ဘုတ်အီး ခြောက်တန်းနှင့်ကျောင်းထွက်လိုက်သည်။
ငွေမှုံကဆယ်တန်းဖြေထားပြီးပြီ။ခွေးပိန်ကတော့
သူ့သမီးကို တက္ကသိုလ်ထားဖို့ဟုဆိုကာ အရင်က
ထက်ပို၍ အလုပ်ကြိုးစားသည်။
မိလှိုင်ကအကြော်မရောင်းတော့ချေ။မခိုင်က အလုပ်
အဆင်မပြေ၍ အကြော်ဆိုင်ပြန်ဖွင့်သောကြောင့်
မိလှိုင်က အကြော်တဲနေရာကို ဖယ်ပေးလိုက်ရသည်။
ညနေဘက် ရွာထဲမှာဖွင့်လို့ရပေမယ့် ဘုတ်အီးက
သူ့အမေကို အခြားအလုပ်ပြောင်းလုပ်ဖို့တိုက်တွန်း
လေသည်။
မိလှိုင်လည်း ညှော်ဝဝနေတာကြောင့် အကြော်ဆိုင်
မဖွင့်တော့ပဲ နေ့လည်နေခင်းရောင်းသည့် အသုပ်
စုံနှင့် ကြာဇံချက်ရောင်းသည့်ဘက်သို လှည့်လိုက်
သည်။
ဆိုင်းထမ်းလေးနှင့်နေ့လည်ဆယ့်တစ်နာရီလောက်
ဆိုလျှင် လမ်းထိပ်နားမှာ ဆိုင်ထွက်ဖွင့်သည်။
ညနေ လေးနာရီ၊ငါးနာရီလောက်ဆိုလျှင် ဆိုင်သိမ်း
၍ပြန်ကြသည်။
ဒီအလုပ်ကမဆိုး။အကြော်ရောင်းတာလောက်လည်း
မပင်ပန်းချေ။အကြော်ဆိုင်ဖွင့်တုန်းက မနက်အစော
ထရသည်။ညဆိုလည်း မနက်အကြော်ဆိုင်ထွက်ဖို့
မုန့်ကြိတ်ရ။ဘာညာနှင့် အလုပ်နှင့်လက် မပြတ်ရ။
ဘုတ်အီးက ဆီချက်ချက်၊မြေပဲထောင်း၊ပုစွန်ခြောက်
ထောင်း၊ကြက်သွန်ခွာ၊လှီး။ တိုဟူးကျို ၊ ကြာဇံချက် ချက်၊ရှောက်သီး သင်္ဘောသီးအခွံခွာ၊ခြစ် စသဖြင့်
လုပ်ပေးသည်။
အဆင်သင့်ဖြစ်လျှင် ဘုတ်အီးက ဆိုင်းထမ်းကို
ထမ်း၍ လမ်းထိပ်မှာ ဆိုင်ခင်းသည်။
မိလှိုင်က စျေးရောင်းရုံတင်။
နီတွတ်ကိုလည်း မိလှိုင်ကကျောင်းနှုတ်လိုက်ပြီ
ဖြစ်သည်။
မနှုတ်လိုလည်းမဖြစ်တော့။အိမ်နှင့်ကျောင်းကြား
မှာ ပျောက်ပေါင်းကများပြီ။
ကျောင်းသွားမည်ဆိုပြီး ကျောင်းသို့မရောက်။
သူများလယ်တောထဲ ပုစွန်လုံးသွားနှိုက်၊ငါးရှာ၊
ဖားရှာ၊ငှက်လိုက်ပစ်၊ငါးရှဥ့်ထောင် စသဖြင့်
လယ်ကြိုလယ်ကြား ၊ ချောင်းကြိုမြောင်းကြားထဲ
လျှောက်သွားနေသည်။
ငါးမျှားပြီးရလာလျှင် လယ်ထဲမှာပဲ မီးကင်စားသည်။
အိမ်ကိုပြန်သယ်လာရင်သူ့အမေရိုက်မည်ကို
ကြောက်သောကြောင့်ဖြစ်သည်။
ပုစွန်လုံးပေါ်ချိန်က ပုစွန်လုံးတွေလိုက်နှိုက်ပြီး ငါး
သည်မတင်အေးကိုပြန်ရောင်းကာ ရောင်းလိုရသည့်
