ယုယပါရစေ ယုရယ် - Episode 4


ခန္ဓာကိုယ်ကိုပါတစ်ချက်တစ်ချက် တုန်တက်သွားစေသည်အထိ ထိတ်လန့်ချင်စဖွယ်မှန်ကွဲသံတွေ အခုတော့ လုံးလုံးငြိမ်သက်သွားပြီ။
လှလှတို့အိမ်စေတစ်သိုက် လှေကားချောင်လေးမှာ ကုပ်ချောင်းချောင်းနဲ့စိုးထိတ်နေမိသည်။

 

မျက်နှာတွေလည်းတော်တော်မကောင်းကြ။ မုန်းပြန်လာတဲ့ပုံစံနဲ့ ယုကိုလက်ဆွဲခေါ်သွားတဲ့ပုံစံကိုကြည့်ရုံဖြင့်ပင် ဘာတွေဆက်ဖြစ်မလဲမတွေးရဲလောက်ပါ။ ထပ်ဆင့်ကြားလိုက်ရတဲ့မှန်ကွဲသံတွေကတော့ လှလှတို့ရဲ့စိုးထိတ်မှုကိုရာနှုန်းပြည့်ထပ်တိုးစေသည်။

 

"မှန်ကွဲသံတွေရော ဒုက္ခပါပဲတော်"

 

အကွယ်တစ်နေရာလေးမှ ချောင်းနေတဲ့အိမ်စေလေးတစ်ယောက်၏ တီးတိုးရေရွတ်မှုကြောင့် လှလှတို့လည်း သက်ပြင်းခိုးချရ၏။

 

"မမလေးတော့ဒုက္ခပါပဲ"

 

လှလှသူမလက်၂ဖက်ကိုကြိတ်ပွတ်သပ်နေရင်း ယုအတွက်ရတက်မအေးနိုင်။ ကဏှာမငြိမ်ဖြစ်နေကြတုန်းမှာပဲ အခန်းထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့ထွက်လာတဲ့မုန်းမဟူရာကြောင့် လေထုမှာချက်ချင်းတိတ်ဆိတ်ရသည်။ မုန်းသည်မျက်နှာထားတည်တည်ဖြင့် လှေကားအောက်ဆင်းလာကာ ကားစက်နှိုးပြီး အပြင်တစ်နေရာကိုထွက်သွားသည်။ မုန်းရဲ့အရိပ်ပျောက်မှ လှလှတို့အခန်းပေါ်အမြန်ပြေးတက်ကြ၏။

 

"ဘုရားရေ"

 

လှလှအပါအဝင်အိမ်စေမိန်းကလေးတွေ ကိုယ့်ပါးစပ်ပါကိုယ် ပြန်အုပ်မိသည်အထိ။ ယု အမြဲလိုလိုညှင်းပန်းနှိပ်စက်ခံရတာသိပေမဲ့ မုန်းဟာတစ်ခြားသူတွေအမြင်မခံဘဲ သူမအခန်းထဲပွေ့ခေါ်သွားနေကျ။ ခုတော့ ဘာလို့ပစ်ထားခဲ့ရတာလဲ။ ယုအခြေအနေက အမြင်နဲ့ပင်အတော်လေးဆိုးရွားသည်။ 

 

"မမလေး"

 

လှလှနဲ့နောက်မိန်းကလေးတစ်ယောက် အခန်းထဲပြေးဝင်သွားကာ ယု နံဘေးတွင်ဒူးထောက်ထိုင်ချသည်။

 

"ဒုက္ခပါပဲ သွေးတွေမနည်းဘူး တော်တော်နာနေရှာမှာ"

 

"မမလေး သတိထားပါဦး"

 

လှလှသည် မှန်ကွဲစတွေပေါ်ဝယ် သတိလစ်မေ့မြောနေသည့် ယု ၏ခန္ဓာကိုယ်လေးကို ခပ်သာသာဆွဲထူသည်။ ကျောပြင်နဲ့လက်မောင်းမှ ာမှန်ကွဲစတွေနဲ့ဒဏ်ရာတွေ။ 

 

