုက္ခပေးသည်ဟု ပြန်ပြောနေ၏။ ဟုတ်ပါသည်။ သို့ပေမယ့် ဒါဟာနွေးထွေးသည့်ဒုက္ခ။ နွေးထွေးမူကို ဘယ်အရာဖြင့်မဆို ဖော်ပြလို့ရပါသည်။ ဇူလီသာမရှိရင် ဇူလီ့အမေ ဘယ်သူ့အဝတ်တွေသွားလျှော်မှာလဲ။ လျှော်ပေးမယ့်လူရှိလို့ အဝတ်တွေဟာပိုပေသည် လျှော်ပေးမယ့်လူရှိလို့ အဝတ်တွေဟာလည်းပိုပြီးပြောင်သည်။ ဇူလီဟာ အမေ့ကိုယုံ၍ အဖြူထည်ကိုရဲရဲကြီးဝတ်ရဲ၏။ 


သင်ဟာ မည်မျှဆိုးညစ်သည့်လူဖြစ်ပါစေ မိဘသာရှိရင် အမြဲတောက်ပြောင်စွာနေရသည်ဟာ အဝတ်များကပထမဥပမာဖြစ်၏။


ရာသီဥတုဟာ ပိုပြီးပူလာပြီး ကောင်းကင်ဟာလည်း ပိုပြီးပြာလာသည်။ ကလေးများ၏ နွေရာသီအားလပ်ရက်ဟာ ရောက်ရှိလာခဲ့ပြီး ပတ်ဝန်းကျင်ဟာပိုမိုဆူညံလာခဲ့သည်။ ယခင်ထက်အသားပိုပြည့်ဝလာသည့်အပင်များကိုကြည့်ခြင်းအားဖြင့် နွေးဦးဟာ များမကြာမီကုန်ဆုံးတော့မည်မှန်း အသိဝင်လာ၏။ 


ဇူလီဖေဖေဟာ အိမ်အတွက်ဆိုပြီးယူလာသည့် ကံ့ကော်ပင်ပေါက်တွေကို ခြံရှေ့မှာစိုက်နေသည်။ အရင်တစ်ခါကလည်း ယုဇနပန်းတွေ တောဝန်းမှနေ၍သယ်လာခဲ့သေး၏။ ယခုများဆိုဇူလီတို့ခြံဟာ ပန်းပင်တွေအတော်များနေပါပြီ။ မေမေဟာလည်း သူမလိုဘဲပန်းတွေကြိုက်သည်လေ။ အကြွေလွယ်သည့်ယုဇနပန်းများကို ခေါင်းအပြည့်ပန်ဆင်တတ်သည်။ အိမ်ထဲမေမေသွားသည့်နေရာတလျောက် ထိုပန်းအကြွေများကိုတွေ့ရတတ်၏။ 


ယခု ဇူလီမေမေဟာ ကြက်သွန်နီဖြင့်သုပ်ထားသည့် ပဲခြမ်းများကိုဝါး ရေနွေးကြမ်းကိုတရွတ်ရွတ်သောက်ကာ ဟင်းလှီးနေရင်း သူတို့ခေတ်တွေအကြောင်း ပြောပြနေ၏။ 


"နင့်အစ်မရဲ့ကိုယ်ဝန်ကိုလွယ်ပြီး ငါဆန်တွေထောင်းခဲ့ရတာ" 


မေမေပြောသည်က ဇူလီ့အစ်မ၆လသမီးအရွယ်ကိုယ်ဝန်ကြီးနဲ့ ရွာထဲဆန်သွားထောင်းခဲ့ရတာတဲ့။ အမှန်တိုင်းပြောရရင် ဇူလီ့မေမေဟာ ၄တန်းထွက်ပါ။ စာအပြည့်အစုံမသင်ခဲ့ရဘူး။ ဒါပေမယ့် အမေဟာပညာပြည့်တယ်။ ပဠာန်း၊ပါဠိအစုံ၊ မြန်မာစကားလုံးတွေရဲ့အနက်အဓိပ္ပာယ်ကို ဇူလီထက်ပိုသိတယ်။ ငွေအတွက်အချက် အမေဘယ်တော့မမှားဘူး။ တစ်အိမ်လုံးရဲ့ဝတ်စားဆင်ယင်စရိတ် အပိုအလိုမရှိဘဲ အမေသေချာစီမံတတ်တယ်။ အမေ့မှာ လောကကြီးကပေးတဲ့ပညာအစုံဘဲ။ 


