ပန်တော်ကျ - Episode 4

ဘုတ်အီးတစ်ယောက် ဆေးခန်းကနေ တငိုငိုတရယ်ရယ်ဖြင့် ပြန်လာသည်။

ဆိုက်ကားရှေ့ခုံမှာထိုင်၍ တအီးအီးနှင့်ငိုနေသည့်ဘုတ်အီးကို လမ်းသွားလမ်းလာတွေကလှည့်ကြည့်

လှည့်ကြည့်လုပ်သွားကြသည်။


"ဟဲ့ မိလှိုင် ဘယ်လိုဖြစ်လာတာလဲ"


"ဖျားလို့ မခင်အုန်းရေ..ဆေးခန်းကပြန်လာတာ..

ဆရာမက ဆေးထိုးပေးလိုက်လို့လေ"


မခင်အုန်းက စျေးကအပြန် သူ့ဟင်းရွက်တောင်းကြီး

ကိုခေါင်းပေါ်မှာရွက်ထားပြီး လက်တစ်ဖက်က

တောင်းကိုထိန်းကိုင်ထားကာ ​ကျန်လက်တစ်ဖက်မှာ

တော့ မခင်မြင့်တံဆိပ်ဆေးပေါ့လိပ်ကိုလက်ကြား

ညှပ်ထားလေသည်။ ဆေးလိပ်က မီးသေစပင်ပြု

နေပြီ။ထိုအနေအထားနှင့် လမ်းဘေးမှာရပ်ကာ

မိလှိုင်ကို လှမ်းမေးခြင်းဖြစ်သည်။


"ကွမ်းသီး ဆိုက်ကားခဏရပ်ဦး "


မိလှိုင်က ကွမ်းသီးကိုဆိုက်ကားခဏရပ်ခိုင်းပြီး

ဆိုက်ကားပေါ်ကဆင်းသည်။

ပြီးနောက် ချွေးခံအင်္ကျီအိတ်ထဲကနေ တစ်ဆယ်

တန်တစ်ရွက်ကိုထုတ်၍ ကွမ်းသီးကိုပေးလိုက်ပြီး


"သူ့ကို အိမ်အထိလိုက်ပို့ပေးလိုက်ဟယ် ငါ ဒီမှာ

စျေးဝယ်လိုက်ဦးမယ်"


ကွမ်းသီးက မိလှိုင်ပေးသည့်တစ်ဆယ်တန်ကိုလှမ်း

ယူလိုက်ပြီးနောက် ပုဆိုးခါးပုံစထဲထည့်လိုက်ကာ

ဆိုက်ကားကိုပြန်နင်းလိုက်သည်။


"ဘာတွေပါတုန်း..ဒီနေ့ပြန်တာစောပါ့လား"


မိလှိုင်က ဒေါ်ခင်အုန်းခေါင်းပေါ်က ဗျက်ကျယ်သည့်

ဟင်းရွက်တောင်းကြီးကို ကူချပေးရင်းကမေးလိုက်

သည်။


"ချဥ်ပေါင်ရွက်...ဆူးပုတ်ရွက်..ခရမ်းသီး မီးဖုတ်

စားပါလားအေ့.. ဒီနေ့မှအခင်းထဲကခူးလာတာ

အလုံးကြီးတွေချောတယ်...ပြန်တာစောဆိုအေ

ဒီနေ့စျေးထဲလည်း လူမရှိပါဘူး..ဗွက်ကလည်း

ခြေသလုံးလောက်ရောက်နေပြီ.."


ဒေါ်ခင်အုန်းက မီးသေနေပြီဖြစ်သည့် သူ့ဆေးပေါ့

လိပ်ကို ချွေးခံအင်္ကျီအိတ်ထဲမှာထည့်ထားသည့် 

မီးခြစ်ဆံဘူးကိုထုတ်၍ မီးညှိလိုက်ပြီးနောက် 

တစ်ချက်ဖွာလိုက်ပြီး မိလှိုင်ကိုပြန်ပြောသည်။

လုံခြည်ကိုခပ်တိုတိုလိတ်ဝတ်ထားတာကြောင့် သူ့

ခြေသလုံးမှာ သူပြောသလိုပင် ရွံ့တွေခြောက်နေပြီ။

ဒါတောင် ဘုံပိုင်မှာ ရေဝင်ဆေးလာသေးသည်။


မိလှိုင်က တောင်းထဲရှိ ဟင်းရွက်တွေ အသီးအနှံတွေ

ကို ရွေးနေရင်းက


"ကျွန်မလည်း ကလေးနေမကောင်းတော့ ဆိုင်လည်း

မထွက်ဖြစ်..စျေးလည်းမသွားဖြစ်တော့ဘူး..

