နှစ်စဥ်နှစ်တိုင်း ဝါမဝင်ခင်ပြုလုပ်တတ်သည့် နတ်
ကွန်းတက်ပွဲ။ ဒီနှစ်လည်း သပွတ်ကုန်းရွာထိပ်ရှိ
နတ်စင်မှာ အစဥ်အလာမပျက် ပြုလုပ်နေသည်။
"နေလိုဝန်းတဲ့.. မြင်းဖြူရှင်...
ခွာလေးဖက် စိန်စီတယ် ဟန်ချီတဲ့..နတ်မြင်း....
ရန်သူပေါ်ရင် ခွာစုံနဲ့နင်းမယ်...ဘိုးတော်ရဲ့..မြင်း..."
နတ်စင်ရှေ့၌ သပွတ်ကုန်းရွာက နတ်ကတော်
မိသောင်းညွန့် မြင်းဖြူရှင်နတ်ချော့နေသည်။
ဆိုင်းဝိုင်းကလည်း နတ်ဒိုးတီးပေးနေပြီး နတ်ပွဲအဆို
ရှင် မစိန်တီက နတ်ချော့တေးကို အသံနေအသံထား
ဖြင့်သီဆိုနေသည်။
ဘုတ်အီးတစ်ယောက် သူ့အမေကို ဆိုင်ကူသိမ်းပေး
ပြီးနောက် ရွာထိပ်က နတ်ကွန်းတက်နေသည့် နတ်
စင်ဆီသို အပြေးထွက်လာခဲ့သည်။
ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် နတ်ကွန်း
တက်ပွဲကို အေးရာအေးကြောင်း ကြည့်လို့ရသည်။
ဘုတ်အီး နတ်စင်ရှိရာသိုရောက်တော့ ပဲခူးမယ်တော်
ပင့်နေပြီဖြစ်သည်။
"သုံးထပ်ကယ် လယ်ပေါ်...နယ်ကျော်တဲ့ ပဲခူး..
အမျိုး မြတ်တဲ့ ပဲခူးနတ်မြတ်ဖုရား..."
ဘုတ်အီး ဝိုင်းအုံးကြည့်နေသည့်လူအုပ်ထဲ အတင်း
တွန်းထိုး၍ ဝင်လာခဲ့သည်။
ဆိုင်းဝိုင်းသမားတွေရဲ့ဘေးမှာနေရာဝင်ယူကာ
နတ်ပင့်နေသည့် နတ်ကတော် မိသောင်းညွန့်ကို
ငေးကြည့်နေသည်။
နတ်ကတော်သောင်းညွန့်နှင့်အတူ နတ်ကတော်ငယ်
တစ်ယောက်ကလည်း သူ့ဘေးမှာရပ်နေသည်။
နှစ်ယောက်လုံး လက်အုပ်ချီထားကြသည်။
သူတိုရှေ့မှာတော့ စားစရာတွေတင်ထားသည့်
စားပွဲဝိုင်းအသေးနှစ်လုံး။
ငှက်ပျောနှစ်ဖီးစီ၊မျက်နှာဝဖွင့်မထားရသော အခွံမ
ပါ အုန်းသီးနှစ်လုံး၊ကွမ်းသုံးယာနှင့်သပြေပန်းပါ
သည့် ပွဲနှစ်ပွဲကလည်းမပါမဖြစ်။
စားတော်ပွဲမှာတော့ ထမင်းဦးပေါင်း၊ကြော်ပြီးသား
ငါးရံ့ ခေါင်းမြှီးစုံ ၊ မုန့်ဖြူ မုန့်နီ ခုနှစ်ချပ်စီ ၊ ငါး
ကြော် ခေါင်းအမြှီးစုံ ခုနှစ်ကောင်စီ၊ ကောက်ညှင်း
ဆီထမင်း၊မုန့်ကြာစေ့၊မုန့်လုံးရေပေါ်၊ကောက်ညှင်း
ထုပ်၊လက်ဖက်ပွဲ၊ကညွတ်ရွက်၊ခေါင်ရည်၊ဖယောင်း
တိုင်အမွှေးတိုင် စသည်တို့ကို စားပွဲနှစ်ခု၌ အမယ်
စုံကို တစ်ပွဲစီ ဆက်သထားရသည်။
