လရောင်နမ်းမယ့်ချစ်ခြင်းကာရန် - Episode 8


" မော်မော် "

 

" ရှင် "

 

" ကာရန့် အမေနဲ့ အစ်မ ဆုံးတုန်းက ကာရန် ဘယ်နှနှစ်လဲဟင် "

 

မော်မော်က ကျွန်မကို လှည့်ကြည့်တယ် ။ ပန်းတွေ အပြည့်တင်ထားတဲ့ ခြင်းတောင်းကို စက်ဘီးနောက်ခုံမှာ တွဲချည်ရင်း ခြံထဲက ထွက်သွားတဲ့ ကာရန့်ကို ငေးရင်း မေးခွန်းတစ်ခုကို ထုတ်ပြောလိုက်မိတယ် ။

 

" သမီးတို့တောင် အတော် ရင်းနှီးနေကြပြီပဲ "

 

မော်မော့်ရဲ့ ထင်မြင်ချက်ကိုတော့ ကျွန်မ မထောက်ခံပေးနိုင်ဘူး ။ ကျွန်မ ကာရန်ချိုနဲ့ တကယ် ရင်းနှီးနေတာလား ။ ကျွန်မ မှတ်မိသလောက်ဆို စိတ်ထဲကနေ သူ့ကို ချစ်မိနေကြောင်း လက်ခံလိုက်မိတာပဲ ရှိမှာ ။

 

" သူတို့ ဆယ်တန်းအောင်စာရင်းတွေ ထွက်ပြီးတဲ့အချိန် ညီအစ်မနှစ်ယောက်လုံး အမှတ်များလို့ အကုန်ဝမ်းသာနေကြတာ ။ သူတို့ရဲ့ အမေဆို အပျော်ဆုံးပေါ့  ၊ လင်္ကာက ဆေးကျောင်းတက်ချင်ပြီး ကာရန်ကတော့  နည်းပညာတက္ကသိုလ်မှာပဲ တက်ချင်တယ်လို့ ပြောလာတယ် ။ အမှတ်များပြီး ဆေးကျောင်းမတက်ချင်တဲ့ ကာရန့်ကို ဝိုင်းဖြောင်းဖျကြပေမယ့် တဇွတ်ထိုးလေးကတော့ သူတက်ချင်တဲ့ ကျောင်းကို မတက်ရရင် တက္ကသိုလ်ကို ဆက်မတက်ဘူးလို့ ပုံကန်ပြီး အိမ်ကနေ ထွက်သွားတော့တာပဲ ။ အဲဒီကနေ .... "

 

အဓိက အကြောင်းအရင်းကို ကျွန်မ သိထားပြီးမှန်း ရိပ်မိတဲ့ မော်မော်က စကားကို ဆက်မပြောတော့ဘဲ သက်ပြင်းတစ်ခုကို ချတယ် ။

 

" ကာရန် ၁၇ နှစ်ပြည့်တဲ့ နေ့မှာ သူ့ရဲ့ အမေနဲ့ အစ်မကို မြေချခဲ့တာ ၊ လင်္ကာလေးရဲ့ ၁၇ နှစ်ပြည့်တဲ့နေ့ဆိုရင်လည်း မမှားဘူးပေါ့ "

 

" ငယ်ငယ်လေးပဲ ရှိသေးတာကို "

 

အရွယ်နဲ့ မလိုက်တဲ့ လေးပင်မှုတွေကို ပုခုံးပေါ်သယ်လာရမှာပဲ ။ အမြဲတမ်းလိုလို မှိန်ဖျော့နေတတ်တဲ့ မျက်ဝန်းတွေရဲ့ အဖြေကို ထင်ထင်ရှားရှား ရှာတွေ့လိုက်တယ် ။

 

" အခု မြင်နေရတဲ့ ကာရန်က လင်္ကာနဲ့ တစ်ပုံစံတည်းပဲ  ၊ အရင်ကဆို လင်္ကာက လူတွေကို ကူညီတတ်ပြီး ဖော်ရွေလွန်းပေမယ့် ကာရန်ကတော့ အမြဲ မှုန်ကုပ်ကုပ်နဲ့ တစ်ယောက်တည်းပဲနေတာ ။ လင်္ကာကတော့ ကာရန့်ကို ကြည့်ရတာ သူ့မျက်နှာနဲ့ ကြောင်အိုကြီး မှိုင်နေသလိုပုံပေါက်နေလို့ မကြည့်ချင်ဘူးဆိုပြီး ခဏခဏ စတယ် ၊ ဒါပေမယ့် လင်္ကာက ကာရန့်ကို သိပ်ချစ်တာ ကာရန်ကသာ မထင်ရင် မထင်သလို ဆိုးတာ "

