"အားလုံးစုံပြီလား"
ယနေ့ သစ်တောဝန်းမှလူတွေဟာ ခုတ်ထွင်ရှင်းလင်းထားသည့်တောင်ကတုံးတစ်ခုဆီ ကျွန်းပင်နှင့်အခြားအပင်တွေစိုက်ဖို့သွားကြမည်။ သံသယကင်းမဲ့စွာဖြင့် ဇူလီနှင့်ရီရီ ပါ၏။ ကျွန်းပင်ပေါက်တွေတင်ထားသည့်ထရပ်ကားနောက်ပိုင်းမှာ လူတွေဟာအသီးသီးနေရာယူကြနေကြပြီ။ ဇူလီ့ဖေဖေအပြင် လက်ထောက်တစ်ယောက် ဝန်ထမ်းတွေရယ် ဇူလီနှင့်ရီရီရောအပါဆို စုစုပေါင်း ၁၁ယောက်ရှိမည်ထင်။
"လူစုံရင်ထွက်မယ်ဟေ့"
လက်ထောက်ဖြစ်သည့်ကိုထွန်းအောင်ဟာ ကားစထွက်ဖို့ဩဘာသံပေးသည်။
ကားလေးတွေဟာ မြို့ထဲဘက်သို့မသွား။ သစ်တောဝန်းဘက်ကနေပြီး တောက်လျောက်အခြားဘက်သို့ ထွက်ကြ၏။ နေရာဟာ ၁နာရီကျော် ၂နာရီနီးပါးကြာအောင်ကားမောင်းရပြီး အလွန်လည်းခေါင်သည့်နေရာဟု ပြောသည်။
"နင်တို့တွေရေဘူးအလုံအလောက်သယ်ခဲ့ကြရဲ့လား"
ဖေဖေနှင့်အတူ ကားရှေ့ခန်းထိုင်နေသည့်ကိုထွန်းအောင်သည် ဇူလီတို့ဘက်လှည့်ပြီး သတိပေး၏။ ဘယ်လောက်တောင်ခေါင်သည့်နေရာမို့ ဒီလိုတွေသတိပေးနေရသလဲဆိုပြီး ဇူလီနှင့်ရီရီဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
"ယူခဲ့ပါတယ် ဦးလေး"
ရေဘူးတွေဟာ အခြားကားတွေမှာလည်းပါလာပါသည်။
"နင်တို့တွေဟိုရောက်ရင် ငါမြင်ယောင်သေးတယ်"
ကိုထွန်းအောင်အပြောမှာ ဇူလီတို့ဟာအနည်းငယ်တောင်လန့်သလို။
ဇူလီဟာ ဒီလိုခရီးတွေကိုအမြဲလိုက်တတ်ပါသည်။ ခရီးမှမဟုတ်ဘူး သူမဖေဖေသွားလေရာပေါ့။ လက်ဖက်ရည်ဆိုင်၊ အလုပ်ခရီး၊ ပြည်နယ်ရုံး၊ တိုင်းမှူးရုံး စသဖြင့် သိတတ်စအရွယ်ကတည်းက သူမဟာဖေဖေ့နောက်ဒီလိုလေးပါလာတတ်နေပါပြီ။ ဇူလီကအပင်တွေကိုစိတ်ဝင်စားကြောင်းသိရတော့ ဖေဖေကလည်း 'လိုက်မှာလား' ဆိုပြီးအမြဲမေးတတ်သည်။ ခရီးအခြေအနေအရမ်းဆိုးမှသာ သူမဖေဖေဟာ မလိုက်ဖို့တားတတ်၏။
အပင်တွေစိုက်ပျိုးပုံ၊ ရှင်သန်ပုံ၊ ပြုစုပျိူးထောင်ပုံ၊ အရွယ်ရောက်လာပုံ၊ ပေါက်ရောက်နိုင်သည့်အခြေအနေတွေပုံ၊ တောတွေတောင်တွေဟာ ဇူလီအတွက် စိတ်ဝင်စားစရာကောင်းသည့်အရာများဖြစ်၏။ ဒီအရွယ်အထိ ငြီးငွေ့သွားသည်ဆိုတာမရှိ။
နာရီဝက်လောက်ကြာတော့ ကားတွေဟာ မြေပြန့်လမ်းကနေမှ တောင်စောင်းတွေနားဖြတ်မောင်းရသည်။ လမ်းဟာ ကွန်ကရစ်ခင်းထားပေမယ့် ကြမ်း၏။ ချိုင့်တွေပေါ၏။ ၂လမ်းမောင်းဆိုပေမယ့် လမ်းဘက်ထွက်လာသည့်ချုံတွေကြောင့် လမ်းဟာကျဉ်းသယောင်ဖြစ်နေသည်။ လမ်းကြမ်းတာကတော့ အတော်ဆိုးပါသည်။ တစ်ခါချိုင့်ထဲဖြတ်မိတိုင်း လူတွေဟာ လေထဲမြောက်သွားတတ်၏။ ကားမိုးကလက်ကိုင်တွေကိုကိုင်ထားရသည်။ နေပူထဲမှာ ကားတွေဟာ တဝူးဝူးဖြင့် ရွာတွေတစ်ရွာပြီးတစ်ရွာကို ဖြတ်သွားရသည်။ ထိုရွာကလူတွေ ဒီလိုအပူကြားမှာဘယ်လိုရင်ဆိုင်ပြီးနေကြသည်မသိ။ တစ်ရွာနှင့်တစ်ရွာဟာ အတော့်ကိုဝေးကြသည်။ ဇူလီဟာ စပ်စပ်စုစုဖြင့် ရီရီကိုရွာတွေအကြောင်းမေးပေမယ့် ရီရီဟာ ဘာမျှမသိ။ ကားရှေ့ခန်းမှကိုထွန်းအောင်ကတော့ တစ်ခါတစ်လေဝင်ဖြေတတ်သည်။
တောင်တွေမှာပေါက်နေသည့်အပင်တွေဟာ ကျိုးတိုးကျဲတဲ။ တချို့အပင်တွေကို အလယ်အလတ်အရွယ်သာရှိသေးကြ၏။ ဒီဘက်ဒေသက အပင်ထိန်းသိမ်းတာအရမ်းညံ့၏ ဆိုပြီးတောင် ဇူလီ့စိတ်ထဲမှတ်ချက်ပေးမိသည်။
အနည်းငယ်ကြာတော့ သူမတို့ဦးတည်ရာဆီရောက်၏။ ထိုနေရာမှာ အသင့်စောင့်နေသည့်တာဝန်ရှိသူနှင့်အခြားသူများကိုတွေ့ရသည်။
"ကြာပြီလား ကိုလွမ်း"
ဇူလီ့ဖေဖေဟာ သူရင်းနှီးသည်ထင်ရသည့်လူကို အော်ကာမေးသည်။
"မကြာသေးဘူး ဆရာ"
ဦးထုပ်ဝိုင်းဝိုင်းကြီးကိုဆောင်းထားပြီး တောဝန်းအရာရှိဝတ်စုံဝတ်ကာ နေကာမျက်မှန်တပ်ထားသည့်လူကြီးဟာ သူမတို့နားကပ်လာသည်။ ပါလာသည့်လူတွေကတော့ ဇူလီတို့ကားတွေနားလာပြီး ပစ္စည်းတွေသယ်ယူချကြ၏။
"အပင်တွေစိုက်လို့ရအောင် မြေတွေသေချာလုပ်ထားတယ် ဆရာ။ မီးရှို့ပြီးသားပြာတွေကျထားတာဆိုတော့ အပင်တွေအောင်မှာပါ"
တောင်တွေခုတ်ထွင်ရှင်းလင်းလျှင် အချို့ကမီးရှို့ကြသည်။ ပြာတွေ မီးသွေးတွေက မြေဩဇာကောင်းသည်မို့ပါ။ အပင်တွေရှင်းဖို့မြန်သည်ကတစ်ကြောင်းပေါ့။ ထိုသို့လုပ်လျှင် အထက်သို့စာအရင်တင်ပြီးခွင့်တောင်းရသည်။ အထက်ကခွင့်ပြုမှသာ မီးရှို့ပြီး ခုတ်ထွင်ရှင်းလင်းကြရ၏။
ကိုထွန်းအောင်ပြောသလို နေရာကအတော်ခေါင်သည်။ အပင်ကြီးတွေသိပ်မရှိတာမို့ အပူကပို၏။
"ရေဘယ်ကယူလဲ မင်းတို့က"
ဇူလီ့ဖေဖေဟာ ပတ်ဝန်းကျင်ကိုစေ့စေ့စပ်စပ်ကြည့်ပြီး မေးသည်။ အပင်စိုက်တာက ဟုတ်ပါပြီ ပိုပြီးအရေးကြီးတာက ‘ရေ’ပင်။
"ဟိုးရွာစပ်ကနေ ပိုက်နဲ့သွယ်လိုက်တာဆရာ။ မော်တာကိုလည်းအဲ့မှာဘဲထား,ထားတယ်"
ထိုလူဟာ အလှမ်းဝေးပြီး ခပ်မွဲမွဲတာမြင်ရသည့်နေရာကိုလက်ညိုးထိုးပြသည်။ ရေတင်သည့်မော်တာတွေဟာ ထိုရွာနားထားမှစိတ်ချယုံကြည်ရ၏။ မဟုတ်ရင် ဆေးသမားတွေခိုးတတ်သည်။ ဒီပြသနာကို ၁၀ခါမှာ ၅ခါလောက်ကကြုံရတတ်၏။
နေပူပူကြီးထဲမှာ တောင်ကုန်းပေါ်သို့အပင်တွေသယ်ပြီးတက်ရတာဟာ မလွယ်ကူလှပါ။ တောင်ဟာသိပ်မမြင့်ပေမယ့် ပစ္စည်းသယ်ပြီးတက်ရသည်မို့ တက်ရတာပင်ပန်း၏။
ဇူလီ့ဖေဖေတို့ကတော့ တာဝန်ရှိလူကြီးတွေနှင့်စကားပြောနေကြသည်။
အပင်တွေ မ,ယူလာသည့်ဝန်ထမ်းမိန်းကလေးတွေကို ဇူလီကကူညီတော့ မကူဖို့ တားကြ၏။ ဇူလီက မနေတတ်သည့်လူမို့ တားသည့်ကြားက လုပ်ကိုလုပ်သည်။
"ဟိုက ဆရာ့သမီးလားဗျ"
"ဟုတ်တယ် ကိုလွမ်း"
ထိုနားကလူတွေဟာ အပင်တွေသယ်ကူနေသည့် ဇူလီ့ကိုစိတ်ဝင်တစားကြည့်နေကြသည်။
"တော်တာဗျာ ကြည့်ရတာနုနုဖတ်ဖတ်ကလေးပေမယ့် အကြမ်းကတော့တယ်ခံတဗျ"
ထိုလူရဲ့ချီးကျူးစကားကို ဇူလီ့အဖေက ရယ်ပြီးသာတုံ့ပြန်၏။
"သမီးနုနုလေးကို ဘာလို့ခေါ်ခဲ့ရတာလဲဆရာရယ်"
"မခေါ်ဘဲနေလို့မရဘူးဗျ။ ငယ်ကတည်းကတကောက်ကောက်လိုက်တတ်တော့ ကျွန်တော်လည်းသူ,မပါရင် အလုပ်သိပ်မဖြောင့်ဘူး"
သံယောဇဉ်ဟာ မမြင်ရပေမယ့် ထုတည်ကြီးမားပါသည်။ သူဘယ်သွားသွား နောက်ကနေတကောက်ကောက်ပါလာတတ်သည့် သူ့သမီးကိုမြင်ရင် ဇူလီ့ဖေဖေဦးစိုးမြင့်ဟာ စိတ်ထဲကြိတ်ပျော်တတ်ပါသည်။ အနောက်လှည့်ကြည့်တိုင်း လူအုပ်ကြားမှာ သူပထမဆုံးမြင်ရသည့်လူဟာ သူ့သမီးဖြစ်၏။ ငယ်ငယ်ကတော့ ကျောမှာပိုးပြီးသယ်သည်၊ အရွယ်လတ်လာတော့ လက်ကဆွဲပြီးခေါ်၏၊ အရွယ်ရောက်လာသည့်အခါမှာတော့ စိတ်ကနေဆွဲပြီးခေါ်သည်။ ဘယ်ခရီးဖြစ်ဖြစ် ဇူလီ့ကိုချန်လို့မရ။ အရမ်းခက်ခဲသည့်ခရီးဖြစ်လို့နေခဲ့ဖို့ပြောရင်တောင် ညိုးငယ်သွားတတ်သည့်သူ့သမီးမျက်နှာကြည့်ပြီး သူဟာစိတ်မကောင်း။ ဖခင်တွေရဲ့စိတ်ဟာ မာကျောလှပါသည်။ သို့ပေမယ့် သမီးမိန်းကလေးတွေအတွက်တော့မဟုတ်။
"ကားထဲသွားထိုင်ပါလား သမီး"
အပင်တွေနေရာချပြီးလို့ မောပန်းနေသည့်ဇူလီ့ကိုကြည့်ပြီး သူမဖေဖေဟာပြောလာသည်။
ဇူလီ ခေါင်းသာခါပြလိုက်၏။ အတော်ပူပေမယ့်လည်း ဒီနေရာမှာသာ ဇူလီနေချင်သည်။
ပတ်ဝန်းကျင်ဟာ အရိပ်သိပ်မရှိပါ။ ကျွန်းပင်တွေကလည်း အပင်လတ်သာရှိသေး၏။
မျက်မှောင်ကိုအသေကျုံ့ အင်္ကျီလက်ရှည်ဖားဖားကြီးနဲ့ ခါးကိုထောက်ပြီးသာ သူများတွေအပင်စိုက်တာကိုဇူလီ ကြည့်၏။
"လုပ်ကြလုပ်ကြ ဆရာက ဒီကနေပြန်ရင်ဆိုင်တစ်ဆိုင်မှာထမင်းဝယ်ကျွေးမယ်တဲ့"