"လှလှ တစ်ခုခုလုပ်ပါဦး မမလေးဒီတိုင်းဆက်နေရင် သေလိမ့်မယ်"

 

လှလှဟာ ထိုစံအိမ်မှာ အားအကိုးရဆုံးသူတစ်ယောက်ဖြစ်တာမို့ ဘေးကမိန်းကလေးသည် လှလှကိုအားကိုးတကြီးမေးနေလေသည်။ လှလှလည်းဘာလုပ်ရမှန်းကိုမသိပါ။ လှလှမှာနည်းလမ်းတစ်ခုသာရှိသည်။  သခင်မကြီးကိုသတင်းပို့ရမည်။ 

 

"ဒေါ်ဒေါ်  ယု ဒဏ်ရာတွေတော်တော်များတယ် ဆေးရုံတင်လိုက်ရင်ပိုကောင်းမယ်ထင်တယ်နော်"

 

ဒေစီဟာ ယု နောက်ကျောမှ မှန်စများအားလုံးကို စိတ်ရှည်လက်ရှည်တနုတရွလေးဆွဲနုတ်ပေးပြီးနောက် ဆေးသေချာထည့်ပေးကာ အနာတွေအားလုံး လုံအောင်ပတ်တီးစည်းပေးသည်။ ဒေါ်မြသက်မျက်နှာလုံးဝမကောင်းပါ။ မုန်းတို့စံအိမ်က ကားဒါရိုက်ဘာအမောတကောရောက်လာပြီး သယ်ဆောင်လာတဲ့သတင်းကရင်ထိတ်ဖွယ်။ မမလေးယုကိုကယ်ပါဦးတဲ့။ အလန့်တကြားသတင်းစကားကြောင့် အမြန်လိုက်သွားပြီးစံအိမ်ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းက မျက်လုံးတွေပါပြာနှမ်းသွားချင်သည်။

 

သူမရဲ့သမီးငယ်က သမီးကြီးကို သေမတတ်နှိပ်စက်ထားတာပဲ။ မုန်းအရင်တည်းက ယု အပေါ်အနိုင်ယူတတ်တာသိရဲ့သားနဲ့ ဒေါ်မြသက်တို့မဆုံးမခဲ့မိ။ သမီးအရင်းနဲ့မွေးစားသမီးရဲ့ခြားနားချက်ခေါ်မလား။ 

 

ဒေါ်မြသက် ယုမျက်နှာခပ်ဖျော့ဖျော့လေးကိုခေတ္တစိုက်ကြည့်ရင်းသက်ပြင်းချမိပြန်သည်။ နှုတ်ခမ်းလေးဆိုပြာတောင်ပြာချင်နေသည်။ ဖြူဖပ်နေလိုက်တာ။ သေမတတ်နာကျင်ရတဲ့နာကျင်မှုမျိုးကိုခံခဲ့ရမှာသေချာသည်။ 

 

"မမယုကို ဒီကနေဘယ်မှခေါ်သွားစရာမလိုဘူး"

 

ဒေါ်မြသက်တုံ့ပြန်စကားဆိုခွင့်မရခဲ့။ မုန်းသည်ခြေသံကျယ်ကျယ်ဖြင့် အခန်းထဲဝင်လာသည်။ မုန်းရဲ့မာန်အဟုန်လွှမ်းသောအကြည့်ရိုင်းများကို ဒေစီလည်း အကြည့်စူးစူးဖြင့်ပြန်တုံ့ပြန်သည်။ 

 

ဒေစီ့မိဘများဟာ မုန်းတို့မိဘများနှင့်သိသလို ဒေစီကိုယ်တိုင်ကလည်း ယု နှင့်သူငယ်ချင်းများဖြစ်၍ ဒေစီ မုန်းကိုအရင်တည်းက မကြာခဏမြင်ဖူးပါသည်။ ရင်းတော့မရင်းနှီး။

 

"မမယုကို ကျွန်မကိုယ်တိုင်ဂရုစိုက်နိုင်တယ် "

 

"မုန်းမဟူရာ ယုရဲ့အသက်က ကစားစရာပစ္စည်းမဟုတ်ဘူး"

 

