ကျွန်မ ကာရန်ချိုကို ဘယ်အချိန်လောက်က စပြီး နေရာတွေ
ဖယ်ပေးနေမိတာ ဖြစ်လောက်မလဲ ။ ဖြစ်နိုင်တာကတော့ အုံ့မှိုင်းညှို့ဆိုင်းနေတဲ့ ကောင်းကင်တစ်ခုနဲ့အတူ
ပါလာတဲ့ ကံတရားတစ်ခုပေါ် မူတည်နေမယ်လို့တော့ ထင်ပါတယ် ။
" မော်မော် မပြန်သေးဘူးလား ၊ မိုးရွာတော့မယ်လေ
။ သမီး လိုက်ပို့ပေးရမလား "
အပြင်ကို မျှော်ငေးရင်း ရင်တက်မအေးဖြစ်နေရှာတဲ့
မော်မော့်ကို ကြည့်ရင်း ပြောလိုက်မိတော့ မော်မော်က သက်ပြင်းတစ်ချက်ကို ချရင်း ခေါင်းခါပြတယ်
။
" ကာရန်လေး ပြန်မလာသေးပါလားကွယ် "
" ကာရန်က ပုံမှန်လည်း နောက်ကျနေကြပါ မော်ရဲ့
၊ ဘာမှာထားလို့လဲ "
" မိုးမိမှာစိုးလို့ပါကွယ် "
မော်မော့်ရဲ့ ပူပန်တတ်တဲ့ စိတ်အခံကို နားလည်ထားတာကြောင့်
ကာရန့်ကို ဒီတိုင်း စိတ်ပူနေတာလို့ ထင်လိုက်မိတယ် ။ ဒါပေမယ့် မိုးက သည်းကြီးမည်းကြီး
ရွာချလာတဲ့အခါမှာတော့ မော်မော့်ရဲ့ ပုံစံက ပိုပြီး ပျက်ယွင်းလာတယ် ။
" ဟင် ကာရန် "
ခြံတံခါးဝကနေ ပြေးဝင်လာတဲ့ ကာရန့်ကို တွေ့လိုက်ရတယ်
။ မော်မော်က ကာရန့်ကို တွေ့ရမှ စိတ်အေးသွားသလို သက်ပြင်းကို ချတယ် ။ ဒါပေမယ့် ကာရန်က
ဆိုင်ထဲကိုတောင် ဝင်မလာဘဲ အပေါ်ကို ပြေးတက်သွားတယ် ။
မိုးက တိတ်မသွားဘဲ ပိုသည်းထန်လာတဲ့အချိန်မှာတော့
ထိုင်မရထမရဖြစ်နေတဲ့ မော်မော်က ဆက်ခနဲ ထထွက်သွားတယ် ။ ကျွန်မ လှမ်းကြည့်တော့ ဘေးလှေကားကနေ
အပေါ်ကို တက်သွားတာကို မြင်လိုက်ရတယ် ။
" မဆိုင်တာတွေ ဝင်မပါချင်စမ်းပါနဲ့ လရောင်ရာ
"
ကျွန်မနဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့ အကြောင်းအရာတွေကို
ကျွန်မ လက်ရှောင်လေ့ရှိတယ် ။ တစ်ခါတလေဆို ဆိုင်နေရင်တောင် ခေါင်းရှောင်တတ်သေးတဲ့အထိ
ကျွန်မက မကောင်းတဲ့လူပဲ ။ ဒါပေမယ့် ရှိုက်သံတွေ .... ။ အပေါ်ထပ်က ကြားနေရတဲ့ ငိုသံတွေကတော့
ကျွန်မရဲ့ စည်းမျဉ်းတွေ အားလုံးကို အဆုံးအစွန်အထိ ရောက်သွားစေတယ် ။
" မော်မော့်ကို စိတ်ပူလို့ပါ ၊ ဟုတ်တယ် မော်မော့်ကို
စိတ်ပူလို့ "
ဖွင့်ထားတဲ့ တံခါးဝရှေ့မှာတင် ကျွန်မ ရုတ်ချည်း
