လရောင်နမ်းမယ့်ချစ်ခြင်းကာရန် - Episode 4

ကုန်ဆုံးလာတဲ့ နာရီလက်တံတွေနဲ့အတူ မျောပါသွားတာက ကျွန်မရဲ့ အတိတ်တွေ ဖြစ်ပြီး အနာဂတ်ကို သက်ရောက်မယ့် အဖြစ်အပျက်တွေကိုတော့ လက်ရှိအချိန်တွေကပဲ ဖန်တီးပေးပါလိမ့်မယ် ။

 

ပြီးတော့ လက်ရှိအချိန်မှာပဲ ပျော်အောင် နေတတ်ဖို့ ကျွန်မကို သင်ပေးနေတဲ့ လူတစ်ယောက်ရှိတယ် ။ အဲဒီလူကို ကျွန်မရဲ့ အနာဂတ်မှာရော ရှိနေစေချင်ရဲ့လားဆိုတာတော့ မသေချာဘူး ။

 

" ကာရန် "

 

" ဟုတ်ကဲ့ "

 

အဲဒီလူက သေချာပေါက် ကာရန်ချိုပါပဲ ။ တစ်ခါတရံ ကလေးတွေနဲ့ စကားနိုင်လုရင်း ပျော်နေတတ်သလို တစ်ချို့အချိန်တွေကျ အကြောင်းအရင်းမယ်မယ်ရရ မရှိဘဲ အရူးတစ်ယောက်လို ပြုံးနေတတ်တယ် ။ ကာရန်ချိုဆီမှာ ပုံစံအတိအကျမရှိဘူး ။ သူက ဖြစ်လာသမျှကို ဖြစ်သလို ရင်ဆိုင်ရဲတယ် ။

 

" အေးတယ် အနွေးထည် သွားဝတ်ထား "

 

တကယ်ဆို ဒီလို စကားတွေက ကျွန်မကို သူ သတိပေးနေကျစကားတွေပါ ။ ဘယ်ကနေ ဘယ်လို ကျွန်မရဲ့ နှုတ်ဖျားတွေဆီကို ကူးပြောင်းလာသလဲတော့ ကျွန်မလည်း မသိလိုက်ဘူး ။

 

ပြင်ဦးလွင်ရဲ့ ညနေစောင်းဆိုတဲ့အချိန်က သာယာပေမယ့် အေးစိမ့်လွန်းတယ် ။ အထူးသဖြင့် ဒီနေ့လို နေသိပ်မပူခဲ့တဲ့ နေ့တွေမှာဆို အအေးဓာတ်က ခပ်စောစောလေး ဝင်လာလေ့ရှိတယ် ။

 

" ဟုတ်ကဲ့ "

 

ဖတ်လက်စ စာအုပ်ကို စာမှတ်ကဒ်လေးနဲ့ ညှပ်ပြီး ခုံပေါ်ပြန်တင်ခဲ့တယ် ။ လှေကားကို နင်းဖြတ်သွားပေမယ့် ခြေသံကို မကြားရဘူး ။ ကာရန်ချိုရဲ့ အပြုအမူတွေကတော့ တကယ် နူးညံ့တယ် ။

 

" ညောင် မေမေ့ဖုန်းကို မကိုင်ဘူးဆို "

 

" ပြန်ခေါ်နေလို့ "

 

ကာရန် ဖျော်ပေးခဲ့တဲ့ လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းနားမှာ တေ့ထားတော့ လက်ဖက်ရည်ရဲ့ ချိုချိုအီအီနို့အနံ့ကို ရတယ် ။

 

မော်မော့်ရဲ့ သက်ပြင်းချသံကို ကြားရတယ် ။ ပြန်ခေါ်နေတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းကြောင့် မဟုတ်မှန်းတော့ မော်မော်လည်း သိမှာပါ ။

 

" ပြဿနာတိုင်းက ရှောင်ပြေးနေရုံနဲ့ ဖြေရှင်းပြီးသား ဖြစ်မသွားနိုင်ဘူးနော် "

 

ပြဿနာတိုင်းက ရှောင်ပြေးရုံနဲ့ အဖြေတွေ ပေါ်မလာနိုင်ဘူး ။

 

ဒါကတော့ ကျွန်မ ကိုယ်တိုင်လည်း လက်ခံထားတဲ့ အချက်ပါ ။ ဒါပေမယ့် ခေါင်းတိုးပြီး ရင်ဆိုင်လိုက်မှ အနာတရတွေပဲ ပိုဖြစ်လာနိုင်မယ့် ပြဿနာတွေ ဖြစ်နေခဲ့ရင်ရော ...