"ကျွန်မကစကားကိုနှစ်ခါမပြောတတ်ဘူး ဒေါက်တာဒေစီ မမယုအတွက်ကုသမှုပေးပြီးပြီဆို ပြန်လို့ရပါပြီ"

 

ဒေစီအလျှော့ပေးဖို့စိတ်ကူးမရှိ။

 

"ဒေါ်ဒေါ် ယုကိုလွှတ်ထားလို့မဖြစ်…"

 

"ဒေါက်တာဒေစီ ကိုယ့်ခြေထောက်နဲ့ကိုယ်ပြန်မလား ဒါမှမဟုတ်…"

 

ထေ့ပြုံးတစ်ခုဟာ ဒေစီ့ကိုကြက်သီးတစ်ချက်ထစေသည်။ ဒေစီလက်သီးလေးတစ်ဖက်ဆုပ်မိ၏။

 

"ဒေစီ သမီးသူငယ်ချင်းအတွက် လိုအပ်တာလေးတွေလုပ်ပေး မှာပေးခဲ့လို့ရမလား"

 

ဒေါ်မြသက်ရဲ့စကားသည် ဒေစီ့ကိုတစ်ဖက်လှည့်နဲ့နှင်နေတာဒေစီသိပါသည်။ အမေကိုယ်တိုင်ကတောင် ယုဘက်မှာရှိမနေဟန်။ အင်းပေါ့လေ ယုကမွေးစားသမီးဖြစ်နေတာကိုး။ 

 

"ဒါဆိုလည်း ယု ကိုတိုက်ဖို့ဆေးတွေပါ ပေးခဲ့မယ် သေချာဂရုစိုက်ပေးပါ ဒေါ်ဒေါ် ဒေစီ့ကိုခွင့်ပြုပါဦး"

 

ဒေါ်မြသက်ကိုပဲနှုတ်ဆက်ကာ ဒေစီက ဆေးအိတ်လေးဆွဲ၍ထွက်သွားပြီးနောက် မုန်းသည်ယုဘေးကိုတစ်လှမ်းချင်းလျှောက်လာကာ ကုတင်ပေါ်ထိုင်၏။ 

 

"မုန်း ဘာလို့ ဒီလောက်တောင်လုပ်ရတာလဲ"

 

"မာမီက ဒီကိုဘာကိစ္စရှိလို့လဲ"

 

"မာမီမေးတာဖြေစမ်းပါ"

 

မုန်းဟာသွေးအေးစွာပင် တစ်ချက်ပြုံးသည်။

 

"မမယုက မုန်းအပိုင် မုန်းကြိုက်သလိုလုပ်ခွင့်ရှိတယ်"

 

ဒေါ်မြသက် မုန်းနားသို့တိုးသွားကာ မုန်း၏ ပုခုံးကိုလှမ်းကိုင်သည်။ ယုထံအပ်လုနီးနီး မုန်းရဲ့အကြည့်တွေ မိခင်ဖြစ်သူထံလှည့်ပြောင်းသည်။ 

 

"ဒါပေမဲ့ ယုက လူသားတစ်ယောက်လေ မုန်းအပိုင်ဆိုတာ မှန်တယ် မုန်းလက်လွန်ပြီး ယုတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

 

မုန်းရဲ့မျက်နှာပေါ် အပြုံးတစ်ခုထပ်ပေါ်လာသည်။ ထိုအပြုံးကြောင့် ညာဘက်သွားစွယ်လေးပါ ထင်းကနဲပေါ်၏။

 

"မမယုသေသွားရင်တောင် မမယု ဝိညာဉ်က မုန်းအနားမှာ အမြဲရှိနေရမယ်"

 

မုန်း၏စကားကြောင့် ဒေါ်မြသက်မှာ အနည်းငယ်လန့်သွားဟန်ရှိသည်။ မျက်လုံးအနည်းငယ်ကျယ်ကာ နောက်သို့ခြေတစ်လှမ်းဆုတ်သွားပေမဲ့ တားမြစ်စကားတော့မဆို။ 

 

"မုန်းကို မာမီအလိုလိုက်ခဲ့မိတာ မှားပြီထင်တယ်"

 

