နွေးဦးငယ်ငယ် - Episode 7


ဧပြီလ ၁၃ရက်ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို တရားဝင်ဆင်နွဲကြသည့် အကြိုရက်ဖြစ်၏။ 


"ကားကြီးနဲ့လာတော့ ဘယ်လိုပက်ရမှာလဲ"


"ဦးဦး တံခါးဖွင့်ပေး" 


အကြိုရက်နေ့တွင်တော့ လမ်းတွင်ရေပက်နေကြသည့်ကလေးများကိုသာ တွေ့ရ၏။ 

ဇူလီတို့သားအဖနှစ်ဦးဟာ သင်္ကြန်ပျော်ဆိုပြီးရောက်ရှိလာကြသည့် သူငယ်ချင်းများကို ကားကြီးကွင်း၌ သွားကြိုကြ၏။ ကားဖြင့်ထွက်လာသဖြင့် ရေပက်မရသည်ကို ကလေးများကတာစူနေကြသည်။ 


"ကလေးတွေကတော့လေ ကားတိုက်မိမှ"


ဇူလီ့ဖေဖေက လမ်းသွားလမ်းလာစက်ဘီးဆိုင်ကယ်များကို ရေဝိုင်းပက်နေသည့်ကလေးများအား တိုက်မိမည်စိုး၍ ဟွန်းကို တာရှည်ဆွဲဖိတီး၏။ အချို့ပတ်ဝန်းကျင်ရှိလူများက ကလေးတွေကိုလမ်းဘေးကပ်ဖို့အော်ပြောနေကြပြီး အချို့လူများကတော့ ကားဟွန်းရှည်တီးသည့် သူမတို့ကားကိုသာ မကျေနပ်သည့်အကြည့်များဖြင့် ကြည့်သွားကြသည်။ 


ကားradio ၌ အလှည့်ကျလာနေသည့် တေးသံရှင်ဘိုဘို၏ မူယာကျော့ သီချင်း။ ထိုသီချင်းဟာ ဇူလီအတွက်တော့ အလှပဆုံးသင်္ကြန်သီချင်းတစ်ပုဒ်ဖြစ်၏။ ဇူလီ၏ဖခင်ဖြစ်သူ ဦးစိုးမြင့်ဟာ မည်သည့်သီချင်းကိုမှမကြိုက်ပေမယ့် သင်္ကြန်နဲ့အတူတော့ လိုက်ပါစီးမျှောပေးရှာ၏။


"အေး ငါတို့ JJ မှာ သူငယ်ချင်း" 


ဘယ်ဂိတ်လဲဟု ဇူလီကဖုန်းဆက်မေးတော့ သူမတို့စီးနေကျ JJ Express ဂိတ်၌ရှိသည်ဟု ထင်လင်းကျော်ကဖြေသည်။ ဆုရည်ကတော့ ကားမူးနေသည်ဟုဆို၏။ 


ဂိတ်ရောက်တော့ ပုံပျက်ပန်းပျက်ဖြင့် ခရီးပန်းနေကြသည့် သူငယ်ချင်း၂ယောက်ကိုတွေ့၏။ အထုတ်တွေကတော့မများပါ။


"ဆုရည်လေ တစ်လမ်းလုံးအန်။ ငါတို့ရှေ့ကအန်တီကြီးတောင်အငြိမ်မနေရဘူး သူ့ကိုကူရတာ" 


ဆုရည်ဟာ အလုံပိတ်ကားများကို မူးတတ်သည့်အကျင့်ရှိ၏။ ကားထဲမှအနံ့ဟာ သူမကိုများစွာမသက်မသာဖြစ်စေသည်ဟုဆိုသည်။ 


"ဘာစားပြီးကြပြီလဲ။ ဗိုက်ဆာနေလည်း အိမ်ရောက်တဲ့အထိအောင့်ကြအုံး။ ဒေါ်နွေးစံပယ်က ရှင်တို့အတွက် စပါရှယ်မီးနူးတွေလုပ်ပေးထားတယ်" 


"အေး ငါတို့လည်းအောင့်လာတယ် နင်တို့အိမ်ကျ အိုးပါမျိုရအောင်လို့" 


"ငါကပိုဆိုး လမ်းမှာဘာမှစားမလာသလို အိမ်ကထွက်ခါနီးစားလာသမျှပါ အန်ချလာတာ"


အမူးပြယ်လာပြီဖြစ်သည့်ဆုရည်က ထိုသို့ပြောတော့ သုံးယောက်သားကဝိုင်းရယ်ကြ၏။ ဇူလီ့ဖေဖေကတော့ တစ်လမ်းလုံး မည်သည့်စကားမျှဝင်ပြောခြင်းမရှိသလို ရယ်လည်းမရယ်ပါ။ 


မြို့ထဲအရောက်မှာတော့ ညရောက်ရင်စားဖို့ မုန့်ပဲသရေစာများကို city mark တစ်ခု၌ဝင်ဝယ်ကြ၏။ 


'ဟဲ့ တို့တွေညကျဆိုဂျူးသောက်ကြမလား" 


ဆုရည်က အသောက်အစားမက်သူမို့ ဆိုဂျူးတစ်လုံးကိုကိုင်ပြီး မျက်ခုံးပင့်ပြနေသည်။ 


"နင့်ကို ကိုစိုးမြင့်ကြီး အိမ်ကနေကန်ချလိမ့်မယ်။ ထင်လင်းကျော်ကို အိမ်ပေါ်ခေါ်တင်ဖို့တောင် ငါမနည်းပြောထားရတာ" 


ဇူလီဖေဖေဟာ အသက်မပြည့်သေးသည့် သူမတို့အုပ်စုကို သောက်စားဖို့ ခွင့်ပြုမည်မဟုတ်ပါ။ 


"ဟာ အချိုရည်လို့ပြောလိုက်ရင်ရတာကို" 


"ပြန်ချလိုက်ပါဟာ ငါတို့မန်းလေးသွားမှသောက်လည်းရတာကို နော်" 


ဇူလီချော့ပြောမှ ဆုရည်ကထိုပုလင်းကို လက်ကချ၏။ 


မုန့်ပဲသရေစာများဝယ်ပြီးတော့ သူမတို့အိမ်ဆီသို့ တန်းပြီးပြန်ကြ၏။ မိနစ်၂၀လောက်မောင်းပြီးသော် ပန်းများဖြင့်ဝန်းရံထားသည့် ဇူလီတို့အိမ်ကလေးဆီရောက်၏။ 


"ဇူလီ နင်သိလား နင်မပြောပြရင်တောင် ငါဒီမြို့မှာနင်တို့အိမ်ကိုတွေ့အောင်ရှာနိုင်တယ်"


ဆုရည်ကပြောတော့ ဇူလီကသဘောကျ၏။ ဇူလီတို့အိမ်ဟာ မည်သည့်အရပ်ဒေသကိုဘဲပြောင်းရပါစေ ပန်းများစွာဖြင့်ဝန်းရံထားသည့်အိမ်ဟာတော့ တစ်ပုံစံတည်းဖြစ်၏။ သူမတို့၏အမှတ်တရများဟာလည်း ပန်းများနဲ့အတူ ထိုအိမ်လေးထဲကျန်နေခဲ့တတ်၏။


သူမမေမေက အလိုက်သိစွာ အိမ်ရှေ့ထွက်ပြီးကြိုနေသည်။ 


"အန်တီနွေးက ပိုပိုငယ်လာသလိုဘဲနော်" 


ပိတောက်ပန်းများကို ခေါင်း၌ဝေဆာစွာပန်ဆင်ထားသည့် ဇူလီ့မေမေကို ဆုရည်ကထိုသို့လောကွတ်ချော်သည်။ ဇူလီမေမေကတော့ သိပ်ပြီးသဘောကျတာပေါ့။ 


"အဲ့လိုမပြောလည်း အန်တီကမင်းတို့ကိုထမင်းကျွေးမှာပါကွယ်။ ဗိုက်ဆာကြပြီလား ကလေးတို့" 


"မဆာသေးဘူးရယ် ကားပေါ်မှာ မုန့်တွေဖောက်စားလာကြတာ" 


"အေးကွယ် ဒါဆိုလည်းဆာမှစားကြတာပေါ့။ အခုတော့ နားလိုက်ကြအုံး။ အန်တီတို့ အခန်းတွေသန့်ရှင်းရေးလုပ်ပေးထားတယ်" 


အထုတ်ကိုယ်စီဆွဲ၍ ဇူလီတို့အုပ်စု အိမ်အပေါ်ထပ်သို့တက်ရ၏။ အပေါ်၌ ၂ခန်းလွတ်သဖြင့် ထို၂ခန်းလုံးအား သူမတို့ကိုတစ်ယောက်၁ခန်းစီပေးရသည်။ အစကတော့ ဆုရည်ကို ဇူလီနဲ့အတူအိပ်ဖို့လုပ်ထားပေမယ့် လူငယ်များမို့ လွတ်လပ်စွာနေချင်မည်ဟုဆိုကာ ၁ခန်းသီးသန့်စီစဥ်ပေးခဲ့တာဖြစ်သည်။ ဇူလီဖေဖေတို့က အရင်ကတည်းက အိမ်အောက်ရှိအခန်း၌သာ အိပ်ကြ၏။ 


မတွေ့ရတာကြာပြီဖြစ်သည့် သုံးယောက်သားဟာ ဇူလီအခန်း၌သာစုကြပြန်၏။ 


"နင်ကအညာလို့ပြောတော့ ငါကနယ်မြို့လိုလေးထင်လိုက်တာ။ အခုကျ အကြီးကြီးဘဲရော" 


"ဟုတ်ပ အဆင်တွေတော့ ရှယ်ပေါမှာဘဲ။ အညာသားလေးတွေ ဟိဟိ ။ အပြန်ကျတစ်ယောက်လောက် ပါဆယ်ဆွဲသွားရမယ်"


ထင်လင်းကျော်ဟာ ယောက်ျားလေးဆိုပေမယ့် ယောက်ျားလေးကိုစိတ်ဝင်စားသည့် ယောက်ျားလေးဖြစ်၏။ ဇူလီတို့ဟာ ထိုအရာကို စိတ်မကွက်ပါ။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ချစ်ခြင်းမေတ္တာမျှသည်ဟာ အမှားတစ်ခုလို့ မထင်မိ။ တစ်ခါတစ်ရံ ဆုရည်နဲ့ထင်လင်းကျော်ပေါင်းပြီး ယောက်ျားလေးများကို စုပြီးငမ်းကြ၏၊ အတင်းတုတ်ကြ၏။ ဇူလီကတော့ မည်သူ့ကိုမျှစိတ်မဝင်စားပါ။


"နင်ပြောတဲ့ ဟိုသူငယ်ချင်းရော သူကမလာဘူးလား" 


ထင်လင်းကျော်ပြောနေသည့်လူဟာ ရီရီဖြစ်လောက်သည်။ ရီရီဟာ အလုပ်အားမည်မထင်ပါ။ 


"မနက်ဖြန်ကျလာလိမ့်မယ်။ သူလာမှ ငါတို့လမ်းထိပ်ထွက်ကြတာပေါ့" 


"ဟဲ့ အဆင်များတဲ့နေရာလေးရွေးနော်။ ငါတို့စွန့်စားပြီးလာရတာ တန်သွားစေချင်တယ်" 


ဆုရည်နှင့်ထင်လင်းကျော်ဟာ သူငယ်များအကြောင်းပြောလျင် အမြဲတက်ကြွနေတတ်၏။ ဇူလီကတော့ မနိုင်ဘူးဆိုသည့်သဘောဖြင့် ခေါင်းသာခါ၍နေတော့သည်။ 


၂နာရီလောက်နားကြပြီတော့ သူမတို့ ရေဆင်းချိုးကြသည်။ ထို့နောက် နေ့ခင်းစာထမင်းအတူစားကြ၏။ 


