နွေးဦးငယ်ငယ် - Episode 6


နက်ရှိုင်းလာသည့် နွေလများနဲ့အတူ ရောက်ရှိလာတော့မည့်သင်္ကြန်။ 


ဒီလိုချိန်များဆို ပတ်ဝန်းကျင်ဆီမှ သင်္ကြန်သီချင်းတွေကြားရသည်ဟာ ထုံးစံပါပင်။ 


ဘိုဘို ၏ မူယာကြော့ ၊ ဂရေဟန်၏ ပိတောက်လက်ဆောင် ၊ သန်းမြတ်စိုး၏ မြူမောင်ဝေကင်း ( ဇော်ဝမ်း ပြန်လည်သီဆို ) ၊ ဖိုးညိုမြ ၊ ဇော်ပိုင်၏ သင်္ကြန်မိုး ၊ မြို့မငြိမ်း၏ မန်းတောင်ရိပ်ခို စသည့်သီချင်းများဟာ င်္သကြန်ရဲ့မရှိမဖြစ်တေးသွားကလေးများဖြစ်၏။ (အခြားသီချင်းများလည်းပါ,ပါတယ်)


ဒီလိုသင်္ကြန်နီးပြီဆို TVချန်နယ်တွေဆီကနေ သင်္ကြန်ဖြင့်သက်ဆိုင်သည့်ဇာတ်လမ်းများ ရုပ်ရှင်များကို ထုတ်လွင့်ပြသလေ့လည်းရှိပါသည်။ နာမည်အကြီးဆုံးဇာတ်လမ်းကတော့ သူရိယပညာရုပ်ရှင်ထုတ်လုပ်​ရေးမှရိုက်ကူးတင်ဆက်ထားပြီး နာမည်ကြီးအနုပညာရှင်များဖြစ်သည့် နေအောင်၊ ခင်သန်းနု၊ ဇင်ဝိုင်း၊ မေသန်းနု တို့ပါဝင်သရုပ်ဆောင်ထားသည့် သင်္ကြန်မိုး ဇာတ်ကားကြီးပင်။ သင်္ကြန်မိုးဇာတ်ကားဟာ ယခုချိန်များထိပရိတ်သတ်တွေရင်ထဲတိုးဝင်နေသည့် ဇာတ်လမ်းကြီးဆိုလည်းမမှားပါ။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း TVတွေကနေထိုဇာတ်လမ်းကိုမပါမဖြစ်ထုတ်လွင့်ပြသတတ်၏။ 


ဇာတ်လမ်းတစ်ခုလုံးက မြန်မာ့နှစ်သစ်ကူးသင်္ကြန်နှင့် ပုထုစင်လူသားတွေမကင်းလွတ်နိုင်သည့် 'အချစ်' ဆိုသည့်အရာကိုကျောရိုးယူကာဖန်တီးဖော်ပြထားသည်။ လူငယ်စန္တယားဆရာလေးကိုငြိမ်းမောင်ရဲ့ ပိတောက်ရွှေဝါလေးတစ်ခက်ကိုကောက်ရခါကနေစခဲ့သည့်အချစ်၊ နောက်များမှ ဂီတကိုအကြောင်းပြု၍ သီချင်းတွေကိုချစ်ခင်မြတ်နိုးသူ ခင်ခင်ထား ဆိုသည့်အမျိုးသမီးဖြင့်ချစ်ကြိုးသွယ်မိကြပုံ။ သို့ပေမယ့် ကံကဘဲခွဲသည်လား နဂိုကိုမှပေါင်းစပ်ရန်မရှိခဲ့သည်လားမသိပါ ချစ်သူနှစ်ဦး၏ဘဝဇာတ်ကြောင်းဟာ လူတွေသတ်မှတ်ကြတဲ့ အနိမ့်အမြင့်ဆိုသည့်နောက်ခံကြောင့် ကွဲကွာသွားကြရ၏။ ကိုငြိမ်းမောင်ရဲ့အမုန်းတွေဘယ်ကစသလဲဆို ခင်ခင်ထားကို မူပိုင်ပေးခဲ့သည့် "နှစ်ကိုယ်တူချစ်သမျှကို"သီချင်းအား အခြားမိန်းမတစ်ယောက်ဖြင့်တွဲဆိုခိုင်းသည်ကနေ စခဲ့သည်ထင်သည်။ သူတို့နှစ်ဦးဟာ သည်မျှဖြင့်ကံကုန်သည်လားဆို မဟုတ်ခဲ့ပါ။ ကိုငြိမ်းမောင်၏သား သက်ထွေးဆိုသူနှင့် ခင်ခင်ထား၏သမီး နွယ်နွယ်ဆိုသူဟာ လူငယ်သဘာဝချစ်ကြိုက်မိကြပြီး ဒီဇာတ်လမ်းဟာတစ်ကျော့ပြန်လည်လာတော့၏။ 


သင်္ကြန်မိုးဇာတ်လမ်းဟာ သရုပ်ဆောင်ဇာတ်ကွက်အပိုအလိုမပါ နောက်ခံတေးသီချင်းကစ အသေးစိတ်ကျ၏။ မြန်မာ့ရိုးရာနှစ်ကူးသင်္ကြန်သီချင်းများကို မြန်မာသံစစ်စစ်ဖြင့် ထိုဇာတ်ကားကြီးတွင်နားဆင်နိုင်ပါသည်။ ထိုခေတ်က သံချပ်အလှဆင်ကားကြီးများကိုလည်း တွေ့မြင်နိုင်၏။ မြန်မာ့ဂီတအနုပညာဟာ မည်သို့မည်ပုံရှိကြောင်းနဲ့ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ မည်မျှပျော်စရာကောင်းပြီးလှပကြောင်းကို ဇာတ်လမ်းတွေထဲတွင်သာမက အပြင်လက်တွေ့မှာပါ တွေ့မြင်ခံစားနိုင်ပါသည်။ 

(သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား၏ဒါရိုက်တာ မောင်တင်ဦးဟာ ထိုဇာတ်ကားဖြင့်ဘဲ ရုပ်ရှင်ဒါရိုက်တာဆုကိုရရှိခဲ့ပါတယ်)


သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးဟာ သူ့ခေတ်သူ့အခါမှာအားထုတ်မှုအများဆုံးဖြစ်ခဲ့သည့်ရုပ်ရှင်ဇာတ်ကားကြီးဆိုလည်းမမှားခဲ့ပါဘူး။ အများသိကြသည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါငွေစက္ကူတို့၏ ဒီဇိုင်းဆရာကြီးမောင်အေးမြင့်( အမရပူရ )ခေါ်သည့် မြန်မာမှုအနုပညာရှင်ကြီးတစ်ဦး၏ အားထုတ်မှုသည်လည်းပါဝင်ခဲ့၏။ ဆရာကြီးဟာ  သင်္ကြန်ပွဲတော်ကျင်းပခဲ့သည့်ခေတ်သုံးခေတ်၏ သင်္ကြန်ရေကစားဟန်တို့ကို သရုပ်ပါပါ၊ မြန်မာမှုဟန်စုံလင်စွာနဲ့ပန်းချီရေးဆွဲပေးခဲ့ပါသည်။ သင်္ကြန်မိုးရုပ်ရှင်ပြကွက်များ၏ အစပိုင်းပွဲဦးထွက်ပုဂံရှုခင်းနှင့်အတူ  နာမည်ကျော်အဆိုတော်ကြီး တင်တင်မြ ရဲ့ ပီသကြည်မြတဲ့ သင်္ကြန်သမိုင်းနောက်ခံစကားပြောသံထွက်ပေါ်လာခဲ့ပါသည်။ ခေတ်တခေတ်ပြောင်းတိုင်း နောက်ခံတီးလုံးတီးကွက်တွေကိုလည်းပြောင်းလဲ၏။ အင်းဝခေတ်ကိုပြောတဲ့ချိန် နောက်ခံတီးမှုတ်ပေးတဲ့ ဝါးပုလွေကြီးသံကလည်း သာယာလှသလို၊  ကုန်းဘောင်ခေတ်အရောက် ချွဲနွဲ့စွာမှုတ်လိုက်တဲ့နှဲသံကြီးကလည်းလွမ်းစရာ။ ကြည့်ရှုသူတို့ ပသာဒဖြစ်စရာ ဆရာကြီးဦးအေးမြင့်ရဲ့ မြန်မာမှုပန်းချီကားချပ်များဟာလည်း တီးလုံးတီကွက်များနဲ့အတူသွက်လက်လို့နေခဲ့ပါတသည်။ သင်္ကြန်မိုးရုပ်ရှင်ကိုဝိုင်းဝန်းဖန်တီးကြသူ၊ပြည်သူချစ်အနုပညာရှင်အပေါင်းတို့၏ လေးစားစရာအနုပညာအမွေအနှစ်များဟာ ယခုထက်ထိသမိုင်းမှတ်တမ်းတင် ကျန်ရစ်နေဆဲဖြစ်၏။

(ရန်ကုန်မြို့ပြကိုငြီးငွေ့သွားဟန်တူသည့် ဆရာကြီးမောင်အေးမြင့်ဟာ သူ့နေအိမ်ရှိရာ မန္တလေးမြို့၊ အမရပူရမြို့နယ်၊မဟာဂန္ဓာရုံကျောင်းတိုက်အနီးတွင် ပြန်လည်ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊  ၃ရက် အောက်တိုဘာ  ၂၀၁၇ခုနှစ်(အသက် ၈၈ နှစ်)အရွယ်တွင်ကွယ်လွန်ခဲ့ပါသည်)

(Ko Myat Lay: Old Burma Group)


ထိုဇာတ်လမ်းထဲကဇူလီအကြိုက်ဆုံးစကားပြောခန်းကတော့ သက်ထွေး၏ ဖခင်ဖြစ်သူကို ရင်နာနာဖြင့်ပြောလိုက်သည့် "အရက်သမားရဲ့သားက အရက်သောက်တာမဆန်းပါဘူးအဖေ အနုပညာသမားရဲ့သားက အနုပညာကိုပြခွင့်မရတာကမှဆန်းတာပါ" ဆိုသည့်စကားပင်။ ဒီဇာတ်ဝင်ခန်းကတွေးစရာတွေအများကြီးပေးခဲ့ပါသည်။ လောကမှာမိဘတွေရဲ့အတ္တကြောင့် နှစ်မြုပ်နေသည့်သားသမီးတွေရဲ့ဘဝဆိုတာ ရှိကိုရှိ၏။ အနုပညာမှာပါရမီပါလျက်နဲ့ အစွမ်းပြခွင့်မရသည့် သက်ထွေးလိုလူတွေ ကမ္ဘာမှာအများကြီး။ အတိတ်ကကြေကွဲစရာဇာတ်လမ်းတွေဆီမှာဘဲ ဘဝကိုနှစ်မြုပ်ပြီးအမြဲမူးရူးနေတဲ့ ကိုငြိမ်းမောင်လိုယောက်ျားကတော့ အလကားပေးတောင် ဇူလီမယူချင်ပါ။ ကိုငြိမ်းမောင်ဟာ သူ့အနာဂတ်ဖြစ်သည့် သက်ထွေးကိုဘယ်တော့မှသတိမမူမိခဲ့။ တစ်အိမ်ထဲ တစ်မိုးအောက်တည်းအတူရှိနေတာတောင် သူ့ရဲ့ရွှေရောင်အနာဂတ်ဖြစ်သည့်သားဖြစ်သူကို သူဘယ်တော့မှမမြင်ခဲ့။ မိုက်မဲလိုက်သည့်လူ။ 


ဇူလီမေမေဟာ သူတို့ခေတ်ကဒီလိုဇာတ်လမ်းတွေလာသည့်အချိန်ဆို TVကို ကြည့်သည်ဖြစ်စေ မကြည့်ဖြစ်စေအမြဲဖွင့်ထားတတ်သည်။ TVကြည့်လို့သူ့အနားဇူလီရှိသည့်အချိန်များဆို မေမေဟာ သူတို့ခေတ်ကရုပ်ရှင်မင်းသားမင်းသမီးများအကြောင်း ဇာတ်လမ်းတွေအကြောင်းများကို မထပ်အောင်ပြောပြတတ်၏။ လူကြီးတွေနားနေရတာ ဘာကောင်းသလဲဆို အခြားလူငယ်တွေမသိရသေးသည့်အကြောင်းများကို ကိုယ်ကသိရတတ်သည်ပါဘဲ။ 


