လူတစ်ယောက်မှာ angel side နဲ့ devil side ဆိုပြီးစိတ်၂မျိုးရှိတယ်ဆိုတာကိုကြားဖူးတယ်မဟုတ်လား။
ယုသစ္စာခင်ဆိုသောမိန်းကလေးမှာလည်း
လူမြင်အောင်ထုတ်ပြလေ့ရှိတဲ့ devil side ရှိသည်။
သို့သော် သူမ၏ devil side မှာ မုန်းမဟူရာ ဆိုသော သူမ၏ သခင်မ မမည်သည့် သခင်မလေးကိုလာရှုပ်သူများအတွက်သာ။
မီးလောင်တောထဲမှ အသည်းအသန် လွတ်အောင်ရုန်းကန်နေရသည့် လီလီ
တို့ပုံစံကို ယု အရသာခံကာ ကြည့်နေမိသည်။
အသက်အန္တရာယ်ပေးလောက်ဖို့ထိတော့ လုပ်ဖို့ မရည်ရွယ်ထားသဖြင့်
သူတို့အား လွတ်လမ်းလေးအနည်းငယ်ထားပေးထားခြင်းဖြစ်သည်။
လီလီ က အမောတကော ဖြစ်နေသည့်ကြားမှ သူမကို
မကျေမနပ်လှမ်းကြည့်နေ၍ ယု ပိုမိုသဘောကျစွာပြုံးမိလိုက်၏။
လူမိုက်တစ်ချိူ့ကိုငွေပေးပြီး ထိုဘားအား
မီးရှို့ခိုင်းထားသည့်အပြင် ဘားအတွင်း လူရှင်းနေအောင်ပါ ယု
ကြိုစီစဉ်ခိုင်းထားရသည်။
ယု ကိုမြင်တော့ လွင် နှင့် ရူဘီ
အနည်းငယ်ထိတ်လန့်သွားပုံပေါ်သည်။ လီလီကတော့ထိတ်လန့်တာရော မုန်းတီးတာရော
ပေါင်းစပ်ထားတဲ့မျက်နှာ။
လီလီတို့ရုန်းကန်ကြောက်ရွံ့နေတဲ့မြင်ကွင်းကိုကြည့်ရတာယုအတွက်အရသာရှိလိုက်တာ။
"မုန်းမဟူရာနဲ့လာမရှုပ်မိစေနဲ့"
ယု ကြည့်လို့ဝသွားတော့မှ ကားပေါ်တက်လိုက်ကာ အိမ်သို့
ဦးတည်လိုက်သည်။ လမ်းတလျှောက်လုံး ယုရင်ထဲကျေနပ်မှုတွေပြည့်နေသလို
လူကလည်းပြုံးနေမိသည်။
"မမယု ဘယ်ကပြန်လာတာလဲ"
သူမ အိမ်ထဲသို့ခြေချလိုက်သည် နှင့် မုန်းက ဆီးကြိုပြီး
မေးလိုက်သဖြင့် ယု သည်အချိုမြဆုံးအပြုံးလေးကိုဖန်တီး၏။
"ကလေးတွေနဲ့ နည်းနည်းသွားကစားလာတာပါ"
ယု၏ အဖြေကြောင့် မုန်းက သဘောကျသွားဟန်ဖြင့်
"မမယု ပျော်တယ်ဆိုရင် ကြိုက်တာလုပ်ပါ"
မုန်း နာရီလေးတစ်ချက်ကြည့်လိုက်ပြီး
"အာ ၁၀နာရီထိုးကာနီးပြီပဲ အိပ်ချိန်ရောက်ပြီ"
ယု က ခေါင်းငြိမ့်ပြလိုက်တော့ မုန်း
သူမကိုရုတ်တရပ်ပွေ့ချီလိုက်ကာ
"မမယု အိပ်ရတာကြိုက်လားဟင်"
"ကြိုက်တာပေါ့"
"ကျွန်မလည်းအိပ်ရတာကြိုက်တယ်ဆိုတော့…တူတူအိပ်ရအောင်လေ"
မုန်းက သူမကိုချီထားရင်းမှ ချွဲနွဲ့သလိုလေးပြောလိုက်၍ ယု
မျက်လုံးလေးများ မှေးသွားသည်အထိလိုက်လိုက်မိ၏။
"အင်း…အိပ်ကြတာပေါ့"
ယု၏ အဖြေဆုံးသည်နှင့် မုန်းက တက်တက်ကြွကြွပင်
ယုကိုချီလျက်သူမအခန်းသို့ဦးတည်သွားလေသည်။
~~~~~
"ငါတို့က ဘာလို့ အမြဲသူလုပ်သမျှခံနေရတာလဲ"
ဒေါသတကြီးပေါက်ကွဲနေသူမှာ ထုံးစံအတိုင်း လီလီပင်။
"သူ့အဖေက အရေးပိုင်မင်းလေ"
ပြန်ဖြေလိုက်သူမှာတော့ ရူဘီ။
လွင်က ခြေထောက်ချိတ်ထိုင်နေရာမှ မကျေမနပ်ပုံဖြင့်
"ကိုမင်းနိုင်ကိစ္စကိုလည်း မုန်း နဲ့ ယုသစ္စာခင်
