မနက်ခင်းရဲ့ရောင်ဝါဟာ မှုန်ဝါးဝါးလေး။ ဇူလီက ဒီအချိန်ကိုသိပ်ကြိုက်တယ်။ ဘယ်အရာကိုမှရှင်းရှင်းလင်းလင်းသိပ်မမြင်ရပေမယ့် လောကကြီးဟာအလှမပျက် လှပနေဆဲ။ ဘယ်ကမှန်းမသိထွက်လာတဲ့တရားသံတွေဟာ မနက်ခင်းအတွက် စိတ်ကျက်သရေ။
"စောစောထလာပြီး သွက်သွက်လက်လက်လေးလုပ်လေ။ ဟိုငေးဒီငေးနဲ့"
မျက်နှာလေးသစ်ဖို့ ငိုင်နေတဲ့ဇူလီ့ကို သူ့အမေကထိုသို့ပြောလာ၏။ ထုံးစံအတိုင်း ဇူလီအမေနဲ့ဈေးလိုက်မည်။ ညကအိပ်ယာဝင်တာနောက်ကျတော့ ဒီနေ့မနက် သူသိပ်မလန်း။
"ဖေဖေကထပြီလား"
"အင်း ထပြီးတရားနားထောင်နေတယ်"
ဇူလီတို့အိမ်က မနက်စောစောထပြီးရင် တရားဖွင့်နားထောင်တတ်တဲ့အကျင့်ရှိ၏။ တရားသံလေးမှမရှိရင် မနက်ခင်းမပီသ။
"မသက်အိမ်ကသားအကြီး ဆေးရုံရောက်နေတယ်တဲ့။ သင်္ကြန်မဏ္ဍမှာ ရန်ဖြစ်ကြတာတဲ့လေ"
ဇူလီ့အမေကထုံးစံအတိုင်း စကားတပြောပြောရှိ၏။ ဇူလီကခြင်းဆွဲပြီး နောက်ကနေတကောက်ကောက်။ ဇူလီ့စိတ်ထဲတစ်ခုခုဟာ နေရာဝင်ယူနေသည်။ တစ်ခုခုကိုသတိရချင်ပေမယ့် မေ့နေတယ်။ ဘာများလဲ။ သူတွေးကြည့်၊ စဉ်းစားကြည့်ပေမယ့် အဖြေကပေါ်မလာ။ သင်္ကြန်နှင့်ပတ်သက်ပြီး မလုပ်လိုက်ရတာများရှိလို့လား ဒါမှမဟုတ် ထပ်ပြီး စိမ်းလဲ့ညို ဘဲလား။
သူ့အမေက ဈေးထဲကနေ ဘယ်လိုကုန်စိမ်းတွေဝယ်ပြီးထည့်လိုက်သလဲတောင် ခြင်းဆွဲထားတဲ့ဇူလီဟာ သတိမမူမိ။
"ခေါက်ဆွဲဆိုင် လူကြနေတယ်ဇူလီရေ အမေတို့ဈေးပတ်ပြီးမှ ပြန်လာစားရအောင်"
ဈေးထဲက သူမတို့စားနေကြခေါက်ဆွဲဆိုင်ဟာ လူတိုးလို့တောင်မပေါက်။ သင်္ကြန်ပိတ်ရက်မှာ ဒီလူတွေဟာ ဒီခေါက်ဆွဲရဲ့အရသာကို သိပ်လွမ်းကြသည်လေ။ သူမမေမေက ဆိုင်ရှင်ကိုခုံနေရာချန်ထားပေးဖို့ပြောပြီး ဈေးထပ်ပတ်ဖို့ပြင်၏။
ဇူလီ့အမေက စာရေးကိရိယာဆိုင်တစ်ဆိုင်နားအရောက် ရပ်တန့်သွားသည်။
"ပျော်လည်းပျော်ပြီးပြီဆိုတော့ အခုစာကိုအာရုံစိုက်ရမယ့်အလှည့်ရောက်ပြီနော်။ မကြာခင်ကျူရှင်သွားရတော့မှာ ဘာလိုသလဲသေချာကြည့်"
ဇူလီ့မေမေက စာရေးကိရိယာဆိုင်ထဲ ဇူလီ့ကိုခေါ်ဝင်သွားပါသည်။
ဇူလီမေ့နေသည့်အရာဟာ စာရေးကိရိယာဝယ်ရမှာများလား။