"ရှယ်ဟေ့"


ဆုရည်က စားပွဲ၌ရှိနေသည့် ဟင်းစုံကိုကြည့်၍ စားနေရင်းတောင် သွားရည်ကျနေသည်။ ဒီလိုဟင်းတွေစားရဖို့ ဇူလီတို့မနက်အစောကြီးထကာ ကြိုးစားထားရသည်။ သင်္ကြန်ကာလ ရုံးများပိတ်၍ လူတွေကျနေသည့်စျေးဟာ တိုး၍ပင်မပေါက်ပါ။ ဟင်းများကိုလည်း အလုအယက်ဝယ်ခဲ့ရတာဖြစ်၏။ 


ဇူလီဖေဖေကတော့ ထမင်းကိုစောစီးစွာစား၍ပြီးသွားပြီဖြစ်၏။ စားပွဲ၌ သူမတို့သူငယ်ချင်း၃ယောက်ရယ် ဇူလီမေမေရယ်သာကျန်ခဲ့သည်။ 


"ချစ်သူများနေ့မို့ သူများတွေလည်းကျောင်းပျက်ကြတာကိုဟယ် ငါလည်း လူထင်ကြီးတာများခံရမလားလို့ ညနေတစ်ပိုင်းအတန်းလစ်ပြီး အဆောင်မှာအိပ်လိုက်တာ နောက်ရက်ကျတော့ ဆရာမနဲ့ပြသနာတက်ရော" 


ဆုရည်က သူမရဲ့တက္ကသိုလ်မှအလွဲများအကြောင်းကို အာပေါင်သန်းကာမမောတမ်းပြောပြ၏။


"အေးဟဲ့ ဒါက ဆရာမဘက်ကလွန်တာ သိလား။ သူ့အချိန်လည်းမဟုတ်တာကို အတန်းဝင်ပြီး လာမတက်တဲ့လူစာရင်းမှတ်သွားတယ်တဲ့" 


"နောက်ရက်ကျ အဲ့လာမတက်တဲ့လူတွေအားလုံးကို အတန်းရှေ့ခေါ်ပြီး ဆူတာ။ ၁၀၀ေလာက်ရှိမယ်။ အဲ့နေ့က ဟိုက်ပါတွေဘဲကျောင်းသွားတက်တာလေ ဟား။ အဲ့နေ့ကကျောင်းပျက်တဲ့လူတွေ သူစာလာသင်ရင် အပြင်ထွက်နေရမယ်တဲ့။ ငါတို့လည်းဘယ်ရမလဲ ပြန်ပြောတာပေါ့။ အဲ့နေ့၁ရက်ဘဲပျက်ပြီး အခြားနေ့တွေအတန်းချိန်မှန်ခဲ့တဲ့လူတွေအတွက် မတရားဘူး ပြီးတော့ ဒီလိုလုပ်တာကလည်း သဘာဝမကျဘူး ဘာညာပြန်ပြောတာပေါ့။ အဲ့မှာ ဆရာမလည်းသူမှန်တယ် ငါတို့ကလည်း ငါတို့မှန်တယ်နဲ့ ပြသနာကကြီးသွားပြီး ကျောင်းမှာဟိုးလေးတကျော်ကျော်ဖြစ်ရော။ ဟဲ့ ဌာနမူးတွေပါ,ပါလာတာနော်" 


ထိုကိစ္စမှာ ဘယ်သူ့ဘက်ကမှန်လဲ ဇူလီတို့မသိပေမယ့် ပြသနာဟာကြီးမယ်ဆိုတာကိုတော့သိ၏။ လွတ်လပ်စွာခွင့်ပြုထားသည့်တက္ကသိုလ်ဆိုသောနေရာမှာ ကျောင်းသားများဟာ သူတို့မှန်ရင် ဆရာမကိုပြန်ပြီးရှင်းပြ၊ပြောပြကြမယ်ဆိုတာလည်းသိ၏။ 


ဇူလီမေမေကတော့ သူတို့ပြောတာကို 'အေးကွယ်' 'ဟုတ်တာပေါ့' ဘာညာနဲ့သာ သံယောင်လိုက်ပေး၏။ 


"သူက ငါတို့English စာဌာနကမဟုတ်ဘူး သမိုင်းဌာနကနေ ငါတို့ကိုသမိုင်းလာသင်ပေးတာလေ"


ထင်လင်းကျော်နှင့်ဆုရည်ဟာ ထိုအကြောင်းကိုပြောဖို့ လေလမ်းကြောင်းတောင်လု၏။ 


"ငါတို့ကတော့ မတောင်းပန်ပါဘူး။ ဆရာမကလည်းမလျော့ဘူး တစ်ကယ်ကြီးသူစာလာသင်ရင် ငါတို့အကုန်အပြင်ထွက်နေရတာလေ။ ငါတို့ကသူ့ကိုတောင်းပန်မှ သူ့အတန်းကိုဝင်ခွင့်ပြုမယ်တဲ့။ ဘယ်ရမလဲ ငါတို့လည်း သူ့အတန်းချိန်ကျအပြင်ထွက်ပြီး လျောက်သွားတာပေါ့။ နောက်မှ အတန်းတက်တဲ့လူတွေဆီက စာတွေသွားကူးတာ ဟိဟိ"


"ပြသနာကရှင်းမရရှင်းမရ ငါတို့လည်းမလျော့ ဆရာမလည်းမလျော့။ နောက်တော့ သူစာလာမသင်တော့ဘူး အခြားတစ်ယောက်ကိုဘဲ စာလာသင်ခိုင်းတော့တာ။ ငါတို့ဌာနမှူးက အဲ့ဆရာမကိုအားနာလို့ ငါတို့ကိုလာချော့ပြီး တောင်းပန်ခိုင်းသေးတယ်။ အချို့ကဘဲသွားတောင်းပန်တာပါ ငါတို့တော့မပါဘူး" 


ပြသနာဟာ တစ်ခန်းရပ်ပြီး ၂ယောက်သား အမောပြေ စွပ်ပြုပ်ဟင်းချို တချွတ်ချွတ်သောက်ကြ၏။ ပြီးတော့ ဆုရည်က မကျေမနပ်ဖြင့် စားပွဲကိုထရိုက်သည်။ 


"နင်စဥ်းစားကြည့်စမ်းပါဟာ ငါတို့တောင်းပန်သင့်လားလို့။ အဲ့ညနေက အတန်းချိန်ကအလွတ်လေဟာ ဘယ်သူ့အချိန်မှမရှိတော့ သူကဝင်ချင်တာ။ ငါတို့ကလည်းအတန်းချိန်လွတ်လို့ ပြီးတော့ ချစ်သူများနေ့မို့ ပျက်ကြတာ။ မနက်ခင်းအတန်းချိန်အကုန် ငါတို့ကြိုးစားပြီးတက်ခဲ့တာကို။ အခြားဆရာမတွေတောင် နားလည်ပေးသေး သူ့ကျမှ" 


"အမလေး မပြောပါနဲ့တော့အေ။ အာ့ကြောင့် သူအပျိုကြီးဖြစ်နေတာ" 


ပြသနာအကြောင်းအကုန်ပြောပြီးခါမှ ထင်လင်းကျော်ကထိုသို့ထပြောပါသည်။ 


ထမင်းစားတာ ဗိုက်ပြည့်ရဲ့လားဇူလီမသိပေမယ့် နားကတော့ပြည့်သွားတာသေချာသည်။ သူမတို့ရဲ့တက္ကသိုလ်နေ့ညများအကြောင်းဟာ ညအထိကိုဆက်၏။ အဆောင်ရှေ့သီချင်းလာဆိုသောကျောင်းသားလူငယ်များအကြောင်း၊ ဘယ်သူကမျက်စိထောင့်မကျိုးကြောင်း၊ ဘယ်သူတွေရဲ့ toxic relationship များအကြောင်းကို မမောနိုင်စွာ သူတို့၂ဦးကပြောပြ၏။ ဇူလီဟာ နားထောင်ပြီးအားကျရုံမှတစ်ပါး တတ်နိုင်သည့်အရာများမရှိသေးပါ။ 


ညပိုင်း ပစ္စည်းတွေသိမ်းတော့ ဇူလီမေမေဟာ မီးဖိုထဲ၌မျက်နှာညှိုးငယ်စွာရှိနေ၏။ သူမအနားကပ်လာသည့်ဇူလီကိုမြင်တော့ သက်ပြင်းတစ်ချက်ချသည်။ 


"ငါ့သမီးလည်း သူတို့လိုတက္ကသိုလ်တက်ရမှာပါအေ" 


ဇူလီမေမေဟာ ဆုရည်တို့ပြောသည်ကိုနားထောင်ပြီးအားကျနေသည့်ဇူလီ့အား အားနာနေဟန်ရှိ၏။ ဇူလီဟာ သူမမေမေရဲ့ပုခုံးကို တစ်ချက်သွားဖျစ်ညစ်သည်။ 


"သမီးလည်းကြိုးစားမှာပါ။ ဒါမယ့် သူတို့လိုတော့ပြောပြစရာရှိမယ်မထင်ဘူး။ သမီးက ဘယ်အရာကိုမှစိတ်မဝင်စားဘူးလေ" 


ဇူလီကပြောတော့ သူမမေမေကသဘောတွေကျနေသည်။ ယခုမှ သူမမေမေရဲ့မျက်လုံးတွေဟာ အားပြန်ပြည့်လာသလိုရှိလာ၏။ မိဘတွေဟာ ကိုယ့်သားသမီးကို သူများတွေကြားအားမငယ်စေချင်တာဟာ သဘာဝဖြစ်သည်။ သူများဘယ်အကြောင်းပြောနေရင် ကိုယ့်သားသမီးကလည်း အဲ့အကြောင်းပြန်လိုက်ပြောနိုင်စေချင်တယ်။ 


လူငယ်များစုံသည့်ညဟာ သန်းခေါင်ယံချိန်ထိ တက်ကြွမြဲ။ 


"ဟိုဘက်အိမ်ကိုကြည့်နေတာကြာပြီ။ အိမ်ကြီးကသားနားနေတာဘဲနော် ဘယ်သူတွေနေတာလဲ" 


မေးမှမေးပါ့မလားလို့ ဇူလီ့မှာစိုးရိမ်နေတာ။ 


"ဆရာဝန်တစ်ယောက်ရဲ့အိမ်ပါ" 


"သြော်" 


"ဟဲ့ အဲ့အိမ်မှာ ယောက်ျားလေးရှိလား" 


"ရှိတယ်" 


"အယ် ငါ့ပြောစမ်း ချောလားလို့။ သူကရော ဆရာဝန်ဘဲလား" 


ပြောပါတယ် ဆုရည်က အမြဲတက်ကြွပါတယ်လို့။ 


"အင်း သူငယ်တုန်းကတော့ ချောလောက်တယ်" 


"ကောင်မ ငါကအကောင်းများပြောနေသလားလို့" 


ဆုရည်က သူမကိုစနှောက်နေသည့် ဇူလီ့ကိုတစ်ချက်ရိုက်သည်။ 


"သူတို့အိမ်ကြည့်ရတာ ကျယ်ပေမယ့် ပျင်းစရာကြီးလိုဘဲ။ သင်္ကြန်အတွင်းတောင် တိတ်ဆိတ်နေတာ" 


သင်္ကြန်တွင်း ထိုအိမ်ကဦးကျော်မင်းနောင်ကိုလာကန်တော့ကြတဲ့လူတွေအများကြီးပါ။ ဒါပေမယ့်လည်း အိမ်ကလူများပြီးပွဲမစည်။