ပိုက်ဆံနှင့် သားရေကွင်းတွေ ဂေါ်လီတွေဝယ်သည်။
ဂျင်ဝယ်သည်။သူ့အမေသိလျှင် ဖင်ပုတ်လုနီးနီး
အရိုက်ခံရသည်။
ဒါလည်း နီတွတ်ကအမှတ်သည်းခြေမရှိ။
နီတွတ် ကျောင်းလစ်လစ်နေတာကို အတန်းပိုင်
ဆရာမက မိလှိုင်ကိုပြောပြသည်။
မိလှိုင် သူ့သားကို ဆူပူကြိမ်းမောင်းပေမယ့်မရ။
တစ်ခါကလည်း နီတွတ် သူ့အမေအကြော်ဆိုင်မှာ
ကူလုပ်ပေးပြီး အိမ်ပြန်ကာ ကျောင်းအဝတ်အစား
လဲပြီးနောက် သနပ်ခါးကိုဖြစ်သလိုလူးကာ အိမ်က
ပြန်ထွက်လာသည်။ကျောင်းကို တန်းတန်းမက်မက်
မသွားချေ။လမ်းမှာ သားရေကွင်းပစ်၊ဂေါ်လီရိုက်
လုပ်နေတာကြောင့် ကျောင်းချိန်လွန်မှန်းမသိလွန်
သွားလေသည်။
မိလှိုင်ဆိုင်သိမ်းပြီးပြန်လာချိန်၌ သူ့သားကိုလမ်း
မှာ ကျောင်းဝတ်စုံနှင့်ဂေါ်လီရိုက်နေတာကိုတွေ့ပြီး
ခေါင်းပေါ်ရွက်လာသည့်တောင်းကို လမ်းဘေးမှာ
ချကာ တောင်းထဲမှာပါလာသည့်ထင်းစည်းထဲက
ထင်းတစ်ချောင်းကိုဆွဲထုတ်၍ နီတွတ်ကို လိုက်
ရိုက်တော့သည်။
ထိုနေ့ကနီတွတ်တစ်ယောက်အိမ်ပြန်မအိပ်ရဲ၍
သူ့ကြီးဒေါ်အိမ်မှာ သွားအိပ်လေသည်။
နောက်ဆုံး မိလှိုင် နီတွတ်ကို ကျောင်းနှုတ်လိုက်
သည်။နီတွတ် စာဆိုလို့ ဘာမှရေရေရာရာမတတ်။
ဒီတော့ သူ့ထက်အနည်းငယ်တတ်သည့်ဘုတ်အီး
က အိမ်မှာစာပြန်သင်ပေးသည်။
ဘုတ်အီးကိုယ်တိုင်က ယောင်ဝါးဝါးဖြစ်နေသည့်
အခါမျိုးဆိုလျှင် နှစ်ယောက်လုံး စာတစ်ပုဒ်သင်ရင်း
လည်နေတော့သည်။
ထိုအခါမျိုးဆို ငွေမှုံက ဝင်ကူရတော့သည်။
ငွေမှုံကျေးဇူးနှင့် နီတွတ် ရေးတတ်ဖတ်တတ်အဆင့်
ထိတော့ ရောက်ခဲ့လေသည်။
အခု နီတွတ်က သူတိုလမ်းထိပ်ရှိ ဦးအာလူး၏
စက်ဘီးပြင်ဆိုင်မှာ ဦးအာလူးကိုကူရင်း စက်ဘီး
ပြင်နည်းလေ့လာသင်ယူနေသည်။
ဒီနေ့ ထုံးစံအတိုင်း ဘုတ်အီး သူ့အမေ ဆိုင်ထွက်ဖို့
အတွက် ပြင်ဆင်ပေးနေသည်။
ငွေမှုံက သင်္ဘောသီးကူခြစ်ပေးနေသည်။
"နင် ဆယ်တန်းအောင်ရင် ရန်ကုန်မှာ တက္ကသိုလ်
သွားတတ်မှာလား"
"စာပေးစာယူပဲတတ်ရင်ကောင်းမလားလို့ "
"နင်ကလည်း တက္ကသိုလ်သွားတက်စမ်းပါဟ
ရုပ်ရှင်တွေထဲမှာတွေ့တယ်မလား တက္ကသိုလ်တက်
ရတာပျော်စရာကြီးနေမှာ.. "
"မပျော်ချင်ပါဘူးဟာ..ဖေဖေက ငါတက္ကသိုလ်တက်
