နွေးဦးငယ်ငယ် - Episode 9


နှစ်ဆန်း၁ရက်နေ့ ဇူလီတို့ရပ်ကွက်ရှိအိမ်အများစုဟာ နှစ်ဟောင်းရှိအညစ်အကြေးများကိုသန့်စင်သည့်အနေဖြင့် အိမ်သန့်ရှင်းရေးများ လုပ်ကြသည်။ ဇူလီ့မေမေက မီးဖိုဆောင်နှင့် ဧည့်ခန်း၊ ဇူလီဖေဖေက သူ့ကားနှင့် ခြံဝင်းရှိအမှိုက်များ ပြီးရင် ဇူလီက အိမ်အပေါ်ထပ်တစ်ခုလုံးကို တာဝန်ယူသန့်ရှင်းကြ၏။ အပေါ်ထပ်တစ်ခုလုံးကို တစ်ဦးတည်းတာဝန်ယူရှင်းရပေမယ့် သီချင်းကလေးများရှိ၍ ပင်ပန်းသည်ဟု သူ့မှာမခံစားရ။ 


When I hold you close to me 

I could always see a house by the ocean


(မင်းကိုကိုယ့်အနားလေးဆွဲခေါ်လာသည်နှင့်အမျှ သမုဒ္ဒရာလိုအထီးကျန်တဲ့နေရာကြီးမှာတောင် နွေးထွေးတဲ့အိမ်ကလေးတစ်လုံးကို ကိုယ်မြင်မိလာတယ်) 


Playlist ထဲမှအလှည့်ကျလာနေသည့် Cigarettes after sex ၏ falling in love သီချင်း 


ပြတင်းတံခါးများကို သန့်ရှင်းရေးလုပ်တော့ ဟိုဘက်အိမ်ကမိန်းမကိုတွေ့၏။ သူတို့အိမ်လည်း သန့်ရှင်းရေးလုပ်နေသည်ဖြစ်မည်။ ထိုမိန်းမရဲ့အခန်းထဲ အိမ်အကူမိန်းမတစ်ဦးကိုလည်းတွေ့၏။ စကားသံများကိုတော့ မကြားရပါ။ သို့ပေမယ့် တစ်ခုခုကိုခိုင်းနေတာတော့သိ၏။ အိမ်အကူက ခန်းစီးလိုက်ကာများကို ဆွဲဖြုတ်သည်။ ဖုန်ကလေးများကျလာတော့ ထိုမိန်းမက သူ့နှာခေါင်းကိုလက်ကလေးအုပ်ပြီး ဝရန်တာဘက်ပြေးထွက်လာ၏။ 


Last night I could hear the waves 

As I heard you say

'All that i want is to be yours'


(မနေ့ညကလည်း မင်းအသံလေးလိုသာယာတဲ့ လှိုင်းလေးတွေရဲ့စကားသံကိုကြားမိသေးတယ် 'ကိုယ်ကမင်းအပိုင်လေးဘဲဖြစ်ချင်တာပါ'ဆိုပြီး ပြောနေကြတာလေ) 


ထိုမိန်းမက သူ့အလုပ်နှင့်သူမို့ ဇူလီကိုသတိမထားမိပါ။ သူအသက်ရှူလို့ဝရင် အခန်းထဲပြန်ဝင်သွားပြီး စာအုပ်တွေသွားမသည် မဟုတ်လည်း တစ်ခုခုလုပ်နေသည်။ ခန်းစီးများကို သေချာရှင်းလင်းထားသည်မို့ ထိုမိန်းမရဲ့လှုပ်ရှားမူများကို ဇူလီအကုန်တွေ့ရ၏။ ဖုန်ထလာရင် ဟိုရမ်းဒီယမ်း ဟိုပြေးဒီပြေးဖြင့် ထိုမိန်းမဟာ ပျာယာခတ်နေသည်။ ဇူလီဟာ သူ့ကိုယ်သူ ပြုံးနေမှန်းတောင်သတိမထားမိ။ 


Falling in love 

Falling in love 


ထိုမိန်းမက အပြင်ထွက်လာပြီး သူမကိုမြင်၍ ပြုံးပြတာကိုတောင် ဇူလီကပြန်၍ပြုံးပြလိုက်သေးသည်။ 