တစ်ယောက်ယောက်ဆိုတာသိလျက်နဲ့ ပြီးတော့ ဒေါ်ဒေါ်ရီရဲ့ လက်ချောင်းတွေကိုလည်း မုန်းဖြတ်ပစ်တာ သေချာလျက်နဲ့
ငြိမ်နေရတာကြည့် "
လွင့်စကားကြောင့် လီလီ ကနှုတ်ခမ်းကို ကိုက်နေရင်းမှ
"နင်ကလည်း ကိုမင်းနိုင်ကို မုန်း လုပ်တာသေချာလို့လား
ပြီးတော့ ငါပြောမယ် မုန်းက ငါတို့ကိုလာမထိဘူး ယုသစ္စာခင်က ငါတို့ကို
ပြဿနာလာလာရှာနေတာ"
ရူဘီ လွင့်ကိုလှမ်းကြည့်လိုက်တော့ လွင်က
စိတ်ဆိုးသွားပုံပေါက်၏။
"မုန်းကိုငါစိတ်တော့နည်းနည်းဆိုးမိတယ် ဘာလို့လဲဆိုတော့
ငါ့အကိုဝမ်းကွဲနဲ့ ငါ့အဒေါ်လေ"
လီလီ ထိုင်နေရာမှ ထလိုက်ကာ
"အဲ့တော့ နင်က မုန်းကိုဘာလုပ်ချင်လို့လဲ"
"ငါ မုန်းကို တစ်ခုခုလုပ်ချင်တယ်ဆို
နင်ကဘာလုပ်မလို့လဲ"
လွင့်အနားသို့ လီလီ က ကပ်သွားကာ
လွင့်ရင်ဘက်ကိုတွန်းလိုက်ပြီး
"စမ်းကြည့်လိုက်လေ"
ရန်ဖြစ်တော့မည့်အခြေအနေကြောင့် လွင် နှင့် လီလီ့ ကို
ရူဘီကပင်ကြားမှဝင်ဖြန်ဖြေလိုက်ရသည်။
"ခုကိစ္စမှာတော့ ငါ မမယုကိုစိတ်တိုမိတယ် ကံမကောင်းရင်
ငါတို့သေမှာ"
"လီလီ ခုချိန်မှာငါတို့ရဲ့ဘုံရန်သူက
ယုသစ္စာခင်ပဲ"
လည်ပင်းမှကြယ်သီးကိုဖြုတ်လိုက်ရင်း ပြောလိုက်သည့် လွင့်ကို
လီလီ စူးစိုက်ကြည့်လိုက်ကာ
"ယုသစ္စာခင် ကို ဆက်ပြီးအလျှော့မပေးနိုင်တော့ဘူး"
လီလီ့စကားအဆုံး သူမတို့၃ယောက်လုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။ အပြုံးချင်းလည်းဆိုင်ကာအတွေးချင်းလည်းထပ်တူကျနေကျဟန်။
~~~~~
ယု မှန်တင်ခုံရှေ့တွင် ပြင်ဆင်ပြီးနောက် မုန်း
လက်ဆောင်ပေးထားသည့် အနီရောင်နှင်းဆီပုံကျောက်ဆံထိုးလေးကို ဆံထုံးတွင်
ထိုးလိုက်ပြီး မှန်သားပြင်ကိုကြည့်ကာ ကျေကျေနပ်နပ်ပြုံးမိ၏။
အမြဲလိုလို လှပနေသည့် သူမ မျက်နှာလေးဟာ ယနေ့တွင်လည်း
ပြောရက်စရာမရှိလောက်အောင် လှပနေပြန်သည်။
ယု သူမ မျက်နှာကိုကိုင်ပြီး ပြုံးနေစဉ် နောက်ကနေမုန်းက
သူမကို သိုင်းဖက်လိုက်သဖြင့် ယုမျက်နှာပိုအသက်ဝင်သည်။
"မောနင်း မုန်း"
"မောနင်းပါ မမယု"
မုန်းသည် ယု၏ မျက်နှာနုနုလေးကို တစ်ချက်နမ်းလိုက်ပြီးနောက်
ယုမေးဖျားကိုတစ်ချက်ကိုင်သည်။
"ဒီနေ့ အပြင်သွားမယ်လို့ပြောထားတယ်နော်"
"မမယု မှတ်မိပါတယ်"
သူမ တစ်ကိုယ်လုံးကို ဝေ့ဝိုက်ကြည့်နေသည့် မုန်းကြောင့် ယု
တစ်ချက်ပြုံးလိုက်မိပြန်ပါသည်။
"ဘာလို့လဲ မုန်းရဲ့"
"အနီရောင်မဝတ်နဲ့"
"ဟင်"
"မမယု နဲ့ လိုက်လွန်းတယ် ကျွန်မ သဝန်တိုတယ်"
ယုဟာ
နှုတ်ခမ်လေးကိုအနည်းငယ်ဆူလိုက်ပြီးမုန်းအနားသို့တဖြေးဖြေးတိုးသွား၏။
"သဝန်တိုတယ်ဆိုတော့…"
သူမနှင့်အနီးကပ်ဆုံးအအနေအထားတွင်
ဆွဲဆောင်မှုရှိလွန်းသည့်အကြည့်တို့ဖြင့် ပြောနေသည့် ယု ကိုကြည့်ကာ မုန်း
