ပန်တော်ကျ - Episode 6


ဘုတ်အီး ဒူးနှစ်ဖက်ကိုလက်နှင့်ပိုက်၍ ငွေမှုံကို

ခိုးကြည့်လိုက်သည်။


"ငါတောင်းပန်ပါတယ်ဟာ...ငါလည်း အပြင်မှာ

ကြောက်ပြီး လုပ်မိလုပ်ရာလုပ်လိုက်မိတာ..ငါ..

ဘာမှ မမြင်လိုက်ပါဘူး"


အပျိုဖော်ဝင်စအရွယ် ငွေမှုံအတွက်တော့ ဘုတ်အီး

က ဘာမှမမြင်လိုက်ဘူးဟုဆိုပေမယ့်လည်း ရှက်

စိတ်ကြောင့် ဘုတ်အီးကို စကားပြန်မပြောနိုင်ချေ။


"ငွေမှုံ.."


ငွေမှုံက အသံပြန်မပေးချေ။ ဘုတ်အီး သူ့ကိုကျော

ခိုင်းလျက် စောင်ကိုခေါင်းမြှီးခြုံ၍အိပ်နေသည့် ငွေမှုံ

ကို အနောက်ကနေ တစ်ချက်ကဲကြည့်လိုက်သည်။


ငွေမှုံကဘာမှပြန်မပြောတာကြောင့် သူလည်း အိပ်

ရာပေါ်လှဲကာ ပြန်အိပ်လိုက်လေတော့သည်။


.............


ဘုတ်အီး နာရီတကြည့်ကြည့်နှင့်လုပ်နေသည်။

ငွေမှုံအဖေက အခုထိပြန်မလာသေးချေ။ ထိုကြောင့်

သူ ငွေမှုံ့အိမ်မှာ ငွေမှုံနှင့်အတူ အိမ်စောင့်ပေးနေရ

သည်။ငွေမှုံအဖေက အခုတလော အလုပ်များနေ

တာကြောင့် အိမ်ပြန်နောက်ကျတတ်သည်။

ဘုတ်အီး ကာတွန်းစာအုပ်ဖတ်နေရာမှ စာလုပ်နေ

သည့် ငွေမှုံကိုလှမ်းကြည့်လိုက်သည်။


ငွေမှုံက ရှစ်တန်းရောက်ပြီဖြစ်လို့ မြို့ကျောင်းသို့

ရောက်သွားပြီဖြစ်သည်။

ဘုတ်အီးကတော့ ငါးတန်းမှာ တစ် နေတုန်းပင်။

လူကောင်ကကြီးလာပြီး အတန်းကတက်မလာချေ။

လတ်လတ်ကပင် နီတွတ်ကိုကျော်လာပြီး ဘုတ်အီး

ကိုမှီတော့မည်။

ဘုတ်အီး ကာတွန်းစာအုပ်ကို ပိတ်လိုက်သည်။

စာအုပ်လည်း ဖတ်ချင်စိတ်မရှိတော့ချေ။ထိုအတူ

သူ ကျောင်းတက်ချင်စိတ်လည်း မရှိတော့ပါ။

ကလေးတွေကြား ကြီးကောင်ကြီးမားကြီးနှင့် စာ

သင်နေရတာ သူရှက်လာသည်။

သိုသော်လည်း တစ်နှစ်တစ်တန်း အောင်ဖို့တောင်

သူ့မှာ မစွမ်းဆောင်နိုင်ချေ။

တစ်ခါတလေ သူ့ခေါင်းထဲမှာ ဦးနှောက်ရော ရှိသေး

ရဲ့လားဟု တွေးမိသည်။


သူ ကျောင်းဆက်မတက်ချင်တော့ဘူးဟု အမေ့ကို

​ပြောလျှင် အမေ့လက်စာနှင့် သူ့ကျောကွဲပေလိမ့်

မည်။


"သမီးရေ..."