Deeper than I've feel it before with you , baby 


အချစ်ရေ မင်းနဲ့ကျမှချစ်ခြင်းတရားဟာ ယခင်ကထက် ပိုမိုနက်ရှိုင်းလာမျိုး


လူတစ်ယောက်ကိုချစ်မိသွားခြင်းဟာ အထူးတလည်ဆန်းစစ်နေစရာမလိုသည့်အရာပါ။ သူ့ရဲ့လှုပ်ရှားမူသေးသေးလေးတွေဟာ ကိုယ့်အတွက် ပြုံးရယ်ဖို့လုံလောက်လာခဲ့ရင်၊ ကောင်းကင်ကြီးဟာ ပို၍ကြည်လင်လာခဲ့ရင်၊ ပန်းများကိုတွေ့တိုင်း တစ်စုံတစ်ဦးကိုပို၍သတိရလာတတ်ရင်၊ သူ့အတွက် ချစ်သက်လက်ဆောင်ကလေးတွေ ရွေးပေးတတ်လာရင် 


အချစ်ရေ ဒါဟာ ကိုယ်မင်းကိုချစ်မိသွားတဲ့ခံစားချက်ဘဲ။ 


နက်ရှိုင်းလာသည့်ခံစားချက်များဟာ ယခင်ကနဲ့မတူ။ ကလေးများနဲ့ပြုံးပျော်နေသည့်ထိုမိန်းမကိုတွေ့ရင်၊ ထိုမိန်းမပြောသည့်စကားလုံးများကို သူမက သဘောကျရင်၊ ထိုမိန်းမ၏လှုပ်ရှားမှုသေးသေးလေးကအစ သူမကိုသဘောကျလာစေရင် ဇူလီဟာ ယခင်ကထက်ပိုပြီး ပြုံးရယ်တတ်လာပြီဖြစ်၏။


"ဟင့်အင်း မဟုတ်ဘူး" 


ဇူလီဟာ ယခုမှသာအသိများဝင်လာသည်။ သူမရှေ့မှာပြုံးရယ်နေသည့်မိန်းမကိုတွေ့တော့ ကြောက်စိတ်များဝင်လာ၏။ ခြေလှမ်းများဟာ ယိမ်းထိုးလာသည်။ ဒါဟာ သူ စိမ်းလဲ့ညိုကိုချစ်မိနေခြင်းလား။ 


သူမဟာ မိန်းမတစ်ယောက် အထူးသဖြင့် စိမ်းလဲ့ညို ကို ချစ်မိသွား၍မဖြစ်ပါ။ ဇူလီက အကြည့်များကိုတမင်ရှောင်ဖယ်ပြစ်သည်။ ထိုမိန်းမ ဘယ်လိုဖြစ်သွားမလဲမသိ သိလည်းမသိချင်။ အခန်းထဲမှထွက်ပြီး ဘုရားစင်ဘက် သန့်ရှင်းရေးသွားလုပ်၏။ ဘုရားစင်ရှိပန်းများကိုမြင်တော့ ထိုမိန်းမ၏ပန်းကလေးကိုင်ကာ ပြုံးရယ်နေသည့် မျက်နှာကိုမြင်လာမိပြန်သည်။ အို ဘုရားရှင်ဟာ သူမကိုထရိုက်တော့မလားဘဲ။ မတွေးမိဖို့ကြိုးစားလေ သာ၍တွေးမိလေ။ ထိုမိန်းမ၏အပြုံးဟာ ပန်းကလေးတွေထက်သာ၍လှပသည်ကိုတော့ သူမ ရှက်ရွံ့စွာလက်ခံရပါမည်။ 


စိတ်ကိုထိန်းဖို့ သက်ပြင်းကိုအရင်ချရ၏။ သီချင်းကြောင့် ထိုသို့တွေးမိခြင်းဖြစ်မှာပါဆိုပြီး အခန်းထဲသို့ဝင်ကာ သီချင်းကိုသွားပိတ်သည်။ သို့ပေမယ့် လူတစ်ယောက်ကိုချစ်မိသွားခြင်းဟာ သီချင်းတွေကြောင့်မဟုတ်ကြောင်း ဇူလီသတိထားမိဖို့လိုသွား၏။ 


ဝရန်တာလေးမှာထိုမိန်းမကြီး မရှိတော့။ ဘယ်ပျောက်သွားသည်မသိ။ 


ဘုရားရှင်ရေ သူမကို ကယ်တော်မူပါတော့။ 


........