သွားစွယ်လေးပေါ်အောင်ပြုံးလိုက်ပြီးယုအနီးကိုထပ်တိုးကပ်သည်။
"မမယုကကျွန်မအပိုင်လေ"
ထို့နောက် မုန်း သူမလက်လေးကို ယု ထံကမ်းပေးလိုက်ကာ
"သွားရအောင် မမယု"
မုန်း နှင့် တစ်နေကုန် လည်ပတ်ရသည့်အတွက် ယု
ယနေ့အလွန်ပျော်နေမိသည်။
သူမ တို့ အပြင်မကြာခနထွက်ဖူးသော်ငြားမုန်းက ယခုလောက်
ကြင်ကြင်နာနာမဆက်ဆံဖူး။
မုန်းသည် သူမလက်ကိုတစ်လျှောက်လုံးဆွဲထားသည့်အပြင်
သူမကိုငေးသမျှယောကျ်ားတိုင်းကိုပါ မကြည်ကြည့်ဖြင့် ရန်စောင် နေသေးရာ ယု
လိုက်ပါဆွဲနေရ၏။
သို့သော် ယု ကျေနပ်သည်။ မုန်း အနားတွင် မုန်း၏
ထာဝရအပိုင်ဖြင့် ရှင်သန်ရဖို့သည် သူမ၏ရည်မှန်းချက်ပင်။
အချိန်ကား ညနေဘက်ရောက်လာပြီ ဖြစ်၍
မုန်းဟာနိုင်ငံခြားစားသောက်ဆိုင်လေးတစ်ခုထဲဝင်သွားကာ ယု ထိုင်ရန်
ခုံကိုဆွဲပေးပြီးနောက် သူမလည်းရှေ့ခုံတွင် ဝင်ထိုင်ကာ စားသောက်စရာများ မှာလိုက်၏။
"မမယု ကျွန်မ သန့်စင်ခန်း ခနသွားလိုက်ဦးမယ်နော်"
တစ်ခနကြာ မုန်းပြန်ရောက်လာပြီးနောက်
အစားအသောက်များလည်းရောက်လာကာ သူမတို့စားသောက်ပြီး ကားထံသို့လျှောက်လာလိုက်ကြ၏။
မုန်းက အိမ်ပြန်မည့်လမ်းသို့မဟုတ်ဘဲ အခြားတစ်နေရာသို့ဦးတည်နေသဖြင့် ယု မျက်လုံးလေးအဝိုင်းသားဖြင့်မေးခွန်းထုတ်မိသည်။
"ဘယ်သွားမလို့လဲမုန်း"
"တစ်နေရာရာပေါ့ မမယု မလိုက်ရဲလို့လား"
"မဟုတ်ပါဘူး မုန်းနဲ့သာဆိုရင် နတ်ပြည်ကစ
ငရဲပြည်အဆုံးမမယုက လိုက်နေမှာပဲ"
မုန်း
သွားစွယ်လေးပေါ်သည်ထိပြုံးလိုက်ပြန်ကာယုကိုတစ်ချက်ငဲ့ကြည့်သည်။
"ကျွန်မသဘောကျလိုက်တာ မမယု"
အချိန်တစ်ကြာ ကားမောင်းပြီး၍ မုန်းက ရှူခင်းကောင်းသည့်
ရေကန်လေးတစ်ခုဘေးတွင်ကားကိုရပ်လိုက်၏။
"ရောက်ပြီ မမယု"
ယု လည်း ကားပေါ်မှ ဆင်းလိုက်ပြီး
ကန်အနီးထိုင်ခုံလေးတွင်ထိုင်နေစဉ် မုန်းက နှင်းဆီနီပန်းစည်းလေးကို
ကားနောက်ခန်းထဲမှ ထုတ်လာလိုက်ကာ မုန်း၏ရှေ့ထွက်ရပ်လိုက်ပြီး
"မမယု အတွက်"
မုန်း၏ အပြုအမူကြောင့် ယု အံ့ဩရပြန်ပါပြီ။
ယု ထို နှင်းဆီပန်းစည်းလေးကိုယူလိုက်ပြီး အမြတ်တနိုး
နမ်းရှိုက်လိုက်တော့ မုန်းက ပြုံးရင်း ယု ဘေးတွင်ဝင်ထိုင်လိုက်ကာ
"ကျွန်မ နေ့တိုင်း မမယုကို နှင်းဆီနီတွေပေးမယ်"
ယု က သူမကိုထူးထူးဆန်းဆန်းကြည့်နေ၍
"ဘာလို့လဲ လို့ မမေးတော့ဘူးလား မမယု"
"မုန်းနဲ့ပတ်သက်တာမှန်သမျှ မမယု ကြိုက်တယ်"
သူမ စကားကြောင့် မုန်းက ရယ်၏။
"မမယု က နှင်းဆီနီတွေနဲ့အရမ်းတူလို့ပဲ"
"အခြားသူတွေအတွက်ဆို မမယု
ကဆူးတွေနဲ့ပြည့်နှက်နေတဲ့နှင်းဆီတစ်ပွင့် ဆိုပေမဲ့ မုန်းအတွက်ဆိုရင်တော့
အနူးညံ့ဆုံးနှင်းဆီပွင့်ချပ်ကလေးဖြစ်ပေးနေမှာပါ"