 

" အကျိုးအကြောင်းတော့ ပြန်ပြောလိုက်ဦး ၊ မော်မော်ကတော့ ညောင် တစ်သက်လုံးနေမယ်ဆိုလည်း ခေါ်ထားမှာ "

 

" အမိက ဒီမှာ တစ်သက်လုံးနေမလို့လား "

 

ဟူဒီအပွကို ဖြစ်သလို ခေါင်းစွပ်လာပုံရတဲ့ ကာရန်က အင်္ကျီကို ဆွဲချရင်း ဆိုင်ထဲ ပြန်ဝင်လာတယ် ။ ပွယောင်းယောင်းဖြစ်သွားတဲ့ ဆံပင်တွေကို တစ်ချက်ကြည့်ပြီး အကြည့်ပြန်လွှဲလိုက်တယ် ။ ဆက်ကြည့်နေရင် သပ်ပေးချင်စိတ်တွေ ပေါ်လာဦးမယ် ။

 

" ဘာလို့လဲ နေတော့ "

 

ဘုဆက်ဆက်နဲ့ မေးလိုက်မိတော့ ရှည်ထွက်နေတဲ့ အင်္ကျီလက်ရှည်ရဲ့ အနားစတွေကို လက်ဖျံနားအထိ ဆွဲတင်ရင်း ခေါင်းခါပြတယ် ။

 

" အဲဒါဆို ရန်ကုန်ကို သွားလည်တဲ့ အခါမျိုးကျ ကာရန်က ဘယ်မှာနေရမှာလဲ "

 

" ရှင့်ကို ကျွန်မ ခေါ်ထားမယ်လို့လည်း မပြောမိပါဘူး "

 

" ဒါပေမယ့် အမိသာ ဒီမှာ တစ်သက်လုံးနေမယ်ဆိုရင် ကာရန့်မှာ ရန်ကုန်ကိုသွားစရာအကြောင်းလည်း မရှိလောက်ဘူး "

 

ဒိတ်ခနဲဖြစ်သွားတဲ့ နှလုံးခုန်သံကို ထိန်းဖို့ သူ့ကို မျက်စောင်းထိုးလိုက်တော့ ရယ်ကျဲကျဲနဲ့ စာအုပ်ကို ကောက်ကိုင်တယ် ။

 

နေရောင်က တဖြေးဖြေးနဲ့ မိုးကုတ်စက်ဝိုင်းဆီ တိုးဝင်ပျောက်ကွယ်လာတဲ့အထိ ကာရန်က မော်မော်နဲ့ ထိုင်ပြီး စကားပြောနေတာ ။ သူက အလုပ်မရှိဘူးဆိုရင်လည်း ရေထခပ်ဖို့တောင် မလုပ်ဘူး ၊ အလုပ်လုပ်ရမယ့် နေ့ဆိုလည်း အမြှီးတောင် ရှာလို့ မရတတ်ဘူး ။

 

" အာ ခုံတန်းပေါ်မှာ မာဖလာကျန်ခဲ့ပြီ "

 

အိမ်ရောက်ခါနီးမှ ဆိုင်‌ရှေ့က ခုံတန်းပေါ်မှာ မာဖလာကျန်ခဲ့တာကို သတိရသွားတယ် ။ သော့ခတ်ရင်းနဲ့ မေ့သွားတာ ထင်ပါရဲ့ ။

 

" ကာရန် သိမ်းပေးထားပါလိမ့်မယ် ၊ ညောင့် မာဖလာမှန်း သူသိမှာပါ ။ ပြန်မယူနဲ့တော့ မှောင်နေပြီ "

 

" ဟုတ် " 

 