"စားတော်ပွဲ စုံလင်စွာဖြင့် တစ်ပုံပြင်ကာ လေးစား
စွာဖြင့် ကျွေးမွေးကာ ပူဇော် လိုပါသဖြင့် သား
တော်ကိုလက်ဆွဲလို ချွေရံသင်းပင်းစုံလင်စွာဖြင့်
စံမြန်းရာနတ်နန်းဆီမှ ဟောသည့်နယ် ယာယီနန်း
ဆီသို့ ပျော်ပျော်ကြီး ကြွရောက်သုံးဆောင်တော်
မူပါ အမျိုးမရိုင်းတဲ့ ပဲခူးတလိုင်းမယ်တော်ဖုရား"
ဘုတ်အီးကတော့ စားတော်ပွဲကိုကြည့်ကာ တံတွေး
တစ်ချက်မျိုချမိသွားသည်။
သူ နတ်ပွဲတွေကြည့်ရတာကြိုက်သည်။ဘာရယ်
မဟုတ်။နတ်ကတော်တွေက ဆိုင်းသံဗုံသံနှင့် ကခုန်
ကာ ကြက်ကြော်တွေ ငါးကြော်တွေစားပြသည်ကို
ကြိုက်သောကြောင့်ဖြစ်သည်။
တစ်ခါတခါ သူစဥ်းစားမိသည်။ သူ ကြီးလာရင်
နတ်ကတော်လုပ်ရင်ကောင်းမလားဟူ၍ ဖြစ်သည်။
ဘာမှမသိသေးသည့် အစားအသောက်ခုံမင်သော
ကလေးတစ်ယောက်၏ အတွေးသက်သက်သာ
ဖြစ်သည်။
မနှဲလေးနတ်ချော့သည့်အချိန်ဆို ကလေးတွေ
အကြိုက်ဆုံးဖြစ်သည်။
နတ်ချော့သည့်နတ်ကတော်တွေက ကြက်ဥပြုတ်
တွေ သကြားလုံးတွေ ကြဲသောကြောင့်ဖြစ်သည်။
ဒီလိုချိန်ဆို ဘုတ်အီးတို့ကထိပ်ဆုံးက။ ကြဲသမျှ
လုကောက်လေ့ရှိသည်။
ဒါကလည်း သူ နတ်ပွဲကြည့်ရတာကြိုက်သည့်
အချက်တွေထဲကတစ်ခုဖြစ်သည်။
တချို ပိုက်ဆံချမ်းသာသည့်အိမ်တွေမှာ နတ်ပွဲကြီး
တွေလုပ်လျှင် ပိုက်ဆံတွေလည်း ကြဲတတ်သည်။
နတ်ကတော်ကြဲချပေးသည့် ဒိုးကြေးပိုက်ဆံတွေကို
လိုက်ကောက်ရသည်မှာ ပျော်ဖို့ကောင်းသည်။
သို့သော် သိုက်ပွဲပါ ပါလာလျှင်တော့ ဘုတ်အီးတို့
ဝေးဝေးကရှောင်သည်။
သက်ဆိုင်ရာ သိုက်နန်းရှင်တွေ ပင့်ဖိတ်ချိန် နတ်ပွဲထဲ
လူတွေ လူးလှိမ့်ဝင်လာတာမျိုး၊ကဆုန်ပေါက်ဝင်
လာတာမျိုးဆို ဘုတ်အီးကြောက်သည်။
ထိုကြောင့် သိုက်ပွဲဆိုလျှင် သွားမကြည့်ချေ။
ယခု နတ်ကွန်းတက်ပွဲတွင်လည်း မဖြစ်မနေ လုပ်ကြ
သည့် ကိစ္စတစ်ခုရှိသေးသည်။
ထိုအရာကတော့ ကွယ်လွန်ပြီး မကျွတ်အလွတ်ဖြစ်
နေသေးသော ပုဂ္ဂိုလ်များကို ခေါ်ကာ သူတိုဘယ်
ဘုံကိုရောက်နေသလဲ ဘာဖြစ်ချင်သလဲ မေးမြန်း
ခြင်းဖြစ်သည်။
တချို ပွဲလာကြည့်သူတွေထဲမှ လိပ်ပြာနုသူတွေထံ
ဝင်ပူးကာ သူတို့ဘယ်မှာနေရကြောင်း၊အမျှလိုချင်