မေမေတို့လိုမိန်းမသားများဟာ ဇူလီထင်ထားသည်ထက် ပိုပြီးပင်ပန်းခဲ့ရပါသည်။ အသိတွေမကြွယ်သေးသည့်ခေတ်၊ အမျိုးသမီးတွေလူရာမဝင်သည့်ခေတ်တွင် မေမေတို့လိုအမျိုးသမီးတွေဟာ ပင်ပင်ပန်းပန်းဖြင့်အသက်ရှင်ခဲ့ကြရသည်။ မိန်းမတွေဟာ မီးဖိုထဲဘဲနေသင့်သည် ဆိုသည့်နည်းပါးသည့်ဉာဏ်တွေဖြင့် အမျိုးသမီးတွေကို ဟင်းချက်ထမင်းချက်၊ ရေထမ်း၊ မောင်းထောင်း၊ ဆန်ပြာ စသည်ကလွဲ မည်သည့်ပညာမျှ မသင်ပေးခဲ့ကြဘူးဟု မေမေကပြောပြ၏။ ယောက္ခမအိမ်မှာ အခစားဝင်ဖို့ အချက်အပြုတ်ကို အပိုးကျိုးအောင်သင်ရသည်။ အမျိုးသမီးတွေဟာ ယောက္ခမအိမ်ရောက်လည်း မီးဖိုဆောင်ဝင်တာထက်ပိုပြီး လုပ်ပိုင်ခွင့်တွေရှိသည်ဟု ဇူလီထင်သည်။ ယောက္ခမအိမ်ရောက်သွားသည့်အမျိုးသမီးဟာ ပိုက်ဆံမရှာရတော့ဘူးလား။ သူဝါသနာပါသည့်အရာများကို လုပ်ခွင့်မရှိတော့ဘူးလား။ မရှိဘူးဆိုရင်တော့ ဒါဟာအမျိုးသမီးတွေကိုသက်သက်နှိပ်ကွတ်တာဘဲ။ အမျိုးသမီးတွေကိုဆို လူကြီးတွေဟာ ၄တန်းထိဘဲ ပညာသင်ပေးကြသည်ဆို၏။ ပြီးရင် သွားလေရော့ အိမ်အလုပ်။ တချို့ဆိုဘာမှမသင်ရဘူးတဲ့။ သို့ပေမယ့်လည်း ထိုခေတ်အခါကမိန်းမသားများဟာ အတော်မာခဲ့ကြသည်။ ကိုယ်ဝန်လွယ်ထားလျက်နဲ့ မောင်းထောင်း၊ ရေခပ်၊ ဆန်ပြာ၊ ထင်းခြောက်များထွက်ရှာနိုင်ကြ၏။ ယောက်ျားများကတော့ ၄တန်းအောင်ပြီးလျှင် ဘုန်းတော်ကြီးကျောင်းမှာ ပညာဆက်သင်ခွင့်ရကြသည်တဲ့။ ဇူလီကတော့ နားထောင်ရင်းတောင်ထိုခေတ်ကအမျိုးတွေအစား ပင်ပန်းရသည်။ အားနွဲ့သည့်မိန်းမသားများကို ဆက်ပြီးနွဲ့အောင် ယောက်ျားသားများကဖိနှိပ်ခဲ့ကြသည်။ ထိုခေတ်ကအမျိုးသမီးတွေဟာ ထိုလူတန်းစားခွဲခြားမူတွေကြား စိတ်ရောကိုယ်ပါပင်ပန်းခဲ့ကြရသည်။ သို့ပေမယ့် အသက်ဆက်ရှင်ခဲ့ကြ၏။ 


လူတွေတိုင်းဟာ အခက်အခဲတွေ၊ဖိအားတွေကြောင့် စိတ်ရောလူရော မည်မျှပင် ပင်ပန်းနေပါစေ အသက်ရှင်ဖို့အတွက် စက္ကန့်နဲ့အမျှရှုန်းကန်နေရဆဲပါဘဲ။


ရှေးလူကြီးများ၏ ခေတ်နောက်ကျသည့်အတွေးအခေါ်များဟာ ယနေ့များထက်တိုင်ရှိနေပါသေးသည်။

 ကျား/မ ခွဲခြားမှု၊ လူဖြူလူမဲခွဲခြားမှု၊ ချစ်ခြင်းအပေါ် အဆင့်အတန်းဖြင့်ခွဲခြားမှု၊ အချစ်ကိုလူတွေရဲ့အဆင့်အတန်းဖြင့်ခွဲခြားမှု စသည်ဖြင့်ပေါ့။ လူတွေဟာ အတွေးအမြင်တစ်မျိုးစီဖြင့်ပါ။ သို့ပေမယ့် ထိုအတွေးအမြင်များထဲမှာ အမှန်ကို အမှားကိုလက်ခံတွေးပေးနိုင်သည့်အမြင်မျိုးမရှိမချင်း ထိုခွဲခြားမူများဟာ အစုအနှစ်များတစ်လျောက် ဆက်လက်ရှင်သန်နေအုံးမှာပင်။ 


မေမေက စကားပြောရပ်ပြီး ထမင်းအိုးကိုသွားကြည့်ပြီး အိုးကိုချွေးခါသည်။ 


“နှေးလိုက်တာကိုမှ လိပ်ကျနေတာဘဲ။ နင်လုပ်တာနဲ့တင် ငါကထမင်းမစားရတော့ဘူး” 


ဇူလီမေမေမှာ ထမင်းဆာရင်စိတ်တိုတတ်သည့်အကျင့်ရှိ၏။ သီးစုံအချဉ်ရည်ဟင်းချက်ဖို့ အသီးများခွါသည်ကို ဇူလီမေမေဟာ သူမကိုစိတ်မရှည်ပါ။  


“ဒီလို ဒီလို မြန်မြန်လုပ်လေ” 


“လုပ်နေတာဘဲလေ မမြင်ဘူးလား” 


“နှေးလို့ပြောတာ ။ မအေကထမင်းဆာသေတော့မယ် နင့်ဟင်းကချက်ကိုမချက်ရသေးဘူး” 


“ထမင်းဆာရင် ထမင်းဘဲသွားစားပါလား ဘာလို့ဟင်းလာစောင့်နေတာလဲ” 


“နင် ငါ့ကို… “  


ဇူလီဘဝဟာ မေမေမရှိရင် ဒီထက်ပိုပြီးတိတ်ဆိတ်တော့မည်ထင်သည်။ မေမေ့ကို အိမ်အလုပ်တွေကူပေးရတာကို ဇူလီဟာ အတော်ကြိုက်၏။ ဒီအိမ်မှု ကိစ္စတွေကို မေမေဟာတစ်ယောက်တည်းလုပ်နိုင်မှန်း သူမ,သိသည်။ သို့ပေမယ့် သူမ,ကူချင်၏။ သူမ,မရှိရင် မေမေရဲ့မီးဖိုဆောင်ဟာတိတ်ဆိတ်နေတတ်သည်။ သူမ,ရှိရင်တော့ မီးဖိုဆောင်ဟာ ယခုလိုဆူဆဲသံ‌တွေဖြင့်ညံနေတတ်သည်။ သို့ပေမယ့် သူမရော မေမေရောဟာ ပျော်ကြသည်ဆိုတာ ခံစားမိ၏။ သားသမီးမရှိသည့်အရပ်မှာ ပျော်သည့်မိဘဆိုတာ ဘယ်မှာရှိမည်နည်း။ မီးဖိုထဲဖြစ်ဖြစ်၊ ဒီအိမ်လေးထဲဖြစ်ဖြစ်၊ ဒီမြို့လေးထဲဖြစ်ဖြစ်၊ ဒီနိုင်ငံလေးထဲဖြစ်ဖြစ်။ လူတိုင်းဟာ သူတို့ချစ်ခင်နှစ်သက်သည့် မည်သူနဲ့မဆို မည်သည့်နေရာ၌မဆို အတူရှိနေချင်ကြသည့်လူတွေကြီးပင်။ တစ်နေ့များကျ မေမေမရှိတော့သည့်အခါ မီးဖိုဆောင်ဟာ တိတ်ဆိတ်တော့မည်။ အဖြူအမဲခေတ်ကအကြောင်းတွေဟာ ပြောသူမဲ့ကာ ပိုပြီးကာလာမဲ့လာတော့မည်။ သူမရဲ့အင်္ကျီအဖြူတွေဟာ ပိုပြီးညစ်ပတ်လာတော့မည်။ ယုဇနပန်းတွေရဲ့အပိုင်းအစတွေကို အိမ်ထဲမှာမတွေ့ရတော့သည့်နေ့တွေရှိလာတော့မည်။ 