ဇူလီက ရေဆေးအရောင်စုံset ကိုလှမ်းယူမိ၏။ ပြီးတော့ သူမမေမေကိုကြည့်သည်။ ပထမတော့ ဇူလီ့မေမေက သဘောမကျသည့်အရိပ်အယောင်များပြ၏။ သိုပေမယ့် ဇူလီ့မျက်နှာလေးမြင်တော့
"ဒါယူချင်တာလား"
ဇူလီကခေါင်းငြိမ့်ပြသည်။
"ဒါလေး ဘယ်လောက်လဲ"
ဒီဆိုင်ရဲ့ဘေးကပ်ရက်ကလေးမှာ အလှကုန်ပစ္စည်းတွေရောင်း၏။ စာရေးကိရိယာဆိုင်နဲ့ အဲ့အလှကုန်ဆိုင်က တစ်ဆိုင်တည်းဘဲတဲ့။ ဒီဘက်ဆိုင်က အမေဖြစ်သူဦးစီးပြီး အလှကုန်ဆိုင်ကတော့ သမီးဖြစ်သူကဦးစီး၏။
"ဇူလီရေ ကလစ်လေးကြည့်သွားအုံးလေ"
မရွှေစင်လို့ခေါ်တဲ့ အဲ့အစ်မကလေ ဇူလီ့ကိုအမြဲကလစ်တွေရောင်းဖို့ကြိုးစားနေတာ။ ဆိုင်ရှေ့ဖြတ်သွားရင်လည်း အော်ခေါ်ပြောတတ်၏။ သူ့အမေက ရပ်ပြီးဆိုင်ရှင်အန်တီဆီကငွေအအမ်းစောင့်နေတုန်း ဇူလီက အလှကုန်ပစ္စည်းတွေဘက် ခြေလှမ်းသွားသည်။ သူ အရင် စပ်စုကြည့်သေး၏။ စိမ်းလဲ့ညိုရဲ့အလှကုန်ပစ္စည်းတွေကို ချပြီးစီလိုက်ရင် ဒီလိုဆိုင်တစ်ခင်းစာရလောက်သည်ဟု သူ့မှာတွေးမိပြီး ပြုံးသွားရသေး။
"မျက်နှာသစ်ဆေးလေး မလိုဘူးလား"
"မကုန်သေးလို့ အစ်မ"
မရွှေစင်က ပြုံးပြီးခေါင်းငြိမ့်ပြ၏။ ပြီးတော့ အခြားဝယ်သူဘက် လှည့်သွားသည်။
နှုတ်ခမ်းနီလေးတွေကြည့်ပြီး ဇူလီသတိရမိသည့်လူဟာ စိမ်းလဲ့ညို။ စိမ်းလဲ့ညိုက နှုတ်ခမ်းနီလေးတွေသိပ်ကြိုက်တာ။ စိမ်းလဲ့ညိုကို လက်ဆောင်လေးပေးရင်ကောင်းမလားတွေးမိကာမှ ဒီနေ့ဟာ ၁၈ရက်နေ့မှန်း သူသတိရလာ၏။ ဒီနေ့ဟာ စိမ်းလဲ့ညိုမွေးနေ့လေးဘဲ။ လောကကိုအလင်းဆောင်တဲ့ စိမ်းလဲ့ညို မွေးဖွားလာသည့်နေ့။ ဪ သူဒါကို မေ့နေခဲ့တာဘဲ။ ကိုယ့်မွေးနေ့တောင်သတိမရမိတဲ့သူက သူများသားသမီးမွေးနေ့ကိုမှ။ ကိုယ့်ကိုလက်ဆောင်အရင်ပေးဖို့ထက် သူများကိုမှ။
"အစ်မ နှုတ်ခမ်းနီလေးတွေပြပေးပါလား"
မရွှေစင်ဆီ ဇူလီတစ်ခါမှဘာပြပေးပါဆိုပြီး မပြောဖူးဘူး။ အခုတော့ မရွှေစင် အားတက်သရောဘဲ။
"ဘယ်ထဲကယူချင်တာလဲ ညီမလေး"
ဇူလီဖြေရခက်သွားသည်။ နူတ်ခမ်းနီအကြောင်း သူဘာမှမသိ။
"အကုန်ကိုချပြပေးလို့ရလား"
"ရတယ် ညီမလေး"
မရွှေစင်က ဈေးသည်ပီပီ စိတ်ရှည်ပြီး အကုန်ချပြပေး၏။ ဇူလီက မရွေးတန်တော့ ခေါင်းကုတ်နေသည်။