ယနေ့ဟာ ကျူရှင်တက်ရမည့် ပထမဆုံးရက်။ ထို့ကြောင့်ဇူလီက မနက်ခင်းကျူရှင်ချိန်အမှီ စောစောထရသည်။ အိပ်ချင်မူးတူးဖြင့် မနက်ခင်းအတန်းချိန်တွင်သင်မည့်ဘာသာရပ်များအား ကျောပိုးအိတ်ထဲသို့ထည့်ရ၏။ စိမ်းလဲ့ညိုကြောင့် စိတ်ရှုပ်နေရသည်များသက်သာအောင် ခပ်ရှည်ရှည်သူမ၏ဆံပင်များအား ဂုတ်ထိဖြတ်ထားသည်(ခပ်ပွပွလေး)။ ဒီရက်အတွင်း သူမ လစ်လျူရှုခဲ့သည့် ဖုန်းနံပတ်လေးဟာ အခေါ်ပေါင်းမနည်း။ သူမ မကိုင်ဖြစ်ခဲ့ပါ။ စိမ်းလဲ့ညို ဘာကြောင့်ဆက်သလဲ သူမ သိပါသည်။ နူတ်ခမ်းနီ….. ယခင်ရက်များက စိမ်းလဲ့ညိုအိမ်အလည်သွားတုန်း သူ့နူတ်ခမ်းနီလေး ဇူလီ့အိတ်ကပ်ထဲပါလာသည်လေ။ ဒါပြန်တောင်းဖို့ဘဲဖြစ်ပါမည်။ သို့ပေမယ့် သူမ မကိုင်ဖြစ်။ အကျိုးနည်းတာတွေမဖြစ်လာရအောင် သူမဟာ ဒီလိုပုံနေမှဘဲရမည်။ သူမကိုခင်တွယ်ရှာသည့်စိမ်းလဲ့ညိုကိုသနားမိပေမယ့် ဇူလီက သူ့ကိုယ်သူပိုသနားပါသည်။ 


"ဇူလီရေ ပြီးရင်ရေချိုးနော်။ ရေချိုးပြီးမှသွား" 


"ဟုတ်ကဲ့" 


ရာသီဥတုကပူ ၊ လူကများများနဲ့သွားထိုင်ရမည်မို့ ဇူလီက ရေချိုးပြီးမှသွားမည်။


မနက်စာကို စျေးထဲမှခေါက်ဆွဲအား သူမမေမေက ဝယ်လာခဲ့ပေး၏။ ဇူလီတက်ကြွတယ်ဆိုတာ သူ့အမေဒေါ်နွေးစံပယ်အိပ်နေသလောက်သာရှိပါသည်။ သူမမေမေဟာ ဇူလီမထခင်ကတည်းက သူ့သမီးကျူရှင်မသွားခင်မနက်စာလေးစားသွားရဖို့ စျေးကိုအစောကြီးထသွားပြီးပြီဖြစ်၏။ ကျူရှင်ချိန်က မနက်၈နာရီ။ ဇူလီက စက်ဘီးဖြင့်သွားရမည်မို့ စောစောထရခြင်း။ အကုန်ပြင်ဆင်ပြီးသည့်အချိန် သူမ ကျူရှင်သို့ သုတ်ခြေတင်တော့၏။ 


"ကားတွေသေချာကြည့်ပြီးစီးသွားနော်" 


ဇူလီမေမေ၏အသံဟာ နောက်မှာကျန်နေခဲ့ပြီ။ ကျူရှင်စာသင်ချိန်ဟာ မနက်၃ချိန် ညနေ၃ချိန်။ နေ့ခင်း၁၀/၁၁လောက်ပြန်လာပြီးရင် ညနေခင်း၃နာရီလောက်မှာ ကျူရှင်ပြန်သွားရပြန်မည်။ ဒီလိုအလုပ်ရှုပ်ပုံမျိုးနဲ့ သူမဟာ စိမ်းလဲ့ညိုကိုမေ့မှာပါ။ 


ကျူရှင်ဟာ လူသိပ်မစုံသေး။ သို့ပေမယ့် တစ်စတစ်စဖြင့် လူများရောက်လာကြ၏။ ၈နာရီကွက်တိမှာ ဆရာမကဝင်လာသည်။ သင်္ချာဖြစ်၏။ ဇူလီဟာ 'ဟိုက်ပါမ'ဆိုသူများနှင့်ရှေ့တန်းခံလုရမှာပျင်းသည်။ ထို့ကြောင့် နောက်ဆုံးတန်းထောင့်ကလေးမှာသာထိုင်၏။ သို့ပေမယ် သူ့အရပ်ကရှည်တော့ နောက်ဆုံးတန်းမှာထင်ပေါ်နေသည်။ သင်္ချာသင်သည့်ဆရာမကို အသက်ကြီးကြီးထင်ထားပေမယ့် ထိုသို့မဟုတ်။ ငယ်ငယ်ချောချောကလေးဖြစ်၏။ ဒါကိုလည်း ဇူလီဟာ အချို့သောကျောင်းသားများ၏ ရိသဲ့သဲ့အသံကြားမှ သတိထားမိခြင်း။ နာမည်ကို ဇူလီစဥ်းစားမိသွား၏။ ဘာပါလိမ့်။ သင်းပျံ့မွှေး ဆိုလား။ 


"စာသင်နှစ်အစဆိုပြီးတော့ ဒီအခန်းကိုမပေါ့ကြနဲ့နော်။ ဒါ၅မှတ်တန်တွေ" 