လူတွေဟာ မိဘတွေရဲ့ချစ်ခြင်းမေတ္တာကိုကျ အပြည့်အဝခံစားကြပြီး ဘာလို့သူတို့ကိုကျ ချစ်ခြင်းတွေပြန်မပေးနိုင်ရသနည်း။ သူတို့ဟာ အချစ်ခံရဖို့ထိုက်တန်တာထက်ပိုကြသည့်လူတွေပါ။ 


တိတ်ဆိတ်သွားတော့မယ့် အနာဂတ်တွေအကြောင်းကိုတွေးပြီး ဇူလီဟာ ရင်ပူလာသည်။ လူတိုင်းအတွက် မနက်ဖြန်ဆိုတာဟာ မသေချာပါ။ အရင်ထွက်သွားမည့်လူဟာ သူလည်းဖြစ်ချင်ဖြစ်နေနိုင်သည်။ ထို့ကြောင့် ဒီနေ့တွေတိုင်းမှာ သူမဟာ ချစ်ရသူတွေနဲ့နီးနီးလေးမှာနေပြီး အကောင်းဆုံး‌ရှင်သန်ချင်သည်။ 


ဇူလီဟာ သူမရှေ့ကမိန်းမကိုကြည့်ရင်း ရုတ်တရက်ကြီး ဝမ်းနည်းစိတ်တွေဝင်လာ၏။ ရုတ်တရက်ဝင်လာသည့်ဝမ်းနည်းစိတ်ကိုဖျောက်ပစ်ဖို့ မေမေ့နားသွားပြီး သနပ်ခါးအပြည့်လူးထားသည့်ပါးကိုသွားနမ်းတော့ မေမေဟာ ဇူလီကိုရိုက်၏။ 


“အာ့” 


"စိတ်တိုနေပါတယ်ဆိုမှ နင်ကတစ်မျိုး” 


“နာတယ်နော် ဒေါ်နွေးစံပယ်”  


သူမ မေမေရိုက်သည်ဟာ မနာပါ။ သို့ပေမယ့် သူမဟာ မေမေရဲ့ပုခုံး‌တွေပေါ်မှီချလိုက်၏။ ဇူလီမေမေကတော့ သူမကိုတွန်းထုတ်နေသည်။ အမေရှိစဉ်ကာလအတွင်းမှာ သူမဟာ မနာလည်းဘဲဟန်ဆောင်နာကာ မိခင်ဖြစ်သူရဲ့ပုခုံးဆီမှီချလို့ရ၏။ နောက်များကျ တစ်ကယ်နာကျင်လာသည့်အခါ သူမမှာ မှီချဖို့ဒီပုခုံးလေးရှိပါတော့မလား။


…….


သူမတို့အိမ်ကို ဆူအောင်လုပ်တတ်သည့်လူတစ်ဦးရှိသေးတာ ပြောဖို့မေ့သွားသည်။


နွယ်ဇင်ချမ်းမြေ့ခေါ်သည့် ဇူလီ့အစ်မပါ။ 


သူမနဲ့အဖေဟာ အစ်မဖြစ်သူကို ကားဂိတ်သွားကြိုကြ၏။ ကားဂိတ်မှာ ဖြူရော်နေသည့်မျက်နှာဖြင့် သူမအစ်မဖြစ်သူကိုတွေ့သည်။ ကားပေါ်မှာ ဆန်ပြုတ်အရမ်းရောင်းလာသည်ထင်၏။ အိမ်ဖြင့်မဝေးတော့သည့်ခရီးကိုတောင် ကားဖြင့်မလိုက်လိုတော့၍ ဆိုင်ကယ်ငှားပြီး အိမ်သယ်လာရသည်။ ယနေ့တော့ သူကားမူးနေ၍ အရင်အနားယူ၏။ သေချာတာကတော့ ဒီနေ့ဟာ ဇူလီ့ရဲ့ တိတ်ဆိတ်သည့်နေ့ရက်များ သက်တမ်းကုန်သည့်နေ့ဖြစ်သည်။