ကိုထွန်းအောင်ကအော်ပြောတော့ ဝန်းထမ်းတွေရဲ့ပျော်ရွင်သံတွေဟာ ဆူသွားသည်။ ထမင်းကျွေးတာကိုဇူလီ့ဖေဖေကအမြဲလုပ်ပေးတတ်ပါသည်။ ဝန်ထမ်းတွေပင်ပန်းချိန် မည်သို့မည်ပုံ ချီးမြောက်ရမည်မှန်း သူသိ၏။
"ပူတာဟယ်။ ကြွပ်ကြွပ်ကြော်ခံနေရတဲ့အတိုင်းဘဲ"
ရီရီဟာ အင်္ကျီစကိုလေရအောင်ဆွဲနေပြီး ဇူလီ့နားကပ်လာသည်။
"ဦးအောင်ပြောတုန်းက နေခဲ့လိုက်ရမှာ။ ခုကြည့် ဒီနေရာကထိုင်စရာနေရာတောင်မရှိဘူး"
ရီရီ့မျက်နှာတွေဟာနီနေသည်။ ချွေးလည်းအတော်ထွက်နေ၏။
ဒီနေရာဟာ တစ်ကယ့်ကိုခေါင်တာပင်။
ဇူလီကတော့ နေခဲ့ဖို့စိတ်ကူးမရှိခဲ့ပါ။
ရေဘူးအလုံအလောက်ယူပေမယ့် ဒီအပူ ဒီလူ ဒီအရေအတွက်ဖြင့် မလောက်ငှနိုင်။ ရေကုန်သည့်နောက်ပိုင်း တောင့်ခံပြီးသာနေကြရတော့၏။
တောင်တစ်ပြင်ကိုအပင်စိုက်ဖို့ ၅နာရီထက်မနည်းကြာပါသည်။ တွင်းကိုနက်နက်တူးပြီးစိုက်ကြရသည်။ ရေလောင်းပြီးမြေလည်းသေချာဖို့ရ၏။ ဒီခရီးကအပြန်လမ်းမှာ လူတစ်ဦးတစ်ယောက်မျှစကားမပြောနိုင်ကြတော့ပါ။ ရီရီကတော့ အိပ်တောင်ပျော်သည်။ စကားများလွန်းသည့် ကိုထွန်းအောင်ကတောင် စကားတစ်ခွန်းနှစ်ခွန်းသာထွက်နိုင်၏။
"ဘယ့်နှယ်လဲ။ ဆိမ့်ကြရဲ့လား"
ဇူလီ ကိုထွန်းအောင်ကိုတောင်ပြုံးမပြနိုင်။ အတော်ဆိမ့်၏။ ဒီလောက်ပင်ပန်းပြီး အန္တရာယ်ရှိသည့်အလုပ်ကို ဖေဖေကဘာလို့လုပ်သလဲလို့ ဇူလီငယ်ငယ်ကမေးဖူးသည်။ “ဥတုရာသီ တောကိုမှီ၏” တဲ့။ ဇူလီတို့မိသားစု၏ အပူအအေးဟာ သူ့အပေါ်မှီသည်။ သူသာအပင်တွေမစိုက်ရင် ဇူလီတို့မိသားစုဟာ အပူဒဏ်ကိုကောင်းကောင်းကြီးခံရတော့မှာတဲ့လေ။
'ရာသီဥတုဟာ ကမ္ဘာမြေကြီး၏ စိတ်ခံစားမူဖြစ်သည်' ဟု စာရေးဆရာမတစ်ယောက်ကပြောခဲ့ဖူးသည်။ ရာသီဥတု ပူတာ အေးတာဟာ သူ့စိတ်ခံစားမူဖြစ်သလို လူတွေရဲ့လုပ်ဆောင်ချက်တွေဖြင့်လည်း တိုက်ရိုက်အချိုးကျပါသည်။ ခေတ်တွေတိုးတက်လာတာနဲ့အညီ ရာသီဥတုဟာ ပို၍ပူလာပြီး ကမ္ဘာကြီးကလည်း လူတွေကိုပိုပြီးစိတ်ဆိုးလာခဲ့သည်။ သစ်ပင်တစ်ပင်ဟာ အဲကွန်း၄လုံးစာဖြင့်ညီသည့်အအေးဓာတ်ကို ထုတ်လွတ်ပေးနိူင်စွမ်းရှိ၏။ ကား ဆိုင်ကယ် စက်ရုံ စသည်တွေမှထုတ်လွတ်သည့်မီးခိုးများကိုလည်း သန့်စင်ပေးနိူင်သလို မြေအောက်ရေကိုလည်း စစ်ထုတ်ပေးနိူင်ပါသည်။
ဖေဖေကဘယ်လောက်ထိကမ္ဘာကြီးကိုဂရုစိုက်လဲဆို ဇူလီတို့အိမ်က အဲကွန်းတောင်မသုံးရသည်အထိ။ သို့ပေမယ့် ဇူလီတို့ဟာအပြစ်မတင်။ ဇူလီတို့ဟာလည်း ကမ္ဘာကြီးကိုစိတ်မဆိုးစေချင်သည့်လူမျိုးများမို့ပင်။ ဇူလီတို့လို အပင်တွေကိုဂရုစိုက်သူတွေရှိနေပေမယ့်လည်း သစ်သူခိုးတွေ၊ အပင်တွေတန်ဖိုးနားမလည်ဘဲ အပင်တွေခုတ်ထွင်ရှင်းလင်းနေကြသူတွေ၊ လေထုကိုညစ်ညမ်းစေတဲ့နည်းပညာတွေ စသည့်အရာတွေနဲ့အညီ ကမ္ဘာကြီးကတော့ ဆက်ပြီးအကျည်းတန်နေဆဲပါပင်။
ဇူလီ့ဖေဖေက ကတိအတိုင်း ထမင်းဝယ်ကျွေးဖို့ ဆိုင်တစ်ဆိုင်မှာရပ်သည်။ ယောက်ျားလေးများကတော့ ဘီယာကိုသာအဓိကထားမှာယူကြ၏။
"ခုမှဘဲရေငတ်ပြေတော့တယ်ဟေ့"
ဝန်ထမ်းတစ်ယောက်က ဘီယာကိုအားရပါးရကျိုက်ကာ ပြောတော့ အခြားသူများကရယ်သည်။ ပြောရင်ယုံမှာမဟုတ်ပေမယ့် ဇူလီ့ဖေဖေဟာ အသောက်အစားကင်းသည့်ယောက်ျားဖြစ်ပါသည်။ ဆေးလိပ်၊ အရက်၊ ကွမ်းယာ လုံးဝကင်း၏။ လူကြီးများစုံရင်တော့ သောက်သည်၊ မသောက်ဘူး သေချာမသိ။ သူမဖဖေဆီမှတော့ အရက်ဆေးလိပ်နံ့များ တစ်ခါမျှမရဖူးပါ။
ဇူလီနှင့်ရီရီကတော့ အလကားစားရသည့်အချိန်မို့ မုန့်တွေသာမှာစားကြ၏။ မုန့်တွေဆိုမှ ဟိုမိန်းမ ပေးခဲ့သည့်ဘာဂါကိုသတိရသည်။ ဇူလီမစားလိုက်ရပါ။ ထိုနေ့ကအိမ်ပြန်ယူလာပြီး မဆာသေး၍ ရေခဲသေတ္တာထဲထားခဲ့လိုက်သည်ကို ဇူလီ့မေမေက စားပြစ်လိုက်၏။ မေမေ့ကို သူမ ထိုကိစ္စနှင့်ရန်လုပ်ခဲ့ရသေးသည်။ နောက်တစ်ခုဝယ်စားဖို့ပိုက်ဆံပေးပေမယ့် သူမ,မယူ။ ဒီဘာဂါဟာ ထပ်ဝယ်လို့မရ။
"ငါကတော့ အိမ်ပြန်ရောက်တာနဲ့အိပ်ပြီဘဲ။ လာနိုးတဲ့လူ ကျိတ်ပြီဘဲ"
"ဒေါ်မာကြူဆိုရင်တောင်မှလား"
ဇူလီက ဟာသအနေဖြင့် သူ့အမေနာမည်ရွတ်တော့ ရီရီကပုခုံးကိုရိုက်လာသည်။ ဇူလီကတော့ ဒါမျိုးတွေလိုက်နေကျမို့သိပ်ပြသနာမရှိပေမယ့် ရီရီကတော့အတော်ပန်းသွားသည်ထင်သည်။
ယနေ့အဖို့ ဇူလီ့ဖေဖေကရုံးစောစောဆင်းပေးပါသည်။ ဇူလီပန်းလာသည်မို့ ဖေဖေကလည်းအိမ်စောစောပြန်ပေး၏။ အိမ်ရောက်တော့ ရေမချိုးခင် အိပ်ပျော်သွားသေးသည်။ ဇူလီ့မေမေက လှုပ်နိူးမှ ရေချိုးဖို့ထရ၏။ မိုးချုပ်မှသာ ဇူလီအပြည့်အဝနားရတော့သည်။ အပူဒဏ်ကြောင့် လျှပ်ဖျား,ဖျားတတ်သည်မို့ ဆေးသောက်ပြီး လှဲရ၏။ ဖုန်းကြည့်ဖို့လည်း စိတ်သိပ်မပါတော့။ သီချင်းကိုသာဖွင့်သည်။ ပင်ပန်းမူကြောင့် ဇူလီ့အတွေးတွေဟာ ထိုင်းမှိုင်းလာသည်။ မျက်လုံးတွေဟာလည်း မှေးစင်းလာ၏။
ဒီနေ့များတော့ သူမဟာ ပင်ပန်းမူကြောင့် အကြောင်းအရာတွေသိပ်မတွေးဖြစ်။ အတွေးတွေဟာလည်း တစ်စုံတစ်ယောက်ဆီရောက်မသွားတော့ သူမ ကျေးဇူးတင်မိ၏။ သို့ပေမယ့်လည်း ဇူလီဟာ အိမ်မက်ထဲမှာတော့ ပင်လယ်ကြီးကိုလက်ပစ်ကူးကာ ထိုမိန်းမဆီရောက်သွားခဲ့ပါသည်။
..........
မနေ့ကပင်ပန်းမူဒဏ်ဟာအတော်ဆိုး၏။ ဇူလီနိူးသည့်အချိန် ၁၀နာရီပါထိုးနေပြီ။ ဇူလီ့မေမေဟာ သူမကိုလာမနိူးခဲ့ပါ။ ပြီးတော့ အမည်မသိသည့်နံပတ်ဟာလည်း ဖုန်းတွေအများကြီးခေါ်ဆိုထား၏။ ဇူလီဟာ မည်သူ့နံပတ်ကိုမှ အမည်မှတ်တတ်သည့်အကျင့်မရှိပါ။ အများအားဖြင့် သူမကိုဖုန်းဆက်တတ်သည့်လူတွေဟာလည်း မေမေနှင့်မကြီး သာရှိတတ်၏။ မေမေကတော့မဖြစ်နိုင်။ မကြီး များလားဆိုပြီး ဖုန်းပြန်ခေါ်ရ၏။
"ဟယ်လို"
တစ်ဖက်လူအသံကြားတော့ သူမ ဘာပြောရမည်မသိ စွံ့အသွားခဲ့သည်။ အယောင်ယောင်မှားမှားဖြင့် ဟိုဘက်အိမ်ကိုလည်း လှည့်ကြည့်မိ၏။
"ဇူလီ"
သူမ နာမည်ကိုခေါ်သံကြားမှ ပြန်ဖြေဖို့သတိရသည်။
"အစ်မက ဖုန်းတွေဆက်တိုက်ခေါ်ထားလို့ပါ"
"ဪ ဟုတ်သလား။ ဒါပေမယ့် ဇူလီဖုန်းမကိုင်ပါဘူး။ အစောကြီးအိပ်သွားတယ်ထင်တယ်"
ဖုန်းတွေမကိုင်မိသည့်အပေါ် ဇူလီစိတ်မကောင်းမဖြစ်မိပါ။ သူမ ပင်ပန်းလာသည်လေ။ ပြီးတော့ ဒီမိန်းမက အရေးသာကြီးရင် သူမကိုဖုန်းဆက်ခေါ်မနေဘူး။
"မနက်ကအစ်မ လာတော့လည်း အိပ်နေသေးတယ်ဆိုလို့"
ဆိုတော့ကား ထိုမိန်းမဟာ မနက်ကသူမတို့အိမ်လာသေးသည်ပေါ့။
“ဟုတ် ဘာလိုချင်လို့လဲ”
“ဟယ်တော်”
"ကျွန်မတို့မနေ့ကခရီးရှည်သွားရပြီးပင်ပန်းသွားလို့ပါ"
ထိုမိန်းမအသံ ခေတ္တတိတ်သွားသည်။ ပြီးတော့ ရယ်သံသဲ့သဲ့
"သိပါ့ရှင်"
ထိုမိန်းမရဲ့ပိုင်စိုးပိုင်နင်းနိူင်သည့်အပြောအဆိုကို ဇူလီသက်ပြင်းချပြီးသာ ခေါင်းခါရ၏။ သူ့ကိုယ်သူဘာထင်နေသည်လဲမသိပါ။
ထိုမိန်းမဟာ တစ်နေရာပေါ်ထိုင်ချလိုက်ဟန်တူသည်။
"အရမ်းဝေးသလား"
"အင်း"
ထိုမိန်းမဟာ မေးခွန်းတွေများတော့မှာ ဇူလီသိသည်။
"ဇူလီကတစ်ကယ့်ကိုအလုပ်များတဲ့ ပျားကလေးဘဲ"
ရယ်သံသဲ့သဲ့ဟာ ဇူလီ့ဆီပျံ့လွင့်လာသည်။
"အစ်မ ကျွန်မကိုမျက်နှာသစ်ခွင့်ပေးရင်ကောင်းမှာဘဲ"
ဖုန်းထဲကနေတစ်ဆင့်ကြားရသည့်ရယ်သံတောင် ချိုချိုကလေး။ ဒီနေ့များဘယ်မှမသွားဖြစ်ရင် သူ့အိမ်လာခဲ့ပါတဲ့။ ရာရာစစ။ သူ့အိမ်တောင်တကူးတကသွားရအုံးမည်။
ဘယ်လိုဆိုဆိုဒီနေ့ဟာ ဇူလီကံမကောင်းပါ။ အလေး,မ,ထားသည့်ဒဏ်ကြောင့် ခြေတွေလက်တွေ နာတော့၏။ ယနေ့များတော့ အလုပ်များသည့်ပျားလေး လုပ်နိုင်တော့မည်မထင်မိပါ။
...............