ညနက်လေလေ အအေးဓာတ်ကဲလာလေလေ ဖြစ်တဲ့ ဖြစ်စဉ်က နေရောင်ခြည်ရဲ့ နွေးထွေးမှုတွေနဲ့ ဝေးကွာသွားတဲ့ အချိန်က ကြာမြင့်သွားလို့ပါတဲ့ ။ အဲဒီ ဒဿနရဲ့ ပိုင်ရှင်ကတော့ ကာရန်ချိုပါပဲ ။ ကျွန်မကလည်း ဘယ်လိုဖြစ်လို့ အဲဒီစကားကို မှတ်မိနေမှန်း မသိဘူး ။

 

အိပ်မပျော်သေးတာကြောင့် ဧည့်ခန်းထဲ ထိုင်ပြီး ကင်မရာနဲ့ အလုပ်ရှုပ်နေမိတယ် ။ မော်မော်က ဘုရားရှိခိုးနေတာကြောင့် တီဗီက အသံကိုလည်း အဆုံးအထိ တိုးပေးထားလိုက်တယ် ။ ပုံတွေ ပြင်ဖို့ laptop တောင် ပါမလာဘူးပဲ ။ ပြင်ရမယ့် ပုံကလည်း ကာရန်ချို့ရဲ့ ပုံနှစ်ပုံပဲ ရှိတာ ။ မပြင်တော့ပါဘူးလေ ။

 

မော်မော် ဘုရားရှိခိုးလို့ မပြီးသေးခင်မှာ မော်မော့်ရဲ့ ဖုန်းက သီချင်းသံတစ်ချို့ ပျံ့လွင့်လာတယ် ။

 

" ဆောင်းနှင်းပွင့် ကြွေလွင့်လာရင် ပျော်လာခဲ့သည် ...

လက်ချင်းအတူ တွဲယူယှက်လို့ မေတ္တာတေးသီ ... "

 

စိုးစန္ဒာထွန်းရဲ့ အသံလွင်လွင်က volume ကို အဆုံးထိ တင်ထားတတ်တဲ့ ဖုန်းထဲကနေ ကျယ်ကျယ်လောင်လောင်ထွက်လာတယ် ။ အဲဒီ ဖုန်းမြည်သံကိုလည်း ကာရန်လုပ်ပေးထားတာလို့ သိရသေးတယ် ။

 

ဘုရားရှိခိုးနေတဲ့ အဒေါ်ဖြစ်သူ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဆိုဖာပေါ်က ဝုန်းခနဲ ထထိုင်ပြီး အားသွင်းထားတဲ့ ဖုန်းကို အသံအရင်ပိတ်လိုက်တယ် ။ ဒါပေမယ့် ဖုန်း screen မှာ မြင်နေရတဲ့ မမကြီး ဆိုတဲ့ နာမည်ကြောင့် မော်မော့်ကို တစ်ချက်ကြည့်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ် ။

 

" ဟယ်လို မေမေ "

 

" ဟော မအိပ်သေးဘူးလား ညောင် "

 

မေမေ့ရဲ့ ဖုန်းတွေကို လက်မခံခဲ့တာကြောင့် မေမေ့အသံကို မကြားရတာ တစ်ပတ်လောက်တောင် ရှိရော့မယ် ။

 

" တီဗီကြည့်နေလို့ မေမေ ၊ မော်မော်က ဘုရားရှိခိုးနေလို့ "

 

" ဪ ဟုတ်ပါပြီ ၊ ထမင်းရော ပုံမှန်စားရဲ့လား သမီး "

 

ပုံမှန်စကားဝိုင်းတစ်ခုကို ရောက်လာပြီး မေမေနဲ့ အလာဘသလာဘပြောနေလိုက်တယ် ။ ဖေဖေကတော့ သတိရပေမယ့် ပျော်ရင် လွှတ်ထားဖို့ ပြောကြောင်း ဖုန်းကိုလည်း ကိုင်စေချင်ကြောင်းတွေ သတိပေးပြီးတဲ့ နောက်မှာ မေမေ့ရဲ့ သက်ပြင်းချသံကို ကြားရတယ် ။

 

" သမီးရဲ့ သူငယ်ချင်းတွေကလည်း မေးနေတာ "

 

" မေမေ မအိပ်သေးဘူးလား ၊ မနက်ကျရင်လည်း ဆိုင်သွားရဦးမှာကို ။ ဖေဖေကရော အိပ်သွားပြီလား ။ စောစောအိပ်ဦး "

 

" ညောင် ... "

