"အရပ်ကြီးက ရှည်မိုးနေတာဘဲ။ ဖယ်စမ်း ငါ့နားကပ်မလျောက်နဲ့"
ဇူလီ့အစ်မရဲ့ ဗျစ်တောက်တောက်အသံတွေပါ။
သူမရယ် အမေရယ် အစ်မရယ် ဈေးကိုအတူထွက်လာကြခြင်း။
အကင်လုပ်စားမယ်ပြောသည်ကတစ်ရက် တစ်ကယ်လုပ်စားဖြစ်သည်က နောက်တစ်ရက်။ အကင်လုပ်စားမည့်နေ့မှာ ငပိရည်နဲ့ ဂွေးတောက် အစွမ်းပြလိုက်လို့ တစ်အိမ်သားလုံးအိပ်ယာထနောက်ကျခဲ့ကြသည်မို့ ရက်ပြောင်းလိုက်ရ၏။ ထိုနေ့ကဈေးမသွားလိုက်ရပေမယ့် တစ်အိမ်လုံးအလုပ်တော့အတော်ရှုပ်သွားသည်။ ဇူလီ့မေမေက အိမ်ထဲက ထမင်းစား စားပွဲတွေ၊ ပန်းကန်စင်တွေကို တစ်ပတ်တစ်ခါသန့်ရှင်းရေးလုပ်ပေမယ့်လည်း သူမအစ်မကတော့ အိမ်ပြန်လာပြီး ညစ်ပတ်သည် ဟုပြောကာ သန့်ရှင်းရေးထပ်လုပ်သည်။ မပေသည့်ပန်းကန်တွေ စားပွဲတွေကိုအတင်းဆေးခိုင်းသည်။ အိမ်ကိုလည်းကြမ်းတိုက် သန့်ရှင်းရေးတွေ အသေလုပ်လိုက်ရ၏။ ခရီးကပြန်လာရင် ဇူလီ့အစ်မဟာ ယခုလိုလုပ်တတ်ပါသည်။ သို့ပေမယ့် သူကိုယ်တိုင်ရဲ့အခန်းကတော့ရှုပ်ပွနေတတ်၏။ ထဘီတွေကွင်းလုံးချွတ်ထားတတ်သည်။
"တော်ကြာသူများတွေ သားအမိလို့ထင်ကုန်မယ်။ နင်ကရုပ်ဆိုးတာနဲ့"
ဇူလီ အနားကပ်တိုင်း သူမအစ်မဟာ ထိုသို့ပြောတတ်သည်။ တစ်ခါတစ်လေများကျ ဇူလီနဲ့သူ့အစ်မ လမ်းအတူလျောက်လာရင် အချို့လူတွေက လူမှားတတ်ကြသည်လေ။ သူပြောသလို သားအမိတော့မဟုတ်၊ အကြီးနှင့်အငယ်မှားကြခြင်းသာဖြစ်၏။ ဇူလီ့အစ်မဟာ အရပ်ပုပါတယ်။ ၅ပေ ၂ကျော်လောက်ပေါ့။ ဇူလီအရပ်ကတော့ ခြေတံရှည်ရှည်ဖြင့် အရပ်ဟာ ၅ပေ၆ လောက်ရှိသည်။ အရယ်အပြုံးနည်းသည့် ဇူလီမျက်နှာဟာ အနည်းငယ်ရင့်သည်လို့လည်းထင်ရလေ၏။ သို့ပေမယ့်ဇူလီဟာ တစ်အိမ်လုံးကလူတွေထက် အသားပိုဖွေးသည်။
"မနွေးသမီးတွေက လှတပတအေ"
သူမတို့အရွက်ဝယ်သည့်အန်တီကြီးဆီက အသံပါ။ ဇူလီ့အစ်မကတော့ ထိုအန်တီကြီးပြောတာကို ကျေနပ်နေ၏။
ဇူလီတို့အိမ်က အမဲသားမစားကြလို့ ဝက်သုံးထပ်သားကိုပိုဝယ်ကြသည်။ ပုဇွန်၊ ရေဘဝဲ၊ ကင်းမွန် စသဖြင့် သူ့အစ်မကရွေးဝယ်၏။ အကင်အိုးဝယ်ဖို့ပြောတော့ ဇူလီမေမေက သူ့အစ်မကို ပိုက်ဆံဖြုန်းတယ် ဆိုပြီးပြော၏။ သူမတို့မိသားစုတွေ နေ့လည်လောက်မှအိမ်ပြန်ရောက်သည်။ အညာနွေက နေ့လည်လောက်ဆိုရင် အသေပူသည်မို့ ချွေးတလုံးလုံးဖြင့် သူမတို့အတော်ပန်းနေကြသည်။ သူမတို့ဗိုက်ထဲမှာ မနက်ကဈေးထဲမှာစားခဲ့တဲ့ခေါက်ဆွဲလေးသာ အစာအခံရှိ၏။ ဇူလီမေမေကတော့ ဗိုက်အဆာမခံနိုင်တာမို့ မီးဖိုထဲတစ်ခုခုကိုသွားရှာစားနေသည်။
ခဏနားဖို့ ဇူလီဟာအခန်းဆီပြန်ပြီး အိပ်ယာပေါ်လှဲပြစ်၏။ စာအုပ်အဝါလေးကိုတွေ့တိုင်း ၂ပတ်လောက်မတွေ့ရသည့် ထိုမိန်းမကိုသိပ်သတိရသည်။ တရုတ်ကောင်နဲ့ထိုမိန်းမဟာ မကြိုက်နေတာသေချာရဲ့လားလို့ ဇူလီမှာ ခဏခဏ စဉ်းစားရ၏။ အဲ့တရုတ်လာသွားပြီးကတည်းက ထိုမိန်းမ သူမဆီမလာတော့တာဟာ ၂ပတ်ရှိသွားလေပြီ။ မဟုတ်လည်း သူမ အဲ့နေ့က ထိုမိန်းမကို အရှက်ရအောင်လုပ်မိလိုက်လို့များလား။
ထိုမိန်းမ ပေးခဲ့သည့်စာအုပ်ဟာ ဇူလီ့ကို သူမငယ်ဘဝဟာဆိုးတာတွေချည်းမဟုတ်ခဲ့ဘဲ ကောင်းတာတွေလည်းရှိခဲ့ကြောင်း ပြောပြသွားခဲ့သည်။ ဇူလီငယ်ငယ်က ပိန်ပိန်သေးသေးလေး။ စကားကလည်းယခုထက်ပိုနည်းသည်။ ဇူလီဟာ နာရင်တောင်ထအော်တတ်သည့်လူမျိုးမဟုတ်။ သို့ပေမယ့် အမေရိုက်ရင်တော့ တစ်ရပ်ကွက်လုံးကြားအောင်အော်ငိုတတ်သည်။ နေမကောင်းလို့ကျောင်းပျက်တာများသည့် ဇူလီဟာ အတန်းဖော်တွေဆီမှ "သက်သာပြီလား" ဆိုသည့်ဖေးမှကူညီမှုအစား "ကျောင်းပျင်း" ဆိုသည့်နာမည်ကိုသာရခဲ့သည်။ အနေအေးပြီး သူငယ်ချင်းမရှိ၊ စကားလည်းနည်းသည့် ဇူလီဟာ ကလေးသူငယ်တွေရဲ့ အနိုင်ကျင့်ခံဖို့ပစ်မှတ်လည်းဖြစ်လာခဲ့၏။ နဂိုအားနည်းသည့်ခန္ဓာကိုယ်ဟာ သူတို့ကိုခုခံဖို့အားမရှိခဲ့ပါ။ နာရင်တောင် အော်တတ်သည့်လူမျိုးမဟုတ်တော့ ဆရာမတွေလည်း သူမ,နိုင်စားခံရတာကိုသိခဲ့ကြခြင်းမရှိ။ အတန်းနည်းနည်းကြီးလာတော့ ထိုအရာတွေအနည်းငယ်ရပ်သွားသည်။ ဇူလီဟာ စာပိုတော်လာသည်မို့ပါ။ ဇူလီ့အဖေမျက်နှာကြောင့် ဆရာမတွေသူမကိုဂရုစိုက်လာတာလည်းပါသည်။ ပြီးတော့ ဇူလီ့အစ်မကိုကြောက်ကြတာလည်းပါ၏။ ဇူလီနားလူအုံနေတာမြင်ရင် သူ့အစ်မဟာ ပြေးလာပြီး ကြီးငယ်ရွယ်လတ်မရွေး ဝင်ဆော်တတ်၏။ ဒါတွေဟာ ဇူလီပြန်မတွေးချင်သည့်အတိတ်တွေ။ ဇူလီဟာ လေထိနေထိရင်တောင်ဖျားနာတတ်သည့် သူမကိုယ်သူမ မုန်းသည်။ သူ့အစ်မပြောသလို သူမဟာအရမ်းကိုပျော့ညံ့၏။ ထုံထုံအအဖြင့် အမြဲချူချာနေသည့်သူမငယ်ဘဝကို တွေးတောင်တွေးမကြည့်ချင်ခဲ့ပါ။ သို့ပေမယ့် သူမဟာ မကောင်းတာတွေဘက်သာစိတ်ကပိုသာပြီး ကောင်းတာတွေကိုမေ့ထားခဲ့သည်။
သူမကိုချစ်လို့ဆိုပြီး အမြဲစနှောက်တတ်သည့် ကျောင်းကအစ်မကြီးတွေ၊ သူ့အစ်မအမြဲခွံ့ကျွေးတတ်သည့် ဂျယ်လီချိုချဉ်လုံးအရသာတွေ၊ ဇူလီအဆင့်ကောင်းတွေရတိုင်း အမေတို့ချီးကျူးတတ်တာတွေ၊ ဖေဖေ့ဂုတ်ပေါ်စီးပြီး ချောင်းတွေထဲရေသွားချိုးရတာတွေ၊ မိသားစုလေးယောက် လက်ချင်းတွဲပြီး ပတ်ခဲ့ကြသည့် ဘုရားပွဲဈေးတွေ၊ ချောင်းရေသွားချိုးတိုင်း သူငယ်ချင်းတွေစုကာ ဆပ်ပြာခြင်းလေးဖြင့် ကျောက်ပွင့်ဖမ်းကြသည့်အချိန်တွေ၊ ဇူလီ့အမေကရိုက်တိုင်း သူမကိုဖွက်ထားပေးတတ်သည့် ဘေးအိမ်ကအန်တီကြီးတွေ၊ သူမကို ကျောင်းပိတ်ရက်တိုင်းအမြဲလာခေါ်တတ်သည့် ဇူလီ့အဖွား စသည်တွေကို သူမဟာ မေ့ပြစ်ခဲ့သည်ဘဲ။ ဒါတွေကို ဇူလီ ဘယ်လိုများမေ့နိုင်ရသည်လဲ။ လူတွေရဲ့ဘဝဟာ အပူ အအေးမျှပြီးသားပါ။ ဘယ်သူ့ဘဝမှ ဆိုးတာတွေကြီးဖြစ်မနေသလို ဘယ်သူ့ဘဝမှလည်း ကောင်းတာတွေကြီးဖြစ်မနေပါဘူး။ အကောင်းနဲ့အဆိုးကိုမျှပြီးခံစားတတ်ဖို့သာလိုပါသည်။
ဇူလီတို့ရေချိုးပြီးတော့ မေမေကလည်းထမင်းတွေချက်ပြီးသွားပြီဖြစ်၏။ ဝယ်လာသည့်ပစ္စည်းများကိုကြည့်ပြီ နှမြောကာ ထမင်းစားရတာလောက် ဘယ်အရာကဗိုက်ပိုပြည့်မှာလဲ ဆိုပြီးလည်းပြောနေသည်။ သူမတို့လည်းထမင်းစားပြီးတော့ အကင်တွေလုပ်ဖို့ပြင်ကြရ၏။ ဝက်သုံးထပ်သားကိုပါးပါးလှီးတာကတော့ အမေကဘဲလုပ်သည်။ သူမတို့ကတော့ အချဉ်တွေဖောက်၊ အရွက်တွေဆေးကြ၏။ အိမ်ရှေ့ဘက်ထွက်စားကြမှာမို့ ခုံပုလေးတွေချရသည်။ မီးကြိုးတွေတွယ်ကြရသည်။ အတော်အလုပ်ရှုပ်သည့်နေ့တစ်နေ့ဖြစ်၏။
ညနေစောင်းလောက်တွင် အကင်တွေအသင့်ဖြစ်ကာ စတင်ပြီးကင်ကြ၏။ နေအပူချိန်ကတော့ နေ့ခင်းထက်အနည်းငယ်လျော့သည်ဆိုပေမယ့်လည်း လှုပ်ရှားနေရသည်မို့ ပူ၏။ လေသာတိုက်မနေရင် သူမတို့ပူပြီးသေကြလောက်သည်။ အနောက်မှာချထားသည့် မတ်တပ်ပန်ကာကြီးကို တဝီဝီဖြင့်ဖွင့်ထားရ၏။ ဇူလီအမေကတော့ အိမ်ရှေ့ဖြတ်သွားသည့်လူတိုင်းကို အကင်စားဖို့ခေါ်သည်။ လူတွေများရင်မနေတတ်သည့်ဇူလီဟာ ထိုသို့ခေါ်သည်ကိုမကြိုက်ပါ။ လူသာများလာရင် သူမဟာ ထပ်မစားတော့ဘဲ အိမ်အပေါ်တက်ဖို့ဆုံးဖြတ်ပြီးသားပင်။