ကြောင်း၊ဘာညာစသည်ဖြင့် ပြောဆိုတာမျိုးတွေ
ဘုတ်အီးမြင်တွေ့ဖူးတာကြောင့် ထိုအချိန်ဆိုလျှင်
သူ မကြည့်တော့ပဲ ပြန်ပြေးတော့သည်။
တကယ်ဟုတ်မဟုတ်မသိပေမယ့် ပူးနေကြတာက
တော့ မျက်မြင်ဖြစ်၍ သူကြောက်သည်။
တချို့က ခေါင်းတခါခါ လက်တခါခါ၊ တချို့က
မျက်လုံးကြီးပြူး၍ အော်နေတာမျိုး၊ တချိုက
တော့ ငိုနေတာမျိုး၊တချိုကျတော့လည်း
အေးအေးလူလူပင် ။ ပုံစံအမျိုးမျိုးတွေ့ရသည်။
ဘုတ်အီးက သရဲအင်မတန်ကြောက်တတ်သည်။
ကွယ်လွန်သူများကို ပြန်ခေါ်မည့်အချိန်ရောက်သည်
နှင့် ဘုတ်အီး ရွာထိပ်ကနေ အပြေးပြန်လာခဲ့လေ
တော့သည်။
မကြာပါ လော်စပီကာ ထဲကနေ နတ်ကတော် မိ
သောင်းညွန့်၏ မေးသံမြန်းသံတွေ ကြားရတော့
သည်။
"ဟဲ့..ဟဲ့...နင်ဘယ်သူလဲ..."
"ဘယ်မှာနေနေရလဲ.."
"လိပ်ပြာရှင်ကိုဘာမှမလုပ်နဲ့..."
.............
ဘုတ်အီး ငွေမှုံတို့အိမ်မှာ ရောက်နေသည်။
ငွေမှုံအဖေအိမ်မှာမရှိ။ သူတို့နှစ်ယောက်တည်း
အိမ်ရှေ့ဧည့်ခန်းရှိ ကြမ်းပြင်မှာ ဖျာတစ်ချပ်ခင်း
ကာ ငွေမှုံက ကာတွန်းစာအုပ်တစ်အုပ်ကို ဖတ်နေပြီး
ဘုတ်အီးကတော့ ဝမ်းလျားမှောက်၍ ဇီးထုတ်တစ်
ထုပ်ကို အရသာခံစားနေရင်း တောင်တောင်အီအီ
တွေးနေရာမှ ငွေမှုံကို ပြောလိုက်သည်။
"ငါ စဥ်းစားနေတာ ငွေမှုံ"
"ဘာကိုလဲ "
ငွေမှုံက ဖတ်လက်စ ကာတွန်းစာအုပ်ကိုပိတ်လိုက်
ပြီး ဘုတ်အီးဘေးမှာ ဝမ်းလျားမှောက်၍ ဘုတ်အီး
လက်ထဲက ဇီးထုတ်ကို လှမ်းယူလိုက်သည်။
ဘုတ်အီးက ငွေမှုံ ဇီးထုတ်စားနေသည်ကို ကြည့်နေ
သည်။ငွေမှုံ အများကြီးစားလိုက်မည်စိုးသောကြောင့်
ဖြစ်သည်။ပြီးမှ
" အခု ငါတို့ဆီမှာ နတ်ကွန်းတတ်သလို တခြားနေရာ
မှာလည်း လုပ်ချင်လုပ်မှာပဲဟာ...အဲ့အခါကျ ဟိုက
လည်း ဒီနတ်ကိုပဲ ပင့်မယ် ဒီကလည်း ဒီနတ်ကိုပဲ
ပင့်မယ် နတ်တစ်ပါးထဲကို တပြိုင်တည်းပင့်ရင် အဲ့
နတ်က ဘယ်လိုသွားမလဲ ... ဟိုသွားရမလို ဒီသွား
ရမလို မဖြစ်ဘူးလားမသိဘူးနော်"
"နင်ကလည်း နတ်ပါဆို ကိုယ်ခွဲရှိရင်ရှိမှာပေါ့
သိချင်ရင် ဦးသောင်းညွန့်ကို သွားမေးကြည့်ပါ
လား"
"အေးနော်..."