 

မော်မော့်ရဲ့ အတိတ်ဆီ ပြေးလွှားနေတဲ့ အပြုံးတွေကို ငေးရင်း ကာရန်ချိုရခဲ့မယ့် ပျော်ရွှင်ရတဲ့ဘဝတစ်ခုကို  ပုံဖော်ကြည့်နေမိတယ် ။

 

" တစ်လပြည့် ပြီးသွားတော့ သူတို့ရဲ့ အဖေ ထွက်သွားတယ် ၊ ခေါင်းမာပြီး မာနကြီးတဲ့ ကာရန်လေးက သူ့အဖေကို တစ်ချက်ကလေးတောင် မတားခဲ့ဘူး ။ အဲဒီ့အချိန်ကတည်းက ကာရန်က သူ့ခြေထောက်ပေါ် သူရပ်တည်ပြီး ကျောင်းပြီးအောင် တက်ခဲ့တာ ၊ သူ့အဖေပို့တဲ့ ပိုက်ဆံတွေကိုလည်း အမြဲ ပြန်ပို့တယ် "

 

တကယ်လို့ အဲ့လို အဖြစ်ဆိုးတွေ မဖြစ်ခဲ့ရင် ကာရန်က မော်မော်ပြောသလို မှုန်ကုပ်ကုပ်နဲ့ မိန်းကလေးတစ်ယောက်ပဲ ဖြစ်နေဦးလေမလား ။ တောက်ပလွန်းတဲ့ ကာရန်ချို မဟုတ်တဲ့ မျက်နှာဆူပုတ်ပုတ်နဲ့ ကာရန်ချိုကိုရော ကျွန်မ ချစ်မိဦးပါ့မလား ။

 

ပြောနေရင်းနဲ့ ကာရန့်ရဲ့ စက်ဘီးက ခြံထဲကို အပြေးကလေး ဝင်ရောက်လာတယ် ။

 

" ဟော ကာရန် ဘာကျန်ခဲ့လို့လဲ "

 

" အိမ်သာတက်ချင်လို့ ! "

 

‌မော်မော့်ကို အော်ပြောပြီး အိမ်ပေါ် ဒုန်းစိုင်းပြီးတက်သွားတဲ့ ကာရန့်ကြောင့် ကျွန်မနဲ့ မော်မော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ချလိုက်မိတယ် ။ မော်မော့်ရဲ့ အရည်ကြည်တွေ ဝေ့တက်လာတဲ့ မျက်ဝန်းတွေက ပြုံးယောင်သမ်းလာတယ် ။

 

" ကာရန်က မိုးရွာတာကို ကြောက်တယ် ၊ မိုးတွင်းတွေဆိုရင် တော်ရုံ အပြင်မထွက်ဘူး ။ မိုးရေတွေကြားကနေ သူ့အမေနဲ့ အစ်မကို ကားထဲက ဆွဲထုတ်ဖို့ သူ့အားလေးနဲ့ ကြိုးစားနေခဲ့မှာ ။ လူဆိုတာလည်း ခက်သားလား ၊ မျက်စိနဲ့ မမြင်ရဘူးဆိုတိုင်း စိတ်ထင်ရာတွေ ကောက်ချက်ချပြီး ကာရန်လေးကို အပြစ်ဖို့ကြတယ်ကွယ် "

 

၁၇ နှစ်အရွယ် ကာရန်ချိုကို ကျွန်မရဲ့ အမြင်အာရုံထဲမှာ ပုံဖော်ကြည့်မိတယ် ။ နောင်တတွေ ၊ သိမ်ငယ်မှုတွေ ၊ ကြောက်ရွံ့မှုတွေကို ဖက်တွယ်ပြီး ကြီးပြင်းလာခဲ့ရမှာ ။

 

" အရမ်းပင်ပန်းခဲ့မှာပဲ "

 