အိမ်ရှေ့က ခွေးပိန်၏အသံကြောင့် ဘုတ်အီး ဝမ်း

လျားမှောက်၍ မေးထောက်ကာ အတွေးနယ်ချဲ့နေ

ရာမှ ဆက်ခနဲဆိုသလို ခေါင်းထောင်သွားသည်။


နံရံကပ်နာရီကိုကြည့်လိုက်တော့ ညရှစ်နာရီသာရှိ

သေးသည်။

ဒါဆို ဗီဒီရိုရုံသို့သွားလို့ရသေးသည်။ ဘုတ်အီး

ထိုင်လိုက်ပြီးနောက် အိမ်ပေါ်ကနေ အပြေးဆင်း

သွားလေသည်။


ငွေမှုံ စာကျက်နေရာမှ ဘုတ်အီးကို လှမ်းကြည့်လိုက်သည်။


"ဘာဖြစ်တာလဲ"


ဘုတ်အီး ဖိနပ်ကို ကပြာကယာစီးလိုက်ပြီးနောက်

ခွေးပိန်ကို ရယ်ပြကာ 


"ဦးလေးပြန်ရောက်ပြီဆိုတော့ သမီးပြန်တော့မယ်နော်.."


"ဟဲ့..ဟဲ့...မုန့်ဖိုးယူသွားဦးလေ..ဒီမှာ မုန့်တွေလည်း

ဝယ်လာတယ်"


ခွေးပိန်ရဲ့စကားကြောင့် ဘုတ်အီး ခြံဝအနားရောက်

ကာမှ ပြန်လှည့်လာသည်။

ခွေးပိန် အင်္ကျီအိတ်ထဲက ဆယ်တန်တစ်ရွက်ထုတ်

လိုက်သည်။


"ဘယ်လိုဖြစ်လို့ အလျင်လိုနေရတာလဲ"


"ဗီဒီရိုသွားကြည့်မလို့ လေးလေးရဲ့..."


"သြော်...ကဲ..ရော့..."


ဘုတ်အီး မုန့်ဖိုးရသည်နှင့် ဗီဒီရိုရုံသို့ တချိုးတည်း

လစ်တော့သည်။

ခွေးပိန် သူ့ကိုကြည့်၍ ရယ်လိုက်သည်။အိမ်ပေါ်သို့

တက်လာတော့ ငွေမှုံက သူ့အဖေကိုကြည့်ကာ


"ဘုတ်ဘုတ် ပြန်သွားတာလားဖေဖေ"


"ဗီဒီရိုရုံကိုသွားတာ... "


"အဲ့ဒါကြောင့် နာရီတကြည့်ကြည့်လုပ်နေတာကိုး"


"ဘာကားပြမှာမလို့ပါလိမ့်.."


ဘုတ်အီးတစ်ယောက်ကတော့ ဗီဒီရိုရုံထဲရောက်နေ

ပြီ။သူရောက်လာတော့ ရမ်ဘိုကလူဆိုးကောင်နှင့်

ချနေသည့်အခန်းဖြစ်သည်။


ရုံထဲမှာ အမျိုးသမီးပရိတ်သတ်မရှိချေ။အမျိုးသား

များနှင့်ကလေးတွေသာရှိသည်။


ခပ်သေးသေး ရုပ်မြင်သံကြားစက်လေးထဲက

ရမ်ဘိုနှင့်လူဆိုးကောင်ချနေကြသည်ကိုကြည့်ကာ

အပြင်က ရုပ်ရှင်ကြည့်ပရိတ်သတ်တွေမှာ အားမလို

အားမရဖြစ်နေကြသည်။


"အမလေး အားမရတာကွ...လေးတိလေးကန်ကြီး

နဲ့...ချထည့်လိုက်စမ်းပါ..အဲ့ကောင်ကို..."


တီဗွီထဲကရမ်ဘိုကိုအားမလိုအားမရဖြစ်နေသူက

ပိန်းရိုးဖြစ်လေသည်။

သူ့ခန္ဓာကိုယ်အနေအထားဟာဆိုရင်ဖြင့် မင်းသား

စတားလုံး၏ ကိုယ်တစ်ခြမ်းစာလောက်ပင်လျှင် 

အသားရှိသည်မဟုတ်ချေ။


ဗီဒီရိုရုံထဲ ငြိမ်ငြိမ်သက်သက်ထိုင်ကြည့်နေသူကရှားသည်။

အားလုံးနီးပါးလိုလိုက တကယ့်အပြင်မှာလက်ဝှေ့

ပွဲကြည့်နေကြသလိုနှယ် ဖင်တကြွကြွနှင့်။ ရမ်ဘို

နှင့်အတူ လူဆိုးကောင်ကို ပါးစပ်သိုင်းဖြင့်လိုက်ချ

ပေးနေကြသည်။


ဘုတ်အီးကိုယ်တိုင်လည်း ဗီဒီရိုကြည့်နေရင်း သူ့

ခန္ဓာကိုယ်က ရမ်ဘိုလှုပ်ရှားသည့်အတိုင်း လိုက်ပါ

လှုပ်ရှားနေမိသည်။


ထိုနေ့က ရမ်ဘိုကားပြီး၍ အိမ်ပြန်လာကြတော့

ည ဆယ်နာရီပင်ထိုးခါနီးနေပြီ။


ဘုတ်အီးကသူ့သူငယ်ချင်းဖြစ်သူ ခဲတံနှင့်အတူ

အိမ်ပြန်လာကြသည်။


"ဇာတ်ကားထဲမှာ ဘုန်းကြီးလဲပါတယ်သိလား..