သူမ,မြင်နေကျ အစိမ်းရောင်အရိပ်ကလေးကို ယနေ့တစ်ရက်လုံးမမြင်ရသေး။ မဟုတ်လည်း သူမများသတိမထားမိလေသလား။ ဒါမှမဟုတ် သူမကဘဲ ရှောင်နေလို့လားမသိပါ။ လွန်ခဲ့သည့်ရက်များအတွင်း သေချာဆန်းစစ်ခဲ့သည့် သူမရဲ့ အချစ်ဆိုသောခံစားချက်ကို ဇူလီဟာ ယနေ့ချိန်ထိလက်မခံနိုင်။ လက်ခံမည်လည်းမဟုတ်ပါ။ သူမဟာ မိန်းမတစ်ယောက် 


မဟုတ် 


စိမ်းလဲ့ညိုကို ချစ်မိသွားဖို့ မဖြစ်နိုင်ပါ။ ချစ်မိသွားလို့လည်း မရပါ။ 


ထိုမိန်းမအကြောင်းတွေးမိတိုင်း ဇူလီက သူ့ပါးသူရိုက်၏။ ဘယ်၂ချက်ရိုက်မိမှန်းလည်း သူမ ရေမတွက်နိုင်တော့။ 


"ဆရာဝန်မိသားစုဆိုတော့ အလုပ်များနေမှာပေါ့နော်" 


ဆုရည်ဟာ အတော်အမေးအမြန်းထူသည်။ သူမ,မဖြေချင်သည့်အရာများကိုသာရွေးမေး၏။ 


"အင်း" 


ဦးကျော်မင်းနောင်ကတော့ အလုပ်များတာသေချာ၏။ သူ့သမီး စိမ်းလဲ့ညို ကတော့ ၂၄နာရီလုံးအလုပ်အားသည်။ အန်တီသိမ့်ကတော့ သင်္ကြန်ကာလတွင်း တရားစခန်းဝင်သွားသည်လို့ကြား၏။ 


"ကဲ ဒို့တွေမနက်ဖြန်ကျ ဘာဝတ်ကြမလဲ" 


စကားလမ်းကြောင်းပြောင်းသွား၍ တော်သေး၏။ မဟုတ်ရင်ဇူလီက သူ့ပါးသူရိုက်ရင်း အရူးကြီးလိုဖြစ်နေမှာ။ သို့ပေမယ့် ထိုမိန်းမကို အိမ်မက်ထဲဝင်မလာဖို့တော့ တားနိုင်မည်မထင်ပါ။


.........


ပိတောက်များ၏ ချိုအီနေသောမွှေးရနံ့များ၊ သင်္ကြန်သီချင်းများ၊ လူအုပ်ကြီး၏ ဟေးကနဲ ဟားကနဲအသံများဟာ လေနှင့်အတူရော၍ တစ်လောကလုံးဆီပျံ့လွင့်လာသည်။ တစ်ခါတစ်ရံ မော်တော်ပီကယ်များ၏ ခရာမှုတ်သံများပါကြားရ၏။ 


ရီရီဟာ မနက်၉နာရီကတည်းကရောက်ချလာပြီး ကဲဖို့ပြင်ဆင်နေကြသည့် သူမတို့၃ယောက်ကို ထိုင်စောင့်နေရရှာသည်။ ဇူလီကတော့ အထူးတလည်ပြင်ဆင်တာမျိုးမရှိ။ မျက်နှာကို စကင်ကဲလ်၃မျိုးသာပွတ်ပြီး ပြီးစီးသွား၏။ ဂျင်းဘောင်းဘီအပွ၊ ချီကာဂိုteeအနီလေးရယ် အပြင်မှ shirt အဖြူလေးကို သူမနဲ့လိုက်ဖက်စွာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည်။ ဆုရည်ကိုသာသူမတို့စောင့်ရ၏။ 


"ကြာလိုက်တာဟယ် ရေပက်တဲ့လူတွေတောင် ပြန်ကြတော့မယ်" 


"ပြီးပြီ ပြီးပြီ နော်" 


ဆုရည်ဟာ ဒူးလောက်ရှိသည့်စကတ်အတိုလေးဖြင့်။ 


"ကောင်မရေ ချော်သာလှဲလို့ကတော့ ဟင်း ဟင်း" 


"အမလေး လှဲစမ်းပါစေ အဆင်လေးတွေရင်ခွင်ထဲ ဝင်လှဲချပလိုက်မယ်"


ဒီလောက်ထိတက်ကြွသည့် ဆုရည်ဟာ ရည်းစားမရှိပါ။ မထားချင် ဟုဆို၏။ သူက ဒီတိုင်းလေး လူတွေကို သူမဆီကမေတ္တာတွေပေးချင်လို့ပါ ဟုပြော၏။ 


"သမီး ဇူလီရေ မပြီးသေးဘူးလား။ ဒီမှာ အစ်မစိမ်းလဲ့ညို ရောက်နေတယ်" 


ဇူလီမေမေရဲ့ အောက်ထပ်မှအော်သံကြားတော့ ဇူလီဟာ ရီရီမျက်နှာကို လှမ်းကြည့်မိ၏။ ရီရီကလည်း သူမကိုလှည့်ကြည့်လာသည်။ 


"ဟဲ့ စိမ်းလဲ့ညိုတဲ့ ဘယ်သူကြီးလဲ" 


"ဘယ်သူလဲ" 


ဆုရည်နှင့်ထင်လင်းကျော်၏အမေးကို ဇူလီဟာ မည်သို့ဖြေရမည်မသိပါ။ 


"ဟိုဘက်ခြံက အစ်မပါ။ ဇူလီ့အသိပေါ့" 


တိတ်ဆိတ်နေသည့်ဇူလီအစား ရီရီကဝင်ဖြေပေး၏။ 


"အယ် နင်ကအဲ့လိုအရွယ်နဲ့ပါပေါင်းတယ်ပေါ့" 


လှေကားမှနေမြင်ရသည့် ထိုမိန်းမကိုကြည့်၍ ဆုရည်ကထိုသို့ပြောသည်။ သူ သေချာမမြင်သေးလို့ပါ။ 


"အမလေး အဲ့အစ်မက လှလိုက်တာရော" 


သူမတို့ကိုမြင်၍ ပြုံးပြလာသည့်ထိုမိန်းမကြောင့် ဆုရည်ဟာ စကားလမ်းပျောက်သွားသည်။ ထင်လင်းကျော်က ဆုရည်လက်ကိုကုတ်နေ၏။ ၅ရက်လောက်မမြင်လိုက်ရသည့်ထိုမိန်းမဟာ နီညိုရောင်ချိတ်ဝမ်းဆက်ကလေးဖြင့် ခြေချိတ်ထိုင်နေသည်။ တိုတက်သွား၍ ပေါ်နေသည့်ခြေတံကလေးမှာ ယခင်နည်းတူ ရွှေခြေချင်းကလေးကိုတွေ့၏။ 


"ဇူလီတို့ ဘယ်နားထိသွားကြမလို့လဲဟင်။ အစ်မလိုက်ပို့ပေးမယ်လေ" 


ဇူလီဟာ ငြင်းဖို့ကြိုးစား၏။ သို့ပေမယ့် မည်သည့်စကားမျှထွက်မလာ။ 


"သြော် အစ်မပါလိုက်ချင်တာလား ရတယ်လေ။ မနက်ဖြန်လည်း ကျွန်မတို့က မန်းလေးဆင်းကြမှာ လိုက်ခဲ့ပါလား အစ်မ ပါတော့ ပိုကောင်းတာပေါ့" 


ဆုရည်ဟာ လက်ဦးသွား၏။ ဇူလီကတော့ တောင့်တောင့်ကြီးသာရပ်နေသည်။ 


"ဟုတ်လား အဲ့ကိုလည်း အစ်မပို့ပေးမယ်လေ။ အိမ်တွင်းအောင်းမယ့်အတူတူ အစ်မလည်းကလေးတွေနဲ့လိုက်ပြီး ကလေးကြီးလုပ်ရတာပေါ့" 


ဆုရည်ကသဘောကျနေ၏။ ရီရီကတော့ ဇူလီကိုတစ်လှည့် စိမ်းလဲ့ညို့ကိုတစ်လှည့်ကြည့်၍ အကဲခတ်နေသည်။ 


"ဒါဆို သွားကြရအောင်လေ နေမမြင့်ခင်လေး" 


ရပ်ကွက်ထိပ်ကလေးမို့ သူမတို့က ခြေလျင်သာလျောက်သွားကြ၏။ ဆုရည်ဟာ ထိုမိန်းမကိုသဘောကျဟန်တူသည်။ ထိုမိန်းမအနားသာကပ်၍ စကားတပြောပြောရှိနေ၏။ အင်းလေ စိမ်းလဲ့ညိုက ယောက်ျား၊မိန်းမ မရွေးသဘောကျကြသည့်ရုပ်ရည်မျိုးဘဲကို။ ထင်လင်းကျော်က ရီရီနှင့်အတူ စကားပြော၍လိုက်လာ၏။ စပ်စုသူပီပီ ရီရီ့ကို ထိုမိန်းအကြောင်းများမေးနေသည်။ ကြည့် ထင်လင်းကျော်တောင် ထိုမိန်းမကိုသဘောကျသည်။ ဇူလီကတော့ အတွေးများစွာဖြင့် နောက်မှာသာ တိတ်တဆိတ်လိုက်လာနေ၏။ ထိုမိန်းမဟာ ဇူလီ့လက်ကိုဆွဲဖို့ မေ့လျော့နေဟန်တူပါသည်။ 


"ကျွန်မကို ဆုရည်လို့ခေါ်လို့ရတယ် အစ်မ။ အစ်မနာမည် စိမ်းလဲ့ညို လို့ကြားလိုက်တယ်နော်။ လှတာ နာမည်ရောလူရောဘဲ။ အစ်မကိုကျွန်မတို့နဲ့ရွယ်တူလို့ပြောလည်း ကျွန်မကယုံမှာ သိလား" 


"ဆုရည်ကမြောက်ပြီးပြောပြန်ပြီကွယ်။ အစ်မကတော့ ငယ်သူတွေနဲ့ တစ်ကယ်မယှဥ်ရဲပါဘူး"


"ဟာ အစ်မကလည်း နုထွတ်နေတာကို" 


ခြံဝင်းအကျော်နားလေးတွင် ငနဲအုပ်စုတစ်စုကိုတွေ့၏။ သူမတို့ကိုမြင်တော့ ရေများဖြည့်နေကြသည်။ ဇူလီဟာ အရှေ့မှမိန်းမကိုကြည့်၍ စိတ်ကလေးများပူပန်လာ၏။ သူတို့သာ ထိုမိန်းမကို ရေလောင်းလိုက်ရင်...


