ပန်တော်ကျ - Episode 10


ဘုတ်အီး ဘုံပိုင်မှာ ရေစည်ရေဖြည့်တာကိုစောင့်ရင်း

ငွေမှုံအကြောင်း စဥ်းစားနေမိသည်။

သူ အခုတလော ငွေမှုံကိုမြင်ရင် စိတ်ထဲမှာ တမျိုး

ဖြစ်ဖြစ်နေသည်။

ဘာဖြစ်လိုဖြစ်မှန်းကို သူကိုယ်တိုင်အဖြေရှာမရချေ။

စောစောကလည်း ငွေမှုံ သူ့ကို စ တော့ သူ့ရင်တွေ

အရမ်းခုန်လာသည်။

ဒါကြောင့် သူ အိမ်ကထွက်လာခဲ့ခြင်းဖြစ်သည်။

ဘုတ်အီး သူ့ ဘယ်ဘက်ရင်အုံကို လက်နှင့်ဖိထား

လိုက်သည်။


"ဟဲ့...ဘုတ်အီး..ဒီရေစည် နင်ဖြည့်ထားတာလား

 ရေပြည့်တော့မယ်"


ဘုတ်အီး အတွေးလေလွင့်နေတုန်း သူ့​အနားကပ်၍

အော်ပြောလိုက်သည့်စကားကြောင့် လန့်သွားသည်။

ဒေါ်သင်းထုံက လျှော်မည့်အဝတ်တွေထည့်ထား

သည့်ခြင်းတောင်းကြီးကိုရွက်ထားရင်းမှ ဘုတ်အီး

ကို သတိပေးလိုက်ခြင်းဖြစ်သည်။


ဘုတ်အီးလည်း အုတ်ခုံပေါ်မှာထိုင်နေရာမှဆင်းလိုက်

ပြီး ရေစည်ဆီသို့သွားလိုက်သည်။


.............


သပွတ်ကုန်းရွာမှာ နှစ်စဥ်ကျင်းပမြဲဖြစ်သည့် 

ရှင်ဥပဂုတ္တရဟန္တာ ပူဇော်ပွဲ ကျင်းပမည့်အချိန်သို့

ရောက်လာခဲ့ပြန်သည်။

ဒီနှစ် ဘုရားပွဲ၌ နာမည်ကြီး ဇာတ်အဖွဲ ငှားမည်ဖြစ်

၍ သပွတ်ကုန်းရပ်ကွက်မှာနေထိုင်သူတွေသာမက 

ရပ်နီးရပ်ဝေးမှ ပွဲကြိုက်သူတွေမှာလည်း ပွဲကြည့်

ဖို့အတွက် စိတ်အားထက်သန်နေကြလေသည်။


ဇာတ်ပွဲတင်မကသေး မျက်လှည့်ပွဲနှင့် တုတ်ထိုးရုပ်

ပွဲတွေပါ ပါသေးသည်။


ဘုတ်အီးတစ်ယောက်ကတော့ သူ့အမေက ပွဲစျေး

ရောင်းမည်ဆို၍ မပျော်နိုင်ရှာ။


စျေးရောင်းရမည်ဆိုတော့ ဇာတ်ပွဲကို လွတ်လွတ်

လပ်လပ် သွားပြီး ကြည့်လို့ရမည်မဟုတ်ချေ။


"မျက်နှာကြီးကလည်း အီးဆယ်လုံးလောက်မှန်

ထားသလိုပဲ ဘာဖြစ်နေတာလဲ"


ငွေမှုံက တိုဟူးကျိုနေသည့် ဘုတ်အီးရဲ့မျက်နှာကို

ကြည့်ကာ မေးလိုက်သည်။

ဘုတ်အီးက တိုဟူးအိုးကို အဆက်မပြတ်မွှေနေရာမှ 


"ဘာဖြစ်ရမလဲဟ အမေက ပွဲစျေးရောင်းမလို့တဲ့"


"အဲ့တော့ဘာဖြစ်လဲ...ပွဲစျေးရောင်းတော့ ပိုက်ဆံ

များများရမယ့်ကိစ္စပဲကို.."


"ပိုက်ဆံတော့ရပေမယ့် ငါက ပွဲကြည့်ချင်တာဟ..

အမေစျေးရောင်းမယ်ဆို ငါ ပွဲသွားကြည့်လို့ ရမှာ

မဟုတ်ဘူး.."


"ပွဲက ညကိုးနာရီမှစမှာကို နင့်အမေဆိုင်က အဲ့အချိန်

ကုန်နေလောက်ပြီ "


ငွေမှုံရဲ့စကားကြောင့် ဘုတ်အီး ငွေမှုံကို လှည့်ကြည့်

လိုက်သည်။


"ဟုတ်သားပဲ..."


ခဏနေမှ ဘုတ်အီးမျက်နှာက အလိုမကျဟန်နှင့်

ပြန်ပြီး စူပုတ်သွားကာ


"ငါက စတိတ်ရှိုးထဲက ကြည့်ချင်တာဟ...ပြီးတော့

မျက်လှည့်လည်း ကြည့်ချင်သေးတယ် "


"အဲ့ဒါဆိုလည်း နင့်အမေနဲ့ စျေးကူရောင်းဖို့ အလုပ်

သမားခေါ်လိုက်ပေါ့ဟာ..ငါထင်တယ်..လတ်လတ်

တို့လည်း ကြည့်ချင်မှာပဲ.."


"အဲ့လိုလည်း မဖြစ်သေးပါဘူး..အလုပ်သမားငှား

ရင် ပိုက်ဆံကပေးရဦးမှာ"


ပွဲလည်းကြည့်ချင်သည်။မျက်လှည့်လည်းကြည့်ချင်

သည်။အလုပ်သမားငှားဖို့ပြောတော့လည်း ပိုက်ဆံ

ကုန်မှာဆိုးသည်။ငွေမှုံ ဘုတ်အီးကိုကြည့်လိုက်ပြီး

ခေါင်းခါလိုက်သည်။


"နင်ဟာလေ..."