ယခုတစ်ခေါက်တွင်လည်း စွဲညှို့မှူအပြည့်ရှိလှပြန်သည့် ယု၏
အကြည့်တို့အား မုန်း တင်မခံနိုင်တော့ပြန်ပေ။
အနီရင့်ရင့် နှုတ်ခမ်းဆေးကူထားသည့်
နှုတ်ခမ်းပါးပါးလေးများအား ပိုင်စိုးပိုင်နင်းဖြင့် သိမ်းပိုက်မိလိုက်ပြန်ပါပြီ။
နေဝင်ဆည်းဆာ အားနောက်ခံထား၍ အနမ်းချိုချိုလေးများဖြင့်
ဖန်တီးနေသော သဘာဝ ပန်းချီကားလေးမှာ လှပလွန်းလှပါသည်။
~~~~~
"မမယု"
ယု ရေချိုးပြီးပြီးချင်း ရေချိုးခန်းမှအပြင်ထွက်လာရာ မုန်းက
ခုတင်ပေါ်၌ ထိုင်နေသဖြင့် ယု မျက်နှာလေးအနည်းငယ်ရဲသွား၏။
မုန်းက သဘောကျသွားဟန်ဖြင့်
"မပြင်မဆင်ရသေးတာတောင်လှလိုက်တာ မမယုရယ်"
သူမ စကားကြောင့် ယု မျက်နှာလေးက ပိုတောင်ရဲသွားပြန်သည်။
"ဟို ဟိုလေ ခနလေးနော် မမ အဝတ်လဲလိုက်ဦးမယ်"
"ဘာလို့လဲ ကျွန်မရှေ့မှာလဲပါ"
"ရှက်လို့"
ယုက မျက်နှာလေးစောင်းရင်းပြောလိုက်၍ မုန်း
သွားစွယ်လေးပေါ်အောင်ရယ်လိုက်ရင်း
"နောက်ဆိုမကြာခနကြုံရတော့မှာမို့ အတွေ့အကြုံယူထားပါ
မမယု"
မုန်း ခုတင်ပေါ်မှ ဆင်းလာလိုက်ပြီး နှင်းဆီနီလေးကို
မှန်တင်ခုံပေါ်ချလိုက်ကာ
"မမယုကို ပန်းလာပေးတာ ဒီနေ့
ဆေးရုံကိုကျွန်မလိုက်ပို့ပေးမယ်"
"ကောင်းပါပြီ"
ဂျင်မီ ဆေးရုံသို့ရောက်သည့် အချိန်မှာပင် ယုက ကားပေါ်မှ
မုန်းကိုနှုတ်ဆက်လိုက်သည်အား မြင်လိုက်ရ၍ သူအလိုမကျမိ။
သူနှင့်ဆိုလျှင် အေးတိအေးစက် နေတတ်သည့် ယု က မုန်းကိုကျ
နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြနေသည်ကို သူ မကျေနပ်။
မိန်းကလေးတစ်ယောက်က သူ့အား အနိုင်ယူသွားမည်ကိုလည်း
သူမခံနိုင်။
မုန်း နှင့် ယု ၏
ဆက်ဆံရေးအကြောင်းကိုတွေးမိတိုင်းသူ့ရင်တွေပူလှသည်။
ကျန်ရစ်များဖြစ်နေခဲ့မလား ဟူသော စိတ်က အတော်လေးအဆင်မပြေ။
ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးချင်းထက်စာလျှင်
သူ့လိုယောကျ်ားတစ်ယောက်ကိုပဲ ယု က ရင်ခုန်နိုင်မှာပါဟု ကိုယ့်ကိုယ်ကို
ဖြေသိမ့်နေရသည်။
"ခုတလော လန်းနေတယ်နော် ယု"
ယုသည်ဒေစီ့ဘက်ကိုတစ်ချက်လှည့်ကာကျေကျေနပ်နပ်ပြုံးလိုက်သည်။
ယုအပြုံးလေးချိုမြလွန်း၍ဒေစီငေးမိသည်။
"ပျော်နေလို့ပေါ့"
"အမယ် Boy friend ရနေပြီလား"
ဒေစီ့အား မဟုတ်တာဆိုသည့်အကြည့်လေးဖြင့် ယု
တစ်ချက်ကြည့်လိုက်ပြီး
"မရပါဘူး boy friendလည်းမထားချင်ဘူးကွယ်"
"အပျိုကြီးပဲလုပ်တော့မလို့လား"
"မုန်း နားမှာပဲနေမှာ"
ဒေစီက သက်ပြင်းလေးချလျက်
"နင်ပျော်ရင်ပြီးတာပဲ"
ဒေစီနှင့် ယု စကားကိုကြားလိုက်ရ၍ အချိန်များမနှောင်းခင်
ဂျင်မီမောင်ဆုံးဖြတ်ချက် တစ်ခုချလိုက်ပြီ။
"ဟုတ်တယ် ယု က ငါ့ကိုပဲချစ်ရမှာ
