"အင်း..."
ငွေမှုံရဲ့ညည်းသံကြောင့် ဘုတ်အီး နိုးလာသည်။
ဒီနေ့ ခွေးပိန်ကအိမ်ပြန်မလာတာကြောင့် ဘုတ်အီးက ငွေမှုံနှင့်အတူ လာအိပ်သည်။
ဘုတ်အီး လှဲနေရာမှထလိုက်သည်။
"ငွေမှုံ..."
"ဘုတ်ဘုတ်..."
ငွေမှုံအသံက ခပ်တိုးတိုးနှင့်အားမရှိဟန်ပေါ်နေတာ
ကြောင့် ဘုတ်အီး ခေါင်းရင်းက ဓာတ်မီးကိုစမ်းကာ
ဖွင့်လိုက်သည်။
ငွေမှုံက ဗိုက်ကိုလက်ဖြင့်ဖိထားရင်း မျက်နှာက
ရှုမဲ့နေကာ ချွေးသီးချွေးပေါက်တွေလည်းကျနေ
သည်။ဘုတ်အီး စိုးရိမ်သွားသည်။
"ဘာဖြစ်လိုလဲ.."
"ဗိုက်...ဗိုက်..အောင့်လို့.."
"ဟင်...ဘယ်နားကအောင့်တာလဲ..."
"ဧည့်..သည်...လာ..နေ..တာ.."
ငွေမှုံက ခပ်တိုးတိုးပြန်ဖြေကာ ဒူးနှစ်ဖက်ကိုကွေး
နိုင်သမျှကွေး၍ထားကာ ဝေဒနါကိုအံကြိတ်၍ ခံ
နေသည်။
"ဒီလိုလုပ်နေလို့ဘယ်ဖြစ်မလဲ...အရမ်းအောင့်နေရင်
ဆရာဝန်သွားခေါ်လိုက်မယ်.."
"နောက်..ကျ..နေ..ပြီ...အား..နာ..ဖို့..."
"အာ...ကျန်းမာရေးကိစ္စပဲဟာကို.."
ဘုတ်အီးက ပြောပြောဆိုဆိုနှင့် ခြင်ထောင်ထဲကနေ
ထွက်သွားသည်။
အိမ်ခန်းထဲကထွက်လာပြီးနောက် တိုင်ကပ်နာရီဆီ
သို့ ဓာတ်မီးနှင့်ထိုးကြည့်လိုက်တော့ မနက်နှစ်နာရီ
ရှိပြီဖြစ်သည်။
အိမ်ရှေ့တံခါးကို မြန်မြန်သွားဖွင့်လိုက်ပြီးနောက်
သူ့အိမ်ဘက်သို့ထွက်သွားသည်။
"အမေ့...အမေ...အမေ့..."
အိမ်ရှေ့ကနေ ဘုတ်အီးရဲ့လှမ်းခေါ်သံကြောင့် မိလှိုင်
နိုးလာသည်။
အိပ်ရာထဲကနေ ဖြည်းဖြည်းချင်းထလိုက်ပြီးနောက်
လက်နှိပ်ဓာတ်မီးကို ယူလိုက်သည်။
"အမေ့...နီတွတ်..."
"ဘုတ်အီး..."
"အမေ...ငွေမှုံ ဗိုက်အောင့်နေလို့ သမီး ဆရာဝန်သွား
ပင့်လိုက်ဦးမယ်..သူနဲ့ခဏလောက်သွားစောင့်နေ
ပေးပါဦး.."
ဘုတ်အီး အိမ်အပြင်ကနေ သူ့အမေကိုလှမ်းပြော
လိုက်သည်။
"ဟေ...ဘယ်လိုဖြစ်ပြီး..."
မိလှိုင် ဓာတ်မီးကိုဖွင့်၍ အိမ်ရှေ့တံခါးဆီသို့ သွား
ကာ တံခါးဖွင့်လိုက်သည်။ပြီးနောက် လတ်လတ်
ကို လှမ်းပြောလိုက်သည်။
"မိလတ်..အမေနဲ့ခဏလိုက်ခဲ့စမ်း..နီတွတ်..တံခါး
ထပိတ်စမ်း..ကြားလားကောင်လေး.."
နီတွတ်နှင့်လတ်လတ် ခြင်ထောင်တစ်ခုချင်းစီကနေ
အိပ်မှုံစုတ်ဝါးဖြင့် ထွက်လာကြသည်။
နီတွတ်က အိပ်ချင်မူးတူးနှင့် အိမ်အပြင်လိုက်ထွက်
လာတာကြောင့် မိလှိုင် သူ့သားရဲ့လက်မောင်းကို
တစ်ချက်ရိုက်ကာ အိမ်ထဲသို့ပြန်တွန်းလိုက်သည်။
"တံခါးသေချာပိတ်ထား..မိလတ်..လာ.."
မိလှိုင်က လတ်လတ်ရဲ့လက်ကိုဆွဲကာ ငွေမှုံတို့အိမ်
ဘက်သို့ ကူးသွားသည်။
ဘုတ်အီး ဦးကျောက်ခဲရဲ့တဲရှေ့သို့ရောက် တဲရှေ့
က ကွပ်ပျစ်ဘေးမှာရပ်ထားသည့် ဆိုက်ကားကို
တွေ့လိုက်တာကြောင့်
"ဦးကျောက်ခဲ...ဦးကျောက်ခဲ..."
"ဘယ်သူလဲကွ.."
ဦးကျောက်ခဲက ကွပ်ပျစ်ပေါ်မှာ မူးပြီးအိပ်ပျော်နေ
ရာမှ ဘုတ်အီးရဲ့ခေါ်သံကြောင့် နိုးလာသည်။
ကမူးရှူးထိုးနှင့် ငုတ်တုတ်ထထိုင်ပြီး ဘုတ်အီးကို
ပြန်မေးသည်။
ဘုတ်အီး ကွပ်ပျစ်အနားသို့ သွားလိုက်သည်။
"သမီး ဘုတ်အီးပါ... ဆိုက်ကားငှားချင်လို "
"မလိုက်ဘူး ဆိုက်ကားထွက်ချိန်မဟုတ်ဘူး.."