ဇူလီမနက်စောစောထပြီး မေမေနှင့်အတူဈေးလိုက်ကူ၏။ ကြက်သားကိုဝယ်သည်။ ငါးပိရည်ကျိုဖြင့်လိုက်သည့် တို့စရာအစုံကိုဝယ်သည်။ အိမ်က သူ့သမီးအကြီးနှင့်ယောက်ျားအတွက် မနက်ခင်းစာ ပလာတာနှင့်အကြော်စုံတွေဝယ်၏။ သူမတို့သားအမိကတော့ ဈေးထဲကခေါက်ဆွဲဆိုင်မှာ မနက်ခင်းစာကိုကြိတ်ကြသည်။ ဆိုင်ရှင်က ဒေါ်တင်လှဆိုသည့် အသက်ကြီးကြီးအမျိုးသမီးပါ။ လက်ရာက ပျံလန်နေအောင်ကောင်း၏။ လူများသည်မို့ သူမတို့တောင် ထိုင်ခုံရဖို့အတော်စောင့်လိုက်ရသည်။  မေမေက မုန့်ဟင်းခါးမှာ၍ သူမကတော့ ဆန်ပြား မှာစားသည်။ ဘာဘဲမှာမှာ သုံးသည့်ဟင်းရည်သာ မုန့်ဟင်းခါးဟင်းရည်သာဖြစ်၏။ ထိုအန်တီကြီး၏ဟင်းရည်ဟာ အများဖြင့်မတူပါ။ ဟင်းရည်သိပ်မပျစ် အနေတော်လေးမှာ ငှက်ပျောအူဖတ်၊ ကြက်ဥဖတ်များ၊ ကြက်သွန်နီများကို များများစားစားထည့်ထားသည်ကိုတွေ့ရ၏။ ဇူလီမှာလိုက်သည့် ဆန်ပြားဟာ ပြုတ်စရာမလိုပါ။ ဟင်းရည်ထည့်ပြီး အသင့်စားရုံရှိ၏။ အန်တီကြီးက ငါးဆုတ်ကြော်ကိုလည်း ဖောဖောသီသီထည့်ပေးသည်။ ဇူလီက ငှက်ပျောအူမကြိုက်ဘူးပြော၍ ငါးဆုတ်ကိုပိုထည့်ပေးလာ၏။ တစ်ပွဲ၇၀၀ဟာ အတော်စားပျော်ပါသည်။ ဈေးလာတိုင်း သူမတို့ဒီဆိုင်ဘဲစားဖြစ်ကြတာများသည်။ နံနက်စောစောဆို ဒီဆိုင်ကိုမှီ၏။ အနည်းငယ်လေးနောက်ကျရင်တော့ ဆိုင်ရှင်အန်တီကြီးခွက်ဆေးနေတာနဲ့တိုးတတ်သည်။


ဇူလီ တို့ဈေးမှပြန်လာတာတောင် အစ်မဖြစ်သူက မနိုးသေးပါ။ ကားစီးရတာ အတော်အီဆိမ့်သွားသည်ထင်ရဲ့။ သူမဖေဖေကတော့ ဈေးမှပါလာသည့်ပလာတာကို ကော်ဖီဖြင့်ဗိုက်ဖြည့်ပြီး တောဝန်းသွားဖို့ပြင်နေ၏။ သူမနဲ့မေမေကတော့ ဝယ်လာသည့်ဟင်းတွေချက်ဖို့ပြင်ကြသည်။ ယနေ့ဖို့ ကြက်လည်ပင်း၊ တောင်ပံ၊ ခြေထောက်များကိုခုတ်ထစ်ကာ ဂွေးတောက်ဖြင့်အရည်သောက်ချက်မည်ဖြစ်ပြီး၊ ကျန်အပိုင်းများကိုတော့ ခရမ်းချဉ်သီးအနှစ်အနည်းငယ်ဖြင့် အခြောက်ချက်ထားသည်။ နောက်ပြီး ငါးပိကိုအရည်ကျို၏။ ဖေဖေနဲ့သူမက အစပ်စားနိူင်ပေမယ့် သူမမေမေနှင့်အစ်မဖြစ်သူက အစပ်သိပ်မစားသည်မို့ ငရုတ်သီး‌လျှော့ထည့်သည်။ တို့စရာကတော့ အတော်စုံပါသည်။ ခရမ်းကျွတ်သီးကတော့ ဇူလီသိပ်ကြိုက်၏။ ဖေဖေကတော့ နေ့လည်ထမင်းပြန်စားမည်လို့ပြောသွားသည်။ 


ထမင်းဟင်းတွေချက်ပြီး ဇူလီတို့သားအမိခဏနားကြ၏။ ပြီးရင် ရေချိုးကြသည်။ ဇူလီရေချိုးနေစဉ် ခုမှထလာသည့်အစ်မဖြစ်သူကဝင်လာ၏။ သူမကိုမြင်တော့ အသားတွေပြည့်လာသည် ပြောသည်။ သူ မရှိလို့ ဇူလီဟာအတော်လေးစိတ်ချမ်းသာနေသည်ထင်သည် လို့လည်းပြော၏။ သူ့အစ်မဟာ ဇူလီနဲ့အတူ ရေတစ်ခါတည်းချိုးသည်။ ဇူလီဟာ ရေချိုးတာတောင် တိတ်တိတ်မချိုးရပါ။ အစ်မဖြစ်သူက စကားတွေပွစိပွစိပြောပြီး သူမကိုစနှောက်နေ၏။ ထမင်းစားပွဲမှာလည်း ထိုနည်းတူပါပင်။ မေမေနှင့်သူမအစ်မဟာ အတော်ကီးကိုက်သည်ပြောရမည် စကားအတော်ပြောနိုင်ကြပြီး အတိုင်အဖောက်ညီကြ၏။  မေမေနဲ့ဆို ဇူလီကနားထောင်သူသက်သက်ပါ။ ပြောသမျှကို အွန်မလုပ်အင်းမလုပ် ငြိမ်ပြီးနားထောင်တတ်သည်။  ဇူလီအစ်မဟာ ဆေးရုံကလူနာတွေအကြောင်း၊ သူငယ်ချင်းတွေအကြောင်း၊ သူနဲ့သူ့ရည်းစားအကြောင်း၊ သူ့ရည်းစားမိဘတွေအကြောင်း၊ အခန်းဖော်တွေအကြောင်း၊ ဒီဘက်လာခဲ့ရသည့်ကားလမ်းအခြေအနေတွေအကြောင်းကို ရှေ့မှာမြင်နေရသည့် တို့စရာဗန်းစုံသည်ထက်ကိုပိုအောင် ပြောပြနေ၏။


"အမေ ဇူလီ့ကို အဆောင်အပ်ပြီးပြီလား" 


"မအပ်သေးဘူး။ သူလည်ပါစေအုံး" 


