ဆိုင်မှာ အရမ်းညနက်တဲ့အထိ မနေဖူးတာကြောင့် ညဘက်ရဲ့
မြင်ကွင်းတွေကို ကျွန်မ မမြင်ဖူးဘူး ။ ဒါပေမယ့် ကာရန်ချိုရဲ့ စကားအတိုင်း ပြောင်းလာခဲ့ပြီးတဲ့
အချိန်မှာတော့ အမှောင်ဘက်ခြမ်းက အလှအပတွေကို မြင်နိုင်လာတယ် ။
အိမ်တိုင်းရှေ့မှာ မီးတိုင်တွေ ရှိပြီး တစ်ချို့အိမ်တွေကျတော့
အလှမီးလုံးလေးတွေကို ချိတ်ဆွဲထားတာ ။ မမြင်မိတဲ့ ခြံစည်းရိုးက အဖြူရောင်သစ်သားပြားတွေပေါ်မှာ
ရစ်နွယ်ထားတဲ့ မီးလုံးအသေးလေးတွေကိုလည်း တွေ့ရတယ် ။ အဲဒါတွေက ကာရန်လုပ်ထားတာပါတဲ့လေ
။
ဖုန်းထဲက ဇာတ်လမ်းကို ကြည့်နေတုန်း မှန်တံခါးကို
လာခေါက်တဲ့အသံကို ကြားရတယ် ။ ကာရန်ချိုက
laptop တစ်လုံးကို တစ်ဖက်က ပိုက်ပြီး ကျန်တစ်ဖက်မှာတော့ အားသွင်းကြိုးတွေနဲ့
ဘာတွေ ထည့်ထားမှန်းမသိတဲ့ အိတ်တစ်အိတ်ကိုလည်း တွေ့ရတယ် ။
" ဘာလဲ ဒီအချိန်ကြီး "
" ရုပ်ရှင်ကြည့်ရအောင် "
ဘာတွေမှန်းမသိတဲ့ အိတ်ကြီးထဲမှာ အချိုရည်တွေနဲ့
မုန့်တော်တော်များများပါလာတာ ။ တစ်ယောက်တည်းဆိုလည်း အိပ်ရတော့မယ့် အတူတူ သူနဲ့အတူ အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်တယ် ။ ညဘက်ဖြစ်နေတာကြောင့်လား
မသိပေမယ့် ဘေးနားက ကပ်ပါလာတဲ့ ကာရန်ချိုဆီကနေ ပန်းရနံ့တွေက ရနေကျထက်ပိုလို့ မွေးပျံ့နေတယ်
။
" ဘာကြည့်မှာလဲ "
" လရောင် ကြည့်ချင်တာ ရှိလား "
" မရှိဘူး "
" ကာရန့်မှာ ရှိတယ် "
သူ့သဘောနဲ့သူ ရွေးလာတဲ့ ဇာတ်လမ်းကို နှုတ်ကနေ
ရွတ်ပြပြီး laptop ကို ကြိုးတွေနဲ့ ချိတ်နေပြန်တယ် ။ ကျွန်မကတော့ သူလုပ်သမျှ ငြိမ်ငြိမ်လေး
ထိုင်ကြည့်နေရုံပဲ ။ ဇာတ်ကားကို ဖွင့်ပြီးတော့လည်း ငြိမ်ငြိမ်မထိုင်သေးဘဲ မီးဖိုခန်းထဲကို
ဝင်သွားသေးတယ် ။
" ရော့ "
ဇာတ်ကားစတင်ခါစလေးမှာ အငွေ့တထောင်းထောင်းနဲ့ နွားနို့ခွက်က
ကျွန်မရဲ့ ရှေ့ကို ရောက်လာတယ် ။
" ဘာလဲ ကော်ဖီလဲ မဟုတ်ဘူး "
" ကော်ဖီတွေ လက်ဖက်ရည်တွေ သောက်ရင် အိပ်မပျော်မှာစိုးလို့
"
ဇာတ်လမ်းက စနေပြီမို့ သူ့လက်ထဲက ပူပူနွေးနွေးနွားနို့ခွက်ကို
ယူလိုက်တယ် ။ သူက ကျွန်မနဲ့ ခပ်ခွာခွာမှာ ထိုင်ပြီး မုန့်ထုပ်တွေကို ဖောက်ပေးတယ် ။
မကြာခင်မှာပဲ လျှပ်စစ်မီးတွေက ဖြတ်တောက်ခံလိုက်ရတယ်