ဦးကျောက်ခဲက မျက်လုံးတွေမဖွင့်ပဲ လက်ခါပြကာ
ငြင်းသည်။ပြီးနောက် ကွပ်ပျစ်ပေါ်သို့ ပြန်လှဲလိုက်
လေသည်။
"လူမလိုက်ချင်လဲ ဆိုက်ကားငှားလိုက် ဆရာဝန်ပင့်
ချင်လို့.."
"အေး..ယူသွား..ရတယ်.."
ဦးကျောက်ခဲက ဒီတစ်ခါတော့လက်ခံသည်။
ဘုတ်အီး တဲရှေ့နားရှိ ကွပ်ပျစ်ဘေးမှာရပ်ထား
သော ဆိုက်ကားကိုတွန်း၍ ထွက်လာလိုက်သည်။
ပြီးနောက် အိမ်ဘက်သို ပြန်လှည့်လာလိုက်သည်။
"အမေ...ငွေမှုံ ထနိုင်ရဲ့လား...တစ်ခါထဲခေါ်သွား
မလို့...သွားလိုက်ပြန်လိုက်နဲ့အချိန်ကုန်တယ်.."
"အေး..အေး...နေဦး.."
မိလှိုင် အိမ်ခန်းထဲသို့ဝင်လာကာ ငွေမှုံကို ကူတွဲ
လိုက်သည်။
ပြီးနောက် အပြင်သို့ခေါ်ထုတ်လာလေသည်။
"မိလတ်လိုက်ခဲ့ အမေ အိမ်စောင့်နေခဲ့ချေ"
ဘုတ်အီးက သူ့ညီမကိုခေါ်သည်။
"နင်တို့သုံးယောက်ထဲ ဖြစ်ပါ့မလား"
"ဖြစ်ပါတယ်အမေရဲ့..ကိုယ့်ရပ်ကွက်ထဲပဲဟာကို..."
ငွေမှုံကို ဆိုက်ကားပေါ်သို့ ဝိုင်းကူ၍ တင်ပေးလိုက်
ကြသည်။
ဘုတ်အီးက ဆိုက်ကားကိုမနင်းပဲ လတ်လတ်နှင့်
နှစ်ယောက်အတူ တွန်းလာခဲ့ကြသည်။
လမ်းထိပ်က ကင်းတဲနားသို့ရောက်တော့ ကင်းလှည့်
ကျနေသည့် ကိုသိန်းစိုးက သူတိုကိုတွေ့ကာ
"ဟဲ့..ညည်းတို့ ဒီအချိန်ကြီး ဘာဖြစ်လာကြတာလဲ
ဘယ်သွားကြမလို့လဲ"
"ငွေမှုံကို လေးလေးပြုံးချိုတို့အိမ်လိုက်ပို့မလို့..
ဗိုက်အောင့်လို ဆရာမနဲ့သွားပြမှာ.."
ဘုတ်အီးက ဆိုက်ကားကိုတွန်းနေရင်းပြန်ဖြေသည်။
ကိုသိန်းစိုးကြီးက ကင်းတဲပေါ်ကနေဆင်းကာ
"အေးအေး...သွား...ငါ ဒီကနေလှမ်းကြည့်နေမယ်..
ဟိုဘက်ရောက်ရင်လည်း မီးသတ်ကကင်းအဖွဲ
တော့ရှိပါတယ်"
"ဟုတ်ကဲ့ကိုကြီးသိန်း"
ဘုတ်အီး သိန်းစိုးကိုပြန်ဖြေပြီးနောက် ဆိုက်ကားကို
ဆရာမယုတို့အိမ်အထိ ခပ်သွက်သွက်တွန်းလာခဲ့
ကြပြီး အိမ်ရှေ့ရောက်သည်နှင့် ဘုတ်အီးက
"ဆရာမ...ဆရာမ...လေးလေးပြုံးချို..."
နှစ်ခါ သုံးခါလောက် အော်ခေါ်လိုက်တော့ အိမ်ထဲက
နေ ဓာတ်မီးရောင်တစ်ချက် လက်ခနဲ မြင်လိုက်ရ
သည်။
မိနစ်အနည်းငယ်အတွင်း အိမ်တံခါးပွင့်လာသည်။
"လေးလေးပြုံးချို ဆရာမရှိလားဟင်..ဒီမှာ ငွေမှုံ
ဗိုက်အောင့်လို့ ဆရာမနဲ့ပြဖိုခေါ်လာတာ.."
"အေးအေး..ရှိတယ်..."
ပြုံးချို အိမ်ပေါ်ကနေ ခပ်သွက်သွက်ဆင်းလာပြီး
ခြံတံခါးသွားဖွင့်ပေးလိုက်သည်။
"ခြံထဲ တွန်းဝင်လာခဲ့လိုက် "
ဘုတ်အီး ဆိုက်ကားကို ခြံထဲသို့ တွန်းဝင်လိုက်သည်။ငွေမှုံကတော့ ဗိုက်ကိုလက်နှင့်ဖိ၍ ညည်း
နေသည်။
ယု အပြင်သို့ ထွက်လာသည်။ဘုတ်အီးတို့ကိုမြင်သည်နှင့်
"ဘာဖြစ်တာလဲ ဘုတ်အီး "
"ရာသီလာလို့ ဗိုက်အောင့်နေတယ်တဲ့ ဆရာမ.."
"လာလာ..အိမ်ပေါ်ကို ခေါ်ခဲ့လိုက်ကြ.."
ယု အိမ်ပေါ်သို့ ခပ်သွက်သွက်ပြန်တက်သွားလိုက်
ကာ ဆေးအိတ်ကိုသွားယူလေသည်။
ဘုတ်အီးနှင့်ပြုံးချိုက ငွေမှုံကို ကူတွဲ၍ အိမ်ပေါ်သို့
ခေါ်လာခဲ့ကြသည်။
ဧည့်ခန်းမှာပဲ ဖြာတစ်ချပ်ခင်းလိုက်ကာ ငွေမှုံကို
လှဲစေလိုက်သည်။
"နေဦး မီးထွန်းပေးမယ်"
ပြုံးချိုက ဘတ္ထရီအိုးနှင့်မီးချောင်းကို ဧည့်ခန်းသို့
ယူလာကာ မီးဖွင့်ပေးသည်။
အိမ်လေးထဲ အခုမှ လင်းလင်းထင်းထင်းဖြစ်သွား
သည်။
ယုက ငွေမှုံကို သေချာစမ်းသပ်ကြည့်ပြီးနောက်
ဆေးတစ်လုံးထိုးပေးသည်။
"ခဏနေရင် သက်သာသွားလိမ့်မယ်.."