ရပ်တန့်သွားရတယ် ။ စကားလည်း မပြောနိုင်တော့သလို နေရာကနေလည်း ရွှေ့လို့မရတော့ဘူး ။
" ကာရန်မဟုတ်ဘူး အန်တီမော် .... ကာရန် မလုပ်ခဲ့ဘူး
.... ကာရန် မလုပ်ခဲ့ပါဘူး ၊ သူတို့ ထင်နေသလို မဟုတ်ပါဘူး "
ဝမ်းနည်းတကြီး ငိုကျွေးမှုတွေက ကျွန်မကို ထိခိုက်စေခဲ့တာကတော့
ကြာပါပြီ ။ လူတစ်ယောက်က ရှုံးပွဲချ ငိုသံတွေက နားထောင်လို့ မကောင်းတာကတော့ ကျွန်မတစ်ယောက်တည်း
အတွက် မဟုတ်လောက်ပါဘူး ။ မော်မော့်ရဲ့ ရင်ခွင်ထဲမှာ မျက်နှာဝှက်ထားတဲ့ မိန်းကလေးကို
သနားမိသွားတယ် ။
နှလုံးသားဆီက ခပ်တင်းတင်း ကြိုးတစ်ချို့ ပြေကျသွားတဲ့
တစ်ပြိုင်နက်မှာပဲ မတူညီတဲ့ ကြိုးတွေက မတူညီတဲ့ နည်းလမ်းတွေနဲ့ ကျွန်မကို ချည်နှောင်နေခဲ့တယ်ဆိုတာကိုလည်း
ကျွန်မ အဲ့အချိန်ကတည်းက သိခဲ့ပါတယ် ။
-
ညက ပြိုကျသလို ရွာချလာတဲ့ မိုးကြောင့် ဒီမနက်မှာတော့
ကောင်းကင်ပြာပြာက ကြည်ကြည်သာသာ ရှိနေတယ်။ ကာရန်
ဆင်းမလာလောက်ဘူးလို့ ထင်မိတာကြောင့် ခြံထဲက အပင်တွေကို ကာရန့်အစား ရေလောင်းပေးဖို့
ဆုံးဖြတ်လိုက်တယ် ။
တောက်ပနေတဲ့ နေရောင်အောက်မှာ ကိုးနာရီပန်းလေးတွေကလည်း
ငွားငွားစွင့်စွင့်ပါပဲ ။ အရင်လို နေရောင်ခြည်ထက် တောက်ပတဲ့ အပြုံးတွေရဲ့ ပိုင်ရှင်
အနားမှာ မရှိတာက လွဲရင် အရာရာက ပုံမှန်နေ့တွေ အတိုင်း ဖြစ်ပျက်နေဆဲ ။
ရေခရားကို ချပြီး ဆိုင်ထဲကို ပြန်ဝင်မယ့်အချိန်မှာ
ကာရန်ချို့ကို တွေ့ရတယ် ။ ရင်ဘတ်ကို ဖိမိတော့မယ့် အခြေအနေပဲ ။ မနေ့ညက ကာရန့်ရဲ့ ပုံစံက
ကျွန်မအတွက်တော့ စိမ်းသက်နေလွန်းတယ်လေ ။
ဆိုင်တံခါးကို မှီရပ်နေတဲ့ ကာရန်က အတွေးလွန်နေသလို
အကြည့်တွေကို အဝေးဆီ ပို့ထားတယ် ။
" လရောင် "
သူ့ကို ကျော်ဖြတ်ပြီး ဆိုင်ထဲ ဝင်သွားတော့မယ့်
ကျွန်မကို ဆက်ခနဲ လှမ်းဆွဲထားတယ် ။ ဒီတစ်ခါတော့ တကယ်ကို ရင်ဘတ်ဖိလိုက်မိတာ ။
" လန့်သွားလား ၊ ဆောရီး မမှီလိုက်မှာစိုးလို့
"
ကာရန်ချိုရဲ့ မျက်ဝန်းတွေက စတွေ့ခဲ့တုန်းကလို
မှိန်နေတယ် ။ ကျွန်မ စိတ်ထင်လို့လား မသိပေမယ့် ဒီတစ်ခါကတော့ သိသိသာသာကို မှိန်လျော့နေတာ
။
" မနက်စာ ဘာစားပြီးပြီလဲလို့ "