ဗွက်လည်းထတော့မပေါ့..မနေ့ကရွာတဲ့မိုးက ကြီး

တာကို.. ချောင်းထဲလည်းရေပြည့်နေပြီ..

သခွားသီးတွေလည်းချော့ပါတော် သုပ်စားဖို့

ကောင်းရဲ့.."


"သုပ်ပေါ့အေ..ငါးနိုင်းချင်းလေးနဲ့..ညည်း ဘဲမွေး

ထားတယ်မဟုတ်လား ဘဲဥလေးကြော် ဆူးပုတ်

လေးဟင်းချိုချက်..သခွားသီးသုပ်ကိုငရုပ်သီး

စပ်စပ်လေးနဲ့ လိုက်မှလိုက်.."


ဒေါ်ခင်အုန်းက ဆူးပုတ်ရွက်တစ်စည်းကိုကိုင်၍

မိလှိုင်ရဲ့လက်နားမှာချပေးရင်းပြောပြန်သည်။

မိလှိုင်က လက်ထဲက သခွားသီးကြီးကိုပြန်ချလိုက်ပြီး


"ဖြစ်သေးပါဘူးတော် ဘုတ်အီးကဖျားနေတာနဲ့

သူများစားရင်သူကလည်းစားချင်ဦးမယ် ဗိုက်

အေးစာတွေကျွေးလိုမဖြစ်သေးဘူး..သခွားသီး

သုပ်ဆို သူက ကြိုက်မှကြိုက်"


"ဖျားနေရင် အခိုးတွေ့ပွင့်ထွက်သွားအောင် ပူပူ

စပ်စပ်လေးတွေလုပ်ကျွေးအေ့..ဒါမှမြန်မြန်ဂတွင်း

ပေါက်ပြီးနလံထမှာ"


"အမလေး မခင်အုန်းရယ် ဂတွင်းမပေါက်တာတောင်

သူ့တစ်ယောက်ထဲကို တစ်လုံးချက်ကုန်သတော့်..

ဒီခန္ဓာကိုယ်က မဝပဲခံနိုင်ရိုးလား..ဂတွင်းသာပေါက်

များပေါက်ရင်တော့.."


"အေးဟဲ့..ညည်းသမီးမကျဘူးနော်.."


"မကျဘူး..မကျဘူး...တော်ပါပြီ သူ့အတွက် ဆန်

ပြုတ်လုပ်ပေးပြီး သူ့ကြီးဒေါ်ပေးထားတဲ့ ငါးရံ့

ခြောက်လေးပဲမီးကင်ပေးလိုက်တော့မယ်..ကျွန်မ

တို့သားအမိတွေက ချဥ်ပေါင်ရွက်ကြော်စားမယ်..

ပေးဦးမျှစ်တစ်ထုပ်..ချဥ်ပေါင်ရွက်ကသုံးစည်း..

ဘယ်လောက်တုန်း.."


"လေးစည်းယူအေ ငါးကျပ်..တစ်စီးတစ်ကျပ်ခွဲ

ရောင်းတာ...မျှစ်ကတစ်ထုပ်ကိုငါးကျပ်"


"ချဥ်ပေါင်ရွက်က နှစ်စီးကျတော့လည်းမလောက်

ဘူး..ခြွေလိုက်ရင်သာများတယ်ထင်ရတာ အိုးထဲ

ရောက်တော့ဘာမှမရှိတော့ဘူး...သုံးစည်းလောက်မှ

တော်ကာကျတာ..လေးစည်းကျတော့လည်းများပြန်

ရော"


"အမလေးအေ..များတော့လည်း မနက်ထမင်းကြမ်း

စားလိုရတာပေါ့..ည စားပြီးရင် ခြောက်ခြောက်လေး

ဖြစ်သွားအောင် မီးဖိုပေါ်ပြန်တင်ပြီးလုံးလိုက်ပေါ့"


"ဟုတ်တယ်..ဟုတ်တယ်..."