 

" မေမေ ... သမီး ရှောင်နေတာ မဟုတ်ပါဘူး ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနိုင်မယ့် အဖြေမတွေ့သေးရုံပါ ။ မေမေ့သမီးက မေမေ့ကိုတော့ ပစ်ထားပါ့မလား "

 

" မော်မော်နဲ့သာဆို မေမေလည်း စိတ်ချပြီးသားပါ ၊ မေမေ အမြဲ ပြောဖူးသလို သမီးကို လူတွေနဲ့ ဝေးသွားတာမျိုး မဖြစ်စေချင်လို့လေ "

 

" အာ မော်မော် ဘုရားရှိခိုးပြီးပြီ ၊ သမီးအိပ်တော့မယ် ။ မော်မော်နဲ့ ဆက်ပြောလိုက် "

 

ပုခုံးပေါ်က ပုဝါလေးကို ခေါက်ရင်း ထလာတဲ့ မော်မော့်လက်ထဲ ဖုန်းကို ထိုးထည့်လို့ ဆိုဖာပေါ်က ကင်မရာဆီ ပြန်ရောက်သွားတယ် ။

 

ခဏအကြာမှာတော့ မော်မော်လည်း ကျွန်မရဲ့ ဘေးကို ရောက်လာတယ် ။ မပြင်ရသေးပေမယ့် ကာရန့်ရဲ့ ပုံနှစ်ပုံပဲ ရှိတာကြောင့် အဲဒီနှစ်ပုံကိုပဲ အပြန်အလှန် ပြန်စစ်နေမိတယ် ။

 

" ငါ ဒီပုံကို ဘာလို့ ရိုက်လိုက်မိပါလိမ့် "

 

စက်ဘီး လက်ကိုင်ကို ကိုင်ထားတဲ့ ကာရန့်ရဲ့ မျက်နှာတစ်ခြမ်းပါတဲ့ နောက်ကျောပုံကို ကြည့်ရင်း ရေရွတ်လိုက်တော့ မော်မော်က တီဗီကြည့်နေရင်းနဲ့ အနားကို တိုးလာတယ် ။ မော်မော့်ကိုပါ ပြလိုက်တော့ ခေါင်းတငြိမိ့ငြိမ့်နဲ့ ပြုံးတယ် ။

 

" တစ်ချို့အချိန်တွေမှာ တစ်ခုခုကို  နှလုံးသားက သိမ်းဆည်းချင်စိတ်တွေ ပြင်းပြလာတာမျိုး ဖြစ်တတ်တယ် ၊ ညောင် အဲ့လို အခြေအနေကို ရောက်သွားလို့ ဖြစ်ပါလိမ့်မယ် "

 

" အာ မော်မော်ကလည်း ၊ အဲ့လိုမဟုတ်ပါဘူးနော် ။ ဒီတိုင်း လက်က အကျင့်ပါနေတာ "

 

" မော်ကလည်း ဘာမှမပြောမိပေါင် "

 

ပြုံးစစနဲ့ ထထွက်သွားတဲ့ အဒေါ်ဖြစ်သူကို မလုံမလဲ မော့ကြည့်ရင်း ကင်မရာကို ခပ်မြန်မြန်ပဲ အိတ်ထဲကို ထိုးထည့်လိုက်မိတယ် ။ သေချာပါတယ် ၊ ကျွန်မ လုပ်ခဲ့သမျှမှာ နှလုံးသားဆိုတာ မပါဘူး ။

 

-

 

တနင်္ဂနွေနေ့ရဲ့ ထုံးစံမှာတော့ မော်မော်မပါဘဲ ဆိုင်ကို ထွက်လာရခြင်းတစ်ခု ပါဝင်လာရပြီ ။ မော်မော်နဲ့ သွားတုံးကလို မဟုတ်ဘဲ နည်းနည်း နေပွင့်မှ ထွက်လာတာမို့ လမ်းပေါ်မှာတော့ လူက နည်းနည်းများနေရပြီ ။

 

ဝတ်ထားတဲ့ အနွေးထည်ကို နည်းနည်းဆွဲစေ့လိုက်တော့ အင်္ကျီကြားကနေ တိုးဝင်နေတဲ့ လေအေးတွေကို ခဏ ကာကွယ်ပေးလိုက်နိုင်တယ် ။ မာဖလာမပတ်ထားတဲ့ လည်တိုင်ကတော့ အေးနေတုန်းပဲ ။