ဖို့ ပိုက်ဆံတွေပင်ပင်ပန်းပန်းရှာနေရတာဟ..ငါ
ပိုက်ဆံတွေအပိုမသုံးချင်ပါဘူး..ဖေဖေ့ကိုသနား
တယ်..ပြီးတော့ ကျောင်းသွားတက်ရင် ကောင်လေး
တွေ ရည်းစားစကားလိုက်ပြောရင်ဘယ်လို
လုပ်မလဲ..ဒီမှာလို အတန်းပိုင်ဆရာမကိုသွားတိုင်
လိုရချင်မှရမှာ ငါကြားဖူးတာတော့ ကျောင်းသား
တွေကတောင် ဆရာမတွေကို ရည်းစားစကား
လိုက်ပြောတာတွေရှိတယ်တဲ့"
ငွေမှုံ ထိုသိုပြောတော့မှ ဘုတ်အီးလည်း တက္ကသိုလ်
ရောက်ရင် ငွေမှုံ ရည်းစားသညှာရသွားမည့်အရေး
ကို တွေးမိတော့သည်။
ထိုကြောင့် ဘာမှဆက်မပြောတော့ပဲ တိုဟူးတွေကို
ဗန်းထဲထည့်ကာ လှီးတန်သည်ကိုလှီးလိုက်သည်။
"ဘုတ်ဘုတ် "
"ဟင်..."
"ခဲတံက နင့်ကိုကြိုက်နေတာလား"
"အာ..ပေါက်ပေါက်ရှာရှာ.."
ဘုတ်အီးက တိုဟူးလှီးနေရာမှ ငွေမှုံကို တစ်ချက်
စွေကြည့်ကာ ပြန်ပြောသည်။
"ကတုံးမကိုကြိုက်နေတာ..ငါ့ကို ရည်းစားစာပေး
ခိုင်းနေလို့..ငါက ကတုံးမအမေကြီးကိုကြောက်လို့
မပေးရဲဘူးလိုငြင်းလိုက်ရတယ်..အဲ့အဖွားကြီးက
မလွယ်ဘူး အော်ကြော့လန်..တော်ကြာ သူ့သမီး
ကိုအောင်သွယ်ပေးရကောင်းလားဆိုပြီး ငါ့အိမ်
ရှေ့လာရန်ထောင်နေရင် ဘယ်လိုလုပ်မလဲ..
အဲ့အခါကျ ငါက ကြားကနေ မိအေးနှစ်ခါနာ ဖြစ်
ရဦးမယ်..ကတုံးမအမေလာပြီးကလော်တုတ်တာ
တစ်မျိုး ငါ့အမေက ကျောပြင်ကိုဗျောတင်မှာက
တစ်မျိုး...ဟင်း...ပြီးတော့ နင်လည်း ကြားဖူးမှာ
ပေါ့ အောင်သွယ်တော်နဲ့ညားတယ်ဆိုတာလေ...
ငါတော့ ဘယ်သူ့ကိုမှ အောင်သွယ်မပေးချင်ပါဘူး"
"ဟွန်း...နင်ကလည်း...ငါက နင့်ကိုအားကိုးမလို့
ဟာကို.."
"ဘာရယ်..."
ငွေမှုံရဲ့စကားကြောင့် ဘုတ်အီးက တိုဟူးလှီးနေရာမှ
ငွေမှုံကို မျက်လုံးအပြူးသားနှင့် ကြည့်လိုက်လေ
သည်။
ငွေမှုံက မင်သေသေနှင့် သင်္ဘောသီးဆက်ခြစ်နေရင်း
ကဆက်ပြောသည်။
"ဒါပေမယ့်လည်း သူက အခု အိမ်ထောင်ကျသွား
ပြီဆိုတော့ နင်အောင်သွယ်ပေးမယ်ဆိုရင်တောင်
မှ မရတော့ပါဘူးဟာ"
ငွေမှုံထိုသိုပြောလိုက်တော့ ဘုတ်အီးရဲ့ပြူးလျက်
အနေအထားနှင့်မျက်လုံးအစုံဟာ ပို၍ ပြူးကျယ်လာလေတော့သည်။
"ငွေမှုံ..နင်.. ဘာစကားတွေပြောနေတာလဲ"
"ကိုသားကြီးက အိမ်ထောင်ကျသွားပြီလေ..