ဇူလီ ခပ်တုပ်တုပ်ဖြင့် လူများအားလုံးကိုကျော်တက်၍ ထိုမိန်းမအနားသွားကပ်လျောက်သည်။ အနားရောက်လာသည့်သူမကို ထိုမိန်းမက ခေတ္တာမျှကြည့်လာသေး၏။ ပြီးတော့ ဆုရည်ဘက်ပြန်လှည့်သွားသည်။ 


"ဟိုအစ်မကြီးကိုပက် ဟိုအစ်မကို" 


လူအုပ်ကြီး၏ဦးတည်ချက်ဟာ စိမ်းလဲ့ညိုပါ။ ဇူလီဟာ ရင်များပူလောင်လာသည်။ ကလေးများဆီမှ ခွက်များကို ပြေးကာသွားဆွဲလု၍ ရေများသွန်ချ၏။ ဒီလူအုပ်ကြီးထဲမှာ လူရွယ်များလည်းပါ,ပါသည်။ 


"အပြန်မှပက်ပါအစ်ကိုရယ်"


"ဟ ဘယ်ရမလဲ။ သင်္ကြန်ရက်အတွင်းမှာ လူတစ်ယောက်ကိုရေအရင်လောင်းရင် နောက်ကျသူနဲ့ဖူးစာဆုံတယ်တဲ့ လောင်းဟေ့" 


ကလေးများထက် ယောက်ျားသားများကပို၍ဆိုးသည်။ ဇူလီဟာ ကလေးဆီကလုယူထားသည့်ရေခွက်ဖြင့် ရေအပြည့်ခပ်ကာ စိမ်းလဲ့ညိုကိုအရင်သွားလောင်း၏။ ထိုမိန်းမက အလိုက်သင့် ဆံပင်လေးဘေးသပ်ပေးပါသည်။ ပုခုံးမှနေလောင်းချတော့ ထိုမိန်းမက ကိုယ်ကလေးတွန့်သွား၏။ ဇူလီကို ကျေနပ်ပြီလားဆိုသည့်သဘောဖြင့် ပြုံးပြလာတော့ ဇူလီကမျက်နှာကလေးလွှဲသွားသည်။ 


"ပွဲဖျက်တယ်ကွာ အပျိုကြီးဖြစ်ပါစေနော်" 


ပွဲဖျက်သည့်ဇူလီကို ခေါင်းမှနေ၍ဝိုင်းလောင်းကြသည်။ သို့ပေမယ့် သူမ ကျေနပ်၏။ ဆုရည်နှင့်ရီရီကလည်း ခေါင်းမှနေ၍အလောင်းခံရ၏။ စိမ်းလဲ့ညိုကိုသာ လူများက အသာအယာလောင်းကြသည်။


"ဆိုင်ကယ်သမားတွေလာရင် ရပ်ခိုင်းပြီးလောင်းရမယ်နော်။ မပက်ရဘူး" 


ထိုမိန်းမဟာ လူအုပ်ကြီးထဲမှကလေးများကို ရေတစ်ခွက်စီလောင်း၍ သြဝါဒခြွေနေသည်။ ထိုမိန်းမစကားဆို ကလေးတွေတောင်နားထောင်ကြသည်ဟာ အပိုစကားပြောသည်မဟုတ်ရပါ။ 


ရေများစိုရွဲနေသည့်ထိုမိန်းမကိုကြည့်၍ ဇူလီဟာစိတ်မအေးရ။ 


"အစ်မ ကျွန်မအင်္ကျီလေး ပတ်ထားပါလား" 


ဇူလီဟာ မဝံ့မရဲဖြင့် ထိုမိန်းမကို ထိုသို့သွားပြောရသည်။ 


"ဘာလို့လဲဟင် ရေစိုနေတာ ကြည့်ရဆိုးနေလို့လား" 


သေချာပေါက်ကြည့်ရဆိုးသည်ဘယ်ဟုတ်မလဲ။ ရေစို၍ပိုကာကပ်ချပ်သွားသော အင်္ကျီနှင့်ခန္ဓာကိုယ်ဟာ အများကြည့်ပျော်ရှုပျော်ပိုရှိတာပေါ့။ အင်းလေ လှချင်လို့တောင် ဒီလိုဝတ်လာတာဘဲကို ဇူလီကဘယ်တတ်နိုင်မလဲ။ ခုနကမေးခွန်းကို ဇူလီက ခေါင်းခါပြ၏။ ထိုမိန်းမကပြုံးသည်။ ပြီးတော့ သူမကိုနားမလည်ဟန်လည်းရှိနေ၏။ ဇူလီဟာ လမ်းဆုံမဏ္ဍပ်ရောက်သည်အထိ စိမ်းလဲ့ညိုအနားမှမခွာပါ။ ထိုမိန်းမသို့ ရေလာလောင်းသည်များရှိလျှင် သူမက မသိမသာကာပေး၏။ ခေါင်းမှလောင်းဖို့ကြိုးစားသူများရှိလျှင် ခွက်ကိုပုခုံးနားသို့ နှိမ့်ချပြစ်သည်။ တစ်ခါတစ်လေ ရေပက်ကြမ်းသည့်နေရာများအရောက် ထိုမိန်းမဟာ သူမရင်ခွင်လေးနားတိုးကပ်လာတတ်၏။ ထိုအချိန်ဆို အသားချင်းမထိမိစေဖို့ ဇူလီဟာမနည်းကြိုးစားရ၏။ 


လမ်းဆုံ မဏ္ဍပ်ဟာ လူအတော်စုံပါသည်။ စတုဒီသာကျွေးသည့်လူများ၊ လာစားသည့်လူများ၊ မိန်းလမ်းမကြီးမို့ ဖြတ်လျှောက်သွားသည့်ကားများမှ ရေလာဖြည့်သူများ၊ ဆိုင်ကယ်များ၊ ရေပက်ကြသည့်လူများဖြင့် စည်ကားနေ၏။ ထိုနေရာသို့စရောက်ခါစ သူမတို့ကိုရေဝိုင်းလောင်းသည်ဟာ ကြက်ကလေးရေမွန်းသလိုပါ။ ဒီတစ်ခါများတော့ ဇူလီဟာ ထိုမိန်းမဆံပင်လေးရေမစိုစေဖို့ တားနိုင်စွမ်းမရှိတော့။ 


"ဖြည်းဖြည်းလုပ်ကြပါကွယ် ထိမိကုန်လိမ့်မယ်"


ထိုမိန်းမရဲ့အသံဟာ လူအုပ်ထဲတိုးမပေါက်ပါ။ စည်ပိုင်းများသို့ ရေဖြည့်သည့်ပိုက်ဟာ သူမတို့ဘက်လှည့်လာတော့ ဇူလီက ထိုမိန်းမနားထဲသို့ ရေဝင်သွားမည်စိုး၍ လက်ကလေးဖြင့်ကာပေး၏။ ရေကိုအားဖြင့်လွှဲ၍ပက်ချလိုက်သည်မြင်တော့ ထိုမိန်းမဟာ သူမဘက်သို့ယိမ်းထိုးလာသည်။ သတိထားနေသည့်ကြားမှ ဇူလီဟာ ထိုမိန်းမရဲ့ခါးသိမ်သိမ်လေးဆီ လှမ်းဖက်မိသွား၏။ ရင်ထဲ၌ မီးများတောက်လောင်လာသည်။ မျက်နှာကလေးဟာ ရဲတက်လာသည်။ ထိုမိန်းမကတော့ ဘာမှဖြစ်ဟန်မတူပါ။ လူအုပ်ကြားထဲ ပြုံး၍ပျော်၍သာနေ၏။ သူမရဲ့လက်ကို သတိကပ်၍ပြန်ဆွဲယူလိုက်သည်။ ရေလောင်း၍ဝမှ လူအုပ်ကြီးကချဲ့သွားကြ၏။ ဆုရည်နှင့်ထင်လင်းကျော်ကတော့ ယောက်ျားသားအုပ်ကြီးထဲ တိုးဝင်သွား၍ ရေများကစားနေသည်။ ရီရီကတော့ သူမတို့အနားရှိသေး၏။ 


"ဇူလီ နင် မုန့်လုံးရေပေါ်စားချင်လား" 


"ဟင့်အင်း မကြိုက်ဘူး" 


ရီရီမေးသည်ကို ဇူလီက နှုတ်ဖြင့်ရော အမူအယာဖြင့်ပါငြင်း၏။ မုန့်လုံးရေပေါ်ကို သူမ တစ်ကယ်မကြိုက်ပါ။ အားနာ၍တောင် ဟန်ဆောင်ပြီးမစားတတ်။ ရီရီက ဇူလီမစားလည်း သူသွားစားမည်ဟုဆိုကာ မုန့်လုံးကျွေးသည့်နားရောက်သွား၏။ 


"လာ ဇူလီ အစ်မတို့ဟိုနားလေးသွားထိုင်ရအောင်" 


ပက်လက်ခုံကလေးများချထားသည့်နား ထိုမိန်းမကဇူလီ့ကိုဆွဲ၍ခေါ်၏။ ယခုမှသာ သူမလက်ကိုဆွဲဖို့ သတိရသည်ထင်သည်။ မဏ္ဍပ်ရှိလူအုပ်များကြားမှ အချို့သောယောက်ျားသားများဟာ စိမ်းလဲ့ညိုကို လှည့်ကြည့်နေကြသည်။ အချို့က သီချင်းများညည်းပြကြ၏။ အချို့ကမူ သူမတို့ထိုင်နေသည့်နားလာ၍ ရေထပ်လောင်းသွားကြ၏။ အစကတော့ ထိုမိန်းမကငြင်းသေးသည်။ နောက်ပိုင်းကြိမ်ဖန်များလာတော့ ငြင်းရတာမောသွားဟန်တူ၏။ အသာတကြည်သာရေအလောင်းခံလိုက်တော့သည်။ 


ထိုမိန်းမဟာ ချမ်းနေသည်လား အနေရခက်သည်လားမသိပါ သူမရဲ့လက်၂ဖက်ကို ခပ်တင်းတင်းပိုက်ထား၍ ခုံ၌ထိုင်နေ၏။


"ချမ်းနေတာလား အစ်မ" 


ဇူလီကမနေနိုင်စွာမေးတော့ ထိုမိန်းမက ပြုံးပြပြန်၏။ 


"ချမ်းတာမဟုတ်ဘဲ အနေရခက်နေတာပါ။ အစ်မက အရမ်းကြည့်ရဆိုးနေပြီလားဟင်" 


ထိုမိန်းမမေးသည့် ကြည့်ရဆိုးနေပြီလား ဆိုသည့်မေးခွန်းဟာ ရုပ်ရည်ကိုတော့မဖြစ်နိုင်၊ရေစိုနေသည့် ခန္ဓာကိုယ်ကိုလည်းမဖြစ်နိုင်။ စိမ်းလဲ့ညိုက ဘယ်လိုနေနေအမြဲကြည့်ကောင်းနေတာလေ။ 


အစ်မက ရေစိုနေလည်းလှပါတယ် ဟု ဇူလီကပြောလိုက်ချင်သည်။ သို့ပေမယ့် ထိုမိန်းမက အနေရခက်နေဟန်တူသည်မို့ သူမရဲ့အင်္ကျီလေးကို ချွတ်ပြီးခါ၍ပေးလိုက်၏။ 


"ရေစိုနေပေမယ့်လည်း အစ်မအနေရခက်ရင် ပတ်ထားလိုက်ပါ" 


ထိုမိန်းမက ကျေးဇူးကွယ် ဟုခပ်တိုးတိုးလေးပြောလာပါသည်။ 


"အစ်မ မုန့်လုံးရေပေါ် "


ရီရီဟာ သူ့လက်ထဲပါလာသည့်မုန့်လုံးရေပေါ်ကို ထိုမိန်းမထံသို့ပေးလာ၏။ ထိုမိန်းမက အလိုက်သင့်ယူ၍ ကျေးဇူးတင်စကားဆိုသည်။ 


"အစ်မက ရေမဆော့တော့ဘူးလား" 


"တော်ပါပြီကွယ် အခုတောင်အစ်မ ချမ်းတုန်နေရောပေါ့" 


"သြော် အစ်မကလည်း အဲ့လိုတုန်နေအောင်ရေကစားရတာက တစ်နှစ်မှတစ်ခါနော်" 


ရီရီကထိုမိန်းမကို ရေကစားဖို့ဆွယ်နေဟန်တူသည်။ 


"တော်ပါပြီကွယ် ဇူလီကိုခေါ်ပြီးသာသွားကစားလိုက်ပါ။ အစ်မဒီနားလေးစောင့်နေပေးမယ်" 


ထိုမိန်းမပြောတော့ ရီရီကဇူလီကို သွားရအောင်ဆိုပြီး ပြောလာသည်။ ဇူလီ ရေကစားမည်မဟုတ်ပါ။ ဒီမိန်းမကို ကျီးများလိုချောင်းနေသည့် လူအုပ်ကြီးနဲ့ချန်ပြီး သူမ ရေသွားမကစားနိုင်။ 


"ဆုရည်တို့နဲ့သွားကစားပါလား ငါလည်းချမ်းနေပြီရယ်" 