ဘုတ်အီး ငွေမှုံလက်ထဲက ဇီးထုတ်ကို ကြည့်နေပြန်
သည်။ငွေမှုံက ဘုတ်အီးကြည့်နေမှန်းသိ၍ ဇီးထုတ်
ကို ပြန်ပေးလိုက်သည်။
ပြီးနောက် ထိုင်ရာမှထလိုက်ပြီး တိုင်မှာချိတ်ထား
သည့် လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို နှိက်
လိုက်သည်။
ပြီးနောက် စာအုပ်ကိုဖွင့်လိုက်ပြီး စာရွက်တွေကြား
မှာညှပ်ထားသည့် တစ်ဆယ်တန်တစ်ရွက်ကိုယူ
လိုက်ကာ
"မုန့်သွားဝယ်ရအောင် "
ဘုတ်အီး ချက်ချင်းဆိုသလို ဝမ်းလျားမှောက်နေ
ရာမှ လေးဘက်ထောက်၍ ထထိုင်လိုက်သည်။
"နင် ပိုက်ဆံတွေကို စာအုပ်ကြားထဲညှပ်တာကြည့်
ညှပ်နော်..အခိုးခံရမယ် "
"ဘာမှမဖြစ်ပါဘူး...ဘယ်သူမှမသိဘူး"
ငွေမှုံက အေးဆေးဆိုသည့်ပုံလုပ်ပြကာ အိမ်ပေါ်က
ဆင်းသွားတာကြောင့် ဘုတ်အီးလည်း သူ့အနောက်
ကလိုက်လာခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ ခြေလှမ်းတွေ ဦးတည်နေသည်
က လမ်းထိပ်က မုန့်ဆိုင်သို့ဖြစ်သည်။
"စက္ကူအရုပ်မကဒ်တွေ အသစ်ရောက်နေတာ တွေ့
ခဲ့တယ်ဟ.."
"ဘာလုပ်ဖို့လဲ အမှိုက်ရှုပ်ကရှုပ်နဲ့ "
"အေးလေ..မုန့်ဝယ်စားတာမှ ဗိုက်ပြည့်ဦးမယ်"
နှစ်ယောက်သား စကားတပြောပြောနှင့် မုန့်ဆိုင်သို့
ချီတက်သွားကြသည်။
............
"မနေ့က ငါတို့ ညစျေးရောင်းပြီးပြန်တော့ တံတား
မှာ သရဲခြောက်ခံရလို့ "
ဘုတ်အီး စာရေးနေရာမှ သူ့ရှေ့တန်းမှာထိုင်နေ
သည့် မိပုံကိုခေါင်းမော့ကြည့်လိုက်သည်။
မိပုံက စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်
ငုံးဥပြုတ် ကြက်ဥပြုတ်ရောင်းသည်။
မနက်တစ်ပိုင်းရောင်းပြီးနောက် နေ့လည်ဘက်နား
ကာ ညနေ ရေချိုးပြီး ညစျေးတစ်ခေါက်ပြန်ထွက်
တတ်သည်။
ည ကိုးနာရီ ဆယ်နာရီ ခရီးသည်ကားတွေပါးမှ
ပြန်ကြသည်။
"လမ်းမီးကလည်း ခရမ်းချဥ်သီးကမှ လင်းဦးမယ်
အဲ့မှာ ငါတို့တွေ တံတားထိပ်ကိုလည်းရောက်ရော
မိန်းမတစ်ယောက် ရပ်နေတာတွေ့တယ်သိလား..