"ဟုတ်.."
ပြီးနောက် သောက်ဆေး ထုတ်ပေးသည်။
သောက်ရမည့်အချိန်နှင့်အကြိမ်ရေကို ပြောပြပေး
သည်။
"ဓမ္မတာလာချိန် အအေးမမိစေနဲ့.. နွေးနွေးထွေး
ထွေးနေ..ဒီနေ့ မိုးကလည်းအေးတယ်.."
"ဟုတ်ကဲ့..."
"အစားအသောက်ကိုလည်း အာဟာရရှိအောင်စား
သွေးပေါင်ချိန်လည်း နည်းနည်းကျနေတယ်..
နော်..ရေများများသောက်.."
"ဟုတ်ကဲ့ ဆရာမ.."
ငွေမှုံက အခုမှ မျက်နှာလေးအနည်းငယ် ပြန်ရွှင်
လာသည်။ဘုတ်အီးလည်း အခုမှ သတိရသည်။
ဆေးဖိုးပေးရန် ပိုက်ဆံပါမလာချေ။ ကရောသော
ပါးနှင့်ထွက်လာခဲ့ရ၍ ပိုက်ဆံယူဖို့မေ့လာခဲ့လေသည်။
"ဟို...ဆရာမ...ဆေးဖိုးကို မနက်မှ..သမီးလာပေး
မယ်နော်..လောလော လောလောနဲ့ထွက်လာခဲ့တာ
ပိုက်ဆံယူဖို့မေ့လာခဲ့လို့.."
"မပေးနဲ့ ဘုတ်အီး... ဆေးဖိုးပေးမယ့်ပိုက်ဆံကို
ငွေမှုံကို အားရှိမယ့်အစားစာတွေ ချက်ကျွေး
လိုက်နော်..ကြက်စွပ်ပြုတ်.. ကြက်ဥပြုတ်လေး
စားပေး..ရေနွေးအဖြူထည်သောက်ပေးနော်.."
"ဟုတ်ကဲ့ ဆရာမ "
ငွေမှုံက လှဲနေရာမှထလိုက်ပြီး ပြုံးချိုနှင့်ယုကို
ကန်တော့လိုက်သည်။
ပြုံးချိုနှင့်ယုက ငွေမှုံကို ဆုပြန်ပေးသည်။
ပြီးနောက်
"ကဲကဲ...လေးလေးပြန်လိုက်ပို့မယ်..."
"ရတယ်လေးလေး...မီးသတ်မှာကင်းစောင့်နေတဲ့
ကိုဗလတို့အဖွဲက စောင့်ကြည့်ပေးမယ်တဲ့.."
"အေးပါအေးပါ...ဒါဆိုလည်း သွားကြ...ထီးမပါ
ဘာမပါနဲ့ မိုးရွာရင် မိုးမိနေကြဦးမယ်.."
"ဟုတ်ကဲ့လေးလေး.."
"ဆရာမကော လေးလေးကိုရော ကျေးဇူးတင်ပါ
တယ်နော်.."
"အေးပါကွာ...ပြောစရာမလိုပါဘူး...ကျန်းမာရေး
ဂရုစိုက်ကြ..."
"ဟုတ်ကဲ့.."
သူတို့သုံးယောက် ပြုံးချိုတို့အိမ်ကနေ ပြန်လာခဲ့
ကြသည်။
အပြန်၌ ဘုတ်အီးက ဆိုက်ကားကိုဖြည်းဖြည်းချင်း
နင်းလာခဲ့သည်။
မီးသတ်ကင်းတဲရှေ့ကအဖြတ် ဗလတို့အဖွဲ့ကို နှုတ်
ဆက်လိုက်သည်။
"ကိုကြီးဗလ...သမီးတို့ အိမ်ပြန်ပြီနော်"
"အေးအေး...ငါတို့ ဒီကလှမ်းကြည့်နေမယ်"
"ဟုတ်.."
မီးသတ်ရုံကင်းတဲက ပြုံးချိုတို့လမ်းထိပ်မှာဖြစ်ပြီး
ဘုတ်အီးတို့လမ်းထိပ်နှင့် သုံးဖာလုံလောက်သာ
ဝေးတာကြောင့် လှမ်းမြင်နေရလေသည်။
လမ်းထိပ်သို့ရောက်တော့ ကိုသိန်းစိုးက သူတို့ကို
ကင်းတဲရှေ့ကနေ ရပ်စောင့်နေတာကို တွေ့လိုက်
ရသည်။
"အဆင်ပြေခဲ့ကြရဲ့လား"
"ပြေခဲ့တယ်ကိုကြီးသိန်းရေ ကျေးဇူးပဲနော်"
"အေးပါအေးပါ.."
ဘုတ်အီး ဆိုက်ကားကို ဦးကျောက်ခဲရဲ့အိမ်ရှေ့မှာ
ရပ်လိုက်သည်။
"နင် လမ်းလျှောက်နိုင်လားငွေမှုံ "
"အင်း..ငါ လျှောက်လို့ရတယ်"
"ဒါဆို ဆိုက်ကားကို တစ်ခါထဲပြန်ထားခဲ့လိုက်တော့
မယ်..ပိုက်ဆံတော့မနက်မှပဲ ပေးတာပေါ့"
"အင်း..."
ငွေမှုံနှင့်လတ်လတ် ဆိုက်ကားပေါ်ကနေ ဆင်းလိုက်
ကြသည်။
ဘုတ်အီး ဆိုက်ကားကိုတွန်း၍ ဦးကျောက်ခဲအိပ်နေ
သည့်ကွပ်ပျစ်အနားမှာ ပြန်ထားလိုက်ကာ အိပ်
ပျော်နေသည့် ဦးကျောက်ခဲကို လှုပ်နှိုးလိုက်သည်။
"ဦးလေးကျောက်ခဲ...ဦးလေးကျောက်ခဲ...
ဆိုက်ကားပြန်ထားခဲ့ပြီနော်...ဆိုက်ကားခကတော့
မနက်ကျမှပဲ လာပေးတော့မယ်"
"အေးအေး..."