မုန်းဘာမှပြန်မပြောပါ။ ဇက်ကိုအထာကျကျတစ်ချက်သာချိုးသည်။ 

 

"လှလှ သခင်မကြီးကိုလိုက်ပို့ပေးလိုက်"

 

ဒေါ်မြသက်သည် စားပွဲပေါ်မှသူမလက်ကိုင်အိတ်ကိုလှမ်းယူပြီး လက်ကောက်ဝတ်မှာဟန်ပါပါချိတ်သည်။ 

 

"မုန်း မာမီ့ကိုနှင်စရာမလိုဘူး မာမီပြန်တော့မယ် ဒါပေမဲ့ ယု အခြေအနေဆိုးလာရင်တော့ ဆေးရုံတင်လိုက်ပါ"

 

မကြားသလိုလုပ်နေသည့်မုန်းကြောင့် ဒေါ်မြသက်သက်ပြင်းချကာသာ အခန်းပြင်သို့ထွက်သွားလိုက်ရ၏။

 

ဒေါ်မြသက်ထွက်သွားပြီးနောက် မုန်းဟာယုမျက်နှာကိုသေချာစိုက်ကြည့်နေလျက်မှ နဖူးပေါ်ကျနေသည့် ယု၏ဆံစအချို့ကို တယုတယသပ်တင်ပေးသည်။ မုန်းမျက်နှာပြုံးနေသည်။ ထိုအပြုံးကိုအနက်ဖွင့်ဆိုရတော့ခက်လှသည်။ 

 

"ကျွန်မကိုမယုံတဲ့အကျိုးဆက်က ဒါပဲ မမယု"