ငါ့အဖေက ခရီးသည်ထင်ပြီး ဒီအချိန်ကြီးတစ်
ယောက်ထဲ ဘာလုပ်နေတာလဲလို့ သွားမေးတော့
သူက စောင့်နေတာလို့ပြန်ဖြေတယ်ဟ...အဲ့ဒါနဲ့
ငါတို့လည်း ဘာမှထပ်မမေးတော့ပဲ ဆက်လာခဲ့
ကြတာပေါ့..အဖေကတော့ ခိုးရာလိုက်မယ့်မိန်း
ကလေးလို့ထင်တာတဲ့...ငါတိုလည်း တံတားအလယ်
ကိုရောက်ရော အနောက်ကိုပြန်လှည့်ကြည့်လိုက်
တာ အဲ့ဒီ့မိန်းမကို မတွေ့ရတော့ဘူး..."
"အမလေး...ကြောက်လိုက်တာ..."
"ကြောက်စရာကြီး "
မိပုံဘေးမှာထိုင်နေသည့် ကောင်မလေးတွေက
ခန္ဓာကိုယ်တွေကို တွန့်လိန်၍ ကြောက်ဟန်ပြသည်။
ဘုတ်အီးလည်း ကြက်သီးတဖြန်းဖြန်းထသွားသည်။
"ငါတို့လည်း ကြောက်ပြီး တံတားပေါ်ကနေ ဖနောင့်
နဲ့တင်ပါးထိအောင်ကို ပြေးလိုက်ရတာဟယ်..ဗန်းထဲ
က ငုံးဥပြုတ်ထုတ်တွေတောင် ပြုတ်ကျတယ်..
ပြန်ပြီးလည်း မကောက်ရဲတော့ဘူး..အိမ်အထိ
တချိုးတည်း နောက်လှည့်မကြည့်တမ်းကိုပြေးလာ
ခဲ့တာ.."
"အစိမ်းမ ထင်တယ်နော်"
"အဲ့ဒါကြောင့် ညဘက်ဆို အဲ့တံတားကို မဖြတ်ရဲ
တာ"
"အဲ့ဒါလေ..ငါ့အဖေပြောတာတော့ ဂျပန်ခေတ်တုန်း
ကတဲ့ ဒီတံတားဆောက်ပြီး လူတွေကိုသတ်ပြီးတော့
အစောင့်လုပ်ခိုင်းတာတဲ့"
"ဒါဆို အဲ့မိန်းမက ဂျပန်ခေတ်ကအသတ်ခံရတဲ့
မိန်းမဖြစ်မှာပေါ့"
"မျက်နှာကို မမြင်လိုက်ဘူးလား"
"နင်ကလည်း ဘယ်လိုလုပ်သေချာမြင်ရမလဲ မှောင်
နေတာကို...သူက အနီရောင်ဝမ်းဆက်ဝတ်ထား
တာဟ...ဆံပင်ကြီးကလည်း အရှည်ကြီး ဖြောင့်
ဆင်းနေတာပဲ...ဖားလျားချထားတာ"
"အမလေး...ကြောက်စရာကြီး "
ဘုတ်အီး နောက်တန်းမှာထိုင်နေရာမှ နားနှစ်ဖက်
ထဲသို လက်ညှိးတွေကိုထည့်၍ ပိတ်ထားလိုက်
သည်။
မိပုံပြောတာကို ကြောက်နေကြပေမယ့် သရဲ
အကြောင်းပြောတာကတော့ ရပ်မသွားချေ။
"ပြီးတော့ ငါ့ဘကြီးလည်း ပြောဖူးတယ်
သူငယ်ငယ် ငါတို့အရွယ်လောက်တုန်းက
ဂျပန်ခေတ်ကိုမှီခဲ့တယ်တဲ့..ဂျပန်တွေက တောထဲ
မှာ ရတနာတွေမြှုပ်ခဲ့တာတဲ့...ပြီးတော့ ပစ္စည်းသယ်
ဖို့ခေါ်သွားတဲ့မြန်မာတွေကို သတ်ပြီး တွင်းထဲကို
ပစ်ချပြီး အစောင့်လုပ်ခိုင်းတာတဲ့"
"ရက်စက်လိုက်ကြတာ...နော်..ကြောက်စရာကြီး"
"ငါကြားတာလေ..ငါတို့ကျောင်းအနောက်က
အိမ်ပျက်ကြီးမှာလည်း သရဲရှိတယ်တဲ့..အဲ့ခြံထဲက
ပေါက်ပင်မှာနေတာတဲ့..ပေါက်ပင်သရဲမတဲ့.."