 

အစောကြီး နိုးနေတတ်တဲ့ ကာရန့်ကို ဒီနေ့လည်း ခြံ‌ထဲက အပင်တွေကို ရေလောင်းလျှက်သား တွေ့ရတယ် ။ အပင်ငယ်လေးတွေ ဖြစ်တာကြောင့် ရေခရားလေးနဲ့ပဲ ခပ်ဆဆ လိုက်လောင်းနေတာ ။ ‌လိုအပ်တဲ့  ရေပမာဏကိုတော့ ချိန်ဆတတ်သား ။

 

မာဖလာ ...

 

ကျွန်မ ကျန်နေခဲ့တဲ့ မာဖလာ အညိုရောင်လေးကို ကာရန့်ရဲ့ လည်တိုင်ဆီမှာ တွေ့ရတယ် ။ ဆက်ခနဲ လှည့်ကြည့်လာတဲ့ ကာရန်က ကျွန်မကို မြင်တော့ ပြုံးတယ် ။

 

ရေခရားကို နေရာတကျ ပြန်ထားပြီး အနားကို ရောက်လာတယ် ။ ညီညီညာညာဖြစ်နေတဲ့ မြက်ခင်းပြင်ဆီကို ငုံ့ကြည့်လိုက်မိတယ် ။ ဦးနှောက်ဆီကို ရောက်လာတဲ့ အအေးဓာတ်တွေက ဒီမိန်းမကို လှတယ်လို့ မြင်ရလောက်တဲ့အထိပဲ ။

 

" အန်တီမော် ဘုန်းကြီးကျောင်းသွားပြီလား "

 

မြင်ကွင်းထဲကို ဝင်လာတဲ့ ခြေညှပ်ဖိနပ်စီးထားတဲ့ ခြေဖမိုးတွေ ။ သွယ်လျနေတဲ့ ခြေချောင်းတွေက စက်ဘီးတစ်စီးနဲ့ တစ်မြို့လုံး ပတ်နေတဲ့လူ ဟုတ်ရဲ့လားလို့တောင် မေးယူရမယ် ။

 

‌သူ့ရဲ့ မေးခွန်းကို သတိကပ်ပြီး ခေါင်းငြိမ့်ပြလိုက်တယ် ။ သော့မဖွင့်ရသေးဘူးပဲ ။

 

" နေဦးလေ "

 

ဆိုင်တံခါးမဖွင့်ရသေးတာကို သတိရသွားလို့ လှည့်လိုက်မိတော့ သူက လက်မောင်းကနေ ခပ်သာသာဆွဲလာတယ် ။ မျက်နှာချင်းဆိုင်မိပေမယ့် သူက ကျွန်မရဲ့ မျက်လုံးတွေကို ကြည့်မနေဘူး ။ သူ့ရဲ့ လည်ပင်းက ‌မာဖလာကို ချွတ်ယူပြီး ကျွန်မရဲ့ လည်တိုင်ဆီကို အရောက်ပို့ပေးတယ် ။ အခုလေးတင်မှ ဆွဲချွတ်လိုက်တာကြောင့် သူ့ရဲ့ အနွေးဓာတ်က မာဖလာမှာ ကပ်ညှိနေတုန်းပဲ ။ ဘာရေမွှေးသုံးတာလဲလို့ မေးမိတော့မယ့် ဆဲဆဲမှာ သူက ပန်းတွေနဲ့ အလုပ်လုပ်မှန်း သတိရလိုက်တာကြောင့် မမေးဖြစ်လိုက်ဘူး ။ မာဖလာဆီက ပန်းရနံ့တွေက သူ့ရဲ့ ကိုယ်သင်းနံ့ ဖြစ်နေနိုင်တယ်လေ ။

 

" အဟမ်း ... မော်မော်က ဟင်းချက်ပေးခဲ့တယ် ၊ နေ့လည်ကျရင် အိမ်မှာ ပြန်ယူရမှာ "

 

" ကာရန် သွားယူပေးမယ်လေ "

 

" အင်း "

 