 

~~~~~

 

အချိန်ကား ညနေ၆နာရီခန့်သာရှိသေးသည်။

 

"မမလေး ညစာအဆင်သင့်ဖြစ်ပါပြီ"

 

"ငါမစားတော့ဘူး"

 

မုန်း အခန်းပြင်ရှိအိမ်စေလေးကိုပြန်ဖြေပြီးနောက် ပြတင်းပေါက်နားသွားကာ ဆေးလိပ်တစ်လိပ်ကိုထုတ်လိုက်ပြီး မီးညှိမည်အလုပ်

 

".."

 

အနည်းငယ်လူးလွန့်လာသော ယုရဲ့ခန္ဓာကိုယ်လေးကြောင့် မုန်းခုတင်ဘေးကိုခပ်သုပ်သုပ်ဦးတည်သွားသည်။ ယု၏လက်မောင်းလေးကိုခပ်ဖွဖွကိုင်လိုက်ရင်း အသံတိုးတိုးနဲ့ ၂ခွန်းလောက်ဆင့်ခေါ်၏။ 

 

"မမယု မမယု"

 

၂ခွန်းမြောက်ခေါ်သံအဆုံးမှာ ခုတင်ထက်လဲလျှောင်းနေသူမိန်းကလေးဟာ စေ့မှိတ်နေသောမျက်လုံးရွဲလေးတွေကို မရမကအားယူဖွင့်လေသည်။ 

 

"မမယုရှိပါတယ်"

 

တိုးညင်းဖျော့တော့လှသည့် လေပြေနုနုကိုကြားလိုက်ချိန် မုန်းမျက်နှာမှာကျေနပ်မှုတွေလွှမ်းတက်လာသည်။ 

 

"အဲ့လိုထူးတာကို ကျွန်မသဘောကျတယ် မမယု"

 

ကဘေးဘဝတည်းမှ ယခုချိန်ထိ မုန်း" မမယု"ဟုခေါ်လိုက်တိုင်း "မမယုရှိပါတယ်" ဟု အမြဲထူးတတ်သည့် ယု။

 

မုန်းနှင့်ပတ်သက်လျှင် နူးညံ့သိမ်မွေ့သည့် ဆရာဝန်မလေးမှ အခြားတစ်ယောက်အဖြစ်ပြောင်းလဲသွားတတ်သည့် ယု။ ယု ဟာ တစ်ခါတရံ မုန်းထက်ပင်ပိုထူးဆန်းနေသည်ဟု မုန်းထင်မိ၏။

 

သူမကိုယ်တိုင်ပင် ယု ကိုနားမလည်နိုင်သည့် အချိန်များရှိသည်။ တော်ရုံလူဆိုလျှင် ထိုမျှလောက် နှိပ်စက်ခံရပါက ထွက်ပြေးသွားလောက်ပြီမဟုတ်လား။ ထွက်မပြေးရင်တောင် မနှိပ်စက်ဖို့တောင်းပန်တာတော့ရှိမည်။ သို့သော် ယု ကတော့ ထိုကဲ့သို့ မရှိ။ မုန်းဘယ်လောက်ပဲ နှိပ်စက်ပါစေ မုန်းကို အမြဲပြုံးပြနေတတ်သည်။

 

"မုန်း သဘောကျတယ်ဆို မမယုပျော်တယ်"

 

ယုဟာ လှဲနေရာမှ ဘေးခေါင်းအုံးကိုအားပြုပြီးထထိုင်ဖို့ကြိုးစားသည်။ မုန်းသည် ယုဘေးသို့တိုးလာကာ ယု မေးဖျားကိုသူမလက်ညှိုးဖြင့်ထိုးမော့စေ၏။ 

 

"ဒီမျက်နှာလှလှလေးက တအားရက်စက်တတ်မယ်လို့ဘယ်သူထင်မှာလဲနော်"

 

"မမယု သူတို့ကိုထိခိုက်အောင်မလုပ်ပါဘူး မမယုကဆရာဝန်တစ်ယောက်လေ လူ့အသက်ကိုတန်ဖိုးထားတယ်"

 

"ထိခိုက်အောင်လုပ်လည်း ကျွန်မဂရုမစိုက်ပါဘူး တစ်ခုတော့မှတ်ထားပေးပါ မမယု ဟောဒီလောကမှာ 

မုန်းမဟူရာ ရင်ထဲထိတဲ့မိန်းကလေး တစ်ယောက်မှမရှိသေးဘူး"

 

ထိုစကားသည်ယုကို ဝမ်းနည်းစိတ်ဝင်စေသည်။ ချက်ချင်းငယ်ကျချင်သွားတဲ့မျက်နှာမူလေးကိုထိန်းကာ ယုကြိုးစားပြုံးမိသည်။ မုန်း သဘောကျတဲ့သူ မရှိသေးဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ယုမှာအခွင့်အရေးရှိသေးသည်။

 

"မမယု နားလိုက်ပါဦး "

 

မုန်းဟာ သူမအပေါ်အင်္ကျီကို ယူပြီးအခန်းပြင် ထွက်သွား၏။ မုန်း၏နောက်ကျောပြင်ကို ယုတစ်ဆုံးငေးမိပြန်သည်။ အဆိုပါနောက်ကျောပြင်ပျောက်ကွယ်သွားပြီးချိန်မှာတော့ ယုဟာ သူမမျက်နှာနုနုလေးကိုလက်ချောင်းများဖြင့်ထိကိုင်လျှက်

 

"မုန်းအတွက်ဆိုဒီမင်းသမီးမျက်နှာလေးက ဘီလူးမလည်းဖြစ်ပေးနိုင်တယ်"

 

~~~~~

 

ဒေါင် ဒေါင်

 

Pendulum clock မှ ထွက်ပေါ်လာသည့်အသံကြောင့် ယု အိပ်ယာမှနိုးလာပြီး နာရီကိုလှမ်းကြည့်လိုက်ရာ

အချိန်က ၆နာရီခွဲ။

 

နာကျင်နေသည့် ကျောပြင်မှ ဒဏ်ရာများကို လျစ်လျူရှုကာ သူမ အိပ်ယာမှထ၍ ရေချိုးပြီး ဆေးရုံသွားဖို့ပြင်ဆင်ရန် မှန်တင်ခုံရှေ့ထိုင်လိုက်၏။

 

နောက်ကျောက ကြာပွတ်ဒဏ်ရာများပင် မပျောက်သေး မှန်ရှရာများက ထပ်ရသဖြင့် ယု အနာရှိန်ကြောင့် အဖျားပါ ဝင်လေပြီ။

 