ထမင်းစားပြီးကြတော့ ဧည့်စားပွဲမှာ စကားလက်ဆုံကျကြ၏။ မေမေကတော့ သူမဟာကိုယ်ခံအားနည်းသည်မို့ လူစုံသည့်အဆောင်မှာ မထားလိုဘဲ အိမ်ကနေသာတက်ခိုင်းမည်ဖြစ်ကြောင်း ပြောပြ၏။ ဇူလီ အစ်မကတော့ လက်မခံချင်ပါ။ ယခုသူမဟာ ကျန်းမာနေပြီမို့ စာပိုလိုက်‌နိုင်အောင် အဆောင်မှာဘဲထားသင့်ကြောင်း၊ လူတောတိုးနိုင်အောင် လူများသည့်နေရာမှာပိုထားသင့်ကြောင်း ပြောနေသည်။ 


"အောင်စာရင်းတွေက ဇွန်လလောက်ထွက်မယ်ထင်တယ်နော်။ ပြီးတာနဲ့ သူ့ကိုဘော်ဒါအပ်လိုက်တော့"


ဇွန်လပြီးလျှင်တော့ ဇူလီ အားတော့မည်မဟုတ်ပါ။ အဆောင်ဘဲအသွင်းခံရမလား အိမ်ကနေဘဲတက်ရမှာလား သူမ,မသိ။ သူမကတော့ သူတို့ဆုံးဖြတ်ချက်ကိုသာလက်ခံပါမည်။ အဆောင်မှာဆိုလူစုံပေမယ့် သူမ စာပိုလုပ်နိုင်လိမ့်မည်လေ။ အိမ်ကနေဆိုရင်တော့ အသွားအပြန်အချိန်တွေအလဟသဖြစ်ပြီး သူမ စာကိုပိုပြီးဖိလုပ်ရပေမည်။ သူမအစ်မက သေချာပေါက်အိမ်ကနေတက်ခိုင်းမည့်အစီအစဉ်ကို သဘောမကျပါ။ 


"နင့်ညီမကတစ်ဝက်ကျိုးပြီးသားလေ အိမ်ကနေဘဲတက်ခိုင်းမလို့။ တော်ပြီပေါ့ အောင်ရုံ" 


ကြွားပြောတာတော့မဟုတ်ပေမယ့် ဇူလီကအမျိုးတွေထဲ ဉာဏ်အကောင်းဆုံးမိန်းကလေးပါ။ ဇူလီ့ဖေဖေကလည်း အမျိုးတွေထဲမှာ ရာထူးအကြီးဆုံးပါဘဲ။ ထို့ကြောင့် စောင့်ကြည့်နေကြသည့်မျက်လုံးတွေပေါသည်။ အစ်မတို့အဖေတို့ကတော့ ဇူလီကိုကြိုးစားသလောက် ဖြစ်မြောက်စေချင်ကြသည်။ မေမေကတော့ သူမ နေမကောင်းပြန်ဖြစ်မှာကိုဘဲ အရမ်းကြောက်နေ၏။ 


“အောင်ရုံဘဲဆိုထားမနေနဲ့တော့လေ။ အဖေ့တောဝန်းထဲဘဲပို့ပြီး လစာတစ်ပဲခြောက်ပြားနဲ့ စာရေးမဘဲလုပ်ခိုင်းလိုက်” 


ဇူလီထိုစကားကိုသဘောမကျပေမယ့် တိတ်ဆိတ်နေသေးသည်။ 


“သူလုပ်နိုင်သလောက်ဘဲအမေတော့လုပ်ခိုင်းချင်တယ်။ သူ့ကျန်းမာရေးကရှိသေးတယ်လေ။ နင်ဖြစ်ချင်တာကိုဇွတ်မပြောဘဲ သူဖြစ်ချင်တာဘဲလုပ်ခိုင်းကြည့်စမ်းပါ” 


“ကျန်းမာရေး ကျန်းမာရေး ကိုယ့်ကျန်းမာရေးမကောင်းတာကိုယ်သိသားနဲ့ ဘယ်တော့ဂရုမစိုက်ဘူး။ ပေါ့ပေါ့နေ ပေါ့ပေါ့စား ပြီးရင်ဖျား။ စောက်သုံးမကျဘူး” 


ဇူလီ့အစ်မက အမေနဲ့စကားအချေအတင်ဖြစ်ပြီး ဒေါသသံပါလာသည်။ ဇူလီ့ကိုတည့်တည့်ကြည့်ပြီး ထိုစကားပြောလာ၏။ ဇူလီရှက်လည်းရှက် စိတ်လည်းဆိုးသည်။ သူ ဒီနေရာကနေထထွက်သွားချင်လာ၏။ 


“နင့်ကိုယ်နင်ရောအသုံးကျတယ်ထင်နေတာလား။ နင်အသုံးမကျခဲ့သမျှကို အငယ်အပေါ်ပုံမချနဲ့နွယ်နွယ်။ ငါ့သမီးမို့နင့်ကိုလည်းမပြောချင်တာနော် မိသားစုဆိုတဲ့စိတ်ကလေးထား။ မပြောသင့်တဲ့စကား လာမပြောနဲ့” 


“သမီးအသုံးမကျခဲ့လို့ သူ့ကိုအသုံးကျစေချင်နေတာပေါ့။ မိသားစုမို့လည်းပြောနေတာပါ။ အမေကဇူလီ့ကိုဆို သိပ်အလိုလိုက်တယ်” 


ဇူလီ့အစ်မဟာ ဆေးမှတ်မမှီခဲ့သည့် ကျန်းမာရေးဝန်ထမ်းပါ။ အဲ့နှစ်က အစ်မက အရမ်းငိုတာကိုမှတ်မိသေးသည်။ နာနာကျင်ကျင်နဲ့ကိုမှငိုတာ။ အမျိုးတွေ သူငယ်ချင်းတွေကြား ရှက်ခဲ့ရတာလည်းပါသည်။ ထိုနေ့ကစပြီး သူ ဇူလီ့ကိုပညာရေးနဲ့ပတ်သက်ပြီး အမြဲဖိအားပေးလာသည်ကို တစ်မိသားစုလုံးသတိထားမိလာ၏။ ဇူလီအိမ်ပြန်ရောက်တာနဲ့ လွယ်အိတ်မချရသေးဘူး စာတွေစစ်တတ်၏။ ညဆို သူ့ဆီစာပြန်ပြီးမှအိပ်ရသည်။ ဇူလီအတန်းထဲအမြဲပထမရသည်ဟာ သူ့ဖိအားကြောင့်ပါ။ သူ ဇူလီ့ကိုအခြားကိစ္စတွေမှာအလိုက်ချင်လိုက်လိမ့်မယ် ပညာရေးကတော့ လုံးဝဘဲ။ 