။ ပြင်ဦးလွင်မှာ နေရင်း မီးပျက်တာ ပထမဆုံးဖြစ်တာကြောင့် ထိတ်ခနဲ ဖြစ်သွားတယ် ။ ကာရန်ချိုကတော့
ဘေးဘီကို ဝေ့ကြည့်ရင်း ဖုန်းမီးကို ကောက်ဖွင့်တယ် ။
" လရောင် ခဏလေးနော် "
" နေရဲလား "
ထထွက်မသွားခင်ကို ကျွန်မကို စိတ်မဖြောင့်ဘဲ လှည့်မေးတယ်
။ ခေါင်းငြိမ့်ပြလိုက်ပေမယ့် မဖြစ်သေးပါဘူးဆိုပြီး တစ်ယောက်တည်း ရေရွတ်လို့ ကျွန်မရဲ့
လက်ကို ဆက်ခနဲ ကောက်ဆွဲတယ် ။
" ဖယောင်းတိုင်က ကာရန့်အခန်းထဲမှာ ၊ လရောင်ကို
တစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချလို့ "
" ရှင် မသွားရဲလို့ ခေါ်တာမဟုတ်ဘူးလား
"
" အဟား ကာရန်က ဒီအိမ်မှာမွေးပြီး ဒီအိမ်မှာပဲ
ကြီးတာပါနော် ၊ ကျန်တဲ့ နေရာ ကြောက်ရင်တောင် ကိုယ့်အိမ်ကိုယ်တော့ မကြောက်ဘူး
"
ကာရန်ချိုရဲ့ တုံ့ပြန်စကားကို ဟက်ခနဲ ရယ်ချလိုက်မိတယ်
။ သတိထားမိတဲ့အချိန်မှာ လှေကားထိပ်ကို ရောက်နေပြီ ။ ကျွန်မရဲ့ လက်ကိုတော့ မလွှတ်သေးဘူး
။ တစ်ခါမှ မရောက်ဖူးတဲ့ အပေါ်ထပ်က အမှောင်ထဲမှာလည်း အတော်ရှင်းလင်းနေမယ်ဆိုတာကို ခံစားမိပါရဲ့
။
ဖုန်းမီးရဲ့ အလင်းရောင်က သူညွှန်တဲ့နေရာကိုပဲ
ရောက်တာကြောင့် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရပေမယ့် တစ်ချက်တစ်ချက်တော့ မြင်နေရသေးတယ်
။ ဖျက်ခနဲ မြင်လိုက်ရတဲ့ မိသားစုဓာတ်ပုံလို့ ထင်ရတဲ့ ပုံကြီးတစ်ခုကို ကြည့်နေရင်း မီးရောင်က
နေရာပြောင်းသွားပြန်တယ် ။ မသဲကွဲပေမယ့် လူလေးယောက်ကိုတော့ မြင်လိုက်ရတယ် ။
" ရပြီ ၊ အခန်းထဲ သွားစရာမလိုတော့ဘူး
"
ချိတ်ထားတဲ့ ဖယောင်းတိုင်ထုပ်ကို ဖြုတ်ယူပြီး
အောက်ကို ဆင်းလာတဲ့အထိ ကာရန်ချိုက ကျွန်မရဲ့ လက်ကို မလွှတ်သေးဘူး ။
" ခဏထိုင်ရအောင် "
အောက်ကို ရောက်လာပေမယ့် အခန်းထဲကို မဝင်ဘဲ ခြံထဲက
ခုံတန်းဆီကို ဆွဲခေါ်လာတယ် ။ ဖယောင်းတိုင်ထုပ်ကို ဘေးချပြီး ကောင်းကင်ကို လက်ညိုးထိုးပြတယ်
။ သူ့ကို ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ တရားခံကို တွေ့လိုက်ရတယ် ။ ဝိုင်းစက်နေတဲ့ လပြည့်ဝန်းပဲ
။
မီးရောင်တွေ မရှိတာကြောင့် ကောင်းကင်ဆီက တဖိတ်ဖိတ်တောက်နေတဲ့
ကြယ်တွေကိုပါ မြင်နေရတယ် ။
" လှတယ်မဟုတ်လား "
အနီးအနားမှာ ရှိတဲ့ အလှဆုံးအရာဆို သူပဲ ရှိမှာ
