ကောင်းကင်မှာ ကြယ်တွေ စုံလာတဲ့အထိ ကာရန်
ဆင်းလာတာကို မျှော်နေခဲ့ပေမယ့် အပေါ်ထပ်ဆီကနေ တိတ်ဆိတ်မှုကိုပဲ ကျယ်ကျယ်လောင်လောင်
ထုတ်လွှတ်နေခဲ့တာကြောင့် ထိုင်မရ ထမရ အခြေအနေကို ဖြိုဖျက်ပြီး လှေကားကို ခြေသံခပ်ဖွဖွနဲ့
နင်းတက်သွားမိတယ် ။
တံခါးခေါက်လိုက်ဖို့ လက်လှမ်းပြီးခါမှ သူတစ်ယောက်တည်း
နေချင်တဲ့အချိန်ဆိုတာ ရှိမှာပဲလို့ တွေးမိတာကြောင့် လက်ကို ပြန်ရုတ်လို့ သက်ပြင်းကို
ခပ်ဖွဖွ ချမိတယ် ။
ပြန်လှည့်ဖို့ ပြင်နေတုန်းမှာပဲ လက်ကိုင်ဘုက
ချောက်ခနဲ မြည်ပြီး တံခါးပွင့်လာတယ် ။ တံခါးနောက်မှာတော့ ရွှေအိုရောင်ဆံပင်တွေကို ကျောပေါ်ဖြန့်ကျဲထားတဲ့
မျက်ဝန်းမှိန်မှိန်တွေရဲ့ ပိုင်ရှင် ။ အရောင်မရှိတဲ့ မျက်ဝန်းတွေကို သဘောမကျတာဟာ ဝမ်းနည်းနေတဲ့
အမူအယာတွေကို မမြင်ချင်လွန်းလို့ဆိုတာကိုလည်း ဝန်ခံရပါလိမ့်မယ် ။ ပျော်နေတဲ့ အချိန်ဆို
သိပ်ကို တောက်ပနေတတ်တဲ့ မျက်ဝန်းညိုတွေလေ ။
" အတော်ပဲ လာခေါ်တော့မလို့ "
ကျွန်မ မေးခွန်းတောင် မမေးနိုင်ခင်မှာ ကာရန်ချိုက
တံခါးကို ပိတ်ပြီး ကျွန်မရဲ့ အင်္ကျီအဖျားကို ဆွဲလို့ လှေကားကနေ ဆင်းနေပြီ ။ သူဦးတည်နေတာက
အိမ်နောက်ဘက်က ပန်းခင်းဆီပဲ ။ ပန်းခင်းတစ်ခုလုံးကို အပေါ်စီးကနေ မြင်နေရတဲ့ ခြံစည်းရိုးအောက်မှာ
ထိုင်ချပြီး ကောင်းကင်ကို မော့ကြည့်တယ် ။ သူ့ဘေးမှာ ထိုင်ချပြီး ပန်းခင်းကို ငုံ့ကြည့်မိတဲ့အချိန်မှာ
လေနုအေးအေးက မျက်နှာဆီကို ခပ်သွေးသွေးကလေး တိုးဝှေ့သွားတယ် ။
ခြံအပြည့်နီးပါးစိုက်ပျိုးထားတဲ့ နှင်းဆီပန်းတွေရဲ့
ထုံသင်းပျံ့နေတဲ့ ရနံ့တွေကို အဆုတ်ထဲအထိ ရောက်အောင် ရှူသွင်းလိုက်မိတယ် ။
" ဒီနေ့ လပြည့်နေ့ပဲ ၊ အဲဒါကြောင့်
မနက်က ပန်းလာယူတဲ့ ဆိုင်တွေ များနေတယ်လို့ ထင်တော့ ထင်သား "
မနက်က ရာသီဥတုသာယာခဲ့သလို အခုညလည်း တိမ်ကင်းစင်နေတဲ့
ကောင်းကင်မှာ ကြယ်တွေ မှိတ်တုတ်ပြနေတာကို မြင်ရတယ် ။
" ဟိုမှာ ဓူဝံကြယ် "
ကာရန်ချိုရဲ့ လက်ညှိုးညွှန်ရာဆီ မော့ကြည့်မိတော့
ခုနစ်လုံးတန်းနေတဲ့ ဓူဝံကြယ်ကို မြင်ရတယ် ။ သန်းခေါင်တောင် ရောက်နေပြီပဲ ။
" သီချင်းနားထောင်မလား "
ကျွန်မ ခေါင်းငြိမ့်ပြလိုက်တော့ ကာရန်ချိုက
သူ့ရဲ့ ဖလန်နယ် အနွေးထည်အိတ်ထဲက ဖုန်းနဲ့ နားကြပ်ကို ထုတ်လာတယ် ။ နားကြပ်တစ်ဖက်စီနဲ့
