လရောင်လင်းရဲ့ ဘဝထဲမှာ ခေါင်းကိုက်စရာကိစ္စတွေ
အနည်းအကျဉ်းရှိပေမယ့် ဦးနှောက်တစ်ခုလုံးပါ ထုတ်ထားချင်လောက်တဲ့အထိ ခေါင်းကိုက်ရတဲ့
ပြဿနာတော့ မရှိခဲ့ဖူးဘူး ထင်တယ် ။
အတိအကျကို မရှိခဲ့ဖူးဘူး ။ အတိတ်ကာလပြ ကြိယာတစ်ခုဆိုတော့
လက်ရှိပစ္စုပ္ပန်မှာတော့ ရှိနေတဲ့ သဘောပဲ ။
" နော်လို့ လရောင် .... "
" မနေဘူးလို့ "
" လရောင်ကလည်းးးးး "
သိပ်မကျဉ်းလှပေမယ့် သိပ်လည်း မကျယ်လှတဲ့ အခန်းထဲမှာ
ကာရန်ချိုလို နှုတ်ကနေ စကားကို ခရားရေလွှတ်ပြောရင်း တကောက်ကောက်နဲ့ လိုက်နေတဲ့ လူကို
ပတ်ရှောင်နေရတာက လွယ်လှတဲ့ ကိစ္စတော့ မဟုတ်ဘူး ။
" ဘယ်လိုဖြစ်နေတာလဲဟာ "
" လရောင် အန်တီမော်နဲ့ပဲ နေရတာ မပျင်းဘူးလားလို့
၊ အပျိုကြီးက entertaining မရှိ ဘာမရှိနဲ့ "
" ဟောတော် ဘာမဆိုင်ညာမဆိုင် ကျွန်မက ဘယ်လို
ပါလာရပြန်တာလဲ ၊ ဒီဂုဏ်ပုဒ်လေးပဲ လာထိခိုက်နေတယ် "
ကောင်တာမှာ ထိုင်နေတဲ့ မော်မော်က သူ့ရဲ့ စာရင်းစာအုပ်ကြီးကို
ချတွက်နေရင်းကနေ ကျွန်မတို့ဘက်ကို တစ်ချက်လှည့်လာတယ် ။ မော်မော့်ကို အကူအညီတောင်းသလို
ကြည့်လိုက်ပေမယ့် နားလည်လိုက်ပုံမရတဲ့ မော်မော်က ရယ်ရင်းနဲ့ သူ့ရဲ့ စာရင်းတွေဆီ ပြန်ပြီး
အာရုံရောက်သွားတယ် ။
" လရောင်လို့ "
" ငြိမ်ငြိမ်နေလို့ ပြောနေတယ်နော်
"
" လရောင်တို့ကလည်း ခေါ်ရ ခက်လိုက်တာ
"
" နေရာ ပြောင်းရ ရွှေ့ရနဲ့ ပင်ပန်းတယ်
"
" ကာရန် ကူပေးမှာလေ ၊ အခန်းလည်း ရှင်းပေးမယ်
"
အခု ဖြစ်နေတဲ့ ခေါင်းကိုက်စရာကတော့ ကာရန်ချိုရဲ့
သူ့အိမ်မှာ ပြောင်းနေဖို့ဆိုတဲ့ တောင်းဆိုချက်ပါပဲ ။
" မော်မော့်ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး
"
" အန်တီမော်က လရောင် မလာခင်ကတည်းက တစ်ယောက်တည်း
နေလာတာကို "
သူ ဘယ်လိုတွေ စည်းရုံးထားသလဲ မသိရတဲ့ မော်မော်ကတော့
ကျွန်မ အခက်တွေ့နေတာကို သိနေသည့်တိုင် တစ်ချက်ကလေးတောင် လှမ်းပြီး အကူအညီပေးမလာဘူး
။
" မနေဘူး "
ကျွန်မရဲ့ တစ်ချက်လွှတ်စကားရဲ့ နောက်မှာတော့ ကာရန်လည်း
ငြိမ်ကျသွားတယ် ။ သူ ကျွန်မကို တွယ်တာမှန်း သိပေမယ့် ကျွန်မဘက်က ပြန်ပြီး ကပ်တွယ်လိုက်လို့
ကောင်းတာ ဘာမှ ရှိမလာနိုင်ဘူးထင်တယ် ။ ကျွန်မက ဧည့်သည် ၊ အချိန်တန်ရင် အိမ်ပြန်ရမှာ
။
" လရောင် "
" အင်း "
" ခဏလိုက်ခဲ့ "
" ဘာတွေ ကြံနေပြန်ပြီလဲ "
" လာပါ ခဏပဲ "