သူတို့သုံးယောက် အိမ်ဘက်သို့ ခြေလျင်ဆက်
လျှောက်လာခဲ့လိုက်ကြသည်။
အိမ်ကိုပြန်ရောက်တော့ မိလှိုင်က ငွေမှုံကိုကြည့်ကာ
"သက်သာသွားပြီလား.."
"ဟုတ်..သက်သာသွားပြီ ဒေါ်လေး.."
"အေး...ညည်း ညနေကရေချိုးတာလည်း နောက်
ကျတယ်မဟုတ်လား..နောက်တစ်ခါကျရင် ဂရု
စိုက် မပေါ့နဲ့အေ့..ခြေထောက်မအေးစေနဲ့..ခြေ
ထောက်အေးတော့အပေါ်ကိုတက်ကိုက်တာ...
ဘယ်လောက်ခံရခက်တယ်မှတ်လဲ.."
"ဟုတ်တယ် ဒေါ်လေးရယ်...သမီးလည်း ကျိတ်
မှိတ်ပြီးနေကြည့်သေးတယ်...အရမ်းနာလာတော့
ဘုတ်အီးလည်း နိုးလာတယ်...သမီးကြောင့် အိပ်
ရေးပျက်ကုန်ကြပြီ..."
"အိပ်ရေးပျက်တာကဘာမှမဖြစ်ဘူး..ပြန်အိပ်လို့
ရတယ်...ဆရာမဆီကိုသွားလိုက်တာလည်း
ကောင်းတယ်...ကျုပ်တို့တုန်းကတော့ ရေနွေး
ပုလင်းကပ်ရဘာကပ်ရနဲ့အေ...အခု ရေနွေးက
လည်း အဆင်သင့်မရှိဘူး.."
"ဆရာမက ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေး
လည်းပေးလိုက်တယ်...ဆေးဖိုးလည်းမယူလိုက်
ဘူး.."
"ညည်းတို့ပိုက်ဆံရောပါသွားလို့လား"
"မပါဘူး..ဦးကျောက်ခဲကြီးကိုတောင် ဆိုက်ကားခ
မပေးရသေးဘူး..မနက်မှပဲ ပေးမယ်လို့ပြောလာခဲ့
တယ်..တော်သေးလို့..ဒီနေ့ သူ ဆိုက်ကားကို အုံနာ
ပြန်မအပ်ဘူးထင်တယ်.."
"ညနေကတည်းက မူးပြီးမှောက်နေတာကို ဘယ်အပ်
နိုင်မလဲ..ကဲကဲ...စောသေးတယ်..ပြန်အိပ်ကြဦး
တို့သားမိလည်း ပြန်ကြမယ်..တစ်ခုခုဆို လှမ်းခေါ်
လိုက်.."
"ဟုတ်ကဲ့.."
မိလှိုင်နှင့်လတ်လတ် ပြန်သွားကြသည်။ ဘုတ်အီး
လည်း ခြံတံခါးလိုက်ပိတ်ပြီးနောက် အိမ်ပေါ်ပြန်
တက်လာကာ အိမ်တံခါးချက်ချ၍ အိမ်ခန်းထဲသို့
ပြန်ဝင်လာခဲ့သည်။ အိပ်ရာပေါ်မှာထိုင်နေသည့်
ငွေမှုံကိုကြည့်လိုက်ပြီး
"သက်သာလား အောင့်နေသေးလား"
"ဟင့်အင်း...မအောင့်တော့ဘူး.."
"အိပ်အိပ်...အိပ်ရေးဝအောင်...သွေးပေါင်လည်း
ကျနေတယ်လို့ပြောတယ်မလား.."
"အင်း.."
ငွေမှုံ အိပ်ရာပေါ်လှဲချလိုက်သည်။ဘုတ်အီးလည်း
ခြင်ထောင်ကိုပြန်ချလိုက်ပြီး ငွေမှုံဘေးမှာ ပြန်လှဲ
ကာ အိပ်လိုက်သည်။
..........
ငွေမှုံ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်သည်။
ခွေးပိန်က သူ့သမီးကို ရန်ကုန်တက္ကသိုလ် နေ့သင်
တန်းကျောင်းထားမည်ဟု ပြောသည်။
"ငွေရေးကြေးရေး ဘာမှမပူနဲ့သမီး တက္ကသိုလ်
ကျောင်းသူဘဝဆိုတာရခဲတယ်...ကျောင်းမှာ
လူငယ်ဘဝကို ဖြတ်သန်းလိုက်စမ်းပါ...ဖေဖေတို့
ဆို အဲ့လိုနေခဲ့ရတာတောင်မဟုတ်ဘူး...ဖေဖေက
ငါ့သမီးကို ဘွဲ့ရ ပညာတတ်ကြီးဖြစ်စေချင်တာ..
ဟောဒီ့အိမ်နံရံမှာ ငါ့သမီးရဲ့ ဘွဲဓာတ်ပုံကိုလေ
တစ်ခန်းလုံးအပြည့်ဗွီနိုင်းကြီးထုတ် ကပ်ထားလိုက်
ဦးမှာ...ကြားလား...တက္ကသိုလ်သွားတက်...ငွေရေး
ကြေးရေးက ဖေဖေ့တာဝန်..ငွေရှာရမှာဖေဖေ့တာဝန်
ငါ့သမီးက ဘွဲတစ်ခုရအောင်ပဲကြိုးစား...ဟုတ်ပြီ
လား..."
"ဟုတ်ကဲ့ ဖေဖေ...သမီး တစ်ခုလောက်ဖေဖေ့ကို
တောင်းဆိုချင်တယ်"
"ဘာများလဲသမီးရဲ့..တစ်ခုမကဘူး...ဆယ်ခုဆိုလဲ
ရတယ်..ဘာလဲပြော.."
ခွေးပိန်က သူ့သမီးကို လက်ဆယ်ချောင်းထောင်ပြ
ကာ တက်တက်ကြွကြွနှင့်ပြန်ပြောသည်။
"သမီးကို အပ်ချုပ်စက်တစ်လုံးလောက်ဝယ်ပေး
ပါလားဟင်...ပြီးတော့ ဒေါ်ကြီးစိုးဆီမှာ စက်ချုပ်
သင်ချင်တယ်..ကျောင်းမတက်ရသေးခင် အားနေ
တဲ့အချိန်လေး အကျိုးရှိအောင်လို့ပါ...စက်ချုပ်
တတ်ထားတော့ ကိုယ့်အဝတ်ကိုယ်ချုပ်ဝတ်လို့
ရတာပေါ့..နော်...ဖေဖေ.."