ဆရာမက အတော်အသင့်တွက်ရခက်သည့်အခန်းကို အရင်သင်ပါသည်။ ပြီးမှ လွယ်တာ ပြီးရင် ခက်သည့်အခန်းများကို အလှည့်ကျသွားမည်ဖြစ်၏။ 


"မရှင်းတာရှိရင် မေးနော်။ ဟိုးအနောက်ကလူတွေ ကြားလား" 


ဇူလီ့စာအုပ်ထဲမှ ကိန်းဂဏန်းများဟာ လှည့်ပတ်နေသည်။ သူမ မနက်စာလည်းစားလာရဲ့သားနဲ့။ 


"မေးစရာမရှိရင် ဆရာမအခြားအတန်းသွားပြီနော်" 


ဆရာမငယ်ငယ်ချောဟာ နှုတ်ဆက်ပြီးထွက်ခွာသွားပြီဖြစ်၏။ အခန်းတွင်း၌ ဆူညံလာသည်။ သို့ပေမယ့် ခေတ္တမျှ။ သင်္ချာပြီးတော့ အင်္ဂလိပ်အချိန်ဝင်၏။ ယခုကတော့ အသက်သက်ကြီးကြီးအမျိုးသားဖြစ်ပါသည်။ 


"Unit 10 ကနေ ဆရာတို့စသင်မယ်နော်။ မသိတဲ့meaning တွေ လိုက်မှတ်ထား" 


မည်သည့်သင်ရိုးကိုမဆို ဆရာတို့က လွယ်သည်မှခက်သည်၊ ခက်သည်မှလွယ်သည့်ဆီများသို့ သွားမည်ဖြစ်၏။ ခက်သည့်သင်ခန်းစာများကြောင့် ကျောင်းသားများက 'မလုပ်နိုင်ဘူး'ထင်ကာ စိတ်ပင်ပန်းနေရင် လွယ်သည့်သင်ခန်းစာများက ကျောင်းသားများ၏စိတ်ကို 'လုပ်နိုင်သည်' ဟုထင်စေကာ စိတ်ပင်ပန်းမူကိုဖြေလျော့ပေး၏။ 


Looking Good 


Unit 10 ၏ခေါင်းစဥ်ကိုမြင်မိတော့ ဇူလီဟာ လူတစ်ယောက်ကိုသတိရမိသွားသည်။ သူမအတွက်တော့ ထိုခေါင်းစဥ်ဖြင့်ကိုက်ညီသည့်လူဟာ စိမ်းလဲ့ညို မှလွဲ၍ အခြားတစ်ယောက်မရှိ။ 


"What adjectives can you use to describe a person's looks? လူတစ်ဦးရဲ့ ရုပ်ရည်သွင်ပြင်ကို ဖော်ပြဖို့ ဘယ်လိုနာမဝိသေသနမျိုးကို သင်အသုံးပြုနိုင်သနည်းတဲ့" 


"ကဲ သေချာနားထောင် အဲ့မှာပြောထားတဲ့ Adjectives နာမဝိသေသနဆိုတာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးလဲ အရင်ဖြေကြည့်" 


"........." 


"သိတဲ့လူမရှိဘူးလား" 


"........." 


၁ခန်းလုံးဟာ လုပ်လုပ်ရွရွဖြစ်နေပေမယ့် ဘယ်သူမှတော့မဖြေပါ။ အချို့ကျောင်းသားများက တီးတိုးတိုင်ပင်နေကြ၏။ 


"မင်းတို့တွေ မြန်မာလိုအဓိပ္ပါယ်ဖွင့်ဆိုချက်လေးတောင် မပြောနိုင်ကြဘူးလားကွာ။ ကျောင်းပိတ်လိုက်တာ ဦးနှောက်တွေပါပိတ်သွားကြတာလား" 


နာမဝိသေသနဆိုတာ နာမ်တွေရဲ့ဂုဏ်ကိုအထူးပြုပေးသည့်ပုဒ်ဖြစ်၏။ 


ဥပမာ စိမ်းလဲ့ညိုသည်…


မဟုတ် 


သီဟသည် စာတော်သော ကျောင်းသားဖြစ်၏ ဆို အဲဒီမှာ ကျောင်းသားက နာမ်ဖြစ်ပြီး စာတော်သော က နာမဝိသေသနဖြစ်၏။ နာမဝိသေသနဟာ နာမ်၏ဂုဏ်ကို ထိုကဲ့သိုအထူးပြုပေးတာဖြစ်၏။ (နာမဝိသေသနကို အဆင့်ဆင့်ခွဲတဲ့ဟာပါရှိပါတယ်။ ထည့်မရေးတော့ပါ) 