"ဘာဖြစ်လဲ"


"ကပ်စေးနှဲ..."


"စက်ဘီးဝယ်ဖို့ ပိုက်ဆံစုနေတာဟ...အလုပ်သမား

ငှားမယ့်ကိစ္စ လုံးဝကို စိတ်မကူးဘူး...နှစ်ထောင်

သုံးထောင် ပိုထွက်လာ နည်းလား.."


"ဟုတ်ပါတယ် ဟုတ်ပါတယ် "


ပွဲနေ့ရောက်တော့ ဘုတ်အီးတို့အသုပ်ဆိုင်လေးက

သူ့အဒေါ်မခိုင်တို့အကြော်ဆိုင်နှင့် ဘေးချင်းကပ်

နေရာမှာ နေရာရသည်။


အကြော်ဆိုင်နှင့်အသုပ်ဆိုင်ပေါင်းဖွင့်၍ အတော်

လေး ရောင်းရသည်။


ဘုတ်အီးတို့မောင်နှမတွေမှာ လက်မလည်ချေ။

အသုပ်နယ်သည့် မိလှိုင်မှာလည်း လက်မလည်

လှချေ။


ငွေမှုံလည်း သူတို့နဲ့အတူ ဝိုင်းပြီး လုပ်ကူလေသည်။


ည ခုနှစ်နာရီလောက်ကျတော့ ဇာတ်စင်ဆီမှ စတိတ်

ရှိုးထွက်ဖို့အတွက် အသံစမ်းသည့်အသံကို ကြား

လိုက်ရသည်။


လော်စပီကာမှထွက်လာသည့် အသံစမ်းသံကြောင့်

ဘုတ်အီး မရိုးမရွ ဖြစ်လာသည်။

အလုပ်သာလုပ်နေရသည်။ စိတ်က ဂနာမငြိမ်ချေ။

ဆိုင်မှာ လူကလည်း မပါးသေးချေ။ 

စိတ်နှင့်ကိုယ်မကပ်တော့ အလုပ်လုပ်ရင်း အမှားတွေ

ပါလာသည်။


"ရေနွေးအိုးချခိုင်းတာ ဘာလိုအချဥ်ရည်တွေ လာ

ချပေးနေတာလဲ"


"ကြက်သွန်ကြော်ဆယ်ခုထည့်ခိုင်းတာ..ဘူးသီး

ကြော်တွေထည့်နေတယ်တော်..."


"ပဲသုပ်မှာတာလေညီမလေး...တိုဟူးသုပ်က ဟိုဘက်

 ဝိုင်းကမှာတာ"


အလွဲလွဲအချော်ချော်ဖြစ်နေသည့်ဘုတ်အီးကို

ကြည့်ကာ ငွေမှုံ သက်ပြင်းချသည်။


ရှစ်နာရီ စတိတ်ရှိုးစတော့ ဆိုင်မှာလည်း လူပါးသွား

ပြီဖြစ်လို့ မိလှိုင်က သူတို့ကို ပွဲကြည့်ဖို့ လွှတ်လိုက်

တော့သည်။


"ဆယ်နာရီလောက်ကျ တစ်ခေါက်ပြန်ခဲ့ဦး ကြား

လား... ဆိုင်သိမ်းရအောင်"


"ဟုတ်ကဲ့.."


ဟုတ်ကဲ့လို့သာ ပြောသွားကြတာ မိလှိုင်ကတော့

သူ့သားသမီးတွေ အပြောနှင့်အလုပ်ညီဖို့ လမ်းမမြင်

ချေ။ ငွေမှုံက မိလှိုင်နှင့်ကျန်ခဲ့သည်။


"ငွေမှုံ လိုက်မသွားဘူးလား"


"မျက်စိနောက်လို့ပါ ဒေါ်လေးရယ်... နားဆူကဆူနဲ့"


"အေး..ဟိုဟာတွေကတော့ အဲ့ဒါမျိုးကျ နားအဆူ

ခံပြီးကို သွားကြည့်တာ"


မိလှိုင် စျေးရောင်းပြီးသည့် ပိုက်ဆံတွေကို အကြွေး

နှင့်ဆယ်တန်၊ရာတန်တွေ သေချာပြန်စီနေရင်းက

ငွေမှုံကိုပြောလိုက်သည်။


"ဒါနဲ့ ညည်းကော ကျောင်း ဘယ်တော့တက်ရမလဲ

ကျောင်းသွားခါနီးကျ အခြောက်အခြမ်းလေးတွေ

ကြော်လှော်ပေးလိုက်ဦးမယ်..

ငါကြားဖူးတာတော့ အဆောင်ထမင်းဟင်းက 

စားရအဆင်မပြေဘူးဆိုလား.."


"ဒီဇင်ဘာမှ သွားရမှာ ဒေါ်လေးရဲ့"


"သြော်...လိုပါသေးတယ်...ပိုက်ဆံလေးဘာလေး 

စုထားဦး "


"ဟုတ်ကဲ့.."


"ညည်းအဖေလည်း အခုတလော အိမ်မပြန်တာ

များပါ့လား..."


"ရန်ကုန်က သူ့မိတ်ဆွေတွေနဲ့ အလုပ်တွဲလုပ်နေ

တယ်လို့ပြောတယ်ဒေါ်လေး သမီးလည်း သေချာ

တော့ မသိဘူး "


"အေးပါအေ...သူ့သမီးကျောင်းတက်ဖို့ ကြိုးစားနေ

ရှာတာ...ညည်းလည်း ကြိုးစား ငွေမှုံရေ...

တက္ကသိုလ်တက်ဖို့က လွယ်တာမဟုတ်ဘူး...