သူ့ကို ခပ်တိုတိုပဲ အဖြေပေးပြီး လှည့်ထွက်လာခဲ့ပေမယ့် ခြေသံတွေက ကပ်ပါလာတုန်းပဲ ။ နှာဖျားဆီကို ရိုက်ခတ်နေတဲ့ ပန်းရနံ့တွေကိုပဲ သတိကပ်မနေမိဖို့ ကြိုးစားပမ်းစား စိတ်တွေကို လွှင့်ထုတ်ထားရတယ် ။

 

" လရောင် ၊ လရောင် ဘယ်သီချင်းကို အကြိုက်ဆုံးလဲဟင် "

 

" Playlist ထဲ ရှိတာ အကုန် "

 

" အာ အဲ့လို မဟုတ်ဘူးလေ "

 

‌‌လက်ကိုင်ဘုကို ဆွဲလှည့်ပြီး ဆိုင်ထဲဝင်လာတဲ့အထိ ကာရန်က ဘေးနားကနေ စကားတွေ တတွတ်တွတ်ပြောရင်းနဲ့ ပါလာတုန်းပဲ ။

 

" ကဲ ကာရန်ချို ၊ ဘယ်လို ဖြစ်နေသလဲ "

 

" သီချင်းမေးနေတာလေ "

 

" မရှိဘူး အဲ့လိုဟာ "

 

" လရောင်ကလည်း မရှိဘူးဆိုတာတော့ ဖြစ်နိုင်ပါ့မလား ၊ သီချင်းတွေကို မချစ်ဘဲနဲ့ ဘယ်လို ရှင်သန်မလဲ  "

 

" သီချင်းတွေက ဒီကမ္ဘာရဲ့ လက်ဆောင်တစ်ခုပဲ အချစ်ရဲ့ ၊ ကိုကို့အတွက်လို့ တွေးပြီး သီချင်းတစ်ပုဒ်လောက် ဆိုပြစမ်းပါကွာ ၊ ကိုကို အချစ်ရဲ့ အသံလေး ကြားချင်တယ် "

 

နင့်ခနဲ ပြေးဝင်လာတဲ့ အတိတ်ရဲ့ အဖြစ်အပျက်တွေကြောင့် နှလုံးသားရဲ့ စကားသံတစ်ချို့က မျက်ဝန်းအိမ်ကို စကားလုံးတွေအဖြစ် တွန်းပို့ပေးလာတယ် ။

 

" နေခဲ့တာပဲ ဒီအတိုင်း "

 

ဆိုင်ထဲ ရောက်လာပေမယ့် ဘာမှလည်း ထွေထွေထူးထူး ရှင်းလင်းစရာလည်း မရှိတာကြောင့် စာအုပ် အဟောင်းတွေ တင်ထားတဲ့တန်းရှေ့မှာ ထိုင်ချလိုက်တယ် ။

 

" အဲ့လို မလုပ်စမ်းပါနဲ့ ၊ လရောင် စိတ်ထဲမှာ ဘာအတွေးကိုမှ ထည့်မထားဘဲ နေနိုင်လို့လား "

 

" နေနိုင်တယ် "

 

" နိုး တရားထိုင်တာက လွဲပြီး အဲ့လို မနေနိုင်ဘူးနော် ၊ လရောင် အခုတောင် ကာရန့်ကို ထရိုက်လိုက်ချင်နေတာ မဟုတ်လား "

 

" သိရဲ့သားနဲ့ အနားမှာ အဲ့လို လာကပ်နေနိုင်တဲ့ ရှင့်ကိုလည်း အံ့ဩတယ် "

 

ဘေးမှာ ဆောင့်ကြောင့်လေး လာထိုင်နေရင်းကနေ နောက်ကို နှစ်လှမ်းလောက် ရွှေ့သွားတဲ့ ကာရန့်ကို ကြည့်ရင်း ရယ်လိုက်မိတယ် ။

 

" အတွေးတွေက စက္ကန့်မလပ် ဖြစ်နေတာ ၊ အဲဒီနေရာမှာ သီချင်းတွေ ဖြစ်နေတာက ပိုပြီး စိတ်သက်သာရာ ရတယ်လေ " 

 