'တို့ရွာသူပျိုဖြူတသင်းမယ်
သီချင်းသံပြိုင်သီကာရယ် ×2
လက်ပံပွင့်ကောက် အရောက်လာမယ်'
ဆိုသည့် ဆရာဗိုလ်ကလေးတင်အောင်နှင့် ဂီတလုလင်မောင်ကိုကို ရေးစပ်ကာ ချမ်းချမ်း သီဆိုထားသည့် 'လက်ပံပွင့်ကောက်အရောက်လာမယ်' သီချင်းကို အားလုံးရင်းနှီးကြမှာပါ။ လက်ပံတွေမြင်ရင် ထိုသီချင်းသံကိုကြားရင် အားလုံးရဲ့ငယ်ဘဝမှာ ထည့်စရာခြင်းလေးတစ်မျိုးကိုင် ဆင်တူအင်္ကျီလေးတွေဝတ် လက်ပံပွင့်ကိုခေါင်းမှာပန်ပြီး ကျောင်းပွဲတော်တွေမှာ ဖျော်ဖြေကပြခဲ့ရသည့်မြင်ကွင်းဟာ ဖြတ်ကနဲပေါ်လာတတ်သည်။ ဒါ့ကြောင့် 'နွေရဲ့အနီရဲရဲလက်ပံပွင့်တွေဟာ တစ်ကယ်လှသလို လွမ်းမောစရာလည်းကောင်းတယ်' လို့လူတွေကပြောခဲ့ကြ၏။
လက်ပံဖြင့်ပတ်သက်ပြီး ဇူလီသတိရမိတတ်သည့်အရာဟာတော့ “ကိုးဆယ်ဆသာလိမ့်မည်” ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီးပင်။ လက်ပံမြင်တိုင်း၊ နွေအကြောင်းတွေးတိုင်း ထိုဇာတ်လမ်းဟာ သူမ,မြင်ကွင်းထဲပေါ်လာတတ်၏။ ထန်းရွက်ပုတီးများနဲ့အတူ ရွာစားစိန်တင့်ဟန်ရေးသားသည့် တေးသံရှင်ညိုညိုစန်းသီဆိုထားသော ‘ထန်းရွက်ပုတီး’ သီချင်းကိုလည်း နားထဲကြားယောင်လာတတ်၏။ ထိုဇာတ်လမ်းထဲပါသည့် တပေါင်းလအတွင်း ကျင်းပတတ်သော ရွှေစာရံဘုရားပွဲကို ဇူလီဟာ သိပ်သွားချင်သည်။ သို့ပေမယ့် ယခုချိန်ထိသွားဖူးသေးခြင်းတော့မရှိ။ ၁၂ရာသီလများအတွင်း ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာပွဲတော်များဟာ ပျော်ပွဲရွင်ပွဲတစ်ခုထက်ပိုကြပါသည်။ ရိုးရာဓလေ့များ၊ ယဉ်ကျေးမူများကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချပြကြသော ပွဲမျိုးဖြစ်၏။ တစ်နေ့ အခွင့်ကောင်းရသည့်အချိန်များကျ ဇူလီကထိုသို့သောရိုးရာပွဲတော်များကိုလိုက်၍ မြန်မာ့ရိုးရာယဉ်ကျေးမူထလေ့ထုံးတမ်းများအကြောင်းကို လေ့လာခွင့်ရချင်ပါသည်။
နွေရောက်ပြီဆို လူတွေဟာ တစ်ခုမဟုတ် တစ်ခုခုကို လွမ်းမိတတ်ကြသည်ဟာ သဘာဝပါပင်။
“မတော်သေးဘူးလား”
မကြီးမငယ်ဖြင့်ဇူလီတို့ဟာ ကလေးတွေဖြင့်အပြိုင် လက်ပံပွင့်တွေပြိုင်ကောက်ကြသည်။ လက်ပံပွင့်ကိုအခြောက်လှန်းပြီး ဟင်းအရည်သောက်ချက်စားတာဟာ အလွန်ကောင်းသည်။ ပြုတ်ပြီးသုပ်စားတာကပိုကောင်း၏။ လက်ပံပွင့်သုပ်ဟာ ဇူလီအကြိုက်ဆုံးမြန်မာ့ဟင်းများထဲ တစ်ခုပါဝင်၏။ ထို့ကြောင့် များနိုင်သမျှ သူတို့ကောက်သည်။ ကြွတ်ကြွတ်အိတ်၂လုံးရောက်ရမှ သူမတို့ အကောက်နားကြ၏။ ပြီးရင် ထိုလက်ပံပင်အနီးနားက လယ်ရေသွင်းသည့်မြောင်းလေးတစ်ခုမှာ သွားထိုင်ကြသည်။ ကွန်ကရစ်ဖြင့်ဆောက်ထားသည့်တံတားသေးသေးလေးမှာ ရေထဲခြေချပြီးထိုင်သည်။
အထက်မှာ ရေချိုးနေသည့်ကလေးတွေအသံဟာ ဆူကနဲ။
"ငယ်ရတာများ ကောင်းလိုက်တာနော်"
ဇူလီဟာ ရေကစားနေသည့်ကလေးတွေကိုကြည့်ပြီးအားကျသည်။ သူတို့ဘဝဟာ အပူအပင်ကင်းပြီး အပြစ်ကင်း၏။ မိုးလင်းလာရင် စားဖို့ ကစားဖို့ ကလွဲပြီး ဘာမှမသိကြ။
"ဒါမယ့် သူတို့တွေကတော့လူကြီးတွေဖြစ်ချင်နေကြမှာသေချာတယ်"
ရီရီပြောတာဟာဟုတ်ပါသည်။ ကလေးတွေဟာ လူကြီးဖြစ်ချင်ပြီး လူကြီးတွေကတော့ အပူအပင်ကင်းသည့်ကလေးဘဝအရွယ်ကို ပြန်လည်တမ်းတကြ၏။ ဇူလီငယ်ငယ်ကလည်း လူကြီးတွေကိုကြည့်ပြီး လုပ်ချင်ခဲ့တာတွေဟာ တစ်ပုံကြီး။ ဇူလီ့အစ်မက ဘောပင်ဖြင့်စာရေးသည်ကိုမြင်တော့ ခဲတံကိုင်သည့်ဇူလီဟာ ဘောပင်ဖြင့်စာရေးရသည့်အရွယ်ကို အမြန်ရောက်ချင်ခဲ့ဖူး၏။
"နင့်ငါးကငါတို့ဒီတစ်သက်စားရမှာပါနော်"
ယခုမှသာဇူလီဟာ ငါးလုပ်ကျွေးမယ်လို့ရီရီ့ကိုပြောခဲ့ဖူးတာမှတ်မိ၏။
"မနက်ဖြန်အိမ်လာခဲ့"
“ဝေးတယ်။ နေကပူပူနဲ့”
ရီရီဟာ မည်သို့ပင်ထိုသို့ပြောနေကာမူ မိုးရွာရွာ၊နေပူပူ အချိန်မရွေးသူမတို့အိမ်သို့ အရောက်လာတတ်၏။
"နင့်ကိုနေပူတယ် ဖျားမယ်ပြောနေတာကို သွားဖြစ်အောင်သွားသေးတယ်"
အသံစူးစူးဟာ ဇူလီတို့ဘက်လွင့်လာသည်။ ရေကစားနေသည့်ကလေးတွေထဲမှတစ်ယောက်၏မိခင်သည် ကလေးရဲ့လက်ကိုဆွဲကာ ဝါးခြမ်းပြားဖြင့် တဖတ်ဖတ်ရိုက်နေ၏။ ပါးစပ်ကလည်း ဆူပူနေသေးသည်။ ထိုကလေးအမေကြောင့် အခြားကလေးများဟာလည်း လူအုပ်ကွဲကုန်၏။
ဒီအရွယ်ကလေးတွေက နေပူချိန်ရေမချိုးဖို့ ဘယ်လိုများအသိရှိမှာလဲ။ သူတို့စိတ်ပျော်ဖို့သာ သူတို့သိသည်။
ဇူလီတို့ကြည့်ပြီးသာ ရယ်နိုင်ကြ၏။
ကလေးတွေရဲ့ဘဝမှာ စားဖို့သောက်ဖို့ကစားဖို့ရယ် အမေကလာရိုက်မှာကိုကြောက်ဖို့ရယ်ကလွဲပြီး ကျန်တာဘာမျှမရှိ။
"မနက်ဖြန်လာဖို့မမေ့နဲ့နော်"
နေအနည်းငယ်ကျသွားတော့ ဇူလီနှင့်ရီရီဟာ လမ်းခွဲပြီးအိမ်ကိုပြန်ကြသည်။
သီချင်းလေးနားထောင်ပြီး စက်ဘီးကိုနင်းကာအိမ်ပြန်ရတိုင်း ဇူလီဟာပျော်နေတတ်ပါသည်။ သီချင်းကြောင့်လား၊ အိမ်မှာသူမ ပြန်အလာကိုစောင့်မျှော်နေသည့်ဖေဖေနှင့်မေမေ ရှိသည်ကြောင့်လား သူမ,မပြောတတ်။ အိမ်ပြန်သည့်အချိန်တိုင်း ပျော်တတ်တာကိုသိသည်။
Almost heaven, West Virginia
Blue Ridge Mountains, Shenandoah River
John Denver ရဲ့ County Road သီချင်းဟာ သူမရဲ့အိမ်အပြန်လမ်းကိုပိုပြီးဖြောင့်ဖြူးစေ၏။
နတ်ပြည်အလားလှပတဲ့ အနောက်ဗာဂျီးနီးယား၊ တောင်တန်းပြာကြီးရဲ့ခြေရင်းကနေစီးဆင်းနေတဲ့ ရှဲနန်ဒိုမြစ်။ တစ်ခါလောက်ဖြစ်ဖြစ် ဇူလီဟာ ထိုတောင်တန်းပြာကြီးတွေဆီအလည်သွားချင်မိသည်။
Country roads, take me home
To the place I belong
မြေညီလမ်းလေးရေ ငါနဲ့သက်ဆိုင်တဲ့အိမ်ကလေးဆီ ငါ့ကိုခေါ်ဆောင်သွားပေးပါ
ထိုသီချင်းလေးဟာ တော်တော်ကြာမှမွေးရပ်မြေဆီပြန်လာရသည့် ခံစားချက်၊ ငယ်ဘဝအမှတ်တရတွေရှိသည့်နေရာဆီ တစ်ဖန်ပြန်လာရသည့်ခံစားချက်ကို ဖော်ပြသည့်အနေဖြင့် ရေးသားသီဆိုခဲ့၏။ လူတွေဟာ ဘယ်လောက်ဘဲအိမ်နဲ့ကြာကြာခွဲသွားရပါစေ မွေးရပ်မြေဆီ၊ အိမ်အိုကလေးဆီ ပြန်သည့်လမ်းကိုတော့ အရိုးစွဲသည်ထိမှတ်မိနေတတ်ကြသည်။
ဇူလီ့အတွက်တော့ မွေးရပ်မြေဆိုတာ အထက်ပိုင်းကချင်ဒေသ။ အိမ်ဆိုတာကတော့ ဖွားဖွားတို့အိမ် ဖေဖေရဲ့မွေးရပ်ဖြစ်သည့် ပင်လယ်ရနံ့သင်းသင်းဖြင့် ဧရာဝတီကအိမ်လား၊ မေမေ့ရဲ့မွေးရပ်မြေ ဖိုးဖိုးကြီးရှိသည့် မနောတိုင်တွေနဲ့ ကချင်ဒေသကအိမ်လား။ မဟုတ်။ အိမ် ဆိုတာ ထိုအရာကိုဆိုလိုတာမဟုတ်။ အိမ် ဆိုတာအမိုးအကာတွေရှိပြီး မိုးလုံလေလုံတဲ့နေရာတစ်ခုဆိုတာထက်ကို အများကြီးပိုသည်။ အိမ်ဆိုတာ မိုးဒဏ်လေဒဏ်ဘဲခံနိုင်တဲ့နေရာတစ်ခုတင်မဟုတ် သင့်ကို ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မူတွေ၊ လောကဓံရဲ့ရိုက်ခတ်မူတွေ၊ စိတ်ပင်ပန်းဆင်းရဲမူတွေဆီကနေပါ ကာကွယ်နိုင်တဲ့လူတွေရှိတဲ့နေရာ။ သင် ပင်ပန်းလာတဲ့အချိန်တိုင်း စိတ်လွတ်ကိုယ်လွတ်နားခိုပစ်နိုင်တဲ့ရင်ခွင်တွေရှိနေတဲ့နေရာကို အိမ်ဟုခေါ်သည်။ အိမ်ဆိုတာ သားသမီးတွေအတွက်မှမဟုတ်။ မိဘတွေ အဘိုးအဘွားတွေအတွက်ရော အိမ်ဆိုတာဟာ သူတို့ကိုစောင့်မျှော်နေသည့် မျက်နှာသေးသေးလေးတွေရှိတဲ့နေရာ၊ တစ်နေ့တာမောပန်းမူကိုပြေပျောက်စေတဲ့ အမောပြေလေးတွေရှိနေတဲ့နေရာ။ သူတို့ရဲ့အသက်တမျှချစ်ခင်ရတဲ့လူတွေရှိနေတဲ့နေရာ ရင်ခွင်နွေးနွေးတွေရှိတဲ့ ထိုနေရာကိုမှ အိမ် လို့ခေါ်ဆိုခြင်းဖြစ်၏။