" မနက်က စက်ဘီးနဲ့ လိုက်ရောင်းတဲ့ ဦးလေးကြီးဆီကနေ
လက်ဖက်ရည်နဲ့ အီကြာကွေးဝယ်ထားတယ် "
" ဪ "
အဲဒီအချိန်မှာ သိလိုက်ရတာ တစ်ခုရှိတယ် ။ ကာရန်ချိုရဲ့
စကားနည်းတဲ့ပုံစံကို လုံးဝ မကြိုက်ဘူး ဆိုတာပဲ ။
" ဘာရပ်လုပ်နေတာလဲ ၊ လာလေ အီကြာကွေးတွေ ပျော့ကုန်တော့မယ်
"
သူ့အတွက်လည်း ဝယ်ထားကြောင်း သွယ်ဝိုက်ပြီး ပြောလိုက်တော့
ကာရန်ချိုဆီကနေ အပြုံးခပ်သေးသေးတစ်ခုကို ရတယ် ။
သူ့ရဲ့ မျက်နှာအမူအယာကို လိုက်ကြည့်ပြီး အသက်ရှူရမယ်လို့
ဘယ်တုန်းကမှ မတွေးခဲ့ဖူးတာကိုလေ ။
" လရောင် "
" ဟင် "
သူက ဆေးပြီးသွားတဲ့ ခွက်တွေကို မှောက်ရင်း ကျွန်မကို
ခေါ်တယ် ။ ကျွန်မ လှည့်ကြည့်လိုက်ပေမယ့် သူကတော့ ကျွန်မကို ကြည့်မနေခဲ့ဘူး ။ ဘေစင်ရဲ့
အထက်က ပြတင်းပေါက်ကို ကျော်ပြီး ခြံစည်းရိုးကို ငေးနေတာ ။ အဲဒီ့ခြံစည်းရိုးရဲ့ နောက်မှာ
ကာရန်ချိုပိုင်တဲ့ ပန်းခင်းတစ်ခု ရှိတယ် ။
သူ့ရဲ့ ခပ်မှိန်မှိန် မျက်ဝန်းတွေရဲ့ နောက်မှာရော
ဘာတွေ ရှိပါ့မလဲ ။
" ကာရန် ဆံပင် ညှပ်ရမလား "
" ညှပ်ချင်လို့လား "
" အင်း ဒီလောက်ထိ "
ကျောလယ်လောက်အထိ ရှိတဲ့ ရွှေအိုရောင် ဆံပင်ရှည်တွေကို
လက်နဲ့ စုပြီး ပုခုံးနားကို ထိုးပြတယ် ။ မျက်ခုံးတွေပါ ပင့်တင်လိုက်မိတဲ့အထိ အံ့ဩရတဲ့
ဆုံးဖြတ်ချက်ပဲ ။
" ကျွန်မက အကြံပဲ ပေးတတ်တာနော် ၊ ဆုံးဖြတ်ချက်
ကူချမပေးဘူး "
" ရတယ် ပေး "
" နောင်တမရဘူးဆိုတာ သေချာရင်တော့ လုပ်ကြည့်ပေါ့
၊ ဆံပင်ဆိုတာ ပြန်ရှည်ပါတယ် ။ ညှပ်ပြီးမှ တသသဖြစ်နေရမယ်ဆိုရင်တော့ အခုကတည်းက လက်လျှော့လိုက်တာ
ပိုကောင်းမယ် "
" လရောင်က အကြံပေးနေတာမှ မဟုတ်တာ ၊ လုပ်ချင်တာ
လုပ်ဆိုပြီး ပြောနေသလိုကြီး "
နှုတ်ခမ်းဆူပြီး တစ်ဖက်လှည့်သွားတဲ့ ကာရန့်ကို
ကြည့်ပြီး ရယ်လိုက်မိတယ် ။ ကာရန်ချိုက အရင်ကလို ကျွန်မနောက်ကို တကောက်ကောက် မလိုက်တော့ဘဲ
ရှေ့ကို ရောက်သွားတယ် ။ ဒီတစ်ခါ တကောက်ကောက်လိုက်ရမှာက ကျွန်မများလား ။
" ဘာလို့ ဘာမှ မမေးတာလဲ "
သူ့ဘေးမှာ ရပ်ရင်း စာအုပ်တွေကို ဟိုကြည့်ဒီကြည့်နဲ့
ယောင်လည်လည်လုပ်နေတုန်း မေးခွန်းတစ်ခု ထွက်ကျလာတယ် ။