သံစဉ်တွေကို မျှဝေနေရတယ်ဆိုတဲ့ အသိကြောင့် ပြုံးလိုက်မိတယ် ။
Never
question it then you'll never know
Never
rise above, then you'll never grow
Take
a chance now don't go losing your hope
ကာရန်ချို ညည်းလေ့ရှိတဲ့ ၉၀ ခုနစ်က သီချင်းတွေတော့
မဟုတ်ဘူးပဲ ။
Never
break apart, then you'll never heal
Never
lose yourself then you'll never feel
Never
face the fear then nothing is real
ထိန်ထိန်သာနေတဲ့ လမင်းကို ငေးရင်း သီချင်းကို
ခပ်တိုးတိုးလေး လိုက်ဆိုနေတဲ့ ကာရန့်ကို ငေးရင်း ကျွန်မရဲ့ နှလုံးခုန်သံကို ပြန်ဆန်းစစ်နေမိတယ်
။
On
the far side of the moon
Where
only hearts that dare to dream could ever break through
အမှားအယွင်းမရှိဘဲ ချစ်မိနေတာ ဖြစ်ကြောင်း
သိလိုက်ရတော့ စိတ်ကို လျှော့လိုက်မိတယ် ။ သူ့အပေါ်ထားတဲ့ခံစားချက်တွေကို သံသယဝင်နေစရာ
မလိုတော့ဘူးပဲ ။
" ဒီလို သီချင်းတွေလည်း နားထောင်တာပဲလား
"
" Music taste က စုံတယ် ၊ ဒါက အခုတလော
နားထောင်ဖြစ်နေတဲ့ သီချင်း "
On
the far side of the moon
Where
the unknown hums a song that's just for you
" လရောင်ရော ဘယ်လိုထင်လဲ "
" ဘာကိုလဲ "
" ဒီသီချင်းထဲကလို လူတွေ မမြင်နိုင်တဲ့
လရဲ့ဘက်ခြမ်းမှာဆို အဲဒီ့ အိပ်မက်တွေ အကုန်ဖြစ်နေမယ်လို့ ထင်လား "
" လူတစ်ယောက်ရှိရင်ပေါ့ "
" ဘယ်လိုလူလဲ "
" ကိုယ့်ကို ပျော်စေချင်တဲ့လူ
"
ကာရန့်ဆီက ရယ်သံခပ်သဲ့သဲ့ကို ကြားရတယ် ။
လေအေးတစ်ချက်ဝှေ့လိုက်တော့ နဂို ခပ်စိမ့်စိမ့်ကလေးဖြစ်နေတဲ့ ပတ်ဝန်းကျင်က နားရွက်ဖျားတွေကိုပါ
အေးစက်လာစေတယ် ။
ကာရန်က ခဏလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး
သူ့ရဲ့ ဖလန်နယ် လက်ရှည်ကို ချွတ်လိုက်တယ် ။
" ကာရန် အေးနေတယ်လေ "
သူကိုယ်တိုင်လည်း အေးနေသည့်တိုင် သူ့ရဲ့
ဖလန်နယ်အင်္ကျီ ကျွန်မရဲ့ ပုခုံးပေါ် တင်ပေးလာတယ် ။
" ကာရန်က ဒီမှာမွေးပြီး ဒီမှာကြီးတာပါ
၊ ဒီလောက်အအေးကတော့ မဖြုံတော့ဘူး "
ပုခုံးပေါ်ရောက်နေတဲ့ အင်္ကျီဆီကနေ ကာရန့်ရဲ့
ကိုယ်ပိုင်ကိုယ်သင်းနံ့ဖြစ်တဲ့ ပန်းရနံ့ကို ရတယ် ။ ဘာပန်းရဲ့ အနံ့မှန်း တိတိကျကျ ဖော်ပြလို့မရဘဲ
ပန်းပေါင်းစုံရောထားတဲ့ ရနံ့လို ဖြစ်နေတာ ။
" ဖောက်ပြန်ခံခဲ့ရတာ "