သူမတို့အကင်တွေစကင်နေတုန်း ဟိုဘက်ခြံက အန်တီမြသိမ့်ရောက်လာသည်။ ပထမတော့ဇူလီ ဝမ်းသာမိသေး၏။ သူမျှော်သည့်လူဟာပါမလာမှန်းလည်းသိရော မျက်နှာဟာ ညိုးငယ်သွား၏။ ထိုမိန်းမဟာ အပြောကိုလက်တွေ့ကျကျပုံဖော်သွားခဲ့သည်။
"သမီးရော ပါမလာဘူးလား မသိမ့်"
"ဪ ကျွန်မ ခေါ်ပါသေးတယ်။ မလိုက်တော့ဘူးတဲ့။ သူက ၆နာရီကျော်ရင်ဘာမှသိပ်မစားတော့ဘူးလေ"
ဇူလီဟာ ထိုမိန်းမရဲ့အခန်းဆီ တစ်ချက်လှမ်းကြည့်သေး၏။ လွင့်နေသည့်လိုက်ကာစမှလွဲ၍ အခန်းမှာလှုပ်ရှားနေသည့်ပုံရိပ်များမတွေ့ရပါ။
"စားကြနော် အားမနာနဲ့ ။ အထဲမှာ အများကြီးရှိသေးတယ်"
ဇူလီမိခင်ဟာ အားရပါးရစားနေကြသည့်လူနည်းစုကိုကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ရှိနေသည်။ ဖေဖေကတော့ အနည်းငယ်သာစားပြီး အိမ်ထဲဝင်သွား၏။ အမှန်က မိန်းမသားတွေများသည်မို့ တမင်ရှောင်သွားခြင်းပါ။ မေမေကတော့ ဖေဖေ့ဖို့ဆိုပြီး အသားတွေကင်ကာ အိမ်ထဲသွားပို့တတ်သည်။
"ဒါစားပြီးရင် အစ်မနားထပ်မလာနဲ့"
ဇူလီဟာ ကလေးတစ်ယောက်ကို ပုဇွန်ကင်များပေးပြီး ထိုသို့ပြောလိုက်၏။ ကလေးများဟာ အပြစ်ကင်းပေမယ့် သူစိတ်မရှည်ပါ။ ပိုင်ရှင်မိဘများဟာတော့ အတင်းအဖျင်းဖြင့် တစ်အုပ်စုကျနေကြပြီး ကလေးများကိုတော့ ဇူလီဖြင့်ပြစ်ထားခဲ့ကြသည်လေ။
တညံညံဖြင့်ရှိနေသည့်စကားဝိုင်းများဟာ ည၁၀လောက်တွင် ငြိမ်ကျသွားသည်။ မိန်းမအုပ်ကြီးဟာ လူကွဲသွားကြပြီဖြစ်၏။
"ပန်းကန်တွေအခုဆေးနော် မနက်ကျငါမဆေးရစေနဲ့"
နောက်ဆုံးကျန်နေခဲ့သည်များဟာ အမှိုက်၊ ညစ်ပတ်နေသည့်ပန်းကန်များ နှင့် အတင်းသတင်းများသာ။
အစ်မနှင့်အမေဖြစ်သူက မီးဖိုထဲသန့်ရှင်းရေးလုပ်နေတုန်း ဇူလီနှင့်ဖေဖေဟာ ခြံရှေ့ရှိပစ္စည်းများကိုတာဝန်ယူကြ၏။
"မီးကြိုးကိုသေချာသိမ်းနော် ဇူလီ။ ဓာတ်လိုက်လိမ့်မယ်"
မီးကြိုးတွေခွေနေသည့်ဇူလီကို အိမ်ထဲသို့ ခုံပုကလေးများယူသွင်းနေသည့်ဖခင်ဖြစ်သူက အော်ပြောလာသည်။
ဇူလီတို့မိသားစုဟာ ယနေ့ညစွန့်စားခန်းအတွက် တက်ညီလက်ညီရှိခဲ့ကြ၏။ ညကြီး ၁ချက်ခွဲလောက်တွင် အကုန်ပြီးစီးသွားခဲ့ကြပေမယ့် မိသားစုအကုန်ဟာ အိပ်ယာမဝင်ဖြစ်ကြသေး။
"အကင်အိုးဝယ်လိုက်တာ နှမြောစရာကြီး။ နင်မရှိရင်အဲ့အိုးကဘယ်သူမှသုံးမှာမှမဟုတ်တာကို။ သူများဆီကခဏငှါးရင်ပြီးရော"
"ရော ကိုယ်ပိုင်လေးရှိနေတာပိုမကောင်းဘူးလား။ ဘယ်သူ့ဆီမှမျက်နှာကြည့်ပြီးမငှါးရတော့ဘူးလေ"
ဇူလီအစ်မဟာ သူတစ်ပါးဆီမှခယရတာမျိုးမှထမင်းစားရမယ်ဆိုရင် အငတ်ခံကာအသေခံမည့်အမျိုးအစားထဲပါ၏။ ဘယ်သူ့ဆီမှလည်း မျက်နှာမလုပ်ချင်ပါ။ ချည်းရငှါးရသည်ကို အသေမုန်းတတ်၏။
"အိမ်ရှေ့တံခါးမကြီးကို ဂျက်ချလိုက်တော့ဇူလီ။ အိပ်ကြရအောင်"
ဇူလီဖေဖေဟာ ထိုသို့ပြောပြီး နောက်ဖေးဘက်ထွက်သွား၏။ ဖေဖေ၏အကျင့်ဟာ အိပ်ယာမဝင်ခင် တစ်ခြံလုံးကိုလှည့်ပတ်စစ်ဆေးခြင်းဖြစ်သည်။ စစ်ထွက်တစ်ဦး၏ ကျန်နေခဲ့သောအကျင့်ဟောင်းများပင်။ တံခါးတစ်ဖက်ဂျက်ချနေတုန်း အလင်းရောင်ကောင်းစွာမရတော့သည့်ခြံစပ်မှာ အရိပ်ကလေးတစ်ခုကို ဇူလီမြင်၏။ အမြင်အာရုံသိပ်မကောင်းသည့်သူမဟာ ထိုအရာကဘာဖြစ်မှန်း တိတိကျကျခွဲမရ။ သရဲလား၊ သူခိုးလား။ သေချာစူးစိုက်ကြည့်ကာမှ ထိုအရာဟာ ကြောင်လေးတစ်ကောင်ဖြစ်မှန်း သတိထားမိ၏။ အသားနံ့ရလို့ ရောက်လာတာဖြစ်နိုင်သည်။
"မီး မီး ဒီကိုလာ"
ဇူလီဟာ တံခါးကိုမပိတ်ဖြစ်သေးဘဲ ခြံရှေ့ထွက်ကာ ကြောင်ကိုသွားခေါ်၏။ တမြောင်မြောင်ဖြင့် သူမ,ခေါ်ရာရောက်လာသည့်ကြောင်ဟာ လူယဉ်ပါသည်။
"အောက်ကကောက်မစားနဲ့ လာ အသစ်ကျွေးမယ်"
"ဟဲ့ အခုထိတံခါးမပိတ်ရသေးဘူးလား"
မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်ပြီး၍ ဧည့်ခန်းဘက်ထွက်လာသည့် အစ်မဖြစ်သူနဲ့တိုး၏။
"ဟဲ့ ကြောင် ။ ညစ်ညစ်ပတ်ပတ်နဲ့အေ။ ညကြီးမိုးချုပ်ဘယ်ကလာမှန်းလဲမသိဘဲ လျှောက်မကိုင်စမ်းနဲ့"
"ညစ်ပတ်တဲ့ကြောင်ရယ်လို့မရှိပါဘူး။ ညစ်ပတ်တဲ့သခင်ရယ်လို့ဘဲရှိတယ်။ ကြောင်တွေကသူတို့ကိုယ်သူတို့ နေ့တိုင်းသန့်ရှင်းရေးလုပ်ပါတယ်နော်"
"ဘာနေနေ ပြန်လွှတ်လိုက်။ သူ့သခင်ရှာနေလိမ့်မယ်"
"ပြန်လွှတ်မှာပါ အခုတော့ဧည့်ဝတ်လေးကြေပါရစေအုံး"
အိမ်လာလည်သည့်ဧည့်သည်ကို ဧည့်ဝတ်ကြေဖို့ ဇူလီဟာ မျက်စောင်းလှလှကလေးဖြင့်သင်ယူခဲ့ရ၏။
ဇူလီအစ်မဟာ ကြောင်ကိုမသတီသည့်အကြည့်များပေး၍ အိမ်အပေါ်ဘက်တက်သွား၏။
"အမေ ကင်ထားတဲ့အသားတွေကျန်နေသေးလား"
"ရှိပါ့ ရေခဲသေတ္တာထဲမှာ။ ညကြီးမိုးချုပ်ကို ဟိုကိုင်ဒီကိုင်နဲ့အေ။ လက်ရေသေချာဆေး အဝတ်သေချာလဲနော် နင်"
ကြောင်ကလေးဟာ အမ ဖြစ်ပြီး အရောင်ကွက်ကျားလေးရှိ၏။ တဂျီဂျီဖြင့် ဇူလီချကျွေးသည့်အသားများကိုစားနေသည်။
"ဇူလီ အခုထိမအိပ်သေးဘူးလား"
ဖေဖေ့အသံကြားတော့မှ ဇူလီဟာ ကြောင်ကိုပွေ့၍ အိမ်ရှေ့သွားပြန်ချတော့၏။ ပတ်ဝန်းကျင်ရှိလေနုအေးများဟာ သူမကိုယ်ကို တိုးတိုက်လို့သွားသည်။
"နောက်နေ့ပျင်းရင်လာလည်နော် မီးမီး"
ကြောင်လေးဟာ သူမတို့အိမ်ဝန်းထဲမှထွက်သွားသည်လား မသွားသည်လား ဇူလီလှည့်ကြည့်မအားတော့။ လှုပ်ရှားမှုများကင်းမဲ့နေ့သည့် အခန်းတစ်ခုဆီသာကြည့်ကာ သက်ပျင်းချ၍ အိမ်ထဲဝင်လာခဲ့လိုက်တော့သည်။ မည်မျှပင်သတိမရှိစေကာမူ သူမဟာ ထိုအခန်းဆီစစ်ဆေးဖို့ကိုတော့ အမြဲသတိတရရှိခဲ့၏။
...............
နွေရာသီသည် တုံ့ဆိုင်းနေသေးသော်လည်း သစ်ပင်ပန်းမှန်များကမူ အဖူး၊အပွင့်၊ အခက်အလက်များဖြင့် ဆင့်ကဲပြောင်းလဲလာကြပြီဖြစ်၏။ ပတ်ဝန်းကျင်ဟာ ပန်းရနံ့များဖြင့် သင်းထုံလာကြပြီ။
"ဒီတစ်ခါလည်း အမေမရှိပြန်ဘူးလား"
ပေါက်ဝမှာ ထီးတစ်လက်ကိုကိုင်၍ ခါးထောက်ရပ်နေသည့်မိန်းမကိုကြည့်ကာ ဇူလီရဲ့စိတ်ဟာ မည်သို့ဖြစ်လို့ဖြစ်မှန်းမသိ။ ဝမ်းသာသည်လား၊ အားနာသည်လား၊ ရှက်သည်လား။ ဒီတစ်ခါလည်း ထိုမိန်းမအလည်လာသည့်ချိန် သူမအမေဟာ အိမ်၌ထပ်မရှိ။ ခက်ပြန်ပြီ။ ပြန်ဖြေဖို့အခက်တွေ့နေသည့် ဇူလီကိုကြည့်ပြီး ထိုမိန်းမဟာ အိမ်ကိုပြန်ဖို့လှည့်ထွက်ရန်ပြင်သည်။
"နေပါအုံး နေပါအုံး။ အိမ်ထဲခဏဝင်ထိုင်လေ အစ်မ။ အမေကမကြာခင်ပြန်လာတော့မှာ"
"အိမ်ထဲခေါ်ချင်တာ သေချာရဲ့လား"
ထိုမိန်းမဟာ နေပူကြီးထဲ၌ ထီးကိုကိုင်၍ခါးထောက်ရပ်ကာ ပြန်မေးလာ၏။
"အင်း အမေက ခဏဆိုပြန်လာပြီ"
ဇူလီဟာ ယခင်ကလိုအမှားမျိုးထပ်မလုပ်ဖို့ မှတ်သားထား၏။ အိမ်ရှင်ဟာ မည်သို့သောဧည့်သည်အပေါ်မဆို ဧည့်ဝတ်ကြေသင့်သည်လေ။
သံပုရာခွက်ကိုင်ပြီးထွက်လာသည့်ဇူလီဟာ ဧည့်ခန်းထဲဟိုရှာဒီရှာလုပ်နေသည့် မိန်းမကိုတွေ့ရ၏။ သူမ ခွက်ကိုချလိုက်တော့ ထိုမိန်းမဟာ သူ့ကိုခေတ္တကြည့်လာသေးသည်။
"ဒီနားလေး အစ်မ ချထားခဲ့တဲ့စာအုပ်ကလေးများ ဇူလီတွေ့မိသေးလား။ ဘယ်ပျောက်သွားပါလိမ့်"
ထိုမိန်းမဟာ မည်သို့သောသဘောမျိုးဖြင့်မေးသည်မသိပေမယ့် အဖြေကိုတော့ ကြိုသိနေသည်မှာ သေချာပါသည်။
"ဇူလီ့ဖေဖေများ ယူဖတ်သေးလား။ ဒါမှမဟုတ် အန်တီနွေးများ.."