ဇာတ်လမ်းပြီးသွားသည့်အချိန်မှာ ဇူလီကအခန်းဆီပြန်၏။ မေမေကတော့ ဖေဖေနဲ့အတူသတင်းတွေကြည့်ကြအုံးမည်။ 


ဇူလီဟာ မြန်မာဇာတ်လမ်းတွေကိုစွဲစွဲမြဲမြဲကြည့်လေ့မရှိပါ။ သို့ပေမယ့် မေမေ့ကိုတော့ဇာတ်လမ်းတွေကြည့်ကူတတ်၏။ တစ်ခေတ်တစ်ခါကရုပ်ရှင်ဇာတ်လမ်းများကို လျော့မတွက်သင့်။ မြန်မာဇတ်လမ်းမစွဲသည့်သူကိုယ်တိုင်တောင် ကောင်းတယ်လို့တသသမှတ်ချက်ပေးရသည့်ဇာတ်လမ်းတွေရှိပါသည်။ ကိုးဆယ်ဆသာလိမ့်မယ်၊ ရွှေနံ့သာစံအိမ်၊ ဆန်ရေ၊ လွမ်းငွေ့ကိုစေ၊ တိမ်မင်းသမီးရဲ့ဒိုင်ယာယီ၊ အမွေခံထိုက်စေ၊ ဝင်းဦး၏ အတွယ်အတာ စသည်တွေက ဇူလီသဘောကျမိသည့်ရုပ်ရှင်ဇာတ်လမ်းများပင်။ (နောက်များကြုံရင်ထည့်ရေးပေးပါ့မယ်)။ ရသစုံပေးနိုင်သည့်ထိုခေတ်ဇာတ်လမ်းတွေလိုမျိုးကို ယနေ့ခေတ်မှာတွေ့ရှိဖို့အတော်ခဲယဉ်းသွားခဲ့ပါပြီ။ ဇာတ်ကောင်တွေရဲ့မျက်နှာအမူအယာ၊ မျက်လုံးတွေကစ အသက်ဝင်အောင် တစ်ထပ်တည်းကျအောင် သရုပ်ဆောင်ပေးနိုင်သည့်လူများဟာလည်း ယနေ့ခေတ်မှာရှားပါးသွားခဲ့ပါပြီ။ ရုပ်လှသည်ဖြစ်စေ မလှသည်ဖြစ်စေ ပရိတ်သတ်တွေကတော့ ဇာတ်ကောင်နဲ့တစ်ထပ်တည်းကျသည့်အမူအယာပေါ်အောင်သရုပ်ဆောင်နိုင်သည့်လူကိုဘဲ သရုပ်ဆောင်ကောင်းလို့သတ်မှတ်ကြ၏။ လူတစ်ယောက်ရဲ့မျက်လုံး မျက်နှာအမူအယာဟာ အပြင်လောကမှာပါအရေးကြီးတဲ့အစိတ်အပိုင်းထဲပါဝင်‌၏။ ဥပမာ - တစ်ယောက်နဲ့တစ်ယောက်စကားပြောကြသည့်အချိန်မျိုး။


အိပ်ကပ်ဆီမှတုန်ခါသွားသည့် ဖုန်း။ ဒီနံပတ်ကိုဇူလီဟာ အမေ့ဖုန်းနံပတ်ထက်မက မှတ်မိနေပါပြီ။ 


"တနင်္ဂနွေကျ ဘုရားကျောင်းသွားကြရအောင်ပါ" 


"အင်း" 


ဆိုတော့ကား သန်ဘက်ခါသွားကြမည်ပေါ့။ 


"အစ်မ လာခေါ်မှာမို့ စောင့်နေနော်" 


ဇူလီဟာ ထိုမိန်းမကိုရှောင်နေတာ အတော်ကြာပါပြီ။ ထိုမိန်းမက ပျင်းလို့ဆိုပြီးသူ့အိမ်အလည်ခေါ်တတ်၏။ သို့ပေမယ့်သူ,မသွားဖြစ်ခဲ့ပါ။ မိုးသည်းသည့်ညတစ်ညမှာမက်ခဲ့သည့်အိမ်မက်ကြောင့် ဇူလီဟာ ထိုမိန်းမမျက်နှာကိုကြည့်ရမှာရှက်ရွံ့မိပါသည်။ သူ့ရဲ့ခါးသွယ်သွယ်ကလေးကိုဖက်ပြီး လည်တိုင်ကျော့ကျော့ကိုနှမ်းရှိုက်နေသည့်အကြောင်းများထိုမိန်းမသာသိသွားခဲ့ရင် ပါးတောင်ဆွဲရိုက်မလားဘဲ။  တွေးနေရင်း ဇူလီ့ပါးတွေဟာ ကျဉ်တက်သွားရသည်။ ဒါတွေကိုမေ့ပြစ်ဖို့ဇူလီဟာအကြိမ်ကြိမ်ကြိုးစားခဲ့ပါသည်။ သို့ပေမယ့် တစ်ကြိမ်လေးတောင်အောင်မြင်မှုမရခဲ့။ ကျရှုံးမြဲကျရှုံးနေပြီး အိမ်မက်တွေကလဲဆက်ပြီးရင်းဆက်ကာမက်နေတုန်းရှိ၏။ ဘယ်ချိန်များထိဇူလီဟာအဲ့မိန်းမကိုရှောင်နေနိုင်မည်မသိ၊ သူမဟာ ဂေဟာသွားဖို့စကားစခဲ့ပြီးပါပြီ။ သူ့ဟာသူဘာသိဘာသာနေလိုက်ရင် အရာအားလုံးငြိမ်ငြိမ်လေးဖြင့်ပြီးသွားလိမ့်မည်။ 


ပထမတစ်ကြိမ်တုန်းက ဘာမျှမပြင်ဆင်လိုက်ရပါဘဲ ကလေးတွေဆီသွားခဲ့ရပြီးပါပြီ။ ယခုများတော့ လက်ဗလာဖြင့် ထပ်မသွားနိုင်ပါ။ သူ့ဆီ အသုံးဝင်တာတစ်ခုခုများရှိမလားရှာကြည့်ပေမယ့် ဘာမျှရှိမနေ။ အတန်ကြာစဉ်းစားပြီးချိန်ထိ ဘာမှထွက်မလာတော့ စုထားသည့်မုန့်ဖိုးများဖြင့်သာ ကလေးတွေကိုမုန့်ဝယ်သွားဖို့ဆုံးဖြတ်လိုက်တော့၏။


........


ကုက္ကိုလ်ပန်းတွေပွင့်ပြီ။ ပြီးတော့ စက္ကူပန်းတွေ၊ အဖူးတွေဖူးနေကြပြီဖြစ်သည့် စိန်ပန်းတွေ၊ ပိတောက်တွေရော။ 


'ခါတော်ရေသဘင်ဆင်မြန်းတင့်ဆန်းယဉ် တေးသံပြိုင်လွင်

ပျော်ပျော်ရွင်ရွင်ငွေငန်းမောင်နဲ့ပင် တီးသံသာယဉ်

အတီးကကောင်းအကကောင်း ဆိုကောင်းချိုပြုံးရွင်'


သင်္ကြန်ရဲ့တေးတွေဟာ လမ်းတစ်လျောက်။ 


မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ဟာ မြန်မာ့ယဉ်ကျေးမှုသမိုင်းမှာ အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပွဲတော်တစ်ခုဖြစ်၏။  


"နင်တို့ရပ်ကွက်ထိပ်ကဦးလေးထွန်းစိန်လေ သူတို့ကနှစ်တိုင်းမဏ္ဍပ်ထိုးနေကျဘဲ။ ဒီနှစ်လည်းသူတို့အိမ်ကဘဲထိုးမယ်ထင်တယ်" 


ရီရီပြောသည့်ဦးလေးထွန်းစိန်ကို ဇူလီသိပါသည်။ အကြောင်းက ထိုလူတို့အိမ်ဟာ ကုန်စုံလက်လီလက်ကားဆိုင်ကြီးဖွင့်ထားလို့ဖြစ်၏။ ဇူလီတို့ရပ်ကွက်ကိုအများက လမ်းသုံးခွရပ်ကွက်လို့လည်းခေါ်ကြ၏။ မြို့ထဲလမ်းမကြီးအတိုင်းလာပြီးရင် ဇူလီတို့ရပ်ကွက်ရောက်ဖို့ ထိုကုန်စုံဆိုင်ကြီးရဲ့ထောင့်လေးကိုသာချိုးလိုက်ရုံ။


"နင်တို့ရပ်ကွက်ကလူတွေစုပြီး အဲ့မှာစတုဒီသာတွေကျွေးတတ်တယ်။ ရပ်ကွက်က,ကလေးတွေအကုန်လုံးကတော့ အဲ့မှာစုကြတာဘဲ"


"ငါတို့ဆိုလည်း ရပ်ကွက်အသွယ်သွယ်ခြားထားတာတောင် အဲ့ရပ်ကွက်ဆီသွားပြီး အမုန်းသွားဆွဲကြတာ" 


ရီရီဟာ တပြုံးပြုံးဖြင့် 


ဇူလီကတော့ နားစိုက်၍သာထောင်နေသည်။ ရီရီ့စကားကို မကြားတာလည်းမဟုတ်သလို ကြားတာလည်းမဟုတ်ပြန်။ ဇူလီ့အတွေးတွေက အမြဲလိုလို လူတစ်ယောက်ဆီဘဲရောက်နေတတ်တာသိကြမှာပါ။ သူမြင်ခဲ့သည့်မှဲ့တွေအကြောင်းတွေးရတာဟာ နေ့စဉ်အလုပ်လိုဖြစ်နေပြီဖြစ်၏။ 


ယခု သူမတို့ဟာ လေးသွယ်ချောင်း ဆိုသည့်ချောင်းတစ်ခုဆီမှာ ရောက်ရှိနေ၏။ ချောင်းဟာ ဥတုသုံးလီလုံးအမြဲမပြတ်ရေစီးနေတတ်သည်။ သို့ပေမယ့် နွေရာသီတွင်တော့ ရေစီးနည်းသည်။ ချောင်းရေစိမ်းစိမ်းဟာ နွေအပူကိုအန်တုပြီး အေးမြနေ၏။ ရေချိုးဆင်းကြသည့်မိသားစုများ၊ အဝတ်လာလျှော်ကြသည့်မိန်းမကြီးများ၊ ကလေးများဖြင့်လည်းစည်ကားနေသည်။ ဇူလီတို့ဟာ ရေတစ်ဖြတ်ကူးပြီး ချောင်းကမ်းစပ်နား ရေတိမ်သည့်နေရာတွင်ထိုင်နေကြ၏။ ကမ်းစပ်သဲပြင်ကအရမ်းပူသည်။ ထိုသဲပြင်ကြီး၏နောက်တွင် စိုက်ခင်းများရှိသည်။ ပြီးရင် ရွာလေးတစ်ရွာရှိ၏။ ဒီနားကစိုက်ခင်းများဟာ နှုံးမြေများကြောင့် ဖြစ်ထွန်းမှာကတော့အသေအချာပင်။ ချောင်းတစ်ဖက်ကမ်းကတော့ ကမ်းပါးအမြင့်များဖြင့် တောကြီးပင်။ စိုက်ခင်းတွေလည်းပေါ၏။ တောဘက်သွားဖို့ လှည်းလမ်းများ၊ လူသွားလမ်းများကိုလည်းဖောက်လုပ်ထား၏။ 


ကမ်းပါးအမြင့်ဘက်ဆို ကလေးတွေပိုစည်တာသိကြမှာပါ။ ထိုအမြင့်ဘက်မှာရေဟာပိုနက်ပေမယ့်လည်း ကလေးများကတော့မမှု။ ကမ်းစပ်ကမန်ကျည်းပင်ကြီးကိုခိုပြီး ရေထဲခုန်ချနေကြသည်။ တချို့ကလည်း ပြေးတမ်းလိုက်တမ်းကစားနေကြသည်။


"သွားစို့ ရေသွားကူးရအောင်" 


ဇူလီဟာ စပန့်ဝမ်းဆက်ဝတ်ထားသည့်ရီရီ့ကိုဆွဲထူသည်။ သူမကတော့ sport ဝမ်းဆက်ကိုဝတ်ထား၏။


ဒီနေရာဟာ ဇူလီရောက်ခဲ့သမျှနေရာတွေထဲမှာ အကြိုက်ဆုံးပင်။ သဲဖြူပြင်ကြီးတွေ၊ အစိမ်းရောင်ရေပြင်ကြီးတွေ၊ စိုက်ခင်းတွေ၊ လယ်စောင့်တဲတွေ၊ သစ်တောကြီးတွေကို ဒီနေရာမှာအစုံမြင်ရသည်လေ။