သီချင်းတွေဟာ ပြီးပြည့်စုံသည့်အဓိပ္ပာယ် နွေးထွေးသည့်အဓိပ္ပာယ်တွေပေးနိုင်တာကို ဇူလီတစ်ကယ်ယုံသည်။ Machine Gun , Bebe Rexha , X Ambass တို့ သီဆိုထားတဲ့ Home ဆိုတဲ့သီချင်းမှာ အိမ် ဆိုတာဟာ ကိုယ်သွားလို့ရမယ့်နေရာတစ်ခု၊ ပုခုံးတွေပေါ်ကတာဝန်တွေဖြေချလို့ရတဲ့နေရာတစ်ခု၊ အထီးကျန်မူတွေ စိတ်ရဲ့ဖျားနာမူတွေကိုကုသနိုင်တဲ့နေရာတစ်ခု၊ လဲကျမူတွေအတွက်ကုသနိုင်တဲ့နေရာတစ်ခုဆိုပြီး ဖော်ပြထား၏။ အိမ်ဟာ ထိုကဲ့သို့မှော်ဆန်သော နေရာဖြစ်သည်။
ဇူလီဟာ မည်မျှပင်သီချင်းအပေါ်အာရုံရောက်နေပါစေ အိမ်ပြန်လမ်းကိုတော့ တစ်ခါမျှမသွေဖယ်ဖူးပါ။ ဇူလီယခုအိမ်ပြန်ရောက်သွားရင် အိမ်ရှေ့မီးရောင်လေးဟာ သူမကို လက်ပြနှုတ်ဆက်နေလိမ့်မည်၊ ဖေဖေဟာ မသိမသာနဲ့အလုပ်လေးလုပ်ပြီး သူမကိုထွက်စောင့်နေလိမ့်မည်၊ မေမေဟာ သူမ ပြန်လာရင်စားဖို့ မိသားစုထမင်းဝိုင်းလေးအတွက် ဟင်းတွေချက်နေလိမ့်မည်။ ဒါဟာ အိမ်ဘဲ။ ထိုနေရာကိုစက်ဘီးနှင်းပြီးသွားနေရသည့်လမ်းဟာ အိမ်ပြန်လမ်းဘဲ။
နွေးထွေးသည့်အသိတွေနှင့်အတူ ဇူလီဟာ ကြေကွဲစရာတစ်စုံတစ်ခုကိုလည်း သတိရမိသွားပြန်သည်။
ကလေးတွေ။
အစုလိုက်ဝင်လာသည့်ပြုံးနေသည့်ပုံရိပ်တွေ။
ဇူလီရဲ့စက်ဘီးဟာ လမ်းအလယ်မှာဘဲရပ်သွားခဲ့၏။
ဘုရားကျောင်းက,ကလေးတွေအတွက်ရော အိမ် ဆိုတာဟာဘယ်လိုမျိုးလဲ။ အိမ်ပြန်သည့်လမ်းဆိုတာကရော ဘာလဲ။ စိတ်ထဲမှာထပ်နေသည့်မေးခွန်းတွေ။ ဇူလီဟာ အဖြေကိုသိနှင့်ပြီးသား။ သူတို့တင်မဟုတ်ဘူး အခြားကလေးတွေ၊ သူတို့လိုတစ်စုံတစ်ခုကိုဆုံးရှုံးထားသည့်လူတွေအတွက်ရော အိမ်ဆိုတာဘာများဖြစ်မလဲ။ သူတို့လို မိဘကိုဆုံးရှုံးထားသည့်လူတွေ၊ မိဘကစွန့်ပြစ်တာခံရသည့်လူတွေစုနေသည့်နေရာဟာ အိမ် လား။ ထိုဒဏ်ရာတွေဖြင့်စုနေသည့်လူတွေရှိသည့်နေရာကိုသွားသည့်လမ်းဟာ အိမ်ပြန်သည့်လမ်း လား။ သူတို့လေးတွေအရွယ်ရလာရင်ရော ဘယ်ကိုသွားပြီး ဘယ်မှာနားခိုကြမလဲ။
စိတ်ထဲ လေးပင်လာသည်။
ထိုမိန်းမက ပြောသွားခဲ့သည် သူတို့တွေရဲ့စိတ်ဟာ မိဘတွေသတ်လို့သေခဲ့ပြီ' တဲ့။ ကျောင်းသွားကျောင်းပြန် လာပို့ပေးမည့်လူ၊ လာကြိုပေးမယ့်လူ၊ ကျောင်းမှာအဆင့်ကောင်းရတိုင်း ချီးကျူးပေးမယ့်လူ၊ ကျောင်းမှာအပြစ်တစ်ခုလုပ်တိုင်း ကိုယ့်ဘက်ကာကွယ်ပေးမယ့် ကိုယ့်ကိုဆုံးမပေးမယ့်လူ မရှိသည့်လူတွေ၊ အခြားကလေးတွေ မိဘလက်တွဲပြီး ပျော်ရွင်ကြည်နူးနေတာကို ထိုင်ကြည့်နေရတဲ့လူတွေ၊ ပွေ့ဖက်ပေးဖို့ရင်ခွင်တစ်စုံမရှိသည့်လူတွေ၊ ပြိုလှဲကျဖို့ရင်ခွင်တစ်စုံမရှိသည့်လူတွေ၊ သူတို့ရဲ့စိတ်ကို သူတို့အပြင်နားလည်နိုင်သည့်လူ မရှိသည့်လူတွေဖြစ်သည့် သူတို့ဟာ မည်မျှအထီးကျန်ကြေကွဲနေလိုက်ကြမည်နည်း။ သူတို့အတွက်သိမ်ငယ်စိတ်တွေ အားငယ်စိတ်တွေဟာ အဲ့ဒီကနေစပြီးအမြစ်တွယ်လာကြသည်။ သူတို့အသိတွေထဲမှာသူတို့ဟာ မိဘကတောင် မလိုချင်လို့စွန့်ပြစ်ခံခဲ့ရသည့် စွန့်ပြစ်ပစ္စည်းတွေ။ အို။ သူတို့ကိုဘယ်လိုဘဲဖြေသိမ့်ပေးပါစေ ကုသလို့မရဘူးလို့လည်း ထိုမိန်းမကပြောခဲ့သည်။
'အနားမှာငါရှိပါတယ်' 'ငါတို့ရှိပါတယ်' ဆိုပြီး ပုခုံးပုတ် ပွေ့ဖက်ပေးရုံနဲ့ ဒီဒဏ်ရာတွေဟာ ပျောက်မသွား။
ဇူလီဟာ ထိုကလေးများရဲ့အကြောင်းတွေးကာ စိတ်တွေထဲနာကျင်လာသည်။ မိဘဖြစ်ပြီး မိဘလို့မခေါ်ထိုက်သည့်လူတွေဟာ ကမ္ဘာပေါ်မှာအများကြီးပါလား။ ဒါ့ကြောင့် မွေးပေးတိုင်းလည်းကျေးဇူးမတင်သင့်ဘူး ဟု ထိုမိန်းမကပြောခဲ့တာဖြစ်သည်။
လူတွေဟာ ဇူလီတွေးထားတာထက်တောင် ပိုပြီးရက်စက်ကြ၏။
ထိုမိန်းမဟာ ဇူလီကိုအိမ်စာတွေပေးသွားခဲ့သည်ဘဲ။ အမှန်က ထိုမိန်းမဟာ အဆိုးမြင်တတ်ခဲ့တာမဟုတ် ကလေးတွေဘက်ကတွေးပြီး ရင်နာသွားပေးခဲ့တာ။ ထိုမိန်းမရဲ့သရုပ်အမှန်က ဘာများလဲ။
မျက်ဝန်းတွေအောက်ရှိနေသည့်မှဲ့တွေ၊ လှပသည့်မျက်ဝန်းတွေ၊ ခန္ဓာကောက်ကြောင်းတွေ၊ ပတ်ဝန်းကျင်ကပြောပြသည့် ထိုမိန်းမရဲ့အကြောင်းတွေထက်ကိုပိုပြီး ဇူလီဟာ ထိုမိန်းမကို ပိုသိချင်လာသည်။
ဇူလီဟာ အိမ်ပြန်သည့်လမ်းတွင် အရင်ကမေမေနဲ့အတူ ကံ့ကော်တွေခူးခဲ့သည့် အိမ်ကိုပြန်လိုက်ရှာသည်။ ပြီးနောက် ခွင့်တောင်းပြီး ကံ့ကော်တစ်ပွင့်ခူးခဲ့၏။ အိမ်ရှင်က အားမနာဘဲခူးသွားဖို့ပြောပေမယ့် ဇူလီ့အတွက်တော့ တစ်ပွင့်ဟာလောက်ငှပါပြီ။
နေဟာဝင်စမို့လို့ ပတ်ဝန်းကျင်မှာ အလင်းတွေတော့ကျန်နေသေးသည်။
အိမ်နားရောက်သည့်အခါ ဇူလီဟာ သူမ အိမ်ရှာမရမှာစိုးလို့ဖွင့်ပေးထားသည့် မီးရောင်ကလေးကိုမြင်သည်(စာဖွဲ့ညွှန်းရုံ)။ အိမ်ရှေ့မှာ စွပ်ကျယ်အဖြူကလေးဖြင့် ပန်းပင်တွေကြားအလုပ်ရှုပ်နေသည့် ဖေဖေ့ကိုမြင်သည်။ သူမ ပြန်အလာကိုစောင့်မျှော်နေသည့်လူ။ အိမ်ထဲရောက်တော့ မီးဖိုဆောင်ထဲအလုပ်ရှုပ်နေသည့်မေမေ့ကိုတွေ့၏။ ဇူလီသာပြန်လာရင် မိသားစုထမင်းဝိုင်းဟာ လူစုံပါပြီ။
ဒါဟာ သူမရဲ့အိမ်။
"လမ်းမှာဘာတွေစားလာတာလဲ"
ဇူလီ့မေမေဟာ ဇွန်းကိုင်ပြီးငြိမ်နေသည့်သူမကိုမြင်တော့ မေး၏။ ယခုဇူလီ့ဆီမှာ အတွေးတွေအများကြီးဘဲ။ သူ မပျော်နိုင်သေးဘူး။ သူတွေ့ခဲ့တဲ့ကလေးတွေအကြောင်းများ မေမေ့ကိုပြောပြလိုက်ရင် မေမေဟာ ရင်ကိုထုပြီးဝမ်းနည်းလိုက်မယ့်အမျိုး။ ချူချာသည့်ဇူလီ့ကိုတောင် စွန့်ပြစ်ဖို့မတွေးခဲ့သည့်မေမေတို့ကို သူမ ကျေးဇူးအရမ်းတင်သည်။
"ဘာမှမစားခဲ့ပါဘူး"
အရသာရှိလှသည့် သူမမေမေရဲ့လက်ရာတွေကို ဇူလီဟာ ခေါင်းတွေငုံ့ပြီးစားသည်။ သူမဟာ အခွင့်ထူးခံလူဘဲမလား။ ဒီအခိုက်အတန့်ကို သူမဟာ တန်ဖိုးထားရမည်လေ။
ယနေ့များလည်း ဇူလီဟာ အိပ်မပျော်ပါ။ သန်းခေါင်ကျော်သည်အထိ ပျံ့လွင့်နေသည့်အတွေးတွေ။ ထိုမိန်းမဟာရော အိပ်လို့များပျော်ရဲ့လား။ အခန်းထဲ မီးရောင်တော့မမြင်မိပါ။ သူမဆီကို ဖုန်းမဆက်တာဟာလည်း ၂ရက်ရှိပြီထင်။
ညနေကခူးလာခဲ့သည့် ကံ့ကော်ပန်းကလေး။ မနက်များကျ ကောင်းတော့မည်မထင်ပါ။ ဘယ်လိုစိတ်နဲ့များ ကံ့ကော်ကိုခူးလာခဲ့သည်မသိ။ ပေးဖို့ဆိုသည့်အတွေးဖြင့်လား။ ဘယ်သူ့ကိုလဲ။ သူမမေမေကိုလား ဒါမှမဟုတ် ဟိုမိန်းမကိုလား။ သေချာသည်ကတော့ ဒီပန်းဟာ သူမကိုယ်တိုင်အတွက်မဟုတ်။ ပန်းတွေကြိုက်ပေမယ့် ဇူလီဟာ ကိုယ်တိုင်ပန်းတွေမပန်ဖြစ်။
ဒေစီတွေ။ အတွေးထဲထပ်ဝင်လာသည့် ဒေစီတွေ။ ဒေစီတစ်ပွင့်ကို ထိုမိန်းမဟာ သူမ နားကြားသို့ညှပ်ပေးခဲ့ဖူးသည်လေ။ သူမ ဘာကြောင့်မငြင်းဆန်ခဲ့ရသနည်း။ သူမရဲ့ပုံဆွဲစာအုပ်ကြားမှာ ထိုဒေစီလေးဟာ ယခုချိန်ထိရှိနေဆဲ။ သူမ ဘာကြောင့်လွင့်မပစ်ခဲ့ရသနည်း။ လွင့်မပစ်ရက်ခဲ့တာဆို ပိုမှန်မယ်။ ဘာလို့လဲ။ ဘာကြောင့်လဲ။
ဒီနေ့ဟာ ဘာနေ့များလဲ။ သူမရဲ့အတွေးတွေဟာ ချုပ်ထိန်းမရအောင်ကို ဟိုဟိုဒီဒီ ပျံ့လွင့်လို့နေ၏။ အတွေးတွေရဲ့ စ လယ် ဆုံး ဟာ ထိုမိန်းမကြီးဖန်ဆင်းပေးခဲ့တဲ့အရာတွေချည်း။ သူမသည်လည်း တစ်နေ့ ထိုမိန်းမစိတ်ကြောင့် ရူးများသွားလေမလား။
မြို့ပြမီးရောင်တွေကြောင့် မှေးမှိန်ကုန်သည့်ကြယ်ရောင်တွေကိုကြည့်ပြီး ဒီညအိပ်ပျော်ဖို့ဆုတောင်းရသည်။ ပြီးတော့ သူမဟာ မိန်းမတစ်ယောက်ကြောင့် ရူးမသွားဖို့ကိုရော။
..............