ထိုင်းဘုန်းကြီးလို့တော့ပြောတာပဲ...ငါက အဲ့ဘုန်း

ကြီးကိုမြင်လိုက်တုန်းက ရမ်ဘို ငါတိုနိုင်ငံမှာ ရုပ်

ရှင်လာရိုက်တယ်ထင်တာ...လှေတွေလည်းပါတော့

အင်းလေးမှာထင်လို့"


ခဲတံက ဘုတ်အီးမကြည့်ခဲ့ရသည့်အပိုင်းတွေကို 

​ပြန်ပြောပြနေသည်။


"မနက်ဖြန်လည်း ထပ်ပြရင်ကောင်းမယ်..ငါ ရှေ့

ပိုင်းမမှီလိုက်ဘူး"


"မနက်ဖြန် ကျော်သူနဲ့မိုမိုမြင့်အောင်တဲ့..ဒီနေ့တောင်

ရမ်ဘိုကားပြလို့ အဒေါ်ကြီးတွေက ရုံပိုင်ကို ရန်

တွေ့သွားကြသေးတာ"


မှိန်ပြပြ လမ်းမီးရောင်လေးအောက် သူငယ်ချင်း

နှစ်ယောက်သား စကားတပြောပြောနှင့် ပြန်လာခဲ့

ကြသည်။

ဒီအချိန်ကျ ဘုတ်အီးတစ်ယောက် သရဲကြောက်ဖို့

လည်း သတိမရတော့ချေ။


နောက်တစ်နေ့

"ရမ်ဘိုက လူဆိုးကောင်ကို ဒီလိုတွေဒီလိုတွေ...

ကစ်တာ..."


ငွေမှုံက ရေချိုးနေသည်။ ဘုတ်အီး စည်ပိုင်းထဲသို့

ရေဖြည့်ပေးနေရင်းက ညကကြည့်ထားသည့် ရမ်

ဘိုကားအကြောင်း ပြန်ပြောပြကာ ရမ်ဘိုချသလို

ပြန်ချပြနေသည်။သူ့တစ်ကိုယ်လုံးလည်း ရေတွေ

ရွှဲစိုနေသည်။


"ရမ်ဘိုဗလကြီးက မိုက်တယ်..ငါလည်း သူ့လို

ဗလထွက်အောင်လုပ်ရမယ်...ဒီမှာကြည့် တွေ့လား

ရေဆွဲတာ ဗလထွက်တယ်.."


ဘုတ်အီး သူ့လက်ထဲက သံကိုင်းပုံးကို အောက်သို့

ချ၍ အင်္ကျီစကိုပုခုံးပေါ်လိတ်တင်ကာ ငွေမှုံအား

သူ့ရဲ့လက်မောင်းကြွက်သားတွေကို ​ထုတ်ပြနေလေ

သည်။


"ကိုင်ကြည့်ပါလား...မာတောင့်နေတာပဲ"


ငွေမှုံအနားသို့လာ၍ သူ့လက်မောင်းကြွက်သားကို

ကိုင်ကြည့်ခိုင်းနေပြန်သည်။

ငွေမှုံ ခြေချောင်းတွေကြားထဲသို့ လုံခြည်အောက်နား

စဖြင့်ပွတ်၍ ဂျီးတွန်းနေရင်းက ဘုတ်အီးကိုမော့

ကြည့်၍ ရယ်နေလေသည်။


"နင်တို့ကျောင်းမှာ နင့်ကို ကောင်လေးတွေလိုက်

နှောက်ယှက်ရင် ငါ့ကိုပြော.. ငါ လိုက်ပြီး ဗျင်းပေး

မယ်..."


ဘုတ်အီးတစ်ယောက် မပြီးနိုင်မစီးနိုင်နှင့် လက်ဝှေ့

ဟန်ရေးပြနေလေသည်။


"ဘုတ်အီး..."