ဇူလီငြင်းတော့ ရီရီကသူမကိုမျက်စောင်းလေးထိုးသွားသည်။ 


"ဇူလီ ဗိုက်ဆာရင်တစ်ခုခုစားလေ။ အစ်မ သွားယူပေးရမလား"


ထိုမိန်းမအမေးကို ဇူလီကခေါင်းခါပြသည်။ သူမ ဗိုက်မဆာပါ။ 


ထိုင်နေသည့်သူမတို့နား မဏ္ဍပ်မှမဟုတ်သည့်လူတစ်ယောက်က ကပ်လာသည်။ ကားရေဖြည့်ရင်း ထိုမိန်းမကို မြင်သွားဟန်တူ၏။ 


"ကျွန်တော် အစ်မကိုရေကလေးလောင်းလို့ရမလားဗျ" 


စိမ်းလဲ့ညိုက ထိုယောက်ျားအမေးကိုချက်ချင်းမဖြေ။ ဇူလီကိုအရင်ကြည့်လာ၏။ ပြီးတော့မှ 


"ကျွန်မ ရေကစားတာများပြီးချမ်းနေပြီမို့ပါ အားနာပါတယ်နော်"


ထိုယောက်ျားဟာ ရှက်ရှက်ဖြင့်ပင် ထွက်သွား၏။ အခုထိကို ရေလောင်းလို့မကုန်ကြသေးပါလား။ ဇူလီဟာ သူမတို့ဆီမကြာမကြာရောက်လာတတ်သည့် အန်တီကြီးများရဲ့အကြည့်ကို လုံးဝမကြိုက်ပါ။ အချို့က ဇူလီပြန်ကြည့်နေသည်ကိုတွေ့၍ ပြုံးပြကြ၏။


တိတ်ဆိတ်နေသည့်ဇူလီကို ထိုမိန်းမက မေးခွန်းများမေး၏။ ဆုရည်တို့အကြောင်း သူမ၏ကျောင်းကိစ္စများအကြောင်း။ 


"ရှေ့ရက်တွေက အစ်မဖုန်းဆက်တာ ဇူလီမကိုင်ဘူးနော်။ ပြန်လည်းမခေါ်ဘူး"


ထိုမိန်းမက ဒီကိစ္စကိုမေးလိမ့်မည်ဟု ဇူလီမထင်ခဲ့မိပါ။ အဲ့ရက်တွေက ဇူလီဟာ သူမကိုရှောင်ချင်ခဲ့သည်မို့ တမင်မကိုင်လိုက်ခြင်းပင်။ အခု ကာယကံရှင်ကမေးလာတော့ သူမ အားနာသွား၏။ 


"ကျောင်းကိစ္စနဲ့အလုပ်ရှုပ်နေလို့ပါ။ ဆရာမနဲ့သွားတွေ့နေလို့လေ" 


ဇူလီကလိမ်ပြောတာတော့မဟုတ်ပါ ထိုရက်အတွင်းတစ်ကယ် ကျောင်းကိစ္စများရှိခဲ့၏။ အလုပ်တော့မများပါ။


"ဟုတ်လား ဒါဆို ဇူလီကသင်္ကြန်ပြီးသွားရင် အဆောင်ဝင်ရမှာပေါ့"


"ကျူရှင်ပါ။ အဆောင်ကျ အမေကမထားရဲဘူး" 


ဒါဟာ သူများကြားရင် ရယ်စရာပေမယ့် ဇူလီတို့အကြောင်းကိုတော့ ဇူလီတို့ဘဲပိုသိတာပေါ့။ 


"သြော်" 


"ဒါဆို အစ်မကဇူလီ့ကိုမကြာမကြာမမြင်ရတော့ဘူးပေါ့" 


ဇူလီ့စိတ်များထွေပြားသွားသည်။ 


"ကျွန်မ ကျူရှင်ဆင်းရင် တွေ့လို့ရတယ်လေ" 


"ဘယ်တူပါ့မလဲဇူလီရယ်" 


ကျူရှင်ကိစ္စများဖြင့် အလုပ်များသည့်ဇူလီဟာ ယခင်ကလို ပန်းကလေးများဖြင့်အလုပ်များနေသည့်ဇူလီဖြင့် တူတော့မည်မဟုတ်ပါ။ ထားပါ ဇူလီဟာလည်း သူ့ကိစ္စဖြင့်သူဖြစ်၏။ 


"စိမ်း" 


သူမတို့စကားဝိုင်းနားသို့ အခြားယောက်ျားတစ်ယောက် ရောက်လာပြန်သည်။ ဒီတစ်ခါတော့ နာမည်ကလေးဖြင့်


"သြော် ကိုဇွဲသု" 


"ဟောဗျာ စိမ်းနဲ့တူပါတယ်ဆိုပြီးကြည့်နေတာ တစ်ကယ်ကြီး စိမ်းဖြစ်နေတာဘဲ" 


ကိုဇွဲသုဟာ စိမ်းလဲ့ညိုကိုတွေ့ရလို့ ဝမ်းသာနေသည်။ ဘေး၌ရှိနေသည့် ဇူလီကို ဝတ်ကြေတန်းကြေတော့ ပြုံးပြသေး၏။ 


"သူငယ်ချင်းတွေနဲ့ထွက်လာတာ ရေဝင်ဖြည့်ရင်း စိမ်းကိုတွေ့လိုက်လို့" 


ထိုယောက်ျားက အရှေ့မှာရေဖြည့်နေသည့် သူ့သူငယ်ချင်းများကို မေးငေါ့၍ပြသည်။ 


"ကျွန်မလည်း ပျင်းစစရှိလို့ ကလေးတွေနဲ့လိုက်လာတာရယ်" 


"ဟုတ်လား" 


ယခုလို ပျင်းစစရှိလို့လိုက်လာတာ ဟုပြောဆိုနေသောမိန်းမသည် ဇူလီတို့ဘေးအိမ်ပြောင်းမလာခင်ကရော ဘယ်လိုများနေသလဲဟု အတွေးများဝင်လာသည်။ 


"မေမေက တရားစခန်းဝင်သွားတယ်လို့ကြားတယ်။ စိမ်း သွားလိုက်ပို့တာဆို" 


"ဟုတ်တယ် စစ်ကိုင်းတောင်ဘဲသွားမယ်လုပ်နေလို့ ပို့လိုက်ရတယ်" 


ဒါကြောင့် ယခင်ရက်များအတွင်းထိုမိန်းမကိုမတွေ့ရတာနေမည်။ 


"ဒါများမန္တလေးကအိမ်ဝင်ခဲ့တာမဟုတ်ဘူး စိမ်းရယ်။ ဖေဖေတို့ကလည်း စိမ်းကိုတွေ့ချင်နေတာကို" 


"ဦးလေးတို့ကိုအားနာလို့ပါ။ သင်္ကြန်ရက်လေး အေးအေးဆေးဆေးနေချင်မယ်ထင်လို့" 


သူတို့ပြောသည့်အကြောင်းအရာသည် မန္တလေးရှိ ထိုယောက်ျား၏မိဘများအိမ်ဖြစ်လောက်သည်။ 


ဇူလီဟာ ဒီနေရာမှာကြာကြာမနေချင်တော့။ ရီရီတို့နားသွားဖို့ကြံ၏။ 


"ပျင်းနေရင် ကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပါလား။ စိမ်း ပါတော့ ကိုယ်လည်းပျော်တာပေါ့" 


စိမ်းလဲ့ညိုက ပြုံး၍သာခေါင်းခါနေ၏။ 


"ကျွန်မ,မပါလည်း ရှင်ကပျော်နေပြီးသားပါ" 


နားစွန်နားဖျားသာကြားလိုက်ရသည့်ထိုစကားကြောင့် ဇူလီယခုမှသာစိတ်အေး၏။ 


"ဟဲ့ အဲ့တာသူ့ဘဲကြီးလား" 


ဆုရည်တို့က ယခုမှသာပေါ်တော်မူလာသည်။ 


"သေချာမသိဘူးရော သူတို့ချင်းကတော့ သူငယ်ချင်းလို့ပြောကြတာဘဲ" 


ဆုရည်အမေးကို ရီရီကထိုသို့ဖြေသည်။ 


"ဒီအရွယ်နဲ့ဒီအဆင် သူငယ်ချင်းမှဟုတ်ရဲ့လားဟယ်။ ခုခေတ်က သူငယ်ချင်းလို့ပြောပြီး နောက်ကွယ်မှာ စားသောက်နေကြတာနော်" 


ထင်လင်းကျော်၏ပုခုံးသို့ ဆုရည်ကရိုက်လိုက်သည်။ 


"ငယ်ကတည်းကပေါင်းလာတာလို့ပြောတာနော်" 


"အမလေး ဘဲကြီးကဒီလောက်သန့်နေတာနော် စိမ်းလဲညိုက မကြိုက်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ သေချာလည်းစုံစမ်းပါအုံး" 


"သြော် တစ်ကယ်ပါဆို ကဲ" 


ကိုဇွဲသုဟာ လက်လျော့သွားဟန်တူသည်။ သူမတို့ဘက် လှည့်လာပြီး နှုတ်ဆက်ကာ သူ့သူငယ်ချင်းများနဲ့ထွက်သွားတော့၏။ 


ဇူလီ ထိုမိန်းမကိုတစ်ယောက်တည်းပြစ်ထားတော့၏။ တစ်ယောက်တည်းဖြစ်သွားသည့်ထိုမိန်းမနား ယောက်ျားသားတွေ တစ်ယောက်ပြီးတစ်ယောက်ရောက်လာပြန်သည်။ သူ့ဒုက္ခကလည်း မသေးပါလား။


"ပြန်ရအောင် ဇူလီ ငါဒီမှာချမ်းလို့သေတော့မယ်။ မျက်စိတွေလည်းစပ်နေရော"  


နေ့ခင်း ၂ချက်ထိုးလောက်ကျ သူမတို့အုပ်စု အိမ်ပြန်လာကြ၏။ ဇူလီက ရီရီနဲ့အတူ နောက်မှလိုက်လာသည်။ 


နေအပူချိန်သိပ်မမြင့်၍ တော်သေး၏။ 


"အစ်မက ရည်းစားမရှိဘူးလား" 


နှုတ်ရဲသည့်ဆုရည်ကထိုသို့မေးတော့ နောက်ကလိုက်လာသည့်ဇူလီဟာ သူ့သူငယ်ချင်းအစား အားနာလာ၏။ မနက်ကမှတွေ့သည်ကို ယခုလိုကြီးမေးမြန်းလိုက်တာ သူအတော်ရဲသည်။ 


"မရှိပါဘူးကွယ်"


"မယုံပါဘူးနော် အစ်မကဒီလောက်လှတာကို"


"လှတယ်ဆိုတိုင်း ရည်းစားရှိရမယ်မှမဟုတ်တာကွယ်။ တစ်ကယ်လို့များရှိလာခဲ့ရင်လည်း အစ်မကိုလှလို့ချစ်တာပါဆို အဲ့လူကိုအစ်မ လုံးဝမုန်းမိလိမ့်မယ်" 


ထိုစကားဟာ ဇူလီ့ကိုကျောများမတ်သွားစေ၏။ 


"ဟုတ်သားဘဲနော် လှလို့ကြိုက်တယ်၊ချစ်တယ်ဆိုတာက လှတာလေးဘဲလိုချင်လို့။ အလှမက်တာပေါ့။ ဒီလိုလူမျိုးကျ တစ်နေ့ကိုယ့်ရုပ်ရည်ပျက်ယွင်းသွားခဲ့ရင် ပြစ်သွားလိမ့်မယ်။ ထာဝရအတွက်လက်တွဲလို့ရမယ့်လူမဟုတ်ဘူး" 