တီးတိုးရေရွတ်ရင်း မော်မော့်ကို မော့ကြည့်မိတယ် ။ ဒီအမျိုးသမီးက ကျွန်မချစ်ရတဲ့ မိန်းကလေးငယ်ရဲ့ ဘေးမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ကာကွယ်ပေးခဲ့သူပါတဲ့လေ ။

 

" မော် "

 

" ရှင် "

 

" ကျေးဇူးတင်ပါတယ် "

 

" ဘာအတွက်များလဲ ညောင် "

 

လက်ကို ခပ်တင်းတင်းဆုပ်ရင်း သက်ပြင်း ခပ်ဖွဖွကို ချလိုက်မိတယ် ။

 

" ကာရန့်ကို ကာကွယ်ပေးခဲ့လို့ "

 

" လုပ်သင့်တဲ့ အလုပ်ပါကွယ် "

 

" ပြီးတော့ ... "

 

ခြံရှေ့မှာ ရပ်ထားဆဲဖြစ်တဲ့ စက်ဘီးကို လှမ်းငေးမိတယ် ။ ကောင်းကင်ပြာပြာရဲ့ အောက်မှာ ပန်းတွေ အပြည့်နဲ့ စက်ဘီးကိုလည်း နဂိုထက်ပိုပြီး လှတယ်လို့ မြင်မိနေတယ် ။ ချစ်မိသွားရင် အရာရာက လှပလာတာပါပဲ ။

 

" ကာရန့်ကို ကာကွယ်ဖို့ ... သမီး ဆက်လုပ်လိုက်ပါ့မယ် "

 

လူတစ်ယောက်ကို ချစ်မိနေကြောင်း ကျွန်မ ဘဝမှာ တစ်ကြိမ်တခါမက ဖွင့်ဟဖူးပါလိမ့်မယ် ။ ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ ဘယ်လို အဟန့်အတားမျိုးကိုမှ မခံစားမိတော့ဘူး ။

 

ခြံထဲကို ပြေးထွက်သွားတဲ့ ကာရန့်ကို တွေ့လိုက်ရတယ် ။ စက်ဘီးကို ဒေါက်ဖြုတ်ပြီး ပြန်လှည့်ကြည့်နေပါသေးတယ် ။

 

" မော့်ရဲ့ ကလေးနှစ်ယောက်သာ အတူရှိမယ်ဆိုရင် စိတ်မချစရာလည်း ဘာမှမရှိပါဘူးကွယ် "

 

ကာရန်ချိုရဲ့ ဘဝမှာ စိတ်ပူပန်စရာဆိုတာ မရှိလောက်အောင် ကျွန်မက သူ့ကို ကာကွယ်ပေးတော့မှာ ဖြစ်ကြောင်းကိုတော့ ကိုယ်တိုင်ပဲ သိထားလည်း ပြည့်စုံနေပါပြီလေ ။

 

-

 

" ကာရန် ဈေးထဲသွားဦးမယ် အန်တီမော် ၊ ဘာမှာဦးမလဲ "

 

" မမှာပါဘူးရှင် ၊ နေ့လည်စာစားချိန်သာ နောက်မကျစေနဲ့ ။ ညောင်က ကာရန်ပြန်မလာရင် မစားဘူး "

 

ဒီရက်ပိုင်းမှ မကြာခဏ ထုတ်ဖြစ်နေတဲ့ ကင်မရာကို ဒီနေ့လည်း ထုတ်ကြည့်နေရင်း မော်မော့်စကားက နားထင်က သွေးခုန်နှုန်းတစ်ချက်ကို ဒိန်းခနဲ ကြားလိုက်ရသေးတယ် ။

 

" မော့် ဘာတွေ ပြောနေတာလဲ "

 

" ဟော မနေ့ကဖြင့် ထမင်းစားမယ်ဆိုတာကို ကာရန်မလာသေးလို့ မစားသေးဘူးဆို "

 

" သမီး ဘယ်တုန်းက ပြောလို့လဲ ၊ မော်တို့ကလည်း မဟုတ်တာတွေကို "

 

ကာရန်ချိုကို မော့ကြည့်မိတော့ ဝေခွဲရခက်နေတဲ့ အပြုံးတစ်ခုနဲ့ ကျွန်မကို ကြည့်နေတယ် ။ ပူလောင်လာသလို ခံစားလိုက်ရတာကြောင့် ခေါင်းရင်းဘက်က ပြတင်းပေါက်ကို ထဖွင့်လိုက်မိတယ် ။