"ကျွန်မအခန်းမှာပါ။ သွားပြန်ယူပေးပါ့မယ်"
ပြောပြောဆိုဆိုဖြင့် ဇူလီဟာ အခန်းဆီပြေးတက်သွားသည်။ တစ်အုပ်တည်းရှိသည့်အဝါရောင်စာအုပ်ဟာ သူမအခန်းထဲရှာရလွယ်၏။
"ဒီဟာလေးဖတ်ဖို့ကို ၂ပတ်တောင်နော်"
သူကဘဲလာယူမယ်ပြောပြီး ၂ပတ်တောင်ပေါ်မလာခဲ့တာမလား။
"အစ်မက လာမယူတာပါ"
ထိုမိန်းမဟာ စာအုပ်ကိုလာပြန်မယူခဲ့တာမဟုတ်၊ ဇူလီက လာပြန်ပေးသည်ကို စောင့်နေခဲ့တာဖြစ်၏။ ဇူလီရဲ့ နဂိုအရင်းခံအားနာတတ်သည့်စိတ်ကလေးကြောင့် စာအုပ်ကလေးကိုင်ကာ သူမအိမ်သို့ရောက်လာမည်လို့ထင်နေခဲ့တာဖြစ်၏။ သို့ပေမယ့် ဇူလီဟာ ပေါ်မလာခဲ့။ မျှော်ရသူသာ မောလာခဲ့သည်။
"အိမ်ရှင်က အစ်မ လာတာမှမကြိုက်တာ"
ထိုမိန်းမကပြောတော့ ဇူလီရဲ့အပြစ်ရှိသလိုဖြစ်သွားသည့်မျက်ဝန်းတွေကို မြင်လိုက်ရ၏။ ထိုမိန်းမဟာ ဝမ်းသာသည်။ ထိုမိန်းမဟာ ဇူလီကို ထိုကိစ္စနဲ့ပတ်သက်ပြီး အပြစ်ရှိစိတ်တွေနဲ့နေစေချင်ခဲ့သည်။ သူမကို လစ်လျူရှုခြင်း၏ အကျိုးဆက်အဖြစ် သူတစ်ပါးကိုစိတ်ဒုက္ခပေးလိုက်ရလို့ ထိုမိန်းမဟာ အလွန်ပျော်၏။
"ဇူလီ စာအုပ်ဖတ်ရတာကြိုက်လား"
ဒုတိယအကြိမ်မေးလာသည့်မေးခွန်း။
"စာအုပ်တွေက ကျွန်မအကြိုက်သိပ်မဟုတ်ပါဘူး"
"ဒါ့ကြောင့်ကိုဖတ်ဖို့လိုတာ"
ထင်ပါသည်။ ဇူလီဘယ်လိုဖြေဖြေ ထိုမိန်းမဟာ သူမကို အတင်းစာအုပ်တွေဖတ်ခိုင်းမည်ဆိုတာ။ လူတစ်ယောက်ဟာ သူသဘောကျနှစ်သက်သည့်အရာများကို အခြားလူတစ်ဦးဆီဝေမျှရသည်ကို အလွန်ကြိုက်နှစ်သက်ကြ၏။
"ကျွန်မမှာ စာအုပ်တွေဖတ်ဖို့အချိန်မရှိဘူး အစ်မ"
ဇူလီပြောတာကြားတော့ ထိုမိန်းမဟာ မှေးထောက်ပြီးသူမကိုကြည့်လာသည်။ ပြုံးသယောင်ထင်လာသည့် နူတ်ခမ်းတွေ။
"ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာတွေဒီလောက်တောင်အလုပ်များနေတာမို့လဲ"
ထိုမိန်းမရဲ့မျက်ဝန်းတွေဟာ အရောင်လက်နေသည်။ နေရောင်ကြောင့်လား။ မဖြစ်နိုင်။ ထိုမိန်းမရဲ့မျက်ဝန်းတွေကြားမှာ ဇူလီဟာအနေရခက်ခဲလာသည်။ များမကြာခင် ဇူလီဟာ ထိုမိန်းမရှေ့မှာ မပျက်မယွင်းရှိနေသည့်သံပုရာခွက်ကို ယူသောက်မိတော့မည်ဖြစ်၏။
"ကျွန်မ မကြာခင်ကျောင်းပြန်တက်ရတော့မှာ"
"အင်း"
"စာတွေပြန်လုပ်နေတယ်"
"ဟုတ်လား"
ဇူလီဟာ ခေါင်းငြိမ့်သည်။
"စကားမစပ်ပါ ဇူလီအခုအသက်ဘယ်လောက်ရှိပြီလဲ။ ဖြေချင်မှဖြေနော်"
"အသက်ပြည့်တော့မှာပါ"
သူမ ဖြေသံကြားတော့ ထိုမိန်းမဟာ တခစ်ခစ်ရယ်သည်။ လှောင်ရယ်ချင်စိတ်ကြောင့်မဟုတ် ဇူလီကို သဘောကျလို့ဖြစ်၏။ ဇူလီ့အဖြေမှာ အသက်ဟာတိုက်ရိုက်မပါပေမယ့် အသက်၁၈ ပြည့်ခါနီး ၁၇ဖြစ်ကြောင်းပါခဲ့၏။ ဒါလေးပြောဖို့ကို တွန့်တိုကွေ့ဝိုက်နေသည်။ ဇူလီဟာ မျက်နှာထားတည်ပေမယ့်လည်း ဇူလီရဲ့ဝတ်စားပုံများဟာ ဆယ်ကျော်သက်အရွယ် ငယ်ရွယ်မှုများကိုဖော်ပြလို့နေ၏။
"ဇူလီက ဘယ်နေ့မွေးတာလဲ"
အစ်မမှာ ကျွန်မအတွက်မေးခွန်းတွေသိပ်များတာဘဲ ဟု ဇူလီပြောချင်လာသည်။ သူမဟာ ဒီစကားများလွန်းသည့်မိန်းမကို အိမ်ထဲခေါ်မိတာမှားပြီလားဟု စဉ်းစားလာမိ၏။
"ဒါလေးဖြေဖို့ကို ဘာတွေတွန့်ဆုတ်နေတာလဲ"
ထိုမိန်းမ အိမ်လာလည်သည့်တလျှောက် သူမမေမေရော ဖေဖေရောဟာ အသက်ကိုမေးဖို့မကြိုးစားခဲ့ကြတာတော့သေချာသည်။ မိန်းကလေးတစ်ယောက်ကိုအသက်မေးတာဟာ အချို့အတွက်တော့ရိုင်းသည်လေ။
"၁၀လပိုင်းမွေးတာပါ"
ဒါဖြင့်ရင် ဇူလီဟာ မိုးအကုန် ဆောင်းအကူးမှာမွေးခဲ့သည်ဘဲ။ ပြီးတော့ အသက်ပြည့်ဖို့အများကြီးလိုနေပါသေးသည်။
"ဇူလီက တစ်ကယ်ကလေးဘဲရှိသေးတာဘဲ"
ထိုမိန်းမ မည်သို့ပြောပြော ဇူလီဟာ မထုံတတ်သေးအမူအယာဖြင့်သာရှိနေ၏။ ခါတိုင်းလိုပင် မျက်မှောင်ကျုံ့ထားသည်။ ဇူလီကို စနှောက်ရသည်ဟာ ထင်သလောက်ပျော်ဖို့မကောင်းပါ။
"အစ်မမွေးနေ့ကတော့ နောက်တစ်လဆိုရောက်ပြီ။ ဇူလီဘာပေးချင်သလဲ"
ထိုမိန်းမရဲ့မေးခွန်းဟာ ဇူလီကိုကြောင်အသွားစေသည်။ သူမနဲ့ အဲ့လိုပြောရလောက်သည့်အခြေအနေထိ သူတို့ကမရင်းနှီးကြသေးဘူးမဟုတ်လား။
သို့ပေမယ့်လည်း သူမဟာ တစ်ခုခုအဖြေပေးဖို့တော့လိုသည်။
"မစဉ်းစားတတ်ဘူး"
"အဟင်း ထင်ပါတယ်"
"အသက်တစ်နှစ်ကြီးလာပြီး သေဖို့တစ်နှစ်နီးလာတာကို လူတွေကဘာလို့ပျော်ပွဲရွှင်ပွဲအနေနဲ့ လုပ်နေကြတာလဲ"
ထိုမေးခွန်းကိုမေးလိုက်သည့်ဇူလီဟာ နောက်တစ်လ၏မွေးနေ့ရှင်အပေါ် အားနာခြင်းမရှိပါ။ သို့ပေမယ့် ထိုမိန်းမဟာ စိတ်ဆိုးရမည့်အစား ရယ်သာရယ်နေ၏။ ဇူလီဟာ ထိုသို့မေးချင်ခဲ့ခြင်းမဟုတ်။ မေးခွန်းအပြည့်အစုံဟာ ထွက်မလာခဲ့ခြင်း။ ထားပါတော့လေ ထွက်သွားခဲ့ပြီးပြီ။
"ဇူလီဘယ်လိုတွေးလဲမသိပေမယ့် အတွေးတွေကမှားနေတယ်။ ဘာလို့သေဖို့ကိုဘဲအရင်တွေးရတာလဲ။ မွေးနေ့ဆိုတာကလေ ပျော်ပွဲရွှင်ပွဲထက်ကိုပိုတယ်။ မနှစ်ကဖိအားတွေကြားကနေ၊ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကြားကနေ လူဟာ အသက်မသေဘဲလွတ်မြောက်လာကြောင်း၊ ဒီနှစ်မွေးနေ့ထိကိုယ်ဟာဂုဏ်ယူစွာနဲ့ အသက်ရှင်နေသေးကြောင်း၊ ၂၀အရွယ်မှာမှားခဲ့တဲ့အမှားကို ၂၁နှစ်အရွယ်မှာထပ်မဖြစ်ရအောင် အမှားတွေပြင်တတ်ဖို့၊ ကိုယ့်ဘဝကိုခြုံငုံသုံးသပ်ဖို့ လူတွေကလုပ်ကြတာ။ အချို့ကတော့အပျော်ပေါ့။ အသက်တစ်နှစ်ကြီးလာတိုင်း လူတွေရဲ့ကမ္ဘာဟာပိုပြီးကျယ်လာတတ်တယ် ဇူလီ။ ကျဉ်းလာတာမဟုတ်ဘူး။ တွေးစရာတွေများလာတယ်၊ သွားစရာတွေများလာတယ်၊ တွေ့စရာတွေလည်းများလာတယ်၊ လုပ်စရာတွေလည်းများလာသလို တာဝန်တွေလည်းများလာတတ်တယ်။ လက်တွေ့ဘဝစွန့်စားခန်းတွေဆိုတာ လူတွေအသက်ရလာမှစတာ။ တစ်ကယ်ဝမ်းနည်းစရာ ပျော်စရာတွေကလည်း အရွယ်ရလာမှဘဲစတာ"
ဇူလီဟာ ထိုမိန်းမကို ခပ်ငြိမ်ငြိမ်သာထိုင်ကြည့်နေ၏။ နားလည်သည့်ပုံလည်းမပြသလို နားမလည်သည့်ပုံလည်းမပြပါ။ ဇူလီဟာ မှန်းရသိပ်ခက်သည်။ သို့ပေမယ့် ဇူလီမှာ ထိုမိန်းမအတွက် ထုတ်မမေးဖြစ်မည့်မေးခွန်းရှိ၏။ အစ်မက ဘာလို့သတ်သေဖို့တွေးခဲ့တာလဲ ဟူ၍။ သူရဲ့ကမ္ဘာကြီးကရော ပိုပြီးမကျယ်ပြန့်လာဘူးလား။ လက်တွေ့ဘဝစွန့်စားမှုတွေကြားမှာ ထိုမိန်းမဟာရှုံးနှိမ့်ခဲ့လို့ အခုလိုအသက်ရှင်ဖို့များ လက်လျှော့ခဲ့တာလား။ တစ်ကြိမ်တည်းဖြင့်လေ။ သူမဟာဘယ်လောက်ဘဲရှုံးနှိမ့်နေပါစေ နောက်မှာ ဦးကျော်မင်းနောင်လို၊ အန်တီမြသိမ့်လို မိဘတွေဟာရှိနေသည်လေ။ မိဘတွေကို သူမ,မတွေးခဲ့မိဘူးလား။
"အင်း လူတွေရဲ့ကမ္ဘာကြီးဟာကျယ်ပြောမှန်း ကျွန်မ သိတာပေါ့"
"အင်း ဟုတ်တယ်မလား"
"အင်း"
ထိုညနေပြီးကတည်းက ဇူလီဟာ ထိုမိန်းမနဲ့အနည်းငယ်နီးလာသလိုခံစားရ၏။ သူမတို့ စကားကိုယခင်ကထက်အနည်းငယ်ပိုကြာကြာပြောဖြစ်ခဲ့ကြသလိုပင်။ စိမ်းလဲ့ညိုနှင့်အတူစကားပြောရသည်ဟာ ဗဟုသုတတော့ရ၏။
လူတစ်ဦးနှင့်တစ်ဦးဟာ အတွေးအမြင်များမတူညီကြပါ။ ဇူလီအတွက်တော့ သူမရဲ့ကမ္ဘာဟာ သစ်ပင်ပန်းမန်များနဲ့အတူ ကျယ်ပြောလှပပါသည်။ ထိုမိန်းမရဲ့ကိုယ်ပိုင်ကမ္ဘာဟာတော့ မည်သို့မည်ပုံရှိမှန်း မသိ။ ဇူလီဟာ လူတွေရဲ့အလှအပကို ခံစားတတ်မည့်လူမျိုးတော့မဟုတ်ပါ။ လူတွေဟာ ရက်စက်တတ်ကြသည့်လူများဖြစ်၏။ ထိုရက်စက်မှုများကြောင့် အချို့လူများ၏ကမ္ဘာဟာ ကျဉ်းမြောင်းသွားတတ်ကြသည်။ လူတွေရဲ့အလှအပကိုမဟုတ်ဘဲ ကမ္ဘာကြီးရဲ့အလှအပကိုခံစားမိတတ်သွားရင်တော့ ထိုလူရဲ့ကမ္ဘာဟာ အေးချမ်းပြီး ကျယ်ပျောသွားတော့၏။
............
"အခုတလော နင်ငါတို့ဘက်သိပ်မရောက်ဖြစ်ဘူးနော် ဇူလီ"
"အင်း ငါ့အစ်မပြန်လာလို့"
"ဪ"
ဇူလီဟာ သူမအစ်မပြန်လာပြီးကတည်းက သစ်တောဝန်းဘက်သိပ်မရောက်ဖြစ်တော့ပါ။ သူမ စက်ဘီးလေးစီးပြီး လျှောက်မသွားရတာဟာလည်းအတော်ကြာပါပြီ။
"နင့်အစ်မက အသက်ဘယ်လောက်ရှိပြီလဲ"
ရီရီ့အမေးကို ဇူလီဘယ်လိုဖြေရမည်မသိ။ သူမ သေချာမသိလို့ပါ။
"၂၇ , ၂၈ ထင်တယ်။ သေချာမသိဘူး။ သူကတော့ဘယ်သူမေးမေး ၂၅နှစ်လို့ချည်းဖြေနေတာ ၅နှစ်လောက်ရှိတော့မယ်"
ဇူလီ့အပြောကို ရီရီရော ဇူလီဟာ သဘောကျကြ၏။ ဇူလီဟာ သူများကိစ္စမပြောနဲ့ သူ့အိမ်တွင်းရေးတောင် စိတ်ပါဝင်စားသည့်လူမျိုးမဟုတ်။ သူမရဲ့မွေးလတွေကိုတောင် ဇူလီဟာ စာရွက်အဟောင်းတွေမွှေမှသိခဲ့ရတာပင်။ ကျန်တဲ့လူတွေကိုတော့ စိတ်မဝင်စားလို့မကြည့်ဖြစ်ခဲ့။ အခုမှ ဇူလီ သတိရသည်။ ဇူလီ့မေမေဟာ ဇူလီ့အစ်မနဲ့ ဟိုမိန်းမကို အသက်တူသည်ဟုပြောခဲ့ဖူး၏။ ဒါဆို ထိုမိန်းမဟာလည်း ၂၇ , ၂၈လောက်ရှိလောက်ပြီထင်သည်။ နောက်များ၂နှစ်ဆို ထိုမိန်းမဟာ ၃၀ဖြစ်တော့မည်ဖြစ်၏။ အဲ့လောက်ထိ အသက်ကြီးတော့မှာပါလား။
"နင့်စာအုပ်ကြီးပါမလာဘူးနော်"
ရီရီဟာ သူ့စက်ဘီးကနေ ဇူလီ့စက်ဘီးခြင်းဘက်ကြည့်ပြီး မေးလာသည်။ သွားလေရာပါလာတတ်သည့်စာအုပ်ကို သူလည်းသတိထားမိဟန်တူ၏။
"နင်ဘာတွေဆွဲထားတာလဲ။ တစ်ရက်လောက် ငါ့လည်းပြပါအုံး"
"အင်း တစ်နေ့နေ့ပေါ့"
ယခုများတော့ ဇူလီမှာ ဒါသူမရဲ့အနုပညာပါဆိုပြီး လက်ဆုတ်လက်ကိုင်ပြစရာရယ်လို့မရှိသေး။ သူမအနုပညာဟာ အတောင်မစုံသေးပါ။ သူမရဲ့အနုပညာနဲ့ပတ်သက်ပြီး သင်တန်းကောင်းကောင်းလေးတက်ချင်ပေမယ့် မိဘတွေကိုပြောရဲတဲ့သတ္တိဟာ သူမမှာမရှိသေး။
ဇူလီနှင့်ရီရီဟာ မြို့အနီးနားက ရွာစပ်တွေ လယ်ကွင်းတွေဆီ စက်ဘီးစီးပြီးလျှောက်ပတ်သွားနေကြသည်။ သဘာဝရဲ့အလှဟာ ရှာဖွေလေ တွေ့ရှိလေပါ။ အချို့ရင့်မှည့်နေပြီဖြစ်သည့် နွေစပါးခင်းဝါဝါတွေ၊ စိမ်းစိုစိုကွမ်းခြံတွေ၊ နွေပဲခင်းတွေ၊ စီတန်းနေသည့် ထန်းပင်ကြီးတွေဟာ အညာရဲ့ပြယုဒ်။
"လာခဲ့ ပဲဖော်တဲ့နားသွားရအောင်။ ပဲအညှောင့်ပေါက်လေးတွေက စားကောင်းတယ်"
နေပူကြီးထဲ ပဲဖော်နေတဲ့လူတွေကို သူမတို့တွေ့တော့ ရီရီကစက်ဘီးကိုရပ်၏။ ပြီးတော့ ပဲနှင့်ပတ်သက်သည့်အကြောင်းများကို ဇူလီအားရှင်းပြနေသည်။ ဇူလီတို့မိသားစုဟာ မြန်မာနိုင်ငံအထက်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းတွေ၊ နယ်စပ်ဒေသတွေထိပါ တာဝန်ကျဖူးပါသည်။ မြန်မာနိုင်ငံအထက်ပိုင်းမှာအတော်ကြာနေခဲ့ရလို့ ဇူလီဟာဒါတွေနဲ့မစိမ်းပါ။