ဘွဲတော့ ရအောင်လုပ်အေ...ရည်းစားသနာထားဖို့

လည်း စိတ်မကူးနဲ့ အဖေလုပ်တဲ့သူမျက်နှာကို

ပြန်မြင်ယောင်အေ့..တချို့ ကျောင်းတပိုင်းတစတွေ

နဲ့အိမ်ထောင်ကျသွားတော့ မိဘတွေက ရင်ကျိုးရ

ကော...ကြားလား...ဘွဲရပြီးမှ အိမ်ထောင်ပြု..

ပညာရေးတစ်ပိုင်းတစ်စနဲ့ယောကျ်ားယူရင် နင့်အဖေ

ရင်ကျိုးလိမ့်မယ်"


"ဟုတ်ကဲ့ဒေါ်လေး.."


"ပြောလို့သာပြောတာပါ...ညည်းကလိမ်မာပါတယ်

အိမ်ကဟာတွေကိုသာ သူတို့ရှေ့ရေး ငါ ရင်လေး

တယ်အေ...အတန်းပညာကလည်းမရှိ..လုပ်ကိုင်

တော့စားတတ်ပါတယ်...အငယ်နှစ်ယောက်ကိုတော့

အနည်းဆုံး ဆယ်တန်းလေးပြီးအောင်ထိ ထားမယ်

အေ...မိလတ်က အကြီးနှစ်ယောက်ထက်စာရင် 

စာသွားပါသေးတယ်..ထွေးမောင်ကတော့ ဘယ်လို

လာမယ်မသိဘူး...ဉာဏ်တော့ကောင်းတယ်အေ့

ကဗျာဘာညာ သူများဆိုသံကြားရင် သုံး လေး

ခေါက်လောက်ဆို သူ လိုက်ဆိုနိုင်တယ်..."


မိလှိုင်က ရေပြီးသားပိုက်ဆံတွေထဲက ရာတန်တွေကို

လိတ်၍ သူ့ချွေးခံအင်္ကျီအတွင်းအိတ်ထဲသို့ထည့်

လိုက်ပြီး ဇစ်ပိတ်ကာ အကြွေတွေကိုတော့ သားရေ

ကွင်းနှင့် သပ်သပ်လိတ်၍ စည်းထားလိုက်သည်။


"ဘွဲရပြီးတော့ အစိုးရအလုပ်ဖြစ်ဖြစ် တခြား 

စာရေးဖြစ်ဖြစ်လုပ်လို့ရတာပဲ...ထိုင်ခုံလေးမယ် 

အိန္ဒြေနဲ့ထိုင်ပြီး လုပ်ရမှာ...ညည်းပုံကလည်း 

အဲ့လို ငြိမ်ငြိမ်သက်သက်ထိုင်ပြီး လုပ်ရတဲ့အလုပ်

မှလည်း အဆင်ပြေမှာပါအေ...ဒါပေမယ့်လည်း

ညည်းအဖေအလုပ်အကိုင် ဒီထက်ပိုအဆင်ပြေ

တော့လည်း သူများဆီမှာ သွားလုပ်စရာမလိုဘူး

ပေါ့. ကိုယ့်ဘာသာ အိမ်မှာ သက်သောင့်သက်သာ

လေးနဲ့ လုပ်စားလို့ရတဲ့အလုပ်မျိုးပဲ လုပ်...သူများ

အလုပ်သွားလုပ်တာကျတော့ သူများစိတ်နဲ့ ကိုယ့်

ကိုယ်အေ့...ကိုယ်မလုပ်ချင်လည်း သူ့လစာယူထား

ရတော့ မသွားချင်လည်းသွား..မလုပ်ချင်လည်းလုပ်

နေပူပူမိုးရွာရွာ...သွားနေရတာ..ဒီကြားထဲ အထက်

လူကြီးရဲ့အငေါက်အငမ်းက ခံရသေးတယ်...

အိမ်က မဘုတ်အီးကလေ လူကသာ ဘာမှမဟုတ်

တယ်..သူ့ကိုသေးသေးတင်တာမျိုးကျ ခံနိုင်တာ

မဟုတ်ဘူးအေ့...ကိုမျိုးဆွေက ဘုတ်အီးကို သူ့

စက်ထဲမှာ အလုပ်လာဆင်းခိုင်းတယ် တစ်နေ့ကို

လေးရာပေးမယ်လို့ပြောတယ်...အမလေး...ခါးခါး

သီးသီးပဲ...သူများခိုင်းတာမလုပ်ဘူးတဲ့တော်...

ဆန်မရှိ သောက်စားကြီးဆိုတာ သူမှသူအစစ်...

တစ်နေ့လေးရာနဲ့ စက်ထဲကအလုပ်တင်မကဘူး 

သူ့အိမ်ကလူတွေခိုင်းမှာကို ကြိုသိနေတယ် မလုပ်

ဘူးတဲ့..."


မိလှိုင် ထိုသို့ပြောလိုက်တော့ ငွေမှုံက ရယ်သည်။

ဒေါ်လေးပြောတာလည်း မမှားချေ။ ဘုတ်အီးက

မာနတော့ ကြီးသည်။ မရှိမာနဟု ဆိုရလေမလား။

သူတစ်ပါးက သူ့ကို တင်တင်စီးစီးဆက်ဆံတာမျိုး

ကို နည်းနည်းလေးမှ မခံချေ။

သူများခိုင်းတာ ဘာညာဆိုလည်း သူ လုပ်ပေးချင်

တဲ့လူမျိုးလောက်ကိုသာ လုပ်ပေးသည်။

သူနှင့်အစေးမကပ်သူဆိုလျှင် လုပ်မပေးချေ။


"အခုလည်း ညဘက် ကားဂိတ်မှာ ဆီထမင်းထွက်

ရောင်းမယ် လုပ်နေတယ်အေ..."


"ဟင်...ဘုတ်အီးကလား "


"အေးလေ...သူ့ဘာသူ လုပ်နေတာ.. ဆီထမင်း

ဆိုင်းထမ်းရိုက်ဖို့ ကရင့်ဆီမှာ သစ်တိုသစ်စတောင်

မှာထားလေရဲ့...ကဲ..."