" ကျွန်မ မေးလိုက်တဲ့ မေးခွန်းက လူတစ်ယောက်ကို
နာကျင်စေသလို ဖြစ်သွားမယ်ဆို သိလိုက်ရဖို့ တန်ပါဦးမလား "
တကယ်တော့ ကျွန်မ သူ့မျက်ရည်တွေရဲ့ မြစ်ဖျားခံရာကို
သိပ်သိချင်ပါတယ် ။ ဒါပေမယ့် မနေ့ကဆို ကွဲကြေတော့မယ့် ကြွေရုပ်ကလေးလို ငိုနေခဲ့တာ မဟုတ်လား
။ ထပ်မဖြစ်စေချင်ဘူး ။
" ဒါပေမယ့် လရောင်ကတော့ မေးလို့ရပါတယ်
"
ကာရန်ချို ဖွင့်ပေးလိုက်တဲ့ လမ်းကို ကျွန်မ နင်းဖြတ်သွားဖို့
သင့်တော်ပါ့မလား ။ ဘယ်လိုအရာတွေ ရှိနေမယ်ဆိုတာကို သိနေတာလည်း မဟုတ်ဘူးလေ ။
" ကာရန့်မှာ အဖေရယ် အမေရယ် အစ်မရယ် ရှိဖူးတယ်
"
အတိတ်ကာလပြ စကားလုံးတွေက ကျွန်မတစ်ယောက်တည်းကို
နာကျင်စေတာတော့ မဟုတ်ပါဘူးလေ ။
" ပူပန်စရာတွေ မရှိတဲ့ သာမန်မိသားစုလေးပေါ့
၊ ကာရန်ကတော့ အငယ်ဆုံးဆိုတော့ အဆိုးဆုံးပေါ့ ။ အဖေက အမေ့ကို သိပ်ချစ်တာ ၊ ကာရန်တို့
ညီအစ်မကိုတော့ အင်းးးး မပြောတတ်ဘူး ချစ်ရင်လည်း ချစ်မှာပေါ့ "
နေ့တိုင်း သန့်ရှင်းရေးလုပ်ထားတာကြောင့် ဖုန်တွေတောင်
တင်မနေတဲ့ စာအုပ်စင်ကို သူ့က လက်ချောင်းတွေနဲ့ တို့ထိကြည့်တယ် ။
" ခန့်မှန်းကြည့်ပါလား ကာရန့်အစ်မရဲ့ နာမည်ကို
"
" ကျွန်မရဲ့ အထင်တွေက မှန်မနေတတ်တာကို သိရဲ့သားနဲ့
"
ကာရန်က စာအုပ်စင်ကို မှီရင်း ပြုံးတယ် ။ လက်နှစ်ဖက်ကို
ပိုက်ပြီး မျက်နှာကျက်က မီးလုံးကို ငေးတယ် ။ သူ့ရဲ့ အပြုအမူတွေက ဒီနေ့မှ ဝမ်းနည်းရတဲ့
အရိပ်အယောင်တွေ သမ်းနေတယ် ။ သူ့ရဲ့ အဝါရောင်လို အရှိန်အဝါတွေလည်း မှေးမှိန်နေသယောင်
။
" လင်္ကာ "
" ကာရန်လင်္ကာပေါ့ "
" အင်း အမြဲတမ်း တွဲနေရတာလေ ၊ ကာရန်လင်္ကာဆိုတာ
ခွဲလို့မရဘူးမဟုတ်လား "
ကာရန်က သူ့ရဲ့ ရှပ်အင်္ကျီအိတ်ကပ်ထဲက အပိုင်းအစတစ်ခုကို
ထုတ်ပေးတယ် ။ လက်တစ်ဝါးစာမပြည့်တဲ့ ဓာတ်ပုံတစ်ပုံပဲ ။ ခေါက်ထားတာကြောင့် အလယ်မှာ ခေါက်ရိုးကျိုးနေတဲ့
ခေါက်ချိုးရာကို တွေ့ရတယ် ။ ကျိုးနေတဲ့နေရာတည့်တည့်မှာမှ ရှိနေတဲ့ မျက်နှာကို သဲသဲကွဲကွဲမမြင်ရဘူး
။ ကာရန်ချိုရဲ့ အစ်မဖြစ်နေမှန်းကိုလည်း သိလိုက်တယ် ။
" ကာရန်က ဘယ်မှာလဲ သိလား "