 

" လရောင် "

 

" မစောင့်ဘူး ရှင့်ကို ၊ သွားစရာရှိတာကို သွား "

 

" လိုက်ခဲ့မလားလို့ မေးမလို့ဟာကို "

 

မဖြစ်သေးဘူး ။ မလိုက်ဘဲ နေခဲ့ရင် သူ့ကို ရှောင်နေတယ်လို့ ထင်သွားမှာ ။ အဲဒါဆို မော်မော့်ရဲ့ မေးခွန်းတွေကိုလည်း အပိုရဦးမှာ ။ ကာရန်ချိုကတော့ ဘာမှ မမေးနဲ့ဆိုပြီး ပိတ်လိုက်လို့ရတယ် ။

 

" လိုက်မယ် "

 

ခုံပေါ်တင်ထားတဲ့ ဖလန်နယ်လက်ရှည်ကို ဆက်ခနဲ ကောက်ယူပြီး ဆိုင်ထဲကနေ ခပ်မြန်မြန်ပဲ ထွက်လာခဲ့လိုက်တယ် ။ အလုံပိတ်ထားတဲ့ ဆိုင်ထဲမှာ မသိသာတဲ့ အအေးဓာတ်က အပြင်လောကမှာတော့ ခပ်စိမ့်စိမ့်ပဲ ။

 

" ရပြီ ၊ တက်လေ လရောင် "

 

စက်ဘီး နောက်ခုံက ရှင်းလင်းနေသည့်တိုင် ကာရန်ကတော့ သူ့ရဲ့ ဟူဒီအနားစနဲ့ သေသေချာချာ သန့်ရှင်းလိုက်ပါသေးတယ် ။

 

" ကာရန်တို့ ရုက္ခဗေဒဥယျာဉ်ကို မသွားရသေးဘူးနော် "

 

" ရှင်မှ မအားတာ "

 

" ဒီတစ်ပတ်တော့ သွားကြမယ်လေနော် "

 

" အင်း "

 

ငြင်ငြင်သာသာပြေးလွှားနေတဲ့ စက်ဘီးလေးက မကြာခင်မှာပဲ ဈေးထိပ်ကို ရောက်လာတယ် ။

 

" လိုက်ခဲ့နော် ၊ တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချလို့ "

 

" ကျွန်မ ကလေး မဟုတ်ပါဘူး "

 

ကလေး မဟုတ်တဲ့ ကျွန်မကို ကာရန်ချိုကတော့ အင်္ကျီအနားစကို ဆွဲပြီး ခေါ်သွားတယ် ။ မြင်နေရတဲ့ လက်ချောင်းသွယ်သွယ်တွေဆီမှာ နှင်းဆီဆူးကြောင့်လို့ ထင်ရတဲ့ ဒဏ်ရာဒဏ်ချက် တစ်ချို့လည်း ရှိနေတယ် ။

 

" ကြီးနွဲ့ ကာရန်မှာထားတာ ရပြီလား "

 

" ရပါပြီရှင် ၊ ဒီမယ် ရာသီပေါ် ဦးဦးဖျားဖျားနော် ငါ့တူမအတွက် စောစောက တင်စိန်တို့ ညီအစ်မကိုတောင် မရောင်းပေးလိုက်တာ "

 

" အဟား ကျေးဇူးတင်ပါတယ် ကြီးနွဲ့ရေ "

 

ကာရန့်လက်ထဲကို ရောက်လာတာက နီနီရဲရဲ စတော်ဘယ်ရီသီးတွေအပြည့်ထည့်ထားတဲ့ နှီးခြင်းတစ်ခုပဲ ။

 

" သွားကြမယ် "

 

ကာရန်ချိုက ထုံးစံအတိုင်း ကျွန်မရဲ့ အင်္ကျီလက်အနားစကို ဆွဲပြီး လူရှုပ်နေတဲ့ ဈေးအတွင်းထဲကနေ ထိုးထွက်လာပြန်တယ် ။

 

" လရောင် "

 

စက်ဘီးကို တစ်လှိမ့်နှစ်လှိမ့်ပဲ ရွေ့ရသေးတဲ့ အချိန်မှာ ရုတ်တရပ်ကို ခြေထောက် လှမ်းထောက်ပြီး ကျွန်မကို လှည့်ကြည့်တယ် ။