"ဟုတ်လား...နင်ပြောတာနဲ့ ငါ အိမ်သာတောင်မသွား
ရဲတော့ဘူး"
"အဲ့အိမ်ပျက်ကြီးက လူမနေတော့ဘူးဆိုတော့ သရဲ
ရှိမှာပေါ့..ပြီးတော့ ကျန်သေးတယ် ဘောလုံးကွင်း
ထဲက ဝါးရုံပင်မှာလည်း သဘက်ကြီးရှိတယ်တဲ့..
အဲ့သဘက်ကြီးကလေ မျက်လုံးကြီးနှစ်လုံးက
သပိတ်လောက်ရှိတယ်..နားရွက်ကြီးတစ်ဖက်ကိုခင်း
တစ်ဖက်ကိုခြုံပြီးအိပ်တာတဲ့...သူ့အရပ်ကြီးက
ထန်းပင်တစ်ပင်စာလောက်မြင့်တယ်တဲ့"
"တော်ပြီတော်ပြီ...ဆက်မပြောနဲ့တော့ ငါကြောက်
လာပြီ ငါ အဲ့ဘောလုံးကွင်းနားကနေ ဖြတ်ပြီး အဖေ့
ကို လယ်ထဲထမင်းချိုင့်လိုက်ပို့ရတာဟဲ့...ကြောက်
လိုက်တာ.."
ထိုနေ့က ဘုတ်အီးတစ်ယောက် သရဲအကြောင်းတွေ
နားထောင်ပြီး ကျောင်းမှာ သေးတောင် သွားမပေါက်
ရဲတော့ချေ။ အကျိုးဆက်အနေနှင့် ကျောင်းဆင်းလို့
အိမ်ပြန်တော့ လမ်းမှာ သေးထွက်ကျတော့သည်။
ကံကောင်းသည်က မိုးရွာနေသောကြောင့် ဘုတ်အီး
သေးထွက်ကျတာ ဘယ်သူမှ သတိမထားမိလိုက်ကြ
ခြင်းဖြစ်သည်။
.......
နှစ်စဥ် မိုးရာသီတိုင်း တောင်ပေါ်၌ မိုးသည်းထန်စွာ
ရွာပြီဆိုလျှင် သစ်မျှောချောင်းအတွင်း၌ တောင်ကျ
ရေနှင့်အတူ လူသေအလောင်းတွေ မျောပါလာတတ်သည်။
နောက်ပြီး သစ်မျှောချောင်းက လူစိမ်းဆိုလျှင်စား
သည်ဆိုသည့် ပါးစပ်ရာဇဝင်လည်းရှိသေးသည်။
ထိုပါးစပ်ရာဇဝင်ကြောင့်
တစ်နယ်တစ်ကျေးက လာသူများ ချောင်းထဲမှာ
ရေဆင်းချိုးလျှင် သပွတ်ကုန်းသားပါဟု ပြော၍
ချိုးကြရသည်။
ထိုသို့မပြောလျှင် ရေနစ်ပြီး အလောင်းတောင်
ပြန်မရတာမျိုးဖြစ်သွားဖူးတာတွေလည်းရှိသည်ဟု
ပြောကြပြန်သည်။တချို့ ပွဲပေးမှ အလောင်းပြန်ရ
တာတွေလည်းရှိသည်ဟုပြောပြန်သည်။
ဟုတ်သည်ရှိမဟုတ်သည်ရှိ သူစိမ်းတွေကတော့
နယ်ခံတွေစကားကိုနားထောင်ကာ ချောင်းထဲမှာ
ရေချိုးမည်ဆိုပါက သပွတ်ကုန်းသားဟု ပြော၍
ချိုးကြသည်။
တစ်နှစ်တစ်ခေါက်ဆိုသလို သစ်မျှောချောင်းအတွင်း
က အရပ်အခေါ် ချောင်းအော်သံဆိုသည့် အသံကြီး
ကို ချောင်းကမ်းဘေးနေထိုင်သူတို့ ကြားရမြဲဖြစ်လေ
သည်။
ထိုအသံကိုကြားရသည်နှင့် ချောင်းကမ်းဘေးနေသူ