မိလှိုင် ငွေမှုံတို့ခြံထဲသို့ဝင်လာရင်း ဘုတ်အီးကို

ခေါ်လိုက်သည်။

ဘုတ်အီး သူ့အမေရဲ့အသံကိုကြားသည်နှင့် လက်ဝှေ့

ဟန်ရေးပြနေရာမှ ချက်ချင်းဆိုသလိုပင် မြေကြီးပေါ်

ချထားသည့် သံကိုင်းပုံးကို ကောက်ယူလိုက်သည်။


ပြီးနောက် စည်ပိုင်းပေါ်တင်ထားသည့် ထမ်းပိုးကို

လှမ်းယူ၍ ထမ်းပိုးမှာချိတ်ထားသည့်သံချိတ်ဖြင့်

ရေပုံးတွေကို ပြန်ချိတ်လိုက်သည်။

မိလှိုင် အိမ်နောက်ဖေးဘက်သို့ ရောက်လာသည်။


"ငါ ရေစည်ဖြည့်ခဲ့တယ် အဲ့ဒါ သွားစောင့်နေချေ..

ရေထမ်းနေလို့ကတော့ တော်တော်နဲ့ပြည့်မှာမဟုတ်

ဘူး.."


"ဟုတ်.."


ဘုတ်အီး ရေထမ်းပုံးတွေကိုချခဲ့ကာ လမ်းထိပ်က

ရေဘုံပိုင်ဆီသို့ အပြေးလေးထွက်သွားတော့သည်။


..........


တစ်ပတ်ကြာပြီးနောက် ခွေးပိန် ရုပ်မြင်သံကြားစက်

ဝယ်လာလေသည်။ငွေမှုံ ပူဆာသောကြောင့်ဖြစ်

သည်။

ရုပ်မြင်သံကြားစက်က အသစ်တော့မဟုတ်ချေ။

ဂျပန်ပြည်တွင်းသုံးအလုံးဖြစ်ပြီး သူ့မိတ်ဆွေ

သင်္ဘောသားတစ်ဦး၏ အဆက်နှင့် တိုရှိဘာတံဆိပ်

တစ်ပတ်ရစ်လေးတစ်လုံး ရလာခြင်းဖြစ်သည်။


ခွေးပိန် ရုပ်မြင်သံကြားစက်ဝယ်လာသည်ဆိုသည့်

သတင်းက ရွာထဲမှာချက်ချင်းဆိုသလို ပြန့်သွားသည်။

ဘယ်တုန်းကမှအဖက်မလုပ်ခဲ့ဖူးသော ခွေးပိန်၏

အမျိုးတွေအဆွေတွေ အရင်ဆုံးရောက်ချလာကြသည်။

တချို့ကလည်း ဗီဒီရိုရုံထောင်တော့မည်လားဟု 

စပ်စုကြသည်။


"ဘာရုံမှမထောင်ဘူး...ဘယ်အမျိုးမှလည်းမပြဘူး..

ကျုပ်အိမ်ပေါ် ဘယ်အမျိုးမှအတက်မခံဘူး..

တီဗွီဝယ်လာတာ ကျုပ်သမီးကြည့်ဖို့... သူပူဆာလို့

ဝယ်လာပေးတာ..တကတည်း..သတင်းကလည်း

မြန်ပါ့...မြန်မာ့အလင်းထက်တောင်မြန်သေး..."