ဇူလီအတွက် အကြိုက်ဆုံးမနက်စာဟာ ဈေးထဲကဒေါ်တင်လှရောင်းသည့်ခေါက်ဆွဲပြီးရင် စားတော်ပဲပြုတ်ကို ထမင်းပူပူ ပဲဆီစစ်စစ်ဖြင့် နှယ်ပြီးစားရသည်ပါဘဲ။ ပြီးရင် ရှမ်းပြည်ဘက်မှလာသည့် လက်ဖက်ရည်ကောင်းကောင်းလေး။ ဇူလီတို့အိမ်ဟာ မည်သည့်အခါမျှ စားသောက်ဖို့အတွက်လိုအပ်သည့်ကုန်ခြောက်များ ပြတ်လတ်သွားသည်မရှိပါ။ ဧရာဝတီဘက်မှ ဖေဖေ့အမျိုးတွေပို့သည့်ငါးခြောက်တွေ ပင်လယ်စာတွေဟာ ဇူလီတို့ဆီဘယ်တော့မှ မပြတ်တတ်။ ဖေဖေ့ရဲ့တပည့်တွေ အသိတွေလည်းပေါတော့ ပဲဆီစစ်စစ်တို့ နှမ်းဆီစစ်စစ်တို့ဆိုတာဟာလည်း ပြတ်သည်မရှိပါ။ တစ်ခါတာဝန်ကျခဲ့ဖူးသည့် ရှမ်းပြည်ဘက်မှလူတွေဆို လက်ဖက်ခြောက်ကောင်းတွေကိုယခုချိန်ထိ ပို့တုန်းရှိ၏။
ရှမ်းပြည်မြောက်ပိုင်းဟာလည်း အတော့်ကိုနေလို့ကောင်းသည့်အထဲပါသည်။ လမ်းတလျောက်မြင်တွေ့ရမယ့် လှေကားထစ်စိုက်ပျိုးရေးတွေ၊ ပြောင်းဖူးခင်းကြီးတွေ၊ ဆေးရွက်ကြီးခင်းတွေ၊ ကြံခင်းတွေ၊ လက်ဖက်ခင်းတွေ၊ ပဲရွက်ခင်းတွေ၊ သီပေါလမ်းကနေကြာရိုင်းတွေ၊ ခဏခဏအလည်သွားခဲ့သည့် ဂုတ်ထိပ်တံတား၊ နမ္မတူကျောက်မီးသွေးတွင်း၊ တိမ်ပင်လယ်၊ ရေပြာအိုင်၊ မယ်ဟုန်ဘန်ဘုံမြစ်၊ ဟိုင်းပုရေတံခွန်၊ တောင်ပေါ်ရှုခင်းတွေဟာ အဖိုးမဖြတ်နိုင်။ အခွင့်များရရင် အလည်တစ်ခါလောက်ထပ်ပြီးသွားချင်၏။
"ထမင်းကိုဇိမ်ခံပြီးစားနေတယ်"
"ပြီးပြီ"
ဒီလောက်ကောင်းသည့် ပဲပြုတ်ဆီဆမ်းကို ဇိမ်ခံပြီးမစားလို့ ဘယ်လိုများစားရမှာလဲ။
ဇူလီဟာ ပန်းကန်ကိုအရင်ဆေး၏။ ပြီးရင် မနက်ကဝယ်လာသည့်ငါးများကို ရေခဲသေတ္တာထဲသေချာထည့်သည်။
ဇူလီဟာ ငါးစားကြဖို့ကို ဟိုမိန်းမကိုရော ခေါ်ချင်ခဲ့တာဖြစ်၏။ သို့ပေမယ့် ဖုန်းဆက်ပြီးလဲမခေါ်ချင်။ သူတို့အိမ်ကျတော့လည်း သူမ မသွားချင်ပါ။ သို့ပေမယ့်လည်း ဒီလိုအတိုင်းကြီးဆက်သွားနေလို့လည်းမဖြစ်။
အမည်မှတ်မထားသည့်ဖုန်းနံပတ်တွေမြင်ပြီး ဇူလီစိတ်ဆင်းရဲသွားရသည်။ နံပတ်တွေဟာ ဘယ်သူ့ဟာတွေမှန်းမသဲကွဲ။ ထိုမိန်းမဆီတိုက်ရိုက်သွားဖို့သာ ဆုံးဖြတ်ရ၏။ မနက်က ဈေးသွားရင်းခူးလာခဲ့သည့် ကံ့ကော်ပွင့် ကိုယူသည်။ မေမေကတော့ သူမကို 'ထမင်းစားပြီးဆေးသွားသည့်လက်တောင် လမ်းမှာခြောက်တယ်' ဆိုပြီး အော်ကျန်နေခဲ့၏။
ထိုမိန်းမဟာ အမြဲအခန်းထဲဘဲနေတတ်သည်ထင်သည်။ ဇူလီရောက်သွားတော့ အန်တီမြသိမ့်သာ ရှိနေ၏။ ဟိုကလာမခေါ်ဘဲနဲ့တော့ သူ့အခန်းဆီ ဇူလီမသွားချင်ပါ။ ထို့ကြောင့် အိမ်ထဲခဏထိုင်နေ၏။
အိပ်ကပ်ထဲမှ မြည်လာသည့်ဖုန်း။ ရီရီထင်သည်။
"ဇူလီလား"
မဟုတ်ခဲ့။ ထိုမိန်းမပင်။
"အပေါ်တက်လာခဲ့လေ"
ထိုမိန်းမဟာ အမြဲအဲ့လိုချည်းဘဲ။
အခန်းရှေ့ရောက်တော့ အရင်ကလိုကြောက်စိတ်တွေရှိမနေပါ။ အနည်းငယ်ပေါ့။ ၂ချက်ခေါက်အပြီးမှာ ထိုမိန်းမဟာ တံခါးလာဖွင့်သည်။ ဒါဟာ ဒုတိယအကြိမ် ထိုမိန်းမရဲ့အခန်းသို့ ရောက်လာခြင်း။
"ဇူလီက အမြဲအချိန်ကိုက်ဘဲ။ အစ်မတောင် ဖုန်းဆက်ခေါ်တော့မလို့စဉ်းစားနေတာ"
ဇူလီ့အမြင်မှာ ထိုမိန်းမဟာ အမြဲတက်ကြွနေတတ်သည်။ အိပ်ရေးဝလို့များလား။ ဇူလီကတော့ သူ့ကြောင့်အိပ်ပျက်ညတွေများနေတာကို။
ဒီအခန်းဟာ အရင်တစ်ခါကလိုဘဲ ဘာမှမပြောင်းလဲ။ ဒေစီလေးတွေကလွဲရင်ပေါ့။ ယခုများတော့ သူကိုယ်တိုင်ပေးသွားသည့်ဒေစီလေး၂အိုးဟာ အပွင့်တွေဝေနေပြီရယ်။
အခန်းထဲမှာအတော်ကြာအောင်ထိ သူမတို့စကားမပြောဖြစ်ကြ။ အဆုံးမှာ ထိုမိန်းမဟာ ထရပ်ပြီး စာအုပ်စင်ဘက်သွားမွှေသည်။
"ကဲ ပြော။ ဇူလီက အကြောင်းမရှိဘဲနဲ့တော့ အစ်မဆီအလည်လာတတ်တဲ့လူမျိုးမဟုတ်ဘူး"
ထိုမိန်းမရဲ့အကြည့်တွေကို ဇူလီကမျက်နှာလွှဲပြီးတော့ စာအုပ်စင်ဘက်ကိုပိုပြီး အာရုံစိုက်ပြန်သည်။
"အစ်မ ငါးကြိုက်လား"
ရပ်တန့်သွားသည့် ထိုမိန်းမရဲ့လက်တွေ။
"ငါးလား"
ရှုံ့မဲ့သွားသည့်မျက်နှာကို ဇူလီ မြင်သည်။
"မကြိုက်ဘူးပေါ့"
ပြန်လည်လုပ်ရှားသွားသည့် လက်တွေ။
"မကြိုက်ဘူးရယ်လို့တော့မဟုတ်ပါဘူး။ ကြုံရင်တော့စားပါတယ်"
လိမ်ပြန်ပြီ။ ရုပ်ကရွံ့တွနေတာကို။
"ဒီနေ့ညနေ ငါးလေးစားကြမလို့ပါ။ ငါးကို ဆတ်လပ်ရွက်ရယ်၊ ပဲအနှစ်ရယ်၊ မုန့်ဖတ်ရယ်၊ ဝက်အူချောင်းတွေ၊ ကြက်ဥတွေ၊ ပင်လယ်စာတွေနဲ့စားတာလေ"
ဇူလီက စကားဆုံးရုံရှိသေး ထိုမိန်းမက လက်ကိုပိုက်ပြီး သူမဘက်လှည့်လာသည်။
"အမလေး ခေါက်ဆင့်ပလာတူးလို့ပြောရင်သိပါတယ်။ ကျွန်မကို တောသူမှတ်နေတာ"
ထိုစကားဟာ ဇူလီ့အတွက် ရယ်ရခက်ငိုရခက်။ တမင်မပြောတာမဟုတ်ခဲ့ရပါ သူမ တစ်ကယ် အဲ့အမည်ကိုမေ့နေလို့ နားလည်လွယ်အောင်ရော ထိုမိန်းမကြီးစားချင်လာအောင်ရော ပြောပြလိုက်တာဖြစ်၏။ (ဒေသအလိုက်အခေါ်အဝေါ်ကွဲကြပါတယ်)
"စားချင်လာအောင်ပြောပြတာပါ"
ဇူလီ့အပြောကို ထိုမိန်းမက ရယ်နေသည်။
"တွေ့ပြီ"
ခုနကတည်းကရှာနေသည့်စာအုပ်ကို ယခုမှတွေ့သည်ထင်။
"ဒီနားလာထိုင်။ အစ်မ မင်းကိုပြောပြချင်နေတာရှိလို့"
ထိုမိန်းမဟာ သူမနားကနေရာလွတ်ကိုပုတ်ပြသည်။
ဇူလီက နေရာမရွေ့။ ဒီနေရာထိုင်လည်း ဖြစ်နေတာကို။
"အို လာပါဆိုနေမှ ဘာဖြစ်နေသလဲ"
ပြောမရသည့်အဆုံးမှာ ထိုမိန်းမက ဇူလီ့လက်တွေကိုလာဆွဲတော့၏။
"ဘာကြောက်နေသလဲ။ အစ်မက ကိုက်မစားပါဘူးလို့ပြောထားတယ်လေ"
ထိုမိန်းမဟာ သူရှာတွေ့လာသည့်စာအုပ်ကို ဟိုလှန်ဒီလှန်အရင်လုပ်နေသည်။
"ဇူလီ့ကို ပုံပြင်တစ်ပုဒ်ပြောပြမယ်"
ကလေးကလားနဲ့ ဆိုသည့်စကားကို ဇူလီ့စိတ်ထဲ၌သာ မျိုသိပ်ရသည်။ သူမကို ကလေးလို့ မြင်နေတာတော့ မဟုတ်ဘူးမလား။
"ပန်းပဲဖိုငှက် ကို ဇူလီသိလား"
ဇူလီက ကြားဖူးပေမယ့် အကောင်ကိုတော့မသိ။ သူမြင်ဖူး ကြားဖူးသည့်ငှက်တွေဟာ များသည်လေ။
ခေါင်းသာခါပြရ၏။
"သူ့အသံက တိန် တိန် ဆိုပြီးမြည်တယ်လေ။ ပန်းပဲဖိုထဲက သတ္ထုတွေထုရိုက်သံလိုဘဲ"
ထပ်ပြီးခေါင်းခါပြတော့ ထိုမိန်းမက သက်ပြင်းချသည်။
ပုံပြင်တွေကို ဇူလီကြားဖူးပေမယ့် ယခုကတော့ မတူတော့။ အရမ်းလှသည့်အမျိုးသမီးဟာ သူမကိုစိတ်လိုလက်ရဖြင့် ပုံပြောပြနေတာလေ။ အနည်းငယ်ကလေးကလားဆန်ပေမယ့် ဇူလီကြိုက်၏။