"ဒါပေါ့ကွယ်။ အချစ်ဆိုတာ ထာဝရအတွက်ဘဲရည်စူးတာလေ။ ထာဝရလက်တွဲလို့မရမှတော့ အဲ့လူကိုဘာလို့ဆက်ချစ်မှာလဲ” 


"ဒါဆိုအစ်မက ဘယ်လိုလူမျိုးကိုကြိုက်လဲဟင် ပြောပြပါလား" 


ထိုမေးခွန်းကို ထိုမိန်းမက ချက်ချင်းမဖြေ။ အရင်စဥ်းစားဟန်ပြု၏။


"အစ်မ ကြိုက်တဲ့လူက အစ်မ ကြိုက်တဲ့လူပေါ့" 


ထိုမိန်းမက သူကြိုက်သည့်ပုံစံကို ပြောပြမည်မဟုတ်ပါ။ တစ်ကယ်လို့များ ပြောပြလိုက်လို့ တစ်စုံတစ်ယောက်က သူမ ကြိုက်သည့်ပုံစံကို အတင်းလုပ်ယူလာလျှင် အလကားစိတ်ပင်ပန်းရမည်။ 


"အေးနော် အစ်မက ဘယ်လိုပုံစံဘဲရချင်နေပါစေ တစ်နေ့ကျ ကိုယ်ရချင်တဲ့ပုံစံမဟုတ်တဲ့လူနဲ့လည်း ကံပါသွားနိုင်တာကိုး။ အစ်မကြိုက်တဲ့လူက အစ်မကြိုက်တဲ့လူပေါ့" 


ဆုရည်ရော ထိုမိန်းမဟာ ရယ်နေသည်။ ထိုမိန်းမ၏ ဒီလိုပြတ်သားတဲ့စိတ်ကိုသိရတော့လည်း ကောင်းပါသည်။ ဇူလီအတွက် စိတ်ဖြေစရာများရ၏။ 


"ဆုရည်က လူရဲတာ ကြောက်စရာကြီးနော်" 


ရီရီ၏အပြောကို ဇူလီကခေါင်းငြိမ့်ထောက်ခံ၏။ ဆုရည်ဟာ လူတိုင်းနဲ့ပေါင်းနိုင်သလို လူတိုင်းနဲ့လည်းရန်ဖြစ်နိုင်ပါသည်။ 


"အမေးအမြန်းထူပြီး စကားပေါလွန်းလို့ သူ့ကိုကျောင်းမှာ စုံထောက် လို့နာမည်ပေးထားတာ" 


ထင်လင်းကျော်နဲ့ရီရီက စကားဆက်သွား၏။ ဇူလီဟာ ရှေ့ရှိကျောပြင်သေးသေးလေးဆီ အကြည့်များပို့၏။ ထိုမိန်းမခြုံထားသည့်အင်္ကျီအပါးလေးဟာ သူမ၏ဟာဆိုသည့်အသိများဝင်တော့ စိတ်ထဲမပျော်ဘဲမနေနိုင်။ သို့ပေမယ့် ဆွဲနေကျလက်ကလေးကို လာမဆွဲတော့သည်ကိုတော့ ဝမ်းနည်းမိ၏။ 


"ရေချိုးထမင်းစားပြီးမှ အေးဆေးနားကြနော်" 


အပေါ်ထပ်တက်သွားကြသည့်ဇူလီတို့ကို အမေဖြစ်သူကအော်ပြော၏။ ရီရီကတော့ သူ့ဆိုင်ကယ်ဖြင့်အိမ်ပြန်သွားချေပြီ။ ထမင်းတောင်မကျွေးလိုက်ရပါ။ 


"သမီး စိမ်းလဲ့ညို ထမင်းလေးစားပြီးမှပြန်ပါလား"


"မစားတော့ပါဘူး အန်တီနွေး ကျွန်မမဏ္ဍပ်မှာအများကြီးစားလာတာရယ်"


ဇူလီ့အမေပေးထားသည့်သဘက်ကိုပတ်ကာ ထိုမိန်းမက ခုံ၌ထိုင်နေသည်။


"အခုမဆာလည်း နောက်ကျဆာလာမှာမို့ အိမ်ကျစားရ‌အောင် ဟင်းလေးတော့ယူသွားကွယ် နော်" 


ဇူလီမေမေဟာ ပြောပြောဆိုဆိုနဲ့ ဟင်းတွေချိုင့်ဖြင့်သွားထည့်နေပြီဖြစ်၏။ 


စိမ်းလဲ့ညိုက အချင်းချင်းနားလည်ကြပြီး အေးအေး လူလူနေတတ်သည့်ဒီမိသားစုကို သိပ်သဘောကျ၏။


"ဒီနေ့ပန်းထားကြတော့ မနက်ဖြန်မနက်အစောကြီး ကလေးတွေထနိုင်မယ်မထင်ဘူး။ အစောကြီးထမလာနဲ့နော် စိမ်းလဲ့ညို" 


ဇူလီမေမေက ထိုမိန်းမထိုင်စောင့်နေရမည်ကို စိုးရိမ်နေဟန်တူသည်။ 


"ကျွန်မတော့ သူတို့တွေစောစောထကြလိမ့်မယ်လို့ထင်တယ်။ သူတို့ဖုန်းဆက်က မှ ကျွန်မလည်းထွက်လာလိုက်မယ်လေ အိမ်လည်းနီးနေတာကို" 


"အေးအေး အန်တီသူတို့ကိုဖုန်းဆက်ဖို့ပြောလိုက်မယ်။ ချိုင့်လေးယူသွားအုံးနော်" 


စိမ်းလဲ့ညိုဟာ လက်ထဲထိုလိုအရာများကိုင်၍ လမ်းမလျောက်တတ်ပါ။ အိမ်နီး၍သာ သူမယူခဲ့တာဖြစ်၏။ ထိုအရာများဟာ သူမ၏အလှကို ပွန်းပဲ့စေသည်ဟု စိတ်ကထင်သည်။ 


"မမလေး ပြန်လာပြီလား။ လေးနု ခုလေးတင်ရေနွေးစပ်ပြီးပြန်ဆင်းလာတာ အပူမလျှပ်အောင် ခဏနားပြီးမှရေချိုးလိုက်နော် " 


"ဟုတ်ကဲ့ လေးနု။ ချိုင့်လေးလှယ်လိုက်အုံးနော်" 


ချိုင့်ကိုပေး၍ သူမ အခန်းဆီသို့တက်လာလိုက်သည်။ ရေချိုးဖို့ပြင်ဆင်ရမည်ဖြစ်၏။ မှန်ရှေ့အရောက် သူမကိုယ်သူမပြန်ကြည့်မိတော့ ယခင်ကဲ့သို့ပင် လှပဆဲရှိ၏။ နှုတ်ခမ်းနီတော့ အနည်းငယ်ပျက်နေသည်။ ယနေ့ သူမဟာ တစ်စုံတစ်ယောက်ဆီမှ ပန်းများလက်ခံမရရှိခဲ့သည်ကိုတွေးမိတော့ အနည်းငယ်ဘဝင်မကျဖြစ်မိ၏။ ဇူလီဟာ တစ်ခုခုဖြစ်နေသည်ဟု သူမထင်သည်။ ယခင်ရက်များက သူမ ဆက်သည့်ဖုန်းများကို ဇူလီက တစ်ခါမျှမကိုင်ပါ။ ပြန်လည်းမဆက်ပါ။ ဇူလီပြောသည့်အကြောင်းအရာများဟာလည်း သူမဖုန်းကိုဒီလောက်ထိလစ်လျူရှုရအောင်အထိ မလုံလောက်။ 


"ကျစ်"


ကလေးငယ်ငယ်လေးကို စိတ်အလိုမကျဖြစ်နေသည့်သူမကိုယ်သူမပြန်တွေးမိတော့ ပိုလို့ပင်စိတ်အလိုမကျဖြစ်လာသည်။ ရေချိုးပြီး တစ်ရေးအိပ်ဖို့သာ ပြင်လိုက်တော့၏။ 


.......


မနက်ခင်းရောက်တော့ မန္တလေးဆင်းကြမည့်သူမတို့ကို စိမ်းလဲ့ညိုက လာကြိုပါသည်။ အကုန်ပြင်ဆင်ပြီးခါမှ ဖုန်းဆက်ခေါ်သည်မို့ မည်သူကမှ မစောင့်ရပါ။ ကားပေါ်တက်သည့်အချိန် ဘယ်သူကဘယ်နေရာထိုင်ဟု မစီစဥ်ထားကြပေမယ့် ဆုရည်က ကားမူးတတ်သည်မို့ ကားရှေ့ခန်း၌သာ ထိုင်ခိုင်းလိုက်ကြသည်။ 


"ဘဝမှာ ကားအကောင်းစားစီးဖူးတာ ဒါပထမဆုံးဘဲ" 


ဆုရည်တို့ဟာ ကားအကောင်းစားဖြင့်လာကြိုသည့် စိမ်းလဲညိုကို ကျေးဇူးကျိတ်တင်နေကြသည်။ 


"ဘာစားပြီးကြပြီလဲ" 


"ထမင်း" 


"အစ်မ ကျွန်မတို့တစ်ယောက်မှကားမမောင်းတတ်တော့လေ အစ်မတစ်ယောက်တည်းမောင်းရတာ အဆင်ပြေပါ့မလား" 


ဆုရည်က အားနာနာဖြင့်ထိုမိန်းမကိုမေးသည်။ သူမတို့မြို့မှနေ၍ မန္တလေးသို့ ကားမောင်းရမည့်အချိန်ဟာ ၃နာရီကျော် ၄နာရီမျှသာရှိ၏။ သို့ပေမယ့်လည်း လူစားထိုးမည့်လူမပါဘဲ မိန်းကလေးတစ်ယောက်တည်းမောင်းရမည့်စိမ်းလဲ့ညိုကို သူမတို့ကအားနာကြ၏။ 


"ရပါတယ်ကွယ် အစ်မက ဒီလမ်းတွေမောင်းနေကျပါ။ ပြီးတော့ အစ်မက လူကြီးဘဲလေ" 


ထိုမိန်းမက ရယ်သံသွေး၍ပြန်ပြော၏။


"အိမ်ကစားလာပြီးကြပြီဆိုတော့ ဘယ်မှာမှမရပ်ဘဲ တောက်လျှောက်မောင်းတော့မယ်နော်" 


"ဟုတ်ကဲ့ အစ်မ။ ဆာရင်လည်း မုန့်တွေပါလာတယ်ရယ် ဟိ" 


"အစ်မ သီချင်းဖွင့်ပေးရမလား ဇူလီ" 


ကားနောက်ခန်းရှိ ဇူလီကို ထိုမိန်းမက အလိုက်သိစွာမေးမြန်းလာသည်။ ဇူလီက အများနဲ့ဆိုရင် သီချင်းကိုအကျယ်ကြီးနားထောင်ရတာမကြိုက်ပါ။ ကိုယ်ကြိုက်သည့်သီချင်းက သူများကြိုက်ချင်မှကြိုက်လိမ့်မည်လေ။ 


"မဖွင့်ပါနဲ့တော့ ဆုရည် ကားပိုမူးသွားလိမ့်မယ်" 


ဆုရည်ဟာ ယခုတောင်ကားမူးနေလောက်ပြီထင်သည်။ 


"ကားရှေ့ခန်းထိုင်ရင် ငါကမမူးပါဘူး။ နင်နားထောင်ချင်ရင် ဖွင့်လေ" 