သူ့ကိုဘယ်လိုလုပ် ယူလို့ရတော့မလဲ"
"ဘယ်ကသားကြီးလဲ အဲ့ကောင်ဘယ်သူလဲ"
ဘုတ်အီးက သူ့လက်ထဲက တိုဟူးလှီးနေသည့်ဓား
ကိုပစ်ချလိုက်ပြီး ငွေမှုံကို ဒေါသတကြီးနှင့်မေးလေ
တော့ ငွေမှုံက သူ့ပုံကိုကြည့်ကာရယ်လိုက်ပြီး
"ဘယ်က သားကြီးရမလဲဟဲ့..ရုပ်ရှင်မင်းသား
ဒွေးကိုပြောတာပေါ့..တကတည်း ငတုံး..ဒါလေး
တောင်မသိဘူးလား"
ထိုအခါမှ ဘုတ်အီး တိုဟူးဗန်းထဲက ဓားကိုပြန်
ကောက်လိုက်ကာ တိုဟူးတွေ ဆက်လှီးနေလိုက်
သည်။
မိလှိုင်က အိမ်ထဲသို့ဝင်လာပြီးနောက် သူတို့ကို
တစ်ချက်ကြည့်လိုက်ပြီး
"ဟဲ့ဘုတ်အီး...တိုဟူးတွေအကုန်မလှီးနဲ့လေ.."
"ဟင်..."
ဘုတ်အီးလည်း သူ့အမေပြောမှကြည့်လိုက်တော့
ဗန်းထဲက တိုဟူးတုံးတွေအကုန်းလုံးမှာ လှီးပြီးသား
ဖြစ်နေလေတော့သည်။
"နင် ဒါလုပ်ပြီး ဆိုင်းထမ်းပိုပြီးရင် ရေချိုးတော့"
ငွေမှုံက ဘုတ်အီးကိုပြောလိုက်သည်။ဘုတ်အီးက
ငွေမှုံကိုပြန်ကြည့်ကာ
"ဘာလုပ်မလို့လဲ"
"ရုပ်ရှင်သွားကြည့်ရအောင် ဒီနေ့ လွင်မိုးကား ရုံတင်
မှာ မနက်က လာအော်သွားတယ် နင်မကြားလိုက်
ဘူးလား...မင်းသမီးကထက်ထက်မိုးဦးတဲ့ နှစ်ကိုယ်
ခွဲဆိုလား..ကြော်ငြာစာရွက်ကအိမ်မှာကျန်ခဲ့လို့"
"ကြားသားပဲ"
ဘုတ်အီးက ထိုသိုပြောပြီး တိုဟူးဗန်းကိုယူ၍ ထွက်
သွားလေသည်။
"နင်မလိုက်ရင်လည်း ငါ ကတုံးမကိုပဲခေါ်သွားတော့
မယ်"
ထိုအခါ ဘုတ်အီး နောက်သို့ ဆက်ခနဲပြန်လှည့်ကြည့်
လာပြီးနောက်
"ဘယ်သူကမလိုက်ဘူးပြောနေလို့လဲ"
ဟု ဘုဘုဘောက်ဘောက်နှင့်ပြန်ပြောလေတော့သည်။
ရုပ်ရှင်ကတစ်နာရီပြမှာ။သူတို့ရုပ်ရှင်ရုံရှေ့သိုရောက်
တော့ဆယ့်နှစ်နာရီခွဲပြီ။
ငွေမှုံက ဆိုက်ကားဆရာဦးကျောက်ခဲကိုတစ်ဆယ်
တန်တစ်ရွက်ပေးလိုက်ပြီးနောက်
"ဦးလေးကျောက်ခဲ သမီးတို့ကို သုံးနာရီလောက်ကျ
လာကြိုဦးနော်"
"အေးပါ..ညည်းတို့ရုပ်ရှင်လွှတ်တဲ့အချိန် ငါမရောက်
သေးရင်လည်း ခဏစောင့်နေကြ ငါကြိုရောက်ရင်
လည်းစောင့်နေမယ်"
"ဟုတ်ကဲ့.."