သူမနဖူး သူမပြန်စမ်းလိုက်ပြီးနောက် ဆေးတစ်လုံးယူသောက်လိုက်ကာ ပြင်ဆင်စရာပြင်ဆင်၍ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

 

ယု ထမင်းစားခန်းသို့ဝင်လိုက်သည်နှင့် မုန်းသည်လည်း ထမင်းစားပွဲတွင်အသင့်ထိုင်နေသည်ကိုတွေ့လိုက်ရ၏။

 

"မမယုဒီနေ့ဆေးရုံသွားမလို့လား"

 

ပေါင်မုန့်ကို ယိုသုတ်ရင်း လှမ်းမေးလိုက်သည့် မုန်း၏ဘေးခုံသို့ ယုဝင်ထိုင်သည်။ ပေါင်မုန့်ယိုသုတ်နေပုံကအစ ယုရဲ့မုန်းဟာကြည့်ကောင်းလှသည်ဟုယုသတ်မှတ်သည်။ 

 

"ဒီနေ့ခွဲခန်းဝင်ဖို့ရှိတယ် မုန်း "

 

""

 

တုံ့ပြန်ချက်မှာတိုတောင်းလှသည်။ ထိုတစ်လုံးသာပြောပြီး ပေါင်မုန့်ကိုစတိုင်လ်ကျကျစားနေသည့် မုန်းကိုကြည့်ရတာ ယု နည်းနည်းတော့ ဝမ်းနည်းရပါသည်။ သက်သာလားတောင်မေးဖော်မရပါ။ 

 

"မနေ့က မာမီလာသွားတယ် အဲ့တာကြောင့် ကျွန်မတို့ မာမီတို့အိမ်သွားမနေတော့ဘူး"

 

ယုဟာ သူမလက်ထဲမှ နွားနို့ခွက်လေးကိုပန်းကန်ပြားငယ်ပေါ်ချပြီး မျက်လုံးအဝိုင်းသားလေးဖြင့် မုန်းကိုကြည့်လေသည်။ 

 

"မာမီလာသွားတာလား"

 

"ဟုတ်တယ် မမယု ဒဏ်ရာတွေကိုလည်း မာမီကပဲ ဒေါက်တာဒေစီကိုခေါ်ပြီး ကုခိုင်းထားတာ"

 

ထိုစကားကြောင့် ယုမျက်နှာလေးတွင် အလိုမကျမှုအရိပ်အယောင်သန်းသွားသည်ကို မုန်းသတိထားမိလိုက်သည်။တကယ်လည်း ယု စိတ်ညစ်မိသွားသည်။ ဒေစီမေးလျှင် မည်သို့ပြန်ဖြေရမည်ကို ယု မသိပါ။ မာမီလာသွားတာတောင် မသိလိုက်ရ၍လည်း နည်းနည်းဝမ်းနည်းမိ၏။

 

ဒယ်ဒီသည် ယု အပေါ်တင်းကြပ်သည့်အပြင် ယုကိုမျက်နှာသာသိပ်မပေး။ မာမီကတော့ မုန်းကို သဲသဲလှုပ်ပေမဲ့ ယု အပေါ်လည်းအတန်အသင့်ချစ်ပေးပါသည်။

 

"မာမီ့ကိုတွေ့ချင် နောက်မှသွားတွေ့လို့ရပါတယ်"

 

မုန်းကားသော့ဆွဲပြီးထမင်းစားခန်းမှထွက်မည့်အချိန် ဘေးမလှမ်းမကမ်းမှထွက်လာတဲ့အသံချိုနုနုလေး။ 

 

"သိပ်မသောက်လာပါနဲ့လားမုန်း"

 

ဆရာလုပ်သည့်လေသံမဟုတ်ဘဲ တောင်းပန်တိုးလျှိုးသည့်အသံလေးဖြင့် ပြောလာသည့် ယု ကို မုန်း လှည့်ကြည့်မိသည်။ 

 

"ကျွန်မပါးစပ်နဲ့ကျွန်မသောက်တာပါ"

 

"မမယုစိတ်ပူလို့ပါ ကြာရင် အသည်းပျက်စီးလိမ့်မယ်"