ဇူလီဟာ အထက်ပိုင်းဒေသကို သိပ်သဘောကျသည်။ အဖြူရောင်မြူနှင်းတွေဝေဝေကျတတ်သည့်ဆောင်းနံနက်ခင်းတွေကို သိပ်သတိရ၏။ အရသာရှိသည့်အစားအစာတွေရော အသီးအနှံတွေပါပေါသည်။ အလယ်ပိုင်းဒေသ၏ အဓိကထုတ်ကုန်ဟာ ဆန်စပါးပါဘဲ။ ဒါ့အပြင် ကျောက်စိမ်း၊ ရွှေ၊ မီးသွေး၊ သစ် စသည့်အဖိုးတန်သယံဇာတတွေလည်း ပေါများ၏။ (သစ်ဥသစ်ဖုလည်းပေါပါတယ်)။ အဆိုရှိသည်လေ 'အထက်ပိုင်းသားကိုယူလျင် ဘယ်တော့မှမဆင်းရဲဘူး' တဲ့။ ထိုဒေသဟာ မိုးများသည့်ဒေသမို့ တောင်ကျရေတွေ၊ စိမ့်တောတွေလည်းပေါသည်။ တွင်းရေဟာလည်း အေးစိမ့်ကာကြည်တောက်နေတတ်၏။ ရေဟာ ထိုဒေသဖို့ ပြတ်လပ်သည်မရှိပါ။ ဇူလီဟာ ဖေဖေနဲ့ အတူတောထဲသို့လိုက်ပါသွားလျှင် တစ်ခါတစ်ရံစိမ့်စမ်းရေတွေခပ်သောက်၏။ စိမ့်ရေရဲ့အေးစိမ့်မှုဟာ ဘာနဲ့မှယှဉ်မရတာတော့အမှန်ပါ။ ရောဂါပျောက်သည်တောင်ကြားဖူးရဲ့။ သို့ပေမယ့် ဇူလီ့ဖေဖေကတော့ ထိုစိမ့်ရေသောက်တာကိုသိပ်မကြိုက်။ နေမကောင်းဖြစ်မည် ဆိုပြီးတားတတ်သည်။
ထန်းပင်တွေစုပြီးအရိပ်ကျသည့်နား ဇူလီတို့စက်ဘီးကိုထားခဲ့ကြသည်။ ထိုနားမှာ နေ့ခင်းထမင်းစားနားနေကြသည့် မိန်းမကြီး၃ဦးရှိ၏။ ဦးကြီးတစ်ယောက်ကတော့ ခွေးသွားစိတ်ထွန်တုန်းဖြင့် နွားတစ်ချင်းကိုမောင်းနှင်ကာ ပဲတွေဖော်နေတုန်းရှိသေးတာကိုတွေ့ရ၏။
"ဟဲ့ နေပူကြီးထဲ ညည်းတို့ဘာလာလုပ်ကြတာတုန်း"
ထိုပဲဖော်သည့်မိန်းမကြီးတွေဟာ ရီရီ့ကိုသိသည်။ ထို့ကြောင့်လှမ်းကာအော်ပြောလာ၏။
တိုက်ခတ်လာသည့်လေတွေဟာ ပူတစ်လှည့် အေးတစ်လှည့်။ နွေဦးဟာ ကုန်ဆုံးတော့မည်လား။
"ပဲအညှောင့်ပေါက်လေးတွေရချင်လို့ ကြီးကြီး။ ကြော်စားချင်လို့"
ထိုမိန်းမကြီးတွေရဲ့အကြည့်ဟာ ဇူလီ့ဆီမှာသာရှိနေ၏။ အသားဖွေးဖွေး အရပ်ရှည်ရှည် ၊ ရှပ်အပြာနုကို ဂျင်းဘောင်းဘီထဲထည့်ကာ ဝတ်ထားသည့် ဇူလီဟာ ဒေသခံမဟုတ်မှန်းသိသာနေ၏။
"နေကပူတာနဲ့။ နင့်ဦးကြီးကိုပြောလိုက်။ သူဖော်ပေးလာလိမ့်မယ်"
ပဲအညှောင့်ပေါက်တွေဟာ ပဲပင်တွေနှုတ်ထားသည့်နေရာထဲဖော်ယူရတာပါ။ အကြီးလွန်သွားသည့်ပဲတွေ အညှောင့်ထွက်လာပြီး နဂိုအပင်မှပြတ်ထွက်ကာ မြေကျင်းထဲကျန်နေခဲ့ကြခြင်းပင်။
"ရတယ် သမီးတို့ဘာသာလုပ်မယ်။ ဦးကြီးကထမင်းမစားရသေးဘူးမလား"
"စားပြီးပေါ့။ ဒါနဲ့ နင်တို့ထမင်းလာစားကြပါလား။ ဟင်းမကုန်ခင်လေး"
သူတို့ထမင်းဝိုင်းထဲကို ဇူလီတစ်ချက်ဝေ့ကြည့်တော့ ဘူးသီးနှင့်ကြက်သားရောချက်ထားသည့်ဟင်းတစ်ခွက်၊ လက္ဘက်သုပ်၊ သရက်အချဉ်သုပ် ကိုတွေ့ရ၏။ ရေနွေးကြမ်းကတော့မပါမဖြစ်ပင်။ ရီရီက အိမ်ကစားလာပြီးကြောင်းပြောပြီး ငြင်းပါသည်။
သူမတို့ ပဲခင်းထဲသွားတော့ ဦးကြီးကပြုံးပြနှုတ်ဆက်၏။ ပြီးတော့ ဖော်ထားသည့်ပဲပင်များကိုသယ်ကာ အရိပ်ပေါသည့်ခြုံစပ်ဘက်မှာသွားချနေသည်။ ထိုနေရာ၌ ပဲချွေကြမည့်ပုံ။
ဒေသတစ်ခုချင်းစီဟာ ထွက်ကုန်များတူကြပေမယ့် စိုက်ပျိုးပုံ၊ ရိတ်သိမ်းကြပုံခြင်းဟာတော့ မတူညီကြပါ။ အထက်ပိုင်းဒေသဖြင့်မတူသည်က အညာကလူတွေဟာ ပဲကို ကိုယ့်အိမ်ရှိလူဖြင့်သာချွေကြသည်ပါဘဲ။ လုပ်သားငှါးရမ်းခြင်း သိပ်ကိုရှား၏။ အထက်ပိုင်းဒေသကတော့ ပဲချွေဖို့ကို အရပ်ထဲကလူများအားငှါးတတ်သည်။ ပဲချွေဖို့ရောက်လာသည့်လူအစုလိုက်ကိုပင် ယောက်တိုင်းစေ့ တလင်းများထိုးပေး၏ (ဝါးတွေစင်ထိုးပြီး အပေါ်ကတာလပတ်မိုးပေးခြင်း)။ ဇူလီတောင်အဖော်ဆွယ်ကောင်းပြီး ပဲချွေလိုက်သွားဖူးသေးသည်။ လက်တွေနာပြီး ညနေစောင်းတာတောင် ပဲ၄ပြည်သာရခဲ့၏။ ပြီးတော့နောက်တစ်ရက် သူဖျားပါတော့သည်။ သူမအမေကစိတ်ဆိုး၍ ရိုက်တာလည်းခံရသေး၏။ (ထိုပဲ၄ပြည်အကြောင်း ဇူလီအမေက သူမကို သတိရတိုင်းပြောပြီးလှောင်တတ်ပါသည်)။ မိုးများသည့်အထက်ပိုင်းဒေသမှာတော့ ပဲဖော်ဖို့ကို ပေါင်းဆွစရာမလိုပါ။ မိုးရေကြောင့်မြေသားပျော့သည်မို့ အလွယ်လေးနှုတ်ယူလို့ရ၏။ သို့ပေမယ့် ဖိနှပ်မှာရွံ့၁ပိသာလောက်ကပ်သည်မို့ အလုပ်,လုပ်ရတာရော သွားလာရသည်ကအဆင်မပြေပါ။ ရာသီဥတုမျှတသည့်နေရာဒေသများတွင်ကျ မြေဆီလွှာကောင်းသည်မို့ ဖွဖွရွရွဖြင့် ပဲကိုအလွယ်လေးဖော်နိုင်သည်။ ပဲဥလည်းကောင်း၏။ ယခုပဲဖော်နေသည့်အလယ်ပိုင်းမြေဟာတော့ အတော်ခြောက်သည်မို့ ထွန်ခြစ်လိုအရာမျိုး (ခုနကပြောသည့် ခွေးသွားစိတ်) ကိုနွားမှာဆင်၍ ပဲပင်များကိုပေါင်းအရင်ဆွပေးရသည်။ ပြီးမှ နောက်ပဲဖော်သည့်လူများက ချောချောချူချူနှုတ်ယူကြရ၏။ ဒါက ဒေသတစ်ခုချင်းစီအလိုက် စိုက်ပျိုးရေးအလေ့အထများ မတူညီကြပုံပါ။
"ပဲညှောင့်တွေကလည်း ရှားလိုက်တာ"
လက်သန်းတွေလောက်ရှိသည့် ပဲအညှောင့်ပေါက်တွေဟာ အစိုဓာတ်သိပ်မရသည့်မြေနေရာမို့ သိပ်မတွေ့ရပါ။ တွေ့ရတော့လည်း အနာအဆာများ၏။
"ဒီချိန်ကြီး ဘာရှိမှာတုန်း ရီရီရဲ့ မိုးကျမှဘဲပေါတော့မယ်။ ချဉ်ပေါင်သီးတွေခူးသွားလေ အိမ်ရောက်ရင်ထောင်စားပေါ့ ပဲလေးလည်းထည့်ဆို ကောင်းမှကောင်း"
သူမတို့ကုန်းပြီးကြိုးစားရှာနေကြတာကိုတွေ့၍ ဦးလေးကြီးက ထိုသို့ပြောလာ၏။ ရီရီက ထိုဦးလေးမပြောခင်ကတည်းကပင် ချဉ်ပေါင်သီးများခူးနှင့်ပြီးသားပါ။ ထန်းပင်တွေအောက်မှမိန်းမကြီးတွေဟာ သူမတို့ကို လာနားဖို့အော်ခေါ်နေသည်။ အညာကလူတွေရဲ့စိတ်ဟာ ပဂတိဖြူစင်ပါသည်။ အလုပ်လည်းအတော်လုပ်ကြ၏။ ရီရီကပြောဖူးသည် သူတို့အညာကလူတွေဟာ အကြွားလည်းသန်သလို သူများပြောတာလည်းယုံလွယ်ကြသည်တဲ့။ ဒါဟာ ဖြူစင်ခြင်းဖြစ်ကြောင်း သူကပြောပြ၏။
ထန်းပင်အောက်ဝင်နားတော့ ထိုနားမှမိန်းမကြီးတွေဆီမှ မေးခွန်းဟာဆက်တိုက်လာတော့သည်။ ဇူလီ့ကိုမေးခွန်းတွေမေးသမျှ ရီရီကဘဲဒိုင်ခံဖြေပေး၏။ ဖြူဖြူဖွေးဖွေးသူမကို လှတယ် ဟုလည်းပြောကြ၏။ ဇူလီကသူ့ကိုယ်သူလှတယ်လို့မထင်မိပါ။ သို့ပေမယ့် လူတွေကသူမကိုသတိထားမိလွယ်ပြီး မှတ်မိနေကြတာတော့သိသည်။ ကုက္ကိုလ်ပင်တန်းကအန်တီကြီးတို့လိုပေါ့။
လက်နှစ်ဆုတ်လောက်သာရလာသည့်ပဲပင်တွေကို ရီရီက သူမကိုသာပေးလာသည်။ တစ်ခုခုနဲ့ရောပြီးကြော်စားဖို့ပြော၏။ ပြီးတော့ လယ်ပိုင်ရှင်ပေးလာသည့်ပဲတွေကိုလည်း ပြုတ်ပြီးသုတ်စားဖို့ပြောသည်။
"နင်တော့မသိဘူး ငါကတော့နင့်ကိုကြည့်ပြီးမူးချင်လာပြီ"
အပြင်ထွက်တာမို့ အင်္ကျီလက်ရှည် ဘောင်းဘီအရှည်တွေဝတ်ထားသည့်ဇူလီကို မေမေကတံခါးဝမှာဆီးကြိုပြီး ပြောလာ၏။
"နင့်အသားတွေနေလောင်ကုန်ပြီ မြင်လား"
ဇူလီ အပေါ်ဝတ်ကိုချွတ်တော့ အသားပေါ်မှရဲနေသည့်နေရာများကိုကြည့်ကာ သူမအမေမှထိုသို့ပြောလာ၏။ နေရောင်နမ်းရှိုက်ထားသည့် နေရာများပင်။
"ဒီလောက်ဟင်းအရှာတော်မှန်းသိရင် နင့်ကိုကျောင်းမထားပါဘူး။ ပလိုင်းလေးတစ်လုံးပေးပြီး တောထဲလွှတ်ပါတယ်"
ရီရီရော သူမရောဟာ မေမေ့အပြောကို သဘောကျကြသည်။ ဇူလီဟာ အပြင်ကပြန်လာတိုင်း လက်ထဲ တစ်ခုမဟုတ်တစ်ခုက အမြဲပါလာတတ်သည်မှာအမှန်ပင်။ အဘွားတစ်ယောက်ကကြော်ရောင်းနေလို့ ဝယ်လာသည့်အကြော်များကို စားမကုန်ရင်အိမ်သယ်လာ၏။ အကျန်ကိုသူ့အမေကဘဲရှင်းသည်။ လမ်းမှာဟင်းရွက်ရောင်းသည့်အသက်ကြီးကြီးလူများတွေ့ရင် ဝယ်တတ်၏။ ဇူလီ့မေမေက သူမကို အပြစ်မပြောပါ။ ဇူလီတို့အိမ်ကဝင်ငွေလမ်းကြောင်းဟာ သူတို့တွေထက်ဖြောင့်သည်လေ။ ထို့ကြောင့် လမ်းမှာစျေးသည်များတွေ့ရင် ဇူလီက သနားကာဝယ်တတ်၏။ ဇူလီဟာ စိတ်ထားနူးညံ့သည့်ကလေးမလေးတစ်ယောက်ရယ်ပါ။ အမေနဲ့တူသည်ပြောရမလား။ တစ်ခါကများဆိုဇူလီ သူမမေမေနဲ့လမ်းလျှောက်ထွက်တုန်း ဖိနပ်ပါမလာသည့်ကလေးပိုးနှင့်မိန်းမတစ်ယောက်ကိုမြင်တော့ မေမေဟာဖိနပ်တွေချွတ်ပေးခဲ့ဖူးတာကို အရိုးစွဲအောင်ထိ ဇူလီဟာမှတ်မိနေပါသည်။
"ဆားကိုနည်းနည်းဘဲထည့်"
ဇူလီတို့ဟာ ယူလာသည့်ပဲတွေထဲကတစ်ဝက်ကို ဆားအနည်းငယ်ထည့်ပြီးပြုတ်ကြသည်။ ပဲနူးလာဖို့ဟာ မကြာပါ။ ရေနွေးကြမ်းဖြင့် စားပွဲမှာ၃ယောက်သား ပဲပြုတ်ကိုထိုင်စားကြ၏။ နဂို ပဲရဲ့အဆိမ့်အရသာဟာ ဆားနဲ့တွေ့မှပိုစားကောင်းသည်။ ချိုဆိမ့်နေ၏။
"နောက်အပတ်ကျ ငါးကြော်စားရအောင်။ ငါလုပ်ကျွေးမယ်လေ"
ဇူလီဟာ ရီရီ့ကိုနောက်အပတ်အတွက်ကြိုပြီးအဖော်ညှိသည်။ ရီရီကတော့၂ခါပြောစရာမလို။ ခေါင်းငြိမ့်နေ၏။
ဘုရားမှာကပ်ထားသည့် ကံ့ကော်ပန်းတွေရဲ့ရနံ့ဟာ တစ်အိမ်လုံးကိုမွှေးကြိုင်နေစေသည်။ တစ်ခါတစ်လေများဆို ပြတင်းပေါက်မှဝင်လာသည့်လေနဲ့အတူ အမျိုးအမည်မဖော်ပြနိုင်သည့်ပန်းရနံ့သင်းသင်းကိုရတတ်၏။ နွေဆို ပန်းတွေဟာ လက်ချိုးရေမရသည်အထိ အတော်ပေါသည်။ ဇူလီဟာ ဘုရားမှာကပ်ထားသည့်ကံ့ကော်တွေမြင်ပြီး ကံ့ကော်ပွင့်တွေသာနားကြားညှပ်လိုက်ရင် သိပ်ကိုလှမည့်အမျိုးသမီးတစ်ယောက်ကို ပြေးမြင်လာမိသည်။
"ဒီနားမှာ ကံ့ကော်ပင် ဘယ်နားကအိမ်မှာရှိလဲ"
အတွေးတောင်မဆုံးသေးဘူး ဇူလီဟာ သူမနှုတ်မှနေ မေးမိသွားပြီ။
"ဘာလုပ်မလို့လဲ။ ဈေးထဲပေါနေတာဘဲကို"
"မဟုတ်ဘူး ငါကလတ်ဆတ်တာရချင်တာ။ ကိုယ်တိုင်ခူးရတာမျိုး "
ဇူလီဟာ နဂိုပန်းကြိုက်တာမို့ သူ့စကားကိုဘယ်သူမှသံသယမဝင်မိ။ သူမကိုယ်တိုင်တောင်ပေါ့။
"ငါတို့ဝန်းမှာရှိတယ်လေဟာ"
ဒါကိုဇူလီသိသည်။ သို့ပေမယ့် တောဝန်းက ဝေး၏။ အခု သူမက ဒီဘက်နားနီးတဲ့ဆီက ရချင်တာဖြစ်သည်။ ကြည့်ရတာ ကိုယ့်ဘာသာဘဲရှာတော့မည်ထင်၏။ ဇူလီဟာ အပူကိုမုန်းသည်။ အထူးသဖြင့် နွေ။ သို့ပေမယ့် နွေမှာပွင့်သည့်မည်သည့်ပန်းကိုမဆိုတော့ သူမ သဘောကျ၏။
"သင်္ကြန်ကျရင် ပိတောက်တွေရော ကုက္ကိုလ်ပန်းတွေရော စိန်ပန်းတွေရော နင်မသိတဲ့ပန်းတွေပါပွင့်တော့မှာ။ အဲ့ခါကျမှစိတ်ကြိုက်ရူးတော့။ အခုတော့ မရှိတာကိုရှာမနေနဲ့"
ယခုဇူလီဟာ ပန်းတွေကိုရူးနေတာမဟုတ်၊ အဖြူရောင်ရှိသည့် တိမ်တွေကိုရူးသွက်နေတာလည်းမဟုတ်၊ တစ်စုံတစ်ယောက်ကို ပန်းတွေပေးဖို့ သူမဟာ ရူးသွက်နေတာဖြစ်သည်။ စပြီးတွေးမိလိုက်ပြီဆိုကတည်းက ထိုမိန်းမကိုသာ ကံ့ကော်တွေမပေးလိုက်ရရင် ဇူလီဟာ စိတ်ထဲတသသနဲ့စားဝင်တော့မည်မဟုတ်။ သူမကတော့ ခက်ချေပြီ။
.............