ဦးကျောက်ခဲက သူတို့ကိုရုပ်ရှင်ရုံရှေ့၌ ချပေးခဲ့ပြီး
ပြန်ထွက်သွားသည်။
ဘုတ်အီးက လက်မှတ်တိုးဖို လက်မှတ်ကောင်တာ
ဆီသို့ ပြေးသွားသည်။
လူတွေကကြိတ်ကြိတ်တိုးနေသည်။လက်မှတ်တောင်
ရပါတော့မလားဟု ငွေမှုံ စိတ်ပူသွားသည်။
ဘုတ်အီးက လူတွေကြားထဲသို့ တိုးဝှေ့ဝင်သွားသည်။
ငါးကျပ်တန်ကောင်တာမှာလူပြည့်နေပြီး တစ်ဆယ်
တန်ကောင်တာမှာ လူသိပ်မရှိချေ။
"တစ်ဆယ်တန်းနှစ်စောင်"
ဘုတ်အီး လက်မှတ်ဖြတ်ကောင်တာရှေ့က သစ်သား
တန်းကို ကုတ်တွယ်၍ လက်မှတ်ထုတ်ပေးသည့်
အပေါက်လေးထဲသို့ တစ်ဆယ်တန်နှစ်ရွက်ကိုင်ထား
သည့်လက်ကို ထိုးထည့်လိုက်သည်။
အထဲက အရောင်းစာရေးမိန်းကလေးက ဘုတ်အီး
လက်ထဲကပိုက်ဆံကိုယူလိုက်ပြီးနောက် လက်မှတ်
နှစ်စောင်ဖြတ်ပိုင်းကိုပြန်ထည့်ပေးလေသည်။
ဘုတ်အီး လက်မှတ်နှစ်စောင်ကိုကျစ်နေအောင်ဆုပ်
၍ လူတောထဲက ပြန်ပြီးတိုးထွက်လာတော့သည်။
သူ့ကိုယ်လုံးမှာလည်း ချွေးတွေကိုရွှဲလို့။
ဆံပင်တွေလည်း စုတ်ဖွာကာ အင်္ကျီကလည်း တွန့်
ကြေနေလေသည်။
လက်မှတ်ယူပြီးပြန်ထွက်လာသည့် ဘုတ်အီးကိုမြင်
တော့ ငွေမှုံက သူ့အနားသို့ အပြေးလေးရောက်လာ
သည်။
"ရခဲ့လား"
"အောက်တန်းမှာလူတွေအုံနေလို့အပေါ်တန်းကဖြတ်
ခဲ့တယ်.."
"ရခဲ့ရင်ပြီးရော..မုန့်သွားဝယ်ရအောင်"
နှစ်ယောက်သား မုန့်ရောင်းသည့်ကောင်တာဘက်သို့
ထွက်လာခဲ့လိုက်ကြသည်။
"နင်ကြိုက်တာဝယ်"
"လောလောဆယ် အရမ်းပူနေပြီ ရေဆာလိုက်တာ"
"ရေသန့်ဘူးဝယ်လိုက်လေ"
"စျေးကြီးတယ် ငါ ဟိုနားကအိုးကရေပဲသွားသောက်
တော့မယ်..."
"လာစမ်းပါ..အဲ့အိုးက ဟိုလူကသောက်ဒီလူက
သောက်နဲ့.."
ငွေမှုံက ဘုတ်အီးရဲ့လက်ကိုဆွဲ၍ ရေသန့်ဘူးရောင်း
သည့်နေရာသို့ခေါ်သွားလေသည်။
"ရေသန့်တစ်ဘူးပေးပါ အေးအေးလေး"
ရေသန့်ဘူးတစ်ဘူးမှာပြီးနောက် ရေခဲသေတ္တာထဲ
သို့ငုံကြည့်ကာ
"နင် ရေခဲမုန့်စားမလားဘုတ်ဘုတ်"
"အင်း"
ဘုတ်အီး ရေမော့သောက်ရင်းပြန်ဖြေသည်။
ငွေမှုံက စတော်ဘယ်ရီအရသာ ကတော့ချွန်ရေခဲ
မုန့်နှစ်ခုဝယ်လိုက်သည်။
ပြီးနောက် နေကြာစေ့နှင့်ငါးမုန့်ကြော်၊အာလူးကြော်
ထုတ်နှင့်အချဥ်ထုပ်တွေပါဝယ်လိုက်သည်။
ငွေရှင်းတော့ သုံးဆယ်လောက်သွားကျသည်။
ဘုတ်အီးက နှမြောနေသည်။မုန့်ဝယ်ပြီးနောက်
ရုံပေါ်တက်သည့်လှေကားပေါ်ကနေ တက်လာကြ
ရင်းမှ ဘုတ်အီးက
"ဒီမှာအရမ်းစျေးကြီးတယ်ဟ အဲ့ဒါကြောင့် ရုပ်ရှင်
လာကြည့်ရင် ငါ အပြင်ကနေပဲ မုန့်ဝယ်လာတာ"