မိလှိုင် အင်္ကျီအိတ်ထဲက ဆယ်တန်တစ်ရွက်

ထုတ်လိုက်ပြီး ဒေါ်ခင်အုန်းကိုပေးလိုက်သည်။


"ချဥ်ပေါင်ကြီးရွက်လေးကြော်စားချင်တာ ရှားပါ့"


"ကိုအဝှာ့အခင်းထဲ ပိုးတွေကျလို့လေ အဲ့ဒါကြောင့်

မရတာအေ့.."


"ဘယ်သူတုန်း.."


"ဟိုအေ...ရေခဲစက်နောက်က.."


ဒေါ်ခင်အုန်းက နာမည်ကိုပြန်စဥ်းစားရင်း လက်ညှိး

ကလည်း ရေခဲစက်ရှိရာဘက် ညွှန်လိုက်သေးသည်။

ထိုအခါမှ မိလှိုင်က 


"သြော်..ကိုချစ်ဆွေကြီးအခင်း"


"အေးအေး..."


မိလှိုင်ပြောလိုက်မှ ဒေါ်ခင်အုန်းက သတိရကာ

လက်နှစ်ဖက်ကိုဖြောင်းခနဲမြည်အောင်တီးလိုက်ပြီး

ခေါင်းညိတ်ပြသည်။


"ငါ့ ပြန်ပင့်ပေးပါဦး"


မိလှိုင် ဝယ်ထားသည့်ချဥ်ပေါင်ရွက်အစည်းတွေကို

ပေါင်ပေါ်တင်ထားပြီးမျှစ်ထုတ်ကိုလက်မှာကိုင်ထား

ရင်းက ဟင်းရွက်တောင်းကို ဒေါ်ခင်အုန်းခေါင်းပေါ်

သို့ပြန်တင်ပေးလိုက်သည်။


"ဒါ ဘယ်ကိုဆက်သွားမလဲ"


"အချိန်ရှိတုန်း ဟိုဘက်ကမ်းသွားဦးမယ်အေ"


ဒေါ်ခင်အုန်းက ပြောလည်းပြော ဆေးလိပ်လေး

ဖွာရင်း ခပ်သုတ်သုတ်ထွက်သွားလေသည်။


"ဟောဒီက ဟင်းရွက်စုံပါတယ်"


............


"သက်သာလား ဘုတ်ဘုတ်"

ငွေမှုံ ထမင်းစားကျောင်းဆင်းပြန်လာတော့ ဘုတ်အီး

တို့အိမ်ကိုဝင်၍ သတင်းမေးသည်။

မိလှိုင်က ဘုတ်အီးစားဖို့အတွက် ဆန်ပြုတ်ပန်းကန်

ထဲသို့ မီးကင်ထားသည့်ငါးရံ့ခြောက်လေးကို နွှာ

ထည့်ပေးနေရာမှ လှည့်ကြည့်လိုက်သည်။


"ငွေမှုံ..ဒီမှာထမင်းစားရေ..ညည်းအဖေ အလုပ်ကိစ္စ

ပေါ်လာလို့တဲ့ ထွက်သွားတယ် "


"ဟုတ်ကဲ့ဒေါ်လေး"


"ဟိုနှစ်ယောက်ကအခုထိပြန်မရောက်သေးဘူး"


ငွေမှုံက လွယ်အိတ်ကို ကွပ်ပျစ်ပေါ်သို့တင်လိုက်ကာ

ဘုတ်အီးအနားသို သွားလိုက်သည်။

ဘုတ်အီးက သူ့အမေပြင်ပေးထားသည့် ဆန်ပြုတ်

ပန်းကန်ကို ​ မျက်တောင်မခပ်တမ်းငေးကြည့်နေ

သည်။


"ငါးရံ့ခြောက်မီးကင်လေးများများထည့်ပေးပါလား

အမေ"


"အဲ့မှာ တစ်ဝက်တောင်ထည့်ပေးထားတာ ကျန်တာ

က ညစာအတွက် ချန်ထားရသေးတယ်လေ..