"ဦးလေးတို့ ဘယ်ကပြန်ကြတာလဲ" 


သူမတို့ရေကူးနေစဉ်မှာပင် လှည်းလမ်းဘက်မှ ခြင်းကိုယ်စီဖြင့်ပြန်လာကြသူများကိုမြင်၏။ 


"တောကပြန်လာတာ။ မနက်ဈေးမှာရောင်းဖို့ အင်ကြင်းပန်းတွေသွားခူးကြတာဟေ့" 


ဇူလီသိရသလောက်ဆို ဒီဘက်ဒေသဟာ အင်ကြင်းပန်းတွေအတော်ရှားသည်ပင်။ အင်ကြင်းတွေကစိုထိုင်းစများသည့်နေရာများတွင်သာ အပေါက်များပါသည်။ ဈေးကတော့ကောင်း‌နေမှာပင်။


အင်ကြင်းတွေခူးလာကြသည့်လူများက ခြင်းတွေကိုချလိုက်သည်နှင့် ကမ်းစပ်မှာလူတွေဟာဝိုင်းအုံကြတော့သည်။ သူ့ထက်ငါဦး အကောင်းဆုံးဆိုတာများကိုရွေးယူ‌နေကြ၏။ မနက်မှဝယ်ကြမည့်လူများကတော့ ရွေးကျန်များကိုသာရကြတော့မည်။ အင်ကြင်းပန်းဟာ ရနံ့သင်းပေမယ့်အပွင့်သေးလို့ ပန်ဆင်သူနည်း၏။ ဘုရားတွင်ကပ်ကြသည်ကသာများသည်။ ထင်သည့်အတိုင်းပါပင် ဈေးကောင်း၏။ ဈေးခေါ်သံကြားပြီး တချို့လူများကပြန်ချသွားကြသည်။ တချို့လူများကတော့ အင်ကြင်းခက်များကိုင်ပြီး ဆုံးဖြတ်ရခက်နေကြတုန်းပင်။ 


"ပြန်ရအောင် ဇူလီ။ မဟုတ်ရင်ငါတို့အသားတွေဒီထက်ပိုမဲတော့မယ်" 


ဒီချောင်းဆိပ်မှာရေချိုးချင်ရင် မနက်ထွက်လာဖို့လိုသည်။ နေ့ခင်းအပူချိန်မြင့်သည့်အချိန်များချိုးမိရင်တော့ ကျောကွဲဖို့သာပြင်။ အပူကြောင့်မဟုတ် အမေတွေလိုက်ရိုက်လို့ ကျောကွဲကြမှာကိုပြောတာဖြစ်၏။


"နင့်သူငယ်ချင်းတွေကဘယ်ခါလာကြမှာလဲ" 


ရီရီဟာ ဇူလီရဲ့ရောက်လာတော့မည့်သူငယ်ချင်းများကို သူမထက်မကမျှော်တတ်ပါသည်။ 


"သေချာမသိပါဘူး။ သူတို့ကရက်အမျိုးမျိုးပြောင်းနေကြတော့" 


သင်္ကြန်နီးပြီဆို အချို့တက္ကသိုလ်များမှာ "ကျောင်းတွင်းသင်္ကြန်" များရှိတတ်သည်လေ။ သူတို့လည်း လူငယ်တွေစုနေသည့်ထိုနေရာမှာပျော်ချင်ကြမှာပင်။ 


"အမြန်ခေါ်လိုက်။ ငါတို့လူစုပြီးမန္တလေးသင်္ကြန်သွားပျော်ရအောင်" 


ဒီလိုမျိုးသင်္ကြန်ပျော်ထွက်ဖို့ ဇူလီဒီအသက်အရွယ်ထိ မစဉ်းစားခဲ့ဖူးပါ။ သူမဟာအပေါင်းအသင်းရှားသည်။ သင်္ကြန်ရက်များဆို အိမ်မှာရှိရင်ရှိ မရှိရင် လမ်းထိပ်နားထိသွားပြီး ရေကစားကြသည်များကိုကြည့်တတ်၏။ 


"ဒီဒေသဘက် ဘုရားသွားကျောင်းတက်တဲ့လူတွေကိုမုန့်ကျွေးတဲ့အလေ့အထရှိလား"


ဇူလီဟာ ဒီမေးခွန်းကိုမေးချင်တာကြာပါပြီ။ တစ်ဒေသနှင့်တစ်ဒေသဟာ အလေ့အထတွေမတူညီကြသည်မို့ ထိုမတူညီသည့်အရာများအကြောင်း ဇူလီဟာ သိချင်သည်။  


"ဘာကိုပြောတာလဲ" 


"ကိုယ့်မြို့ကို အခြားမြို့ကနေတရားလာနာကြားတဲ့လူတွေကို မုန့်ကျွေးကြလားလို့" 


ရီရီ့ရဲ့ တဟမ်ဟမ် လုပ်နေတဲ့အသံကြားပြီး ဒီဘက်ဒေသမှာထိုအလေ့အထမရှိမှန်း သိရှိသွားခဲ့ပါပြီ။ 


ဒီလိုဘုရားသွားကျောင်းတက်သည့်အလေ့အထဟာ အထက်ပိုင်းဒေသမှာသာရှိသည်ထင်သည်။ အခြားမြို့မှလူများဟာ ကိုယ့်မြို့ဘက်လာပြီး ဘုရားကျောင်းလာတက်သည့်အခါ မြို့ခံလူများက မုန့်ပဲသရေစာများဖြင့်ဧည့်ခံကျွေးမွေးကြပါသည်။ အုန်းနို့ခေါက်ဆွဲ၊ အအေး၊ မုန့်ဟင်းခါး၊ ဆနွင်းမကင်း၊ ကြာဆံချက် စသဖြင့် မြန်မာ့ရိုးရာမုန့်များဟာအစုံ။ တရားနာပြီးစီး၍ မောင်းထုပြီးလျှင် ဧည့်သည်တော်များဟာ အလှူရှင်များဒါနမြောက်စေဖို့ ရေပက်ခံထွက်ရင်း မြို့/ရွာပတ်ကြ၏။ အိမ်ရှင်များကလည်း ဝမ်းသာအားရပင် ခရီးဦးကြိုပြုပြီး ဧည့်ခံကျွေးမွေး‌ကြ၏။ တချို့ဧည့်သည်များဆိုမစားနိုင်ကြတော့၍ အိမ်ရှင်ကျေနပ်အောင် အိမ်ထဲဝင်လည်ပြီးသာမိတ်ဆွေဖွဲ့တတ်ကြသည်။


ဇူလီတို့ကဒီအလေ့ရှိသည့်ဒေသတိုင်းမှာ မုန့်လုပ်လှူဒါန်းတတ်ပါသည်။ နှစ်သစ်ကုသိုလ်ယူဖို့ရော၊ သမီး၂ယောက် မျက်နှာပန်းလှအောင်လို့ရော သူမမေမေက လုပ်ပေးတတ်၏၊ အဲ့လိုအချိန်ဆိုလူတိုင်းကပျော်နေတတ်ကြပေမယ့် ဇူလီကတော့မပျော်။ လူအရမ်းများသည်။ ဇူလီ့အစ်မကအပေါင်းအသင်းများ၍ အိမ်လာသည့်လူလည်းများ၏။ လူများသည့်အချိန်ဆို ဇူလီဟာဘယ်တော့မှအိမ်ရှေ့မထွက်။ အိမ်နောက်မှာသာပန်းကန်တွေဆေးနေတတ်သည်ကများပါသည်။ 


တစ်နေ့များကျ အထက်ပိုင်းဒေသကိုအလည်တစ်ခေါက်ပြန်သွားရမည်။ 


"ငါ့ကိုမန္တလေးသင်္ကြန်သွားမှာပါလို့ ကတိပေးစမ်းပါ။ ငါသွားချင်လို့တစ်ပိုင်းသေတော့မယ်" 


"အေးပါ သွားရမှာပေါ့။ သူတို့သာအရင်ရောက်ပါစေအုံး" 


"သူတို့မလာလည်း ငါတို့နှစ်ယောက်ဘဲသွားမယ်ဟာ။ နင်သာလိုက်မယ်လို့ကတိပေး" 


ရီရီဟာ ဇူလီထက်ပိုပြီးစွန့်စားတတ်သည့်မိန်းကလေးတစ်ဦးပါ။ သူကလူတောတိုးရသည်ကိုပျော်သည်။ ဇူလီကတော့ အစိမ်းရောင်တွေထဲတိုးရသည်သာ ပျော်၏။ 


အစိမ်းရောင်......


မနက်ဖြန်သွားမည့်ခရီးမှာ အစိမ်းရောင်ကြိုက်သည့်မိန်းမဟာ ဘယ်လိုအရောင်များရှိသည့်ဝမ်းဆက်ကိုဝတ်ဆင်လာလေမလဲ။ ဘာအရောင်ဘဲဝတ်ဝတ်ပါ ထိုမိန်းမကတော့ အမြဲလှနေမှာသေချာ၏။ ဇူလီဟာ ထိုခရီးမှာ ရီရီ့ကိုပါခေါ်ဖို့စဉ်းစားခဲ့ဖူးသည်။ သို့ပေမယ့် ထိုမိန်းမကိုအသိမပေးဘဲ သူဘာမျှမလုပ်ချင်။ သူမဟာ ဒီခရီးရဲ့ဦးဆောင်သူမဟုတ်။ 


နေရဲ့အပူချိန်ဟာ မြင့်လာပါပြီ။ ဒီလိုနေမျိုးဖြင့် လူတွေဘယ်လိုလုပ်ပြီးများရေးကစားကြမလဲ။


ဇူလီအိမ်ကိုပြန်ရောက်တော့ အမေကဆူဆဲတာကိုခံရ၏။ မရိုက်ရုံတမယ်ဘဲရှိမည်။ အခြားလူတွေလည်းဒီလိုရေကူးသွားကြပေမယ့် ဇူလီကတော့အများနဲ့မှမတူတာ။ မိဘကသားသမီးကိုစိတ်ပူတယ်ဆိုတာ အပိုတွေမှမဟုတ်။


"ဖျားလို့ကတော့ ကုပေးမယ်မထင်နဲ့။ သေသေရှင်ရှင်ပြစ်ထားလိုက်မှာ နင့်ကို" 


အမေတိုင်းက ဒီလိုဘဲပြောကြ၏၊ တစ်ကယ်တမ်းဖြစ်လာကြရင်တော့ သူတို့မှာအရူးမီးဝိုင်း။ 


ဖျားမည်စိုး၍ အံ‌ဆွဲထဲရှိသည့်ဆေးတစ်လုံးကိုသောက်ခဲ့ပေမယ့်လည်း မနက်ထလာတော့ ခေါင်းကအနည်းငယ်မူးသလိုဖြစ်နေ၏။ သူမဟာ ဖျားလို့မဖြစ်ပါ။ ဒီနေ့မှာ ဘုရားကျောင်းသွားကြဖို့ ဟိုမိန်းမကလာခေါ်လိမ့်မည်။ ဆေးတစ်လုံးထပ်သောက်ပြီး ကလေးတွေအတွက်မုန့်ဝယ်ဖို့ အမေနဲ့ဈေးကိုလိုက်သွား၏။ 


ကလေးများအတွက်အာဟာရဖြစ်စေမည့် နို့မုန့်ထုပ်များ၊ ကွေကာထုပ်များကိုဝယ်သည်။ ပြီးရင် ပေါင်မုန့်ချပ်များ၊ အခြားသရေစာများကိုဝယ်၏။ ဇူလီ့မေမေက ဇူလီစုထားသည့်ပိုက်ဆံများကုန်မှာစိုးလို့ဆိုပြီး သူကစိုက်ဝယ်ပေးသည်များလည်းရှိပါသည်။ 


အိမ်ရောက်တော့ မုန့်ထုပ်များကိုခြင်းတစ်ခုဖြင့်ထည့်ပြီး ပြင်စရာရှိသည်များပြင်ကာ ဒေစီတစ်ပွင့်ကိုခူး၍ထိုမိန်းမကိုစောင့်ရတော့၏။ 