ဇူလီဟာ သိနေပေမယ့်လည်း ထဖြေမည်မဟုတ်ပါ။ ဆရာကိုယ်တိုင်က သူ့နာမည်မရွတ်မချင်း သူဘယ်တုန်းကမှစာထမဖြေခဲ့ဖူးဘူး။ 


"ဟေမာန်သည် လှပသောမိန်းကလေးဖြစ်၏။ အဲဒီမှာ လှပသောက နာမဝိသေသနဘဲ။ မင်းတို့ကိုဒါရှင်းပြနေရရင် ငါ့စာဆက်သင်ရမှာမဟုတ်ဘူး။ မနက်ဖြန် grammar ချိန်မှ ထည့်သင်ပေးမယ်" 


ယခု ဟေမာန် ကို လှပသည်ဟု ဖွဲ့ဆိုလိုက်သောဆရာသည် စိမ်းလဲ့ညိုကိုမြင်ဖူးပါရဲ့လား။ မြင်တွေ့ခဲ့ရင် ဟေမာန့်ကိုဖွဲ့ဆိုခဲ့တာအတွက် နောင်တရလောက်မလား။ ရလောက်ပါသည်။ 


"အနောက်ကလူတွေကို ဆရာရေးတာမြင်ရလားမမေးတော့ဘူးနော်။ ဟိုမှာ ထိုးထိုးထောင်ထောင်ကြီးမို့" 


အင်္ဂလိပ်ဆရာဟာ ဟာသဉာဏ်ရွင်ပါသည်။ ကျောင်းသားများ၏အကြည့်ဟာ ဇူလီ့ဆီကျရောက်လာ၏။ ဒုက္ခ။ ဇူလီ့အရပ်ဟာ သိပ်ကြီးလည်းမရှည်ပါ။ အခြားရှည်သည့်ကျောင်းသားများလည်း ရှိပါလျက်နဲ့။ 


"ငါ့သမီးသာဆိုရင်တော့ ဆရာ့ငယ်ထိပ်ပါကွက်မြင်ရမှာဘဲကွယ်" 


ဇူလီ့သက်တမ်းတလျောက် ဆရာ/မများဆီမှ အာရွန်းဖောက်ခံရသည်ဟာ အဆန်းတော့မဟုတ်ပါ။ ဇူလီတစ်ခါမှမပြုံးရယ်ဖူးသည်ကသာ အဆန်းဖြစ်၏။ 


"အစ်မ ခဲဆံကလေးများ အပိုပါလားမသိဘူး" 


ဇူလီ့ဘေးမှ ထိုင်ခုံဖော်ဟာ ထိုသို့ပြောပြီး ဇူလီ့ကိုလက်တို့လာ၏။ ယခုမှသာ သူ့ဘေးကထိုင်ခုံဖော်ကို ရုပ်မြင်ဖူးသည်။ ဇူလီက ခဲဆံတစ်ချောင်းထုတ်၍ပေးလိုက်၏။ 


"ကျွန်မက ဆရာခုနကပြောလိုက်တဲ့ ဟေမာန်ပါ။ ဟေမာန်ဇော်"


ဆရာက ထိုမိန်းကလေးကိုမသိပါ။ တမင်ဥပမာပေးတာဖြစ်၏။ ယခု ဟေမာန်ကလည်း တမင်ဟာသပြောတာဖြစ်ပါသည်။ မပြောဘူးလား ဆရာကနောင်တရနေလောက်တယ်လို့။ ယခုဟေမာန်ဟာ ရုပ်မဆိုးပေမယ့် စိမ်းလဲ့ညိုနှင့်ယှဥ်လိုက်ရင် ဘာမှမပြောသာ။ သူ့အပြုံးက လှပေမယ့်လည်း စိမ်းလဲ့ညိုလောက်မလှ။ ယခုဟေမာန်ဟာ ဇူလီ့ဆီကနေ ခဲဆံတစ်ချောင်းထက်မကပိုလိုချင်သည်ထင်သည်။ ဇူလီက သူနာမည်မိတ်ဆက်သည်ကို ခေါင်းငြိမ့်ပြ၏။ အေးစက်နေသည့်ဇူလီကြောင့် ထိုမိန်းကလေးက စာဘက်အာရုံပြန်စိုက်သွားသည်။ 