"သူ စီးပွားရေး သောင်းကျန်းနေပါ့လား ဒေါ်လေး"


"မသိပါဘူးအေ...မအေနဲ့ကူလုပ်လည်း စားနေရ

တာပဲကို...ဒီဟာမလေးက ငွေခင်အေ့ငွေခင်..."


မိလှိုင်က သူ့သမီးကို မနိုင်လို့ အလျှော့ပေးထားရ

ဟန်နှင့် ငွေမှုံကို ပြန်ပြောပြလေသည်။

ငွေမှုံလည်း ဘုတ်အီးက ကားဂိတ်မှာ ညဘက်

ဆီထမင်းရောင်းမည်ဆို၍ သူ့အတွက်တွေးကာ

စိတ်ပူမိသွားသည်။

တခြားတော့မဟုတ်ချေ။ သမုဒ္ဒရာရေ တစ်ယောက်

ထဲ ကုန်အောင်မသောက်နိုင်ပေမယ့် တခြားဆီထမင်း

သည်တွေက ကြည်ဖြူပါ့မလားဟုတွေးကာ စိတ်ပူ

ခြင်းဖြစ်လေသည်။

ဂိတ်မှာက ဘုတ်အီးအရင် ဆီထမင်းရောင်းသည့်

အသည်က နှစ်ယောက်၊သုံးယောက်လောက် ရှိသည်

လေ။

အကုန်လုံးကလည်း ဆီထမင်းသာရောင်းနေတာ။

ငါးစိမ်းသည်အရှုံးပေးရလောက်သည့် စရိုက်တွေ

ဆိုတော့ ဘုတ်အီးအတွက် ရင်လေးမိသည်။


"ဖြစ်ပါ့မလားဒေါ်လေးရယ် "


"ငါလည်း အဲ့ဒါပဲတွေးပူတာအေ..ဒါမယ့် သူ့အ

ကြောင်းလည်း သိတဲ့အတိုင်းပဲ.. ခေါင်းကမာရမာနဲ့

ပြောလို့လည်း မရပါဘူး...လုပ်ပါစေဆိုပြီး လွှတ်

ထားလိုက်တယ်...သူ စိတ်အားထက်သန်နေတာကို

သွားပြီး မပိတ်ပင်ချင်ပါဘူးအေ...သူ့ဘာသူ စိတ်

ကုန်ပြီး လက်လျှော့မှပဲ လျှော့ပေါ့..."


"ဟင်း..."


ငွေမှုံမှာ သူ့အတွက် တွေးပူပြီး သက်ပြင်းချရုံသာ

တတ်နိုင်တော့သည်။


...........................


"နင် ဆီထမင်းရောင်းမလို့ဆို ဘုတ်အီး"


"အင်း.."


ငွေမှုံရဲ့အမေးကို ဘုတ်အီးက ထင်းခုတ်နေရင်းမှ

ပြန်ဖြေသည်။

အတန်ကြာသည်အထိ ငွေမှုံဘက်က ဘာစကားမှ

ထပ်မပြောတာကြောင့် ဘုတ်အီးက ငွေမှုံကိုလှည့်

ကြည့်လိုက်သည်။


"ဘာဖြစ်လို့လဲ"


"နင် ဖြစ်ပါ့မလား ဘုတ်အီး"


"ဘာကိုမဖြစ်ရမှာလဲဟ အရင်းမရှိ အဖြားဆီမရှိ"


"ဒေါ်စမ်းကြည်တို့က နှုတ်ဆိုးရဆိုးနဲ့ နင် ဆီထမင်းရောင်းမယ်သာသိရင် နင့်ကို ရန်လာလုပ်ဦးမှာ"


"ဘာများလဲလို့ နင်ကလည်း သူ့ကြိုက်ရင်သူ့ဆီမှာ 

ဝယ်စားမယ် ကိုယ့်ကြိုက်ရင် ကိုယ့်ဆီမှာဝယ်စား

မယ်..ဘာမှအပိုတွေလျှောက်တွေးမနေနဲ့..အလကား

အာရုံနောက်တယ်..စိတ်ညစ်မယ်..ငါက ဘယ်သူနဲ့မှ

မတူအောင်ရောင်းမှာ...ကိုယ့်စတိုင်နဲ့ကိုယ်ရောင်းမှာ

အဲ့ဒီတော့ ခရီးသည်တွေက သူတိုကြိုက်တဲ့သူဆီမှာ

ဝယ်စားကြလိမ့်မယ်...အစားအသောက်ရောင်း

တယ်ဆိုတာ..သန့်ရှင်းရမယ်..အရသာကောင်းရမယ်

အမြင်လှရမယ်..ငါက ဒီသုံးချက်ကိုရင်းပြီး 

ဆီထမင်းရောင်းမှာ နင်စောင့်ကြည့်နေ...ငါ့ဆိုင်က

ဂိတ်မှာ အရောင်းရဆုံးဖြစ်လာလိမ့်မယ်"


ငွေမှုံက ဘာမှမပြောတော့ပဲ သက်ပြင်းသာချလိုက်

သည်။ဘုတ်အီးက ထင်းတွေဆက်ခွဲနေသည်။

မနေ့က ငွေမှုံတို့အိမ်နောက်က သရက်ပင်ပျိုနှစ်ပင်

ပိုးကိုက်၍ လှဲလိုက်ရတော့ ထင်းရသွားသည်လေ။


"ငါက နင့်ကို သူတို့တွေ တစ်ခုခုလုပ်မှာဆိုးတာ

သူတို့က ရန်ဖြစ်ပြီဟေ့ဆို ပါးစပ်ကပြောတာက

နောက် လက်ကအရင်ပါတာဟ.."