 

မုန်းဟာ ယုအနားကိုဟန်ပါပါတိုးလျှောက်လာကာ လက်ထဲမှကားသော့ဖြင့် ယုမျက်နှာလေးပေါ်ကိုကစားလေသည်။ 

 

"ကျွန်မ မြန်မြန်သေရင် မမယု ဝဋ်ကျွတ်တာပေါ့"

 

မုန်းပြောလိုက်သည့်စကားကြောင့် ယု မျက်နှာတွင် ထိတ်လန့်မှုများချက်ချင်းတွဲခိုလာကသလို ယု မျက်ဝန်းအိမ်တွင်လည်း မျက်ရည်စအချို့က ဝေ့တက်လာရသည်။ ယုရင်ဘက်ထဲတစ်ချက်အောင့်၏။ 

 

"မုန်းမရှိတော့ရင် မမယုလည်း ဒီလောကကြီးမှာ ဆက်မနေဘူး"

 

မုန်းဟာ ကျေနပ်သယောင်ပြုံးပြန်သည်။ 

 

"အဲ့စကားကိုကျွန်မသဘောကျပြန်ပြီ မမယု"

 

မုန်းကားသော့ကိုမြှောက်ဖမ်းရင်း အပြင်ထွက်သွားသော်လည်း ယု ကတော့ မျက်နှာမသာမယာဖြင့်ကျန်ခဲ့ရလေ၏။ 

 

"တစ်စုံတစ်ယောက်ကအရင်သေရမယ်ဆိုရင် မမယုပဲအရင်သေပါရစေ"

