ကာရန်ချိုကို သဘောကျမိတဲ့ အကြောင်းတွေ ထိုင်ပြောရရင်
ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ရှက်မိမယ် ထင်တယ် ။ စဉ်းစားကြည့်လည်း ကာရန်ချိုက ကျွန်မရဲ့
မျက်လုံးထဲ ထောင့်မကျိုး အချိုးမပြေ ပုံစံမျိုးနဲ့ပဲ ဝင်လာတာလေ ။ အဲ့လိုလူကို ဘယ်လိုလုပ်ပြီး
ကျွန်မက ...
ချစ်မိသွားတာပါလိမ့် ။
" ကြားရက်မို့ လူ သိပ်မရှိတာ ၊ ပိတ်ရက် လာမိရင်
မျက်စိရှုပ်နေမှာ "
သူနဲ့ ဘေးချင်းယှဉ်လျှောက်ရင်း ခေါင်းငြိမ့်ပြလိုက်မိတယ်
။ လက်ညိုးထိုး မလွဲတဲ့ ပန်းခင်းတွေက အရောင်သွေးစုံစုံလင်လင်ပဲ ပတ်ဝန်းကျင်မှာ ဖြန့်ခင်းထားခံရတယ်
။
ဟူဒီအပွနဲ့ လက်ရှည်တွေပဲ ဝတ်လေ့ရှိတဲ့ ကာရန်ချိုကို
တီရှပ်လက်တိုနဲ့ တွေ့ရတာက မျက်လုံးထဲ အမြင်တစ်မျိုးဆန်းသစ်နေပြန်တယ် ။
" လရောင် အရင်က ပြင်ဦးလွင် ရောက်ဖူးလားဟင်
"
ဘေးချင်းယှဥ်ရပ်နေရာကနေ ကျွန်မကို မျက်နှာမူပြီးလက်နှစ်ဖက်ကိုလည်း
နောက်ပစ်လို့ ခြေလှမ်းကို နောက်ပြန်လျှောက်လာတယ် ။
" ချော်လဲမယ် "
" ဟင် ရောက်ဖူးလားလို့ "
" ကာရန် ချော်လဲမယ်လို့ "
" ဒီနေရာတွေက ကာရန် လျှောက်နေကျ ... အမေ့
! "
" ကာရန် ! "
စီးထားတဲ့ ရှူးဖိနပ်က မျက်စိမပါလေတော့ စွန်းထွက်နေတဲ့
သစ်ငုတ်တစ်ခုကို ခလုတ်တိုက်မိပါလေရော ။ ကြည့်မရတဲ့ ကိစ္စတွေကတော့ ပြန်စလာပါပြီ ။
လက်ကို လှမ်းဆွဲလိုက်မှ ကာရန်ချိုရဲ့ မျက်နှာက
ကျွန်မနဲ့ နီးနီးကပ်ကပ်ဆီကို ရောက်လာတယ် ။ လဲကျသွားမှာစိုးတဲ့စိတ်နဲ့ ခါးကို ဆွဲဖက်ထားမိတော့
သူဝတ်ထားတဲ့ တီရှပ်အပါးကြောင့် ကာရန်ချိုရဲ့ ခါးသွယ်သွယ်ကို လက်ပေါ်မှာ အတိုင်းသားခံစားမိနေတယ်
။
ကျွန်မ အမြဲတမ်း မြင်ဖူးတဲ့ ခပ်မှိန်မှိန်မျက်ဝန်းတွေက
ဒီတစ်ခါမှာတော့ ကြည်ကြည်လင်လင်ကလေး ဖြစ်နေရှာတယ် ။ ဝိုင်းစက်စက် အံ့ဩသွားသယောင် မျက်ဝန်းကြည်ကြည်ကလေးတွေ
။ ပါးပြင်ကို တိုးဝှေ့သွားတဲ့ လေပြေသွဲ့သွဲ့ဆီကနေ ပန်းရနံ့တွေကို ရတယ် ။
ဘုရားရေ ....