အခုများများစားချင်ရင် ညကျ ဆန်ပြုတ်အလွတ်

ပဲသောက်ရမှာနော်"


"ဒါဆိုလည်း ဒီတိုင်းပဲစားလိုက်ပါတော့မယ်"


"ညည်းသူငယ်ချင်း စားချင်သောက်ချင်စိတ်ပျောက်

တယ်ဆိုတာ အဲ့လိုမျိုး တွေ့လား"


ငွေမှုံက ဘုတ်အီးတို့သားအမိကိုကြည့်၍ ရယ်နေသည်။

ဘုတ်အီးက ဆန်ပြုတ်တစ်ဇွန်းခပ်သောက်လိုက်သည်။


"မနက်ကဆေးခန်းသွားတာ ဆေးထိုးလိုက်သေးလား"


"ထိုးတာပေါ့ဟ...အပ်လေးကသာသေးတာ ငါ့ဖင်

အောင့်တက်သွားတာပဲ ...ဒီမှာ ဖင်တောင်ချပြီး

မထိုင်နိုင်ဘူး"


ထိုအခါမှ ဘုတ်အီးကိုကြည့်လိုက်မိတော့ ဟုတ်ပါ

သည်။ဖင်တစ်ဖက်ကိုမြှောက်၍ ထိုင်နေသည်။


"ဟဲ့ကောင်လေး...ဆင်းလာခဲ့အောက်ကို ဘယ်ဟာ

ကိုငတ်ချေးသွားကျနေတာလဲ"


ထွေးမောင်က ဘုတ်အီးရှေ့မှာရှိသည့် ဆန်ပြုတ်ပန်း

ကန်ထဲသို့ လက်နှိက်ဖို့ဟန်ပြင်နေတုန်း မိလှိုင်မြင်

ပြီး သူ့သားကို ကွပ်ပျစ်ပေါ်ကနေ အောက်သို့ ဆွဲချ

လိုက်လေသည်။


"ငြိမ်ငြိမ်ထိုင်နေတော့...ထမင်းစားမယ်..ဟဲ့..

ဟိုဟာတွေအခုထိပြန်မလာကြသေးပါလား..

ငွေမှုံတောင်ပြန်ရောက်တာကြာလှပြီ"


မိလှိုင်ပြောနေရုံရှိသေး နီတွတ်နှင့်လတ်လတ် ပြန်ရောက်လာသည်။

မိလှိုင် ဇလုံတွေထဲ ထမင်းခူးထည့်ပေးပြီးနောက် စားပွဲဝိုင်းပေါ်တင်ပေးလိုက်သည်။


"လက်ကိုဆပ်ပြာနဲ့သေချာဆေးကြ "


ငွေမှုံလည်း ထမင်းဝိုင်းမှာ သူတိုနှင့်အတူဝင်ထိုင်လိုက်သည်။

ဒါကလည်း ပထမဆုံးအကြိမ်မဟုတ်တော့ချေ။

သူ့အဖေအလုပ်ကိစ္စနှင့်မအားလပ်သည့်အခါတိုင်း

ဘုတ်အီးတို့အိမ်မှာသာ ထမင်းစားနေကြဖြစ်လေသည်။


ထိုနေ့ညနေဘက် ခွေးပိန်ပြန်လာတော့ ဘုတ်အီး

အတွက် ဖက်ထုပ်အရည်ဝယ်လာပေးသည်။

မိလှိုင်တို့အိမ်အတွက်လည်း ငါးခြောက်နှင့်ကြက်အူချောင်းအထုပ်တွေ ဝယ်လာသေးသည်။


"ဘုတ်အီး အခြေနေဘယ်လိုလဲ"


ခွေးပိန်က မိလှိုင်ကို သူဝယ်လာသည့်စားစရာတွေ

ပေးနေရင်းက ဘုတ်အီးကိုလှမ်းမေးသည်။


"သက်သာသွားပါပြီ လေးလေးရယ်"


"အေး..စားချင်တာရှိရင် ညည်းသူငယ်ချင်းကိုပြော

ကြားလား..."