 

" ဘာတုန်း အလန့်တကြားနဲ့ "

 

" ဘယ်သွားမလဲဆိုတာ မေးလည်း မမေးဘူးနော် "

 

လည်ပြန်ကြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ဖျက်ခနဲ ဆုံမိမှ ကျွန်မရဲ့ အသိစိတ်တွေ လွင့်ထွက်သွားရတယ် ။ တစ်မနက်လုံး အကြည့်ချင်းမဆုံမိအောင် နေနေတာ အကောင်း ။

 

" ရှင်က .... ကျွန်မကို ရောင်းတော့ စားပါ့မလား "

 

ထစ်ငေါ့ပြီး ထွက်သွားတဲ့ စကားလုံးတွေကို သူက ရယ်ပြီး ရှေ့ကို ပြန်လှည့်သွားတယ် ။

 

" ပြောလို့မရဘူးလေ ၊ ရောင်းစားလိုက်ရင် ဘယ့်နှယ့်လုပ်မတုန်း "

 

" စကားကို ပေါ့တိပေါ့ပျက်နဲ့ "

 

" ဘဝမှာ တစ်ခါပဲ နေရမှာ လရောင်ရဲ့ ၊ ပျော်ပျော်နေစမ်းပါ "

 

သူ့ကို ခွန်းတုံ့မပြန်တော့ဘဲ တိတ်တဆိတ်ပဲ လိုက်လာမိတယ် ။ လမ်းက တဖြေးဖြေး မတ်စောက်လာတော့ ကာရန်က သူ့ရဲ့ အင်္ကျီစပေါ်က ကျွန်မရဲ့ လက်တွေကို ဆွဲပြီး သူ့ခါးပေါ် မိမိရရ တင်ပေးတယ် ။ ပန်းရနံ့တွေက နှာဖျားဆီကို ဝေ့သီလာကြပြန်တယ် ။

 

" လရောင် ရည်းစားထားဖူးတယ်မဟုတ်လား "

 

" ရုတ်တရပ်ကြီး "

 

ကာရန် စက်ဘီးရပ်လိုက်တဲ့ နေရာကို ဝေ့ကြည့်မိတော့ တောင်စောင်းတစ်ခုပေါ်ရောက်နေတာကို သတိထားမိတယ် ။ အပေါ်စီးကနေ ကြည့်တော့ တစ်ရပ်ကွက်လုံးကို ခြုံပြီး မြင်နေရတယ် ။ ‌

 

" နေ့လည်စာ မစားခင်အထိ ဒီမှာ နေကြမယ် "

 

" အင်း "

 

စက်ဘီးကို ဒေါက်ထောက်ပြီး ကမူစွန်းနားမှာ ထိုင်ချလိုက်တဲ့ သူ့ရဲ့အနားကိုပဲ သူ့နည်းတူ ထိုင်ချလိုက်တယ် ။

 

" ကာရန် ရည်းစားမထားဖူးဘူး "

 

" ပြောဖူးပါတယ် "

 

" တကယ်တော့ ရည်းစားထားတယ်ဆိုတာ ဘယ်လိုလဲဆိုတာကို သိချင်တယ် ၊ ဒါပေမယ့် ထားလည်း မထားရဲဘူး "

 

ကာရန်က သူ့လက်ထဲက စတော်ဘယ်ရီခြင်းကို ကျွန်မရဲ့ ရှေ့ကို ပို့ပေးတယ် ။

 

" ရည်းစားထားတာ မကောင်းဘူး "

 

ကျွန်မလည်း ဒီလောက်ပဲ ပြောနိုင်မှာ ။ ကြုံခဲ့ရသမျှကလည်း ကောင်းတာ ဘာမှမရှိဘူးလေ ။

 

" လင်္ကာကတော့ သိသွားသေးတယ် "

 

ကာရန်က အနေတော်အရွယ် စတော်ဘယ်ရီတစ်လုံးကို ပါးစပ်ထဲ ကောက်ထည့်ရင်း ပြောလာတယ် ။ ကာရန့်ကို သူ့အစ်မအကြောင်းတွေ သိပ်မပြောချင်လောက်ဘူးပဲ ထင်ထားတာ ။

 