၉နာရီလောက်တွင် ထိုမိန်းမဟာ သူမအိမ်ရှေ့ရောက်လာပါသည်။ တစ်ယောက်တည်းတော့မဟုတ်ခဲ့ပါ။ အများက တရုတ်ကြီး ဟုခေါ်သည့်လူပါ,ပါလာ၏။ အင်းမလုံချည်အနက်ရောင်နှင့် လည်ကတုံးအင်္ကျီအဖြူကိုဝတ်ဆင်ထားသည့်ထိုလူကိုကြည့်ပြီး ဇူလီ့စိတ်ထဲခံစားမိသည်က  'စိတ်မသက်သာမူ'။ 


ဇူလီ့မှာ ပန်းကိုပေးဖို့စိတ်ကူးမရှိတော့ပါ။ ထိုယောက်ျားပါလာမည်လို့ ထိုမိန်းမကတစ်ခွန်းမျှမဟခဲ့ဖူး။


"ဇူလီ့ပစ္စည်းတွေပါ,ပါတာလား" 


ထိုမိန်းမဟာ ဇာပေါက်အင်္ကျီအနက်နှင့်အပွင့်ရောင်စုံပါသည့်ဆွဲသားလုံချည်အနက်ကိုဝတ်ဆင်ထားပါသည်။ ပြီးရင် ဘရန်းအိတ်တစ်လုံးကိုလွယ်ထားပြီး ခေါင်းမှာဘယ်တော့မှတပ်မှာမဟုတ်သည့်မျက်မှန်အနက်လေးကိုထိုးထားသည်။ လည်တိုင်ကျော့ကျော့လေးမှာနေရာယူထားသည့် spinelကျောက်စိမ်းဆွဲကြိုးလေးကိုပါတွေ့ရ၏။


ဗမာဝတ်စုံဝတ်ပြီး ရှိုးထုတ်လို့မရဘူးလို့ဘယ်သူကပြောသလဲ။ ထိုမိန်းမကိုသာကြည့်တော့။ 


ဘယ်လိုဘဲကြည့်ကြည့် ဒီမိန်းမနှင့် ဟို‌ယောက်ျားဟာ အတွဲတွေလိုဖြစ်နေသည်။ ဇူလီကတော့ လူပိုတစ်ယောက်လို။ သူမဟာ လူပိုဟုတ်ခဲ့ပါသည်။ ဘုရားကျောင်းက,ကလေးတွေပြောခဲ့ဖူးသည်လေ ဒီမိန်းမဟာအမြဲဒီယောက်ျားနဲ့ဂေဟာလာနေကျလို့။


"သွားရအောင် ဇူလီ" 


ပစ္စည်းထည့်ဖို့‌ကားနောက်ဖုံးဖွင့်သည့်အခါ ကလေးအဝတ်အစားတွေထည့်ထားသည့်ခြင်းကိုပါတွေ့ရ၏။ ပြီးရင် ရေကစားသည့်ရေပြွတ်ကလေးများ။ ကလေးများအတွက် သင်္ကြန်စာ။ 


ဇူလီ ကားထဲဝင်တော့ ရေမွေးအနံ့စူးစူးကိုရသည်။ ဟိုယောက်ျားရဲ့ဟာဖြစ်လောက်၏။ နဂိုကမှနေမကောင်းဖြစ်ချင်နေသည့်သူမဟာ ရေမွေးအနံ့စူးစူးကိုရတော့ ပိုဆိုးလာသလိုလို။ မူးဝေလာပြီး အနည်းငယ်အော့အန်ချင်လာသည်။ သို့ပေမယ့် အရှက်တကွဲတွေ၊ အားနာစရာတွေမဖြစ်ရလေအောင် စိတ်ကတင်းထားရ၏။ 


ကားခေါင်းခန်းမှနှစ်ဦးဟာ ဘာတွေပြောနေသည်လဲဆိုတာ ဇူလီမသိပါ။ စကားသံတွေကလွဲပြီး မည်သည့်အဓိပ္ပာယ်ကမှ ဇူလီ့ခေါင်းထဲဝင်မလာ။ 


"ကိုဇွဲသုရယ် ကျွန်မကိုကားခဏရပ်ပေးစမ်းပါ" 


မြို့ထဲလမ်းမှာ သူမတို့ကားဟာခဏရပ်သွား၏။


"တစ်ခုခုဝယ်မလို့လား" 


ထိုယောက်ျားရဲ့မေးခွန်းကိုဖြေစရာမလိုပါ။ အကြောင်းက ထိုမိန်းမဟာ ကားနောက်ခန်းဆီရွေ့ပြီးဝင်ထိုင်လိုက်လို့ဖြစ်၏။ ကားရှေ့ခန်းမှယောက်ျားဟာထိုမိန်းမကိုကြည့်ပြီး ဇူလီ့ကိုဖျက်ကနဲကြည့်လာ၏။ ခဏလေးပါပင်။


ယခုအချိန်များမှာ ဇူလီ့ဆီ မည်သို့သောစကားပြောချင်သည့်စိတ်တွေရှိ‌မနေပါ။ ဒါကို ဘေးကမိန်းမကအလိုက်တသိပါလာပေးလို့ ကျေးဇူးတောင်တင်မိ၏။ ကားရှေ့ခန်းမှယောက်ျားကတော့စကားတွေ ရေပက်မဝင်ပြောနေတတ်သည်။ 


သူမတို့ကျောင်းကိုရောက်တော့ ဘုရားကျောင်းမှလူများဟာ ဓမ္မတေးကိုဆိုလို့မပြီးကြ‌သေးပါ။ တနင်္ဂနွေနေ့တိုင်းဟာ သူတို့ ဘုရားကျောင်းတက်သည့်နေ့။


ဓမ္မတေးသီဆိုသံကြားရင် ဇူလီသတိရမိတတ်သည့်အဆိုတော်တစ်ယောက်ရှိပါသည်။ Enya ဟုခေါ်သည့်အမျိုးသမီးအဆိုရှင်တစ်ဦးပါ။ လူအများကတော့သူမကို မှော်အဆိုရှင် ဟုခေါ်ကြတာများသည်။ သူမရဲ့သီချင်းတွေဟာ အေးအေးလေးနဲ့ အသံကလည်းနားထောင်ရသူတိုင်းကို စိတ်အေးချမ်းမှုပေးစွမ်းနိုင်၏။ သူမရဲ့သီချင်းတွေထဲကမှ Only Time ဆိုသည့်အပုဒ်ကိုသာလူသိများကြသည်။ ဇူလီကတော့ သူ့သီချင်းဆိုအကုန်ကြိုက်ပါသည်။


သူမတို့ဟာ ကျောင်းအုပ်ကြီးနဲ့တွေ့ကာ ပစ္စည်းတွေကိုအပ်ကြ၏။ ဓမ္မတေးဆိုတာပြီးတော့မှာမို့ ကလေးတွေကိုစောင့်သွားဖို့ပြောသည်။ ထိုမိန်းမတို့နှစ်ယောက် ကျောင်းအုပ်တွေဖြင့်စကားပြောနေသည့်အချိန် ဇူလီက နံရံတွေမှာကပ်ထားသည့်ပုံများကိုစပ်စုကြည့်၏။ 


နံရံကပ်စာစောင်များ၊ ဓာတ်ပုံများအရ ဒီဘုရားကျောင်းဟာ အနှစ်၃၀ရှိပါပြီ။ ယခင်ကတော့ ခရစ်ယာန်ဘုရားကျောင်းအဖြစ်အသုံးပြုခဲ့ကြပြီး မိဘမဲ့ကျောင်းဖြစ်လာသည်က ၉နှစ်သာရှိသေး၏။ နံရံများတွင် ကလေးတွေဆွဲထားသည့်ကြောင်ခြစ်ကျားခြစ်ပုံများလည်းရှိသည်။ ထိုချစ်စရာပုံလေးများကိုမြင်တော့ ဇူလီဟာပြုံးမိ၏။ သူငယ်ငယ်ကလည်း ဒီလိုတွေဘဲဆွဲခဲ့တာဖြစ်၏။ ကြောင်ခြစ်ကျားခြစ်မို့ဆိုပြီး ကလေးတွေရဲ့အနုပညာကိုအထင်မသေးသင့်။ ကလေးတွေပုံဆွဲတာက အထီးကျန်မှုကိုဖြေဖျောက်ခြင်း၊ ပုံတွေဖြင့်စကားပြောခြင်း၊ ကမ္ဘာကြီးနဲ့ဆက်သွယ်ခြင်းဘဲတဲ့။ ဇူလီကြည့်ဖူးသည့်ရုပ်ရှင်တစ်ကားထဲမှာ ကလေးတွေပုံဆွဲရသည့်အကြောင်းကို ထိုကဲ့သို့ဖော်ပြဖူးသည်။


လက်မောင်းနားမှအင်္ကျီစကိုထိတွေ့လာသည့်လက်တစ်စုံဟာ ဇူလီ့စိတ်ကိုနံရံတွေဆီကနေ ဆွဲခွါလိုက်၏။


"ကလေးတွေလာကြပြီ" 


ဆူကနဲဖြစ်သွားသည့်ဟောခန်းကြီး။ 


ကလေးတွေဟာ ဇူလီကလွဲရင် ကျန်သည့်လူများကိုကပ်ပါသည်။ တစ်ယောက်တည်းဖြစ်နေသည့်ဇူလီအနားကို စစ်စတာတစ်ယောက်ဟာရောက်လာပြီးကျေးဇူးတင်စကားပြောလာသည်။ ဇူလီဟာ ဒီကျောင်းကိုလှူသည့်ပထမဆုံးလူငယ်အမျိုးသမီးဖြစ်ကြောင်း ပြောပြ၏။ ဇူလီကတော့ ထိုစကားများကို ခေါင်းညိမ့်ပြီးသာလက်ခံလိုက်သည်။ ဆူညံသံတွေဟာ ဇူလီ့ကိုပိုပြီးအနေရခက်စေပါသည်။ ခက်လှမ်းလှမ်းမှာ ကလေးတွေဖြင့်ကစား‌နေသည့်ယောက်ျားဟာ ကလေးထိန်းတာတော့တော်၏။ ဟိုမိန်းမကတော့ ကလေးများကိုစာတွေကူလုပ်ပေးနေသည်။ ဇူလီဟာလည်း ဒီနေရာမှာစိတ်ကိုတည်ငြိမ်စေမယ့်အရာတစ်ခုကိုရှာတွေ့ချင်သည်။ ပုံဆွဲနေသည့်ကလေးတွေကိုမြင်တော့ သူမဟာထိုကလေးတွေနားထိုင်ချလိုက်၏။ ပထမတော့ ကလေးတွေဟာကြောင်နေသေးသည်။ နောက်များမှ ဇူလီဟာ ခဲတံကိုဆွဲယူပြီးပုံဆွဲပြကာမှ ပြုံးလာကြ၏။ တစ်စစဖြင့် သူမအနားစုပြုံလာသည့်ကလေးတွေ။ ဒါဟာ ဇူလီ ကလေးတွေကို အမှန်တစ်ကယ်ပေးချင်သည့်အရာဖြစ်ခဲ့၏။ 


"ဆိုတော့ကား ဒီနေ့ရဲ့ဟီးရိုးကြီးက ဇူလီပေါ့" 


ထိုမိန်းမဟာ ဘယ်အချိန်ကတည်းကဇူလီ့အနားရောက်နေသည်မသိပါ။ အသံကြား၍လှည့်ကြည့်သည့်အချိန် ထိုမိန်းမကသူမအနောက်နားလေးမှာ ဒူးထောက်ပြီးထိုင်နှင့်နေပြီ။


ဇူလီဆွဲထားသည့်ပုံများကိုကြည့်ပြီး ထိုမိန်းမကပြုံး၏။


"ပြန်ကြရအောင်" 


သူမတို့ဒီကိုရောက်နေကြတာဟာ ကြာပြီပြောရပါမည်။ ကလေးများနှင့်တာဝန်ရှိသူများကို သူမတို့နှုတ်ဆက်ကြပြီး ပြန်ဖို့ပြင်ကြ၏။


ခါတိုင်းလိုပါပင် ထိုမိန်းမဟာဇူလီ့လက်ကိုဆွဲပါသည်။ အပူတွေတက်နေသည့်လက်ကိုထိမိသည့်အချိန်တောင် ထိုမိန်းမဟာမည်သို့သောအမူအယာမှမပြခဲ့ပါ။ 


အိမ်ပြန်သည့်လမ်းတလျောက်မှာ တရိပ်ရိပ်ဖြင့်မြင်နေရသည့်အပင်တွေတောင် ယခုများတော့မလှပနိုင်တော့။ 


"ကိုဇွဲသုရေ မြို့ထဲကဆေးခန်းတစ်ခုခုမှာရပ်ပေးစမ်းပါ" 