ကျွန်မ ဒီမိန်းမကို တကယ် ချစ်မိနေတာပဲ ။
" မတော်တဆ ... ဆိုတာ ဖြစ်တတ်တာပဲလေ ဟီး
"
ကာရန်ချိုရဲ့ ရွှတ်နောက်နောက် စကားသံကိုကြားမှ
လွှတ်ပေးဖို့ သတိရတယ် ။ သူ့ကို ဆက်ခနဲ လွှတ်ချပြီး အနည်းငယ်ယိုယွင်းသွားတဲ့ အပေါ်အင်္ကျီကို
ဆွဲချရင်း ဟန်ကိုယ့်ဖို့နဲ့ နေရတယ် ။ ရင်ဘတ်ကို မဖိမိအောင် သတိထားရတာကလည်း လွယ်မနေပါဘူး
။
" နမော်နမဲ့နဲ့ "
အဲဒီစကားက ကာရန်ချိုကို ပြောတာ မဟုတ်ဘဲ ထိန်းချုပ်ရခက်လွန်းတဲ့
ကိုယ့်ကိုယ်ကိုယ် ပြောတာ ဖြစ်နေမှန်းတော့ ကျွန်မ ကိုယ်တိုင်ပဲ သိမှာ ။
" ဟိုနားမှာ ထိုင်ရအောင် "
အရိပ်ရတဲ့ သစ်ပင်အောက်က ခုံတန်းလေးကို လက်ညှိုးထိုးရင်း
သူကတော့ အရင် ရောက်သွားတယ် ။
" လရောင် လရောင် ရန်ကုန်မှာ ကန်တော်ကြီး
ရှိတယ်မဟုတ်လား "
" အင်း "
" ရန်ကုန်က ကန်တော်ကြီးနဲ့ ပြင်ဦးလွင်က ကန်တော်ကြီး
ဘယ်တစ်ခုက ပိုလှလဲဟင် "
ဘယ်လို ကြောင်တောင်တောင် မေးခွန်းတွေပါလိမ့် ။
ရန်ကုန်နဲ့ မန္တလေးကို ရန်တိုက်ခိုင်းနေသလိုပါလား ။
" ဘယ်သိမလဲ "
" အာ လရောင်ကလည်း စဉ်းစားကြည့်ပါဦး ၊ ဘယ်ဟာက
ပိုလှလဲလို့ "
ကျွန်မရဲ့ လက်ကို လှုပ်ယမ်းလို့ မေးခွန်းထုတ်လာတဲ့
ကာရန်ချိုကို ပြန်မကြည့်ခဲ့သင့်ဘူး ။ ဟုတ်ပါရဲ့ ၊ တကယ် ပြန်မကြည့်ခဲ့သင့်ဘူး ။
ကျွန်မရဲ့ အဖြေကို စောင့်နေတဲ့ အဲ့ဒီဝိုင်းစက်စက်မျက်ဝန်းတွေထဲ
ခြေလွတ်လက်လွတ် ပြုတ်ကျသွားရတာ ။ အသက်ရှူတဲ့ လုပ်ငန်းစဉ်ကို ဘယ်လို လုပ်ရတာပါလိမ့်
။
" လရောင် ? "
ကျွန်မ မြင်နေရတဲ့ မျက်ဝန်းတွေထက် ပိုလှတဲ့အရာများ
ရှိနိုင်ပါ့ဦးမလား ။
" ကာရန် "
" ဟင် "
" ဟင် "
ခေါင်းထဲက စကားသံတွေကို လွှတ်ပေးဖို့ မသင့်တော်ဘူးဆိုတာကို
သတိရသွားတဲ့အချိန် ကာရန်ချိုရဲ့ အကြောင်ရိုက်သွားတဲ့ မျက်နှာကို တွေ့လိုက်ရတယ် ။
" ဪ ကာရန်က ဘာ ...ဘာတွေ မေးမှန်းမှမသိတာ
၊ သူ့အလှနဲ့ သူတော့ ရှိမှာပေါ့ "
အလိုမကျသလို ဆူထော်သွားတဲ့ နှုတ်ခမ်းတွေကို ကြည့်ရင်း
ရယ်လိုက်မိတယ် ။
" လရောင်လင်းတို့က အရှောင်အတိမ်းတော့ အရမ်းတော်တာနော်
"
" ဘယ်လိုကြီး ခေါ်လိုက်တာ "
" လရောင်လင်းလေ "
ကိုယ့်ရဲ့ နာမည်အရင်းကို သဘောမကျမိတဲ့ ပထမဆုံးအကြိမ်ပဲနဲ့
တူပါရဲ့ ။ မျက်မှောင်ကို ဘယ်လောက်တောင် ကျုံ့လိုက်မိသလဲဆို ကာရန်က သူ့ရဲ့ လက်ချောင်းတွေနဲ့
ဖြေလျှော့ပေးမှ သတိထားမိတဲ့အထိပဲ ။
" မခေါ်နဲ့ "
" မကြိုက်ဘူးလား "
" မကြိုက်ဘူး "