"ညီမလေးဆိုးမှာဆို အစိုလေးတွေထဲကယူလေ။ အပန်းဘက်နည်းနည်းသမ်းတာလေး"
ဇူလီက မရွှေစင်ယူပြသည့်အရောင်ကို တစ်ချက်ကြည့်သေးသည်။ ဟင့်အင်း စိမ်းလဲ့ညိုနှုတ်ခမ်းက ဒါနဲ့မလိုက်ဘူး။
"အခြားဟာ"
မရွှေစင်က စိတ်ရှည်ပါသည်။ တစ်ခုပြီးတစ်ခုကို ရှင်းပြ စမ်းပြပေး၏။
"ကျွန်မလေ နီနီရဲရဲလေးကိုမှ အစိုကလေးရချင်တာ"
ဇူလီလိုအနုပညာသမားအတွက် လူတစ်ယောက်ရဲ့ပုံပန်းကို အရောင်တွေနဲ့စပ်ပြီးခြယ်ကြည့်ရသည်ဟာ သိပ်လွယ်ပါတယ်။ စိမ်းလဲ့ညိုရဲ့နူတ်ခမ်းလွှာဟာ ဒီအရောင်နဲ့အလိုက်ဖက်ဆုံးပါဘဲ။
"ဘာဝယ်နေတာလဲ"
ကံကောင်း၍ ပိုက်ဆံရှင်းပြီးကာမှ ဇူလီ့အမေရောက်လာသည်။
"ကလစ်လား"
ဇူလီကမဖြေ။ သူ ရှက်နေသည်။
သားအမိ၂ယောက် အိမ်ပြန်ရောက်ချိန် ဇူလီ့ဖေဖေက ရေချိုးပြီးနေပြီ။ မေမေကဈေးမှဝယ်လာသည့် ပဲပလာတာနှင့်ကော်ဖီကို ဖေဖေ့အတွက်မနက်စာအဖြစ်ပြင်ပေးနေ၏။ ၉ခွဲကာမှ ဖေဖေရုံးသွားပါမည်။ ဇူလီက အခန်းဆီပြန်ပြီး နူတ်ခမ်းနီကိုဖောက်ကြည့်သေး၏။ဘူးကလုံးလုံးလေးကိုမှ အပြင်ကအကြည်သားလေး။ ဘူးပုံစံလှပေမယ့် စိမ်းလဲ့ညိုက ကြိုက်ပါ့မလား သူတွေးပူနေမိသည်။ ပိုတွေးပူမိတာက သူ ဘယ်လိုပေးရမလဲ ဆိုတာပါဘဲ။
ဇူလီ့မေမေက ကုသိုလ်ယူသည့်အနေဖြင့် တစ်ရပ်ကွက်လုံးသို့ ကြာဇံဟင်းခါးပို့ပေးပါမည်။ စိမ်းလဲ့ညိုတို့အိမ်ဆီသွားပို့သည့်အခါ ချိုင့်လေးထဲဘဲ နှုတ်ခမ်းနီကိုသူထည့်ပေးလိုက်ရမလား။ မဖြစ်ပါ ချိုင့်ကိုအရင်ဖွင့်သည့်လူဟာ စိမ်းလဲညိုဖြစ်မှာမဟုတ်။ သူ ဘယ်လိုပေးရမလဲ။ ခါတိုင်းလိုဘဲ သူ့မှန်တင်ခုံလေးနား သွားချထားရလေမလား။ ဒါဆိုလည်း စိမ်းလဲ့ညိုက သူ့မွေးနေ့မို့ပေးတာမှန်း သိမည်မထင်။ ဇူလီ့ခမျာ သူ့မွေးနေ့မို့ပေးတာမှန်းလည်းသိစေချင်၊ သူ့မွေးနေ့ကိုအမှတ်ရနေပေးသည်အားလည်း မသိစေချင်။ သူ့ခမျာ ဗျာများရှာ၏။ အို ဒါဘာဖြစ်သလဲ သူ့မွေးနေ့ကိုအမှတ်ရနေပေးသည်ဟာ ဘာဖြစ်လို့လဲ။ သူ ဒီအတိုင်းသာပေးလိုက်ပါမည်။
သိလည်းဖြစ်သလို မသိလည်းဖြစ်၏။ အဓိက,က စိမ်းလဲ့ညိုဆီရောက်ဖို့သာဖြစ်၏။
"ပြီးပြီလား သွားပို့ရတော့မလား"
"ဘာလိုဒီနေ့မှတက်ကြွနေရတာလဲ"