ဒီတစ်ခါတော့ မသိချင်ယောင်ဆောင်မနေနိုင်တော့ဘူး ။ ကာရန်က ဘာမှ မသိသလို မျက်နှာပေးနဲ့ ကျွန်မကို ကြည့်နေတယ် ။ သူက ကျွန်မကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေတာပဲ

 

" မော်မော့်ဆီက ဘာတွေ ကြားလာပြန်ပြီလဲ "

 

ကာရန်ချိုက တကယ်ကို မလိမ်တတ်တဲ့လူပါပဲ ။ မျက်လုံးလေး ဝိုင်းလို့ ခေါင်းကို အသည်းအသန်ခါပြပေမယ့် သူလိမ်နေတယ်ဆိုတာတော့ သိပ်သိသာတယ် ။

 

" ကျွန်မကို မနှစ်သိမ့်ပေးနဲ့ မလိုအပ်ဘူး "

 

" နှစ်သိမ့်တယ်ဆိုတာက လိုအပ်မှ လုပ်ရတာ မဟုတ်ဘူးလေ ၊ ပြီးတော့ ကာရန်ကလည်း လရောင်ကို နှစ်သိမ့်နေတာ မဟုတ်ပါဘူး "

 

" သွားတော့ သွား "

 

" ဟင် ဒါက ကာရန့်အိမ်လေ "

 

အဲဒီ့အူကြောင်ကြားကို ဘယ်လို လုပ်ရပါ့မလဲ ။ ထရိုက်ရင်လည်းငရဲကြီးဦးမယ် ။

 

" ရှင့်ကို ဆိုင်ထဲကနေ သွားတော့လို့ ပြောနေတာ ၊ ရှေ့မှာ ရှင့်ဖောက်သည် "

 

သူက အနောက်ကို လှည့်ကြည့်တော့ မနက်တိုင်း သူ အစာကျွေးနေတဲ့ ခွေးလေးက ဆိုင်ရှေ့မှာ ရစ်သီရစ်သီလာလုပ်နေတာကို တွေ့သွားတယ် ။   အဲ့တော့မှ ဟက်ခနဲ ရယ်ပြီး လက်ညိုးနဲ့လက်မကို ထိပြီး သဘောတူလို့ မတ်တပ်ထရပ်တယ် ။

 

" လရောင် "

 

" အင်း "

 

" လရောင်ကို ပျော်စေချင်တယ် "

 

အတတ်နိုင်ဆုံး သူ့မျက်နှာကို မော့မကြည့်မိအောင် စီထားတဲ့ စာအုပ်တွေရဲ့ ထောင့်ချိုးတွေကိုပဲ မနည်းလိုက်ကြည့်နေမိတယ် ။ ဒါကတော့ နှစ်သိမ့်တဲ့စကား မဟုတ်ဘူးထင်တယ် ။ ဘယ်လိုပါလိမ့် ။

 

" အခုချိန် တစ်ရေးနိုးထမေးလာရင်တောင် ကာရန်ပြောမိမှာက ကာရန် လရောင်ကို ပျော်စေချင်တယ်ဆိုတာပဲ ၊ လရောင် ပျော်နေရင် ကောင်းမယ် "

 

တံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်းဆီကနေ အသံလွင်လွင်ကလေးကို ကြားရမှ မော့ကြည့်လိုက်မိတယ် ။ ဆွယ်တာအဖြူနဲ့ ဖုံးလွှမ်းထားတဲ့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိတယ် ။ သူ့ပုခုံးပေါ်မှာကျွန်မမသိဘဲ ထမ်းရတဲ့ တာဝန်တွေ အလေးအပင်တွေ ဘယ်လောက်များနေလိုက်မလဲဆိုတာကို မသိပေမယ့် သူက ကျွန်မကို ပျော်စေချင်ပါတယ်တဲ့လေ ။

 

မဖြစ်သင့်ဘူးလို့ ထင်ရတဲ့ ခံစားချက်တစ်ချို့က ကျွန်မဆီကို အရှိန်အဟုန်နဲ့ ပြေးဆောင့်လာပြန်တယ် ။ လူတစ်ယောက်ကို ဘဝထဲ ထပ်ပြီး ဝင်ခိုင်းလိုက်ဖို့အထိတော့ ကျွန်မမှာ လုံလောက်တဲ့ သတ္တိတွေ မရှိသေးဘူးလေ ။

 

-

 

To be continue….