"တစ်ခါတလေပဲဟာ နှမြောမနေနဲ့"
ရုံထဲသို့ရောက်တော့ သီချင်းဖွင့်ထားပြီဖြစ်လေသည်။
သူတို့နှစ်ယောက် ခုံနံပါတ်ကိုမှောင်မှောင်မဲမဲထဲ
စမ်းတဝါးဝါးနှင့်လိုက်ရှာနေရလေသည်။
ရုံဝန်ထမ်းတစ်ယောက်က ပွဲကြည့်သူတွေရောက်
လာမှ ပြတင်ပေါက်တံခါးကိုလာဖွင့်ပေးသည်။
တစ်ဆယ်တန်းက အပေါ်ထပ်မှာဖြစ်ပြီး အနောက်မှာ စက်ခန်းရှိလေသည်။
ပြတင်းပေါက်ဖွင့်ပေးမှပဲ ခုံနံပါတ်တွေကိုမြင်ရတော့
သည်။
သူတို့ခုံနံပါတ်တွေရှာလို့ရသည်နှင့် နှစ်ယောက်သား
နေရာယူလိုက်ကြသည်။
သူတို့နေရာက အရှေ့မှရေလျှင် သုံးတန်းမြောက်၌
ဖြစ်လေသည်။
သူတို့အနောက်၌ လေးတန်းကျန်သေးသည်။
"ဒီနေရာက အတော်ပါပဲ"
"အေး.."
"နင် ဦးကျောက်ခဲကိုဘာလို့ပိုက်ဆံတစ်ခါတည်း
ပေးလိုက်ရတာလဲ..ပြန်လာခေါ်မှ တစ်ခါပေးတာ
မဟုတ်ဘူး အဲ့လူကြီးအဲ့ဒါ ပြန်လာခေါ်ရင် ကံ
ကောင်း.. အခုချိန်လောက်ဆို အရက်ဆိုင်ကိုရောက်
နေလောက်ပြီ"
ဘုတ်အီးက ရေခဲမုန့်ကစက္ကူဖက်ကိုခွာနေရင်းမှ
ငွေမှုံကိုပြောသည်။ငွေမှုံက ဘာမှပြန်မပြောပဲ ရေခဲ
မုန့်စားနေသည်။
ရုပ်ရှင်ပြမည့်အချိန်ရောက်တော့ ပြတင်းပေါက်တံခါးတွေကို ပြန်လာပိတ်သွားသည်။
မီးစက်မောင်းသံကြားရပြီးနောက် မျက်နှာကျက်က
ဒလက်ပန်ကာတွေ လည်သံကိုကြားရလေသည်။
ရုံထဲမှာ အမှောင်ကျသွားသည်။အောက်ထပ်မှာလူ
အပြည့်။လွင်မိုး ထက်ထက်မိုးဦးဆိုတော့ ကြည့်တဲ့
သူ များလေသည်။
အပေါ်ထပ်မှာတော့ ငါးတန်းလောက်သာ လူပြည့်
သေးသည်။
တချို့က ရုပ်ရှင်ပြနေသည့်အချိန်ကျမှရောက်
လာတတ်ကြတာတွေလည်းရှိသည်။
နိုင်ငံတော်သီချင်းတီးလုံးသံကြောင့် ရုံထဲရှိလူအား
လုံးမက်တပ်ရပ်လိုက်ကြသည်။
ဘုတ်အီး ရုပ်ရှင်ကြည့်နေရင်း ငိုက်လာသည်။
တစ်ရုံလုံးတိတ်ဆိတ်နေပြီး ရုပ်ရှင်ဇာတ်လမ်းထဲ
စီးမျောနေကြသည်။
ငွေမှုံကတော့ ရုပ်ရှင်ကိုသာ စိတ်ဝင်တစားကြည့်
နေလေသည်။
ဇာတ်လမ်းတစ်ဝက်ကျော်လာတော့ ငွေမှုံ သူ့ညာ
ဘက်ပုခုံးပေါ်သို တစ်ခုခုဖိကျလာတာကြောင့်
ခေါင်းလှည့်ကြည့်လိုက်တော့ ဘုတ်အီးက သူ့ပုခုံး
ပေါ်မှာခေါင်းမှီ၍ အိပ်ပျော်နေပြီဖြစ်သည်။
ငွေမှုံ ရယ်လိုက်သည်။ ဘုတ်အီးက အမြဲ အဲ့လိုပင်။
အိမ်မှာTVကြည့်လျှင်လည်း ဇာတ်လမ်းတစ်ဝက်
ကျော်လာသည်နှင့် သူ အိပ်ပျော်သွားပြီဖြစ်သည်။
ဇာတ်လမ်းမပြီးခင် ပြန်နိုးလာပြီး အဲ့ကျမှ ကြားမှာ
ဘာဖြစ်သွားလဲဆိုပြီး မေးတော့မည်။
"ဘုတ်ဘုတ်...ဘုတ်ဘုတ်..."