ဇူလီဟာ အမြဲစိမ်းလဲ့ညိုတို့အိမ်သွားရမယ်ဆို စိတ်ညစ်နေတတ်၏။ ယခုများတော့မတူ သူ့အမေတောင်ထိုသို့ပြောနေ၏။ ဇူလီကရော ဘာလို့တက်ကြွနေရတာလဲ။ သူ့ခမျာ အိမ်ရှေ့နားကပန်းလေးတောင် ချိုးလာသေးသည်။ ဒေစီကလေးတွေလေ။
"ဪ ကုသိုလ်ယူတာလေ တက်ကြွနေရမှာမဟုတ်ဘူးလား။ မျက်နှာပုတ်ပွပွ ပျင်းရွဲရွဲနဲ့ဆို ဘုရားကကုသိုလ်ဘယ်ပေးချင်တော့မလဲ"
"ချေပါသားတော့ပေါသလားမမေးနဲ့။ သွား သွား မြန်မြန်ကြွ"
သူ စိမ်းလဲ့ညိုတို့အိမ်အရင်သွားပါမည်။ စိမ်းလဲ့ညိုကို နှုတ်ခမ်းနီကလေးပေးဖို့ သူ့ခမျာမစောင့်နိုင်လေ။ ဒီနေ့များ သူပျော်နေသည်။ စိမ်းလဲ့ညို သူ့မွေးနေ့မှာ ဘယ်ဝမ်းဆက်ကလေးဝတ်ထားလေမလဲ၊ ဆံပင်လေးကိုရော ချည်ထားလေမလား ဒါမှမဟုတ် ဖြန့်ကာချထားလေမလား သူတွေးပြီးရင်ခုန်လာ၏။
"အန်တီက ဘယ်သွားတာလဲဟင်"
ချိုင့်ကိုယူပြီးလှယ်ပေးသူဟာ လေးနု။ စိမ်းလဲ့ညိုကိုလည်း သူမ မတွေ့။ မွေးနေ့မို့ဘုရားသွားကြတာလား။ မဖြစ်နိုင် စိမ်းလဲ့ညိုဟာ ဘုရားသွားကျောင်းတက်မည့်လူမျိုးမဟုတ်။ အိမ်ထဲဘဲရှိလောက်ပါသည်။ သူ့အသံကို မကြားလို့များ ဆင်းမလာတာလား။
"နင့်အန်တီက စိမ်းအတွက်ဆိုပြီး ဘုရားကျောင်းမှာဆွမ်းသွားကပ်တယ်။ ဒီနေ့က သမီးလေးစိမ်းလဲ့ညိုမွေးနေ့လေကွယ်။ ပြီးတော့ နင့်အန်တီကပန်းခြံနားလေးမှာ ထမင်းထုတ်ဝေချင်သေးလို့တဲ့"
ဒါဆို စိမ်းလဲ့ညိုက အဲ့လိုက်သွားတာလား။ သေချာပါသည် စိမ်းလဲ့ညို အိမ်မှာမရှိ။
"ဪ ဟုတ်ကဲ့"
ဒါဖြင့် သူ့မှာ နှုတ်ခမ်းနီလေးပေးဖို့ မွေးနေ့ရှင်ပြန်အလာကိုစောင့်ရတော့မည်ပေါ့။
"ပြန်အုံးမယ်နော် ကြီးကြီး"
ဒီအိမ်ကိုအဝင်အထွက်များလာသည့်ဇူလီဟာ တစ်အိမ်လုံးကလူတွေနဲ့ စကားတပြောပြောတော့ရှိလာ၏။ အသွားအပြန်ကို သူနှုတ်ဆက်တတ်လာပြီ။
မီးဖိုဆောင်ဘက်မှ သူစိတ်ငြိုးငယ်စွာဖြင့်ထွက်လာ၏။ သူက အခုပေးချင်နေတာကို။ ပေးဖို့စိတ်ဆန္ဒဟာရာနှုန်းပြည့်ဖြစ်နေတာကို။
"ဟိတ်"