"ဟုတ်ကဲ့.."


"အေးအေး..."


ခွေးပိန်ပြန်သွားသည်။ ဘုတ်အီးလည်း ဆေးထိုး

ထားတာရော ဆေးသောက်လိုက်တာရောကြောင့်

အတော်လေး သက်သာလာပြီဖြစ်သည်။

အဖျားလည်းကျသွားပြီဖြစ်သည်။

သိုသော် နှစ်ရက်လောက်ကျောင်းမသွားနိုင်ပေ။

စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်ခံသွား၍ တော်တော့

သည်။


"ပုစွန်ဆီ...ပုစွန်ဆီ...ယူကြဦးမလား"


ငွေမှုံက ဘုတ်အီးကို စာကူးပေးနေသည်။

ဘုတ်အီးက ထရံကိုမှီ၍ထိုင်နေရာမှ ပုစွန်ဆီဆိုသည့်

အသံကြားတော့ လည်ပင်းကရှည်ထွက်လာသည်။

ပြတင်းပေါက်ကနေအပြင်သို့လှမ်းပြီးကြည့်လိုက်သည်။


ရွာထိပ်မှာနေသည့် ဒေါ်ကြီးလုံးတုံး ဒန်အိုးကြီး

တစ်လုံးကိုခေါင်းပေါ်ရွက်၍ အော်နေသည်ကို

တွေ့လိုက်ရသည်။


"ဗျို..ဒေါ်ကြီး...လာပါဦး..."


ဘုတ်အီးက ပုစွန်ဆီသည်ကိုလှမ်းခေါ်လိုက်သည်။

မိလှိုင် ညနေစာထမင်းချက်နေရာမှ ဘုတ်အီးအသံ

ကြောင့် သူ့သမီးကိုလှည့်ကြည့်လိုက်သည်။


"ဟဲ့ကောင်မလေး...ဘာလုပ်မလို့လဲ"


"သမီး ပုစွန်ဆီစားချင်လို့အမေ"


"တယ်..နင်ဟာလေ..ရှည်ကိုရှည်တယ်....ဒီအချိန်

ဘယ်ကပုစွန်ဆီရတော့မှာလဲ..."


ပုစွန်ဆီရာသီက ကုန်ပြီမလို့ မိလှိုင် သူ့သမီးကို

ငေါက်လိုက်သည်။


"မိလှိုင်...ပုစွန်ဆီယူဦးမလား"


ဒေါ်လုံးတုံးက အိမ်ဝသို့ရောက်နေပြီ။ မိလှိုင်လည်း

အားနာပါးနာနှင့် ထိုင်ရာမှထလိုက်သည်။


"ဘယ်စျေးတုန်း မလုံး"


"အစိတ်သား သုံးဆယ်"


ဒေါ်လုံးတုံးက သူ့ခေါင်းပေါ်ကဒန်အိုးကိုအောက်သို့ချလိုက်သည်။

ဒန်အိုးဖုံးပေါ်မှာ ချိန်ခွင်တစ်ခုနှင့်ဓာတ်ခဲ အကြီးနှစ်လုံး တစ်ဆယ်သားအလေးတစ်ခု ပါသေးသည်။

အလေးပြည့်သည်မပြည့်သည်ဆိုတာထက် ကြိုက်ရောင်းကြိုက်ဝယ်ဟုပြောရမည်။


မိလှိုင် ဒန်အိုးအဖုံးကို ဖွင့်ကြည့်လိုက်သည်။

ပုစွန်ဆီရောင်သန်းနေသည့် ခပ်ကြဲကြဲအရည်တွေကိုတွေ့လိုက်ရသည်။

ဘုတ်အီးစားချင်သည်ဆို၍သာ ချက်ပေးရမှာ။

ရေကဘယ်လောက်တောင်ရောထားသလဲမသိ။

ပုစွန်ဆီအရောင်ထွက်နေတာပင် တော်သေးသည်။


"အေးတော်...အစိတ်သားပေး...လျှော့ဦး.."