ခွေးပိန် သူ့ခြံထဲ အော်ကြီးဟစ်ကျယ်ပြောလေတော့

ခြံရှေ့မှာရစ်သီရစ်သီလာလုပ်နေသည့် သူ့အမျိုးအ

ဆွေတစ်သိုက် လှစ်ခနဲပျောက်သွားတော့သည်။


ခွေးပိန် ရုပ်မြင်သံကြားစက်ဝယ်လာတာကို ငွေမှုံ

ထက်ပိုပြီး ဝမ်းသာနေသူတစ်ယောက်ရှိလေသည်။

ထိုသူဘယ်သူလဲဆိုတာ ပြောမပြလျှင်တောင် သိ

ကြပါလိမ့်မည်။


ဗီဒီရိုရုံသို့ တကူးတကသွားကြည့်စရာမလိုတော့၍

ဘုတ်အီး ကျေနပ်နေသည်။ ကိုယ့်ပိုက်ဆံနှင့်ကိုယ်

သွားကြည့်တာတောင် တစ်ခါတလေ ရုံပိုင်၏ အ

အော်အငေါက်ခံရသေးသည်မဟုတ်လား။


ဒီလမ်းထဲမှာ လျှပ်စစ်မီးရသည့်အိမ်ဆို၍ တစ်အိမ်

သာရှိသည်။ထိုအိမ်က အိုးလုပ်သည့်အိမ်ဖြစ်သည်။


အခုတော့ ခွေးပိန်၏အိမ်မှာလည်း လျှပ်စစ်မီး ရ

တော့မည်ဖြစ်သည်။


လမ်းထိပ်ရှိဓာတ်တိုင်ကတဆင့် မီးသွယ်မည်ဖြစ်

သည်။


"ရုပ်မြင်သံကြားစက်ဝယ်တာနဲ့ မီးသွယ်တာနဲ့ဆို

သုံးသောင်းလောက်တောင်ကုန်မလားမသိဘူး"


မိလှိုင် ငါးကိုင်နေရင်းမှ ဘုတ်အီးကိုပြောလိုက်သည်။


"အေးလေ..သူကကုန်နိုင်ပါတယ်..ကားတစ်စီး

ရောင်းထွက်ရင် သုံးသောင်းဆိုလည်းဟုတ်..ငါး

သောင်းဆိုလည်းဟုတ်ဆိုတော့ ဒီလောက်ကဘယ်

မှုတော့မလဲ..သူ့သမီးအတွက်ပဲကို..."


ဘုတ်အီးကတော့ ပိုက်ဆံကုန်တာမကုန်တာတွေ

မသိ။သူသိတာ အိမ်မှာသက်သောင့်သက်သာနှင့်

ဗီဒီရိုကြည့်ရတော့မည်ဆိုတာပဲဖြစ်သည်။


ခွေးပိန်က  အင်တာနာတိုင်ထောင်ဖို့ ကိုယ်တိုင်လုပ်သည်။

လိုင်းဘာညာသေချာချိန်ပြီးသည်နှင့် အိမ်ရှေ့မျက်

နှာစာမှာ အင်တာနာတိုင်တစ်ခုကို အိမ်နှင့်ကပ်ကာ 

မြေကြီးမှာစိုက်လိုက်သည်။


ထိုနောက် ရုပ်မြင်သံကြားစက်မှ ခလုတ်တွေကိုနှိပ်

ကာ ကာလာချိန်သည်။အသံချိန်သည်။ဘုတ်အီးက

ခွေးပိန်လုပ်သမျှကို သူ့ဘေးမှာထိုင်၍ မျက်တောင်

မခတ်တမ်းကြည့်နေလေသည်။

ငွေမှုံကတော့ စိတ်မဝင်စားပါ ။စာအုပ်ထိုင်ဖတ်နေ

သည်။


"ဒီလောက်ဆို အဆင်ပြေတယ် ရာသီဥတုကောင်းရင်

တော့ ကြည်ကြည်လင်လင်ကြည့်ရမယ်"


"ဒီခလုတ်ပေါ်ကဒုတ်ချောင်းလေးတွေကဘာတွေလဲ

လေးလေး"


ဘုတ်အီးက ရုပ်မြင်သံကြားစက်ပေါ်ရှိ menu

ခလုတ်တွေကို ညွှန်ပြကာ ခွေးပိန်ကိုမေးလိုက်သည်။


"အဲ့ဒါ ဂျပန်စာတွေ"


ဘုတ်အီးက ဂျပန်စာဆိုသည့် စာလုံးတွေကို သေချာကြည့်ကာ


"ဂျပန်စာက ဒုတ်ချောင်းလေးတွေနော်...ဒီလိုဒုတ်

ချောင်းတွေကလည်း စာဖြစ်တာပဲလား...

မြန်မာစာထက်ပိုလွယ်မယ်ထင်တယ်..."


"အေး..ပြောတတ်ပါဘူးကွာ..လွယ်ရင်လည်းလွယ်

မှာပေါ့.."


"ဒီလိုသာဆို ဂျပန်မှာလူဖြစ်ခဲ့ရင် ဘုတ်အီး ဆရာဝန်

တောင်ဖြစ်နိုင်တယ်.."


ဘုတ်အီးရဲ့စကားကြောင့် ခွေးပိန်နှင့်ငွေမှုံဆီက

ပြိုင်တူလိုလို ရယ်သံထွက်လာသည်။

ဘုတ်အီးကတော့ ရုပ်မြင်သံကြားစက်က စာလုံး

တွေကိုကြည့်ကာ ပြောပြန်သည်။


"ဂျပန်စာမှာရော တ တလင်းချိတ်တို့ ထဝန်ဘဲတို့

ဒရင်ကောက်တိုရှိလားမသိဘူး..."