ကာရန်က ကျွန်မကို ခေါင်းလေး စောင်းလို့ ကြည့်လာတယ်
။ လရောင်အောက်က ရွှေအိုရောင်ဆံနွယ်တွေက ဒီတစ်ခါမှာတော့ ပိုပိုသာသာလေး တောက်ပနေသယောင်
။
" ချစ်သူနဲ့အချစ်ဆုံးသူငယ်ချင်းက ဖောက်ပြန်ခဲ့တာ
"
" ငါ့ကို ဘာလို့ ဒီလောက်အထိ
လုပ်ရက်ရတာလဲ ! ဟမ် ငါက နင်တို့အပေါ် ဘာတွေများ
မှားခဲ့လို့ ငါ့ကို ဒီလောက်အထိ ရက်စက်နိုင်ကြတာလဲလို့ ! "
မွန်းကြပ်စရာ မှတ်ဉာဏ်တွေက လက်ရှိအချိန်ဆီ
ပြေးဝင်တိုးတိုက်လာတဲ့ အချိန်မျိုးမှာတော့ နင့်ခနဲ နေအောင် ခံစားရပါသေးတယ် ။
ကာရန်ချိုရဲ့ စိတ်မကောင်းသလို အကြည့်တွေကို
ကျွန်မက လက်ခံသင့်ပါ့မလား ။ သူ့ရဲ့ အတိတ်က ဖြစ်ရပ်တွေက ကျွန်မထက် အများကြီး ပိုပြီး
နှစ်သိမ့်ပေးခံရဖို့ ထိုက်တန်နေတာကိုလေ ။
" နှစ်ယောက်အတူ လျှောက်ရမယ့် လမ်းမှာ
တစ်ယောက်တည်းကပဲ ချစ်နေလို့ မဖြစ်ဘူးလေ တဲ့ "
" ဝမ်းနည်းခဲ့မှာပဲ "
တကယ်လည်း ဝမ်းနည်းခဲ့တာ အမှန်ပဲဆိုပေမယ့်
အခုတော့ အဲဒီခံစားချက်တွေက အစတောင် ဖော်လို့ မရတော့ပါဘူးလို့ ပြောရင် ယုံနိုင်စရာရှိပါ့မလား
။
" ဝမ်းနည်းခဲ့ပါတယ် ၊ ဒါပေမယ့် အခုတော့
မလိုတော့ဘူးလို့ ထင်တယ် "
" ဘာလို့လဲ "
" ကျွန်မကို ပျော်စေချင်တဲ့ လူတစ်ယောက်
ရှိတယ်လေ "
Take
a chance, take a chance
Just
take a chance, take a chance
Just
take a chance, take a chance on love
( Far side of the moon - slot machine)
ခေါင်းကို ငုံ့ပြီး ခိုးပြုံးလိုက်တာကို
မျက်ဝန်းထောင့်ကနေ မြင်လိုက်ရတယ် ။ ကာရန်ချိုမှာလည်း ကလေးဆန်ဆန် ချစ်ဖို့ကောင်းတဲ့အပြုအမူတွေ
အများကြီး ရှိနေတာပဲ ။
Take a chance, take a chance
Just take a chance, take a chance
Just take a chance, take a chance on
love
ခပ်တိုးတိုး သီချင်းညည်းသံက တိတ်ဆိတ်နေတဲ့
ညသန်းခေါင်ယံမှာတော့ ထင်ထင်သာသာကလေး ထွက်ပေါ်လာတယ် ။ ကျွန်မကတော့ သူသာ ဖြစ်ချင်တယ်လို့
ပြောလာခဲ့ရင် လူတွေမမြင်နိုင်တဲ့ နေရာမှာ မဟုတ်ရင်တောင် ဖြည့်ဆည်းပေးမိမှာပါပဲ ။
-
ကျွန်မမှာ နေ့တဓူဝ အလုပ်ဆိုပြီး တစိုက်မတ်မတ်
သတ်မှတ်ထားတာမျိုး မရှိခဲ့ဘူး ။ ဒါပေမယ့် အခုတော့မှတ်သားပြီး လုပ်ဆောင်ရမယ့်အရာတွေ
ရှိလာတယ် ။
" ကာရန် ထမင်းစားမယ် "
" လာပြီ "
ကာရန် ထမင်းစားမယ် ၊ ကာရန် အနွေးထည်သွားဝတ်