ကာရန်က ကျွန်မရဲ့ လက်ကို ဆွဲပြီး ဆိုင်ထဲကနေ အပြင်ကို
ခေါ်ထုတ်လာတယ် ။ အပြင်တစ်နေရာကို သွားမယ်လို့ ထင်လိုက်ပေမယ့် အိမ်ဘေးကို ရောက်သွားတာကြောင့်
အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသေးတယ် ။
" ဘယ်ကို ခေါ်လာတာလဲ "
" ကာရန့်ရဲ့ လျှို့ဝှက်နေရာလေးတစ်ခုကို ပြမလို့
"
" အလောင်းဖျောက်ထားတဲ့နေရာလား "
" ဟုတ်တယ် လရောင်နဲ့ဆို ၁၅၉ ယောက်
"
ကျွန်မ မှတ်မိသလောက်ဆို ကာရန်ချိုက ကျွန်မရဲ့
ဘုတောတောသမျှ စကားလုံးတိုင်းကို ငြင်းဆိုတာမျိုး မရှိခဲ့ဘူး ။ သူ့ဟာသူ ဟုတ်မှန်ကြောင်း
ဟာသနှောပြီး ပြန်စနောက်ခဲ့တာချည်းပဲ ။
" စကားကို ပေါ့တီးပေါ့ပျက်နဲ့ "
" မေးလို့လည်း ပြောရသေးတယ် "
ဒီအိမ်ရဲ့ ပတ်ဝန်းကျင်ကို ဒီလို ချောင်ကြိုချောင်ကြားအထိ
မရောက်ဖူးတာကတော့ မထူးဆန်းဘူးမဟုတ်လား ။ ကာရန်ချို နေတဲ့ အပေါ်ထပ်ကိုတောင် မရောက်ဖူးတာ
။
အပြာနုရောင် ဆေးသုတ်ထားတဲ့ ခြံစည်းရိုးက ပျဉ်ချပ်တွေကြားမှာ
တံခါးတစ်ချက်ရှိနေတာပဲ ။ ရုတ်တရပ်ကြည့်ရင် တံခါးရှိနေမှန်းတောင် သိရမှာမဟုတ်ဘူး ။ အဲဒီ့တံခါးကို
ကျော်လွန်သွားတော့ ကျွန်မလက်ကို ကိုင်ဆွဲထားတဲ့ ကာရန့်ရဲ့ လက်တွေကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိတယ်
။ မျက်စိရှေ့မှာမြင်နေရတာက အရောင်စုံနေတဲ့ ပန်းခင်းတစ်ခု ။
" လှတယ် မဟုတ်လား "
မဟုတ်လည်း ကျွန်မရဲ့ မျက်နှာအမူအယာက ဖော်ပြပြီးသားဖြစ်နေလောက်မှာကို
သူကတော့ မေးဖြစ်အောင်ကို မေးပါသေးတယ် ။
" အင်း "
သိပ်မကြီးပေမယ့် မျက်စိပဒါဿဖြစ်စရာ ပန်းခင်းဆီကနေ
အကြည့်မလွှဲနိုင်တော့ဘူး ။ နှင်းဆီတွေကို အရောင်စုံ ညီညီညာညာလေး စိုက်ပျိုးထားတာ ။
" ဒါက ဘယ်သူ့ပန်းခင်းလဲ "
" ရော် ကာရန် ခေါ်လာပါတယ်ဆို ကာရန်ပိုင်တာပေါ့
အမိရဲ့ "
" ဒါတွေအကုန် တစ်ယောက်တည်း စိုက်ထားတာလား
"
" စိုက်တာကတော့ တစ်ယောက်တည်းပေါ့ ၊ ဂရုစိုက်ဖို့
မအားတဲ့အချိန်တွေကျရင်တော့ အလုပ်သမားနည်းနည်းခေါ်ရတယ် "
ဒီပန်းခင်းနဲ့ ပက်သတ်ပြီး မေးချင်တဲ့ မေးခွန်းတွေ
ရှိလာပေမယ့် ကျွန်မမှာ စကားပြောဖို့နေနေသာသာ သူ့ကိုတောင် လှည့်မကြည့်နိုင်ဘူး ။
" စိတ်ပြောင်းသွားပြီလား "
ဘေးကို လှည့်ကြည့်တော့ ကာရန်ချိုက ခေါင်းလေးကို
စောင်းပြီး ကျွန်မရဲ့ မျက်နှာကို မော့ကြည့်လို့ ကျွန်မရဲ့ အဖြေကို စောင့်ဆိုင်းနေတယ်