လှပခြင်းနှင့်ခန့်ညားခြင်း သင်ခန်းစားများရှင်းပြသည့်အချိန် ဇူလီ့ရင်များဟာ အောင့်တက်လာသည်။ လှပသည့်စိမ်းလဲ့ညိုနှင့် ခန့်ညားသည်ကိုဇွဲသုခမင်းကို အတူတွဲမြင်ကြည့်သည့်အချိန် မွန်းကြပ်ပြည့်သိပ်လာ၏။ သူမ စိမ်းလဲ့ညိုကို မည်သူနဲ့မှအတူတွဲမမြင်နိုင်ပါ။ မည်သူ့ကိုမှလည်း သူမကို မပိုင်ဆိုင်စေချင်ပါ။ ၄၅မိနှစ်အတန်းချိန်ဟာ စိမ်းလဲ့ညို စိမ်းလဲ့ညိုဖြင့်သာပြီးသွား၏။ ယခုအချိန် ထိုမိန်းမ ဘာလုပ်နေလောက်မလဲ။ စာဖတ်နေမလား၊ သီချင်းနားထောင်နေမလား။ ဒီလိုတွေးကြည့်တော့ ဇူလီဟာ ထိုမိန်းမအကြောင်းကို များများစားစားသိရှိတာမရှိသေးကြောင်း သိလာရ၏။ ဇူလီဟာ ထိုမိန်းမအကြောင်းကို ယခုထက်ပိုပြီးသိချင်လာသည်။ လှပသည့်မျက်ဝန်းတွေ၊ ဆွဲဆောင်မူရှိသည့်အပြုံးတွေ၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မှဲ့နက်ကလေးတွေထက်ကိုပို၍……


ဒေါက်ကနဲအသံဟာ ဇူလီ့အိပ်ကပ်ဖြင့် စာရေးစားပွဲခုံထိမိလိုက်သည့်အသံ


ထုတ်ကာယူကြည့်တော့ နူတ်ခမ်းနီလေးတစ်တောင့် 


စိမ်းလဲ့ညိုရဲ့နူတ်ခမ်းနီ……. သူမရဲ့အိတ်ကပ်လေးထဲမှာ တစ်ချိန်လုံးရှိနေခဲ့တာ 


နူတ်ခမ်းနီရဲ့ပိုင်ရှင်ကိုသိရတော့ သူမရင်ခွင်ကလေး နွေးထွေးလာသည်။ သူမ စိမ်းလဲ့ညိုကို လွမ်းလာပြီဖြစ်၏။ 


"အစ်မ ဆရာထွက်သွားပြီနော်" 


ဘေးကလူလက်တို့မှ ဇူလီဟာ ဆရာထွက်သွားမှန်းသိရ၏။ သူမရဲ့စိတ်တွေဟာ တစ်နေရာဆီလွင့်နေသည်။ အတိအကျဆို စိမ်းလဲ့ညိုဆီ။ 


"နောက်တစ်ချိန်က ဘာအချိန်လဲ" 


ဇူလီကမေးတော့ ဟေမာန်ဆိုသူက စဥ်းစားနေသေးသည်။ 


"မြန်မာထင်တယ်။ သေချာတော့မသိဘူးရော" 


"အင်း" 


ဇူလီဟာ ပြောပြောဆိုဆိုဖြင့် စာအုပ်တွေကောက်ထည့်လိုက်ပြီး လွယ်အိတ်ကိုလွယ်လိုက်သည်။ 


"အယ် အစ်မ အတန်းချိန်ကျန်သေးတယ်လေ" 


အနောက်ပိုင်းရှိကျောင်းသားအများစုဟာ သူမကိုကြည့်လာကြသည်။ ဘာဖြစ်လဲ ဇူလီကတော့ ဂရုမစိုက်အားတော့ဘူး။ သူမအခု အိမ်ပြန်ချင်နေတာဘဲသိသည်။ 


"အစ်မ" 


ကျန်နေအုံးတော့ဟေမာန်ရေ။ ဇူလီက စိမ်းလဲ့ညို ဘယ်လောက်ထိစွဲမက်စရာကောင်းကြောင်း လူအားလုံးကိုလက်တွေ့ပြချင်သေးတယ်။ 


မနေ့ကနားထောင်ခဲ့သည့် falling in love သီချင်းကိုဘဲ ဇူလီကထပ်ဖွင့်ထားသည်။ သူမစိတ်များ ပေါ့ပါးနေ၏။ ကျူရှင်နှင့်အိမ် ဘယ်လောက်ထိဝေးသလဲ သူမအခုထိမတွေးတတ်။ လူတစ်ယောက်ဆီဦးတည်ပြီး သွားရသည့်လမ်းများဟာ လှပပြီး စိတ်လှုပ်ရှားဖို့ကောင်းတာကိုး။ ဘယ်လောက်ထိစိတ်လှုပ်ရှားသလဲဆို သူ့အိမ်ကိုတောင်ကျော်ပြီး စိမ်းလဲ့ညို့တို့အိမ်ကို စက်ဘီးနင်းသွားမိသည်အထိဘဲ။ 


"အယ် ဇူလီပါလား ကျူရှင်ဆင်းလာပြီပေါ့" 