“နင်က ကလေးကိုဖိအားပေးနေတာ နွယ်နွယ်။ နင့်စကားတွေနဲ့ ကလေးကိုဘေးကနေဦးနှောက်ဆေးနေတာ”


“သမီးက သူ့ရှေ့ရေးကိုစဉ်းစားပြီးပြောတာ။ အမေ သူ့ကိုတစ်သက်လုံးအမေ့နားမထားနိုင်ဘူး။ သမီးတို့တွေဇူလီ့ကို ဘော်ဒါဘဲထားရမယ်။ အပြင်ဆိုမရဘူး” 


ဇူလီ့အမေ ဇူလီ့ကိုကြည့်ပြီးတိတ်ဆိတ်သွားသည်။ ဆုံးဖြတ်ချက်တစ်ခုခုကို ချနေဟန်တူ၏။ ချပြီးသွားတာလည်းဖြစ်ပါလိမ့်မယ် ထုတ်မပြောတာဘဲရှိ။ စကားထိုးစစ်များ ရပ်တန့်သွား၏။ လေထုဟာ ယခင်လိုငြိမ်းအေးမူများနဲ့ပြည့်လာပြန်သည်။ ဖေဖေကတော့ အရင်ကလိုတိတ်ဆိတ်နေတုန်းဘဲ။ 


"မနက်ကျ သမီးကိုနှိုးပေးအုံး။ အကင်လုပ်စားဖို့ ဈေးလိုက်မလို့" 


သူမအစ်မပါးစပ်ဟာ သူမမေမေလိုပါဘဲ။ စားနေရမှကျေနပ်သည့်လူ။ မနက်ဖြန်ကျ ကိုရီးယားအကင်လုပ်‌ကျွေးမည်ဆို၏။ အစ်မဖြစ်သူနွယ်ဇင်က အာသာချောင်ခြင်းပါ တစ်ကယ်လုပ်ရမည့်လူတွေက ဇူလီနဲ့မေမေပါဘဲ။


ဒီရက်ပိုင်းအပူချိန်တွေဟာ သိပ်မမှန်ပါ။ တစ်ခါတစ်လေပိုပူပြီး တစ်ခါတစ်လေ အနေတော်ဖြစ်နေတတ်သည်။ 

သူမတို့မိသားစုတွေ ညပိုင်းစကားပြောကြတာ၁၀နာရီကျော်မှ လူကွဲကြ၏။ အမေနှင့်အစ်မကသာ ဒိုင်ခံပြောကြသည်။ သူမကတော့ အနည်းငယ်သာဝင်ပြော၏။ သူမအဖေကတော့ စွတ်ကျယ်အဖြူနွမ်းနွမ်းကိုဝတ်ကာ ယပ်တောင်တဖျတ်ဖျတ်ဖြင့် ငြိမ်၍သာနားထောင်၏။


ဇူလီအခန်းထဲရောက်တော့ ခေါင်းရင်းနားကခုံမှာ ခါတိုင်းတွေ့နေကျအဝါရောင်စာအုပ်လေးကို မတွေ့တော့ပါ။ အထားမှားတာမဖြစ်နိုင်။ မဖတ်ဖြစ်သေးပေမယ့် သူမအမြဲဒီနေရာမှာတင်ထားတတ်၏။ အတန်ငယ်ကြာလို့ရှာမတွေ့တော့မှ သူ့အစ်မလက်ချက်မှန်း သတိထားမိလာသည်။ ဇူလီ့ဆီမှာ ကျောင်းစာအုပ်မှလွဲအခြားစာအုပ်များတွေ့သည့်အခါ သူကယူပြီးစစ်တတ်၏။ နားလည်နိုင်သည့်အရွယ်တစ်ခုမရောက်သေးဘဲ စိတ်ကူးယဉ်ဆန်သည့်ဝတ္ထုတွေမဖတ်ဖို့ သူမကိုအမြဲသတိပေးတတ်သည်။ 


"မကြီး သမီးစာအုပ်ယူထားသေးလား" 


သူမတံခါး‌ခေါက်ပြီးမေးတော့ အစ်မဖြစ်သူက တံခါးဖွင့်ပေးလာသည်။ 


မှန်တင်ခုံမှာတင်ထားသည့် စာအုပ်ကိုတွေ့၏။ 


"နေအုံး ငါဖတ်လို့မပြီးသေးဘူး" 


သူမလက်ထဲမှစာအုပ်ကိုပြန်လုသည်။ ဇူလီလည်းမပေးဖြစ်ပါ။ စာအုပ်ဟာ သူမ,မဖတ်ဖြစ်ပေမယ့် အခြားတစ်ယောက်ယူဖတ်သွားတာကိုလည်း သူ မကြိုက်ပါ။ 


"သူများစာအုပ်ကြီး။ ပြန်ပေးရမှာ" 


သူမထိုသို့ပြောတော့ ဘယ်ကရတာလဲ ဟုပြန်မေးသည်။ 


"ဟိုဘက်အိမ်ကအစ်မကြီးဟာ" 


"အံမယ် ။ ခင်တယ်ပေါ့" 


ထိုမိန်းမနဲ့သူမဟာ ခင်လား မခင်လား မပြောတတ်။ ထိုမိန်းမဖြင့်ပတ်သက်သည့်အရာအားလုံးဟာ ဘာမှမသေချာမရေရာ။ 