" လရောင်လင်း ဆိုတာလေ "
" ဟုတ်တယ် မကြိုက်ဘူး "
ကာရန်က ခေါင်းတငြိမ့်ငြိမ့်နဲ့ မတ်တပ်ထရပ်တယ်
။
" သွားရအောင် အခု လျှောက်မသွားရင် ညနေစောင်းသွားလိမ့်မယ်
လရောင်လင်းရဲ့ "
" မခေါ်နဲ့လို့ ပြောနေတယ်နော် "
" လရောင်လင်း "
" ကာရန်ချို ! "
ကျွန်မကို လျှာထုတ်ပြောင်ပြပြီး ထွက်ပြေးသွားတဲ့
ကာရန်ချိုကို ကြည့်ရင်း ဒေါသထွက်လာတဲ့စိတ်ကလေးက ဘယ်ချောင်ကပ်သွားမှန်း မသိဘဲ ရယ်ချလိုက်မိတယ်
။
" မပြေးနဲ့ ချော်လဲမယ် "
" ကိုယ့်ဟာကိုယ်သာ မလဲအောင် လျှောက်ပါ လရောင်လင်းရဲ့
"
" ကာရန်ချို ! "
" ကာရန့်နာမည်ကို ပြင်ဦးလွင်တစ်မြို့လုံးနီးပါး
သိပြီးသားပါ လရောင်လင်းက လိုက်မိတ်ဆက်ပေးနေစရာ မလိုပါဘူး "
" နေဦး အဲ့မှာ "
" ဘာလုပ်မလို့လဲ "
ခပ်လျော့လျော့ပဲ ချည်ထားတဲ့ ရှူးဖိနပ်ကြိုးကို
ခပ်တင်းတင်း ပြင်ချည်တော့ အကင်းပါးတဲ့ ကာရန်ချိုက
ဆက်ခနဲ ထပြေးပါလေရော ။
ပန်းခြံထဲ ပြေးတမ်းလိုက်တမ်း ဆော့နေတဲ့ မကြီးမငယ်နှစ်ယောက်ကို
လှမ်းဆူမယ့် လူကြီးတွေ မရှိတာတော့ သိပ်ကံကောင်းတာပါပဲ ။ လူအများလာလည်ကြတဲ့ ပိတ်ရက်သာဆို
ပတ်ဝန်းကျင် နှောင့်ယှက်မှုနဲ့ နှစ်ယောက်လုံး ဆွဲထုတ်ခံရမှာ ။
ကျယ်ပြန့်တဲ့ မြက်ခင်းစိမ်းတွေ ပေါ်မှာ ပြေးလွှားနေတဲ့
မိန်းကလေးနှစ်ယောက်က ဘဝမှာ ဘာအပူအပင်မှ မရှိခဲ့သလိုမျိုး မရှိတော့မလိုမျိုး ပျော်ရွှင်နေကြတယ်
။
ဖမ်းမိသွားတဲ့ လက်ဖျားကို လှမ်းဆွဲလိုက်တော့ ကာရန်ချိုက
ကျွန်မရဲ့အနားကို မငြင်မသာနဲ့ ရောက်ရှိလာတယ် ။ ရယ်သံတွေ မရပ်နားတမ်း ထွက်ပေါ်နေခဲ့ပြီးမှ
ကျွန်မက သူ့ရဲ့ ခါးကို သိုင်းဖက်ထားမိကြောင်း သတိထားမိတယ် ။
ကျွန်မရဲ့ မောဟိုက်နေတဲ့ ရယ်သံတွေ ရပ်သွားပေမယ့်
နားထဲမှာတော့ နှလုံးခုန်သံ ခပ်ပြင်းပြင်းက ပဲ့တင်ထပ်နေအောင် ကြားနေရတုန်းပဲ ။ ပြီးတော့
အဲဒါက သေချာပေါက် ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူး ။
" အဟမ်း ... မခေါ်နဲ့ အဲ့လို "
ခါးကို ဆက်ခနဲ လွှတ်လိုက်မိတော့ ကာရန်ချိုက သူ့ရင်ဘတ်ကို
သူဖိတယ် ။ သူကတော့ မောသွားလို့လား မပြောတတ်ပေမယ့် ကျွန်မကတော့ အဲဒီအကြောင်းအရာတစ်ခုတည်းကြောင့်
မဟုတ်ဘူး ။
" ခဏ ... ထိုင်ပြီးရင် ... ပြန် .... ပြန်ရအောင်
"
စကားတွေ ထစ်ငေါ့ပြီး ချာခနဲ လှည့်ထွက်သွားတဲ့
ကာရန်ချိုကို ကျွန်မ တအံ့တဩနဲ့ လိုက်ကြည့်နေမိတယ် ။ မဟုတ်မှ .... သူလည်း ကျွန်မလို
...