"အစိတ်နဲ့ယူအေ..."


"နေဦး ဇလုံပေးမယ်"


မိလှိုင် ထိုင်ရာမှပြန်ထကာ ကြောင်အိမ်ပေါ်တင်ထား

သည့် ဇလုံတစ်လုံးကိုသွားယူလိုက်သည်။

ဒေါ်လုံးတုံးက ဒန်အိုးထဲကပုစွန်ဆီတွေကို ဇလုံဖြင့်

နှိက်ခပ်လိုက်သည်။

ပြီးနောက် ချိန်ခွင်ပေါ်သို ဇလုံကိုပါထည့်တင်၍ 

အလေးတုံးသုံးတုံးလုံးကိုတင်ကာ ချိန်လိုက်သည်။


"ဒီမှာအသာကြီးအေ့...သွားအေခပ်စရာတစ်ခုခုယူ

ခဲ့ ထပ်ထည့်ပေးမယ်"


မိလှိုင်လည်း ဇွန်းခွက်ကြီးယူချလာလိုက်သည်။

ဒေါ်လုံးတုံးက ဒန်အိုးထဲကနေ ပုစွန်ဆီတွေကို

ဇွန်းခွက်ဖြင့်နှစ်ဇွန်းခန့်ခပ်ကာ ဇလုံထဲထပ်ဖြည့်

ပေးလိုက်သည်။


ဒေါ်လုံးတုံးပြန်သွားတော့မှ မိလှိုင် သူ့သမီးကို ဆူ

ဖို့ကြည့်လိုက်တော့ ဘုတ်အီးက စားချင်တာစားရ

တော့မည်ဖြစ်၍ မှိုရသည့်မျက်နှာလိုဖြစ်နေတာ

ကြောင့် ဆူချင်စိတ်လည်းမရှိတော့ချေ။

သက်ပြင်းချကာ မီးဖိုချောင်ဘက်ပြန်ထွက်လာခဲ့

လိုက်လေသည်။

သူလည်း နလံထစ စားချင်ရှာမပေါ့။ 


ထမင်းအိုးကျက်သည်နှင့် ပုစွန်ဆီချက်ဖို့တစ်ခါ

တည်းပြင်လိုက်သည်။

မီးဖိုပေါ်တင်ထားသည့်ဒယ်အိုးပူလာသည်နှင့်

ဆီအနည်းငယ်ထည့်ကာ လှီးထားသည့်ကြက်သွန်

နီလေးကိုအိုးထဲထည့်၍ အနည်းငယ်နွမ်းသွားအောင်

နနွင်းလေးပါလေရုံထည့်ကာ ဆီသတ်လိုက်သည်။

ပြီးမှ ပုစွန်ဆီတွေကိုအိုးထဲလောင်းချလိုက်သည်။


ခဏကြာတော့ ဆီလေးပြန်လာပြီး အနံ့လေးသင်း

လာလေသည်။


ပုစွန်ဆီအစိတ်သားကို ချက်လိုက်တော့လည်း

လက်ဖက်ရည် ပန်းကန်လုံးတစ်လုံးစာလောက်ရှိတော့သည်။ ရေ သိပ်ရောမထားရှာပါဘူး။


"မွှေးနေတာပဲ... ငွေမှုံ...အိမ်မှာထမင်းစားသွားပါလား"


"မစားတော့ပါဘူး...နင်တစ်ယောက်ထဲတောင်

လောက်လိုလား"


"ငါက စားစေချင်လို့ပြောနေတာကို မစားနေပေါ့"


"တကယ်မကျွေးချင်ပဲနဲ့များ"


ငွေမှုံက စာကူးပေးနေရင်းမှ ဘုတ်အီးကိုလည်း

မျက်စောင်းထိုး၍ ပြန်ပြောလိုက်သည်။


"အလီကျက်ဦး...ကျောင်းဖွင့်တဲ့နေ့ မေးမှာတဲ့"


အလီဆိုသည့်အသံကြားသည်နှင့် ဘုတ်အီး သက်ပြင်းတစ်ချက်ချသည်။


"ဒီမှာ ငါ ရေးပေးထားတယ် "