ရုပ်ရှင်သာပြီးသွားသည်။ဘုတ်အီးကနိုးမလာတာ
ကြောင့် ငွေမှုံ သူ့ကိုနှိုးလိုက်သည်။
ဘုတ်အီး အိပ်ချင်မူးတူးနှင့် နိုးလာသည်။
"ဟင်..."
"ထတော့...ရုပ်ရှင်ပြီးသွားပြီ"
"ဟမ်..."
ဘုတ်အီး ရုံထဲသို မျက်စိဝေ့ကြည့်လိုက်သည်။
ပြန်ကြတဲ့သူတွေပြန်နေကြပြီ။ထိုအခါမှ သူ မျက်
လုံးကိုလက်နှင့်ပွတ်၍ လက်မှာချိတ်ထားသည့်
မုန့်ထုတ်တွေထည့်ထားသော ပလက်စတစ်အိတ်
ကြီးကို ငွေမှုံကိုပေးလိုက်ကာ ထိုင်ရာမှထ၍ လုံခြည်
ကို ပြင်ဝတ်လိုက်သည်။
"ငါ အိပ်မက်တွေတောင်မက်နေတာဟ အိပ်မက်
ထဲမှာ ဒွေးနဲ့အက်ရှင်တွေချနေတာ ငါက လူကြမ်း
ကြီး "
ဘုတ်အီးပြောပြသည့် သူ့အိပ်မက်အကြောင်း နား
ထောင်ကာ ငွေမှုံကရယ်လေသည်။
ပြီးနောက် နှစ်ယောက်သား ရုံထဲကနေ ပြန်ထွက်လာ
ခဲ့ကြသည်။
ရုံရှေ့ရောက်တော့ ငွေမှုံက ဘယ်လက်မှာပတ်ထား
သည့် လက်ပတ်နာရီလေးကိုတစ်ချက်ကြည့်ကာ
"လေးနာရီတောင်ထိုးတော့မယ် ဦးကျောက်ခဲကြီး
အခုထိ မလာသေးဘူး"
ဘုတ်အီး မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်နေရာမှ
ထလိုက်ပြီးနောက်
"ငါပြောသားပဲ အဲ့လူကြီး အခုချိန်ဆို မူးပြီးမှောက်
နေလောက်ပြီ...လာ...မြင်းလှည်းဂိတ်ဘက်ကိုသွား
ရအောင်..အခုချိန်လောက်ဆို စျေးပြန်လှည်းတွေ
ရှိလောက်ဦးမယ်ထင်တယ်"
"ဆိုက်ကားပဲငှားသွားရအောင်ဟာ"
"လာစမ်းပါ ပိုက်ဆံအပိုကုန်တယ် ငါ့အသိ မြင်း
လှည်းဆရာတွေရှိတယ် လမ်းကြုံလိုက်လို့ရတယ်
လာ.."
ကံအားလျော်စွာပင် မြင်းလှည်းဂိတ်သိုရောက်တော့
ဘုတ်အီးနှင့်သိသည့် မြင်းလှည်းဆရာတစ်ယောက်
၏မြင်းလှည်းကိုတွေ့လိုက်ရလေသည်။
"ဦးလေး ပြန်တော့မှာလား"
"အေး...ညည်းတို့အိမ်ပြန်မှာလား"
"ဟုတ်ကဲ့"
"လာလာ..တက်..."