"အမလေး..လုပ်စမ်းပါလေ့...သူတို့က အဖွားကြီး

တွေ ဖြစ်နေပါပြီဟ...ဒီမှာကြည့် ဒီဗလတွေက 

ဘာလုပ်ဖို့ထားတာလဲ...တစ်ဖက်ကိုတစ်ယောက်

ကိုင်ပြီး ဆွဲမွှေ့လိုက်လို့ရတယ်"


ဘုတ်အီးက သူ့လက်မောင်းနှစ်ဖက်က အင်္ကျီစကို

ပင့်တင်ပြရင်း လက်မောင်းကြွက်သားတွေကိုထုတ်

ပြကာ ငွေမှုံကို ပြန်ပြောလေသည်။


"နပန်းလုံးစရာတောင်မလိုဘူး..."


"နင်က အခုထဲက ရန်ဖြစ်ဖို့ကို ကြိုတွေးထားပြီးပြီ"


"မဖြစ်ပါဘူးဟာ စကားအရပြောတာပါ"


"ဖြစ်လာရင်လဲ ဟိုဘက်ကအုပ်စုနဲ့ နင်ပဲခံရမှာ"


"ဘာမှမခံရဘူး..အကွက်တွေထုတ်သုံးမှာပေါ့

ငါပြမယ်..."


ဘုတ်အီးက ပြောပြောဆိုဆိုနှင့် ထိုင်ရာမှထကာ 

လုံခြည်ကို ခိုင်ခိုင် ပြင်ဝတ်လိုက်ပြီးနောက် ငွေမှုံ

အနားသို့ရောက်လာသည်။


ငွေမှုံ သူ ဘာများလုပ်မလဲလို့ ကြည့်နေတုန်းရှိသေး။

ဘုတ်အီးက ငွေမှုံကိုယ်လေးကို စွေ့ခနဲပွေ့ချီလိုက်

တာကြောင့် ငွေမှုံ လန့်သွားသည်။


"ဘုတ်..ဘုတ်အီး...ဘာလုပ်တာလဲ"


ငွေမှုံ ဘုတ်အီးကို ပြန်ဖက်ထားလိုက်ပြီး မေးလိုက်

သည်။ ဘုတ်အီးက ငွေမှုံကို မျက်ခုံးတစ်ချက်ပင့်

ပြကာ 


"သူတို့အဖွဲ့ထဲက အကောင်အသေးဆုံးတစ်ယောက်

ကို ဆွဲချီပြီး မွှေ့ရန်းလိုက်မှာပေါ့ဟ...ဒီလိုမျိုး...

အဟေး..ဒေါ်ကြီးမြင့်အေးကိုဆိုရင် အသာလေးပဲ.."


"ဘုတ်အီး...မလုပ်နဲ့...ငါကြောက်တယ်...ပြုတ်ကျ

လိမ့်မယ်..."


ငွေမှုံက ဘုတ်အီးကို တင်းကြပ်နေအောင် ဖက်ထား

ပြီး အော်ပြောနေပေမယ့် ဘုတ်အီးကတော့ ငွေမှုံကို

စနောက်ရလို့ ပျော်နေလေသည်။

ငွေမှုံကို ပွေ့ချီထားရင်းမှ သူ့ခန္ဓာကိုယ်ကိုလည်း 

လှည့်နေလိုက်သေးသည်။


သူတို့နှစ်ယောက် အိမ်နောက်ဖေးမှာ ဆူညံနေတော့

ငွေမှုံတိုခြံနှင့် ကျောချင်းကပ်လျက်ခြံရှိ အိမ်ကြီးမှ

အပျိုကြီးမနွေးက သူ့အိမ်အပေါ်ထပ် ပြတင်းပေါက်

ကနေ သူတိုနှစ်ယောက်ကို လှမ်းကြည့်နေလေသည်။


"ဘုတ်အီး..ငါ့ကို အောက်ပြန်ချပေးတော့.."


"မချဘူး..."


"ချပေးလို့ပြောနေတယ်နော်..မချရင် ကိုက်မှာ"


ဘုတ်အီးက ချမပေးတာကြောင့် ငွေမှုံ သူမမျက်နှာ

နှင့် နီးနေသည့် ဘုတ်အီးရဲ့ လက်မောင်းဘက်သို့

မျက်နှာကိုလှည့်လိုက်ပြီး ကိုက်လိုက်လေသည်။


"အား..."


ထိုအခါမှ ဘုတ်အီး ငွေမှုံကို ချီထားရာမှ ပြန်ချပေး

လိုက်သည်။


"ချွေးတွေနဲ့ကို ဘာလို့ကိုက်တာလဲ.."


"နင်မှ ​ငါ့စကားကို နားမထောင်တာ"


ငွေမှုံက တွန့်ကြေသွားသည့် အဝတ်အစားတွေကို

ပြန်ဆွဲချကာ ဘုတ်အီးကိုပြောလိုက်သည်။

ဘုတ်အီးလည်း ခွဲပြီးသားထင်းတွေကို ကောက်ယူ

၍ ထင်းစင်ပေါ်သို့ သွားတင်လိုက်လေသည်။


.............


"ကြောင်လျှာသီး မီးဖုတ်က ငါးငပိချက်လေးနဲ့ပို

လိုက်တာ...ငါးငပိချက်ချက်လိုက်ရင် တစ်မယ်

ဟင်း စားလို့လည်းရတယ်..မနက်က မခင်အုန်း

ဆီမှာ ကြောင်လျှာသီးကြီးတွေ ချောမှချော.. 

တစ်တောင့် ခုနှစ်ကျပ် သုံးတောင့်နှစ်ဆယ်တဲ့ဆိုလို့

သုံးတောင့်ဝယ်လာတာ...ငါးဝယ်ပြီးမှတွေ့တာဆို

တော့ ငါးငပိချက်လေးချက်ပြီး ကြောင်လျှာသီး

မီးဖုတ်မယ်အေ..."