ထိုမိန်းမဟာ ဇူလီရဲ့လက်ကိုခပ်ဖွဖွပွတ်ပေးပြီး ရှေ့ကလူကိုပြောသည်။ ထိုလူကမေးခွန်းတွေမမေးတော့ဘဲ အင်း ဟုသာပြန်ပြောခဲ့၏။ 


ထိုမိန်းမဟာ ဇူလီနေမကောင်းဖြစ်နေတာကို သတိထားမိခဲ့ပါသည်။ ဘယ်ကတည်းကလဲဆို အိမ်မှာကတည်းကလို့ပြောရမလား။ ဘုရားကျောင်းသွားဖို့စပြောခဲ့သည့်လူဟာ ဇူလီမို့လို့၊ ဇူလီ့ကိုချန်ပြီး ဘုရားကျောင်းမသွားချင်သဖြင့် ထိုမိန်းမဟာ ဘာမျှမပြောခဲ့တာပင်။ 


ဇူလီဟာ ဝမ်းသာသွားခဲ့ပေမယ့် အားလည်းနာသွားခဲ့ရပြန်သည်။ 


"ကျွန်မကိုအိမ်ထိဘဲခေါ်သွားပေးပါ" 


သူမက ထိုစကားကိုတိုးတိုးပြောတော့ ထိုမိန်းမကသူ့ဘက်လှည့်လာ၏။ 


"လမ်းကြုံတယ်လေ ဇူလီ။ အိမ်ကိုပြန်ပြီးတော့မှဆေးခန်းထပ်လာမလို့လား။ အပူတွေလည်းတက်နေတာကို" 


လမ်းကြုံတာမကြုံတာကို ဇူလီစိတ်မဝင်စားပါ။ သူမက ဒီလူတွေ အထူးသဖြင့်ဒီမိန်းမကြီးနဲ့အတူ ဆေးခန်းမသွားချင်တာဖြစ်၏။ 


"ဆေးခန်းဝင်သွားလိုက်ပါညီမရယ်။ ဆေးမထိုးချင်တောင် သောက်ဆေးဖြစ်ဖြစ်ယူသွားလိုက်ပါ" 


ဒါဟာ ထိုလူဘက်ကနေဇူလီ့ကို ပထမဆုံးစကားစပြောခြင်းပါဘဲ။ 


"အိမ်ကိုဘဲမောင်းပေးပါ။ ကျွန်မကြောင့်ဒုက္ခမခံကြပါနဲ့" 


ဒီစကားပြောသည့်အချိန် ဇူလီဟာ မည်သူ့မျက်နှာကိုမှမကြည့်ပေမယ့် ဟိုမိန်းမကတော့ သူမကိုခပ်စေ့စေ့ကြည့်နေတာကိုခံစားမိသည်။


"အဖျားကြီးမလာခင် ဆေးဝင်ယူလိုက်တာကောင်းမယ်ထင်တယ်နော် ဇူလီ" 


ဇူလီဘယ်လိုငြင်းငြင်း ထိုမိန်းမကတော့အလျော့ပေးမည်မထင်ပါ။ သူမမှာ ငြင်းဖို့အားကုန်နေသည်။ သူတို့ခေါ်သွားသည့်‌ဆေးခန်းဆီ အသံတိတ်ပြီးသာလိုက်ပါသွားရ၏။ 


ကားဟာ မြို့ထဲမိန်းလမ်းမကြီးဘေးကဆေးခန်းတစ်ခုမှာရပ်သွားသည်။ ၃ထပ်ရှိသည့်ကိုယ်ပိုင်ဆေးခန်းတစ်ခုပါ။


"နေခဲ့လိုက်ပါ ကိုဇွဲသု" 


ထိုမိန်းမဟာ ထိုယောက်ျားကိုကားထဲနေခဲ့ဖို့သာပြော၏။ 


ထိုမိန်းမဟာ ဆေးခန်းထဲကအမျိုးသမီးဆရာဝန်တစ်ယောက်ရဲ့အမည်ကို ပြောကာလိုက်ရှာ၏။ ပြီးရင် ထိုအမျိုးသမီးဆရာဝန်ရှိသည့်ဒုတိယထပ်ကိုဦးတည်သွား၏။ ထိုအမျိုးသမီးဆရာဝန်ဟာ အသက်လတ်ပိုင်းလောက်ရှိနေပါပြီ။ ထိုမိန်းမကိုတွေ့တော့ ဝမ်းပန်းတသာနှုတ်ဆက်သည်။


"မတွေ့တာတောင်ကြာပြီနော် ဘယ်နှနှစ်တောင်ရှိနေပြီလဲ"


ကြည့်ရတာ ရင်းနှီးသည့်အသိတွေထင်သည်။ 


"ဒီအတောအတွင်း လာတောင်မတွေ့ဘူးရယ်။ နေတတ်လိုက်တာနော်" 


ဆရာဝန်တွေနဲ့ခဏခဏတွေ့ချင်သည့်လူဆိုတာ ဘယ်မှာရှိလို့လဲ။ နှစ်တွေအကြာကြီးမတွေ့ရလေပိုကောင်းလေဘဲလေ။


"အပူလျှပ်ပြီး ဖျားတာပါ။ ကိုယ်ခံအားနည်းတာလည်းပါတယ်။ အဖျားကသိပ်မကြီးပေမယ့် မြန်မြန်ပျောက်ချင်ရင်တော့ ဆေးထိုးမှရမယ်" 


ဆရာဝန်မဟာ ဇူလီ့ကိုတစ်လှည့် ဟိုမိန်းမကိုတစ်လှည့်ကြည့်ရင်းပြောလာသည်။ ဆေးထိုးရမည်ကြားတော့ ဇူလီ့လက်တွေဟာ တင်းကနဲဖြစ်သွား၏။ 


"သောက်ဆေးဘဲ....." 


"ဆေးဘဲထိုးပေးပါဆရာမ။ သောက်ဆေးကအာမခံမရှိဘူး" 


ဇူလီ့စကားတွေတောင်မဆုံးသေး ထိုမိန်းမရဲ့လက်ဖုဝါးနုနုဟာ သူမကျောကိုအသာသပ်ပြီး ဆရာဝန်မကိုပြောလိုက်သည်။ ဆေးအကြောင်းနားလည်သူအများစုဟာ နာမကျန်းဖြစ်နေသူတွေကိုသောက်ဆေးထက် ထိုးဆေးကိုပိုပြီးအားပေးကြပါသည်။ ဆေးထိုးတာက အကြောတွေထဲထိစိမ့်ဝင်ပြီး ပိုထိရောက်လို့ဖြစ်၏။ 


"ဒါဆိုတင်ပါးဆေးပါတစ်ခါတည်းထိုးပေးလိုက်မယ်နော်" 


ဇူလီရဲ့ထိန်းခဲ့သမျှအရှက်တွေဟာ ဒီနေ့မှာသက်တမ်းကုန်ပါပြီ။ 


"တင်ပါးဆေးကမထိုးလို့မရဘူးလား" 


မျှော်လင့်တကြီးဖြင့် ဆရာဝန်မရဲ့မျက်နှာကိုဇူလီဟာကြည့်ရသည်။ သို့ပေမယ့် အငြင်းခံရ၏။ 


"တင်ပါးထိုးမှပိုပျောက်တာညီမရဲ့" 


ဇူလီဟာ ထပ်ပြီးသာငြင်းသည်။ သို့ပေမယ့် တစ်ယောက်ယောက်က သူမကျောကိုအသာပွတ်ကာ လေချိုသွေး၏။


"မနာပါဘူးဇူလီရယ်။ ပုရွက်ဆိတ်‌ကိုက်သလောက်ပါဘဲ" 


ဇူလီ့ကိုကြည့်ပြီး ထိုမိန်းမဟာရယ်ချင်နေသည်။ 


လက်မောင်းဆေးတစ်ချောင်းထိုးပြီးချိန်ထိ ဇူလီ့စိတ်တွေဟာငြိမ်နေသေး၏။ တင်ပါးကိုထိုးဖို့ ဆေးစုပ်သည့်အချိန်မှာတော့ ဇူလီဟာ ဒီဒုတိယထပ်ပြတင်းပေါက်ကနေခုန်ဆင်းပြီးထွက်ပြေးချင်လာသည်။  


"ဘောင်းဘီကိုအစွန်းနားလေးဘဲချလိုက်ပါ" 


ဆေးအပ်အရှည်ကြီးကိုမြင်သည့်အခါ ဇူလီ့စိတ်တွေဟာလွတ်ချင်လာသည်။ ပေါ်နေသည့်တင်ပါးအစွန်းစလေးကို လက်ဖြင့်အုပ်၏။


"ခဏလေးပါ ခဏလေးပါ ဆရာမရယ်။ အသက်ဝအောင်ရှုပါရစေအုံး" 


ဆရာဝန်မဟာ ဇူလီ့ကိုသာစိတ်ရှည်ရှည်စောင့်သည်။ ဟိုမိန်းမကတော့ဇူလီ့ကိုကြည့်ပြီး ရယ်နေ၏။ 


"အဆင်သင့်ဖြစ်ပြီလား" 


ဇူလီခေါင်းငြိမ့်ပြတော့ ဆရာဝန်မရဲ့လက်နွေးနွေးဟာ ဇူလီ့တင်ပါးကိုလာထိသည်။


"နေအုံး နေအုံး" 


မည်မျှပင်စိတ်ကိုထိန်းပါစေ တင်ပါးဆေးထိုးသည့်အချိန်တော့ လူတိုင်းဟာစိတ်မငြိမ်တာသဘာဝပါ။ ဇူလီဟာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ဖျားခဲ့ဖူးသလို၊ ဆေးအပ်အချောင်းပေါင်းများစွာရဲ့ထိုးတာကိုလည်းခံခဲ့ရဖူး၏။ ဒါပေမယ့် တင်ပါးဆေးကိုတော့ သူနေသားမကျခဲ့ဘဲ ယခုချိန်ထိကြောက်ဆဲဖြစ်၏။ ဆေးထိုးချတော့မည်လက်ကောက်ဝတ်ကို ဇူလီကဖမ်းတော့ တစ်ချိန်လုံးရပ်ပြီးရယ်နေသည့်မိန်းမဟာ သူမအနားကပ်လာသည်။ 


"ဇူလီ အဲ့လိုမလုပ်ရဘူး။ လက်ကိုထိုးမိလိမ့်မယ်" 


ဆရာမရဲ့လက်ကောက်ဝတ်ကိုဖမ်းထားသည့်ဇူလီ့လက်ကိုပင် ထိုမိန်းမက ပြန်လည်ဖမ်းဆုတ်သည်။ 


"ခဏလေးပါ" 


ဆရာဝန်မဟာ ဇူလီ့ကိုစိတ်မရှည်ဖြစ်လာသည်ထင်သည်။ 


"အပြင်မှာစောင့်နေတဲ့လူနာတွေရှိသေးတယ်နော်။ အချိန်မဆွဲနဲ့" 


ထိုသို့ပြောမှသာ ဇူလီကငြိမ်ကျသွား၏။ သို့ပေမယ့် သူကြောက်နေဆဲ။ 


"လာခဲ့။ ဒီမှာပုန်းနေလို့ရတယ်" 


ထိုမိန်းမဟာ ပြောပြောဆိုဆိုဖြင့်ပင် ဇူလီ့လက်တွေကိုယူပြီး သူမရဲ့ခါးသိမ်သိမ်လေးဆီမှာတွယ်ယှက်ပေး၏။ ပြီးရင် ဇူလီ့ရဲ့မျက်နှာသေးသေးလေးကိုဆွဲယူကာ သူမရဲ့ရင်ခွင်ဆီပုန်းခိုခွင့်ပေးပြန်သည်။ 


"အပ်ကိုဘဲစိတ်ရောက်မနေနဲ့"


ချော့မြူသလိုဖြင့်သူမရဲ့ခေါင်းကိုခပ်ဖွဖွပုတ်ပေးနေသည့် ထိုမိန်းမ။


ယခုများဆို ဇူလီဟာသူမရဲ့အသားကိုထိတွေ့လာတဲ့ ဂွမ်းစအေးအေးဆီမှအထိအတွေ့၊ သူမရဲ့အသားထဲနှစ်ဝင်သွားသည့်အပ်ဆီမှနာကျင်မှု၊ ဆေးဝင်သွားသည့်အချိန်ခံစားမိတတ်သည့်ဆေးအရသာ စသည့်အရာ မည်သည့်အရာကိုမှမခံစားမိနိုင်ပါ။ သူမ,သိသည့်အရာဆိုလို့ ကိုယ်သင်းနံ့သင်းသင်းကလေးရယ်၊ လက်တစ်ပွေ့စာတောင်မရှိသည့် ခါးသိမ်သိမ်ကလေးရယ်၊ ဒီမိန်းမရယ်ဘဲရှိတော့သည်။ 