" ကျွန်မ အဲ့လောက်လည်း မကန်းပါဘူး ၊ ဒီမှာ
ရှင့်မျက်နှာက ထင်ထင်ရှားရှားပဲဟာကို ။ ဒီတစ်ယောက်ကမှ ပျက်နေသေးတယ် "
" ပျက်နေတာက ကာရန် "
ကာရန့်ရဲ့ မျက်နှာကို မယုံသလို လှမ်းကြည့်မိပေမယ့်
ကာရန်ကတော့ အပြုံးမပျက်ဘူး ။ ကျွန်မရဲ့ လက်ထဲက ဓာတ်ပုံကို ငုံ့ကြည့်နေတာကြောင့် ကာရန့်ဆီ
လာတဲ့ ပန်းရနံ့တစ်ချို့က နှာဖျားမှာ ဝေ့သီနေတယ် ။
" အမြွှာတွေလေ ၊ ကာရန်နဲ့ သူက ဆယ်မိနစ်ခြားတယ် "
ကာရန့်ရဲ့ မျက်ဝန်းထဲက အရိပ်တွေကို ဖမ်းမိလိုက်တယ်
။ အရိပ်တွေ ၊ အတိတ်တွေ ။ မှောင်ရိပ်သမ်းသလို မှိန်ကျသွားတဲ့ မျက်ဝန်းအရောင်တွေက ကျွန်မရဲ့
ရင်ကို မောလာစေတာပဲ ။
" အဲဒီနေ့က ကာရန် အမေနဲ့ စကားများပြီး သူငယ်ချင်းရှိတဲ့
မန္တလေးကို လိုက်သွားခဲ့တာ ။ တစ်နေကုန် ဆက်သွယ်လို့ မရတဲ့ ကာရန့်ကို အမေက မိုးထဲ လေထဲမှာ
လိုက်ရှာနေခဲ့တာတဲ့ ။ ကာရန်ရှိနေတဲ့ သူငယ်ချင်းရဲ့အိမ်ကို အမေနဲ့ လင်္ကာရောက်လာတဲ့အချိန်က
ညအတော်နက်နေပြီ .... အမေနဲ့ ပြေလည်ပြီး အိမ်ပြန်လာတဲ့အချိန်က မိုးကြီးလွန်းလို့ ပြင်ဦးလွင်ရဲ့
တောင်တက်လမ်းတွေ ပြိုကျနေတဲ့အချိန် "
ရင်ထဲကို နင့်နင့်သီးသီး တက်လာတဲ့ ခံစားချက်တွေက
မိန်းကလေးတစ်ယောက်ကို ဗဟိုပြုလာရလိမ့်မယ်လို့ ဘဝမှာ ဘယ်တုန်းကမှ မတွေးထင်ထားခဲ့ရိုး
အမှန် ။
" ချောက်ထဲကိုကျသွားတဲ့ ကားထဲကနေ ကာရန့်ကိုပဲ
အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တာ ၊ ရှေ့ခန်းက အမေနဲ့ လင်္ကာကတော့ ပြန်ထုတ်လို့ရတဲ့အချိန်မှာ
အလောင်းတောင် ပုံပျက်နေပြီ "
တကယ်လို့သာ
အဲဒီအချိန်တွေကို ဘေးနားမှာ ဘယ်သူမှမရှိဘဲ ဖြတ်သန်းခဲ့ရတယ်ဆိုရင် ကျွန်မ ကာရန်ချိုကို
ပွေ့ဖက်လိုက်မိတော့မှာ ။ ဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်ရမလဲ ။
" အဖေ ထွက်သွားတယ် ၊ သူ့မိန်းမနဲ့ သမီးကို
သတ်ခဲ့တဲ့ လူနဲ့ အတူမနေနိုင်ဘူးတဲ့ "
" တကယ်ဆို ကာရန်ကလည်း သူ့သမီးပဲကို
"
ခက်ခဲရတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရရှာမှာ
။ ကျွန်မရှေ့က အမြဲတောက်ပနေတယ်လို့ ကျွန်မ ထင်ခဲ့တဲ့ မိန်းကလေးက နာကျင်ရမယ့် အတိတ်တွေကို