မိလှိုင်က ပြုတ်ထားသည့်ငါးကို အရိုးနွှင်ရင်း

ငွေမှုံကို ပြောသည်။

ဘုတ်အီးက အိမ်မှာမရှိ။ဆီထမင်းဆိုင်းထမ်းရိုက်

ဖို့အတွက် ကိုကရင့်ဆိုင်မှာ သစ်သားပြားအတိုအစ

တွေ သွားယူနေသည်။


မိလှိုင်လည်း ဒီနေ့ဆိုင်မထွက်ချေ။ ဥပုသ်နေ့ဆို

တော့ လူသွားလူလာလည်းသိပ်မရှိသလို။မြိုနယ်

စည်ပင်စျေးလည်း ပိတ်သောကြောင့်ဖြစ်သည်။


"ဒီနေ့ ဥပုသ်လေးသွားစောင့်ဦးမယ်ဆိုပြီးလုပ်နေတာ

ဘုတ်အီးရဲ့ကိစ္စက မပြီးနိုင်သေးဘူး...သူ့ဆိုင်းထမ်း

မြန်မြန်ရိုက်ပြီးမှပဲ အေးမှာပါဟယ်.."


ပြောနေတုန်းရှိသေး ဘုတ်အီး သစ်တိုသစ်စတွေ

တင်ထားသည့် တွန်းလှည်းတစ်ခုကိုတွန်း၍ ပြန်

ရောက်လာလေသည်။

မိလှိုင်က ဘုတ်အီးကိုမြင်မှ သတိရသွားသည်။


"မေ့နေတာ..ဘုတ်အီး...အနွေးက သူ့ဆီကိုခဏလာ

ခဲ့ဦးတဲ့..ဘာခိုင်းမလို့လည်းမသိဘူး...သူလည်း

မိန်းမသားတစ်ယောက်တည်းဆိုတော့ အိမ်မှာ

လက်တိုလက်တောင်းခိုင်းဖို့ကလည်း သူစိမ်း

ယောကျ်ားတွေကို မခိုင်းရဲဘူးဖြစ်နေတာ..လင်ကျ

တော့လည်း မယူချင်...ခက်တယ်.."


"ထမင်းစားပြီးမှပဲသွားတော့မယ်"


ဘုတ်အီး လှည်းပေါ်ကနေ ပစ္စည်းတွေချလိုက်ပြီး

နောက် တွန်းလှည်းကို ကိုကရင့်ဆိုင်သို့ ပြန်သွား

ပို့လိုက်သည်။


နေ့လည်ထမင်းစားပြီးနောက် အပျိုကြီး မနွေး၏

အိမ်ဘက်သို့ ထွက်လာခဲ့လိုက်သည်။


"မမနွေး...မမနွေး..."


"ဘုတ်အီး..လာ..ဝင်ခဲ့ရေ.."


မနွေးက အိမ်ထဲကနေ လှမ်းခေါ်သည်။အပျိုကြီး

ဆိုပေမယ့် အသက်က သုံးဆယ့်ငါးဝန်းကျင်လောက်

သာ ရှိသေးပြီး လုံးကြီးပေါက်လှဖြစ်သည်။

ဒီအိမ်ဒီခြံကြီးထဲမှာ သူတစ်ယောက်တည်း နေခြင်း

ဖြစ်သည်။

မိဘတွေမရှိကြတော့သလို ဆွေမျိုးသားချင်းတွေ

ကလည်း အနီးအနားမှာမရှိကြချေ။

မနွေးက တစ်ယောက်တည်းနေပေမယ့် သူ့စည်းသူ့

ကမ်းနှင့်နေတတ်တာကြောင့် တော်ရုံယောကျ်ားက

စစနောက်နောက်မလုပ်ရဲကြချေ။

သူမကိုယ်တိုင်ကလည်း ယောကျ်ားတွေနှင့်ဆက်ဆံ

ပြောဆိုသည့်အခါ တည်တည်တံ့တံ့နှင့် ပြောဆို

ဆက်ဆံလေ့ရှိသည်။


ဘုတ်အီး အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။

မနွေးက ရေချိုးဖို့အတွက် လုံခြည်ရေလျားထား

သည်။


"ရေချိုးခန်း တံခါး ပျဥ်တစ်ချက်ကွာနေလို့ ပြန်ရိုက်

ပေးပါဦး ဘုတ်အီးရယ်...တို့လည်း တခြားလူကို

ခေါ်ခိုင်းဖို့ကျ မရဲဘူး.."


"ရပါတယ် မမနွေးရဲ့...ဘုတ်အီး လုပ်ပေးမယ်"


"ဟိုမှာ တူနဲ့သံ..ပျဥ်ပြားကတော့ ပြန်သုံးလို့ရသေး

တယ်ထင်တယ်..လိုက်ကြည့်ပေးဦး "


"ဟုတ်ကဲ့.."


မနွေးက ဘုတ်အီးကို ရေချိုးခန်းဘက်သို့ ခေါ်သွားသည်။

ဘုတ်အီး ရေချိုးခန်းတံခါးကို တစ်ချက်ကြည့်ကာ


"မရတော့ဘူး မမနွေး.. ဆွေးနေပြီ သံရိုက်တာနဲ့

ပျဥ်က ကွဲသွားမှာ "


"အဲ့ဒါဆိုလဲ ပျဥ်အသစ် အစားထိုးမှရမှာပေါ့

အိမ်ဘေးက အဟောင်းပုံထဲ သုံးလို့ရမယ့်ဟာ ရှိဦး

မလားမသိဘူး.."


"သမီး သွားကြည့်လိုက်မယ်"


"မြွေပါးကင်းပါး သတိထားဦးနော်...တို့ ရေချိုးလိုက်

ဦးမယ်.."


"ဟုတ်ကဲ့.."