"သွားပို့ပါဆို။ ပေးမယ်လို့ပြောထားပြီးသားမို့"
ဒေစီပန်းအိုးလေးတွေကိုင်ပြီး ဟိုဘက်အိမ်သွားဖို့ကို ဇူလီဟာတွန့်ဆုတ်နေသည်။ မနက်ကဝယ်လာသည့်ပျိုးပင်တွေထဲက ဒေစီပင်တွေကို ဟိုဘက်အိမ်ကိုပေးခိုင်းနေခြင်း။ မနက်က ဈေးသွားကြရင်းလမ်းမှာ ပန်းပျိုးပင်လေးတွေရောင်းသည့်အသည်နဲ့တိုးလာလို့ ဒေစီတွေဝယ်လာကြ၏။ ဇူလီဟာ အဖြူရောင်ရှိသည့်ပန်းတွေထဲမှာ ဒေစီတွေကိုအကြိုက်ဆုံး။ သေးသေးလေးနဲ့ ချစ်စရာအဖြူရောင်လေး။ သူများအိမ်ထဲကံ့ကော်တွေ တွေ့လာလို့လည်း ခူးခဲ့ကြသေးသည်။
"ဒါလေးကို တွန့်တိုနေတယ်"
ဇူလီဟာ တွန့်တိုနေတာမဟုတ်ရပါ။ လူတစ်ယောက်ကိုပန်းပေးတာဟာ သိပ်ကိုကောင်းသည့်အပြုအမူဖြစ်၏။ ပန်းတွေဟာ လူတွေရဲ့စိတ်ကို ကြည်လင်စေသည်၊ နူးညံ့စေသည် ၊ ပျော်ရွှင်စေသည်။ ဒီပန်းတွေကို အန်တီမြသိမ့်ကိုပေးရမယ်ဆိုရင် သူမ,ပြေးပြီးတောင်ပေးသည်။
အခုဟာက.....
သူမ ထိုမိန်းမကို ပန်းတွေပေးဖို့ အဆင်သင့်မဖြစ်သေး။ ထိုမိန်းမကိုကံ့ကော်တွေပေးဖို့ စိတ်ကူးယဉ်ခဲ့တာကို သူ့ကိုယ်သူတောင်အံ့ဩမဆုံးပါ။ သူမဟာတစ်ကယ်ရူးသည်။ ဒေစီတွေဟာ 'ချစ်နေရင်တောင် ဖွင့်မပြောဘူး' ဟု အဓိပ္ပာယ်ရ၏။ ထိုမိန်းမက ဒီပန်းရဲ့အဓိပ္ပာယ်ကို သိပြီး သူမကို အခြားအတွေးဖြင့်မှတ်ယူလေမလား။ အို ဇူလီဟာ ဘောင်ကျော်ကာတွေးမိပြီဘဲ။ သူမဟာ သူ့အပေါ်ရိုးသားသည်လေ။
"အို ပန်းလေးတွေပါလား"
ဇူလီ အိမ်ထဲဝင်ဝင်ချင်း အန်တီမြသိမ့်နဲ့တိုးတာ ကံကောင်းသည်။
"လှလိုက်တာ။ အန်တီတို့ဖို့လား”
“ဟုတ်”
“ဪ အားနာစရာကွယ်။ ပေးပေး ဒီကိုပေး။ အန်တီခြံထဲသွားထားလိုက်မယ်"
ဇူလီလည်း ပန်းအိုးတွေကို အန်တီမြသိမ့်ဆီပေးတော့မလို့ပြင်၏။
"ဇူလီလား"
အသံကြားရာဆီ အန်တီမြသိမ့်နဲ့အတူမော့ကြည့်သည်။ စိမ်းနုရောင်ကနုတ်ချိတ်အဆင်ဖြင့် လှေကားထိပ်နေရာယူထားသည့် ထိုမိန်းမကို တွေ့ရ၏။
"ဘယ်ကသာအန်တီတို့ဖို့ရမှာလဲ ဇူလီက စိမ်းဖို့ကိုလာပေးတာပါနော်။ အစ်မအခန်းဆီဘဲတစ်ခါတည်းပို့ပေးလိုက်ပါ ဇူလီ"
ထိုမိန်းမဟာ ဆင်းမလာပါ။ သူမကိုသာအပေါ်ကနေ စောင့်မျှော်နေ၏။ သူမကိုတက်လာစေချင်သည့်သဘောရှိသည်။ ဇူလီဟာ တံတွေးကိုခက်ခက်ခဲခဲမျိုချရ၏။ အန်တီမြသိမ့်ကလည်း သူမကိုအပေါ်တက်သွားဖို့ပြောပြီး ပျောက်သွားသည်။
"ဒေစီလေးတွေပါလား။ လှလိုက်တာ"
ထိုမိန်းမဟာ သူမ,ယူလာသည့်ဒေစီတွေကိုကိုင်ကာကြည့်နေသည်။
"ဒီဘက်လာ"
ထိုမိန်းမဟာ ဇူလီ့လက်ကိုဆွဲကာ တစ်နေရာခေါ်သွား၏။ ဇူလီမှာမငြင်းသာဘဲ ခပ်မျှော့မျှော့ဖြင့်သာ ထိုမိန်းမဆွဲရာနောက်ပါသွားရသည်။
ပထမဆုံးအကြိမ် ထိုမိန်းမရဲ့အခန်းကိုရောက်ဖူးခြင်းပါ။ ဇူလီအခန်းရဲ့ သုံးခန်းစာလောက်ရှိမည်ထင်ရ၏။ ရေချိုးခန်း၊အိမ်သာရှိသည်ထင်ရသည့်အခန်းများကို တံခါးပိတ်လျက်တွေ့ရသည်။ ထောင့်မကျတကျမှာခင်းထားသည့် အဖြူရောင်မွေ့ယာကြီး၊ အခန်းထဲမှဆိုဖာsetများ၊ ပိုက်ဆံအိတ်တွေထားသည့်စင်၊ ဆက်လျက်တည်ရှိကြသည့်အဝတ်ဗီဒိုများ၊ တီဗွီစင်ခပ်ကြီးကြီး၊ ဘယ်နှရံမှန်းရေတွက်မရသည့် ဖိနှပ်များရဲ့စင်၊ ရေခဲသေတ္တာ ပြီးတော့ မှန်တင်ခုံအကြီးကြီး။ နံရံဘက်ကပ်ထားသည့်စာအုပ်စင်ဟာတော့ အခန်းထဲအကြီးဆုံးပင်။ ထိုမိန်းမဟာ စာအုပ်တွေကြိုက်တာသိပေမယ့် ဒီလောက်ထိကြိုက်လိမ့်မယ်လို့တော့ ဇူလီထင်မထားမိခဲ့တာအမှန်။
"ပန်းအိုးတွေဘဲအရင်ချလိုက်ပါလား"
အခန်းထဲစပ်စုနေသည့်ဇူလီဟာ ထိုမိန်းမရဲ့အပြောကြောင့် အနည်းငယ်ရှက်မိသွားသည်။
ဒေစီတွေဟာ အေးသည့်နေရာကိုကြိုက်သည်။ သို့ပေမယ့် နေရောင်လည်းရဖို့လိုသေး၏။ ထို့ကြောင့်ဝရံတာဘက် နေသိပ်မထိုးသည့်နေရာကို သူမ ရွေးရသည်။ ခပ်လှမ်းလှမ်းမှာမြင်နေရသည့် သူမအခန်း။ ဒါဖြင့် ဒီမိန်းမဟာ သူမကိုနေ့တိုင်းမြင်နေရသည်ဘဲ။
"ဇူလီ့အခန်းနဲ့တိုက်ရိုက်ဘဲနော်။ မမြင်ချင်မှအဆုံး"
ထိုမိန်းမရဲ့အသံဟာ ဇူလီနားနီးနီးလေး။ ဇူလီလှည့်ကြည့်တော့ သူက ရယ်သာပြနေ၏။
"ကျွန်မပြန်တော့မယ်"
"နေပါအုံး။ ကိုယ့်ဆီလာတဲ့ဧည့်သည်ကို ဧည့်ဝတ်ကြေပါရစေအုံး။ ဇူလီကတော့လေ အမြဲဒီလိုပြန်မယ်တကဲကဲရယ်"
ဇူလီလက်ကိုဆွဲပြီး ထိုမိန်းမက ထိုင်ဖို့ပြောသည်။ သူကတော့ အအေးတွေသွားယူနေ၏။
လိမ္မော်ရည်ခွက်ကို လက်မှာသာကိုင်ထားပေမယ့် ဇူလီ မသောက်မိ။ ဒီအခန်းထဲမှာ ၂ယောက်တည်းဆိုသည့်အသိက သူမရဲ့စိတ်ကိုအမျိုးစုံကြိုးခုန်အောင်လုပ်နေသည်။
"အစ်မလည်းပျင်းနေတာ ဇူလီရောက်လာလို့ပေါ့"
ထိုမိန်းမဟာ လိမ္မော်ရည်ကိုတစ်ကျိုက်သောက်ပြီး ခြေကိုအားရပါးရလွှဲချိတ်လိုက်သည်။ ထိုမိန်းမရဲ့ခြေကျင်းဝတ်မှာ footချိန်းကလေး။ fancyတွေအတော်ကြိုက်ပုံရသည်။
အခန်းထဲအဲကွန်းဖွင့်ထားပေမယ့် ဇူလီရဲ့ချွေးတွေဟာမတိတ်နိူင်သေး။
"သက်တောင့်သက်သာနေပါကွယ် အစ်မ ကိုက်မစားပါဘူး"
အနေရခက်နေသည့်ဇူလီ့ကို ထိုမိန်းမဟာ သတိထားမိပုံရပါသည်။
"သီချင်းနားထောင်မလား"
ဇူလီဟာ ခေါင်းမငြိမ့်မိပါ။ သို့ပေမယ့် အရောင်တောက်သွားသည့်မျက်လုံးတွေဟာအဖြေ။
"အစ်မလည်းသီချင်းတွေနားထောင်ရတာကြိုက်တယ်လား"
"ဟင့်အင်း"
ထိုမိန်းမဟာ ဟန်ဆောင်ခြင်းမရှိပါ။
"လုံးဝကြီးကြိုက်တာတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေတော့လည်း နားထောင်ဖြစ်ပါတယ်။ ဇူလီကတော့ကြိုက်တယ်မလား။ ခုချိန်ဇူလီကိုအဖော်ပြုပေးဖို့ သီချင်းလေးတွေရှိသင့်တယ်ထင်တာဘဲ"
ထိုမိန်းမဘာသီချင်းဖွင့်မည်တော့မသိ။ တီဗွီစင်နားမှစာပွဲဆီသွားပြီး တစ်ခုခုကိုသွားရှာနေသည်။ ထိုစားပွဲပေါ်မှ ရှေးဟောင်းဓာတ်ပြားစက်နဲ့အတူ ဓာတ်ပြားခွေများကို အစီအညီတွေ့ရ၏။
မဟုတ်မှလွဲ သူမကို အဲ့ဓာတ်ပြားကြီးဖွင့်ပြမလို့လား။
"အို ဖုန်း"
ကြည့်ရတာ သီချင်းဖွင့်ဖို့ဖုန်းရှာမရဖြစ်နေသည်ထင်။
"ဇူလီရေ အစ်မကိုဖုန်းလေးခဏငှားပါလား။ အစ်မဖုန်းဘယ်နားထားခဲ့မှန်းမသိလို့"
ထိုမိန်းမဟာလည်း နမော်နမဲ့နိုင်တတ်သည်လား။ ဇူလီဖုန်းကိုlockဖွင့်ပြီး ထိုမိန်းမကိုပေးသည်။ လက်သွယ်သွယ်လေးတွေဟာ မှန်ပြင်မှာပြေးလွှားနေ၏။
ထိုမိန်းမဟာ မာယာများတတ်မှန်း ဇူလီဟာခဏမေ့သွားခဲ့သည်။ အသံမြည်လာသည့်ဖုန်းဟာ ထိုမိန်းမရဲ့အနားလေးတင်။
"ဪ ဒီမှာဘဲ"
ဒီမိန်းမ။ သူမရဲ့ဖုန်းဟာ ထိုနားလေးမှာချထားသည့်ပိုက်ဆံအိတ်ထဲမှာပင်ရှိသည်။ ထိုမိန်းမဟာ ဇူလီရဲ့ဖုန်းနံပတ်ကိုညာပြီးယူ၏။
"ကျေးဇူးဘဲနော်"
ဖုန်းကိုပြန်ပေးလာသည့် မသိရိုးမျက်နှာဟာ သိပ်မုန်းဖို့ကောင်း၏။
"မျက်မှောင်ကို အမြဲကျုံ့မထားပါနဲ့ မျက်ခုံးတွေကျိုးတော့မယ်ရယ်။ လာလှည့် အစ်မသီချင်းဖွင့်ပေးမယ်"
ထိုမိန်းမဟာ လူကိုပြန်လည်းချော့မြူတတ်သည်။
ဇူလီ့မှာ ထိုမိန်းမကို ပြောချင်သည့်စကားများ မရှိပါ။ သူက နေ ဆိုလို့သာ နေ,နေတာဖြစ်၏။ ဇူလီ ခုံမှာသွားထိုင်နေပေမယ့် ထိုမိန်းမကတော့သီချင်းတွေဆက်ရှာနေတုန်းပင်။ တအောင့်မျှကြာတော့ မြန်မာသံစဉ်ငြိမ့်ငြိမ့်ဖြင့် တီးလုံးသံကလေးထွက်လာသည်။
ဇူလီဒီသီချင်းကိုရင်းနှီးသည်။ ထူးအိမ်သင်ရဲ့ 'နွေဦးကံ့ကော်'
"မြန်မာသီချင်းတွေတော့နားထောင်ပါတယ်နော်"
ဇူလီ ခေါင်းငြိမ့်ပြသည်။
"မကြိုက်ရင်ပြောနော်။ ပြောင်းဖွင့်ပေးမယ်"
"ရပါတယ် မြန်မာသီချင်းကို လုံးဝကြီးနားမထောင်တာတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေတော့လည်းနားထောင်ဖြစ်ပါတယ်"
သူပြောခဲ့သည့်စကားမျိုးကို ဇူလီကတစ်ဖန်ပြန်ပြောတော့ ထိုမိန်းမဟာသဘောကျနေသည်။ ဇူလီဟာ သီချင်းဆို အမျိုးအစားမရွေးနားထောင်တတ်ပါသည်။ သို့ပေမယ့် မြန်မာသီချင်းတွေတော့ နားထောင်ခဲ၏။ လမ်းကြုံမှသာနားထောင်သည်ကများပါသည်။
ယခုဆိုရင် သူမတို့နှစ်ယောက်ကြားမှာ သီချင်းသံလေးတွေသာရှိတော့သည်။ သီချင်းတွေကိုအာရုံစိုက်နေသည့်သူမ နှင့် စာအုပ်တွေထဲအာရုံစိုက်နေသည့် ထိုမိန်းမ။
ကိုယ့်လက်ကလေးတွေနွေးထွေးလာတယ်
ချစ်သူလေးရယ် ထွေးလှည့်ပါကွယ်.....