ဘဝမှာ ကိုယ့်ကိုထိုးနေသည့်အပ်ထဲမှဆေးကုန်သွားမည်ကိုစိုးရိမ်မိသည့် ပထမဆုံးအခိုက်အတန့်ဖြစ်၏။ သူမကိုယ်သူမဟာမယုံနိုင်။ ဒီမိန်းမရဲ့ခါးသိမ်သိမ်လေးကိုပွေ့ဖက်ခွင့်ရသည်လို့ အိမ်မက်,မက်ခဲ့တာဟာ လွန်ခဲ့သည့်၅ရက်ကမှ။ နှလုံးဟာလည်းခုန်ထွက်မတတ်။ ယခုအချိန်များသာ အပူတိုင်းကိရိယာဟာသူမလက်ထဲရှိနေလို့ကတော့ အပူလွန်ကဲပြီးပေါက်ပါကွဲမှာ သေချာသည်။


"မနာဘူးလို့မပြောဘူးလား" 


ဆရာဝန်မရဲ့အသံကြားတော့ ဇူလီဟာထိုမိန်းမရဲ့ခါးသိမ်သိမ်လေးဆီကနေအလိုက်တသိခွာရသည်။ ထိုမိန်းမရဲ့ကိုယ်သင်းနံ့တွေ သူမရဲ့နှာဖျားမှာစွဲနေတုန်းဘဲ။ ယနေ့များတော့ အဖျားတွေကင်းစင်ပြီထင်သည်။ ဆေးထိုးထားသည့်နေရာကို ထိုမိန်းမကသူ့လက်ဖြင့်ချေဖို့လုပ်တော့ ဇူလီကသာအမြန်လက်ဖြင့်အုပ်ရ၏။ 


"၂ရက်စာစားဆေးပေးလိုက်မယ်။ တစ်နေ့၂ကြိမ် အစာစားပြီးတိုင်းသောက်ပေးနော်။ ပြီးတော့ ဓာတ်ဆားရည်လေးခဏခဏသောက်ပေးဖို့လည်းမမေ့နဲ့"


ဆေးယူပြီးသွားတော့ ထိုမိန်းမကသာဆေးဖိုးရှင်းသည်။ ဆရာဝန်မက မပေးဖို့တား၏။ ထိုမိန်းမကလည်းအတင်းပေးသည်။ ဒီမိန်းမဟာ ဘယ်နေရာရောက်ရောက်သူ့ဖခင်မျက်နှာကြောင့် မျက်နှာပန်းပွင့်ပါသည်။ ဒီနယ်ဘက်ကဆရာဝန်အများစုဟာ သူ့ဖေဖေလက်ထွက်တွေလို့ကြားဖူး၏။


"ကျွန်မ အိမ်ရောက်ရင်ပိုက်ဆံပြန်ပေးပါ့မယ်"


ဇူလီကထိုသို့ပြောတော့ ထိုမိန်းမက အင်း ဟုသာဖြေပြီးပြုံးပြ၏။ ပြီးမှ


"ဆေးဖိုးအစား ဇူလီ့အိတ်ကပ်ထဲကပန်းကိုပေးမယ်ဆိုရင်ရော" 


ဇူလီဟာ ထိုမိန်းမကိုတစ်ချက်ကြည့်ပြီးနောက် တိတ်ဆိတ်သွား၏။ မည်သည့်အဖြေမျှမပေးသည့်ဇူလီ့ကို ထိုမိန်းမကဘာရယ်မှထပ်ပြောမလာပါ။ 


အိမ်ပြန်ရောက်တော့ထိုမိန်းမက ဇူလီ့ကိုအိမ်ထဲထိလိုက်ပို့ပေးပါသည်။ ကူတွဲတာမျိုးကိုအစကတည်းက ထိုမိန်းမကမလုပ်ခဲ့ပါ။ အဖျားကကူတွဲရလောက်သည်အထိဖြစ်နေခဲ့တာမဟုတ်။ တစ်ခုဘဲဆုတောင်းရ၏။ ဇူလီဖျားနေသည်ကို အမေ့ဆီမပြောဖို့ပါ။ ထိုမိန်းမကအရိပ်အကဲသိသည်။ ဇူလီ့ကိစ္စကိုတစ်ခွန်းမျှမဟဘဲ အမေနဲ့အတူစကားပြောသွား၏။


"သွားလိုက်အုံးမယ် အန်တီနွေး" 


ထိုမိန်းမဟာ မေမေ့ကိုနှုတ်ဆက်ပြီး နောက်မှာရှိနေသည့်ဇူလီ့ကို မျက်လုံးတစ်ဖက်မှိတ်ပြသည်။ ကားထဲကလူကတော့ ဇူလီတို့သားအမိကိုခေါင်းလေးငြိမ့်ပြပြီးသာနှုတ်ဆက်သွား၏။ ဝတ်ကောင်းစားလှတွေ၊ နာရီအကောင်းစားတွေဝတ်ဆင်ထားသည့် ငယ်သူငယ်ချင်းဆိုသူဟာ မည်သို့သောစိတ်ရင်းရှိမှန်းဇူလီမသိပါ။ သူ့ဟာသူတော့အေးဆေးနေတတ်၏။ သို့ပေမယ့် လူတစ်ယာက်ကိုပေါ့ပေါ့တန်တန်ကြည့်တတ်သည့်ထိုလူရဲ့မျက်လုံးတွေကိုတော့ ဇူလီမကြိုက်ပါ။


"ဘယ်သူတဲ့လဲ အဲ့ကောင်လေးက" 


အတင်းသတင်းတွေစုံသည့်ဇူလီ့အမေတောင် ထိုယောက်ျားကိုမသိ။ ဇူလီဟာ သူ့အမေကိုပင်ခပ်ဆဆကြည့်သည်။ 


"ဘယ်သိမလဲ" 


"နင်တို့အတူသွားခဲ့ကြတာတောင်မသိဘူးပေါ့"


ကျောခိုင်းပြီးထွက်လာသည့်ဇူလီ့နောက်ကိုပင် မေမေဟာလိုက်လာသည်။ ဇူလီက တမင်မပြောချင်လို့ရော၊ အဲ့လူအကြောင်းဘာမှမသိသေးတာရောကြောင့် ဘာမှမပြောချင်ပါ။ 


သူမအခန်းဆီကနေပင် ဟိုဘက်အိမ်ကိုလှမ်းကြည့်ရသေး၏။ ဧည့်ခန်းထဲတွင်စကားပြောနေကြသည့်လူအုပ်ကိုမြင်၏။ ထိုမိန်းမကိုတော့မတွေ့ရတော့ပါ။ အခန်းထဲပြန်နားနေပြီထင်သည်။ 


စာကြည့်စားပွဲမှာတင်ထားသည့် မိုးမခပန်းအိုးကြီးကိုကြည့်ကာ ထိုမိန်းမကိုပေးဖို့အတွေးရ၏။ 


အဲ့မိန်းမကြီးက သူ့ဆီကနေ ပန်းကိုပေးဖို့ပြောတာမှတ်မိသေးသည်။ ပန်းကအဲ့အချိန်လောက်ဆိုနွမ်းနေပြီထင်လို့ မပေးဖြစ်ခဲ့တာဖြစ်၏။ ပြီးတော့ တင်ပါးဆေးထိုးသည့်ကိစ္စနဲ့ပတ်သက်လို့ရှက်နေတာကြောင့် အဲ့မိန်းမကိုစကားမပြောနိုင်ဖြစ်ခဲ့ရသေးသည်။ အဲ့အချိန် အဲ့မိန်းမကြီးသူ့ကိုဘယ်လိုထင်သွားလေမလဲ။ ဆေးဖိုးအဖြစ်ပန်းလေးအစားပြန်တောင်းတာတောင်မပေးချင်သည့်လူ လို့ထင်သွားလေမလား။ ဇူလီဟာ ထိုမိန်းမဆီပန်းတွေတိုက်ရိုက်ပေးဖို့ ယခုချိန်ထိရှက်ရွံ့နေတုန်းပါ။ အခြားလူတစ်ယောက်ရှိနေသည့်အချိန်တွင်ပိုဆိုး၏။


..............


"ဇူလီ့မှာနားထောင်ချင်တဲ့သီချင်းရှိလား"


ခုံ၌ပင်ခပ်မှိန့်မှိန့်ထိုင်နေသည့်အမျိုးသမီးဟာ ဇူလီ့ကိုထိုသို့မေးလာသည်။ ဇူလီဟာအနည်းငယ်စဉ်းစားဟန်ပြုပြီးမှ ခေါင်းခါပြ၏။


ယနေ့မှာတော့ ဇူလီဟာဒီတစ်ပတ်ရဲ့ပထမဆုံးအကြိမ်အဖြစ် ထိုမိန်းမရဲ့အိမ်ကိုရောက်လာ၏။ မိုးမခပန်းအိုးကိုပေးတော့ ထိုမိန်းမက အရောင်မကြိုက်လို့ဆိုပြီး နှာခေါင်းရှုံ့နေသေးသည်။


"ဇူလီ့ကို ပျားကလေးလို့ ဘာလို့ပြောသလဲသိလား" 


ဇူလီဟာ ခေါင်းကိုအရင်ငြိမ့်ပြသည်။ ပြီးကာမှ


"ကျွန်မက ပန်းတွေကြိုက်လို့"


ဇူလီ့အဖြေဟာမှန်သည်။ ထိုမိန်းမက ပြုံးသွား၏။ အရင်ကဒါကိုဇူလီစဉ်းစားခဲ့ဖူးသည်။ ဇူလီကပျားတွေလို အမြဲမရပ်မနားဟိုဟိုဒီဒီလျှောက်သွားနေလို့များပြောတာလားဆိုပြီး။


"ဘာလို့ပန်းတွေကိုအဲ့ဒီလောက်ထိကြိုက်ရတာလဲ" 


ထိုမေးခွန်းအတွက်တိကျတဲ့အဖြေဟာ ဇူလီ့ဆီမှာမရှိ။ သူကိုယ်တိုင်တောင် ပန်းတွေကိုဘာလို့အဲ့ဒီလောက်ထိကြိုက်ရတာလဲ သေချာမသိပါ။ 


ဇူလီဟာ ထိုမိန်းမကိုခေါင်းခါပြပြီး 


"သေချာမသိဘူး။ ကျွန်မက ပန်းတွေမြင်ရင်ပျော်တာဘဲသိတာ" 


"သိပြီ" 


သူဖွင့်ချင်သည့်သီချင်းကိုလိုက်၍ရှာနေသည့်ထိုမိန်းမကို ဇူလီဟာမမှိတ်မသုန်ကြည့်မိ၏။ ထိုမိန်းမရဲ့ရုပ်သွင်ပိုင်းကို ဇူလီဟာသိရှိတာများပါပြီ။ သူ့လက်ကောက်ဝတ်မှာ ဘာဓားဒဏ်ရာမှရှိမနေ။ အဲ့ဒီအစား မှဲ့လေးတစ်လုံးကိုဘဲဇူလီတွေ့ခဲ့ရ၏။ အဲ့ဒီမိန်းမရဲ့ခန္ဓာကိုယ်ပေါ်မှာ မှဲ့တွေအများကြီးရှိသည်၊ လည်တိုင်ကျော့ကျော့လေးရဲ့ တစ်ဖက်ဆီကမှဲ့၊ လက်ဖျံနားမှာ၊ foot ချိန်းကလေးတွေဝတ်ဆင်လေ့ရှိသည့် ခြေမျက်စိနားကလေးမှာ စသဖြင့် သူတွေ့ရှိသမျှမှဲ့တွေဟာ ၇လုံးတောင်ရှိနေခဲ့ပါပြီ။ 


ဖုန်းဆီမှထွက်လာသည့်ဂစ်တာသံငြိမ့်ငြိမ့်လေးဟာ ခင်မောင်တိုး၏ 'ပန်းချစ်သူ' သီချင်းကလေး။ ထိုသီချင်းဟာ ဘယ်သူ့ကိုများရည်ညွှန်းသလဲ။ ခုနကမှ သူမတို့ဟာ ပန်းတွေအကြောင်းပြောခဲ့ကြသည်မလား။ 


လေပြေညှင်းရယ် ငြိမ်သက်ဆဲ ညမှာ 

အသာအယာတိုးလို့ တိုက်ခတ်နေ..... 