" ဘာလုပ်နေလဲ မြန်မြန်မလာဘဲနဲ့ "
ခေါင်းထဲက အတွေးတွေကို ဆက်ဖို့တောင် အချိန်မရဘဲ
ခြေလှမ်းတွေကို သူ့အနားတိုးကပ်လိုက်ရတယ် ။
" အမေ့ရဲ့ အကြိုက်ဆုံးအဆိုတော်က ဟေမာနေဝင်း
၊ လင်္ကာကကျ ဆုန်သင်းပါရ်ကို ကြိုက်တယ် "
" ကာရန်ကရော "
ကာရန်ချိုရဲ့ မျက်နှာမှာ အပြုံးခပ်သဲ့သဲ့ကလေးပေါ်လာတယ်
။ သူ့အမေနဲ့ အစ်မရဲ့ အကြောင်းပြောနေတဲ့အချိန်ဆို အတိတ်က ပျော်ရွှင်စရာတွေဆီကို အလည်သွားလေ့ရှိတယ်
ထင်ပါရဲ့ ။
" အမေနဲ့ လင်္ကာ "
" .... "
" ကျောင်းပိတ်ရက်တွေဆို အမေနဲ့ လင်္ကာက ကက်ဆက်ထဲ
တိတ်ခွေ ထည့်ပြီး သီချင်းတွေ လိုက်ဆိုကြတာ ၊ ကာရန်ကသာ အဲဒီအိုဟောင်းနေတဲ့ အရာတွေကို
ဘာလို့ ကြိုက်ကြတာလဲဆိုပြီး သဘောမကျခဲ့တာ "
တစ်ချက်တစ်ချက် ကြားရတဲ့ သီချင်းသံက ဖုန်းထဲက
လာတာ မဟုတ်ဘဲ ကက်ဆက်နဲ့ ဖွင့်တဲ့ အသံတွေ ဖြစ်နေတာပဲ ။
" လရောင်ကရော "
မြက်ခင်းပေါ်မှာ ထိုင်ချရင်း ရှေ့ကို ငေးနေတဲ့
ကာရန့်ဆီက မေးခွန်းတစ်ခု ထွက်လာတယ် ။ ပန်းတွေနဲ့ ပုံဖော်ထားတဲ့ Pyin Oo Lwin ဆိုတဲ့
စာလုံးတွေက ခပ်ဝေးဝေးကနေ မြင်နေရတာတောင် အရောင်အသွေးစုံစုံလင်လင်နဲ့ လှနေတုန်းပဲ ။
" ဘာကိုလဲ "
" ကာရန့်အကြောင်းတွေချည်း ပြောပြနေတာ ၊ လရောင်အကြောင်းကိုကျ
ကာရန်က ဘာမှ မသိဘူးလေ "
" မဟုတ်လည်း မော်မော်က ပြောပြမှာပဲကို
"
ကျွန်မရဲ့ အဒေါ်အပျိုကြီးက ဘယ်သူ့ကိုမှ မပြောပြရင်တောင်
ကာရန်ချိုကိုတော့ ကျွန်မရဲ့ အကြောင်းတွေ အကုန် ပြောပြမယ်ဆိုတာ သိသာပါတယ် ။
" ဒါပေမယ့် ကာယကံရှင် ပြောပြတာလောက်တော့
ဘယ်တိကျပါ့မလဲ "
ဒူးနှစ်ဖက်ပေါ် လက်ပိုက်လို့ ကျွန်မကို လှည့်ကြည့်လာတဲ့
မျက်ဝန်းညိုတွေက ဒီတစ်ခါတော့ နေရောင်အောက်မှာ တောက်တောက်ပပ တည်ရှိနေရှာတယ် ။ မှိန်နေတဲ့
မျက်ဝန်းတွေကို မကြည့်ချင်လိုက်တာ ။
" ဘာမှ မထူးခြားပါဘူး ၊ ရည်းစားထားတယ် လမ်းခွဲတယ်
၊ စိတ်ပြေလက်ပျောက် အဒေါ်အပျိုကြီးဆီ လာလည်တယ် ၊ ကာရန်နဲ့ တွေ့တယ် "
ကာရန့်ကို ချစ်မိသွားတယ် ။
မပြောဖြစ်သေးတဲ့ စကားလုံးတွေ ၊ ပြောဖြစ်ပါ့မလားဆိုတာ