ငါနောက်ကျနေလို့မဖြစ်ဘူး"
~~~~~
ယနေ့ဂျင်မီ့မွေးနေ့ဖြစ်၍ သူယခင်နေ့များထက်
ပိုမိုသပ်ရပ်အောင်ဝတ်ကာ ဆေးရုံသို့လာခဲ့၏။
ထို့ပြင် သူကြိုတင်စီစဉ်ထားသည့်
အစီအစဉ်တစ်ခုရှိ၍လည်းပိုစိတ်လှုပ်ရှားနေမိသည်။
ယု ဆေးရုံသို့ရောက်တော့ လူအနည်းငယ်ရှင်းနေရာ
နည်းနည်းအံ့ဩနေမိသည်။
နားနေခန်းထဲ၌လည်းတစ်ယောက်မှ မရှိ၍ ဟိုကြည့်သည်ကြည့်
ကြည့်နေတုန်း ရုတ်တရပ် သူမနောက်မှအသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ဂျင်မီဖြစ်နေ၏။
"ဆရာ"
"တစ်ခြားလူတွေကိုရှာနေတာလား ယု"
"ဟုတ်ကဲ့ ဒီနေ့လူရှင်းနေလို့ ဘာနေ့များလဲလို့"
ဂျင်မီက လက်နောက်ပစ်ရင်း ပြုံးလိုက်ကာ
"ဒီနေ့က ကိုယ့်မွေးနေ့မို့
သူတို့ကိုဧည့်ခံထားတာပါ"
"ဪ Happy birthday ပါဆရာ"
ခပ်ရေးရေးပြုံးပြီးပြောလိုက်သည့် ယု
အနားကိုဂျင်မီတဖြေးဖြေးတိုးသွားလိုက်ရင်း
"ဒါဆို မွေးနေ့လက်ဆောင်ပေးလေ ယု"
"ရှင် ဟုတ်ကဲ့ ပေးမှာပါ ဆရာ"
ယုက အနည်းငယ်ပြုံးပြီးပြောလိုက်တော့ ဂျင်မီကရယ်လိုက်ကာ
ယုရှေ့တွင်ဒူးထောက်လိုက်ပြီး သူ့လက်ထဲမှ လက်စွပ်ဘူးလေးကိုထုတ်လိုက်ကာ
"ခုပဲပေးလိုက်ပါကွာ present အနေနဲ့ကိုယ့်ကိုလက်ထပ်ပါ"
ထိုအချိန် ပုန်းနေသူများကလည်း ထွက်လာကြပြီး ယု အားလက်ခံဖို့
တိုက်တွန်းနေကြ၏။
ဂျင်မီက စိတ်အားထက်သန်နေသော်လည်း
ယုကမျက်နှာအတော်လေးပျက်သွားရသည်။
"ဒီနေ့မှမေ့ရတယ်လို့"
မုန်း ထိုမနက် ယု ကို နှင်းဆီပန်းပေးရန် မေ့ခဲ့သဖြင့်
နှင်းဆီနီပန်းစည်လေးကိုင်ကာ ဆေးရုံထဲအဝင် ဂျင်မီက
ယုအားလက်ထပ်ခွင့်တောင်းသည်ကိုမြင်လိုက်ရသဖြင့် သူမ ထောင်းကနဲဒေါသထွက်သွားရသည်။
ယု ဂျင်မီ့အား စူးစူးရဲရဲကြည့်ရင်း ပြတ်ပြတ်သားသားပင်
"ကျွန်မ ဆရာ့ကိုလက်မထပ်နိုင်ပါဘူး"
သူမ ကိုမမြင်သော်လည်း အတိအကျပြန်ဖြေလိုက်သည့် ယု၏
အဖြေကြောင့် မုန်းပြုံးလိုက်မိသည်။
"ဘာလို့လဲ ယုရယ်
ကိုယ့်မှာဘာလိုအပ်ချက်ရှိနေလို့လဲ"
"ဘာလို့လဲဆိုတော့ မမယု မှာ ကျွန်မရှိနေလို့လေ"
နှင်းဆီပန်းစည်းလေးကိုင်ကာ ယု၏ ခါးကိုဖက်ပြီးပြောလိုက်သည့်
မုန်းကြောင့် ဂျင်မီ့မျက်နှာအတော်ပျက်သွားပြီး အခြားလူများက တီးတိုးပြောနေကြသည်။
မုန်းက ယုလက်ထဲ ပန်းစည်းလေးကိုထည့်ပေးလိုက်ပြီး ယု ၏ လက်အား
တယုတယ နမ်းလိုက်ကာ
"ကျွန်မ မမယုကိုချစ်တယ်"
နောက်ဆုံးတော့ ကြားခဲ့ရပါပြီ။
ယု တစ်သက်လုံးမျှော်လင့်နေခဲ့ရသည့်ထိုစကားလေး။
နောက်ဆုံးတော့ မုန်း၏ နှုတ်ခမ်းဖျားမှ ထွက်ကျလာခဲ့ပြီ။
ယု က အချိုမြဆုံးပြုံးလိုက်ပြီး
"မမယုလည်းမုန်းကိုချစ်တယ်"
ထိုမိန်းကလေးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး
ကြည်နူးကျေနပ်မှုအပြည့်တို့ဖြင့် ကြည့်နေကြသော်လည်း ဂျင်မီကတော့
လက်စွပ်ဘူးလေးကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်း ထွက်သွားလေသည်။
မွေးနေ့တွင်မှ လူတစ်ကာရှေ့ ချစ်ရသူထံမှ အငြင်းခံလိုက်ရသည့်
ထိုအဖြစ်က သူ့နှလုံးသားတွင်အရာထင်သွားခဲ့ပြီ။
~~~~~
ယု မှန်တင်ခုံရှေ့ထိုင်ကာ မနက်က
ဖြစ်ရပ်လေးအားတွေးရင်းကျေနပ်နေမိသည်။
ပျော်ရွှင်မှုကြောင့်ဆေးရုံတွင်လည်း စိတ်နှင့်လူမကပ်ချေ။
ထိုင်နေတုန်း အိမ်စေလေးတစ်ဦးက
ထမင်းဝိုင်းအသင့်ဖြစ်ပြီဟုလာခေါ်၍ ယု ထမင်းစားခန်းထဲရောက်တော့
မုန်းကလည်းရောက်နေပြီ။
ယု မုန်းဘေးခုံတွင် ထိုင်လိုက်ရာ မုန်းက တစ်ခွန်းမှ
စကားမပြောဘဲ ထမင်းငုံ့စားနေသဖြင့် ယု နှုတ်ခမ်းဆူမိသည်။
စားသောက်ပြီးတော့ မုန်းက ရေတစ်ခွက်သောက်ပြီး ယု ၏
နားနားကပ်ကာ
"ဒီည ကျွန်မတို့ တူတူအိပ်ရအောင်"
နားဖျားလေးအား ကပ်ကာရိုက်ခတ်သွားသည့် မုန်း၏
ထိုလေသံလေးကြောင့် ယု ကြက်သီးများပင်ထချင်သွား၏။
ထို့ပြင် မုန်းက ကြယ်သီးလေးတစ်လုံးကိုပါဖြုတ်ပြသွား၍ ယု
ရယ်မိသည်။
ထမင်းစားသောက်ပြီးနောက် ယု ရေချိုးကာ အလှပဆုံးဖြစ်စေရန်
ပြင်ဆင်နေလိုက်သည်။
မုန်း အနှစ်ခြိုက်ဆုံးဖြစ်သည့် ရေမွှေးရနံ့လေးအား ဆွတ်ကာ ညှို့အားအပြင်းဆုံးဖြစ်စေရန် အဝတ်အစားကိုပါ အနက်ရောင်ညဝတ်ဂါဝန်ခပ်ပါးပါးလေးကို ဝတ်ဆင်ထား၏။
ဆံပင်အား ဆံထုံးကိုလျော့ရဲရဲလေးထုံးထားရာ ဆံစများက
တစ်စစီကျနေကာ ဆွဲဆောင်မှုမှာတစ်ဖက်ကမ်းခတ်ရှိနေသည်။
မုန်း ယု၏ အခန်းထဲသို့ ဝင်လာသည်နှင့် နှာခေါင်းထဲဝင်လာသည့်
ပြင်းရှရှ ရေမွှေးနံ့နှင့်အတူ ခုတင်ပေါ်တွင် နှင်းဆီပန်းအနီလေးအား ကိုက်ကာ သူမကို
ညှို့ချက်ပြင်းသည့်အကြည့်တို့ဖြင့်ကြည့်နေသည့် ယု ကြောင့် နှစ်ခြိုက်စွာပြုံးမိ၏။
ခုတင်ပေါ်မတက်သေးဘဲ မုန်းက လက်ပိုက်ကာ ကြည့်နေသဖြင့် ယု
လက်ညှိုးလေးဖြင့် လှမ်းခေါ်တော့ မုန်းက အင်္ကျီကြယ်သီးလေးဖြုတ်ရင်း
ခုတင်နားလှမ်းသွားလိုက်သည်။
ယု ၏ဘေးတွင်ထိုင်လိုက်ကာ ယု၏လည်ပင်းသားဖွေးဖွေးလေးကို မုန်း
သူမနှာခေါင်းဖြင့် ပွတ်သပ်လိုက်ပြီး
"ကျွန်မအရမ်းကြိုက်တဲ့အနံ့ပဲ မမယု"
မုန်း ယု၏ နှုတ်ခမ်းဖျားမှ နှင်းဆီပန်းလေးကိုယူလိုက်ပြီး ယု
၏ နှုတ်ခမ်းများကို စုပ်ယူ နမ်းရှိုက်လိုက်တော့ ယု ကလည်းကျေနပ်စွာပင်
ပြန်လည်တုံ့ပြန်၏။
"ကျွန်မကို ယုယခွင့်ပေးပါတော့ မမယု"
စကားဆုံးသည်နှင့် မုန်းက ယုကိုခုတင်ပေါ်လှဲချလိုက်ကာ
စိတ်တိုင်းကျယုယနေချေပြီ။
ယု ကလည်း မုန်းအား ရွှန်းလဲ့တောက်ပနေသောအကြည့်တို့ဖြင့်
စွဲညှို့နေပြီး မကြာမီ အခန်းတွင်း၌ ချစ်မိုးကြီးတို့ရွာချသဖွယ်