များမှာ သားစိမ်းငါးစိမ်းတွေကို ချောင်းထဲသို့ မျှော
ချပေးတတ်ကြသလို
"ချောင်းအော်ပြီနော်...လူလဲတော့မယ်..သတိနဲ့နေကြ
ချောင်းထဲ မဆင်းကြနဲ့...ရေမကူးကြနဲ့တော့"
ဟု အချင်းချင်း သတိပေးစကားဆိုတတ်သည်။
ချောင်းထဲသို့ သားစိမ်းငါးစိမ်းတွေ ပစ်ချပေးလျှင်
ချောင်းက လူမစားတော့ဟုလည်း ယုံကြည်ကြသည်။
ဒီနေ့ ခွေးပိန် အိမ်မှာမရှိ။ နှစ်ညအိပ်ခရီး ထွက်သွား
တာကြောင့် ဘုတ်အီးက ငွေမှုံနှင့်အတူ အဖော်လာ
အိပ်ပေးရသည်။
ဖြစ်ချင်တော့ ဒီနေ့ သစ်မျှောချောင်းထဲကနေ အော်
သံကြားရသည်။
ဘုတ်အီး တစ်ရေးနိုးလာပြီးနောက် ထိုအသံကိုကြား
ပြီး စောင်ကို ခေါင်းအထိဆွဲခြုံကာ ဘုရားစာတွေ
ရွတ်တော့သည်။
"အိ..အိ...အိတိ..ပိတော..ဘ..ဘဂ..ဝံ..."
မျက်လုံးကိုစုံမှိတ်၊ဒူးနှစ်ဖက်ကိုကွေး၊နားနှစ်ဖက်ကို
လက်နှင့်အုပ်၊ပါးစပ်ကလည်း တတွတ်တွတ်ရွတ်
ရင်း ငွေမှုံဘက်သို့ ဖင်ကို တိုးတိုးသွားလေသည်။
သူ့ဘက်အတင်းတိုးလာသည့် ဘုတ်အီးကြောင့်
ငွေမှုံလည်း နိုးသွားတော့သည်။
ဘုတ်အီးရဲ့ ပွစိပွစိအသံကိုကြားရတော့
"ဘာဖြစ်တာလဲ ဘုတ်အီး"
"ချောင်းအော်သံမကြားဘူးလား...ငါကြောက်လို့..
ချောင်းအော်နေပြီဟ"
"သူ့ဘာသာအော်တာပဲ အော်ပါစေပေါ့..."
"နင်မကြောက်ဘူးလား"
"မကြောက်ပါဘူး...ငါက ညတိုင်းဘုရားရှိခိုးပြီးမှ
အိပ်တာ...ကံမြင့်ရင် သရဲကိုကြောက်စရာ
မလိုဘူး"
"ဒါပေမယ့် ဦးလေးကံမြင့်ကျ ဘာလို့သရဲအရမ်း
ကြောက်လဲ"
"ဟဲ့...သူ့နာမည်က ကံမြင့်လေ...သူက ကံမြင့်တာမှ
မဟုတ်တာ...ဘုရားတရားလုပ်လို့လား..အရက်ပဲ
သောက်နေတာ..."
"မသိဘူးဟာ...ကြောက်တယ်..."
"ခန္ဓာကိုယ်နဲ့မှမလိုက်ဟယ် ကြောက်တတ်လိုက်တာ"
ငွေမှုံက ဘုတ်အီးကိုပြောဆိုပြီး တစ်ဖက်သို့ပြန်လှည့်
သွားတော့သည်။
ဘုတ်အီး တော်တော်နှင့်ပြန်အိပ်မပျော်ပါ။
ဘုရားစာကလည်း ရွတ်သာရွတ်နေပေမယ့် ရှေ့ကို
မရောက်။
အရေးအကြောင်းဆို ဘာမှမရတော့။ဘာရွတ်ရ
မှန်းမသိတော့။
သူက ပွစိပွစိလုပ်နေတော့ ငွေမှုံလည်း ပြန်အိပ်လို့
မရချေ။
"ငွေမှုံ"
"အင်း.."