။ သူကတော့ ထိန်ထိန်သာနေတဲ့ လမင်းကို ပြောတဲ့ပုံပါပဲ ။ ဒူးနှစ်ဖက်ကို ပိုက်ပြီး ကောင်းကင်ကို
မော့ကြည့်နေတဲ့ ကာရန့်ကို ငေးရင်း ကျွန်မရဲ့ အသိစိတ်တွေက တစ်ခုခုဆီ ဆွဲညှို့ခံလိုက်ရသလို
သူ့ဆီက အကြည့်မလွှဲနိုင်တော့ဘူး ။ လရောင် ထင်ဟပ်နေတဲ့ အပြုံးနုနုက မှောင်မိုက်နေတဲ့
ညအချိန်မှာတောင် နေခပ်စစသာနေတဲ့ ပတ်ဝန်းကျင်တစ်ခုလို အလင်းမှိန်မှိန်ကို မြင်နေရသလို
ခံစားရစေတယ် ။
" ကာရန်က မီးပျက်တဲ့ ညတွေဆို ဒီလို ထွက်ထိုင်နေတတ်တယ်
"
" မကြောက်ဘူးလား "
" အဲဒီအချိန်တွေတုန်းကတော့ နည်းနည်းကြောက်ခဲ့မယ်
ထင်တယ် ၊ ဒါပေမယ့် တစ်ယောက်တည်း ဖြစ်နေရတာထက် ကြောက်ဖို့ကောင်းတာ ဘာမှမရှိတော့ဘူးလို့
တွေးပြီး ထိုင်နေလိုက်တာ "
ကာရန်ချိုက တစ်ယောက်တည်း နေနေရတာကို သိပေမယ့်
အကြောင်းအရင်းကို ကျွန်မ မသိသလို မေးလည်း မမေးဖူးဘူး ။ ကိုယ်သိချင်တဲ့ အရာတစ်ခုက လူတစ်ယောက်ရဲ့
ဒဏ်ရာတွေလည်း ဖြစ်နေနိုင်တယ် မဟုတ်လား ။ အချိန်တွေ ကြာလာတာနဲ့အမျှ သိလာရတာက သူ့မှာလည်း
ဖုံးကွယ်ထားတဲ့အရာတွေ ရှိနေသေးတယ်ဆိုတာပါပဲ ။
" အခုကရော "
ကာရန်ချိုက ကျွန်မကို ဖျက်ခနဲ လှည့်ကြည့်တယ် ။
သူ့ရဲ့ မျက်ဝန်းတွေက ပုံမှန်အချိန်တွေလို နွေးထွေးမှုကို ပေးနေတုန်းပဲ ။ ပြီးတော့ မဖြုတ်ရသေးတဲ့
တွဲလက်တွေကို သူက ငုံ့ကြည့်တယ် ။
" လူတစ်ယောက် ရှိနေရင် ကြောက်ဖို့မကောင်းတော့ဘူး
"
ကာရန်ချို ပြောတဲ့ လူတစ်ယောက်ဆိုတာ ကျွန်မပဲ ။
ပြီးတော့ အဲဒီနေရာမှာ အချိန်အကြာကြီး ရှိနေချင်စိတ်တွေ ။
တဖြေးဖြေးချင်းနဲ့ .... ။
တစ်ရစ်ချင်းနဲ့ .... ။
ကျွန်မ စိတ်ထဲက နေရာတစ်ခုမှာ ကာရန်ချိုက ပိုင်စိုးပိုင်နင်းနဲ့
ဝင်ရောက်နေခဲ့ပြီဖြစ်ကြောင်းကိုလည်း မတတ်သာဘဲ လက်ခံလိုက်ရပါတော့တယ် ။
-
" မော်မော် အောင်အောင့်ကို ငါးထောင်ပိုပေးခဲ့ရတယ်
၊ စာရွက်တွေ ဈေးတက်လို့တဲ့ "
ဒီမှာ နေတာ ကြာလာတဲ့ ကျွန်မက အခုဆို ဈေးကိုလည်း
ကိုယ်တိုင်သွားတတ်နေပြီ ။ ကာရန်ချိုကိုတော့ ပိုပိုသာသာလေး ကျေးဇူးတင်ရပါလိမ့်မယ် ။
" ဟုတ်တယ် ညောင်ရေ ၊ ဟိုနေ့ကတည်းက မော့်ကို
ပြောနေတာ ။ တက်ဖို့ အားနာနေတာတဲ့ ၊ တက်တော့လည်း တက်ဈေးပေါ့ ညောင်ရယ် "
လက်ထဲက စာအုပ်တွေကို ပါဆယ်ထုတ်ရင် သုံးတဲ့ စက္ကူလိပ်ထုတ်နဲ့