ထိုမိန်းမဟာ အိမ်အောက်ထပ်၌မရှိ။ အရင်လိုဘဲ သူ့အခန်းထဲရှိနေလောက်သည်။ ခုနက စိမ်းလဲ့ညိုရဲ့အမေ သူမကို ဘာပြောလိုက်တာပါလိမ့်။ တစ်လှမ်းချင်းလှမ်းကာတက်သွားသည့်ခြေလှမ်းများ ယခင်ကလို တွန့်မနေ။ စိတ်တွေရှင်းသွားလို့ဖြစ်နိုင်သည်။ တံခါးခေါက်ဖို့လည်း ယခင်ကလိုတွန့်မနေ။ ဒါလည်းစိတ်တွေရှင်းသွားလို့ဖြစ်နိုင်၏။ 


"ဇူလီ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ" 


သူမ စိတ်တွေလည်းရှင်းသွားပြီ အမောတွေလည်းပြေသွားပြီ။ တံခါးလာဖွင့်ပေးသည့်မျက်နှာကလေးကိုကြည့်ပြီး 'အစ်မကိုလွမ်းလို့ပါ'ဟု သူမ ပြောလိုက်ချင်သည်။ 


"ခုနကဘဲဇူလီ့အမေက ဇူလီကျူရှင်သွားတယ်ပြောနေတာ"


ဇူလီ ဘာပြောရမလဲ။ 


"ကျွန်မကို သင်္ချာကူတွက်ပေးပါလား အစ်မ" 


"........" 


"နားမလည်လာလို့ပါ" 


ဇူလီက င်္သချာဆိုအမြဲအမှတ်ကောင်းရဖူးတာ ထိုမိန်းမ သိတာမှမဟုတ်တာ။ 


"အင်း စဥ်းစားပေးကြည့်တာပေါ့" 


မည်သည့်အဖြေကိုဘဲရပါစေ ဇူလီဟာ ဒီနေ့အဖို့တော့ ထိုမိန်းမအနားရှိဖို့လို၏။ 


"ထိုင်ပါအုံး။ အစ်မ ရေယူပေးမယ်" 


အနားဖြတ်သွားသည့်ထိုမိန်းမဆီမှ ရှန်ပူအနံ့လေးရသည်။ ခေါင်းလျှော်ထားတာ မကြာသေးဘူးထင်၏။ 


"ဇူလီတို့ကျောင်းစာတွေဆိုတာ အစ်မတို့အရွယ်နဲ့အရမ်းကိုမှအလှမ်းဝေးနေပါပြီ။ ကူညီနိုင်မလားမသိပေမယ့် အစ်မ စမ်းတော့ကြည့်ပေးမယ်" 


"ဟုတ်ကဲ့" 


ထိုမိန်းမကလည်း အတန်းထဲမှာသင်္ချာကို အမြဲအမှတ်၁၀၀ရခဲ့တာ ဇူလီသိတာမှမဟုတ်တာ။ ၉၉မှတ်ရတဲ့နေ့က ထိုမိန်းမကြီးစိတ်ဆင်းရဲတဲ့နေ့ဘဲ။ ဇူလီထုတ်ထားသည့်မှတ်စုများကိုခဏဖတ်ပြီးသည်နှင့် ထို​ပုစ္ဆာကို အသာလေးသူရှင်းပြနိုင်သည်။ ဂုဏ်ထူး၅ဘာသာနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ Top 7 ဝင်ခဲ့တာတော့ သူ မပြောတော့ပါဘူး။ 


"အချိုး၆ခုရဲ့ ဆန့်ကျင်ဖက်တွေကို ဇူလီမှတ်မိနေရင် ပုစ္ဆာတွေက ဖြေရှင်းရလွယ်ပါတယ်။ ဥပမာ သူရှာခိုင်းတဲ့ထောင့်ကို Aလို့ထားကြည့်။ Sin A လို့ထားရင် သူ့ရဲ့ဆန့်ကျင်ဘက်က Cscလေ။ အဲဒီတော့ ဖော်မြူလာက Sin A = 1ဘိုင် Csc A" 


"......." 


"အဲဒီတော့ သူ့ရဲ့ဆန့်ကျင်ဘက်ကလည်း......." 