ညည်းသံသဲ့သဲ့လေးတို့ဖြင့် လွှမ်းမိုးလျက်။
~~~~~
ယု ဆေးရုံမှ ပြန်ရောက်ရောက်ချင်း မုန်းကို
အိမ်တစ်ဝိုက်ရှာကြည့်ရာ မတွေ့၍ ဧည့်ခန်းတွင် ထိုင်စောင့်နေလိုက်၏။
သိပ်မကြာမီပင် မုန်း၏ ကားက ပြန်ရောက်လာပြီး မုန်းက
သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ
"စိတ်ညစ်လိုက်တာ မမယုရယ်"
"ဘာလို့လဲ"
"ဒယ်ဒီက ကျွန်မကို ပြင်ဦးလွင်လွှတ်နေလို့
အလုပ်ကိစ္စတဲ့ မနက်ဖြန်သွားရမယ်"
မုန်း၏ စကားကြောင့် ယု မျက်နှာလေးအနည်းငယ် ပျက်ယွင်းသွားသဖြင့် မုန်းသည်ယုရဲ့လက်ဖဝါးနုနုလေးကိုသိမ်မွေ့စွာဆုပ်ကိုင်ကာချော့လေသည်။
"မကြာပါဘူး မမယုရယ် ၃ရက်တည်းပါ"
ယုသက်ပြင်းချမိပါသည်။
အရင်ကလည်းမုန်းနဲ့မကြာမကြာခွဲခွါဖူးနေကျပဲ။ ယု ဒီလောက်မခံစားရပါ။
ဒီတစ်ခါတော့ယုရင်ထဲတော်တော်လေးနင့်သည်။
"မမယုတော့ မုန်းကိုလွမ်းနေတော့မှာပဲ"
မုန်း ယု၏ နှာဖျားလေးအား ဖြတ်ကနဲနမ်းလိုက်ပြီးနောက် ယု၏
ပုခုံးလေးကိုဖက်လိုက်ကာ
"ဒါဆို ဒီည ဖက်အိပ်ရအောင်"
"ဟင် ဘာဆိုင်လို့လဲ"
"ကျွန်မသဘောကျလို့"
သူမ မေးဖျားလေးအား မုန်းကကိုင်ရင်းပြောလိုက်သဖြင့် ယု
နှစ်ခြိုက်စွာပြုံးမိသည်။
"မုန်းသဘောကျတယ်ဆို ပြီးတာပါပဲ"
~~~~~
ယနေ့ ခရီးသွားရမည့်နေ့ဖြစ်၍ မုန်း ခပ်စောစောထကာ
ပြင်ဆင်နေသလို ယုပါ အစောထ၍ မုန်းကိုကူညီပေးနေသည်။
ပြင်ဆင်ပြီးနောက် မုန်းက ကားပေါ်တက်သွားတော့ ယု
ကားနားတိုးကာ
"ဂရုစိုက်သွားနော် မုန်း
ကားကိုသေချာဂရုစိုက်မောင်းပေးပါ"
"ဟုတ်ကဲ့ပါ သခင်မလေး"
ယုက စိတ်ပူနေပုံဖြင့် ဘေးမှ ဒါရိုက်ဘာကိုပါ သတိပေးလိုက်ရာ
မုန်း ရယ်လိုက်ပြီး
"ကျွန်မ အမြန်ဆုံးပြန်လာခဲ့မယ် မမယု"
သူမကိုတစ်ချက်နမ်းကာ ထွက်သွားသည့် မုန်း၏
ကားနောက်ကျောကိုကြည့်ရင်း ယု သက်ပြင်းချမိသည်။
"ဘာလို့စိတ်မချဖြစ်နေလဲမသိပါဘူး"
သူမတို့ကားလေး မြို့ထဲမှ ထွက်သည်နှင့် နောက်မှ ကား၃စီးခန့်က
ဆက်တိုက်လိုက်နေသည်ဟု မုန်းခံစားနေရ၏။
"ကားကိုနည်းနည်းအရှိန်မြှင့်လိုက်ပါ"
"ဟုတ်ကဲ့ သခင်မလေး"
သူမတို့အရှိန်မြှင့်လိုက်တော့ ထိုကားများကပါ
အရှိန်ထပ်မြှင့်၍ မုန်း ကားမှန်မှ ခေါင်းထုတ်လိုက်ရာ
"ဒိုင်း"
နောက်ကားမှ သေနတ်ဖြင့်လှမ်းပစ်၍ မုန်းဝပ်လိုက်ရ၏။
သူမကား desktop ထဲမှ သေနတ်ကိုယူ၍ ပြန်ခုခံသော်လည်း တစ်ယောက်အများမို့ မနိုင်။
အရေးပိုင်မင်းက ဘော်ဒီဂတ်များထည့်ပေးမည်ဆိုသည်ကို မုန်း
မလွတ်လပ်၍ လက်မခံမိတာ မှားလေပြီ။
သူမ အစွမ်းကုန် ခုခံနေသော်လည်းတစ်ဖက်မှဆက်တိုက်ပစ်နေရာ
သူမတို့ကားလေးလည်းကျည်ရာများဖြင့် အတော်လေးချုံးနေပြီ။