နွေဦးကံ့ကော်တွေဟာ ဇူလီ့အတွေးတွေထဲ ဝေဆာအောင်ပွင့်လန်းနေသည်။ ပြီးတော့ မရဲတရဲလေးဖြင့် ရင်ဘတ်နားကအိတ်ကပ်လေးထဲထည့်ပြီးယူလာခဲ့သည့် ကံ့ကော်ပွင့်ကလေးကို စိတ်ဖြင့်အသာထိကြည့်မိ၏။ ယနေ့များတော့ ပေးဖြစ်တော့မည်မထင်ပါ။
သီချင်းပြီးသွားတော့ ထိုမိန်းမဟာ စာအုပ်ကိုချပြီး တစ်နေရာဆီထွက်သွား၏။
ထိုမိန်းမရဲ့ဖတ်လက်စစာအုပ်ဟာ ဆရာမြသန်းတင့်ရဲ့ ' မမ '
မဖတ်ဖူးပေမယ့် ဇူလီ ထိုစာအုပ်ကိုရင်းနှီးသည်။ ဆုရည်က ဒီစာအုပ်အကြောင်း သူမကို အားရပါးရပြောပြခဲ့ဖူးလို့ပင်။ အိမ်ထောင်ရေးဖောက်ပြန်၍ အဆုံးသတ်မလှခဲ့သည့် မိန်းမလှလေးတစ်ယောက်အကြောင်းဆိုလားဘဲ။ ကျန်တာတော့သိပ်မမှတ်မိတော့။
ခြေသံခပ်ဖွဖွနှင့်အတူ အမျိုးသမီးတစ်ယောက်ဟာ ဇူလီအနားရောက်လာပြီးဒူးထောက်ထိုင်ချလာသည်။ နူးညံ့သည့်လက်သွယ်သွယ်လေးတွေဟာ ဇူလီ့ဆံစလေးတွေကို နားနောက်သို့သပ်သင်ပေးလိုက်သည့်အချိန်မှာ အရာအားလုံးဟာကမောက်ကမဖြစ်ကုန်ပြီ။
နူးညံ့သည့်အထိအတွေ့။
အေးစက်သွားသည့်ခန္ဓာကိုယ်။
ရနံ့ပိုသင်းလာသည့် ကံ့ကော်ပန်းလေး။
အလှည့်ကျလာနေသည့် ထူးအိမ်သင်ရဲ့နောက်သီချင်းတစ်ပုဒ်။ ဇူလီနားရွက်ကြားထဲရောက်လာသည့်ဒေစီပန်း။
ထိုမိန်းမဟာကျေနပ်နေသည်ထင်ရဲ့။ ရယ်သံသဲ့သဲ့ကို သူ့ဆီမှကြားရသည်။
"ဒေစီလေးတွေက ဇူလီနဲ့လိုက်တယ်"
ထိုမျှသာပြောပြီး ထိုမိန်းမဟာ သူ့နေရာသူပြန်ဝင်ထိုင်သည်။ ဇူလီကသာ နေရာမရဖြစ်နေသည့်လူ။
သူမတို့ကြားထဲကအခြေအနေဟာ ယခင်ကထက်ပိုပြီးတိတ်ဆိတ်သွားသလိုရှိ၏။ အတန်ကြာထိုင်နေကြပေမယ့် နှစ်ယောက်လုံးရဲ့စိတ်တွေဟာ ဘယ်ဆီတွေရောက်နေကြမလဲမသိပါ။ ဖတ်လက်စစာအုပ်ထဲမှာလား ဒါမှမဟုတ် ဖွင့်ထားလက်စသီချင်းတွေထဲမှာလား။ တိတ်ဆိတ်နေသည့်အခြေအနေဟာ ဇူလီ့ကိုနေရခက်စေသည်။ ဒီနေ့တော့ သီချင်းတွေဟာသူမ ရင်ထဲမရောက်နိုင်တော့ပါ။
"ကျွန်မပြန်တော့မယ် အစ်မ"
စာဖတ်နေသည့် ထိုမိန်းမဟာ ခုမှလှုပ်လှုပ်ရှားရှားရှိလာ၏။ ထိုမိန်းမက လိုက်ပို့ပေးမယ် ဟုပြောကာ ဇူလီနဲ့အတူ လိုက်ထလာ၏။
ထိုမိန်းမကိုကံ့ကော်တွေပေးဖို့ အချိန်တွေအများကြီးရှိခဲ့ပေမယ့်လည်း ဇူလီဟာ လိုအပ်တဲ့သတ္တိတွေတော့ရှိမလာခဲ့ပါ။ 'အစ်မအတွက်' ဆိုသည့်စကားဟာ သူမနှုတ်ကထွက်ဖို့သိပ်ကိုခက်ခဲနေခဲ့သည်။ စားပွဲပေါ်တိတ်တိတ်လေးချထားပေးခဲ့သည့်ကံ့ကော်ပွင့်ကို ထိုမိန်းမ သတိထားမိပါ့မလား။ ကံ့ကော်ပွင့်လေးကိုမြင်ရင်ရော ထိုမိန်းမဟာ ပြုံးနေပါ့မလား။ ကျောခိုင်းပြီးထွက်လာခဲ့ပေမယ့် ဇူလီရဲ့အတွေးတွေဟာ ထိုမိန်းမကိုသယ်ဆောင်လာဆဲပါဘဲ။ အိမ်ထိ၊ အိမ်မက်တွေအထိ၊ မနက်ဖြန်တွေအထိ။ သေချာတာကတော့ ဒီနေ့လည်းဇူလီဟာ ထိုမိန်းမစိတ်ကြောင့် အိပ်ပျက်ရအုံးမည်ဆိုတာပါဘဲ။
.............
နွေရဲ့တစ်ညတာဟာ ကုန်ဆုံးဖို့သိပ်ကိုကြာသည်။ သို့ပေမယ့် လှပသည်။ လေနုအေးများနဲ့ စိမ်းနုနုအရွက်ကလေးများ၏ ပွတ်တိုက်အချင်းများသံဟာ စိတ်နှလုံးအေးမြစေသည်။ ပုစဉ်းရင်ကွဲအော်သံတွေ၊ အလင်းရောင်ရှိရာဆီရောက်လာတတ်သည့် ပိုးဖလံလေးတွေ၊ လေနုအေးအေးလေးတွေ၊ သစ်ရွက်ချင်းပွတ်တိုက်သွားသံတွေဟာ နွေညများရဲ့ဧည့်သည်တွေပင်။
ခေါင်းရင်းနားကဖုန်းဟာ တတူးတူးဖြင့် ကြိမ်ဖန်များစွာတုန်ခါနေသည်။ ညကြီး၂နာရီမှာ ဆက်တိုက်ဝင်လာနေသည့်ဖုန်းစိမ်းကို သူမ ကိုင်သင့်ရဲ့လား။ ဇူလီဟာ ယခုလိုအိပ်ပျော်ဖို့ကို အများကြီးကြိုးစားထားရတာဖြစ်၏။
ဖုန်းရဲ့အလင်းရောင်ဟာသိပ်ကိုစူးသည်။
"ဟယ်လို"
အသိစိတ်တွေဟာ အိပ်ပျော်နေတဝက် နိုးနေတဝက်။ တစ်ဖက်မှအသံဟာ အတန်ကြာသည်ထိထွက်မလာ။ တစ်ယောက်ယောက်ကများ သူမကိုစနှောက်၍ ဖုန်းဆက်နေသည်လား ဒါမှမဟုတ် ဖုန်းမှားဝင်လာသည်လား။ ဒီအချိန်ကြီးမှ ဖုန်းမှားဝင်တာဟာ မဖြစ်နိုင်ပါ။
"ဟယ်လို"
တစ်ဖက်က အသက်ရှုသံခပ်ပြင်းပြင်းကိုဘဲ သူမ အရင်ကြားလိုက်ရသည်။ ဘာတွေဖြစ်မှန်းမသိသလို ဘယ်သူမှန်းလဲမသိ။ ဖုန်းကိုချပစ်ဖို့ ဇူလီကပြင်၏။
"ဇူလီလား"
သူမအမည်ကိုကြားသည့်အချိန်မှာ စားပွဲပေါ်တင်ထားသည့် ဒေစီပန်းတွေဆီ ဇူလီဟာအကြည့်ရောက်သွားသည်။
"အစ်မလား"
အခုမှဘဲသူမရဲ့စိတ်နှလုံးအစုံဟာ အပြည့်အဝနိုးကြားလာတော့သည်။
အင်း ဆိုသည့်ခပ်တိုးတိုးဖြေသံကို သူမ ကြားသည်။ ပြီးတော့ ထိုမိန်းမရဲ့ အသက်ရှူသံခပ်ပြင်းပြင်းတွေ။
"ဒီအချိန်ကြီးဖုန်းဆက်မိလို့ တောင်းပန်ပါတယ်"
မောပန်းနေသည့်အသံ။ ငိုသံတွေစွက်နေသည်အသံ။ တစ်ခုခုကိုကြောက်လန့်နေသည့်အသံ။
"ရပါတယ်"
ပြီးတော့ တစ်ဖန်တိတ်ဆိတ်သွားသည့်အသံ။
"အစ်မ တစ်ခုခုဖြစ်လို့လား"
ဖုန်းဟာဖြေသူမဲ့သွားတတ်လို့ ချသွားပြီလားဆိုပြီး ဇူလီမှာ ခဏခဏစစ်ကြည့်ရသည်။
"ဟင့်အင်း"
ညာသည်။ ထိုမိန်းမဟာ တစ်ခုခုဖြစ်နေတာသေချာရဲ့သားနဲ့။ အခန်းပြတင်းပေါက်ကနေ ထိုမိန်းမရဲ့အလင်းရောင်ရှိမနေသည့်အခန်းကိုမြင်နေရသည်။
"တစ်ခုခုဖြစ်နေရင် ကျွန်မကိုပြောလို့ရပါတယ်"
အမှောင်တွေထဲထိုမိန်းမဟာ ဘယ်လိုပုံစံဖြစ်နေမလဲ။ ပုံမှန်ဆိုစကားသိပ်ပြောသည့်ထိုမိန်းမဟာ ယခုများတော့တိတ်လို့ပါလား။
"မနက်ဖြန် အစ်မဇူလီ့ကိုလာခေါ်ချင်တယ် ရမလား"
ဒီကိစ္စအတွက် ညကြီး၂နာရီမှာ ဖုန်းထဆက်တာလား။ ပြီးတော့ ဒီအခြေအနေကြီးမှာ ဇူလီဟာဘယ်လိုများငြင်းရက်နိုင်ပါ့မည်နည်း။
"ရပါတယ်"
ထိုမိန်းမဟာလည်း ဇူလီလိုအိမ်မက်ဆိုးတွေမက်နေသည်လား။ အဆင်ပြေပါတယ်ပြောပြီးဖုန်းချသွားပေမယ့် ထိုမိန်းမဟာတစ်ကယ်အဆင်မပြေမှန်း ဇူလီသိသည်။ ကြယ်တွေလတွေထင်းနေသည့်ကောင်းကင်ကိုကြည့်ပြီး ထိုမိန်းမကြီးကောင်းကောင်းအိပ်ပျော်နိုင်ဖို့ ဆုတောင်းပေးရသေး၏။ သူမကတော့ အိပ်ပျော်တော့မည်မထင်တော့ပါ။
...........