"အင်္ဂလိပ်စာမှာတောင်ရှိလို့လားဘုတ်အီးရ"


ဘုတ်အီး သွားအဖြီးသားလေးနှင့် ခေါင်းကုတ်

လိုက်သည်။


"လေးလေးကလည်း...အင်္ဂလိပ်စာလုံးပါတဲ့စက်

တော့မမှာဘူး..."


"အမယ်...အင်္ဂလိပ်လိုပါတော့ကော ညည်းကဖတ်

တတ်မှာမလိုလား.."


"မဖတ်တတ်ပေမယ့် အေဘီစီဒီဆိုတာတော့ သိ

သေးတယ်လေ လေးလေးရဲ့..အခုဟာက ဘယ်

ဒုတ်ချောင်းက အေ.. ဘယ်ဒုတ်ချောင်းက ဘီဖြင့်

သိမှမသိရတာ.."


"သေချာမှတ်ထား...ဒါက စက် အဖွင့်ပိတ်ခလုတ်..

ဒါက အသံအတိုးအလျှော့..ဒါက လိုင်းပြောင်းတဲ့

ဟာ..."


"ဖြည်းဖြည်းပြောပါလေးလေးရယ် ဘုတ်အီး ဦး

နှောက်က အဲ့လိုမှတ်သားရမယ့်ကိစ္စတွေဆို အလုပ်

မလုပ်တော့ဘူး..."


ခွေးပိန် ခေါင်းခါလိုက်သည်။ နောက်ဆုံးတော့ စက္ကူ

ပေါ်မှာ ဂျပန်စာလုံးပုံတွေကူးရေးကာ ဘေးကနေ 

မြန်မာလိုရေးပေးပြီး ရုပ်မြင်သံကြားစက်ရဲ့ဘေး

မှာ ကပ်ထားပေးလိုက်တော့သည်။


"တခြားခလုတ်တွေ ဘာမှလျှောက်မနှိပ်ကြနဲ့နော်"


"ဟုတ်.."


ထိုနေ့မှစပြီး ဘုတ်အီးတစ်ယောက် ငွေမှုံတို့အိမ်က

အိမ်စောင့်နတ်နှင့်အပြိုင် ငွေမှုံတို့အိမ်ကနေ မခွာ

တော့ချေ။


ကျောင်းပိတ်ရက်ဆိုလျှင် အိမ်ဘက်သို့ ရေချိုးချိန်

တစ်ချိန်သာ ခြေဦးပြန်လှည့်သည်။

ငွေမှုံအိမ်မှာပဲအိပ်သည်။ငွေမှုံအိမ်မှာပဲစားသည်။

ထိုသို့ အိမ်ကပ်နေအောင် ခွေးပိန်ကလည်း လုပ်

ပေးထားသည်။

လျှပ်စစ်မီးကမမှန်ချေ။လာပြန်လျှင်လည်း တစ်ခါ

တလေ ရုပ်မြင်သံကြားစက်ပင် ဖွင့်လိုမရ။ မီးအား

မပြည့်၍ဖြစ်သည်။

ထိုကြောင့် ခွေးပိန်က ဘတ္ထရီအိုးတစ်လုံး ဝယ်ပေး

ထားလေသည်။

ဒီတော့ ဘုတ်အီး စိတ်ကြိုက် ဖြစ်နေတော့သည်။


ခွေးပိန် ခရီးသွားရသည့်ရက်တွေ၊အိမ်ပြန်နောက်

ကျသည့်ရက်တွေဆို ဘုတ်အီးတို့တစ်မိသားစုလုံး

ငွေမှုံတို့အိမ်သို့ရောက်နေကြပြီ။


ခွေးပိန်လည်း အလုပ်ကို စိတ်ဖြောင့်ဖြောင့်နှင့်ပို

လုပ်နိုင်လာသည်။


တစ်ခုတော့ရှိသည်။အလိုလိုမှ စာစိတ်မဝင်စား

သည့်ဘုတ်အီး ။ အခုပိုဆိုးချေတော့သည်။


တစ်ချိန်လုံး ရုပ်မြင်သံကြားပဲကြည့်ချင်နေ၍ ငွေမှုံ

က စည်းကမ်းချက်ထုတ်လေတော့သည်။


ငွေမှုံထုတ်ပြန်သော စည်းကမ်းချက်မှာ ဘုတ်အီး

စာရမှ တီဗွီကြည့်ရမည်ဟူ၍ ဖြစ်သည်။


............