"တိုင်းပြည်တစ်ခုမှာ ဘုရင်ကတောင်အားထားရတဲ့ ပန်းပဲပညာရှင်ကြီးရှိတယ်။ သူ့မှာအရမ်းလှတဲ့ သမီးပျိုလေးတစ်ယောက်လည်း ရှိတာပေါ့"
ထိုသမီးပျိုဟာ ယခုပုံပြောနေသည့်အမျိုးသမီးလောက် လှနိုင်ပါ့မလား။ ထိုမိန်းမရဲ့ပုံပြောနေတဲ့အသံက နားထဲကိုသကာရည်လောင်းလိုက်သလိုပင်။
“ချူလိုသူတွေပေါလွန်းပါတယ်”
ထုံးစံအတိုင်း လှပတဲ့သမီးပျိုလေးရထားသည့်ဖခင်ကတော့ သူ့သမီးကို ပေါပေါပဲပဲလူတွေနှင့်မပေးစားချင်တာကတော့ ထုံးစံပါပင်။ သို့ပေမယ့် သူမသေခင် သူ့ပညာကိုအမွေဆက်ခံဖို့လူလိုသလို၊ သူ့သမီးပျိုလေးကို ယုံကြည်အားကိုရသည့်လူလက်ထဲ ထည့်ပေးခဲ့ချင်၏။ ဒီတော့ ပန်းပဲဆရာက ကြံရတော့တာပေါ့။ သူ့လောက်နီးနီးလက်ရာမြောက်တဲ့ ပန်းပဲအနုပညာတစ်ခုကို ချပြနိူင်ရင် သူ့ရဲ့ပညာသင်တပည့်အဖြစ်လက်ခံမယ်ဆိုပြီး အရပ်တစ်ခွင်လှည့်ကာ ကြေငြာမောင်းခတ်စေခဲ့၏။ ပန်းပဲဆရာက သားမက်ရှာချင်တာမှန်း လူတွေကရိပ်မိတာပေါ့။ ထိုအချိန်တွင် ပန်းပဲဆရာဆီမှာမျက်နှာရချင်တဲ့လူတွေ ပန်းပဲဆရာသမီးကိုမျှော်ခွင့်ရချင်သည့် ယောက်ျားသားတွေဟာ တန်းစီကြတော့၏။
ထိုယောက်ျားတွေကို ဇူလီကရယ်ဘဲရယ်ချင်သည်။ ဒီစကားဟာ ပန်းပဲဆရာက အင်မတန်လက်ရည်ရှိတဲ့သူနဲ့ ယှဉ်ပြိုင်ဖို့ကို သွယ်ဝိုက်ပြီးဖိတ်ခေါ်လိုက်တာဘဲမလား။ မိုက်လိုက်တဲ့ယောက်ျားတွေ။
သေချာပေါက် ပန်းပဲဆရာကြီးဟာ သူ့လက်ရာကိုမှီတဲ့ပန်းပဲဆရာကို ဘယ်ရှာတွေ့ခဲ့ပါ့မလဲ။ ဖခင်တစ်ယောက်ရဲ့အတ္တဟာ ထိုနေရာမှာပေါ်လွင်လာသည်။ ငါ့သမီးကိုစောင့်ရှောက်နိုင်တာ ငါကအပြင်မရှိဘူး ဆိုသည့် အတ္တ။ သို့ပေမယ့် တစ်နေ့မှာတော့ ထိုပန်းပဲဆရာကြီးအိမ်ကို လုလင်ပျိုလေးတစ်ယောက်ဟာ နောက်ကျမှရောက်လာခဲ့သည်။ ပြိုင်ပွဲကာလပြီးသွားပြီမို့ ပြန်ဖို့ပြောခဲ့ပေမယ့် လုလင်ပျိုလေးဟာ သူ့လက်ရာကိုဆရာကသေချာပေါက်ကြိုက်နှစ်သက်မည်ဖြစ်ကြောင်း ယုံကြည်မူအပြည့်ဖြင့် ပြောပြခဲ့၏။ ဒီလောက်တောင်ယုံကြည်ချက်ရှိနေတဲ့လုလင်ပျိုကို ပန်းပဲဆရာက အခွင့်အရေးပေးခဲ့တာပေါ့။ လုလင်ပျိုဟာ ဆံချည်မျှင်လောက်သာရှိသည့် သံကလေးတစ်ချောင်းဖြင့် ထိုပွဲမှာအနိုင်ရခဲ့ပြီး ပန်းပဲဆရာဆီမှာ ပညာသင်ခွင့်ရခဲ့၏။ ထိုပညာသင်နေဆဲကာလမှာပင် သူဟာ မိန်းမပျိုလေးဖြင့် မေတ္တာမျှခဲ့သည်။
"အချစ်ငှက်လေးနှစ်ကောင်က ပျော်စရာအဆုံးသတ်ရလိမ့်မယ်လို့ ဇူလီထင်သလား"
ပုံပြင်တစ်ဝက်မှာတင် ထိုမိန်းမဟာ ထိုမေးခွန်းကြီးထမေးတော့၏။ ထင်ပါသည်။ ထိုမိန်းမဟာ သူမကိုတွေးစရာတွေအရမ်းပေးတတ်သည်လေ။ အခုလည်း ဒီပုံပြင်ဟာ ဇူလီ့အတွက်နောက်ထပ်အိမ်စာတစ်ပုဒ်ဘဲဖြစ်လိမ့်မည်။
"မညားသွားကြဘူးလား"
ထိုမိန်းမက ဇူလီ့ကိုဘာမှဖြေမသွားခဲ့ပါ။ ပုံပြင်ကိုသာဆက်ဖတ်ပြ၏။
တစ်နေ့မှာတော့ ပြည့်ရှင်မင်းဟာ တိုင်းခန်းလှည့်လည်ရင်း ပန်းပဲဆရာဆီဝင်လည်သည်။ မိန်းမပျိုလေးဟာလည်း ခစားရတာပေါ့။ လှတာလေးမှကြိုက်နှစ်သက်ပါတဲ့ ပြည့်ရှင်မင်းဟာလည်း ထိုမိန်းမပျိုကိုမြင်ပြီး တော်ကောက်ဖို့မိန့်တော်မူလိုက်ပါလေရော။ ပြည့်ရှင်မင်းရဲ့ တစ်သွေးတစ်သံတစ်မိန့် ဆိုတာ သိကြားမင်းကတောင် လွန်ဆန်လို့ရတဲ့အရာမျိုးမဟုတ်ခဲ့။ ထိုမိန်းမပျိုဟာ ဖခင်ကိုအားကိုးတကြီးကြည့်ခဲ့ပေမယ့် သူမရဲ့ဖခင်ဟာ သူမရဲ့အကြည့်တွေကိုပယ်ချခဲ့၏။ သူ့သမီးဟာ သူ့ထက်အဆတစ်ရာသာသည့်နေရာမှာ စံစားရမှာလေ။ မည်သို့သောမိဘမျိုးက သားသမီးချမ်းသာသည်ကို မမြင်ချင်ကြမည်နည်း။ ထို့ကြောင့် တော်ကောက်တော်မူမည့်အမိန့်ကို လက်ခံခဲ့၏။ ထိုခေတ်ကမိန်းမသားတွေမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ဆိုတာ လုံးဝရှိခဲ့ဟန်မတူ။ နှလုံးသားရေးရာကအစ။ ထောင့်နားလေးမှာအခစားဝင်နေသည့် သူ့ချစ်သူကိုတစ်လှည့်ပြန်ကြည့်ရင်း ထိုမိန်းမပျိုလေးဟာ ဘယ်လောက်တောင်ရင်ကွဲနေရှာမလဲ။ လုလင်ပျိုကရော ဘယ်လောက်တောင်ရင်ကွဲနေလိမ့်မလဲ။ ဘုရင့်အမိန့်ကိုလွန်ဆန်ရင် သူ့ခေါင်းဟာ မြေခရလိမ့်မည်။ ထို့အပြင် သူချစ်ခင်မြတ်နိုးရသည့် မိန်းမပျိုလေးဟာ ဆင်စီးမြင်းရံကာ ရွှေရောင်တောက်သည့်အရာတွေကြား စံစားရမည်ဖြစ်၏။ လုလင်ပျိုဟာ ထောင့်လေးမှာဘဲထိုင်ပြီး ဘုရင်ကိုမော့မကြည့်မိစေဖို့ဘဲသူတတ်နိုင်ခဲ့၏။
ကိုယ်မြတ်နိုးရသည့်လူကို အခြားလူတစ်ယောက်ကပိုင်ဆိုင်ခွင့်ရသွားသည့်အခါ လူတွေဟာ နှလုံးကွဲကြတော့၏။
လုလင်ပျိုဟာ ထိုမိန်းမပျိုကို နာမည်ကြားကတည်းကချစ်ကျွမ်းဝင်ခဲ့ရသူဖြစ်၏။ ဒါ့ကြောင့်လည်း သူဟာ ပန်းပဲဆရာကိုအနိုင်ရဖို့ နေ့မနားညမနားကြိုးစားခဲ့ရ၏။ ထိုမိန်းမပျိုလေးကိုတွေ့ရဖို့ မိုင်ထောင်ချီတဲ့ခရီးကို ဖြတ်သန်းလာခဲ့ရတာဖြစ်၏။
ဇူလီဟာ တွေးရင်း ချစ်ရသူနှစ်ဦးအတွက် ရင်တွေစို့လာသည်။ မတရားလိုက်သည့်လောကကြီး။
ချစ်ရသူနှစ်ဦးဟာ တစ်ဦးကိုတစ်ဦးလွမ်းဆွတ်တမ်းတစိတ်ကြောင့် စားမဝင် အိပ်မပျော်ခဲ့ကြ။ တစ်နေ့မှာတော့ ပြည့်ရှင်မင်းကြီးဟာ မှိုင်တွေနေတဲ့ဇနီးကိုပျော်ရွင်အောင်လုပ်ဖို့ဆိုပြီး ရတနာကိုးမျိုးဖြင့်စီခြယ်ထားသည့် နဝရတ်ကိုးကွင်းလက်စွပ်ကိုထုလုပ်ဖို့ ပန်းပဲဆရာကိုအမိန့်ပေးစေ၏။ ပန်းပဲဆရာဟာလည်း မှိုင်တွေနေတဲ့ လုလင်ပျိုကို ထိုလက်စွပ်ကိုထုလုပ်ဖို့ အခွင့်အရေးပေးခဲ့၏။ အမှန်တော့ ထိုပန်းပဲဆရာက သူ့အမှားတွေကိုပေးဆပ်ချင်ခဲ့တာ။ သူ့သမီးရော သူ့တပည့်ရောဟာ သူ့ကြောင့်မပျော်ရွင်ခဲ့ရဘူး။ သို့ပေမယ့်လည်း သူ့မှာရွေးစရာလမ်းမှမရှိခဲ့တာ။ လုလင်ပျိုဟာ လက်စွပ်ကိုထုလုပ်ဖို့ အစွမ်းကုန်ကြိုးစားသည်။ သူချစ်ရသည့်လူအတွက်လေ သူအစွမ်းကုန်ကြိုးစားပေးမှာပေါ့။ မပိုင်ဆိုင်ခဲ့ရပေမယ့်လည်း သူဟာနောက်ဆုံးအချိန်ထိ ထိုမိန်းမပျိုလေးကို ချစ်ခြင်းမေတ္တာတွေပေးဆဲဖြစ်၏။ လုလင်ပျိုဟာ လက်စွပ်ကိုထုလုပ်နေရင်းကနေ သူ့ရဲ့မိန်းမပျိုလေးကို သတိရလာသည်။
ဟော့ဒီ လက်ကလေးဟာ သူတစ်ချိန်ကမြတ်"နိုး" ဆုတ်ကိုင်ထွေးပွေ့ဖူးသည့်လက်
ထိုလက်စွပ်ကိုဝတ်ဆင်ထားမည့် လက်သွယ်သွယ်လေးတွေ.....