သီချင်းဟာ ဖွင့်ရမလို မဖွင့်ရမလိုနဲ့ဖြစ်နေ၏။ နောက်ဆုံးတော့ ထိုမိန်းမက သင်္ကြန်သီချင်းကို ကောက်ဖွင့်လိုက်သည်။ ကားထဲရှိလူများ ငြိမ်ကျသွား၏။ ဇူလီက သူ့နားကြပ်သူတပ်ပြီးသာ လိုက်ပါလာသည်။ သီချင်းတစ်ပုဒ်ပြီးတော့ စိမ်းလဲ့ညိုက သီချင်းကို ထပ်မဖွင့်တော့ပါ။ အကြောင်းက စကားပြောနေကြလို့ပင်။ ဆုရည်ကို ကားရှေ့ထိုင်ခိုင်းတာ မှန်သွား၏။ ဇူလီသာစီးရင် ရှေ့ခန်းက တိတ်ဆိတ်နေမှာဖြစ်သည်။ ၂နာရီကျော်မောင်းပြီးနောက် လမ်းမကြီးတစ်နေရာမှာ ကားဆီဖြည့်ကြ၏။ ထိုအချိန်မှာ ရီရီနှင့်ထင်လင်းကျော်ကတော့ အိပ်ပျော်နေပြီဖြစ်သည်။ 


"နောက်၂နာရီလောက်ဆို မြို့ထဲဝင်လိမ့်မယ်။ အစ်မ ဘယ်နားလေးမှာရပ်ပေးရမလဲဟင်" 


"ကျုံးရှေ့ဘဲရပ်ပေး အစ်မ ကျွန်မတို့သူငယ်ချင်းတွေနဲ့ အဲ့နားတွေ့ဖို့ချိန်းထားတာမို့" 


ဆုရည်က သူမ၏မန္တလေးရှိသူငယ်ချင်းများနဲ့လည်း ကျုံးရှေ့မဏ္ဍပ်မှာတွေ့ဖို့ ချိန်းဆိုထားပါသေးသည်။ 


မန္တလေးမြို့အဝင်လမ်းတလျှောက် ကားစကြပ်ပါသည်။ ကားထဲတိုးဝင်လာသည့် ခရာသံများ၊ ကားဟွန်းသံများ၊ လူအများ၏ အော်သံများ၊ လူနာတင်ယာဥ်များ၏ဥဩဆွဲသံများ၊ မြူးမြူးကြွကြွသီချင်းသံများဟာ နားထဲမဆံ့မပြဲဝင်ရောက်လာ၏။ လူအုပ်ကြီးဟာ နည်းသည်မဟုတ်ပါ။ ဒီအတိုင်းဆို ကျုံးရှေ့ရောက်ဖို့အချိန်ကြာလိမ့်မည် ပြီးတော့ အိမ်အပြန်လည်းနောက်ကျပါလိမ့်မည်။ စိမ်းလဲ့ညို ကားမောင်းလို့ဖြစ်ပါ့မလား။ 


သူမတို့ကျုံးရှေ့ရောက်ဖို့ မနည်းစိတ်ရှည်လာရသည်။ စိမ်းလဲ့ညိုကတော့ ဘယ်လိုနေမယ်မသိပါ ဇူလီကတော့ ဒီခရီးကို အတော်စိတ်ညစ်နေပြီဖြစ်၏။ ကားကလည်းဆက်မောင်း၍မရတော့သည်မို့ အခြားတစ်နေရာ၌ရပ်ရ၏။ ချိန်းဆိုထားရာမဏ္ဍပ်ဆီ သူမတို့ လမ်းလျှောက်သွားရမည်။ 


"အစ်မ နေခဲ့လိုက်မယ်နော် ဇူလီတို့ပြန်ချင်တဲ့အချိန်ရောက်ရင် အစ်မကိုကြိုဖုန်းဆက်ပေါ့" 


"အယ် မလိုက်တော့ဘူးလား" 


ရီရီအမေးကို ထိုမိန်းမက ပြုံးပြီးခေါင်းငြိမ့်ပြသည်။ ဇူလီက ရီရီ့မျက်နှာကို တစ်ချက်ကြည့်၏။ ပြီးကာမှ


"ရီရီ နင်တို့ဘဲသွားလိုက်ကြပါ။ ငါပါ အစ်မစိမ်းလဲညိုနှင့်နေခဲ့လိုက်တော့မယ်" 


"အယ် ၂ယောက်လုံးလား" 


"သူ့တစ်ယောက်တည်းဆို စိတ်မချရဘူးလေ။ လူဒီလောက်များနေတာကို" 


စိတ်ပိုင်းဖြတ်ပြီးဟန်တူသည့် ဇူလီ့ကို ထို၃ယောက်က အတင်းမခေါ်ကြတော့။ 


"အေး အေး အာ့ဆို ငါတို့ပြန်မယ့်အချိန်ကျ ဖုန်းဆက်လိုက်မယ်လေ" 


"သွားတော့မယ်နော် အစ်မ" 


ရီရီတို့ထွက်သွားပြီးတော့ ထိုမိန်းမက ဇူလီ့ကို ကားရှေ့ခန်းဆီပြောင်းထိုင်ခိုင်း၏။ သူတစ်ယောက်တည်းထိုင်ရမှာ ပျင်းသည်ဟုဆိုသည်။ 


"တစ်ကယ်ကြီးသွားမပျော်ဘူးလား" 


အတန်ကြာမှာ ထိုမိန်းမဘက်မှစ၍ စကားသံထွက်လာ၏။ ဇူလီကထိုမိန်းမကို ခေတ္တလှည့်ကြည့်သည်။ 


"အင်း" 


"ဘာလို့လဲ" 


"ပျင်းလို့" 


ဇူလီနဲ့စကားပြောရသည်ဟာ ပျော်ဖို့ကောင်းမည်လို့မထင်ပါ။ 


"ဇူလီဗိုက်ဆာပြီလား" 


ဇူလီဟာ ထိုမိန်းမကိုလှည့်မကြည့်ဘဲ ခေါင်းခါပြသည်။ ကားထဲရှိလေထုဟာ ပျင်းစရာကောင်းလာ၏။ ခဏကြာတော့ ထိုမိန်းမက ကားစက်ကိုနှိုးသည်။ 


"ဘယ်သွားမလို့လဲ" 


ဇူလီကမေးတော့ ထိုမိန်းမက အိမ် ဟုဖြေသည်။ အိမ် ဘယ်သူ့အိမ်လဲ။ မနေ့က ဟိုယောက်ျားဖြင့်ပြောနေသည့်အိမ်လား။ ဇူလီဟာ ထိုမိန်းမခေါ်ဆောင်ရာနောက်သာလိုက်ပါလာ၏။ မန္တလေးလမ်းများဟာ မသိသူအတွက်တော့ ရှုပ်ထွေးပေမယ့် သိသူအဖို့တော့ လွယ်ကူလှ၏။ မိနစ်၂၀ခန့်အကြာ ၂ထပ်တိုက်ကလေးအရှေ့၌ ကားကရပ်သွား၏။ 


"ရောက်ပြီကွယ် ဂရုစိုက်ဆင်းနော် သူများတွေရေလာလောင်းလိမ့်မယ်" 


ဇူလီက ဘေးဘီဝဲယာအရင်ကြည့်၏။ ရေကစားနေသည့်လူများမမြင်မှ ကားပေါ်မှဆင်းသည်။ အိမ်ကြီးဟာ ဆေးအဖြူများဖြင့် modern အိမ်ကလေးဖြစ်၏။ လူတော့ရှိဟန်မတူ။ သို့ပေမယ့် အိမ်အတွင်းပိုင်းဟာတော့ သန့်ရှင်းသပ်ရပ်၏။ အိမ်အတွင်းသို့လည်း အလင်းရောင် ကောင်းစွာဝင်ပါသည်။ 


"လွတ်လွတ်လပ်လပ်နေပါ ဒီအိမ်မှာ သက်ရှိဆိုလို့ အစ်မနှင့်ဇူလီဘဲရှိတယ်" 


ဇူလီက ဆိုဖာပေါ် အိကနဲထိုင်ချလိုက်သည်။ ထိုမိန်းမကတော့ အဲကွန်းကိုသွားဖွင့်အပြီး ထိပ်နားလေးကခုံမှာလာထိုင်ချသည်။ 


"ဗိုက်ဆာရင်ပြောကွယ် အစ်မတစ်ခုခုမှာပေးမယ်။ အိမ်မှာတော့ စားစရာဘာမှမရှိဘူး" 


ယခုသူမတို့ရောက်နေသည့်အိမ်ဟာ တစ်ကယ်စားစရာဘာမှမရှိပါ။ သန့်ရှင်းရေးသမားတွေ ပုံမှန်ဝင်သည်များသာရှိ၏။ 


"......." 


ခေါင်းငုံ့ပြီးသာထိုင်နေသည့်ဇူလီဟာ အွန်မလုပ် အင်းမလုပ်ပါ။ တိတ်ဆိတ်နေသည့်အိမ်ကြီးထဲမှာ ၂ယောက်တည်းဆိုသည့်အသိက သူမကို ကြက်သီးများထစေ၏။ 


"ပင်ပန်းနေရင် အခန်းထဲသွားပြီးခဏမှေးလို့ရတယ်နော် ဇူလီ" 


ဇူလီဟာ ဒီလောက်ကလေးနဲ့ပင်ပန်းတတ်သည့်ကလေးမဟုတ်မှန်း ထိုမိန်းမ သိသည်။ အနေအးပေမယ့် ဇူလီဟာ တက်ကြွသည့်ကလေးမျိုးဖြစ်၏။ သူမက တမင်စကားရှာ၍ပြောတာဖြစ်သည်။ ဇူလီက သူ့အပြောကို ခေါင်းငြိမ့်ပြ၏။ ဒါဟာ ဇူလီ့စတိုင်ဖြစ်ပေမယ့် ထိုမိန်းမကတော့ စိတ်မရှည်ဟန်ဖြစ်လာသည်။ သူမနဲ့လိုက်လာတာက အဖော်ပြုပေးဖို့မဟုတ်ဘူးလား။ ဒါကို ဘာလို့စကားမပြောရသနည်း။ ထိုမိန်းမဟာ ခြေချိတ်ထိုင်ပြီး ဇူလီ့ကို ခပ်စေ့စေ့ကြည့်သည်။ 


"ဒီအိမ်က အစ်မကျောင်းတက်တုန်းကဝယ်ထားတဲ့အိမ်ပါ။ အဲ့တုန်းကတော့ ဒီလိုပုံမဟုတ်ဘူး လွန်ခဲ့တဲ့နှစ်ကမှ ပြန်ပြင်ပြီးဆောက်ထားတာ" 


ဇူလီက သူမကိုခေတ္တကြည့်လာ၏။ ပြီးတော့ ခေါင်းပြန်ငြိမ့်ပြသည်။ ဒီမိန်းမက အလုပ်သာမရှိတာ အိုးပိုင်အိမ်ပိုင်နဲ့။ 


"နင် အဲ့ခေါင်းငြိမ့် ခေါင်းခါတာကလွဲပြီး ကျန်တာမပြောတတ်တော့ဘူးလား" 


ထိုမိန်းမ၏လေသံဟာ အနည်းငယ်မာနေသည်။ ဇူလီက ယခုမှပျာပျာသလဲဖြစ်လာ၏။ 


"ဘာပြောရမလဲမသိလို့ပါ။ တောင်းပန်ပါတယ်" 


ထိုမိန်းမဟာ ဇူလီ့ကိုဆွဲကုတ်ချင်လာသည်။ ထိုသို့လုပ်လိုက်လျှင် နောက်များကျ သူ့အိမ်ထပ်မလာတော့မှာလည်း ကြောက်၏။


"စကားပြောနေရတဲ့လူကို အားနာပါအုံး" 


"တောင်းပန်ပါတယ်" 


လက်ကလေးဆုတ်ကာ တောင်းပန်စကားဆိုနေသည်ကိုမြင်ရပြန်တော့လည်း သူမမှာ စိတ်ကြာကြာမဆိုးနိုင်။ 


"ထားပါ အစ်မက ဇူလီ့ကိုဗိုက်ဆာလားမေးနေတာ"