ဘုတ်အီး အိမ်ထဲကနေ ပြန်ထွက်လာခဲ့လိုက်သည်။

အိမ်မကြီးရဲ့ဘေးမှာရှိသည့် အတိုအစအဟောင်းပုံ

ထဲမှာ တံခါးဖာဖို့အတွက် သုံးလိုရမည့်ပျဥ်ပြား

အရွယ်အစားကို ရှာလိုက်သည်။


ဘုတ်အီး ပျဥ်ပြားတစ်ချပ်ယူလာပြီး ရေချိုးခန်း

ဆီသို့ပြန်ရောက်လာသည်။

မနွေးလည်း ရေချိုးပြီးနောက် ရေချိုးခန်းထဲကနေ

ထွက်လာလိုက်သည်။


အပြင်ကိုရောက်တော့ ဘုတ်အီးရဲ့ဘေးကနေအဖြတ်

ချော်လဲမလိုဖြစ်သွားတာကြောင့် ဘုတ်အီးက မနွေး

ကို ဖက်၍ထိန်းလိုက်ရသည်။


မနွေး ဘုတ်အီးရဲ့ရင်ခွင်ထဲမှာ သူ့လည်တိုင်ကိုဖက်

ထားရင်းနှင့် ဘုတ်အီးရဲ့မျက်နှာကို ငေးကြည့်

နေလေသည်။

ဘုတ်အီးကတော့ သူမငေးကြည့်နေသည်ကို သတိ

မထားမိပဲ ထိခိုက်သွားတာမျိုးရှိမရှိ မေးနေသည်။


"မမနွေး...ဘာဖြစ်သွားသေးလဲ...ခြေထောက်မှာ

 ခိုက်မိသွားသေးလား.. "


"ဟင်...ဟင့်...ဟင့်အင်း..."


မနွေး ခန္ဓာကိုယ်ကိုပြန်မက်လိုက်ပြီးနောက် အနည်း

ငယ်ပြေစပြုနေပြီဖြစ်သည့် လုံခြည်ကို ခပ်တင်း

တင်း ပြင်ဝတ်လိုက်သည်။


"တော်သေးတယ်...ဘုတ်အီးရှိနေလို့..မဟုတ်ရင်

 မလွယ်ဘူး.."


"မမနွေးအိမ်က သမံတလင်းခင်းထားတော့ ရေချိုး

 ခန်းအတက်အဆင်းကို သတိနဲ့ဆင်းမမနွေးရဲ့..

 လဲရင် အထိနာမှာ...သြော်..ပျဥ်ပြားက ဒီအရှည်ပဲ

 ရှိတယ်..ဖြတ်မှရမှာ လွှလေးပေးပါဦး..."


"တို့..ယူလာခဲ့ပေးမယ်"


မနွေး လွှယူဖို့အတွက် ထွက်သွားသည်။

ဘုတ်အီး ရေချိုးခန်းတံခါးနှင့်ဖြတ်ရမည့်ပျဥ်ပြား

ကိုတိုင်းကာ ပျဥ်ပြားပေါ်မှာ ခဲတံနှင့်ဆွဲ၍ အမှတ်

သားပြုလိုက်သည်။


မနွေး လွှယူပြီးပြန်ရောက်လာသည်။

ဘုတ်အီးကို လွှပေးလိုက်ပြီးနောက်


"တို့ အင်္ကျီဝတ်လိုက်ဦးမယ်နော် "


"ဟုတ်ကဲ့မမနွေး "


ဘုတ်အီး ဖြတ်စရာရှိတာဖြတ် ၊ ရိုက်စရာရှိတာရိုက်

နှင့် တခဏအတွင်း ရေချိုးခန်းတံခါး ပြုပြင်ဖာထေး

ခြင်းကိစ္စ ပြီးသွားလေသည်။


မနွေးက ဘုတ်အီးအလုပ်လုပ်နေသည်ကို ဘေးက

နေ ထိုင်ကြည့်နေသည်။

ပြီးနောက် အင်္ကျီစခေါက်တင်ထားသည့် ဘုတ်အီး

ရဲ့ လက်မောင်းတစ်ဖက်ကကြွက်သားဖုကို သူ့လက်

ညှိုးနှင့် သွားပြီးတို့ကြည့်လိုက်သည်။


ဘုတ်အီး အလုပ်လုပ်နေရာမှ မနွေးကို လှည့်ကြည့်

လိုက်သည်။

မနွေး သူ့ဘာသူသတိလက်လွတ်နှင့်ပြုမူပြီးမှ ရှက်

သွားသည်။


"ကြွက်သားတွေက မာနေတာပဲ"


ဘုတ်အီးက မနွေးဘက်သို့ သူ့ခန္ဓာကိုယ်ကိုလှည့်

လိုက်ပြီးနောက် လက်မောင်းတစ်ဖက်ကို ကွေးကာ

ကြွက်သားထုတ်ပြလိုက်ပြီး


"ဒါမျိုးရဖို့ ရေတွေဆွဲ အလေးမနဲ့ ကြိုးစားထားရ

 တာ မမနွေးရ..ပြီးတော့ရှိသေးတယ်..နောက်ပိုင်း

 ကြွက်သား လှအောင်ဆော့နည်း သမီးအခုဆော့

 နေတာ.."


"ဟုတ်လား...နောက်ပိုင်းကြွက်သားဆိုတော့ ဘယ်

 နေရာကိုပြောတာလဲ"


"ဒီနေရာလေ"


ဘုတ်အီးက သူ့နောက်ကျောဘက် လက်ပြင်နှစ်ဖက်

နေရာကို ပုတ်ပြရင်းနှင့်ပြောလိုက်သည်။


"အဲ့ဒါကြောင့် မင်း တို့ရဲ့ခန္ဓာကိုယ်ကိုတောင် ပွေ့ထား

 နိုင်တာပေါ့..ဘုတ်အီး အသက်ဘယ်လောက်ရှိပြီလဲ"


"ဆယ့်ရှစ်ပြည့်ပြီးပြီ.."


"သြော်..ဒီအရွယ်ကဖွံဖြိုးတဲ့အရွယ်ပဲကို.."