အလွမ်းရဲ့သိပ်သည်းဆဟာ ဘယ်လောက်ထိတောင်ကြီးမားသလဲဆို ထိုလုလင်ပျိုရဲ့အသက်ကို နှုတ်ယူသွားနိုင်သည်အထိ။
" လုလင်ပျိုဟာ သူချစ်ရတဲ့မိန်းမပျိုလေးကို တမ်းရင်းဆွေးရင်းကနေမှ ရင်ကွဲနာကျပြီး သေဆုံးသွားတော့သည်တဲ့”
ထိုမိန်းမရဲ့ နောက်ဆုံးစာကြောင်းမှာ ဇူလီ့ရင်ဟာ ဆစ် ကနဲနာသွား၏။
စာအုပ်ကို ဖိပိတ်လိုက်သည့်အသံ။
ထိုလုလင်ပျိုဟာ ချစ်ရသူအတွက်ထုလုပ်သည့်လက်စွပ်ကိုတောင် အပြီးသတ်မသွားနိုင်ခဲ့ပါဘူး။ ရက်စက်လိုက်တာ။ နောက်ဆုံးအချိန်ထိတောင် ပေးမပျော်ကြပါလား။
"အဲ့ဒီလုလင်ပျိုက လက်စွပ်ကိုစိတ်စွဲပြီး ပန်းပဲဖိုငှက်ဖြစ်လာတာဘဲ။ အခုချိန်ထိ လက်စွပ်ကိုကြိုးစားပမ်းစား ထုနေတုန်းတဲ့လေ"
ဒါဆို တိန် တိန် ဆိုသည့်အသံဟာ ပန်းပဲထုသံပေါ့။
အစွဲတွေများ ကြီးလိုက်တာ။
ဆရာလင်းညို ရဲ့စကားရှိတယ်လေ
"သေဆုံးခြင်းကလွတ်မြောက်ခြင်းဆို ဘယ့်နှယ်တစ္ဆေသရဲတွေရှိနေပါ့မလဲ
တစ်ကယ့်လွတ်မြောက်ခြင်းက ဘာကိုမှမစွဲလမ်းတော့ခြင်းဘဲ" တဲ့။
ထိုလုလင်ပျိုဟာ သေဆုံးသွားခဲ့ပေမယ့် စွဲလမ်းစိတ်ကြောင့် သူ့ဝိဉာဏ်ဟာ မလွတ်မြောက်ခဲ့ရ။ ငှက်ကလေးအဖြစ် ကျန်နေခဲ့သည်။
"ကျွန်မကြားဖူးသမျှပုံပြင်တွေထဲမှာ ဒီပုံပြင်ကနားထောင်လို့မကောင်းဆုံးဘဲ"
ဇူလီ ညာပြီးပြောတာမဟုတ်။ သူနားထောင်ဖူးသမျှပုံပြင်တွေထဲမှာ ဒီပုံပြင်က အဆုံးသတ်မကောင်းဆုံးဘဲ။
"ဘယ်လောက်ဘဲ ချစ်ခြင်းမေတ္တာတွေစစ်မှန်နေပါစေ ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ဆို ကံကစီမံပေးဖို့လိုသေးတယ် ဇူလီရဲ့"
ထိုမိန်းမဟာ ခုံကနေထပြီး မှန်ခုံရှေ့သွားရပ်သည်။ ရဲနေသည့်နှုတ်ခမ်းကိုဘဲ နှုတ်ခမ်းနီတွေထပ်သွားဆိုး၏။
ပုံစံကျနေသည့်ဆံပင်ထုံးကိုလည်း ထပ်ပြန်ပြီးထုံးဖို့ပြင်နေသလိုဘဲ။
ကံ့ကော်။
ဇူလီ့အတွေးထဲယခုမှဝင်လာသည့်ကံ့ကော်တွေ။ သွားပေးရမလား မပေးရဘူးလား။ သတ္တိမရဲဘူး။
အတွေးတွေဟာ လွန်ဆွဲနေတုန်း စာအဆိုတစ်ခုကိုသတိရသွားသည်။
'တစ်စုံတစ်ယောက်အတွက်ရည်ရွယ်ပြီးခူးလာခဲ့ရင် အခြားတစ်ယောက်ကိုပေးမပြစ်ရဘူး' တဲ့။
ထိုင်ရာကနေထပြီး ထိုမိန်းမထိုင်နေသည့်မှန်ခုံနားသွားရသည်။ ထိုမိန်းမဟာ အနားကပ်လာသည့်ဇူလီ့ကိုတောင်အာရုံထားမိရဲ့လား။
အိတ်ကပ်လေးထဲကကံ့ကော်ကိုထုတ်ပြီး စကားတစ်ခွန်းမဆိုဘဲ ထိုမိန်းမရဲ့မှန်ခုံပေါ်ချပေးလိုက်၏။ ထိုမိန်းမက ဒါကိုသတိထားမိသည်ထင်။ အနည်းငယ်ပြုံးသွား၏။ ကျေးဇူး ဆိုပြီးပြောလာခဲ့ပေမယ့် ဇူလီကတော့ ဘာမှပြန်မပြောမိလိုက်သလို ခေါင်းလည်းမငြိမ့်မိလိုက်။
ထိုမိန်းမဟာ လက်တစ်ဖက်ဖြင့် ဆံပင်ထုံးကိုကိုင်သည် ကျန်လက်တစ်ဖက်ကတော့ ကံ့ကော်ကိုကိုင်ပြီး ဆံထုံးမှာပန်ဖို့လုပ်၏။
အနီးကပ်မြင်လိုက်ရသည့် လည်တိုင်ကျော့ကျော့တွေ၊ လစ်ဟာသွားသည့် ခါးသိမ်သိမ်နားက အဝတ်စတွေ။
ဇူလီဟာ အခြားတစ်ဖက်ကိုလှည့်ပြီးမျက်နှာလွဲလိုက်ပေမယ့် နောက်ကျသွားခဲ့ပြီ။ ထိုလှပသည့်အရာတွေကို သူဟာ မြင်နှင့်ပြီးပြီ။
"ကံကခွဲရင် တစ်ကယ်ကွဲတယ်"
ထိုမိန်းမရဲ့ ခပ်တိုးတိုးအသံ။
ဒီမိန်းမဟာ ဘာကိုပြောချင်သည်လဲ။ သူ့ဘဝအကြောင်းလား။ သူ့ချစ်သူနှင့်သူ့အကြောင်းလား။
ထပ်ပြီး ဇူလီ့ကိုတွေးစရာတွေပေးပြန်ပြီ။
"ကဲ အစ်မတို့ငါးသွားစားကြရအောင်"
"ငါးကမလုပ်ရသေးဘူး။ လိုက်တော့မလို့လား"
"အင်းပေါ့"
လိုက်လာလို့လည်းမမှားပါလေ။ အိမ်မှာ သူ့အမေနှင့်စကားပြောလို့ရ၏။
ယနေ့တော့ ထိုမိန်းမဟာ သူမ လက်ကိုမဆွဲတော့ပါ။ ထီးပါလာခြင်းမို့ဖြစ်၏။ ဇူလီကအရပ်ရှည်တော့ ထီးကိုကိုင်ပေးရသည်။ ဇူလီ့လက်မောင်းလေးမှာ ထိုမိန်းမရဲ့လက်သွယ်သွယ်လေးတွေ။
ကံ့ကော်ပွင့်ကိုပန်ဆင်ထားသည့် ထိုမိန်းမဟာ လှရက်လိုက်လေခြင်း။ သူပေးသည့်ပန်း ဆိုတဲ့အသိကိုဝင်တော့ ဇူလီဟာ စိတ်ထဲမပျော်ဘဲကိုမနေနိုင်။
ဇူလီတို့အိမ်ကို ရီရီရောက်လာတော့ သူမှာလိုက်သည့် ဆလပ်ရွက်တွေပါလာသည်။ ဆိုဒါတစ်ဘူးရော။
ရီရီနှင့်သူမက မီးဖိုထဲနေ၍ ဟိုမိန်းမက မေမေနှင့်စကားပြောနေ၏။
"ဟဲ့ အဲ့တာဟိုမိန်းမကြီးမလား။ လှချက်အေ"
ရီရီဟာ သူမအနားကပ်လာပြီးတီးတိုးပြောသည်။
"သူ့ကိုဘာလို့ယောက်ျားတွေဝိုင်းကြိုက်ကြလဲ အခုမှသေချာသိတော့တယ်"
ဇူလီ့လို နေ့တိုင်းမြင်ရပြီး ပုံပြင်တွေပြောပြတာပါခံနေရရင် ရီရီဟာ ဘယ်လိုများနေမလဲ။
"မြန်မြန်လုပ်။ ဒီနေ့မစားရဘဲနေလိမ့်မယ်"
ရီရီက ငါးကိုင်တတ်သည်မို့ ငါးသာကိုင်၏။ ဇူလီက ငါးဖြင့်တွဲဖက်စားဖို့ ပဲအနှစ်ကိုလုပ်သည်။
အရင်ဆုံး ကြက်သွန်ဖြူသုံးလေးတက်၊ ငရုတ်သီးအနီ၅တောင့်ရယ် နံနံပင်အရိုးရယ်ကို မီးအေးအေးဖြင့်လှော်၏။ ပြီးရင် လှော်ထားပြီးသားမြေပဲကို အခွံအနီချွတ်ပြီး ကြိတ်စက်ထဲရောထည့်သည်။ ဆားအနည်းငယ်၊ အချိုမှုန့်၊ ကြက်သားမှုန့်ထည့်၊ ရေကိုတော့ မြေပဲရဲ့သုံးဆခန့်ထည့်ပြီး(မြေပဲကပျစ်လို့) ကြိတ်၏။ ဒါပြီးရင် ပဲအနှစ်းမွှေးမွှေးဆိမ့်ဆိမ့်လေးကိုရပါပြီ။ အချဉ်အတွက်တော့ သံပုရာသီးကိုသာသုံးကြမည်။
မုန့်ဖတ်ကို ရီရီကပြုတ်နေတုန်း ဇူလီက ခြံနောက်ကရေကန်ကြီးဆီသွားရသည်။ ဖရဲသီး သခွါးသီး မုန်လာဥအနီ သံပုရာသီး စသည်တွေကို ကန်ထဲထည့်စိမ်ထားခဲ့တာဖြစ်၏။
အိမ်အနောက်ဘက်ထွက်တော့ လေဟာ အေးကနဲ။ သစ်ပင်ကြီးတွေဆီမှ ပုစဉ်းအော်သံတွေ။
ဖရဲသီးရယ် သံပုရာသီးရယ် ဆိုဒါရယ်ကိုပေါင်းပြီး အချိုရည်လုပ်သည်။ ပြီးရင် အချိုတည်းဖို့သီးသန့် ဖရဲသီးကိုစိပ်ရ၏။ ဖရဲသီးအနံနှင့်အရသာချိုချိုအေးအေးလေးကို ဇူလီများ သိပ်ကြိုက်၏။
အခြားလိုအပ်သည့် ပင်လယ်စာများကိုကြော်ပြီးရင် ငါးကိုဆားပွတ်ပြီးကြော်သည်။ ရီရီကတော့ ဆီပေါက်လို့ဆိုပြီး အရူးလိုပြေးတော့၏။
"စားဖိုမှူးတွေက တော်သားဘဲ"
မီးဖိုတံခါးဝအနားကအသံဟာ ဇူလီတို့ကိုဆွဲဆောင်သွားသည်။
ဟိုမိန်းမကြီးရောက်လာသည်ဘဲ။
"ဇူလီ့အမေကလုပ်ကျွေးမယ်လို့ထင်ထားခဲ့တာ"
ထိုမိန်းမကြီးဝင်လာတော့ ရီရီဟာသူမကို လက်တို့နေသည်။ ပါးစပ်ကလည်းဘာတွေပြောနေသည်မသိ။
"ကျွန်မတို့ပြီးတော့မှာမို့ အပြင်မှာဘဲထိုင်စောင့်ပေးပါလား"
ယခု မီးဖိုခန်းဟာ အနည်းငယ်ညှီသည်။ ရှုပ်လဲရှုပ်နေ၏။
"အငယ်တွေချက်ကျွေးတာကိုထိုင်စားရမှာ တစ်မျိုးကြီးလားလို့"
ဒီမိန်းမဟာ ဘာမှလုပ်တတ်တာလည်းမရှိပါဘဲနဲ့။ အရွက်တွေရေဆေးခိုင်းရင်တောင် အရွက်ကသူ့ကို ရေပြန်ဆေးသွားမယ့်အမျိုး။
ဘယ်လိုမောင်းမောင်း ထိုမိန်းမကမပြန်။ အဆုံးမှာ ဇူလီတို့ကဘဲအရှုံးပေးရ၏။ ထိုမိန်းမဟာ ထမင်းစားခုံမှာထိုင်ပြီး ဇူလီနှင့်ရီရီကိုစကားတွေတပြောပြောရှိနေသည်။
အကုန်စုံလို့စားကြသည့်အခါ တစ်ကယ်ထိုမိန်းမဟာ ငါးမကြိုက်ပါ။ တူကိုကိုင်ပြီး တို့ကာထိကာသာနေ၏။ အခြားဟာတွေတော့ မဆိုသလောက်စားသည်။
ဇူလီဟာ အားနာလာသလို။ ထရပ်ပြီး မီးဖိုဘက်သွားရ၏။ မုန့်ဖတ်အနည်းငယ်ကိုယူ၊ ပဲအနှစ်ရယ်ကိုယူပြီး ဆားထည့် သံပုရာရည်ညှစ်ကာ အဲ့မိန်းမကြီးစားဖို့ သုပ်ပေးရသည်။
မုန့်ဖတ်ခွက်ကို သူ့ရှေ့ချပေးတော့ ထိုမိန်းမဟာ ဇူလီ့ကိုအံ့ဩတကြီးမော့ကြည့်လာ၏။
ဒီဟာကိုတော့ အဲ့မိန်းမကြီးစားသည်။ သို့ပေမယ့် နံနံပင်တွေကိုတော့ ရွေးဖယ်နေ၏။
"ပဲနှစ်ကဆိမ့်နေတာဘဲ။ နင်ဘယ်ကတတ်လာတာလဲ"
ရီရီဟာ စားနေရင်းကနေ ဇူလီ့ကိုမေးသည်။
"ရှမ်းပြည်မှာနေတုန်းက ရှမ်းတရုတ်အဘွားကြီးသင်ပေးတာ"
ဇူလီဟာ ရှက်တတ်ပြီးလူမရဲပေမယ့် ဇူလီ့ကိုချစ်တဲ့လူကတော့ပေါ၏။ ထိုတရုတ်အဘွားကြီး(ရှမ်းတရုတ်)ဆိုင်ကို ဇူလီအမြဲသွားစားတတ်သည်။ ထိုအဘွားကြီးက ဗမာစကားကိုမပီတပီဖြင့် ဇူလီ့ကိုအမြဲစကားပြောဖို့ကြိုးစားတတ်၏။ သူ့ဆိုင်ကလက်ရာကောင်းလို့ ချက်နည်းတွေစပ်စုတာမြင်ပြီး ဟင်းချက်နည်းတွေသင်ပေးခဲ့တာဖြစ်၏၊ ဇူလီတို့နယ်ပြောင်းရတော့ သူမကိုသတိရနေတော့မှာဆိုပြီး မပီတပီပြောခဲ့တာကို မှတ်မိသေးရဲ့။