"ငါ သေးပေါက်ချင်လို့"
"သွားပေါက်ပါလား"
"လိုက်ခဲ့"
ငွေမှုံသက်ပြင်းချ၍ လှဲနေရာမှထလိုက်သည်။
ဘုတ်အီး စောင်ထဲကနေ ခေါင်းပြူ၍ ထွက်လာ
သည်။ငွေမှုံက ဓာတ်မီးကို ဖွင့်လိုက်သည်။
"ထလေ...သေးပေါက်မယ်ဆို"
ငွေမှုံက ခြင်ထောင်အပြင်သို့ရောက်နေပြီ။ဘုတ်အီး
အခုထိ ခြင်ထောင်ထဲက မထွက်ရသေး။ငွေမှုံ ထက်
ခေါ်လိုက်မှ ခြင်ထောင်ထဲကနေ လေးဖက်ထောက်
၍ ထွက်လာသည်။
ငွေမှုံ အိပ်ခန်းထဲကနေထွက်သွားတော့ ဘုတ်အီး
သူ့နောက်ကနေ ကပ်လိုက်သွားပြီး ငွေမှုံပုခုံးကို
နောက်ကနေ အားကိုးတကြီးနှင့်ကိုင်ထားလေသည်။
နောက်ဖေးတံခါးကိုဖွင့်ပြီးနောက် အိမ်သာဆီသို့
ထွက်လာခဲ့သည်။
မိုးမရွာပေမယ့် မိုးသက်လေဖြည်းဖြည်းလေးတိုက်
နေသည်။
အိမ်သာဘေးက အပင်တွေက လေအဝှေ့မှာ လှုပ်
ယိမ်းနေပြီး သစ်ကိုင်းချင်း ပွတ်ခတ်သံကိုကြား
နေရသည်။
"ငါ...ငါကြောက်တယ်"
"အဲ့လိုနဲ့ သေးက ထွက်ကျတော့မယ်..သွား...ငါ
အိမ်သာရှေ့မှာစောင့်နေမယ်"
သေးကလည်းအရမ်းပေါက်ချင်နေတာကြောင့်
ဘုတ်အီး အိမ်သာပေါ်သို့တက်လိုက်သည်။
အပြင်ဘက်က ငွေမှုံကိုလည်း
"ဒီနားမှာပဲနေနော်"
"လုပ်ပါမြန်မြန်...ငါတောင် ပေါက်ချင်လာပြီ"
အိမ်သာတံခါးကို ချက်မချပဲ ဒီတိုင်းထား၍
ဘုတ်အီး သူ့ကိစ္စကို မြန်မြန်ရှင်းသည်။
"ဟဲ့ ရေလောင်းချဖိုမမေ့နဲ့ဦး"
"အေးပါဟ"
ဘုတ်အီးအိမ်သာထဲကပြန်ထွက်လာတော့ ငွေမှုံ
သူ့လက်ထဲက ဓာတ်မီးကို ဘုတ်အီးဆီသို့ထည့်
ပေးကာ အိမ်သာပေါ်တက်သွားသည်။
အပြင်မှာတစ်ယောက်ထဲကျန်ခဲ့သည့် ဘုတ်အီး
မျက်လုံးက တောကြည့်တောင်ကြည့်နှင့်။
ဓာတ်မီးကိုလည်း လက်နှစ်ဖက်နှင့်ကျစ်နေအောင်
ဆုပ်ကိုင်ထားသေးသည်။
"ငွေမှုံ မပြီးသေးဘူးလား"
"ဟဲ့..အခုမှ ဘောင်းဘီချွတ်တုန်း...ဘယ်လိုဖြစ်နေ
လဲ"
ဘုတ်အီး အပြင်မှာ မနေရဲတော့ပေ။ လေတိုက်ရာ
ယိမ်းနေသည့် သစ်ပင်တွေရဲ့အရိပ်ကိုကြည့်ကာ
စိတ်ထဲမှာခြောက်ခြားလာတာကြောင့် လုပ်မိလုပ်ရာ
ဖြင့် အိမ်သာတံခါးကို ဆွဲဖွင့်၍ အိမ်သာပေါ်တက်
လိုက်လေတော့သည်။
...........