"ဒါဆို သမီး ပြန်တော့မယ် တံခါးလည်း အဆင်ပြေ

 သွားပြီ.. တခြား ဘာခိုင်းဖို့ရှိသေးလဲ"


"အို..ဘုတ်အီးကလည်း.. ခိုင်းတယ်လို့မပြောပါနဲ့

 တို့က အားကိုးရမယ့်လူမရှိလို့ မင်းကိုအကူညီ

 တောင်းတာပါ...သြော်..ခဏနေဦး.."


မနွေးက ပြောကာဆိုကာနှင့် ထိုင်ရာမှထလိုက်ပြီး

သူ့အခန်းထဲသို ဝင်သွားလေသည်။

ပြန်ထွက်လာတော့ သူ့လက်ထဲမှာ အထုပ်တစ်ထုပ်

နှင့်ဖြစ်သည်။


"ရော့...မင်းအတွက် လက်ဆောင်.."


"ဘာတွေလဲ"


"ထုတ်ကြည့်လေ"



ဘုတ်အီး အထုပ်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ

ခေါက်ထည့်ထားသည့် မိုးပြာရောင် တီရှပ်တစ်ထည်ကိုတွေ့လိုက်ရသည်။


"တို့ စျေးသွားရင်း ဒါလေးတွေ့လို မင်းအတွက်ဝယ်

 လာခဲ့တာ..မင်းက မုန့်ဖိုးပေးရင်လည်းယူတာမှ

 မဟုတ်တာ.."


"ဟီး...အင်္ကျီဝယ်ပေးတာ ကျေးဇူးနော်မမနွေး

 သမီး ကြိုက်တယ်.."


"တို့ကလည်း မင်းအခုလိုလာကူညီပေးလို့ကျေးဇူး

 တင်ပါတယ် ဘုတ်အီးရယ်"


"ဒါဆို သမီးပြန်တော့မယ်.. ဆီထမင်းဆိုင်းထမ်း

 ရိုက်ရဦးမှာမလို့ "


"ဆိုင်းထမ်းရိုက်မလို့ဟုတ်လား ဘာလုပ်ဖို့လဲ"


"ဂိတ်မှာ ညဘက်ဆီထမင်းရောင်းမလို့လေ "


"ဟယ်...ဖြစ်ပါ့မလား မစမ်းကြည်တို့ မမြင့်အေးတို့

 က နှုတ်ကြမ်းအာကြမ်းပါဘိနဲ့.. တလောကမှ

 ကိုဝေကြီးတို့လင်မယား ဆီထမင်းရောင်းဖို့ဆိုပြီး

 အကုန်ပြင်ဆင်ပြီးမှ သူတို့နှစ်ယောက်နဲ့ရန်ဖြစ်လို့

 မရောင်းဖြစ်တော့ဘူးလေ.."


"မမနွေးကလည်း ဒီအဖွားကြီးနှစ်ယောက်က 

 ကြောက်မှန်းသိလိုဖြဲခြောက်တာ..ဘုတ်အီးကို

 ဒါမျိုးလာလုပ်လို့မရဘူး..ဘုတ်အီးက သရဲပဲ

 ကြောက်တာ..လူလူချင်း အနိုင်လာကျင့်လို့ကတော့

 မခံဘူး..ဖက်ပဲလုံးရလုံးရ..."


ဘုတ်အီးက လက်ခမောင်းခတ်၍ပြောတော့ မနွေး

က ဘုတ်အီးကိုကြည့်ကာ ရယ်လိုက်သည်။


"အေးပါ...ဒါပေမယ့် သတိနဲ့တော့နေနော်..အကူညီ

 လိုရင် မမနွေးကိုပြော"


"ဟုတ်ကဲ့.."


............


ငွေမှုံ အခုထိ အိပ်လို့မရသေးချေ။အိပ်မပျော်ပဲ

ဖြစ်နေသည်။

ဘုတ်အီးကို ကျောခိုင်း၍ လှဲနေရာမှ သူ့ဘက်သို့

လည်ပြန်လှည့်ကြည့်လိုက်သည်။

မှောင်နေတာကြောင့် ဘာမှမမြင်ရပေမယ့် ဘုတ်အီး

ရဲ့အသက်ရှူသံမှန်မှန်ကိုကြားနေရသည်။

တစ်နေကုန်အလုပ်လုပ်ထားသူမလို့ ခေါင်းအုံးနှင့်

ခေါင်း ထိတာနှင့် အိပ်ပျော်သွားသည်ထင်။


ငွေမှုံ သူ့ဘက်ကိုပြန်လှည့်လိုက်ပြီး မျက်နှာကိုမမြင်

ရပေမယ်လို့ အလိုမကျစွာနှင့် မျက်စောင်းထိုးလိုက်

သည်။


မမနွေးအိမ်ကပြန်လာကတည်းက လက်ဆောင်ရ

လာသည့် အင်္ကျီအကြောင်း ပြောလို့မပြီး၊ကြွားလို့

မပြီးဖြစ်နေတာ အမြင်ကပ်ဖို့ကောင်းသည်။


"တစ်ခါလေးပေးဖူးပါတယ် ပြောလို့ကိုမပြီးနိုင်

 တော့ဘူး"


နောက်ဆုံး ငွေမှုံ အိပ်ပျော်နေသည့် ဘုတ်အီးရဲ့

လက်ကို အမှောင်ထဲမှာစမ်းလိုက်ကာ လိန်ဆွဲလိုက်

သည်။


"အင်း.."


ဘုတ်အီးဆီက အသံထွက်လာပြီး သူ့ကိုယ်က 

လှုပ်လာတာကြောင့် ငွေမှုံ ချက်ချင်းဆိုသလို 

သူ့ကိုကျောခိုင်းလိုက်သည်။


"မှတ်ထား..ဒီ့ထက်နာအောင်တောင်လုပ်ချင်တာ

 အမြင်ကိုကပ်တယ်...ဟွန်း.."


ဘုတ်အီးကတော့ ငွေမှုံရဲ့ မကျေမချမ်းရေရွတ်သံ

ကိုမကြားနိုင်လောက်အောင် အိပ်မောကျနေပြီ

ဖြစ်လေသည်။


........................