ငွေမှုံက အလီရေးပေးထားသည့်စာအုပ်ကို ဘုတ်အီး

ရှေ့သို တွန်းပို့ပေးလိုက်သည်။

ဘုတ်အီး စာအုပ်ကိုစိတ်မပါလက်မပါနှင့်လှမ်းယူ

လိုက်ပြီး စာရွက်အကြမ်းပေါ်က မှိန်ပြပြခဲသားဖြင့်

ရေးထားသော လေးအလီကို ကျက်လိုက်သည်။

ငွေမှုံကတော့ ဘုတ်အီးရဲ့အိမ်စာတွေကိုကူးပေး

ပြီးသွား၍ သူ့အိမ်စာတွေကိုလုပ်ဖို့ လွယ်အိတ်ထဲ

ကနေ စာအုပ်ထုတ်လိုက်သည်။


"လေးတစ်လီလေး...လေးနှစ်လီရှစ်..လေးသုံးလီ

ဆယ့်နှစ်..လေးလေးလီဆယ့်ခြောက်..လေးငါးလီ

နှစ်ဆယ်..."


ဘုတ်အီးတစ်ယောက် လေးအလီကိုကျက်နေတာ

ဆယ်ခေါက်ရှိပြီ။


"လေးခုနှစ်လီ နှစ်ဆယ့်ခြောက်"


"ဟဲ့.."


ငွေမှုံ သင်္ချာတွက်နေရာမှ ဘုတ်အီးကို ဟန့်လိုက်

သည်။ ဘုတ်အီး သူ့ဖီးနှင့်သူ ရွတ်နေရာမှ လန့်ပြီး

ငွေမှုံကို မျက်လုံးအပြူးသားနှင့်ကြည့်လိုက်သည်။


"လေးခုနှစ်လီ နှစ်ဆယ့်ရှစ်"


"ဟီး..ဟုတ်သားပဲ"


ဘုတ်အီး ငွေမှုံကို သွားဖြီးပြကာ ခေါင်းကုတ်ရင်းပြန်ပြောသည်။


"နာရီဝက်လောက်ရှိနေပြီ အခုထိ သေချာမရသေးဘူးလား"


"ငါ အဲ့ဒီ့ ခုနှစ်ကိုရောက်ရင် ကြောင်သွားရောဟ..

လေးရှစ်လီ သုံးဆယ့်နှစ်..လေးကိုးလီသုံးဆယ့်

ခြောက်..လေးဆယ်လီလေးဆယ်..တွေ့တယ်မ

လား"


"အဲ့ဒါများ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကိုမှတ်ထား

လိုက်ပေါ့ဟ...နှစ်ဆယ့်ရှစ်ဆူကုန်သော ဘုရား

ရှင်တို့အား...ဆိုတာလေ..."


"အေး..ဟုတ်တယ်..အဲ့လိုမှတ်ထားရမယ်..အဲ့ဒါမှမမေ့မှာ"


ငွေမှုံအကြံပေးချက်ကို ဘုတ်အီးက ဝမ်းသာအားရ

နှင့်မှတ်ထားလိုက်လေသည်။


"တစ်ယောက်ချင်းစီသွားဆိုရမှာထင်တယ်..စိတ်

ညစ်လိုက်တာ..အဲ့ဒီဆရာမဒေါ်ခင်တင့်က အရိုက်

ကြမ်းတယ်ဟ"


"ကိုယ့်ဘက်ကစာရနေရင် ဘယ်ဆရာမမှကြောက်

စရာမလိုဘူး..နင်သာရအောင်ကျက်သွား"


ငွေမှုံက အားပေးစကားပြောလိုက်ပေမယ့် ဘုတ်အီး

ကတော့ ဒေါ်ခင်တင့်ဆိုသည့်နာမည်ကိုကြားရုံနှင့်

စိတ်ဖိစီးနေတော့သည်။


"မြန်မာစာသင်တဲ့ဆရာမဆို ဘာစာမှမမေးဘူး

သူ့အချိန်ဆို အရမ်းပျော်ဖို့ကောင်းတာ ပုံပြင်တွေ

လည်းပြောပြတယ်"


"သင်္ချာဆိုတာ အပေါင်း အနှုတ် အမြှောက် အစား

အဓိကပဲလေဟာ အဲ့ဒါတွေတတ်မှ နင် စျေးရောင်း

စျေးဝယ်အဆင်ပြေမှာပေါ့...."