မြင်းလှည်းဝမ်းထဲမှာ ကုန်အနည်းငယ်ပါသည်။
တောင်းကြီးနှစ်လုံးနှင့်ဆန်အိတ်တစ်အိတ်ဖြစ်သည်။
ဘုတ်အီးက တောင်းတစ်လုံးကို ရှေ့သို့တွန်းလိုက်
ပြီးနောက် မြင်းလှည်းနောက်မြှီးမှာထိုင်လိုက်သည်။
သူတို့နှစ်ယောက် သက်သောင့်သက်သာ စီးလို့ရသည်။
ခြေတင်ခုံပေါ်သို့ခြေထောက်တွေကိုတင်လိုက်ကာ
အနောက်ဘက်သို့လှည့်၍ ထိုင်လိုက်ကြသည်။
"ရုပ်ရှင်လာကြည့်ကြတာလား"
"ဟုတ်တယ်ဦးလေး...ဦးလေးရော ဒီနေ့ ဒုတိယ
အခေါက်လား"
"အေးကွ...မနက်အစောက တစ်ကြောင်းလာသေး
တယ် ခရီးသည်တွေလိုက်ပို့ရင်း သူတို့ရဲ့ကုန်များ
တာနဲ့ ကိုယ့်ကုန်က နောက်တစ်ခေါက်လာဝယ်ရ
တာ..နေ့လည်ကျတော့လည်း ပူတယ်လေကွာ"
"ဟုတ်တယ် ဒါတောင် နွေခေါင်ခေါင်မဟုတ်သေး
ဘူး"
ဘုတ်အီးက မြင်းလှည်းဆရာဦးလေးကြီးနှင့်
အပြန်လှန်စကားပြောနေကြသည်။
ငွေမှုံကတော့ သူတို့ပြောတာနားထောင်ရင်း တိတ်
ဆိတ်စွာလိုက်ပါလာလေသည်။
သူတို့လမ်းထိပ်ကိုရောက်တော့ နှစ်ယောက်သား
မြင်းလှည်းပေါ်ကဆင်းလိုက်ကြသည်။
ဘုတ်အီးက မြင်းလှည်းအရှေ့ပိုင်းသို့အပြေးသွား
ကာ
"ဦးလေး ခဏနေဦး အသုပ်ယူသွားဦး"
"အာ...နေစမ်းပါကွာ..မလုပ်နဲ့.."
"အမေ့...အစုံသုပ်တစ်ထုပ်လောက်"
"ဟေ့ကလေးမ...မလုပ်နဲ့လိုဆိုနေ..."
"ယူသွားပါဦးလေးရဲ့...ဦးလေးက တစ်ခါမှလည်း
ပိုက်ဆံယူတာမဟုတ်ဘူး..အခု ကြုံတုန်းလေး
မလို့..မုန့်ပြန်ကျွေးရတာ..."
"အေးပါကွာအေးပါ"
ငွေမှုံက အသုပ်ထုပ်လေးယူလာပြီး ဘုတ်အီးကို
ပေးလိုက်လေသည်။
ဘုတ်အီးက မြင်းလှည်းဆရာကိုအသုပ်ထုပ်လေး
ကမ်းပေးကာ
"ကျေးဇူးတင်တယ်နော်ဦးလေး"
"အမလေးကွာ မလိုပါဘူး မင်းနှယ်"
မြင်းလှည်းဆရာဦးလေးကြီးက လက်ကြားမှာညှပ်
ထားသည့်ဆေးပေါ့လိတ်ကို နှုတ်ခမ်းမှာပြန်ခဲလိုက်
ပြီးနောက် ဘုတ်အီးလှမ်းပေးသည့်အသုပ်ထုပ်ကို
ယူ၍ မြင်းလှည်းအမိုးကချိတ်မှာချိတ်လိုက်ပြီး
ပြန်ပြောသည်။
ထိုနောက် သူတို့ကို နှုတ်ဆက်သည်။
"ကဲ..သွားမယ်ကွာ"
"ဟုတ်ကဲ့"
မြင်းလှည်းလေးက သူတို့လမ်းထိပ်တာပေါ်ကနေ
ဆက်မောင်းသွားလေတော့သည်။
ဘုတ်အီးနှင့်ငွေမှုံလည်း အသုပ်ဆိုင်ဘက်သို့ ပြန်
လှည့်လာခဲ့လိုက်ကြသည်။
................