။ ကလေးဆန်ဆန် အပြုအမူတွေမှာ မပြုံးမိအောင် ကြိုးစားနေရတာလည်း အလုပ်တစ်လုပ်ပါပဲ ။
" ဘာဆိုင်လို့ "
" ဒီပန်းခင်းကို လရောင်ကို ပေးမယ်
"
" စာချုပ်နဲ့ လွှဲ "
" ဦးကြည်သာ မန္တလေးသွားတယ် "
တစ်အိမ်ကျော်က ရှေ့နေ ဦးလေးကြီးကိုပါ ဆွဲထည့်နိုင်တဲ့
ကာရန်ချိုရဲ့ ဖြတ်ထိုးဉာဏ်ကို ချီးကျူးမိသွားတယ် ။
" လာမယ် မဟုတ်လား "
" ဒီလောက်လှတာကို ဘာလို့ ဖွက်ထားတာလဲ
"
စကားလမ်းကြောင်း လွှဲတာကို သိတဲ့ ကာရန်က ကျွန်မကို
ဖျက်ခနဲ လှည့်ကြည့်တယ်လေ။ ပြန်လှည့်မကြည့်ပေမယ့် သူ မျက်မှောင်တွေ ကျုံ့ထားမှာကိုတော့
သိပါရဲ့ ။
" ကာရန် ဖွက်မထားပါဘူး ၊ မမြင်နိုင်ကြရုံပါ
"
" ဘာလို့ နှင်းဆီတွေချည်းပဲလဲ ၊ ပြင်ဦးလွင်မှာဆို
ဂန္ဓမာက ပိုပြီး ဈေးကောင်းတာ မဟုတ်ဘူးလား "
" ကာရန်က ပိုက်ဆံနောက်ပဲ လိုက်တတ်တဲ့ ပုံပေါ်လို့လား
"
သူ့ကို တစ်ချက် လှည့်ပြီး ခြေဆုံးခေါင်းဆုံး ကြည့်မိတော့
လက်နှစ်ဖက်ကို ဆန့်တန်းရင်း တစ်ပတ်ပါ လှည့်ပြလိုက်သေးတယ် ။
" မပေါ်ပါဘူး ၊ အကုန်တောင် အလကားပေးပစ်နေတာ
"
ဟက်ခနဲ ရယ်ချလိုက်တဲ့ ကာရန်ချို့ရဲ့ ရယ်သံလွင်လွင်တွေက
မွေးပျံ့နေတဲ့ နှင်းဆီခင်းဆီကို ဖိတ်ကျလာတယ် ။ နှင်းဆီတွေပါ အရောင်တောက်လာသလို ခံစားချက်မျိုးပဲ
။
" နှင်းဆီတွေကို ကြည့်လေ အရမ်းလှပေမယ့် ဆူးလည်း
ပါသေးတယ် ၊ တစ်ဖက်သက်တွေးမယ်ဆို ဒီလောက်လှတဲ့ နှင်းဆီမှာ ဘာလို့ အရုပ်ဆိုးတဲ့ ဆူးချွန်တွေ
ပါနေတာလဲဆိုပြီး တွေးမိကြတယ်မဟုတ်လား ။ ဘဝဆိုတာလည်း အဲ့လိုပဲ လှတယ်လို့ မြင်နေရပေမယ့်
ရုပ်ဆိုးတဲ့ အရာတွေလည်း ရှိတတ်တယ် ၊ ကာရန်က ဘဝနဲ့ ပန်းကို မျှခြေလုပ်ထားတာ "
ထပ်ပြီး သူ့ဟာသူ ထုတ်လိုက်တဲ့ ဒဿနအရှည်ကြီးပေမယ့်
မှားနေတာလည်း မဟုတ်တာကြောင့် ငြိမ်နေလိုက်မိတယ် ။ ကျွန်မက ဘဝနဲ့ ပတ်သက်တဲ့ ဆုံးမစာတွေကို
နားထောင်တဲ့နေရာမှာ တုံးတယ် ။
" ကာရန် "
" ဟုတ်ကဲ့ "
" အချစ်ကို ဘယ်လိုနားလည်လဲ "
သူ့ဆီက အသံတိတ်သွားတယ် ။ ခပ်ဆဆနေရောင်ရဲ့ အောက်မှာ
လေဝှေ့တိုင်းရနေတဲ့ နှင်းဆီရနံ့တွေလည်း ရှိတယ် ။
" ကာရန် မချစ်ဖူးဘူး "
ကာရန်ချိုလို လင်းလက်တဲ့ စိတ်ထားနဲ့လူက မချစ်ဖူးဘူးဆိုတာလည်း
ဖြစ်နိုင်ပါတယ် ။ ချစ်ဖူးရင် အခုလို လူတိုင်းကို တောက်တောက်ပပနဲ့ ပြုံးပြနိုင်ပါ့မလား
။
" အချစ်ဆိုတာက နားလည်ရခက်တယ် ၊ ကိုယ် နားမလည်တဲ့