" သူ့ကောင်လေးက အခုထိလည်း တစ်ယောက်တည်းပဲ ၊ သူ အဲ့လို နေနေတာကို မြင်ရင် ကာရန်က ပိုပြီး စိတ်မကောင်းဖြစ်တယ် "

 

ဝမ်းနည်းနေတဲ့ ပုံမပေါ်ပေမယ့် ကျွန်မရဲ့ ရင်ထဲမှာတော့ အပူလှိုင်းတစ်ချို့ ဖြတ်သန်းသွားတယ် ။

 

" လူတစ်ယောက်ကို ချစ်မိတာက ကြောက်ဖို့ ကောင်းမယ်ထင်တယ် "

 

ကျွန်မ သူ့ကို ချစ်မိတာကတော့ လှပပါကြောင်း ဘယ်လိုများ ဖော်ထုတ်ရပါ့မလဲလေ ။

 

" တကယ်လို့ ကာရန်သာ လူတစ်ယောက်ကို ချစ်မိရင်လေ ကာရန် အဲဒီလူကို လောကကြီးထဲ အရင်ထွက်သွားဖို့ ခွင့်ပြုပေးလိုက်မှာ သိလား "

" ကျန်ခဲ့ရတဲ့ ခံစားချက်ဆိုတာ ကျန်ခဲ့ဖူးမှ နားလည်မှာ ၊ ကာရန်ချစ်တဲ့သူကိုတော့ အဲ့လိုမခံစားစေချင်ဘူး "

 

ကျွန်မရဲ့ သက်ပြင်းမောတစ်ချို့က တိုက်ခတ်လာတဲ့ လေပြေညှင်းသွဲ့သွဲ့နဲ့အတူ တိုက်စားခံလိုက်ရတယ် ။ ကြည်လင်နေတဲ့ အပြုံးတွေအောက်က ညိုးမှိန်နေတဲ့ မျက်ဝန်းတစ်စုံကို ကျွန်မ ဘယ်လိုများ လျစ်လျှူရှူရပါ့မလဲ ။

 

" ပြီးတော့ ကာရန် ချစ်မိတဲ့လူက .... "

 

" .... "

 

" လရောင် ဖြစ်မနေရင် ကောင်းမယ် "

 

သူ့ကို ကြည့်နေတဲ့ ကျွန်မရဲ့ အမြင်အာရုံတွေက တဖြေးဖြေးချင်းဝေဝါးလာကြတယ် ။ ကျွန်မကိုတော့ မချစ်မိချင်ဘူးတဲ့လား ။

 

" လရောင်ကိုတော့ အရင်ထွက်သွားဖို့ ခွင့်ပြုပေးနိုင်လောက်မယ် မထင်ဘူး "

" လရောင်ကိုတော့ .... "

 

ကမ္ဘာပေါ်မှာ ဖြစ်တည် လည်ပတ်နေတဲ့ အရာအားလုံးက ဝမ်းနည်းဖို့ချည်းသပ်သပ်တော့ မဟုတ်ခဲ့ဘူးလေ ။ ဝမ်းနည်းစရာတွေကို ဖယ်ထုတ်လိုက်ရင် ပျော်နိုင်မယ့် အစိတ်အပိုင်းတွေကိုလည်း ရှာတွေ့နိုင်ဦးမှာပဲ ။

 

" အသက်ရှည်ရှည်နဲ့ အချိန်အကြာကြီး ပျော်ရွှင်နေစေချင်တယ် "

" ကာရန့်ရဲ့ ဘေးမှာလေ "

 

ပြီးတော့ အဲဒီပျော်ရွှင်စရာ အစိတ်အပိုင်းတွေကို ယူဆောင်လာပေးတဲ့သူကလည်း ကျွန်မရဲ့ ဘေးမှာ ရှိနေပါပြီတဲ့လေ ။ ဖြတ်သန်းရမယ့် တံခါးတစ်ချို့ကို မြင်နေရပေမယ့် အလွယ်တကူ တွန်းဖွင့်လို့ ရပါ့မလားဆိုတာ မသေချာဘူး ။

 

မသေချာမရေရာတဲ့ အရာတွေကို ပိုက်ထားရင်းနဲ့ ကျွန်မက ကာရန်ချိုရဲ့ နှလုံးသားတံခါးကို ခေါက်ရဦးမှာပါပဲ ။

 

-