"အေးပါ..အေးပါ..သမီးလိုချင်ရင် ဝယ်ပေးမယ်
ဒါပေသိ တစ်ခုတော့ပြောထားမယ်နော်...ကိုယ့်
အဝတ်ကိုယ်ချုပ်ဖို့ဝယ်ပေးတာ...ချုပ်ထည်လက်ခံ
ဖို့မဟုတ်ဘူးနော်..."
"ဟုတ်ကဲ့ပါဖေဖေရဲ့..."
"ကောင်းပြီ..ဖေဖေ ဒီတစ်ပတ်ရန်ကုန်သွားတဲ့အခါ
စုံစမ်းပြီးဝယ်လာခဲ့မယ်..."
.................
ငွေမှုံ ရေချိုးပြီးနောက် သနပ်ခါးသွေးနေသည်ကို
ဘုတ်အီးက အိပ်ရာပေါ်မှာ ဝမ်းလျားမှောက်၍
လက်နှစ်ဖက်နှင့် မေးကိုထောက်ထားရင်းက
ငွေမှုံကို လှမ်းကြည့်နေသည်။
အရင်နေ့တွေလို စကားမပြောပဲ တိတ်ဆိတ်နေသည့်
ဘုတ်အီးကြောင့် ငွေမှုံ သနပ်ခါးလိမ်းဖို့ပြင်နေရာမှ
မှန်ထဲကနေ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ဘုတ်အီးက သူမကို ငေးကြည့်နေတာကိုမြင်တော့
"ဘာတွေတွေးနေတာလဲ ဘုတ်ဘုတ်..ငါ လှလို
ကြည့်မဝဖြစ်နေတာလား.."
"ငါက နင့်ကိုကြည့်စရာလား..ငါ့ဘာသာတွေးနေတာ
နင့်ကို ကြည့်ချင်လို့ကြည့်နေတာမဟုတ်ဘူး..."
ဘုတ်အီးက ပြောကာဆိုကာနှင့် ဝမ်းလျားမှောက်
ထားရာက ထလိုက်ပြီးနောက် ငွေမှုံကိုကျောခိုင်း၍
အခန်းတံခါးဆီသို့ အကြည့်လွှဲလိုက်သည်။
ငွေမှုံ ရယ်လိုက်ပြီး
"ဘာတွေများတွေးနေတာလဲ ပြောပါဦး"
"နင်သိစရာမလိုပါဘူး..."
ဒီတစ်ခါမှာတော့ ဘုတ်အီးက အခန်းထဲကပါ ထွက်
သွားလေသည်။
ငွေမှုံ သူ့ကို နားမလည်ဟန်နှင့် လည်ပြန်လှည့်ကြည့်
လိုက်သည်။
"ဘာဖြစ်သွားတာလဲ..နေရင်းထိုင်ရင်း ရန်လိုနေတယ်"
ဘုတ်အီးက ငွေမှုံအခန်းထဲကထွက်လာပြီး အိမ်ရှေ့
တံခါးဝမှာ သွားထိုင်နေပြန်သည်။
"ဟင်း..."
သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် အပြင်ဘက်
ကို ငေးကြည့်နေတုန်း အိမ်ရှေ့ကနေ ဖြတ်သွားသည့်
ပီတာခန့်မော်ကို တွေ့လိုက်ရသည်။
ဘုတ်အီး သူ့ကို သတိထားမိသွားသည်။
ပီတာက ရိုးရိုးတန်းတန်း ဖြတ်သွားခြင်းမျိုးမဟုတ်ပဲ
အိမ်ဘက်သို့ လှည့်ကြည့်လှည့်ကြည့်လုပ်သွားတာ
ကြောင့် ဘုတ်အီး မျက်ခုံးတွေဟာ အတွင်းဘက်သို့
စိုက်ကျသွားလေသည်။
"ဒီကောင်...ဘာလဲဟ.."
ပီတာက စက်ဘီးကိုမစီးပဲ တွန်း၍ ခေါက်တုံခေါက်
ပြန်ဖြတ်နေသည်။
ဘုတ်အီး ထိုင်ရာမှ ထလိုက်သည်။လုံခြည်ကိုပြင်
ဝတ်လိုက်ပြီးနောက် ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
ခြံရှေ့မှာ လက်တစ်ဖက်ကို ခါးပေါ်တင်၍ ထောက်
ထားလိုက်ပြီး ပီတာ့ကို ရှူတည်တည်နှင့်ကြည့်နေ
လိုက်သည်။
ပီတာက ဘုတ်အီးကိုမြင်သည်နှင့် ရယ်ပြသည်။
"ဘုတ်အီး...ဟဲဟဲ"
"နင် ဒီရှေ့မှာ ဘာလုပ်နေတာလဲ...ဖြတ်လျှောက်နေ
တာ..မြောင်းတောင်ပေါက်တော့မယ်"
"ဟို...ငါ...ဟို..."
ပီတာက ဘာဆက်ပြောရမှန်းမသိ။သူ့လက်ညှိးက
ဘုတ်အီးဘက်ကို ထိုးပြလိုက်။သူ့ကိုယ်သူ ပြန်ထိုး
ပြလိုက်နှင့်။အလုပ်ရှုပ်နေပြီး မျက်နှာကလည်း
မချိုမချဥ်ရုပ် ဖြစ်နေတာကြောင့် ဘုတ်အီး စိတ်
မရှည်တော့ချေ။
"ပီတာ...ငါ့ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူး
နော်..."
"ဟို...ဟို...ငါ့ရင်ထဲမှာတော့ ပန်းတွေပွင့်နေတာဟ...
ဟို...ဘယ်...ဘယ်လို..ပြော..ပြော...ရမှန်းတောင်..
မသိဘူး...နင်...သြော်....ဟို...ငါ...ပေးစရာရှိလို..."
ပီတာက စက်ဘီးလက်ကိုင်မှာချိတ်ထားသည့်
အိတ်တစ်လုံးကိုဖြုတ်၍ ဘုတ်အီးဆီသို့ကမ်းပေး
ကာ
"ငါ လက်ဆောင်ပေးတာ...ရော့.."