"မသိပါဘူးဆို။ သမီးကိုတော့ရောင်းမစားပါဘူး အမေရယ်"
ဇူလီကထိုမိန်းမနဲ့အပြင်ထွက်မည်ပြောတော့ ဇူလီမေမေရဲ့မပြီးနိုင်သည့်မေးခွန်းတွေဟာ ဆက်လာတော့သည်။ သူမကိုဘယ်ခေါ်သွားမလဲဆိုတာ သူကိုယ်တိုင်တောင်တစ်ကယ်မသိတာ။
အိမ်ရှေ့မှဟွန်းသံကြားတော့ ထိုမိန်းမရောက်လာပြီဆိုတာသိလိုက်သည်။ ကားကိုကိုယ်တိုင်မောင်းလာသည်ဘဲ။
"နင်ကတော့လေ အမြဲလမ်းသလားနေတာဘဲ"
ပြေးထွက်သွားသည့်ဇူလီ့ကိုကြည့်ပြီး မေမေကအော်ပြောသည်။
"ကျွန်မတို့ ဘယ်သွားကြမှာလဲ"
"ရောက်ရင်သိလိမ့်မယ်"
ထိုမိန်းမဟာ အမြဲအဲ့လိုချည်းဘဲ။ သူမ မေးခွန်းတွေကိုဘယ်တော့ပြန်မဖြေတတ်။
"ကျွန်မကိုရောင်းမစားမှာတော့သေချာတယ်မလား"
အပြာရင့်ရောင်ဝမ်းဆက်ဖြင့်ထိုမိန်းမဟာ ခစ်ကနဲရယ်ချသည်။
"အစ်မကလူဆိုးနဲ့တူလို့လား"
သေချာပေါက် ဘယ်တူပါ့မလဲ။
"ဘာစားထားလဲ"
"ခေါက်ဆွဲ"
ခေါက်ဆွဲကကြာပါပြီ။ မနက်ကတည်းက။
"အစ်မမုန့်မှာပေးထားတယ်"
ကားနောက်ခန်းမှာစာအုပ်တွေထည့်ထားသည့်ခြင်း၂လုံးကို ဇူလီတွေ့ရသည်။
"မနေ့က ကံ့ကော်လေးအစ်မ,ရလိုက်တယ်"
"တစ်လျှောက်လုံး အစ်မအခန်းထဲမွှေးနေတာ"
ထိုမိန်းမစကားမှာရှက်သွားသည့်ဇူလီဟာ ဟိုဘက်လှည့်သွားသည်။
"ကျကျန်ခဲ့တာလား အစ်မကိုဘဲတမင်ပေးတာလားမသိပေမယ့် အတော်မွှေးလို့ယူထားလိုက်တယ်"
ဇူလီဆီမှ မည်သို့သောအသံကိုမျှ ထိုမိန်းမ,မကြားရပါ။ ကြားရမည်မဟုတ်မှန်းလည်း သူမဟာသိနှင့်ပြီးသား။
"အစ်မ သီချင်းဖွင့်ပေးရမလား"
သီချင်းတွေအကြောင်းကြားရင် ဇူလီရဲ့မျက်လုံးတွေဟာ အရောင်တွေလက်လက်သွားတတ်သည်။ စကားတွေလည်းပိုပြီးပြောလာသလိုရှိ၏။
90's ရဲ့တီးလုံးသံချိုချိုကလေးဖြင့် Lana Del Rey ရဲ့ Love သီချင်းဟာ ကားထဲအပြည့်နေရာယူသွားသည်။ ချစ်ခြင်းမေတ္တာကလေးများဟာ ပတ်ဝန်းကျင်မှာ ပျံ့နှံ့လာ၏။
"ဘာလို့လဲ"
ဇူလီကြည့်နေသည်ကိုထိုမိန်းမက သတိထားမိသွားဟန်။
"အစ်မကိုဗမာသီချင်းတွေဘဲနားထောင်တယ်ထင်လို့ပါ"
"အင်း အစ်မကဗမာသီချင်းအများဆုံးဘဲ"
ကြည့်ပါလား ဒီမိန်းမကအသက်ကြီးနေပါပြီလို့ပြောသားဘဲ။
"ဒါပေမယ့်အစ်မက Lana ကိုလည်းကြိုက်တယ်လေ။ သူ့သီချင်းဆို အကုန်ကြိုက်တယ်"
ပြီးပြည့်စုံသည့်အသံပါရမီ၊ တမူထူးခြားသည့်သံစဉ်လေးများနဲ့အတူ ချစ်ခြင်းမေတ္တာတွေဖန်တီးပေးနိုင်သည့် Lana Del Ray ရဲ့သီချင်းများဟာ ယခုခေတ်များအချိန်ထိ လူကြိုက်များနေသည့် သီချင်းများဖြစ်ပါသည်။ 'Young and Love' တဲ့ မည်သည့်သမိုင်းကိုဘဲလှန်လှောကြည့်ကြည့် အချစ်မှာအများဆုံးယစ်မူးတတ်ကြသည့်လူတွေဟာ လူငယ်များသာဖြစ်၏။ ငယ်ရွယ်မှုနှင့်အချစ်ဟာ ခွဲလို့တောင်မရ။
ဇူလီဟာ ယခုသီချင်းကို အများကြီးသဘောကျ၏။ “Look at your kids with your vintage music” တဲ့။ ဇူလီဟာ နောင်အနာဂတ်မှာကံအကျိုးပေး၍ မိမိနှင့်ချစ်ခြင်းမေတ္တာထပ်တူကျသည့်မိသားစုဘဝလေးများပိုင်ဆိုင်ရခဲ့လျှင် ပထမဆုံးလုပ်မည့်အရာက မိမိ၏ကလေးများကို သီချင်းတွေခံစားတတ်ရန်သင်ပေးမည်ဖြစ်၏။ နေ့စဉ်ဘဝအတွက်သီချင်းတွေဟာ အရေးပါသည့်အားအင်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းလည်း ရှင်းပြချင်ပါသေးသည်။ သူ့စိတ်ကူးသက်သက်ပါလေ။
ကားဟာ Snacks တွေရောင်းသည့်ဆိုင်လေးတစ်ဆိုင်ရှေ့ ထိုးရပ်သွားခဲ့၏။
"ခဏစောင့်ပေးနော် အစ်မချက်ချင်းပြန်လာခဲ့မယ်"
ဒီဆိုင်မှာတစ်ခုခုဆင်းယူမည်ထင်၏။ ထိုမိန်းမ ကားထဲမှမဆင်းခင် ဆိုင်အရှေ့ကမျက်လုံးတွေကိုမြင်တော့ ဇူလီဟာ ရင်ထဲပူထူသွားရသည်။
"ခဏလေး ခဏလေး"
ဆင်းတော့မည်ပြင်သည့်ထိုမိန်းမလက်ကို ဇူလီဟာဆတ်ကနဲဆွဲ၏။ ဒီဆိုင်ရဲ့အောက်ဘက်မှ လက်ဖက်ရည်ဆိုင်ကလူတွေ အထူးသဖြင့် ယောက်ျားသားတွေဟာ သူမတို့ကားရပ်ကတည်းက ခေါင်းတွေပြူနေတာပင်။
"ကျွန်မသွားယူပေးမယ် အစ်မ "
ထိုရှေ့ကလူတွေအချို့ဟာ ကားကိုကြည့်ချင်ကြည့်မည်၊ လူကိုကြည့်ချင်ကြည့်မည်၊ စပ်စုလို့ကြည့်ချင်ကြည့်မည်၊ အချို့ကတော့ ဖြတ်ကနဲဖြစ်ဖြစ်ကြည့်ချင်ကြည့်လိမ့်မည်။ သို့ပေမယ့် ကားထဲကမိန်းမကိုတော့ ဇူလီဟာ သူတို့ဆီ ပေးမတွေ့စေချင်ပါ။ လူတွေဟာ ကိုယ့်မျက်စိထဲလှပတဲ့လူကိုမြင်ရင် စိတ်ဖြင့်ဖြစ်စေ၊ အပြုအမူဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ကောင်းသည်ဆိုးသည် မှတ်ချက်ပေးတတ်ကြသည်ဟာ သဘာဝပါပင်။ ဇူလီဟာ မည်သို့သောမှတ်ချက်မျိုးကိုမှ ထိုမိန်းမကို မရစေချင်ပါ။ ထိုသို့သောအခြေအနေကို သူမဟာသဘောမကျနိုင်။ ထို့ကြောင့် ထိုမိန်းမအစား သူကဘဲဆင်းကာသွားယူပေး၏။
မှာယူလာသည့် ဘာဂါတစ်လုံးနှင့်ကိုလာတစ်ဘူးဟာ သူမအတွက်လို့ပြောသည်။ ဇူလီကတော့ ကားပေါ်ကြီးမှာမစားတတ်။ အထူးသဖြင့် သူ့နားမှာ ထိုမိန်းမကြီးရှိသည့်အချိန်။ သူမပါးစပ်ပေါက်သေးသေးလေးနဲ့ ဘာဂါကြီးကိုမဆံ့မပြဲကိုက်ရမှာဟာ အနည်းငယ်ရှက်စရာကောင်းသည်လေ။
ခရီးဟာဝေးသည်။ သူမတို့ရဲ့ကားလေးဟာ အထပ်မြင့်အဆောင်အဦးတွေကိုကျော်ပြီး မြို့အစွန်ဘက်ရောက်လာ၏။ ဇူလီဒီဘက်ကို တစ်ခါမှမရောက်ဖူးသေးပါ။
ကားလေးဟာ မြေနီနီလမ်းကလေးတွေကိုဖြတ်ပြီး တရိပ်ရိပ်သွားနေ၏။ ကားထဲမှမြင်နေရသည့် ရွက်ကြွေများ၏ပုံရိပ်ဟာ လွမ်းမောစရာကောင်း၏။ ကမ္ဘာကြီးသည် တရိပ်ရိပ်ဖြင့် ဖြည်းညှင်းစွာရွေ့လျားနေသည်။
အတန်ငယ်ကြာတော့ ကားဟာအရှိန်နှေးလာသည်။
"ရောက်ပြီ"
ကားလေးဟာ ခရစ်ယာန်ဘုရားကျောင်းဟောင်းနားရပ်သွား၏။ စာအုပ်တွေထည့်ထားသည့်ခြင်းကို ဇူလီကူသယ်သည်။ ပုံပြင်စာအုပ်ထင်ရသည့်စာအုပ်များက၁ခြင်း၊ ကျောင်းသုံးရေးစာအုပ်များနှင့်ခဲတံတွေပါသည်များက၁ခြင်း။ ထိုမိန်းမဟာ အလှူလာလုပ်သည်ထင်ပါသည်။
ဇူလီတို့ကိုမြင်တော့ ကျောင်းကတာဝန်ရှိလူကြီးတွေထင်ရသည့်လူတွေဟာထွက်လာကြိုကြ၏။
"ကလေးတွေမျှော်နေတာ ညီမရဲ့"
တာဝန်ရှိလူကြီးများ၏ တရင်းတနှီးနှုှုဆက်ပုံအရ ထိုမိန်းမဟာ ဒီနေရာကိုမကြာမကြာရောက်ဖြစ်မှန်း ဇူလီသတိထားမိလိုက်၏။
"ကျွန်မလည်းအလုပ်တွေများနေတာ အစ်မတို့ရယ်။ ခုမှအချိန်လေးရလို့ရယ်"
ထိုမိန်းမကြီးဟာ ဘယ်အလုပ်တွေများသလဲတော့ဇူလီမသိ။
"လာ အထဲသွားရအောင်"
ဘုရားကျောင်းထဲဝင်ကြတော့ ထိုမိန်းမဟာ ဇူလီ့လက်ကိုဆွဲလာသည်။ နောက်ကျကျန်နေခဲ့မည်စိုးလို့ထင်၏။
"မမ လှလှ"
ကလေးတွေရဲ့အသံဟာ ထိုမိန်းမကိုမြင်တော့ဆူညံသွားသည်။ အပြေးလာဖက်ကြသည့်ကလေးတွေကြောင့် ထိုမိန်းမနဲ့ဇူလီရဲ့လက်တွေဟာ ပြုတ်သွားရ၏။
"မကြီး သမီးနဲ့ဆော့ပေး"
ကလေးတစ်ယောက်ဟာထိုမိန်းမကိုဖက်ပြီးချွဲသည်။
"မမကဒီနေ့တော့မအားတော့ဘူးကွယ်။ နောက်များမှပေါ့"
ကလေးရဲ့ပါးကိုညစ်ပြီး ကလူကျီစယ်နေသည့်ထိုမိန်းမရဲ့မျက်ဝန်းတွေဟာ ခါတိုင်းနဲ့မတူပါ။
ဇူလီရပ်နေတဲ့နား ကလေးတစ်ချို့ဟာရောက်လာသည်။ သူမမျက်နှာပေးကြောင့် အနားထိတော့ကပ်မလာကြ။ ရှည်မိုးနေသည့်သူမကို ခေါင်းအတော်မော့ပြီးကြည့်နေကြ၏။ မျက်လုံးတွေထဲမှာလည်း သူမကိုစူးစမ်းလိုမှုအပြည့်။ ကလေးတွေဟာအပြစ်ကင်းကြပါသည်။ သို့ပေမယ့် ဇူလီ့မှာကလေးတွေကိုစကားပြောချင်စိတ်ရော ကလူကျီစယ်ချင်စိတ်ရောတစ်ကယ်ရှိမနေ။ ဇူလီဟာ ကလေးတွေကိုစိတ်မရှည်တတ်။
"အစ်မ ယူသွားပေးပါ့မယ်"
ဇူလီကိုင်ထားသည့်ခြင်းကို စစ်စတာတစ်ယောက်ကလာတောင်း၍ သူမလည်းပေးလိုက်သည်။ ခပ်လှမ်းလှမ်းမှာ ကလေးတွေဖြင့်ပျော်နေသည့်မိန်းမဟာ လုံးဝအခြားသူတစ်ယောက်ဖြင့်တူ၏။ ဇူလီနှင့် စိမ်းလဲ့ညိုဟာ ဒီနေရာတော့လုံးဝမတူနိုင်။
"မကြီး ဒီနေ့ဘာလို့အစ်ကိုချောချောလေးကပါမလာရတာလဲဟင်"
ထိုကလေးမပြောသည့်အစ်ကိုချောချောဟာ ဟိုတရုတ်ကြီးမှန်း ဇူလီတန်းသိလိုက်သည်။ သူဘဲရှိတာလေ။ ဒါဖြင့် ထိုမိန်းမဟာ ဒီနေရာကိုသူနဲ့အမြဲလာသည်ပေါ့။
"ကလေးတွေကစာသိပ်မလုပ်ကြလို့တဲ့ ကိုကိုကစိတ်ကောက်ပြီးကျန်နေခဲ့တယ်"
"ဟင်း....သမီးကစာအများကြီးလုပ်ပါတယ်"
ဇူလီဟာ တရုတ်ကြီးအပေါ် ထိုမိန်းမ သုံးနှုန်းလိုက်သည့်စကားကြောင့် အံ့ဩသွားရ၏။ 'ကိုကို' ဆိုဘဲ။
ခပ်လှမ်းလှမ်းမှ ကလေးတွေရဲ့ရယ်သံဟာ ပျံ့လွင့်လာသည်။ အတွေးဖြတ်ကာကြည့်မိတော့ ကလေးတွေနဲ့အတူပျော်ရွင်နေသည့် အမျိုးသမီးလှလှလေးတစ်ယောက်ကိုပါတွေ့ရ၏။ ထိုမိန်းမရဲ့အပြုံးဟာ ခါတိုင်းနဲ့မတူ ပဂတိအေးချမ်းနေသည်။ ဒါဟာ ထိုမိန်းမရဲ့ ဇူလီမသိသေးသည့်တစ်ဖက်ခြမ်းဘဲဖြစ်မည်ထင်ပါသည်။