အရာတစ်ခုကို မသိဘဲနဲ့ စွတ်တိုးတာက ကောင်းတဲ့အရာမဟုတ်ဘူးလို့တော့ ကာရန် ထင်တာပဲ
"
မသိနားမလည်လိုက်ခင်မှာ ဝင်တိုးမိတဲ့ ကိုယ့်ကိုယ်ကိုယ်
အပြစ်တင်မိသွားတယ် ။ ကျွန်မမှာ ဘာကြောင့်များ ကာရန်ချို တွေးတဲ့အတွေးတွေရဲ့ ဆယ်ပုံတစ်ပုံလောက်တောင်
မရှိခဲ့တာပါလိမ့် ။
"ကာရန့်အထင်တော့ အချစ်က နှင်းဆီနဲ့ တူမယ်
ထင်တယ် "
" ဘာလို့လဲ "
မိုးမညှို့ဘဲ ထင်ထင်သာသာရှိနေတဲ့အချိန် ဖြစ်တာကြောင့်
ထင်ပါရဲ့ ၊ ပန်းခင်းထဲမှာ လိပ်ပြာတွေတောင် လူးလာခေါက်တုံ့နဲ့ ။
" ဘယ်သူကမှ စောင့်ကြည့်မနေရင်တောင် နှင်းဆီကတော့
ပွင့်မှာပဲ မဟုတ်လား ၊ ပြီးတော့ ဘယ်သူကမှ သတိမထားမိရင်တောင် နှင်းဆီက လှမြဲအတိုင်းလှနေမှာပဲ
။ ကာရန် ထင်တဲ့ အချစ်ဆိုတာလည်း အဲ့လိုပဲ ၊ အချစ်ဆိုတာ တစ်ယောက်ယောက်က စောင့်ကြည့်နေမှ
ဖြစ်ပေါ်လာမယ့် ခံစားချက်မဟုတ်ဘူး ၊ ပြီးတော့ ကိုယ်ချစ်တဲ့လူက ချစ်နေတာကို သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ အချစ်ကတော့ အမြဲ လှပနေမှာပဲ မဟုတ်ဘူးလား "
သူတွေးသမျှကတော့ ရိုးရှင်းလွန်းပေမယ့် တစ်ချို့အရာတွေက
သူတွေးထားသလို မရိုးရှင်းနိုင်ဘူးလေ ။ အဲဒါကို ပြောပြဖို့ကလည်း ကာရန်ချိုက အချစ်နဲ့
ပတ်သက်ရင် ထဲထဲဝင်ဝင်သိလောက်မယ့်လူ မဟုတ်သေးဘူး ။
" မချစ်ဖူးလို့ပါ "
ကာရန့်ကိုတော့ စိတ်ညစ်ညူးစရာ အချစ်တွေနဲ့ မတွေ့စေချင်ဘူး
။ သူ့လို တောက်ပနေတဲ့ မိန်းကလေးတစ်ယောက်ကို အဲဒီအရာက ရိုက်ချိုးပစ်လိုက်နိုင်တယ်လေ
။ စိတ်ထဲက နှစ်နှစ်ကာကာ လာတဲ့ ခံစားချက်ဆိုရင် ကာရန့်ကိုတော့ ဖြူစင်ပြီး အနာအဆာကင်းတဲ့
ချစ်ခြင်းမျိုးနဲ့ တွေ့ဆုံစေချင်ပါရဲ့ ။
" သွားကြမယ် "
" ဟင် မနေတော့ဘူးလား "
" အခုတောင် နေစောင်းတော့မှာ ၊ မိုးချုပ်မှ
ကျွန်မကို ပစ္စည်းတွေ သယ်ရအောင် မလုပ်နဲ့ "
ကာရန်ချိုရဲ့ ရောထွေးသွားတဲ့ မျက်နှာအမူအယာနောက်မှာ
သဘောကျသွားတဲ့ အပြုံးတွေကို မြင်ရတယ် ။
ပြီးတော့ ကျွန်မကို မစောင့်တော့ဘဲ အပြင်ကို ပြေးထွက်သွားတယ်
။ မော်မော့်ကို တကူးတက ပြောပြနေတဲ့ အသံကိုလည်း ကြားရတယ် ။
တက်တက်ကြွကြွနဲ့ စကားတွေ ပြောရင်း ကျွန်မရဲ့ ရှေ့က
ထွက်သွားတဲ့ သူ့ရဲ့ကျောပြင်ကို ငေးရင်း ပြုံးလိုက်မိတယ် ။ နောက်ထပ် ဘယ်လို သံယောဇဉ်တွေမှ
မထားတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေက တစ်နည်းနည်းနဲ့တော့ ယိုင်လဲလာနေပါပြီ ။
-