ပီတာက အိတ်ကို ဘုတ်အီးရဲ့လက်ထဲသို့ အတင်း
ထည့်ပေးပြီးနောက် စက်ဘီးကိုတွန်း၍ တချိုးတည်း
ပြန်လစ်ပြေးလေတော့သည်။
ဘုတ်အီး သူ့လက်ထဲကအိတ်ကိုကြည့်လိုက်။ပီတာ့
ကိုကြည့်လိုက်နှင့် အူလည်လည်ဖြစ်ကာ ကျန်ခဲ့
သည်။
"ဘုတ်ဘုတ်..."
ငွေမှုံ အိမ်ပေါ်ကနေ ဘုတ်အီးကိုလှမ်းခေါ်လိုက်
တော့ ဘုတ်အီး ခြံအပေါက်ဝမှာရပ်နေရာမှ နောက်
သို့လှည့်ကြည့်လိုက်သည်။
ပြီးနောက် အိမ်ဘက်သို့ ပြန်လှည့်လာခဲ့လိုက်သည်။
ငွေမှုံက ဘုတ်အီးလက်ထဲက အိတ်ကို တစ်ချက်
ကြည့်ကာ
"ဘာထုပ်ကြီးလဲ"
"မသိဘူး..ပီတာပေးသွားတာ"
"ဟင်..."
ငွေမှုံက အံ့သြဟန်နှင့် ဘုတ်အီးရဲ့လက်ထဲကအထုပ်
ကို ယူလိုက်ပြီး အထုပ်ထဲသို့ တစ်ချက်ကြည့်လိုက်
သည်။
"ဟင်...အလှပြင်ပစ္စည်းတွေ.."
"ဘာ..."
ဘုတ်အီးက ငွေမှုံစကားကို သေချာအောင်လို့
အထုပ်ထဲသို ငုံကြည့်လိုက်သည်။
ပီတာပေးသည့် အိတ်ထဲမှာပါလာသည်က
ပရိုမီနာမိတ်ကပ်တစ်ဘူး၊နှုတ်ခမ်းနီတောင့်တစ်
တောင့်၊ပေါင်ဒါဘူးတစ်ဘူး နှင့်မျက်ခုံးမွေးဆွဲတံ
တစ်ချောင်းဖြစ်လေသည်။
"ဒီကောင် နင့်ကို လာကြောင်တာဖြစ်မယ်... "
ဘုတ်အီးက သုန်မှုံနေသည့်မျက်နှာထားနှင့် ငွေမှုံ
ကိုပြောသည်။
ပြီးနောက် လက်ဝါးပေါ်သို့ လက်သီးဖြင့် တဖြောင်း
ဖြောင်းထုလိုက်ကာ အံကြိတ်၍
"ငါ ရှိနေတာတောင်မှ ဒင်းက အတင့်ရဲသေးတာ
တွေ့ဦးမယ်.. ပေး..အဲ့ဟာတွေ...လွှင့်ပစ်မယ်"
"အာ...နှမြောစရာကြီးကို..."
ဘုတ်အီးက ငွေမှုံလက်ထဲကအထုပ်ကို ဆွဲယူပြီး
ပြောလိုက်တော့ ငွေမှုံက အိတ်ကို လက်နှစ်ဖက်နှင့်
ပြန်ဆွဲထားရင်းက ဘုတ်အီးကို ပြန်ပြောသည်။
ဘုတ်အီး ငွေမှုံကို စူးစူးရဲရဲနှင့် ကြည့်လိုက်သည်။
ငွေမှုံက အိတ်ကိုသူ့ရင်ဘက်ထဲမှာ ပိုက်ထားရင်းက
"လွှင့်ပစ်မယ့်အတူတူ လတ်လတ်ကို ပေးသုံးလိုက်
ပါ လတ်လတ်က မိတ်ကပ်ပြင်ရတာကြိုက်တယ်"
"မသုံးဘူး...ဒီပစ္စည်းကို လက်ခံထားလိုက်ရင် ဒီ
ကောင်က နောက်လည်း ဒါမျိုးတွေ ထပ်လုပ်နေ
မှာ...နင်က သူ့ကိုကြိုက်လို့လား..."
"အာ..မကြိုက်ပါဘူး...ရော့...ရော့.. နင့်ဘာသာ
လုပ်ချင်သလိုလုပ်တော့.."
ဘုတ်အီး လေသံမာမာနဲ့မေးလိုက်တော့ ငွေမှုံက
သူ့လက်ထဲမှာပိုက်ထားသည့်အထုပ်ကို ဘုတ်အီးရဲ့
လက်ထဲသို့ အတင်းထိုးထည့်ပေးရင်းက ခါးခါးသီး
သီးငြင်းလေသည်။
"ဒါပေမယ့် နှမြောစရာကြီးဟ လတ်လတ်ကိုမဟုတ်
ရင်တောင် တခြားတစ်ယောက်ကိုပေးလိုက်ပါဟာ"
ဘုတ်အီး အထုပ်ကိုကိုင်ထားရင်းက စဥ်းစားလိုက်
သည်။နောက်တော့ ခေါင်းထဲမှာ ဖြတ်ခနဲ အကြံတစ်
ခုပေါ်လာလေသည်။
"အေးလေ...နင်ပြောတာလည်းဟုတ်တာပဲ...ဒါတွေ
အားလုံးပေါင်းရင် နှစ်ထောင်ကျော် သုံးထောင်
လောက်တော့ရှိမယ်နော်..ဒီကောင် ဒီလောက်များ
တဲ့ပိုက်ဆံတွေ ဘယ်ကရလဲမသိဘူး...လွှင့်ပစ်ဖို့
တော့ နှမြောဖိုကောင်းပါတယ်...တစ်ယောက်
ယောက်ကို ပေးလိုက်မယ်.."
"အင်း.."
နောက်တစ်နေ့ကျတော့ ဘုတ်အီးတစ်ယောက် ပီတာ
ပေးသည့်အထုပ်ကိုကိုင်၍ မျိုးအေးတို့အိမ်ဘက်သို့
ထွက်လာခဲ့လေသည်။
"ကတုံး...အဲ...မျိုးအေးရေ...မျိုးအေး..."