"သွားရအောင်ဇူလီ။ အစ်မသူများသားသမီးကိုအိမ်ပြန်ပို့ရအုံးမယ်"
ဇူလီပါလာလို့လားတော့မသိ ထိုမိန်းမဟာဒီနေရာမှာကြာကြာမနေဖြစ်ပါ။ အသိလူကြီးတွေကို ဇူလီနဲ့အတူနှုတ်ဆက်ပြီး အိမ်ပြန်ဖို့ပြင်ကြ၏။ ကလေးတွေအတွက်ဆိုပြီး ထိုမိန်းမဟာ ငွေတွေလည်းလှူခဲ့သေးသည်။ ယခုဇူလီ့မှာထိုမိန်းမကိုပြောစရာတွေအများကြီးရှိလာပြီဖြစ်၏။ ထုတ်ပြောဖြစ် မပြောဖြစ်တော့မသိပါ။ ထိုမိန်းမဟာ ခါတိုင်းလိုဘဲ ပိုက်ဆံအိတ်ကိုလွယ်ကာ ဇူလီ့လက်ကိုဆွဲပြီးရှေ့ကသွားသည်။ ခုများတော့ထိုမိန်းမရဲ့အထိအတွေ့တွေကို ဇူလီဟာ ငြင်းဆန်နိုင်စွမ်းမရှိတော့ပါလား။
"အစ်မက ဒီကိုမကြာမကြာလာတာလား"
"ဟုတ်တယ်"
ဇူလီသိသလောက်ဆိုမြို့ထဲမှာလည်း မိဘမဲ့ကျောင်းတစ်ကျောင်းရှိသည်။
"အစ်မ ဒီနေရာကိုဘယ်လိုရှာတွေ့တာလဲ"
ဒီလောက်ဝေးပြီး ချောင်ကျသည့်နေရာကို ထိုမိန်းမဟာ ဘယ်လိုရှာတွေ့လဲဆိုတာ ဇူလီသိချင်သည်။
"အမှန်လှူသင့်တဲ့နေရာမို့ရောက်လာတယ်ဆိုပါတော့"
ဟုတ်သည်။ မြို့ထဲကကျောင်းကလှူတဲ့လူပေါ၏။ ယခုနေရာနဲ့တော့ မတူ။ ဇူလီကြည့်ရသလောက်ဆို ယခုနေရာဟာ ဘာမှပြည့်ပြည့်စုံစုံမရှိသေးဘဲရှိနေ၏။
"သူတို့လေးတွေကအပြစ်ကင်းတယ်မလား။ ချစ်ဖို့လည်းကောင်းတယ်။ ကံကတော့ဆိုးရှာကြသား"
ထိုမိန်းမဟာ ကလေးတွေအတွက်စိတ်မကောင်းဖြစ်နေဟန်တူသည်။
"တာဝန်မယူပေးနိုင်ဘဲနဲ့များ ဘာလို့မွေးဖို့စဉ်းစားခဲ့ကြတာလဲကိုမသိဘူး"
ဟုတ်ပါရဲ့။ ထိုလူတွေဟာတာဝန်မဲ့လွန်းသည်။
"သူတို့လေးတွေလောကကြီးကိုမြင်ရတာဘဲ ကျေးဇူးတင်သင့်တယ်လို့မထင်ဘူးလား"
ဇူလီရဲ့ဦးနှောက်သေးသေးလေးထဲကထွက်လာသည့်စကားဟာ ထိုမိန်းမကိုများစိတ်ဆိုးသွားစေသလား။ ဆွဲထားသည့်သူမလက်ကိုလွတ်ချသွား၏။ ထိုမိန်းမရဲ့ဆံနွယ်စလေးအချို့ဟာ ချွေးတွေကြောင့်ကပ်နေသည်။
"မွေးခဲ့တာနဲ့ဘဲကျေးဇူးတင်ရမှာလား။ အမှိုက်ပုံထဲ၊ မြောင်းကြားလေးထဲမှာစွန့်ပစ်ခံရတဲ့ကလေးတွေကို မိဘတွေက မကျွေးနိုင်လို့မဟုတ်ဘဲ မမွေးနိုင်တဲ့စိတ်နဲ့လာစွန့်ပြစ်ခဲ့ကြတာ။ သူတို့သာကလေးကိုတစ်ကယ်ပျိုးထောင်ကျွေးမွေးချင်စိတ်ရှိရင် ဆင်းရဲချမ်းသာမရွေးကျွေးမွေးလိမ့်မယ်။ လမ်းဘေးမှာထမင်းနှပ်မမှန်ဘဲပလုံကောက်နေတဲ့သားအမိစုကရော ချမ်းသာနေလို့သူ့သားလေးကိုကောက်မွေးခဲ့တာမို့လို့လား။ မဟုတ်ဘူး သူဆင်းရဲပေမယ့် ကိုယ့်သွေးသားဖြစ်တဲ့သူ့ရင်သွေးကို သူမွေးနိုင်လို့သူစွန့်မပြစ်ခဲ့တာ။ ငယ်ငယ်ရွယ်ရွယ်နဲ့စွန့်ပြစ်ခံရတဲ့ကလေးတွေက သေတာနဲ့မခြားဘူးဇူလီ။ သူတို့လေးတွေရဲ့စိတ်က မိခင်ကိုယ်ငွေ့နဲ့ဝေးကွာသွားတဲ့အချိန်သေတာဘဲ။ လူကိုတော့မသတ်ခဲ့ကြပေမယ့် စိတ်ကိုတော့သူတို့တွေသတ်သွားကြပြီ။ ကလေးတွေရဲ့စိတ်ထဲမှာသိမ်ငယ်စိတ်၊ အားငယ်စိတ်တွေကို သူတို့ကမွေးမြူပေးလိုက်ပြီ"
"ဒီဒဏ်ရာတွေက သေရာပါဘဲ ဇူလီ။ အစ်မတို့ဘယ်လိုဘဲကုစားပေးပေး ပျောက်မသွားဘူး"
ထိုမိန်းမ ပြောတာဟာမှန်ပေမယ့်လည်း ဇူလီကအပြည့်အဝမထောက်ခံချင်။ အနည်းဆုံးတော့ ဒီကလေးတွေဟာလူဖြစ်ခွင့်ရခဲ့သေးသည်၊ ကမ္ဘာကြီးဟာဘယ်လောက်လှပကြောင်း သူတို့လေးတွေမြင်ခွင့်ရသေးသည်၊ သူတို့ရဲ့အနာဂတ်တွေဟာ ယခုထက်ပိုပြီးတောက်ပနိူင်ဖို့အခွင့်အရေးတွေရှိသေးသည်လေ။ ပြီးတော့ လူတွေရဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ၊ နောင်အနာဂတ်ကျ ချစ်ခြင်းတွေထပ်တူကျသည့်မိသားစုဘဝလေးတွေ သူတို့ပိုင်ဆိုင်ခွင့်ရနိုင်ကြသေးသည်။
"ငယ်ငယ်က ဒို့ဖေဖေ ဒို့မေမေအကြောင်းသင်ခဲ့ဖူးတာဘဲ။ အဖေနှင့်အမေဆိုတာဘယ်လိုလူမျိုးကိုခေါ်လဲသိမှာပါ။ ဇူလီကဒါတွေသေချာနားလည်ဖို့ငယ်ပါသေးတယ်"
"ကျွန်မအဲ့လောက်ထိမငယ်ပါဘူး။ အသက်ရှင်နေသေးတာကိုဘဲ ကျွန်မတော့ကျေးဇူးတင်တယ်။ သူတို့ကိုစွန့်ပြစ်ခဲ့လို့လည်းကျေးဇူးတင်တယ်။ အနည်းဆုံးတော့ သူတို့မိဘတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ကာလတွေကို သူတို့နဲ့အတူရင်မဆိုင်နိုင်ကြောင်း စောစောသိသွားရတယ်လေ။ အခုကလေးမိဘတွေကဆိုးယုတ်တဲ့လူတွေဆိုရင် နောက်ခါသူတို့အလှည့်ကျ အဲ့လိုမိဘမျိုးမဖြစ်စေနဲ့ပေါ့"
ထိုမိန်းမဟာ လုံချည်စကိုကောက်ကိုင်လိုက်၏။ ဇူလီက စိမ်းလဲ့ညိုသူ့ကိုပါးရိုက်တော့မယ်လို့ထင်လိုက်တာ။ မဟုတ်ပါဘူး စိမ်းလဲ့ညိုက ဘာမျှပြန်မပြောတော့ဘဲတစ်ဖက်ကလုံချည်စကိုကိုင်ကာ တစ်ဖက်လက်မှဇူလီ့ကိုဆွဲခေါ်သွား၏။ စိတ်ဆိုးနေတာထင်သည်။ ဇူလီနှင့်စိမ်းလဲ့ညိုဟာ ဒီနေရာ၌လည်းအတွေးအမြင်မတူကြပြန်။ ဇူလီကတော့ မကောင်းတဲ့လူတွေသူတို့ဘဝထဲကစောစောထွက်သွားတာဘဲဆိုပြီး အကောင်းဘက်တွေးပေးချင်သေး။ မွေးပေးခဲ့တိုင်းတော့ ကျေးဇူးရှင်လို့ရော ဖေဖေမေမေလို့ရော ခေါ်လို့မရသေးတာမှန်၏။ လောကမှာ 'သားသမီးဆိုး' သာရှိနေခြင်းမဟုတ်၊ 'မိဘဆိုး' တွေလည်း ရှိနေကြသေး၏။
"ဘယ်လိုဆိုဆိုပါ တာဝန်မယူနိုင်ဘဲနဲ့တော့ ဘယ်အရာကိုမှမလုပ်သင့်တာအမှန်ဘဲ။ သူတို့ကြောင့်သေဆုံးသွားရတဲ့ဘဝတွေကို အားနာဖို့ကောင်းတယ်"
“ပြီးတော့ ဇူလီကတစ်ကယ်လူရိုးလေးဘဲ။ အကောင်းဘက်တွေးတာ သိပ်များလွန်းတယ်”
စိမ်းလဲ့ညို သူမကိုပြောလိုက်သည့်ဒီစကားဟာ အားပါသည်။ စိတ်ဆိုးနေတာသေချာ၏။
ယနေ့မှ နေဟာပိုပူတယ်ထင်ရသည်။ မဟုတ်လည်း ဘေး၌ အထပ်မြင့်အဆောက်အဦးတွေမရှိခြင်းကြောင့်လားမသိ။ ကားထဲရောက်မှဘဲ အဲကွန်းကြောင့်လူဟာသက်သာရတော့၏။
တလှုပ်လှုပ်သွားနေသည့်ကားကလေး၊ ကားထဲမှသီချင်းသံ၊ စကားသံ။ ဇူလီဟာ ကြားနိုင်စွမ်းသိပ်မရှိလာတော့ မျက်လုံးများမှေးစင်းလာသည်။
"ဘာစားချင်သေးလဲ။ အစ်မ,ဝယ်ပေးမယ်။
"........"
တစ်လျောက်လုံးစကားပြောလာသည့်ထိုမိန်းမဟာ ဘေးလူရဲ့ 'အွန်'လုပ်'အင်း'လုပ်သံမကြားမှဘဲ လှည့်ကြည့်မိတော့သည်။ ဇူလီဟာ ဘယ်ကတည်းကမှန်းမသိ အိပ်ပျော်နှင့်နေပြီ။
"အိပ်ပျော်သွားတာဘဲ"
ဟုတ်ပါရဲ့လေ ဒီခရီးရှည်ကြီးမှာ သူပင်ပန်းလောက်တာပေါ့။ ပြီးတော့ ညကြီးသန်းခေါင် သူမဟာ သူများကိုဒုက္ခပေးထားသေးသည်လေ။ ကားထဲမှ သီချင်းကိုအသံတိုးပေးရသည်။ တံခါးဘက်လက်ကလေးကိုခုပြီးအိပ်ပျော်နေသည့်မျက်နှာဟာ အေးချမ်းလွန်း၏။
အသံတွေတိတ်ဆိတ်သွားပြီဆို ထိုမိန်းမရဲ့အတွေးတွေဟာပျံ့နှံ့လာတော့မည်။
နွေဦးကံ့ကော်များ…..
အဆိုးဆုံးက သီချင်းတွေကြောင့်။ သူမအတွက်တော့အကြာကြီးနေမှ သီချင်းတွေကိုပြန်လည်နားထောင်ဖြစ်ခြင်းဖြစ်၏။ သီချင်းတွေကို သူမ မေ့ထားခဲ့တာကြာပေါ့။ ဇူလီသာမပါရင် သူမဟာ သီချင်းတွေကိုပြန်လည်နားထောင်ဖြစ်မှာတောင်မဟုတ်။ ဇူလီ ပေးတာသာမဟုတ်ရင် ကံ့ကော်တွေကိုလည်း သူမ လွင့်ပြစ်တာကြာပေါ့။ သူမရဲ့မေ့ပြစ်ထားသည့်အတိတ်တွေထဲမှာ သီချင်းတွေရော ကံ့ကော်တွေရော အားလုံးအားလုံးပါသည်။
မေ့မရခဲ့သည့်အတိတ်တွေဟာ အိမ်မက်ဆိုးတွေအဖြစ်ပြန်လာသည့်အချိန် သူမဟာတစ်ဖန်နာကျင်ရပြန်ပြီ။ ကံ့တော်တွေမြင်တိုင်း နှစ်မြုပ်နေသည့်အမည်နာမ်စားဟာ တစ်ဖန်ပြန်ပေါ်လာတတ်သည်။ အိမ်မက်ကနိုးလာတိုင်း သတိရမိသည့်လူဟာ အိတ်ကပ်လေးထဲထည့်ပြီးကံ့ကော်တွေသယ်လာသည့် ကလေးမလေး။
ထိုညက သူမဟာ ဇူလီ့ဆီဖုန်းမှဆက်သင့်ရဲ့လားလို့ အကြိမ်ကြိမ်စဉ်းစားခဲ့ဖူး၏။ ကံ့ကော်ပွင့်ကိုလက်မှာကိုင်ပြီး အမှောင်တွေထဲထိုင်နေခဲ့မိတာဟာ တစ်ညလုံးနီးပါး။ သူမ ထပ်ပြီးအိပ်စက်ဖို့ကိုကြောက်ရွံ့နေခဲ့တာ။ ထိုအိမ်မက်ဆိုးများ၏ ပဲ့ကိုင်ရှင်ကံ့ကော်ပွင့်ကို လွင့်ပြစ်ဖို့ကြိုးစားခဲ့ပေမယ့် သူမဟာမလုပ်ရက်။ ရှက်ကြောက်နေသည့်ကြားမှ သူမကိုမရရအောင်ကံ့ကော်တွေပေးသွားခဲ့သည့်ကလေးမဟာ ဖြူစင်လွန်းသည်လေ။ အသက်တောင်မပြည့်သေးသည့်ဇူလီဆီကနေ သူမဟာ ဘာတွေမျှော်လင့်နေမိမှန်းမသိ။ သို့ပေမယ့်လည်း သူမကိုနှစ်သိမ့်ပေးနိုင်တာ၊ နားလည်ပေးနိုင်သည့်လူဟာ ဇူလီဘဲရှိမည်လို့ သူထင်ခဲ့မိပြန်သည်။
ဇူလီခုနကပြောခဲ့သလိုပေါ့ အခုရော အတိတ်မှာရော သူမဟာဘာတွေဘဲကြုံခဲ့ပါစေ ရှေ့မှာပိုကောင်းတဲ့နေ့ရက်လေးတွေရှိသည်။ သူမဟာလည်း ကောင်းတာတွေခံစားရဖို့ကိုထိုက်တန်ပါသည်။ သူမ,ဘေးကလူနည်းနည်းနဲ့ဘဲဖြစ်ဖြစ် ပိုကောင်းတာတွေကိုဖန်တီးချင်သည်။ သူမဟာ သီချင်းတွေကိုပြန်ပြီးနားထောင်ဖို့ကြိုးစားသင့်ပါပြီ။ ကံ့ကော်လေးတွေကိုပြန်ပြီးချစ်တတ်ဖို့လည်း ကြိုးစားသင့်ပြီ။ သူမဘဝဟာလည်း နေ့သစ်တွေစခဲ့ဖို့သင့်ပါပြီ။
..............