ပဲအနှစ်ထဲကငရုတ်သီးဟာ ထိုမိန်းမအဖို့ စပ်သည်ထင်သည်။ တရှုး"တရှဲရှဲဖြင့် လုပ်နေပြီး လျှာကိုလက်ဖြင့်ယပ်ခတ်နေ၏။ ထိုမိန်းမရဲ့အစပ်စားနိူင်စွမ်းဟာ တစ်ကယ်ညံ့ပါသည်။ ဒီလောက်စပ်တာတောင် ရှေ့ရှိဆိုဒါခွက်ကိုလှမ်းမယူတော့ ဇူလီနောက်တစ်မျိုးသိလာပြန်သည်။ ထိုမိန်းမဟာ ဆိုဒါ မကြိုက်ပါ။ အချိုရည်မကြိုက်တာဆိုရင်ပိုမှန်လိမ့်မည်။ မီးဖိုထဲထပ်ဝင်ပြီး သံပုရာရည်ထပ်ဖျော်ရသည်။ သကြားကိုဇွန်းတစ်ဇွန်းသာထည့်ပြီး အချဥ်ဓာတ်ထိန်းဖို့ ဆားအနည်းငယ်ကိုပါထည့်၏။ အိမ်အနောက်မှာအိုးဖြင့်ပျိုးထားသည့် ပူစီနံရွက်ကိုပါပြေးခူးရသည်။ သံပုရာရည်ချပေးတော့ ထိုမိန်းမဟာ ပြုံးပြပြီး ကျေးဇူး ဟုအသံတိုးတိုးဖြင့်ပြောလာ၏။
စားပြီးသောက်ပြီးကျတော့ စကားဝိုင်းပြောကြသည်။ ရီရီက စကားသွက်သူမို့ မေမေရယ် ဟိုမိန်းမရယ်ပါသည့်စကားဝိုင်းမှာ သူဝင်ဆံ့၏။ ဇူလီကတော့ အမြဲနားထောင်သူသက်သက်ပါပင်။
ဇူလီ့ရှေ့ကမိန်းမဟာ ဇူလီပေးထားသည့်ကံ့ကော်ကို လက်ဖြင့်ခဏခဏ စမ်းနေသည်။
"ကောင်းကောင်းပြန်နော်။ အဆင်တွေမငမ်းနဲ့"
စက်ဘီးပေါ်တက်နေသည့်ရီရီ့ကို ဇူလီဟာနူတ်ဆက်သည်။
"သင်္ကြန်ရောက်တော့မှာ သိတယ်မလား"
ဇူလီသိတာပေါ့။
"ရေကစားဖို့ ငါနင့်ကိုလာခေါ်မယ်"
ဇူလီ ပျော်ဖြစ်ပါ့မလားမသေချာ။ ခါတိုင်းသင်္ကြန်ဆို သူက အိမ်ထဲ၌သာအနေများသည်လေ။
အိမ်ထဲဝင်တော့ ဇူလီဟာ ခုံမှာ ဟိုမိန်းမကိုသာတွေ့ရ၏။ ပျောက်သွားသည့်ဖန်ခွက်တွေကိုကြည့်ပြီး သူမမေမေဟာ မီးဖိုထဲဝင်သွားမှန်းသိရသည်။
"ဇူလီက လက်ဆိပ်ရှိတာဘဲနော်"
ဇူလီ့ရဲ့ဟင်းချက်လက်ရာကိုချီးကျူးနေမှန်း ဇူလီသိ၏။ ဇူလီက ဘာဟင်းချက်ချက် အရသာရှိပြီး ဘာပင်စိုက်စိုက် ရှင်သန်လာတတ်သည်လေ။
"အစ်မ ပြန်သင့်ပြီလို့ထင်တယ်"
ထိုမိန်းမက ထလာတော့ ဇူလီက အိမ်ရှေ့နားထိလိုက်ပို့ဖို့ပြင်ရသည်။
"ကလေးတွေဆီ ဘယ်ချိန်ထပ်သွားမှာလဲ"
ဇူလီမေးတော့ ထိုမိန်းမဟာ လှည့်လာသည်။
"အစ်မကတော့ တစ်လတစ်ခါသွားဖြစ်အောင်သွားတာဘဲ။ ဇူလီလိုက်ချင်လို့လား"
ဇူလီဟာမဖြေ။ မျက်လွှာကိုသာချသွား၏။ သို့ပေမယ့် ထိုမိန်းမကတော့ အဖြေကိုသိသည်။
"သင်္ကြန်ကျ သွားကြတာပေါ့"
ထိုမိန်းမဟာ ပြောပြောဆိုဆိုဖြင့် ဇူလီရဲ့ပန်းအိုးတွေနားသွားနေသည်။ ပြီးရင် ဒေစီတစ်ပွင့်ကိုချိုးပြီး ဇူလီ့ကိုပန်ပေးလာ၏။ နားရွက်ကိုထိသွားသည့်လက်သွယ်သွယ်တွေဟာ ဇူလီ့ကိုကြက်သီးထစေသည်။
"ဇူလီရဲ့နားရွက်ထိပ်ကလေးမှာ မှဲ့လေးရှိနေတာကိုသိလား"
ထိုမိန်းမက တိုးတိုးကလေးပြောတော့ ဇူလီက သူ့နားရွက်သူ ကိုင်ကြည့်သည်။
ထိုမိန်းမရဲ့ ခပ်တိုးတိုးရယ်သံတွေ။
နားမှာမှဲ့ရှိတယ်လို့ အရင်ကလည်းကြားဖူးပေမယ့် ဇူလီကအရေးသိပ်မစိုက်ခဲ့။
"ပြန်ပြီနော်။ အစ်မ ပျင်းရင် ဖုန်းဆက်လိုက်မယ်"
ဘာလဲ။ ဒီမိန်းမ။ ထိုမိန်းမဟာ သူ့အိမ်ကပန်းကိုချိုးပြီး သူ့ကိုပြန်ပေးသွားသည်တဲ့။
ဝေးသွားပြီဖြစ်သည့် နောက်ကျောပြင်ကိုကြည့်ပြီး စိတ်ထဲမှာတစ်ခုခုဟာ လစ်ဟာသွားသလို။ အိမ်ထဲပြန်ဝင်ဖို့လှည့်တော့ မေမေဟာ သူမကိုရပ်ကြည့်နေသည်ဖြင့်တိုးသည်။ ဘာရယ်မဟုတ် ဇူလီ့စိတ်ထဲအနည်းငယ်စိုးထိတ်မိသွား၏။
"လှတပတနဲ့ သဘောကလည်းကောင်းရှာပါတယ်အေ"
ဇူလီ့မေမေလည်း ထိုမိန်းမရဲ့နောက်ကျောကိုကြည့်ပြီးပြောလာရှာသည်။ မေမေဟာ အိမ်ထဲဝင်ခါနီးလည်း စကားတစ်ခွန်းပြောသွား၏။
"အတိတ်ကအမဲစက်ကြီးကျန်နေခဲ့တာတော့ ကံဆိုးတာဘဲ" တဲ့။
ဇူလီရဲ့သိချင်စိတ်တွေဟာထိန်းမရတော့။ သို့ပေမယ့်လည်း သူ စပ်မစုချင်။ အတင်းတွေသတင်းတွေအားလုံးဟာ သိတိုင်းလည်းကောင်းတာမဟုတ်။ ပြီးတော့ အဲ့ဒီမိန်းမရဲ့ဇာတ်လမ်းအစစ်အမှန်ကို အဲ့မိန်းမကလွဲရင် ဘယ်သူကသေချာသိနိုင်မှာလဲ။ ထိုမိန်းမကပါးစပ်ကထွက်လာသည့်တချို့အကြောင်းအရာတွေမှာ သူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းပါဝင်နေတယ်ဆိုတာ ဇူလီခံစားမိ၏။ ထိုမိန်းမဟာ သူမ၏ဘဝအကြောင်းများကို ပုံပြင်တွေနဲ့ရောပြီး အဖြေရှာခိုင်းနေတယ်လို့ထင်သည်။
"တို့သားအမိတွေ ညစာဘာဟင်းစားကြမလဲဝေ့"
မိခင်ဖြစ်သူနောက်သို့သာ ဇူလီလိုက်နေပေမယ့် စိတ်တွေကအဲ့မှာရှိမနေ။ ထိုမိန်းမကြီးနောက်သို့သာပါသွား၏။ ထိုမိန်းမဟာ စာသမားမို့ စာတွေဖြင့်သာစကားပြောသည်ဘဲ။ ဇူလီ ထိုမိန်းမရဲ့ဉာဏ်ကောင်းပုံကိုတွေးမိပြီး ချီးမကျူးဘဲမနေနိူင်။ နောက်များကျသူ့ကိုဘယ်လိုတွေပြောပြအုံးမလဲဆိုတာကိုလည်း မတွေးဘဲမနေနိုင်။
"ခရမ်းသီးဘဲနှပ်ပေးပါ။ သမီးကြိုက်တယ်"
...............
ညအမှောင်ယံဆိုတာ လူတစ်ယောက်ကိုဆွေးမြေ့သတိရဖို့ သိပ်ကိုဆော်နိုး၏။ အမှောင်ယံထဲမှတိတ်ဆိတ်မူဟာ လူတွေကို အတွေးမျိုးစုံပေးနိုင်သည်။
နေ့ခင်းကတိမ်တွေကင်းစင်းခဲ့သမျှ ညရောက်တော့မိုးသားမဲမဲတွေတလှိမ့်လှိမ့်တက်လာသည်။ လက်ခနဲဖြစ်သွားသည့်ပတ်ဝန်းကျင်။ လျှပ်စီးလက်သွားသည်ဘဲ။ မိုးတစ်ချက်ခြိန်းသံအပြီး အမှောင်ကျသွားသည့် မြို့ပြအလင်းရောင်တွေ။
လက်ညိုးထိပ်ကလေးဖြင့် ဆော့ကစားခံနေရသည့်ကံ့ကော်ပန်းကလေး။
လျှပ်စီးတစ်ချက်လက်သွားတိုင်း အမျိုးသမီးတစ်ယောက်ရဲ့အသက်မဲ့နေသည့်မျက်နှာဟာ အလင်းတွေထဲပေါ်လာနေသည်။
ဓာတ်ပြားဆီမှ ကျယ်လောင်စွာထွက်ပေါ်လာသည့် စန္တာယားသံအချို့။
"အစ်မစိမ်းညို့ညို့ကို ကျွန်တော်ချစ်လို့"
မိုးချုန်းသံကြီးရဲ့အနောက်မှာ တစ်စုံတစ်ယောက်ရဲ့စကားသံဟာ လိုက်ပါလာ၏။
"မောင် လို့ဘဲခေါ်ပါဗျာ။ အဲ့လိုအခေါ်ခံရတာလေး ကျွန်တော်သိပ်ကြိုက်တယ်ဗျ"
ဟင့်အင်း သူ့အတွေးတွေထဲဝင်မလာစမ်းနဲ့။ ထွက်သွားစမ်း။
လက်ထဲမှကံ့ကော်ဟာ ကြမ်းပြင်ပေါ်ပြုတ်ကျသည်။
အပြေးသွားပိတ်ရသည့် သံစဉ်ကလေးတွေ။ အခုချိန်များ သူမ နားမထောင်ရဲပါဘူး။
ဓာတ်ပြားဆီမှ သီချင်းတွေနားထောင်မိတိုင်း ပေါ်လာတတ်သည့် မျက်နှာကို သူမ မုန်းသည်။ အလကား လေလုံးကြီးသည့်ကောင်၊ သရဲဘောကြောင်သည့်ကောင်၊ အသုံးတစ်စက်မှမကျသည့်ကောင်။ မုန်းလွန်းလို့၊ နာကျည်းလွန်းလို့။
စိတ်လိုလက်ရဖြင့်ထုခွဲပြစ်ချင်လာသည့် ဓာတ်ပြားတွေ။ ခြေဖြင့်နှင်းချေချင်လာသည့် ကံ့ကော်တွေ။
ဟင့်အင်း မဖြစ်ဘူး။ ထိုပန်းဟာ တစ်စုံတစ်ယောက်က သူမကို ပန်ဆင်စေချင်သည့်စိတ်ဆန္ဒဖြင့် အမြတ်တနိုးပေးခဲ့သည့်ပန်း။
ထိုပန်းကို ပြန်လည်ကောက်ယူသည်။ အသိများကို တစ်ဖန်ပြန်စုစည်းပြီး မိုက်မဲတာတွေမလုပ်ဖို့ သတိပေးရ၏။
သူမဟာ အတိတ်ကိုလုံးလုံးကြီးမေ့ပြစ်ဖို့ကြိုးစားရအုံးမည်။ လွန်ခဲ့ပြီဖြစ်သော နှစ်များမှာလည်း သူမဟာ မေ့ဖို့ကြိုးစားခဲ့ဖူးပြီးပြီဘဲ။
အချိန်အခါမဟုတ် ရွာချလာသည့်မိုးတွေ။
ယခုအချိန်များဆို တစ်စုံတစ်ယောက်ဟာ စောင်ထဲကွေးကွေးကလေးအိပ်ပျော်နေတော့မှာဘဲ။
သူမကတော့ အိပ်ပျော်ဖို့ရာ ဆေးတစ်လုံးကိုသွားမျိုချရသည်။
အိပ်ပျော်လိုက်စမ်းပါ။ အတိတ်တွေအားလုံးကိုမေ့ပြစ်သွားသည်အထိ။
နွေမှာရွာသည့်မိုး။ တဂျိန်း ဂျိန်းဖြင့် ကျယ်လောင်လှသည့် မိုးချုန်းသံတွေ။ တပ်ပျက်သွားပြီဖြစ်သည့် ဓာတ်ပြားစက်ဆီမှ စန္တာယားသံလေးများ။
ထိုညမှာပင် ဇူလီဟာ ဘဝရဲ့အဆိုးဆုံးအိမ်မက်ကိုမက်ခဲ့၏။
သူမဟာ တစ်စုံတစ်ယောက်ရဲ့ခါးသိမ်သိမ်ကလေးကိုပွေ့ဖက်ပြီး ခဏတာမြင်ခဲ့ဖူးသည့်လည်တိုင်ကျော့ကျော့ကို အားရပါးရနမ်းရှိုက်နေခဲ့သည်တဲ့။
..................
ဆက်ရန်
ဒီထဲထည့်ရေးထားတဲ့ ပန်းပဲဖိုငှက် ပုံပြင်က ဖတ်ထားတာကြာပြီ။ ပြီးတော့ သူ့ရာဇဝင်ကလည်း အမျိုးမျိုးကွဲကြတယ်။ ဒါကတော့ ကိုယ်ဖတ်ထားတဲ့ဟာကိုကိုယ့်အမြင်လေးနဲ့ရေးလိုက်တာ။ စာဖတ်သူတွေထဲကသိတဲ့လူ ဖတ်ဖူးတဲ့လူ ရှိရင် ကောမန့်ချန်သွားလို့ရပါတယ်။ သူ့အမြင်ကိုယ့်အမြင်မျှဝေပြီး ဗဟုသုတယူလို့ရတာပေါ့။