 

~~~~~

 

"ဟယ် ယု နင်…"

 

သူမကိုမြင်သည်နှင့် ဘီလူးသရဲ မြင်သလို ဖြစ်နေသည့် ဒေစီ့ကို ကြည့်၍ ယုနှစ်နှစ်ခြိုက်ခြိုက်ရယ်မိပါသည်။ ပြုံးရုံမက ရယ်ပါရယ်နေတာမို့ ယုသစ္စာခင်၏အလှတရားမှာပွင့်လန်းလှသည်။ 

 

"ဘာဖြစ်နေတာလဲ ဒေစီရဲ့"

 

"နင်ဆေးရုံဘာလာလုပ်တာလဲ နင့်ဒဏ်ရာတွေက နားမှဖြစ်မှာလေ"

 

"ငါဘာမှမဖြစ်ပါဘူး သက်သာနေပါပြီ"

 

" ယု နင့်ကျောကိုငါမြင်ပြီးပြီနော် ကြာပွတ်ရာတွေကအတိုင်းသားအပြင် မှန်ရှရာတွေကလည်း နည်းတာမဟုတ်ဘူး"

 

ယုဟာအရယ်ပင်မပျက်။ ယုအတွက်ကျင့်သားရနေသည့်ဖြစ်ရက်တစ်ခုသဖွယ်။ 

 

"ပျောက်သွားမှာပေါ့"

 

ဒေစီခေါင်းကိုတွင်တွင်ခါယမ်းလေသည်။ 

 

"နင့်ဒဏ်ရာတွေဘယ်လိုရလာလဲ ငါမသိပေမဲ့ နင့်ညီမ မုန်းမဟူရာကပုံမှန်မဟုတ်ဘူးနော်"

 

ထိုစကားကိုကြားချိန်မှာတော့ ယုမျက်နှာချက်ချင်းတင်းမာသွားကာ မျက်လုံးဝိုင်းလေးမှာလည်းအရောင်ပြောင်းလေသည်။ ဝေ့တက်လာတဲ့မနှစ်မြို့မှုနဲ့တင်းမာမှုတွေကို ဒေစီအတိုင်းသားမြင်လိုက်ရသည်။ 

 

"မုန်းကိုအဲ့လိုပြောစရာမလိုဘူး ဒေစီ"

 

သူမကိုထသတ်တော့မလိုအကြည့်ဖြင့် ကြည့်နေသည့် ယု ကြောင့် ဒေစီအနည်းငယ်လန့်သွားမိသည်။

 

"ယု ငါက…"

 

"ယု နဲ့ ဒေစီ ကဒီရောက်နေတာကိုး"

 

ဂျင်မီဟာ သူမတို့ထံလျှောက်လာရင်းမှ ဖိတ်စာနှစ်ခုကိုကမ်းပေးလေသည်။ 

 

"မနက်ဖြန်ည ကျွန်တော့အဖေရဲ့ မွေးနေ့ပွဲလာခဲ့ပေးကြပါဦးနော်"

 

ဒေစီဟာဂျင်မီကမ်းပေးသည့် ဖိတ်စာကိုယူလိုက်ပြီးဖွင့်ကြည့်၏။ 

 

"ဟုတ်ကဲ့ လာခဲ့ပါ့မယ် ဆရာ"

 

ယုကတော့ သူ့လက်ထဲမှဖိတ်စာမကိုမယူဘဲ ရပ်ကြည့်နေသဖြင့်ဒေစီကပဲလှမ်းယူကာ ယု လက်ထဲထိုးထည့်ပေးလိုက်တော့မှ ယုဟာစိတ်မပါတပါဖြင့် ထိုဖိတ်စာကိုလက်ခံသည်။ 

 

"ကျွန်မခွဲခန်းဝင်ရတော့မှာမို့ခွင့်ပြုပါဦး"

 

ဂျင်မီတို့ဘက်ကလာမဲ့စကားကိုပင်မစောင့်တော့ဘဲ ယုဟာ ထိုနေရာကနေ ပြာယီးပြာယာထွက်သွားသည်။ ဂျင်မီမောင် ခေါင်းကုပ်ကျန်ခဲ့ရသလို ခပ်သုတ်သုတ်လျှောက်သွားသည့် ယု နောက်ကျောကိုကြည့်ကာဒေစီမှာသက်ပြင်းရှည်ရှည်သာချလိုက်မိတော့သည်။

 

"မမယု မနက်ဖြန် ကျွန်မနဲ့ပါတီ တွဲတက်ပေးဦး"

 

ပြန်လာလာချင်းပင် ဧည့်ခန်းမှ ဆက်တီတွင်ထိုင်လိုက်ကာ သူမနှင့်အတူ ပါတီတက်ရန်ပြောလိုက်သည့်မုန်းကြောင့် ဂျင်မီဖိတ်သည့်ပါတီမှန်း ယု သိလိုက်ပါသည်။

 

"အင်း မုန်း"

 

"ဝတ်စုံက ကျွန်မပို့ပေးမယ်"

 

"ကောင်းပါပြီ"

 

မုန်းက ထိုင်ရာကနေထသွားပြီးနောက် ယု လည်းအခန်းကိုပြန်ကာ စောစောအနားယူရန် တွေးလိုက်၏။

 

အဖျားကလည်း ခုထိမကျသေးဘဲ ခပ်ငွေ့ငွေ့ရှိနေသေး၍ ဆေး တစ်လုံးယူသောက်ပြီးနောက် ကျောပြင်မှ ဒဏ်ရာများကိုဆေးထည့်မည် လုပ်တော့ လက်က နောက်ကျောကိုမမှီ။

 

ထိုစဉ် မုန်းကဘယ်ချိန်ကမှန်းမသိရောက်လာကာ သူမကျောပြင်ကို ဆေးထည့်ပေးကာ နူးနူးညံ့ညံ့ပွတ်သပ်ရင်း

 

"ကျွန်မကို မမုန်းဘူးလား မမယု"

 

ယု မှန်ထဲကနေမုန်းမျက်နှာကိုကြည့်ရင်း

 

"မုန်းကို မုန်းဖို့ မမယုတစ်ခါမှ မတွေးဖူးဘူး"

 

မုန်းက ရုတ်တရပ် ယု ဒဏ်ရာများကိုခပ်ဖွဖွ နမ်းလိုက်ပြီး

 

" ကျွန်မတော့ မမယုကို မုန်းတယ်"

 

ယု အခန်းပြင်ပြန်ထွက်သွားသည့် မုန်း၏ နောက်ကျောကို ငေးကြည့်ရင်း

 

"မမယု မုန်းကိုချစ်တယ်"

 

JikoJane