နေ့လည်ကနေပူပြီး ညနေဘက်မိုးရွာလိုက်သဖြင့်

ညဘက်ရောက်တော့ ပုရစ်တွေကျလေသည်။

ထိုပြင် ပလူတွေလည်း လမ်းမီးတိုင်က ခရမ်းချဥ်

သီးလောက်သာလင်းသည့် မီးလုံးမှာ စုပြုံ၍တိုးနေ

ကြသည်။

ဘုတ်အီးတို့လမ်းထိပ်မှာ ကလေးတစ်အုပ် ပလက်

စတစ်ဘူးကိုယ်စီ၊ပုလင်းကိုယ်စီနှင့် ပုရစ်ကောက်

နေကြသည်။

မကြာအေး၏ မုန့်ဆိုင်သည်လည်း ပိုးကောင်တွေ

ကျသဖြင့် ဖယောင်းတိုင်မီးတောင် သတ်ထားရ

လေသည်။


"ဟေ့ကောင်တွေ...ဒီမှာ နည်းတဲ့ကောင်ကြီးမဟုတ်

ဘူး ငါမိထားတယ်"


နီတွတ်က မြေကြီးပေါ်မှာဆောင့်ကြောင့်ထိုင်၍ 

လက်ဖြင့်အုပ်ထားပြီး သူ့အဖော်တွေကို အော်ပြော

လိုက်သည်။


ကလေးတစ်အုပ် နီတွတ်အနားသို့ အပြေးရောက်

သွားကြသည်။


"နေဦးဟေ့ရောင် လွတ်သွားမယ် လက်မဖယ်နဲ့ဦး"


"ခါးကနေ ညှစ်ကိုင်လိုက်"


နီတွတ် လက်ကို မြေကြီးပေါ်အုပ်ထားရာမှ ဘေးက

ကလေးပြောသလို လုပ်လိုက်လေသည်။


"ရပြီ ရပြီ... "


"ဟေ့ရောင်...ဒါပုရစ်မှမဟုတ်တာ...မြေခွေးကြီးကို"


"ဟာကွာ...ဒီကောင် ပုရစ်မှန်းမသိ မြေခွေးမှန်းမသိ"


"ငါလခွီးမှပဲ..အဟုတ်ထင်လို့ "


ကလေးတွေ တစ်ယောက်တစ်ပေါက် မြည်တွန်

တောက်တီး၍ နီတွတ်အနားကနေ ပြန်သွားကြသည်။


နီတွတ်ကတော့ အူလည်လည်နှင့်ခေါင်းကုတ်၍

ထိုနေရာမှာကျန်ခဲ့လေသည်။


နောက်တစ်နေ့မှာတော့ ဘုတ်အီးတစ်ယောက်

ပုရစ်ကိုင်ချေပြီ။


ဒီမနက် ရွာထဲကပုရစ်ဖမ်းတဲ့သူတွေဆီက နိုဆီဗူး

နှစ်လုံးဝယ်၍ အိမ်မှာ ကိုယ့်ဘာသာကြော်စားမည်

ဖြစ်သည်။

ဒီနေ့က စနေနေ့ဖြစ်တာကြောင့် နေ့လည်ကျ တီဗွီ

ကလာသည့် ရုပ်ရှင်ကြည့်ရင်း စားရမည်။


အရင်ဆုံး ပုရစ်ရဲ့ ခြေထောက်နှင့်လက်က အဆူး

တွေ အတောင်ပံတွေကိုဖြတ်သည်။ ပြီးတော့ ချီး

ထုတ်သည်။ နောက် သန့်စင်အောင်ရေအထပ်ထပ်

ဆေးလိုက်သည်။


ဂျင်းကိုညက်နေအောင်ထောင်း၍ ဇလုံထဲထည့်ထား

သည့်ပုရစ်တွေပေါ်သို့ ဂျင်းအရည်ကိုညှစ်ချကာ

အဖက်နှင့်ရောနယ်သည်။ဆားအနည်းငယ်ထည့်၍

သမအောင်ထပ်မွှေကာခဏနှပ်ထားပြီး မီးမွှေးသည်။

ဒယ်အိုးထဲကဆီဆူလာသည်နှင့် ပုရစ်တွေကိုထည့်

ကာ မီးအေးအေးနှင့်ကြော်လိုက်သည်။

အိုးချကာနီးမှ ပျဥ်းတော်သိမ်ရွက်နှင့်ငရုတ်သီး

အခြောက်တောင့်တွေကို ထည့်၍ လှော်လိုက်သည်။


"မွှေးနေတာပဲ"