မုန့်ဟင်းခါးထုပ်ကို ချရင်း ဆိုင်ထဲကို မျက်လုံးဝေ့ကြည့်လိုက်မိတယ် ။ ကွက်တိပါပဲ ၊
ကျွန်မ ဝင်လာတဲ့အချိန် ကာရန်ချိုဆီက အသံထွက်မလာရင် သူတစ်ခုခုကို လုံးပန်းနေရပြီ ဆိုတာ
။
" ကာရန် ပြုတ်ကျမယ် "
သူ့လက်ထက် နှစ်ဆလောက်ကြီးတဲ့ စာအုပ်အထူကြီးတွေကို
တစ်ဖက်က ပွေ့ရင်း တစ်ဖက်ကလည်း မမှီမကန်းနဲ့ စင်ပေါ်ကို ထိုးတင်နေတာကို တွေ့ရတယ် ။
" ပြုတ်မကျပါဘူး ၊ အေးဆေးပါ "
ဒါပေမယ့် မျက်လုံးထဲတော့ ဘယ်လိုမှ ဘဝင်မကျတော့တာကြောင့်
သူ့နားကို သွားပြီး စာအုပ်တွေကို ခွဲယူလိုက်တယ် ။ ကျွန်မဆီကို အာရုံရောက်လာတဲ့အခါမှာတော့
စင်ပေါ်တင်လက်စ စာအုပ်က လက်ချော်ပြီးပြုတ်ကျတော့တယ် ။ ကျွန်မ လက်နဲ့သာ လှမ်းမထိန်းလိုက်ရင်
ကာရန်ချို ခေါင်းကွဲမလား စာအုပ်ပဲ ပြုတ်ထွက်မလား နှစ်ခုထဲက တစ်ခုပါပဲ ။ နှစ်ခုလုံးလည်း
ဖြစ်နိုင်တာပဲ ။
" တွေ့လား ကာရန် ထိန်းနိုင်ပါတယ်ဆို
"
သူ ခေါင်းကွဲမယ့်အရေးကနေ ကယ်လိုက်တာက ကျွန်မမဟုတ်သလိုမျိုး
စပ်ဖြီးဖြီးနဲ့ ပြန်ပြောနေပြန်တယ် ။ သူ့ကို မနိုင်တော့တာကြောင့် ရယ်နေရုံပဲ တတ်နိုင်တော့တယ်
။
" လရောင် ပြုံးနေပြီ "
" ကျွန်မ အရင်ကလည်း ပြုံးပါတယ် "
" မဟုတ်ဘူး အခုက ပိုပြုံးလာတာ ၊ စိတ်ထဲက
လာတဲ့ အပြုံးတွေ "
" လှတယ် ၊ ပြီးတော့ ကာရန် သဘောကျတယ်
"
ကျွန်မကို ကြည့်ရင်း ပြုံးနေတဲ့ သူ့ရဲ့ အပြုံးတွေကလည်း
စိတ်ထဲက လာမှန်း သိသာပါတယ် ။ ဒါပေမယ့် ဟန်ကိုယ့်ဖို့လုပ်ပြီး မျက်စောင်းလည်း ထိုးလိုက်မိသေးတယ်
။
" နမော်နမဲ့နဲ့ "
" ညောင့်ရဲ့ နမော်နမဲ့နဲ့ ဆိုတဲ့ အသံလေး
မကြားရရင် တစ်နေကုန် နေရထိုင်ရတာ အဆင်မပြေဘူးထင်တယ် ကာရန်က "
မော်မော်က လှမ်းစတော့ ရယ်ကျဲကျဲဖြစ်နေတဲ့ သူ့မျက်နှာက
ရှက်သွားသလို ရဲတက်လာတယ် ။ ပြုတ်ကျလာတဲ့ စာအုပ်ကိုထိန်းရင်း သူ့လက်ကို အုပ်ကိုင်ထားမိဆဲဖြစ်တာကို
သတိထားမိသွားဝော့ ဆက်ခနဲ လက်ကို ရုတ်လိုက်မိတယ် ။
" အဟမ်း မုန့်ဟင်းခါးဝယ်လာတယ် ၊ လာစား
"
" အာ ... အင်း ၊ ပန်းကန် ... သွားထုတ်လိုက်ဦးမယ်
"
ယောင်ခြောက်ဆယ်ဖြစ်ပြီး နောက်ကို ထွက်သွားတဲ့
ကာရန်ချိုကို လှမ်းကြည့်ဖို့ နေနေသာသာ ကျွန်မ ကိုယ်တိုင်တောင် တုန်ရီနေတဲ့ လက်ဖျားတွေကို
ကွယ်ဝှက်လို့ ခက်ခက်ခဲခဲ ချုပ်ထိန်းနေခဲ့ရတာပါလေ ။
-