မသေချာတော့တဲ့ စကားလုံးတွေ ။
" အများကြီး ချစ်ခဲ့တာကိုး "
" ကျွန်မ အများကြီး ချစ်ခဲ့လား မချစ်ခဲ့ဘူးလား
ကာရန်က ဘယ်လိုသိလဲ "
" လရောင်ရဲ့ မျက်လုံးတွေက ပြောပြနေတာပဲကို
"
မျက်မှောင်ကျုံ့ပြီး သူ့ကို လှည့်ကြည့်မိတော့
သူက ရယ်တယ် ။ မိန်းကလေးတစ်ယောက်ရဲ့ ရယ်သံတွေက လှပကြောင်း သိရှိပြီးတာလည်း ကြာပါပြီ
။
" ဒီလိုပါပဲ ၊ ချစ်တာတော့ ချစ်ခဲ့မှာပေါ့
။ မမှတ်မိတော့ဘူး "
မှတ်မထားတော့တာပါ ။ ခံစားချက်အဟောင်းတွေက ကျွန်မရဲ့
ပစ္စုပ္ပန်ကို ထိခိုက်စေမယ်ဆိုတာက အဓိပ္ပာယ်မှ မရှိတာ ။
" ဘယ်လိုဖြစ်ပြီး လမ်းခွဲခဲ့ကြတာလဲ
"
" မမေးရဲတာကို မရှိပါလား "
" မမေးရဲရင် သိရမှာမှ မဟုတ်တာ "
ကျွန်မရဲ့ စပ်စုစိန်လေးကတော့ သူ့ရဲ့ ရွှေအိုရောင်
ဆံနွယ်တွေအလား တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်မဆီက အဖြေကို မျှော်လင့်စောင့်စားနေရှာတယ်
။
" ဒီလိုပါပဲ "
" ဒီလိုပါပဲဆိုတာက ဘယ်လိုလဲဆိုတာ သိချင်တာလေ
"
သူ့ကို ကြည့်ပြီးရယ်မိတော့ မြက်ခင်းပေါ်ကို နောက်ပြန်လှဲချတယ်
။
" ပေကုန်မယ်လေ "
" လာလှဲကြည့် "
" မလှဲပါဘူး "
" လာပါ "
သက်ပြင်းကို ချပြီး မြက်ခင်းပေါ် လက်တင်လို့ လှဲချလိုက်မိတော့
တိမ်ဆိုင်တွေနဲ့ ဖုံးအုပ်ခံထားရတဲ့ ကောင်းကင်ပြာပြာကို တစွန်းတစတွေ့ရတယ် ။ တိမ်တွေထူထပ်နေတဲ့
အချိန်ဖြစ်တာကြောင့် နေကလည်း ကောင်းကောင်းမပွင့်နိုင်ရှာဘူး ။
" လရောင်ရဲ့ လျှို့ဝှက်ချက်တွေက ကာရန်နဲ့ဆို
လုံခြုံပါတယ် "
" လျှို့ဝှက်ထားတာ မဟုတ်ပါဘူး ၊ ပြန်ပြောပြဖို့အထိ
အရေးမပါတဲ့ အကြောင်းအရာတွေမို့လို့ "
" အကြောင်းအရာက အရေးမပါတာ မဟုတ်ဘဲ ကာရန်က
အရေးမပါတာများလား "
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
" အဲဒါဆို ကာရန်က အရေးပါတာလား "
ကျွန်မရဲ့ စကားကို အစ်အောက်ပြီးမေးနေတဲ့ မိန်းကလေးကို
တစ်ချက်လှည့်ကြည့်ပြီး ပြန်ထထိုင်လိုက်တယ် ။
" ပြန်ကြမယ် "
" ကာရန့်ရဲ့ အကြောင်းကို အခုလို ပြောပြဖူးတာ
လရောင်က ပထမဆုံးပဲ "