ခင်မောင်တိုး၏ ခပ်လေးလေးနဲ့ခပ်ပြတ်ပြတ်အသံဟာ အခန်းထဲပျံ့လွင့်လာသည်။ 


ထိုမိန်းမဟာ ခင်မောင်တိုးသီချင်းကိုသာအများဆုံးဖွင့်တတ်သည်ကို ဇူလီသတိထားမိ၏။ အရမ်းကြိုက်သည်ထင်သည်။ သီချင်းမပြီးဆုံးခင်အချိန်ထိ ဇူလီတို့ဟာကိုယ့်အသိစိတ်ဖြင့်ကိုယ် စကားမပြောမိကြဖို့ကိုပိတ်ပင်ထား၏။ ဒါဟာသီချင်းတွေအပေါ်ထားရှိသည့်သစ္စာတရားကလေးဖြစ်၏။ 


ပန်းချစ်သူတို့လက်နဲ့ကွယ် ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ် 

ဆွတ်ယူမယ်ဟန်ပြင်ကာပင် ယုယစွာထွေးပွေ့ထားပါမယ် 

အသာအယာဆွတ်ယူရင်မှာသိမ်းထားမယ် 

အိုလေ.... ပန်းလေးတစ်ပွင့်ရယ် 

ပန်းကိုချစ်တဲ့ပန်းချစ်သူ 

ကိုယ်တိုင် ချူကာ ဆွတ်ခူးမယ် .....


ဒီသီချင်းကိုနားဆင်ပြီး ဇူလီဟာအသိတစ်ခုရလာသည်။ ထိုမိန်းမဟာ ပန်းနဲ့တူသည့်မိန်းမဆိုသည့်အကြောင်း။  

နူးညံ့သည်၊ သင်းပျံ့သည်၊ လှပသည်။ ထိုသို့သောမိန်းမမျိုးကို ဘယ်လိုလူမျိုးကများ ဆွတ်ယူနမ်းရှိုက်နိုင်မည်နည်း။ 


သီချင်းပြီးဆုံးသွားတော့ ထိုမိန်းမကထပ်မဖွင့်တော့။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမမှာရော ဇူလီ့မှာပါ မေးစရာဖြေစရာတွေရှိနေလို့ဖြစ်၏။


"ဘုရားကျောင်းက,ကလေးတွေက အကုန်ခရစ်ယာန်တွေကြီးဘဲလား" 


ဇူလီ့မေးခွန်းအတွက်ထိုမိန်းမမှာအဖြေရှိနှင့်ပြီးသားပါ။ 


"အင်း လောလောဆယ်ပေါ့"


ဒီအဖြေအတွက်လည်းဇူလီ့မှာ မည်သို့သောခံစားချက်မှမဖြစ်မိပါ။ ဒီတိုင်းသိချင်လို့လေးဘဲမေးလိုက်တာဖြစ်၏။


"ဘာလို့သူတို့ကိုရွေးချယ်ခွင့်မပေးတာလဲ။ သူတို့မွေးခဲ့တဲ့လူတွေက ဗုဒ္ဓဘာသာတွေဆိုရင်ရော" 


စာအုပ်တွေအမြဲဖတ်သည့်လူတစ်ယောက်ဆီကနေ ဘာသာရေးနဲ့ပတ်သက်ပြီးမည်သို့သောအဖြေကိုရမလဲဆိုတာ ဇူလီဟာအရမ်းသိချင်သည်။ ဘာသာရေးနဲ့ပတ်သက်ပြီးထိုမိန်းမရဲ့အတွေးအမြင်အယူအဆဟာဘယ်လိုရှိသလဲ။ 


"သူတို့လေးတွေအတွက်တော့ ဘာသာတရားကအသက်ရှင်ရပ်တည်ဖို့လောက်မှအရေးမကြီးတာ ဇူလီရဲ့။ ပြီးတော့ ဘာသာတရားနဲ့ပတ်သက်တဲ့မာနတွေက ဒီနေရာမှာရှိကိုမရှိသင့်တာ။ အဲ့မှာရှိတဲ့ကလေးတွေအကုန်ကရော ခရစ်ယာန်တွေကြီးမို့ ဪ ငါတို့ဘာသာဟဲ့ဆိုပြီး အဲ့ကျောင်းကစောင့်ရှောက်ထားတာလို့ထင်သလား"


ထိုမိန်းမ,ပြောတာကို ဇူလီသဘောပေါက်သည်။ ဘာသာရေးနဲ့ပတ်သက်သည့်မာနတွေဟာ ထိုမိန်းမ,ပြောသလိုပင် ရှိကိုမရှိသင့်တဲ့အရာတွေပါ။ အဲ့နေရာကိုဘာလို့အလှူရှင်နည်းသလဲဆို ပထမအချက်က ခရစ်ယာန်ဘုရားကျောင်းမို့၊ ဒုတိယအချက်က ဝေးပြီးချောင်ကျလို့။ အမှန်က ဒါတွေဟာသောက်တလွဲတွေ။ ခရစ်ယာန်ကျောင်းမို့ဆိုပြီးမလှူခြင်းရဲ့အကျိုးဆက်က ကလေးတွေကိုတစ်ခုခုချို့ယွင်းသွားစေတာဖြစ်၏။ ဝေးပြီးချောင်ကျတယ်ဆိုတာက အကြောင်းပြချက်သက်သက်။ တစ်ကယ်စေတနာရှိတဲ့လူကတော့ ဘယ်လောက်ဝေးဝေး ရအောင်လာသည်။ လူတွေကဘယ်လောက်ဘဲ ခြေ၊လက်၊ဦးနှောက်တွေစုံနေပါစေ တစ်စုံတစ်ယောက်ရဲ့အကူအညီကိုလိုအပ်နေတဲ့ တစ်စုံတစ်ယောက်ဆိုတာရှိကိုရှိပါသည်။ သူတို့လေးတွေလိုပေါ့။ ပြီးတော့ ဘာသာတရားက အသက်ရှင်ရပ်တည်ဖို့လောက်အရေးမကြီးပါ။ ဗုဒ္ဓဘာသာမှာတောင် ဘုရားရှင်က သက်ရှိတွေကိုမေတ္တာထားဖို့၊ လူ,လူချင်းမေတ္တာထားဖို့မိန့်ဆိုခဲ့ပါသည်။ ကိုယ့်ဘာသာတူအချင်းချင်းဘဲမေတ္တာထားကြလို့ မိန့်ဆိုခဲ့တာမှမဟုတ်။ မေတ္တာတရားမှာ ဘာအရောင်ခွဲခြားမှုမှမရှိပါ။ 


"သူတို့လေးတွေအရွယ်ရောက်လာရင်ရော ဘယ်ဘက်လိုက်ကြမယ်လို့ အစ်မ,ထင်သလဲ" 


ထိုမိန်းမဟာ စာအုပ်တစ်အုပ်ကိုလိုက်ရှာနေပြန်သည်။ 


"ဒါကတော့ သူတို့ရဲ့ရွေးချယ်ပိုင်ခွင့်ပေါ့။ အရွယ်ရောက်လာတဲ့လူတစ်ယောက်ရဲ့ဦးနှောက်က စဉ်းစားဆင်ခြင်နိုင်စွမ်းရှိလာတတ်တယ်။ သူတို့ဟာသူတို့စဉ်းစားဆုံးဖြတ်ကြလိမ့်မယ်။ ပိုကောင်းတဲ့ဘာသာရယ်လို့မရှိဘူး။ အကုန်လုံးကသူ့ဟာသူလည်ပတ်နေကြတာ။ ဒီလောကမှာ ဗုဒ္ဓလမ်းစဉ်ကနေ ခရစ်တော်ဘက်ကူးသွားကြတဲ့လူတွေလည်းရှိသလို ခရစ်တော်ဘက်ကနေ ဗုဒ္ဓလမ်းစဉ်ဘက်ကူးလာတဲ့လူတွေလည်းရှိတယ်"


"ဒါဆို လူတွေလုပ်သမျှအမှားတိုင်းကို ဘုရားသခင်ကအကုန်ခံယူပေးတယ်ဆိုတဲ့အယူအဆကျတော့ရော။ ဗုဒ္ဓဘာသာမှာကျ ကိုယ်လုပ်သမျှကိုယ်ခံရတာတဲ့လေ" 


ထိုမိန်းမက စာအုပ်ကိုရှာလိုက် ဇူလီ့ဘက်လှည့်ပြီး စကားရပ်ပြောလိုက်ဖြင့်အလုပ်ရှုပ်နေသည်။ 


"ဒါက သူတို့ချင်း လူကွဲကြတဲ့အခါပေါ်လာတဲ့အယူအဆနောက်တစ်ခုပေါ့။ လူတိုင်းကကိုယ်လုပ်သမျှအမှားတိုင်းကို ဘယ်သူကမှကိုယ်စားမခံပေးဘူးဆိုတာသိကြတယ်။ ကံရဲ့အကျိုးကိုလည်း လူတိုင်းကယုံတယ်။ ဘာသာတရားမှာလေ ကိုယ်တွေရှာတွေ့ထားတာမှန်ရဲ့လား သူတို့ရှာတွေ့ထားတဲ့အရာတွေကရောမှန်ရဲ့လားဆိုတာ ဘယ်သူမှသေချာမသိကြဘူး။ ဥပမာပြရရင် သားသမီးကရိုက်နှက်တာကိုခံနေရတဲ့မိဘကိုမြင်ရင် လူတွေက 'မင်းတစ်နေ့ဝဋ်လည်လိမ့်မယ်' လို့ပြောကြလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်ကစဉ်းစားကြည့်ရင် အဲ့ဒီအရိုက်ခံနေရတဲ့မိဘကရော ဝဋ်ကြွေးတွေပြန်ဆပ်နေတာမဖြစ်နိုင်ဘူးလား။ ဒါက သူတို့ပြောတဲ့တရားသဘောနဲ့ပြန်စဉ်းစားကြည့်မိတာပါ။ ဘယ်ဟာကပိုမှန်လဲတော့ အစ်မလည်းမသိဘူး။ ပြီးတော့ အများပြောတဲ့ မေတ္တာတရားကြီးမားပါတယ်ဆိုတဲ့ဗုဒ္ဓဘာသာကဘဲ ကလေးတွေ သက်ကြီးရွယ်အိုတွေကိုအများဆုံးစွန့်ပြစ်နေကြတာနော်"  "


ဒါကဇူလီနားလည်ဖို့ ထိုမိန်းမ,ရှင်းပြသည့်အကောင်းဆုံးဥပမာပင်။ ယခုချိန်များထိ ဘယ်ဘာသာတရားကပိုမှန်သလဲဆိုတာ ဘယ်သူမှသေချာမသိကြ။ လူတိုင်းကယခုချိန်ထိ ကိုယ့်အယူအဆနဲ့ကိုယ်ရှေ့ဆက်သွားနေကြတာကြီးဖြစ်၏။ ဒီအယူအဆတွေအပေါ်မှာဘဲ လူတွေရဲ့ဘဝပေါင်းများစွာဟာရှင်သန်လိုက်သေဆုံးလိုက်နဲ့ ဖြတ်သန်းခဲ့ကြပြီးပါပြီ။ 


"အစ်မရော ဘယ်အရာကိုပိုပြီးယုံသလဲ" 


ဇူလီ့အမေးကို ထိုမိန်းမကပြန်မဖြေဘဲခေတ္တတိတ်ဆိတ်သွားသည်။ စာအုပ်စင်နားရပ်နေသည့်ထိုမိန်းမဟာ ခပ်ဆွေးဆွေးကလေးရှိနေ၏။ 


"အစ်မက ဘာကိုမှမယုံဘူး" 


ထိုမိန်းမရဲ့အသံဟာ ဖျော့ဖျော့ကလေးရယ်။ ပြီးတော့ တစ်ခုခုကိုနာကျင်နေသည့်ပုံစံမျိုး။ 


"ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာကို အစ်မကပိုလို့မယုံဘူး" 