ငွေမှုံက ဘုတ်အီးအနားသို့ရောက်လာပြီး ဒယ်အိုး

ထဲကပုရစ်ကြော်တွေကိုကြည့်ကာ ပြောလိုက်သည်။


"မမလေးအတွက် ပုရစ်ကြော် "


ဘုတ်အီးက ငွေမှုံကိုမော့ကြည့်၍ ပြောလိုက်သည်။

ငွေမှုံ နှုတ်ခမ်းလေးမဲ့ပြကာ ဘုတ်အီးရဲ့ပုခုံးကို

တစ်ချက်ရိုက်လိုက်ပြီးနောက်


"လူကြားကောင်းအောင်ပြောမနေနဲ့ အဲ့ထဲကတစ်

ဝက်ကျော်က နင့်ပါးစပ်ထဲရောက်မှာကိုများ"


ငွေမှုံရဲ့စကားကြောင့် ဘုတ်အီးကသဘောကျပြီး

ရယ်သည်။


"နေ့ခင်းကျ တီဗွီကြည့်ရင်းစားရအောင်လို့လေ"


ဘုတ်အီး မီးဖိုပေါ်က ပုရစ်ကြော်အိုးကို အောက်သို့

ချလိုက်ပြီးနောက် ဖိုထဲကမီးခဲတွေကို ရေအိုးအကွဲ

တစ်ခုထဲသို့ မီးညှပ်ဖြင့်ညှပ်၍ ပြောင်းထည့်ကာ

ရေဖြန်း၍ မီးသတ်လိုက်သည်။


"ရော့..မြည်းကြည့်ဦး"


ပုရစ်ကြော်တစ်ကောင်ကို မပူအောင်မှုတ်လိုက်ပြီး

ငွေမှုံကိုခွံကျွေးလိုက်သည်။

ငွေမှုံ စားကြည့်လိုက်ပြီးနောက် လက်မထောင်ပြ

လေသည်။


"ကောင်းတယ်"


"မမကြီး သားကိုလည်း တစ်ကောင်"


ဘယ်ချိန်ကရောက်နေမှန်းမသိသည့်ထွေးမောင်က

ဘုတ်အီးရဲ့လုံခြည်စကိုဆွဲ၍ တောင်းသည်။


ဘုတ်အီး သူ့မောင်ကိုတစ်ချက်ကြည့်ကာ ကြောင်

အိမ်ပေါ်တင်ထားသည့်ဇလုံထဲကနေ တစ်ကောင်

ထပ်ယူ၍ မှုတ်ပေးလိုက်သည်။

ထွေးမောင်က ပုရစ်ကြော်ကို ဝါးပြီးနောက် ငွေမှုံ

လိုပင် လက်မထောင်ပြလေသည်။


"ဂွတ်.."


"ဟိုမှာ အမေပြန်လာပြီ"


အမေပြန်လာပြီဆို၍ ထွေးမောင်က အာရုံပြောင်း

သွားသည်။

အိမ်ရှေ့က သူ့အမေဆီသို့ အပြေးထွက်သွားသည်။

ထိုအခါမှ ဘုတ်အီး ကြောင်အိမ်ပေါ်တင်ထားသည့်

ပုရစ်ကြော်ထည့်ထားသောဇလုံကိုယူကာ ငွေမှုံလက်

ကိုဆွဲ၍ အိမ်နောက်ဖေးအပေါက်ကနေ အပြင်သို့

ထွက်လာခဲ့လိုက်သည်။


"ကလေးကို ဘုတ်ဘုတ်ရယ်"


"နင်မသိပါဘူး...အဲ့ကောင်လေးက ငပါး..အဲ့လိုနဲ့

အကုန်သူ့ပါးစပ်ထဲရောက်သွားလိမ့်မယ်..ဒါ ငါတို့

စားဖို့ သက်သက်ဝယ်ထားတာ...အမေလည်း သူ

တို့အတွက် ဝယ်ထားသေးတယ်...သုံးဘူးတောင်"


"အေးပါ...အဲ့ဒါဆိုလည်းပြီးရော"


နှစ်ယောက်သား အိမ်ရဲ့ဘေးကနေပတ်၍ ငွေမှုံတို့

အိမ်ဘက်သို့ ထွက်လာခဲ့ကြတော့သည်။


..............