ရှူးဖိနပ်ပေါ်မှာ ပေကျံနေတဲ့ သဲတွေကို လက်နဲ့
ခါထုတ်ရင်းနဲ့ သူမသိအောင် ပြုံးလိုက်မိတယ် ။ အနည်းဆုံးတော့ ကျွန်မက ကာရန်ချိုရဲ့ စိတ်လုံခြုံရတဲ့
ရပ်ဝန်းတစ်ခု ဖြစ်နေပြီဆိုတဲ့ သဘောပဲ မဟုတ်လား ။
အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်မှာလည်း သူ သတိပေးစရာမလိုဘဲနဲ့
ကျွန်မ သူ့ရဲ့ ခါးကို ခပ်တင်းတင်းလေး ဆွဲဖက်ထားမိတယ် ။ စကားတွေ တတွတ်တွတ်ပြောနေတဲ့
ကာရန်ချိုကတော့ မသိလောက်ပေမယ့် ကျွန်မကတော့ ရင်ခုန်သံတွေကို စက်ဘီးတာယာအောက် ခက်ခက်ခဲခဲ
ထည့်လှိမ့်လာခဲ့ရပါတယ် ။
-
“ နောက် အားတဲ့ရက်ကျ ပွဲကောက်ရေတံခွန်ဘက်ကို သွားရအောင်
“
“ ရေမကြိုက်ဘူး “
“ လရောင်လင်းတို့က ခေါ်လိုက်ရင် ဘယ်နေရာမှ မကြိုက်ဘူးဆိုတာချည်းပဲ
“
“ မခေါ်နဲ့လို့ ! “
ကာရန်က စက်ဘီးကို ခြံထဲထည့်ရင်း ကျွန်မကို မျက်နှာပြောင်ပြတယ်
။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်နေတုန်း ဆိုင်ရှေ့က ခေါင်းလောင်းသံလေး မြည်လာတယ်
။
တံခါးဝကို ကြည့်မိတော့ မော်မော်နဲ့အတူ လူတစ်ယောက်
ထွက်လာတယ် ။ ကျွန်မရဲ့ ဘေးက ကာရန့်ရဲ့ ခြေလှမ်းတွေ တုန့်ခနဲ ရပ်တန့်သွားကြတယ် ။
“ အဖေ … “
ခပ်တိုးတိုး ခေါ်သံပေမယ့် ကျွန်မကတော့ ပြတ်ပြတ်သားသားကို
ကြားလိုက်ရတယ် ။ မော်မော့်ဘေးက လူက ကာရန်ကို ဖျက်ခနဲ ကြည့်ပြီး ခြေလှမ်းကြဲတွေနဲ့ ခြံထဲကနေ
ထွက်သွားတယ် ။ အဲဒီလူကို လိုက်ကြည့်ဖို့ထက် ကာရန်ချိုရဲ့ မျက်နှာကိုပဲ ကြွေရုပ်ကလေး
ကွဲအက်သွားမှာ ကြောက်နေတဲ့ လူတစ်ယောက်လိုမျိုး ကျွန်မက ကြည့်နေမိတာ ။
“ လရောင် … ကာရန် အပေါ်တက်တော့မယ်နော် ၊ လရောင်လည်း
နားလိုက်ဦး “
ကျွန်မ ကာရန့်ကို မတားပါဘူး ။ လှေကားပေါ်တက်သွားတဲ့
ကျောပြင်ကို ငေးရင်း သက်ပြင်းကို ချလိုက်မိတယ် ။ မော်မော်ကလည်း ကာရန့်ကို ဝမ်းနည်းနေတဲ့
အကြည့်တွေနဲ့ လိုက်ကြည့်နေတယ် ။
ကာရန်ပြောသလို ကျန်ခဲ့ရတဲ့ ခံစားချက်ဆိုတာ ကျန်ခဲ့ဖူးမှ
နားလည်မှာ ဆိုရင် စွန့်ပစ်ခံရတဲ့ ခံစားချက်ကိုလည်း စွန့်ပစ်ခံရဖူးမှ နားလည်မှာမဟုတ်လား
။
-