မျိုးအေး၏ငယ်နာမည်က ကတုံးမ ဖြစ်သည်။
အသက်ဆယ်နှစ်လောက်အထိ သူ့မှာ ဆံပင်ထားရ
သည်ဆိုတာမရှိ။ သန်းထူ၍ သူ့အမေက ခဏခဏ
ကတုံးတုံးပေးရင်းက ကတုံးမအမည်တွင်ခဲ့ခြင်း
ဖြစ်သည်။
အပျိုဖော်ဝင်စအရွယ်ကိုရောက်တော့ ထိုသို့အခေါ်
ခံရသည်ကိုရှက်လာတာကြောင့် သူ့ကို မျိုးအေးဟု
သာ ပြောင်းခေါ်စေသည်။
ဘုတ်အီးရဲ့အသံကြောင့် မျိုးအေး သူ့အိမ်ထဲက ထွက်လာသည်။
"ဘုတ်အီး ဘာလဲဟ"
"ဒီမှာ နင့်ကိုပေးစရာရှိလို့ အိမ်မှာ နင့်အမေရှိလား"
"မရှိဘူး.."
"ရော့..."
"ဘာတွေလဲ"
"မိတ်ကပ်နဲ့နှုတ်ခမ်းနီ နင်ကြိုက်တယ်မဟုတ်လား"
ဘုတ်အီးက လက်ထဲကအထုပ်ကို မျိုးအေးကိုပေး
ရင်းကပြောလိုက်သည်။
မျိုးအေးက အထုပ်ထဲသို့ လက်နှိက်ကြည့်လိုက်ပြီး
နောက် သူ့လက်ထဲမှာပါလာသည့် မိတ်ကပ်ဘူးကို
မြင်တော့ မျက်လုံးပြူးသွားသည်။
"ဟယ်...ပရိုမီနာဘူးကြီး "
"ကြိုက်တယ်မဟုတ်လား "
"ကြိုက်တာပေါ့ဟဲ့...ငါ မဝယ်နိုင်လို့ လိုချင်နေတာ
ကြာပြီ... ပေါင်ဒါဘူးတွေကော နှုတ်ခမ်းနီတွေရော
မျက်ခုံးမွေးဆွဲတံတောင်ပါသေးတယ်..."
"ကြိုက်ရင်ပြီးရော ယူထားလိုက်...ဒီနှစ်မွေးနေ့
လက်ဆောင်ရတယ်လို့ သဘောထားလိုက်"
"နင်ဝယ်ပေးတာလား"
"ငါပေးတာမဟုတ်ဘူး..ပီတာပေးတာ.."
"ဟမ်..."
မျိုးအေးက ဘုတ်အီးကို မျက်လုံးအပြူးသားနှင့်
ပြန်ကြည့်နေသည်။ဘုတ်အီးက ရယ်လိုက်ပြီး ။
"နင့်အမေမေးရင်တော့ ငါပေးတယ်လို့ ပြောလိုက်
ပေါ့ဟာ သွားပြီ.."
"ဟဲ့...ဟဲ့...နေဦး...လေ..."
မျိုးအေး လှမ်းခေါ်နေပေမယ့် ဘုတ်အီးကတော့
လက်ပြ၍ ထွက်သွားချေပြီ။
မျိုးအေး သူ့လက်ထဲက အထုပ်ကို တစ်ချက်ငုံ့
ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါကတော့ သူပေးတယ်ထင်လို့ ပျော်သွားတာကို"
တစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက်
အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။
...........
"ရော့...ရပြီ..."
ငွေမှုံ လုံခြည်တစ်ထည် ချုပ်ပြီးနောက် ဘုတ်အီး
ကိုပေးလိုက်သည်။
ဘုတ်အီးက စက်ခုံနားမှာထိုင်၍ ကာတွန်းစာအုပ်
ဖတ်နေရာမှ ငွေမှုံပေးသည့် ချုပ်ပြီးသားလုံခြည်ကို
လှမ်းယူလိုက်သည်။
"ဒါနဲ့...နင်..ဟိုပစ္စည်းတွေ ဘယ်သူ့ကိုပေးလိုက်
တာလဲ"
"မျိုးအေးကိုပေးလိုက်တာ.."
"ထင်တော့ထင်သားပဲ... မနေ့က ကိုစိန်တိုးရဲ့မင်္ဂလာ
ဆောင်မှာတွေ့လိုက်တော့ မိတ်ကပ်ကိုပြင်ထားတာ
မှုံနေတာပဲ..."
"ဟမ်...နင်က မင်္ဂလာဆောင်ကို ဘယ်အချိန်သွား
လိုက်တာလဲ ငါလည်းမသိရပါလား"
"ဒေါ်ကြီးစိုးရဲ့သမီး မကြီးလွင်မာနဲ့အဖော်လိုက်
သွားတာလေ..ကိုစိန်တိုးနဲ့မကြီးလွင်မာက သူငယ်
ချင်းတွေဆိုတော့ သူတစ်ယောက်ထဲအဖော်မရှိလို့
ငါ့ကိုခေါ်သွားတာ..နင့်ကို ရယ်စရာပြောပြဦးမယ်.."
ငွေမှုံက စက်ချုပ်ခုံကုလားထိုင်ပေါ်ကနေ ဆင်းလိုက်ပြီးနောက် ဘုတ်အီးရဲ့ဘေးမှာ ထိုင်ချလိုက်သည်။
"ဖြစ်ချင်တော့ ပီတာကလည်း သူ့အမေနဲ့ မင်္ဂလာ
ဆောင်ကို ပါလာတာ..မျိုးအေးကဟယ်..ဘာဖြစ်
တယ်မသိဘူး ပီတာ့ကိုလေ မျက်စောင်းတွေချည်း
ထိုးနေတာ...ပီတာကလည်း မျိုးအေးရဲ့မျက်နှာကို
တကြည့်ကြည့်နဲ့..ကြည့်ဆို သူ မိတ်ကပ်ပြင်ထား
တာက မညီမညာနဲ့ ပြာတဲ့နေရာပြာ ကွက်တဲ့နေရာ
ကွက်နဲ့ မျက်ခုံးမွှေးဆွဲထားတာကလည်း ထူထဲနေ
တော့ ဟိုလူကကြည့်ဒီလူကကြည့်နဲ့ပေါ့..ဒါမယ့်
သူက ပီတာ့ကိုပဲ အမြင်မကြည်နေတဲ့ပုံဟ..."