လေသံခပ်တိုးတိုးလေးဟာ သူ့နားဖျားလေးနားဖြတ်ပြေးသွား၏။ သိပ်တော့မလန့်ပါ။ နာဖျားလေးမှ ကိုယ်သင်းနံ့လေးကိုအရင်အာရုံခံမိလိုက်ခြင်းကြောင့်ပါ။ စိမ်းလဲ့ညိုက တစ်ချိန်လုံး တံခါးထောင့်နားကိုယ်ယောင်ဖျောက်နေတာ။ ဇူလီထွက်လာခါမှ အနောက်ကနေခပ်တိုးတိုးဖြင့်ကပ်လာပြီး ခါးလာကိုင်၏။ စိမ်းလဲ့ညိုရဲ့ကိုယ်သင်းနံ့လေး ပြီးတော့ ပုခုံးစွန်းလေးနား စိမ်းလဲ့ညိုရဲ့ကိုယ်ငွေ့ကလေး။ ခါးကလေးကိုလက်ကလေးနဲ့တို့လိုက်တာ စိတ်မကွက်နိုင် စိတ်သာ သာ၍လှုပ်ရှားသွားခဲ့၏။ လေသံခပ်တိုးတိုးလေးဟာ သူ့စိတ်ကိုကျီစယ်သွားခဲ့တာ။
"လန့်သွားတာလား ဆောရီးနော်"
စိမ်းလဲ့ညိုက ခပ်ပြုံးပြုံးဘဲ။
"ဘာလာပို့ပြန်တာလဲဟင်"
"ကြာဇံ"
"ဟုတ်လား"
"အင်း"
"ဘာလို့လာပို့တာလဲဟင်"
"အမေကပို့ခိုင်းလို့"
"အင်းပါ"
ဘာလိုလာပိုတယ်ထင်နေတာလဲ။ သူ့မွေးနေ့မို့လာပို့တယ်ထင်နေတာလား။ အံ့ဩတယ် စိမ်းလဲ့ညိုရယ်။
"ပြန်အုံးမယ်နော်"
"အယ် ပြန်တော့မလို့လား ခဏနေအုံးလေကွယ်။ တစ်ကတည်းနော် အိမ်ရောက်လာပြီဆို ဘယ်တုန်းကများခဏနဲ့ပြန်လွတ်ဖူးတာကျလို့"
ဟင့်အင်း သူပြန်မှရမယ်။ မနေချင်တော့ဘူး။ စိမ်းလဲ့ညိုက တစ်ချိန်လုံးပြုံးနေတာ ကြောက်ဖို့ကောင်းတယ်။
"ကျွန်မ သူများအိမ်လည်းသွားရအုံးမယ်"
"နေအေးမှသွားလည်းရတာကိုကွယ်"
ရော စိမ်းလဲ့ညိုနဲ့တော့ခက်ပြီ။
"အမေစောင့်နေတယ်"
"ဇူလီ့ကို အစ်မခေါ်ထားမှန်းသူသိပါတယ်။ ဘယ်သူမှဇူလီ့ကိုပြန်ပေးမဆွဲသွားပါဘူး"
ဟင့်အင်း ဆွဲတယ်။ ဆွဲတဲ့လူက စိမ်းလဲ့ညိုကိုယ်တိုင်ဘဲ။
"ကြာဇံတွေပြဲမသွားခင် ကျွန်မဘေးအိမ်ကလူတွေကိုစားစေချင်တယ်"
"အိုကွယ် သွား သွား။ မေတ္တာရှင်မကြီးက အစ်မကိုတော့မေတ္တာမရှိရှာဘူးဘဲ"
"မဟုတ်ပါဘူး ကြာဇံတွေပြဲသွားမှာစိုးလိုပါ။ ကျွန်မ ညနေပြန်လာခဲ့ပါ့မယ်"
"မလာလည်းရပါ့နော်"
စိမ်းလဲ့ညိုက ထိုသို့ပြောရင်း လှည့်ထွက်သွားသည်။ ဘာလဲ စိတ်ကောက်တာလား။ ကောက်စရာလည်းမပါဘဲနဲ့။
စိမ်းလဲ့ညိုပျောက်သွားပြီ။ လိုက်လို့လည်းမခေါ်ချင်ဘူး။ ဒုက္ခဘဲ နှုတ်ခမ်းနီလေး ဘယ်လိုပေးရပါ့။ လူချင်းတွေ့ပြီဆို ပေးမရဲဘူး။ ရပါတယ် ခါတိုင်းလည်း ခုံလေးပေါ် သူတင်ထားတတ်တာဘဲကို။ ဒေစီတစ်ပွင့်နှင့်နှုတ်ခမ်းနီကို မွေးနေ့လက်ဆောင်အဖြစ် သူ ခုံစွန်းလေးမှာတင်ထားပေးခဲ့၏။ ထိုလက်ဆောင်မှာ ချစ်ခင်နှစ်သက်ခြင်းများစွာပါဝင်သည်ကိုတော့ သတိမမူမိခဲ့ပါ။