စာအုပ်ကို ဇူလီဘက်ကလုံးဝမပေးသည့်အရိပ်အယောင်မြင်မှ အစ်မဖြစ်သူဟာလက်လျော့သွား၏။ မဆူမဆဲပုံအရတော့ ဒီစာအုပ်ဟာ သူမ ဖတ်ဖို့အတွက်သင့်တော်သည်ထင်သည်။ 


“ဇူလီ” 


သူအခန်းဆီပြန်ဖို့လှည့်ထွက်တော့ ဇူလီ့အစ်မက သူမနာမည်ခေါ်လာ၏။ 


“မကြီး အခုချိန်ထိဇူလီ့ကို အထက်ကိုဘဲတွန်းတင်ခဲ့တာ ဇူလီသိတယ်မလား။ မကြီးမဖြစ်ခဲ့ရလို့ဆိုတာထက် မကြီးကဇူလီ့ကို ဇူလီ့လုပ်နိုင်စွမ်းနဲ့တူညီတဲ့အဆင့်အတန်းတစ်ခုရစေချင်တာ။ အနာဂတ်မှာ ဇူလီ့ကိုအမှီအခိုကင်းတဲ့လူဖြစ်စေချင်တယ်။ ဒါမှနောက်လည်းဇူလီကအားနည်းတဲ့လူမဖြစ်မှာ၊ တစ်ယောက်တည်းလည်းရှင်သန်နိုင်မှာ။ သဘောပေါက်တယ်မလား” 


သူ့အစ်မက ဇူလီ့ပုခုံးကိုဖွဖွပုတ်ပေးလာ၏။ သူအခုထိဇူလီ့ကိုအားနည်းသူလို့မြင်နေသေးတာကိုတော့ ဇူလီနာကျည်းမိသည်ဟာ အမှန်။ 


“စောစောအိပ်” 


မနက် သူ့ကိုလာနှိုးပေးဖို့ မှာ၏။ သူမကတော့ သူ့အစ်မထနိူင်မယ်လို့မထင်ပါ။  


ဇူလီ စာအုပ်ကို အကြမ်းဖျင်းဖတ်မိသလောက်ကတော့ ငယ်ရွယ်သည့်ကောင်မလေးတစ်ယောက်ရဲ့ ငယ်ဘဝချစ်စရာအမှတ်တရလေးတွေအကြောင်းပါ။ စာအရေးအသားတွေဟာ ပေါ့ပါးပြီးချစ်စရာကောင်းသည်၊ ရိုးရှင်းသည်။ ခေါင်းစဉ်လေးတွေနဲ့အညီ သရုပ်ဖော်ထားသည့်ပုံလေးတွေဟာ လူငယ်ဆန်ပြီး ချစ်စရာကောင်းသည်။ 


ထိုမိန်းမဟာ သူမအဖို့ စာအုပ်ကောင်းလေးတစ်အုပ်ကိုရွေးလာပေးခဲ့သည်။ လှပသည့်အရာတွေကို စာအုပ်တွေထဲကနေလည်းမြင်နိုင်‌ကြောင်း ဇူလီသိလိုက်၏။ လူတစ်ယောက်ရဲ့ဘဝဟာ စာအုပ်တွေထဲလည်းရှိတတ်သည်လေ။ လူတွေအကြောင်းသိချင်ရင် စကားများများပြောစရာမလိုပါ။ စာအုပ်တွေဖတ်ခြင်းဖြင့်လည်းသိနိုင်ပါသည်။ လူတွေရဲ့ဘဝတွေဟာ ပုံစံမျိုးစုံ နေရာမျိုးစုံ၌ရှိတတ်ကြသည်လေ။ သီချင်းတွေထဲ၊ စာအုပ်တွေထဲ၊ လက်ဆောင်ပစ္စည်းတွေထဲ၊ မှတ်ဉာဏ်တွေထဲ၊ အမာရွတ်တွေထဲ၊ မသိစိတ်တွေထဲ၊ အသိစိတ်တွေထဲ၊ အရောင်တွေထဲ စသည်ဖြင့်ပေါ့။ 


ဂျွန်ပါးတို့အရှုပ်တွေဖတ်ရင်း ဇူလီဟာသူမငယ်ဘဝတွေကိုတောင် သတိရမိသွားသည်။ ဇူလီဟာ ကျန်းမာရေးချူချာပေမယ့် အတော်မွှေတဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ဖူး၏။ 


ငယ်ရွယ်ပြီးအပြစ်ကင်းတဲ့ကလေးတွေဟာ လူကြီးတစ်ယောက်လိုတွေးခေါ်နိူင်စွမ်းတွေမရှိသေးတဲ့အချိန်မှာ ကိစ္စသေးသေးလေးတွေကို အကြီးကြီးအဖြစ်မြင်တတ်ကြသည်တဲ့။ 


ဥပမာ ခေါင်းကိုရိုက်ရင် ဉာဏ်ထိုင်းတတ်တယ်ဆိုတာကိုယုံနေတဲ့ ဂျွန်ပါး လို။ ဇူလီလည်းငယ်ငယ်က အစ်မနဲ့စာအတူလုပ်ရင်း ခေါင်းကိုအမြဲအရိုက်ခံခဲ့ရတဲ့လူပါ။ သို့ပေမယ့် သူမဟာ ဉာဏ်ထိုင်းတဲ့ကလေးတစ်‌ယောက်ဖြစ်မလာခဲ့။ အမှန်က ကလေးတွေရဲ့ငယ်ထိပ်ကိုထုမိမှာစိုး၍ လူကြီးတွေက ထိုသို့ခြောက်ခဲ့ကြခြင်းသာ။ ကလေးများ၏ငယ်ထိပ်ဟာ သာမန်ဦးခေါင်းခွံနေရာများထက် ပို၍ပါးလွာသည့်အလွှာကလေးဖြင့်သာ ဖုံးအုပ်ထား၏။ ( ထုမိပါက အသက်ဆုံးရနိုင်ချေရှိပါသည်။)  ကလေးငယ်များဟာ မွေးဖွားပြီး၃လကျော်လာလျှင်ဖွံ့ဖြိုးမှုစတင်လာပြီဖြစ်၏။ ငယ်ထိပ်ဦးခေါင်းခွံကတော့ ၁နှစ်ကျော်မှသာ အခြားဦးခွံနေရာများကဲ့သို့ မာကျောလာကြ၏။ 