"ဒိုင်း"
"ကျွီ"
ပစ်ချက်မှာ ဒါရိုက်ဘာ၏ ခေါင်းတည့်တည့်ကိုထိမှန်သွားပြီး
မုန်းတို့၏ ကားလေးမှာ ချောက်အတွင်းသို့ဦးတည်လျက်။
မုန်း ဒဏ်ရာများကြောင့် အသက်ကိုလုရှူနေရပြီး
အသိမလွတ်သွားခင် နောက်ဆုံးတမ်းတမိသည်က
"မမယု…"
~~~~~
"ယုရေ ယု "
အရေးပိုင်ကတော်က စံအိမ်ထဲ ရေးကြီးသုတ်ပြာ ဝင်လာသဖြင့် ယု
ကမန်းကတန်း လှေကားမှဆင်းလာကာ
"ရှင် မာမီ ဘာဖြစ်လို့လဲဟင်"
အရေးပိုင်ကတော်က ယု၏လက်ကိုဆုပ်ကိုင်လိုက်ကာ
"မုန်းတို့ကားတိုက်ခိုက်ခံရပြီး
ချောက်ထဲကျသွားလို့တဲ့"
ကြားလိုက်ရသည့်စကားက သူမနားထဲ မိုးကြိုးပစ်ချသလိုပင်။
ယု
နောက်ကိုအနည်းငယ်ဆုတ်လိုက်ကာတုန်လှုပ်ခြောက်ခြားစွာအမေးစကားလေးဆိုလေသည်။
"မ မဖြစ်နိုင်ပါဘူး မာမီရယ် သေချာလို့လား"
"သေချာတယ် ကားလည်းမီးလောင်သွားပြီး
အလောင်းတောင်ပြန်မရဘူး ကျန်ခဲ့တာဆိုလို့ မုန်းရဲ့ ဟောဒီ့လက်စွပ်လေးပဲရှိတယ်"
ဒေါ်မြသက် လက်ထဲမှ လက်စွပ်လေးကို ယု ကြည့်လိုက်တော့ သူမ
ဆံထိုးနှင့်ဆင်တူ နှင်းဆီနီပုံလေး။
ယု ဒူးထောက် ထိုင်ချမိ၏။ သူမ တွင် မတ်တပ်ရပ်ရန်ပင် အားအင်
မရှိတော့ပါ။
"ဟင့်အင်း မုန်းက မုန်းက
သမီးကိုထားသွားမှာမဟုတ်ဘူး"
မျက်ရည်တစ်စက်မကျသော်လည်း ယု ပုံစံက သွေးရူးသွေးတန်းဖြစ်နေ၍
ဒေါ်မြသက် ယုကိုပွေ့ဖက်လိုက်ကာနှစ်သိမ့်ဟန်ပြုလေသည်။
သို့ပေမဲ့ဒေါ်မြသက်စကားသည်ယုကိုနှစ်သိမ့်တာထက်
ယုနှလုံးကိုဓားနဲ့ခွဲနေတာနဲ့ပိုတူသည်။၊
"သမီးညီမလေး မာမီတို့ကိုထားသွားပြီသမီးရယ်"
"မဟုတ်ဘူး အဲ့လိုမပြောပါနဲ့ မာမီရယ် မုန်းက
ပြန်လာမှာလို့သမီးကိုပြောသွားတယ်"
ယုသည် ဒေါ်မြသက်ကို တွန်းပယ်ရင်း အတင်းအကြပ်ပြောနေရာ
အရေးပိုင်မင်းကပါ
စံအိမ်ထဲဝင်လာပြီး ယု ပုခုံး၂ဖက်ကိုဆုပ်ကိုင်လျက်ခပ်ကြမ်းကြမ်းလှုပ်ခါပြီးသတိပေးသည်။
"သေပြီ မင်းညီမ မုန်းမဟူရာ သေပြီ ယု အရှိကိုလက်ခံလိုက်
ငါ့သမီးသေပြီ"
အရေးပိုင်မင်းက မျက်ထောင့်နီတို့ဖြင့် ပြောပြီး
ဒေါ်မြသက်လက်ကိုဆွဲကာ ထွက်သွားသဖြင့် ယုတစ်ယောက်တည်း ကျန်ခဲ့ရသည်။
အိမ်စေလေးများကလည်း သူမကိုကြည့်ကာ စိတ်မကောင်းပေ။
ယု သူမ အခန်းထဲသွားကာ နံရံကိုမှီ၍
မျက်ရည်များတစ်သွင်သွင်ကျနေရ၏။
မုန်း ဤလောကတွင် မရှိတော့ဘူးဟူသည့် အသိကိုသူမ လက်မခံနိုင်။
ယု သူမ ဆံထုံးတွင်ထိုးထားသည့် မုန်းပေးခဲ့သော ဆံထိုးလေးကို
ဖြုတ်လိုက်ကာမျက်ရည်တွေစီးကျနေတဲ့ကြားကယုပြုံးသည်။ ထို့နောက်တွင်
ယုရဲ့လက်လေး၂ဖက်လုံးသည်ကျောက်ဆံထိုးလေးကိုတင်းကြပ်စွာဆုပ်ကိုင်လျက် ဝဲဘက်ရင်အုံကိုထိုးစိုက်ဖို့ရန်အားအပြည့်ဖြင့်….
"မုန်း မရှိတဲ့လောကမှာ မမယု မနေတော့ဘူး"
JikoJane