"ဟင်း...လိပ်မ တို့ကျဘယ်လိုလုပ်မလဲ..သူငယ်တန်း

ထဲကကျောင်းထွက်ပြီး ငုံးဥပြုတ်ရောင်းနေတာ

စျေးရောင်းတတ်တာမှလည်လို့.."


"ဟဲ့...သူတို့က အလုပ်ကသင်သွားတာ..နင့်လို

မအူမလည်မဟုတ်ဘူး..လည်လိုက်တာမှ"


မိလှိုင် သူတို့အနားသို့ရောက်လာပြီး ခါးတစ်ဖက်ကို

လက်ထောက်၍ သူ့သမီးကိုပြောလိုက်သည်။


"နင့်မှာ အကြော်ငါးဆယ်ဖိုးလောက်မှာလာရင်ကို

ဘယ်နှစ်ချပ်ထည့်ရတော့မှန်းမသိတော့ဘူး.."


ဘုတ်အီး မျက်နှာကိုစာအုပ်နှင့်ကွယ်၍ သူ့အမေ

မမြင်အောင် မျက်နှာကို ရှူမဲ့လိုက်လေသည်။


ထိုနေ့ညစာကို မိလှိုင်က ကလေးတွေအကုန်လုံး

အတွက် ထမင်းကိုပုစွန်ဆီနှင့်နယ်ကာ ဆားလေး

အနည်းငယ်ထည့်ပေးပြီး ကျွေးလိုက်သည်။


နလံထစ ဘုတ်အီးကတော့ လိုက်ပွဲနှစ်ပွဲထပ်တိုး၍

ယူလိုက်သေးသည်။


ငွေမှုံလည်း ဘုတ်အီးတို့အိမ်မှာပဲ ထမင်းစားပြီးမှ

ပြန်သွားလေသည်။


တနင်္လာနေ့ ကျောင်းပြန်ဖွင့်တော့ သင်္ချာဆရာမ

ဒေါ်ခင်တင့်အချိန်မှာ ကျောင်းသားတွေကိုအလီဆို

ခိုင်းလေသည်။

တစ်တန်းလုံးကို တပြိုင်နက်ဆိုခိုင်းခြင်းဖြစ်ပြီး

ဆရာမက ကျောင်းသားတွေရဲ့ပါးစပ်ကို သေချာ

ကြည့်ကာ ခေါက်တုံခေါက်ပြန်လမ်းလျှောက်နေလေ

တော့ ဘုတ်အီးအကြောက်လွန်ပြီး အလီတွေကို 

ကပြောင်းကပြန်တွေဆိုနေမိလေသည်။

အများနှင့်မလို သံယောင်လိုက် ရနေ၍ တော်သေး

သည်။

လေးအလီကိုရောက်လာတော့ ဆရာမက ဘုတ်အီး

တိုအတန်းနားမှာရပ်ကာ ကျောင်းသားတွေကို ကြည့်

နေသည်။ ဘုတ်အီးက အစွန်ဆုံးမှာထိုင်တာကြောင့်

ဆရာမက သူ့ရှေ့တည့်တည့်မှာ။ သူတို့ကို

မျက်မှန်အပေါ်ကနေ မျက်လုံးကြီးလှန်ကာ ကျော်

ကြည့်နေလေတော့ သူ့ကိုကြည့်ပြီးကြောက်လာ၍

ဘုတ်အီးတစ်ယောက် အလီမေ့မှာစိုးကာ မျက်စိ

စုံမှိတ်ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားတွေကိုအာရုံပြု

ထားလိုက်သည်။

လေးခုနှစ်လီ ဆိုရမည့်နေရာအရောက် ဘုတ်အီး

တစ်ယောက် အားရပါးရအော်ဆိုလိုက်သည်က


"လေးခုနှစ်လီ နှစ်ကျိပ်ရှစ် "


ဟူ၍ ဖြစ်လေတော့သည်။


................