ငွေမှုံရဲ့စကားကြားပြီးနောက် ဘုတ်အီး ကာတွန်း
စာအုပ်ကိုပိတ်လိုက်ကာ အော်ရယ်လေသည်။
ငွေမှုံက ဘုတ်အီးကို ကြည့်ပြီး သူ့ပုခုံးကိုတစ်ချက်
ရိုက်လိုက်ကာ မယုံသင်္ကာဟန်နှင့် မေးလိုက်သည်။
"နင်...ဘာလုပ်ထားသေးလဲ ဘုတ်ဘုတ်.."
ဘုတ်အီး ရယ်နေရာမှ ငွေမှုံကိုလှည့်ကြည့်လိုက်
သည်။
"ပီတာပေးတာလို့ သူ့ကိုပြောခဲ့လိုက်တာလေ"
"ဟယ်..ကြည့်စမ်း...နင်တော့...မီးမွေးပြန်ပြီ...
အဲ့ဒါကြောင့်ကိုး..."
"ဒါနဲ့ မျိုးအေးက ပီတာ့ကို ကြိုက်တဲ့ပုံမပေါ်ဘူး
လား"
"မသိဘူးလေ...မနေ့ကပုံ ကြည့်ရသလောက်တော့
ကြိုက်တဲ့ပုံမပေါ်ဘူး...ကြိုက်တယ်ဆိုရင်တော့
မိန်းကလေးသဘာဝ ပဲများပြမှာပေါ့ဟ..."
"ဘယ်လိုပဲများပြတာလဲ လုပ်ပြစမ်းပါဦး..."
ဘုတ်အီးက ငွေမှုံကို မေးငေါ့ပြရင်းပြောလိုက်သည်။
ငွေမှုံ သူ့ကိုတစ်ချက်စွေကြည့်လိုက်ကာ
"ငါကဘယ်လိုလုပ် လုပ်တတ်မှာလဲ"
"မိန်းကလေးသဘာဝဆို နင် မိန်းကလေးမဟုတ်ဘူးလား"
"မိန်းကလေးဆိုပေမယ့် ငါမှမလုပ်တတ်တာ"
ဘုတ်အီးက ငွေမှုံကိုကြည့်ကာ ရယ်သည်။
ပြီးနောက်
"နင် ကြိုက်တဲ့သူ မတွေ့သေးလို့ပါ တွေ့လာရင် ဒါ
တွေက အလိုလို တတ်လာမှာ ... အထာတွေ ပေး
တတ်လာလိမ့်မယ်.."
ငွေမှုံ ဘုတ်အီးရဲ့မျက်နှာကို သေချာကြည့်နေသည်။
ဘုတ်အီးက မျက်ခုံးတစ်ချက်ပင့်ပြရင်းက မေးငေါ့
ပြသည်။
"ကြည့်ရတာ နင်က အဲ့လိုအထာတွေကို အတော်နပ်
နေပုံရတယ်"
"နပ်ဆို ဘုတ်အီးပဲလေ ရုပ်ရှင်တွေကြည့်ထားတာ
အလကားမှမဟုတ်ပဲကို.. ကြည့်ပါလား..
မင်းသမီးက မင်းသားကိုကြိုက်ရင် အထာတွေပေး
တာ ဒါမျိုးတွေ..ဒါမျိုးတွေ...ဒီလိုအကြည့်တွေ...
ရယ်တဲ့ပုံကအစ...တဟင်းဟင်းနဲ့ မခိုတရို့အမူ
အယာတွေကလုပ်သေးတာ.."
ဘုတ်အီးက မျက်တောင်ကို ပုတ်ခပ်ပုတ်ခပ်လုပ်
လိုက်။ မျက်လုံးကိုမခိုတရို့အမူအယာနှင့်ကြည့်ပြ
လိုက်။ ရယ်ပြလိုက်နှင့်လုပ်ပြနေတာကြောင့်
ငွေမှုံ သူ့ကိုကြည့်ကာ ရယ်မိတော့သည်။
"ဒါပေမယ့် နင်လုပ်ပြတာက ရယ်စရာကြီး "
"ငါက အနုအရွမှမရတာ မိန်းမလျာကြီးနဲ့တူနေမှာ
ပေါ့...ငါ့မျက်နှာကလည်း မိန်းကလေးမှမဆန်တာ..
ဒါမျိုးက နင့်လိုမိန်းကလေးဆန်တဲ့သူမျိုးတွေလုပ်
မှ ကြည့်လို့လှတာ..ယောကျ်ားတွေကလည်း လှတဲ့
လူပဲ ကြိုက်တာပါ..ငါတို့လို ယောကျ်ားတစ်ပိုင်း
မိန်းမရိုင်းပုံစံပေါက်နေတဲ့သူမျိုးကို ဘယ်သူမှ
မကြိုက်ဘူး..အဲ့တော့ ရေလာအောင်မြောင်းဖောက်
စရာလည်းမလိုဘူး..."
ငွေမှုံက ဘုတ်အီးပြောတာကို နားထောင်နေရင်းမှ
ဘုတ်အီးရဲ့ ထောင်ထားသည့် ဒူးတစ်ဖက်ပေါ်သို့
သူ့လက်နှစ်ဖက်ကိုတင်ကာ မေးလေးကို လက်ပေါ်
မှာထပ်တင်လိုက်ပြီးနောက် နှုတ်ခမ်းလေးက ပြုံး
တုံတုံနှင့်လုပ်၍ မျက်တောင်လေးကို ပုတ်ခပ်ပုတ်
ခပ်နှင့်လုပ်ပြလိုက်လေသည်။
"နင်ပြောတာ ဒါမျိုးလေးလား"
ဘုတ်အီး ငွေမှုံကို သေချာကြည့်နေသည်။ပြီးနောက်
လည်ချောင်းတစ်ချက်ရှင်းကာ နာရီကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ထိုင်ရာမှထလိုက်သည်။
"အဟမ်း...လေးနာရီတောင်ထိုးတော့မယ်...လူမများ
ခင် ရေစည်သွားဖြည့်ထားဦးမှ..."
ဘုတ်အီးက သူ့ခြေထောက်ကို ရုတ်လိုက်တာကြောင့်
ငွေမှုံ သူ့ဒူးပေါ်သို့လက်တင်၍မှီထားရာမှ လွှတ်ပေး
လိုက်သည်။
အိမ်ပေါ်ကနေ ခြံထဲသို့ ဆင်းသွားသည့် ဘုတ်အီးကို
လှမ်းကြည့်ကာ ငွေမှုံ ရယ်လိုက်သည်။
............................