"မဆာပါဘူး။ အပြန်ကျမှ ရီရီတို့နဲ့တစ်နေရာမှာထမင်းဝင်စားတော့မယ် အစ်မ" 


"ခုနကတည်းက အဲ့လိုဖြေရင်ပြီးနေတာကိုကွယ်။ လူကိုစိတ်မရှည်အောင်လုပ်တယ်" 


ထိုမိန်းမတစ်ခါအော်တော့ ဇူလီက အနည်းငယ်ရှိန်သွား၏။ ခုနက သူမကို 'နင်' လို့သုံးလိုက်တာ ဇူလီသတိထားမိသည်။ 


"သီချင်းနားထောင်မလား" 


ဇူလီက ခေါင်းထပ်ခါပြ၏။ 


"အစ်မ ဒီကိုမကြာခဏရောက်ဖြစ်တာလား" 


"ဆိုပါတော့။ တစ်ခုခုကို စိတ်အလိုမကျရင်ဒီအိမ်ကိုလာပြီး တစ်ယောက်တည်းလာနေတတ်တယ်"


"ဟုတ်ကဲ့" 


ဇူလီပျင်းနေမည်စိုး၍ ထိုမိန်းမက အိမ်ထဲရှိနေသည့်စာအုပ်အချို့ကို ထုတ်ယူလာပေးသည်။ သို့ပေမယ့် ကိုင်ကြည့်ရုံမှလွဲ၍ ဇူလီကမဖတ်ဖြစ်ပါ။ 


"အစ်မကို ဟိုလူ့မိဘအိမ်သွားမယ်လို့ထင်နေတာ။ မနေ့ကပြောနေကြတော့လေ" 


"ဇူလီပြောတဲ့ ဟိုလူဆိုတာက ကိုဇွဲသုခမင်းကိုပြောတာလား" 


"ဟုတ်ကဲ့" 


"သူတို့နဲ့ပြောစရာဘာကိစ္စမှမရှိလို့ ဘယ်တုန်းကမှမသွားဖြစ်ပါဘူး။ နောက်လည်းသွားဖြစ်မယ်မထင်ဘူး" 


ယခင်ကတည်းက ထိုအိမ်ရောက်ဖြစ်တိုင်း သူမ စိတ်မပျော်ဖူးပါ။ ကိုဇွဲသုခမင်းရဲ့အဖေက သူမနဲ့ကိစ္စမရှိပေမယ့် သူ့အမေနဲ့တော့ ကိစ္စရှိ၏။ နောက်ပိုင်းထိုအိမ်သို့ သူမ ယောင်လို့တောင်မလှည့်ခဲ့တာယခုအချိန်ထိ။ ထိုမိန်းမက ပြတ်သည် စိမ်းလဲ့ညိုက စိတ်ဖြတ်လိုက်ရင် တစ်ကယ်ပြတ်၏။ 


"ဇူလီက သူ့အိမ်သွားဖူးချင်လို့လား" 


"မဟုတ်ပါဘူး ကျွန်မက ဒီတိုင်းမေးကြည့်တာပါ။ အခြားသဘောမပါ,ပါဘူး" 


"ဆုရည်တို့က အဲ့လူကိုသဘောကျတဲ့ပုံဘဲ။ ဇူလီကရောဟင်” 


"ကျွန်မ ဘယ်သူ့ကိုမှသဘောမကျပါဘူး" 


"အစ်မကိုရော" 


ဇူလီ့လက်များ အေးစက်လာသည်။ 


"ဟင့်အင်း" 


လူတစ်ယောက်ဟာ မိမိ၏စိတ်ခံစားချက်များကို လိမ်သည့်အခါ မည်သို့မည်ပုံဖြစ်တတ်ကြသနည်း။ ဇူလီ့လို ခြေဖျား၊လက်ဖျားတွေအေးစက်သွားပြီး နားရွက်ကလေးတွေနီလာတတ်တာလား။ 


ဇူလီ့အဖြေကို ထိုမိန်းမက စိတ်မဆိုးပါ။ ဝမ်းနည်းဟန်လည်းမရှိပါ။ 


"အင်း ဝမ်းတော့နည်းစရာဘဲကွယ်" 


ထိုမိန်းမက ပြုံးပြုံးကလေးသာ။ 


"ဇူလီအကြိုက်ဆုံးအဆိုတော်ဖြစ်ဖြစ် ရှိလား" 


ထိုမိန်းမအမေးကို ဇူလီက ခေတ္တစဥ်းစား၏။ သို့ပေမယ့် ဘာမှပေါ်မလာ။ 


"မရှိဘူး"


"မဖြစ်နိုင်တာ" 


"တစ်ကယ်" 


"အကြိုက်ဆုံးပန်းရော" 


"မရှိဘူး" 


ဇူလီ့အပြောကို ထိုမိန်းမကလက်မခံနိုင်ပါ။ သီချင်းတွေအမြဲနားထောင်နေတတ်သည့်ဇူလီက အကြိုက်ဆုံးအဆိုတော်မရှိ၊ ပန်းလေးတွေကို အမြဲပြုစုယုယနေတတ်သည့်ဇူလီက အကြိုက်ဆုံးပန်း မရှိဖူးဆိုတာက သူမ ဘယ်လိုမှလက်ခံလို့ရသည့်အရာမဟုတ်။ 


"ဇူလီကသီချင်းတွေအမြဲနားထောင်နေတာ အကြိုက်ဆုံးအဆိုတော်မရှိဘူးဆိုတာက ဖြစ်နိုင်ပါ့မလား။ ပြီးတော့ အကြိုက်ဆုံးပန်းရော တစ်ကယ်မရှိဘူးပေါ့" 


"အင်း မရှိဘူး။ ပန်းတွေက လှတယ် တွေ့ရင်ခူးတယ် မွှေးတယ် ဒါပေမယ့် အကြိုက်ဆုံးဆိုတာမရှိဘူး။ ပန်းတိုင်းကိုကြိုက်တယ်။ အလှအပခံစားတတ်တာလို့ဘဲပြောရမလား။ ပြီးတော့ သီချင်းတွေကိုနားထောင်နေပေမယ့်လည်း ကျွန်မအကြိုက်ဆုံးဆိုတဲ့သီချင်းရယ် အဆိုတော်ရယ်လို့မရှိဘူး။ အကုန်နားထောင်တယ်။ ကျွန်မမှာလေအကြိုက်ဆုံးရော အချစ်ဆုံးဆိုတာပါမရှိဘူး" 


"ဒါဆို ဇူလီက ပန်းတွေကိုလှလို့အနားကပ်တာဘဲ" 


ထိုစကားကိုအကြား ဇူလီက မနေ့ကစိမ်းလဲ့ညိုစကားများကိုသတိရမိသွား၏။ သူမ ချွေးများထွက်လာသည်။ 


"အဓိပ္ပါယ်မလွဲပါနဲ့။ ကျွန်မက အကြိုက်ဆုံးဆိုတာ မရှိတဲ့အကြောင်းပြောပြတာပါ" 


"သီချင်းတွေကို ဇူလီကြိုက်ပါတယ်" 


"ဟုတ်ကဲ့ ကြိုက်ပါတယ်။ ဒါပေမယ့် အကြိုက်ဆုံးဆိုတာမရှိဘူး" 


လက်ပေါက်ကပ်သည့်ဇူလီကို ထိုမိန်းမက လက်မှိုင်ချသွားသည်ထင်သည်။ ကလေးတစ်ယောက်ကို စကားနိုင်လုမရ၍ စိတ်ဆိုးချင်နေသည့်သူမဟာ ရယ်စရာလည်းကောင်းနေပြန်သည်။ 


"ဇူလီက တစ်ခါတစ်လေ လက်ပေါက်ကပ်တတ်သားဘဲ" 


"ကျွန်မ အရှိကိုအရှိတိုင်းပြန်ဖြေနေတာပါ" 


"တစ်နေ့ ပန်းကလေးတွေမလှတော့တဲ့နေ့ကျ ဇူလီဘယ်လိုလုပ်မလဲ" 


"ကျွန်မအမြင်မှာ ရုပ်ဆိုးတဲ့ပန်းရယ်လို့ မရှိဘူး။ ရှိလာမယ်လည်းမထင်ပါဘူး။ ပန်းတွေက အခုရောနောက်ရော လှနေအုံးမှာ"


အလှအပကို ခံစားတတ်သည့်နှလုံးသားရှိလျှင် ကမ္ဘာမှာ ရုပ်ဆိုးသောပန်းဆိုတာ ရှိလာမည်မဟုတ်ပါ။ 


ဇူလီဟာ နူးညံ့သည်။ ဇူလီဟာ ပန်းများလိုနူးညံ့သည့်လူသားဖြစ်ပါသည်။ 


"တစ်နေ့ကျ ဇူလီကြိုက်နှစ်သက်သွားမယ့်လူကို အစ်မသိချင်စမ်းတယ်" 


ပြုံးရင်းဆိုလာသည့်ထိုမိန်းမကို ဇူလီက ဘာလို့လဲ ဆိုသည့်သဘောဖြင့်ကြည့်တော့ 


"ကံကောင်းတဲ့လူမို့ပါ။ အဲ့လူက ဇူလီ့ကမ္ဘာထဲမှာ ဇူလီအကြိုက်ဆုံးလူသား ဖြစ်လာမှာမို့လေ" 


ထိုစကားလုံးများနှင့်အတူ ဇူလီ့နှလုံးသားဟာ နွေးထွေးလာသည်။ ထိုလူဟာ ဘယ်လူလို့များ သူတွေးမိလိုက်လို့များလဲ။ 


"ကျွန်မ လူတစ်ယောက်ကိုမကြိုက်နိုင်ပါဘူး အစ်မ။ ချစ်ဘဲချစ်ချင်တယ်”


ကြိုက်တယ်ဆိုတာ သူ့မှာကိုယ်ကြိုက်တဲ့အချက်တွေရှိလို့ကြိုက်တာ။ 


“ကျွန်မ ကြိုက်မိသွားမယ့်လူကကံကောင်းတယ်ဆို ချစ်မိသွားမယ့်လူက ပိုကံကောင်းတာပေါ့"


ချစ်တယ်ဆိုတာက သူ့မှာကိုယ်ကြိုက်တဲ့အချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ်ချစ်မိသွားတာ။ 


ဇူလီက ကြိုက်တာနဲ့ ချစ်တာဆို ချစ်တာကိုဘဲရွေးတဲ့လူ။ ဒါကြောင့် ဇူလီ့မှာ အကြိုက်ဆုံးအရာတွေမရှိခဲ့တာ သိလား။ 


ထိုမိန်းမက အသံထွက်အောင်ရယ်သည်။ တစ်ချိန်လုံးပြုံးနေသည့်ထိုမိန်းမကို ဇူလီကြာကြာမကြည့်ရဲ၍ တစ်နေရာသို့ အကြည့်လွှဲရ၏။ ဇူလီဟာ ထိုစကားကို ဘာရူးပြီးပြောမိသည်လဲ မသိပါ။ 


"ဒါဆို ဇူလီ့မှာ ချစ်နေတဲ့လူ ရှိနေပြီလား" 


အိမ်ရှေ့သို့ဖြတ်သွားသည့်ကားဆီမှ သင်္ကြန်သီချင်းသံများဟာ လေနဲ့အတူတိုးဝင်လာသည်။ 


ဒီနွေဦးဟာ ဇူလီဖြတ်သန်းခဲ့ရသည့်နွေဦးကာလများနှင့်မတူ။ ပို၍နူးညံ့သည်၊ ပို၍ မှော်ဆန်သည်၊ ပို၍ရှည်ကြာသည်။ ပို၍လည်း လှပပါသည်။ များမကြာမီ နွေဦးထက်ပိုပြီးလှပလာမည့်အရာများ ရှိလာအုံးမည်ထင်ပါသည်။


........ ဆက်ရန်