၊ ကာရန် မပြေးနဲ့ ၊ ကာရန် … ကာရန် … ကာရန် … ။ ဘယ်အရာဆို ကာရန်ဆိုတဲ့ နာမည်က ပါနေပြီးသားပဲ
။
ကာရန်က ရေလောင်းလက်စ ပန်းပင်တွေကို ထားခဲ့ပြီး
ပြန်ပြေးလာတယ် ။ ဘယ်ကနေ ဘယ်လို အသားကျသွားမှန်း မသိပေမယ့် ကျွန်မက ကာရန်ချိုရဲ့ ပြောင်စပ်စပ်မျက်နှာအမူအယာတွေနဲ့
နောက်တီးနောက်တောက် စကားလုံးတွေက ကျွန်မ ဘဝရဲ့ တစ်စိတ်တပိုင်းလို ဖြစ်နေခဲ့ပြီ ။
" အန်တီမော် "
" ရှင် "
" ဦးကြည်သာကို ဘယ်လိုမြင်လဲဟင်
"
" ကိုကြည်သာလား ၊ လူအေးကြီးပါ ကာရန်ရဲ့
။ ဘာဖြစ်လို့လဲ "
" ကာရန်ချို ပါးစပ်ကို ပိတ်ပြီး ထမင်းစား
"
" ထမင်းစားတာက ပါးစပ်ပိတ်ထားလို့မှ
မရတာကို "
ကျွန်မရဲ့ အကြည့်စူးစူးကိုတော့ မခံနိုင်ရှာတဲ့
ကာရန်ချိုက စကားသံ ဆက်ထွက်မလာတော့ဘူး ။ ကျွန်မရဲ့ အဒေါ်အပျိုကြီးကို ယောက်ျားပေးစားမယ့်
အရိပ်အယောင်မို့ ဆက်ပြောရင်လည်း ချစ်တာတွေ မေတ္တာတွေ ဘေးချိတ်ပြီး ထထုဖို့ပဲ ရှိတော့တယ်
။
" ဘာဖြစ်လို့လဲ ကလေးတွေရဲ့ "
" ဘာမှမဟုတ်ပါဘူး ဦးကြည်သာက ရှေ့နေဆိုပေမယ့်
မထင်ရလောက်အောင် ရိုးရိုးအေးအေးကြီးမို့လို့ "
" ဪ အဓိကက သူ့ရဲ့အလုပ်မှာ သမာသမတ်ကျဖို့ပါပဲကွယ်
"
" ကျပါတယ် ကျပါတယ် "
အောက်ကနေ လက်ကို ဆွဲဆိတ်လိုက်တော့ ကာရန်က
ကျွန်မရဲ့ လက်ကို ဖျက်ခနဲ ပြန်ဆုပ်ကိုင်ထားတယ် ။ ပြီးတော့ … ပြန်မလွှတ်တော့ဘူး ။ အလိုမကျ
ဖြစ်နေတဲ့ စိတ်တွေကနေ ရင်ခုန်သံတွေပါ ပါလာတယ် ။ ကာရန်ချိုနဲ့တော့ ခက်တာပါပဲ ။
ထမင်းစားပြီးလို့ ပန်းကန်တွေ သိမ်းတဲ့အချိန်အထိ
ကာရန်က ကျွန်မကို သူ့ရဲ့ အောင်သွယ်တော် အစီအစဉ်ထဲ ဆွဲထည့်နေတုန်းပဲ ။
" မရဘူးလို့ ပြောတယ်နော် "
" လရောင်ကလည်း အများအကျိုးဆောင်ရင်
ကိုယ့်အကျိုးလည်း အောင်တယ်တဲ့ "
" မအောင်ချင်ဘူး ၊ သွား ငြိမ်ငြိမ်သွားထိုင်နေ
"
" လရောင်ကလည်း … "
" ကာရန်ချို "
" ဟွန်းးးး … ရေသွားသောက်လိုက်ဦးမယ်
"
ကျွန်မဘေးကနေ ကုပ်ချောင်းကုပ်ချောင်းနဲ့
ထွက်သွားတဲ့ ကာရန်ချိုကို ကြည့်ရင်း ခေါင်းခါလိုက်မိတယ် ။ နှစ်ပေါင်း လေးဆယ်နီးပါးလောက် အပူအပင် ကင်းကင်းနဲ့
နေခဲ့တဲ့ ကျွန်မရဲ့ အဒေါ်အပျိုကြီးကိုမှ လာခလုတ်တိုက်နေတယ် ။ တကယ် မလွယ်ကြောပါပဲ ။
အဲ့လိုပြောလို့ ကျွန်မကရော အပျိုကြီး လုပ်မှာလားလို့ မေးလာခဲ့ရင်တော့ ဟင့်အင်းလို့ပဲ
ငြင်းပါဦးမယ် ။
ကာရန်ချိုကို ရရင်တော့ ယူဦးမှာ ။
-