ကလေးတွေဟာ လူကြီးတွေဘာပြောပြော ယုံတတ်တဲ့အရွယ် လူကြီးတွေခြောက်တိုင်း ကြောက်တတ်တဲ့အရွယ်ကလေးတွေဖြစ်၏။ ကြည်လွင်တို့ လွမ်းမိုးတို့ ရုပ်ဆိုးတို့လို ဘဝရှေ့ဖြတ်လျှောက်သွားကြသည့်ဧည့်သည်တွေဟာ လူတိုင်းရဲ့ဘဝမှာသိပ်ကိုများပါသည်။ ဇူလီငယ်ငယ်က အမြဲအလည်သွားလေ့ရှိသည့် အဘွားအိမ်ဘေးက ကလေးများတစ်စုဟာ ယခုမည်သည့်ပုံဖြစ်လို့နေသနည်း။ ကျောင်းမှာ ခုံချင်းကပ်ထိုင်ခဲ့ကြသည့်အတန်းဖော်များ၊ ယခင်တောဝန်းဟောင်းမှသူငယ်ချင်းများ၊ ဆရာ/မ များဟာရော ယခုမည်သည့်ပုံစံဖြင့် ကြီးပြင်းလို့နေသနည်း။ လူတွေတိုင်းဟာ ခရီးသွားဧည့်သည်တွေသာဖြစ်၏။ 


ကလေးများ၏ ပုံပြင်တွေထဲကပုံပြင်တွေ၊ လူကြီးတွေပြောပြသည့်ပုံပြင်တွေဟာ ကလေးများအဖို့ နောက်တစ်နေ့မှာစွန့်စားခန်းတွေဖြစ်သွားတတ်ကြသည်။ ကလေးများ၏စိတ်ကူးဟာ သိပ်ကိုရိုးရှင်း၏။ ငယ်သောအခါ အကြီးမားဆုံးအိမ်မက်များဟာ ပုံပြင်ထဲကနတ်သမီးများကိုတွေ့ရဖို့၊ မှော်ဝင်သည့်အိုးကို ရှာဖွေတွေ့ရှိဖို့၊ တောင်တွေကြားထဲမှ စုန်းမအိုကြီးများကိုရှာဖွေကာ မင်းသမီးလေးကိုကယ်တင်ဖို့၊ ရုပ်ဆိုးသည့်သားရဲကောင်များလက်မှ ကမ္ဘာကြီးကိုကယ်တယ်သည့် ရောင်စုံစူပါဟီးရိုးများဖြစ်ဖို့၊ ထိုသို့လောက်သာရှိခဲ့ကြသည်။ ကလေးများ၏ကမ္ဘာဟာ သေးငယ်ကြသည်ကိုး။ လောကကြီး၏ အဆိပ်အတောက်ကိုမသိဘဲ အပူပင်ကင်းကင်း သူတို့မှာနေထိုင်နိုင်ကြ၏။ အရွယ်ရောက်လာသည့်အခါမှာတော့ ထိုအိမ်မက်များမှ ဝေးကွာလာကြပြီး လက်တွေ့လောကကြီးမှာ ဝေဝါးနေသည့်အိမ်မက်များဖြင့် လူတွေဟာရှေ့ဆက်ကြရ၏။ ပူပင်မူများစွာကိုရင်ဝယ်ပိုက်ကာ လူတွေဟာ ငယ်ဘဝအမှတ်တရများဖြင့် ပို၍ပို၍ဝေးကွာလာကြသည်။ ကလေးတစ်ယောက်ဟာ နေပူပူနဲ့မြစ်ဆိပ်ရေသွားချိုးလို့ ဒီနေ့အမေကရိုက်လည်း နောက်တစ်နေ့ကျထိုမြစ်ဆိပ်ကိုဘဲ ထိုကလေးဟာရောက်သွားတတ်၏။ ကလေးများဟာ စိတ်ထင်ရာအတိုင်းဆိုးချင်၊ လုပ်ချင်တိုင်း လုပ်ခွင့်ရကြ၏။ နာကျင်လာသည့်အခါများဆို မြေပေါ်လူးလှိမ့်ကာငိုခွင့်ရကြသည်။ အရွယ်များရောက်လာကြတော့ စိတ်ရှိတိုင်းမည့်သည့်အရာမျှလုပ်ခွင့်မရှိလာတော့။ နာကျင်လာတိုင်းလည်း ကလေးများလို လူးလှိမ့်ကာငိုချခွင့်ရှိမလာကြတော့။ ကလေးဘဝကရခဲ့ကြသည့် လွတ်လပ်ခွင့်များဟာလည်း တဖြည်းဖြည်းနည်းပါးလာသည်။ အရွယ်ရောက်လာခြင်းဟာ ထင်သလောက်ပျော်စရာမကောင်းပါ။ ငယ်ငယ်က ဘယ်လောက်ဘဲဆိုးတာတွေ အလွဲတွေလုပ်ခဲ့လုပ်ခဲ့ ကြီးလာတော့လည်း ဒီမှတ်ဉာဏ်တွေဟာ ရယ်စရာပုံပြင်လေးတစ်ပုဒ်သာဖြစ်သွားကြသည်။ သို့ပေမယ့် တစ်ချို့လူတွေအတွက်တော့ ငယ်ဘဝမှတ်ဉာဏ်တွေဟာ စိတ်ဒဏ်ရာတွေအဖြစ်ကျန်နေခဲ့ကြတာလည်း ရှိ၏။ 


သို့သော် မည်သို့ပင်ဆိုစေ ငယ်ရွယ်သည့်ကလေးဘဝဟာ ကျွန်ုပ်တို့နှစ်ခါပြန်မရနိုင်သောအရာဖြစ်၏။ 


..............


ဆက်ရန်