တနင့်တပိုးနဲ့ သယ်ယူလာခဲ့ရမှာ ။
" အဲဒီအချိန်တုန်းက ကာရန့်ကို ယုံပေးတာဆိုလို့
အန်တီမော်ပဲ ရှိတယ် ၊ တစ်ချို့လူတွေဆို ကိုယ့်သားသမီးကို သံတိုင်တွေနောက်ရောက်အောင်တော့
မလုပ်ပါနဲ့တဲ့ ။ ဘယ်သူမှ မယုံကြဘူးလေ ၊ အမေနဲ့ လင်္ကာ သေခဲ့ရတာ ကာရန့်ကြောင့်လို့ပဲ
ထင်နေကြတာ "
ကာရန်က ကျွန်မရဲ့ လက်ထဲက ဓာတ်ပုံကို စိုက်ကြည့်ရင်း
ပြုံးတယ် ။
" ကာရန့်မှာ ကျန်ခဲ့တဲ့ မိသားစုဓာတ်ပုံဆိုလို့
ဧည့်ခန်းက ဓာတ်ပုံနဲ့ ဒီတစ်ပုံပဲ ရှိတယ် "
" အဖေက ပြောတယ် ၊ မိသားစုကို ပြိုကွဲအောင်
လုပ်တဲ့လူက မိသားစုဓာတ်ပုံတွေ သိမ်းထားဖို့ မလိုဘူးတဲ့ "
ကာရန့်ရဲ့ မျက်ဝန်းထဲမှာ ရစ်ဝိုင်းလာတဲ့ အရည်ကြည်တွေကို
တွေ့လိုက်ရတဲ့ အချိန်မှာ ကျွန်မရဲ့ လက်တွေက သူ့ရဲ့ ပုခုံးတွေကို ဆွဲကိုင်ပြီး ပွေ့ဖက်လိုက်ပြီးသား
ဖြစ်နေပြီ ။
" ကာရန် ဘာမှမဖြစ်ပါဘူး "
" ကျွန်မ ဖြစ်တာ "
ကာရန်ချိုနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ ရှိလာတဲ့
ခံစားချက်တွေက တဖြေးဖြေး ပိုပီပြင်လာတယ် ။ ကျွန်မရဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်နေတဲ့ ကာရန်က
ကျွန်မရဲ့ ကျောပြင်တွေကို ပြန်ပြီး သိုင်းဖက်လာတယ် ။ နှစ်သိမ့်ရမှာက ကျွန်မပေမယ့် သူကတော့
ကျွန်မရဲ့ ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်ရင်း နှုတ်ကနေလည်း စကားတစ်ခွန်းကို တဖွဖွ ရေရွတ်နေသေးတယ်
။
" ကာရန် ဘာမှမဖြစ်ပါဘူး "
တဲ့လေ ။
ကျွန်မကို ပျော်စေချင်တဲ့ မိန်းကလေးတစ်ယောက်ရှိပြီး
ကျွန်မမှာလည်း အဲဒီမိန်းကလေးကို ပျော်ရွှင်စေချင်တဲ့ စိတ်တွေ ရှိနေပြီဆိုတာကို ဝန်ခံရတော့မှာပဲ
။
ပန်းရနံ့တွေကို ရှူရှိုက်မိတာက ဒီရပ်ဝန်းထဲ ခုန်ဆင်းမိမယ့်
ပထမခြေလှမ်းတွေများလားလို့ တွေးလိုက်မိသေးတယ် ။ ခပ်လွင်လွင် ရယ်သံတွေ ၊ မျက်လုံးတွေ
ပိတ်ကျသွားတဲ့အထိ ပေးတတ်တဲ့ အပြုံးတွေ ၊ သီချင်းတစ်ပုဒ်ထဲကို ထပ်ခါထပ်ခါ ဆိုညည်းနေတတ်တဲ့
အသက်ရှူသံတွေ ။
ကျွန်မကတော့ သေချာပေါက် ကာရန်ချိုကို .... ချစ်မိနေပါပြီ
။
-