ဟုတ်တာပေါ့။ ယခုသက်တမ်းတစ်လျောက်အထိ ထိုမိန်းမဟာမကောင်းတာတွေမှမလုပ်ခဲ့ဖူးတာ။ ဒါဆိုဘာရယ်ကြောင့်များ သူမဆီကောင်းတာတွေမဖြစ်လာရသနည်း။ အရင်ဘဝကဝဋ်ကြွေးတွေဆိုရင်ရော အရင်ဘဝကလူက သူလုပ်ခဲ့သမျှမကောင်းမှုတွေကိုအဲ့ဒီဘဝမှာမခံခဲ့ရဘူးလား။ ဝဋ်ဆိုတာက နောက်ဘဝမကူးတာလား ကူးတာလား။ ကံကံရဲ့အကျိုးဟာဘယ်လိုလည်ပတ်နေသနည်း။ အရင်လူလုပ်သမျှကို နောက်လူဆီခံခိုင်းနေတာတော့ မတရားပါ။ ပြောတော့ လူတွေက အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာကြပါတယ်ဆို။ လူတွေပြောသည့်စကြာဝဠာကြီးဟာ ဘယ်လိုဘယ်ပုံနဲ့လည်ပတ်နေသနည်း။


"ဒါပေမယ့် အစ်မကဇူလီ့ကိုတော့ယုံတယ်"


ဒီစကားဟာ ဘာစကားလဲ။ ဇူလီ့စိတ်တွေဟာထွေပြားလာသည်။ 


သူမကိုကြည့်နေသည့်ထိုမိန်းမရဲ့မျက်လုံးတွေထဲမှာ လေးနက်သည့်အဓိပ္ပာယ်တစ်ခုကို ဇူလီတွေ့ရသည်။ ထိုအရာဟာ ဘာလဲ။ အားကိုးယုံကြည်မှုလား။ 


ထိုမိန်းမဟာ စာအုပ်တစ်အုပ်ကိုကိုင်ပြီး သူမအနားဆီလျှောက်လာနေသည်။ ပြီးတော့ သူမအနားမှာပင်ထိုင်ချ၏။ မနေ့ကရလိုက်သည့်ကိုယ်သင်းနံ့ကလေးကိုဘဲ ဇူလီဟာထပ်ရသည်။ ပြီးတော့ မှဲ့တွေ။


"ဇူလီပြောတဲ့ ဘာသာတရားဆိုတာကိုးကွယ်ယုံကြည်ဖို့မှမဟုတ်တာ သက်ဝင်ယုံကြည်ဖို့ဘဲလိုတာ"


ဒါကိုလည်းဇူလီကသဘောပေါက်ပါသည်။ ဘုရားရှင်ကိုယုံကြည်ကိုးကွယ်မှုဆိုတာက ဘုရားရှိခိုးတာကိုပြောတာမဟုတ်။ ဘုရားမရှိခိုးလည်း လူတွေရဲ့စိတ်ဝိဉာဏ်ထဲကနေ ဘုရားရှင်အပေါ်သက်ဝင်ယုံကြည်နေယုံနဲ့ရသည်။ 


ဇူလီ့ကို ထိုဘာသာတရားအကြောင်း စိတ်ရှည်ရှည်ရှင်းပြနေသည့်ထိုမိန်းမဟာ ဘာသာမဲ့ဖြစ်လောက်မည်မှန်း ခန့်မှန်းမိသွား၏။ 


"ဇူလီကတော့ ဘာသာတရားကိုယုံပေါ့။ အစ်မကတော့ ဇူလီ့ကိုယုံမယ်" 


ဒီစကားကိုပြောလိုက်သည့်မိန်းမဟာ ခပ်ပြုံးပြုံးကလေး။ သူမကိုထပ်ပြီးစနှောက်နေသည်လားမသိပေမယ့် ရယ်စရာတစ်စက်မှမကောင်း။ ဇူလီရဲ့နှလုံးဟာ တစ်စက္ကန့်ကိုဘယ်နှကြိမ်နှုန်းဖြင့်ခုန်ပေါက်ပြေးလွှားနေသလဲ။ သူမရဲ့နားဆီကနေတောင် ထိုနှလုံးခုန်သံကိုအကျယ်ကြီးကြားနေရ၏။ ထိုမိန်းမရော ဒါကိုကြားနိုင်သလား။


..........


"တစ်ယောက်ယောက်ကိုချစ်မိတယ်ဆိုတဲ့ခံစားချက်က ဘယ်လိုမျိုးလဲ" 


ဇူလီဟာ သူမနေ့နေ့ညညခံစားနေရသည့်ခံစားချက်တွေကိုစုပေါင်းပြီး ဒီမေးခွန်းကိုမေးဖို့ အရဲစွန့်ခဲ့၏။ 


"ငါဘယ်သိမလဲ။ ငါသာသိလို့ကတော့ အခုချိန်ထိ single ဖြစ်နေပါ့မလား" 


ရီရီဟာ သူမကိုအသံကျယ်ကျယ်ဖြင့်ပင်အဖြေပြန်ပေးသည်။ 


"ဘာလို့လဲ။ နင်တစ်ယောက်ယောက်ကိုချစ်နေလို့လား" 


သူမရဲ့မျက်နှာကိုသေချာကြည့်ပြီးမေးခွန်းပြန်မေးလာသည့်ရီရီ့ကို ဇူလီဟာမျက်နှာလွဲရသည်။ 


"ဟယ်.....ကုတ်ကမြင်းမ" 


ဇူလီ့ပါးစပ်ကနေဒီလိုမေးခွန်းမျိုးမေးတာဟာ ရီရီ့အတွက်တော့အတော်ထူးဆန်းပါသည်။ သူမရဲ့အမြင်မှာ ဇူလီဟာရိုးရိုးအေးအေးဖြင့် သီချင်းတွေအမြဲနားထောင်နေတတ်ပြီး လေသာသည့်နေရာတစ်ခုမှာပုံတွေထိုင်ဆွဲနေတတ်သည့်မိန်းကလေးမျိုး။ အပင်တွေအကြောင်း၊ ပန်းတွေအကြောင်းကလွဲရင် ကျန်တာဘာမှမသိသည့်မိန်းကလေးမျိုး။ 


"သိချင်လို့မေးတာပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်မိတဲ့အချိန်ဘယ်လိုခံစားရတတ်ကြသလဲဆိုတာ သိချင်မိလို့"


ရီရီဟာ ဇူလီ့မျက်နှာကိုအသေအချာကိုကြည့်နေသည်။ 


"နင်သေချာရဲ့လား" 


ဇူလီကလည်း ဒီမေးခွန်းကိုဘဲခဏခဏမေးနေမိတာဖြစ်၏။ သူ့စိတ်တွေကို သူကိုယ်တိုင်တောင်မပိုင်နိုင်တော့တဲ့အထိ၊ ညတိုင်းအိမ်မက်တွေထဲပေါ်လာရသည်အထိ၊ နှာဖျားမှာယနေ့ချိန်ထိစွဲနေတတ်သည့်ကိုယ်သင်းရနံ့တွေထိ၊ ထိုမိန်းမ,ပေးသည့် ဒေစီပန်းတွေကိုမပြစ်ရက်ဘဲ စာအုပ်ကြားညှပ်ကာသိမ်းထားရသည်အထိ၊ အထိအတွေ့တစ်ခုချင်းစီကစ ရင်ခုန်မိနေတတ်သည်အထိ ထိုမိန်းမကိုဘဲစိတ်စွဲနေတာ ဘာလို့လဲ။ ဒီခံစားချက်ဟာ ဘာလဲ သူသိချင်သည်။ ဒါဟာ လူတစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးမိလို့ဖြစ်ပေါ်လာတဲ့ခံစားချက်တွေမှမဟုတ်တာ။


"လုပ်စမ်းပါ ငါမေးတာဘဲဖြေ" 


"ငါလည်းသေချာဘယ်သိမလဲ။ ခံမှမခံစားဖူးတာ" 


ရီရီဟာ ဇူလီထက်ပိုပြီးနှံ့စပ်သည့်လူ၊ အမြင်ကျယ်သည့်လူပါ။ တက္ကသိုလ်ဆိုသည့်နေရာမှာ အရောင်စုံသည့်ခံစားချက်တွေကိုများသူသတိပြုမိလေမလားဆိုပြီး မေးမိခြင်း။ ပြီးတော့ သူငယ်ချင်းတစ်ယောက်လိုရော၊ အစ်မတစ်ယောက်လိုပါသူ့အပေါ်အားကိုးတိုင်ပင်ချင်လို့ဖြစ်၏။ 


"ငါကြားဖူးတာတော့ တစ်ယောက်ယောက်အပေါ် ကိုယ့်ခံစားချက်တွေကမရိုးမရွဖြစ်နေရင်၊ သူ့ကို သာမှန်ထက်ပိုပြီးသတိထားမိနေရင်၊ သူ့အကြောင်းတွေကို တိုက်ဆိုင်သွားတာထက်ပိုပြီးသတိရနေမိရင်၊ သူ့ကိုမြင်လိုက်တိုင်း ကိုယ့်စိတ်ထဲကလိုနေတာတစ်ခုခုဟာပြည့်စွက်သွားခဲ့ရင် အဲ့တာကသူ့အပေါ်ချစ်နေတာဘဲတဲ့" 


ဇူလီဟာ ငါးပါးမှောက်ပြီထင်သည်။ ဒါတွေဟာ သူမနဲ့ထပ်တူညီတဲ့ခံစားချက်တွေဖြစ်၏။


"မဖြစ်နိုင်ဘူး" 


သူမဟာ လက်မခံနိုင်စွာဖြင့်ပင် ထိုင်နေသည့်နေရာကနေထရပ်တော့ ခေါင်းပေါ်ကသစ်ကိုင်းဖြင့်တိုက်မိ၏။ 


"အား ချီး" 


"သေ" 


ဟုတ်သည် သူသေချင်သည်၊ သူမဟာ သေသွားလိုက်ချင်သည်။ ဘယ့်နှယ် ချစ်စရာလူရှားလို့။ အဲ့မိန်းမကိုမှ။ 

ပြီးတော့ မိန်းမတစ်ယောက်။ တစ်ကယ်လို့များ မလွဲသာလို့မိန်းမတစ်ယောက်ကိုချစ်မိရင်တောင် အဲ့မိန်းမတော့မဖြစ်ရ။ အဲ့မိန်းမကလှလို့ သူအထင်မှားတာဖြစ်မည်။ မဟုတ်ရင် သူမနဲ့နာမ်ချင်းတူသည့်မိန်းမတစ်ယောက်ကို သူချစ်မိပါ့မလား။ ဒါကအထင်မှားတာတစ်ခုဘဲ။ 


"ပြန်ရအောင်" 


ဇူလီဟာ သူ့ကိုယ်သူလန့်ပြီး ချွေးစေးတွေပါထွက်လာသည်။ 


အိမ်ပြန်သည့်လမ်းတလျှောက်မှာ ပန်းတွေမြင်တိုင်း ဇူလီဟာထိုမိန်းမကိုသတိရပါသည်။ ပန်းရနံ့သင်းသင်းလေးတွေရတိုင်းလည်း ထိုမိန်းမကိုသတိရ၏။ ဇူလီ့ဘဝဟာ ထိုမိန်းမကြောင့် ကမောက်ကမဖြစ်ရတော့မည်ထင်သည်။ 


"ဇူလီ နင်ကြားဖူးလား။ ဆရာနွေအိမ်မောင်ဝင်းရဲ့အဆိုတစ်ခုကိုလေ" 


ဒီစကားကို အနောက်မှနေ၍ဆိုလာသည့်ရီရီဟာ ဇူလီ့ကိုသတိထားမိနေသလား။ မဖြစ်နိုင်ပါ။ ဇူလီ့ကမ္ဘာသေးသေးလေးထဲမှာ ဇူလီနဲ့ထိတွေ့မိသည့်လူတွေဆိုတာ သူ့လက်နှစ်ဖက်စာတောင်မရှိဘူး။ ဒါပေမယ့် ဘယ်သူကပြောနိုင်မှာလဲ။ လူတစ်ယောက်ကိုချစ်မိတဲ့ခံစားချက်ဆိုတာက မျက်စိနဲ့မြင်ရတဲ့အမျိုးမှမဟုတ်တာ။ 


"ပန်းတွေတွေ့လို့ တစ်ယောက်ယောက်ကိုသတိရမိတတ်ရင် 

  ပန်းတွေတွေ့လို့ တစ်ယောက်ယောက်ကိုယူသွားပေးချင်ခဲ့ရင် 

  အဲ့ဒီလူဟာ ကိုယ့်နှလုံးသားမှာပန်းတွေပွင့်စေတဲ့လူဘဲ တဲ့" 


"နင်အမြဲခူးခူးနေကျပန်းတွေက ဘယ်သူ့အတွက်လဲ ဇူလီ" 


............


ဆက်ရန်