ဘဝမှာ သင်္ချာတွက်ရတာပျော်စရာကောင်းလိမ့်မယ်လို့ ဇူလီတစ်ခါမှမထင်ခဲ့ဖူးဘူး။ ဒီလိုသာနေ့တိုင်းသင်နေရရင် သူမ,မဖြေရှင်းတတ်တဲ့ပုစ္ဆာတောင် ရှိလာမည်မဟုတ်။ ကမ္ဘာကြီးရဲ့ဝင်ရိုးစွန်းတွေကိုတောင် အပိုင်းကိန်းတွေနဲ့သူစားပြနိုင်သည်။ 


"အစ်မပြောတာ ရှင်းရဲ့လားမသိဘူး" 


ဇူလီက ကျေကျေနပ်နပ်ဖြင့်ပင် ခေါင်းကိုငြိမ့်ပြသည်။ အမှန်တော့ သူ ဘာမှမကြား။ 


"ဇူလီရဲ့သင်္ချာဆရာကို တစ်ခါပြန်မေးကြည့်ပါလား။ အစ်မက မှားမှာကြောက်လို့ကွယ် နော်" 


"ဟုတ်ကဲ့"


ဇူလီက ခေါင်းကိုတစ်ခါထပ်ငြိမ့်၏။ ထိုမိန်းမက ဇူလီရဲ့သင်္ချာကို ကြိုးစားပမ်းစားတွက်ချက်နေသည်။ 


"ဟော ဒီမှာအဖြေရပြီတွေ့လား။ ညီသွားပြီ" 


Equal ဖြစ်မဖြစ် တွက်ချက်ခိုင်းတဲ့ပုစ္ဆာလေးအဖြေရသွားတာကို ထိုမိန်းမက ကလေးတစ်ယောက်လိုပျော်နေရှာ၏။ 


"ဘယ်ဆိုးလို့လဲ ဒီအတိုင်းဆို သင်္ချာဆရာမလုပ်စားလို့ရပြီ" 


ထိုသို့ပြောကာ ထိုမိန်းမက နောက်တစ်ပုဒ်ဆက်တွက်နေ၏။ 


"အစ်မသာ သင်္ချာဆရာမ,လုပ်ခဲ့ရင် တစ်ကမ္ဘာလုံးမှာရှိတဲ့သင်္ချာဆရာတွေ အကုန်ထမင်းငတ်ကုန်မှာပေါ့" 


ထိုမိန်းမက ဇူလီရဲ့စကားကို အသံထွက်ကာရယ်သည်။ အဲ့ဒီမိန်းမက သူ့ကိုချီးကျူးတာကို အရမ်းသဘောကျတာ။ 


"အစ်မက သက်ညှာပေးတတ်ပါတယ်။ သူတို့ကိုသနားလို့ ဇူလီ့ကိုဘဲသီးသန့်သင်ပေးမှာ" 


ထိုမိန်းမအပေါ် ဇူလီထပ်ပြီးတက်မက်လာအောင်မလုပ်နဲ့။ ထိုမိန်းမ တစ်ကယ်တမ်းသနားသက်ညှာရမည့်လူဟာ ဇူလီပါ။ ဇူလီက လက်သီးကိုကျစ်ကျစ်ဆုတ်ထား၏။ သူမ မျှော်လင့်ချက်တွေထားမိမှာ၊ စိတ်ကူးတွေယဥ်နေမိမှာကို ဇူလီကအရမ်းကြောက်တာ။ နောက်တစ်ခါ ဒီအိမ်ကိုမလာမိဖို့ အသိစိတ်ကဆုံးဖြတ်ချက်ချလိုက်ပေမယ့် သူမရဲ့မသိစိတ်ကတော့ ဒီအိမ်ကိုခဏခဏလာဖို့ တိုက်တွန်းနိုးဆော်နေမှာဘဲ။ 


"ကျွန်မရဲ့သင်္ချာဆရာမကတော့ ငိုနေတော့မှာဘဲ" 


ဇူလီ ဘာလို့စကားတွေဒီလောက်ထိများလာရတာလဲ။ သူမက ထိုမိန်းမနဲ့တောင် ဟာသတွေပြောနေလိုက်သေးသည်။ 


"ဇူလီ့သင်္ချာဆရာမက ဆရာမဒေါ်ချိုချိုလား" 


ထိုမိန်းမက ဇူလီကျူရှင်ဘယ်မှာတက်လဲတောင်သိနှင့်နေပြီ။ 


"ဆရာမသင်းပျံ့မွှေးပါ" 


လှုပ်ရှားနေသည့် ထိုမိန်းမရဲ့လက်များ ခေတ္တရပ်သွားသည်။ ခေတ္တလေးပါဘဲ။ 


"သြော်" 


ရပ်တန့်သွားသည့်အကြောင်းအရင်းက ဘာကြောင့်ရယ်လို့ဇူလီမသိ။ ထိုအရာကို သတိထားမိမယ်လည်းမထင်။ 


"မွှေးမွှေးက တော်ပါတယ်" 


တီးတိုးပြောလာသည့်ထိုစကား။ ဇူလီကြားသည် သို့ပေမယ့် အမူ့မဲ့အမှတ်မဲ့သာ။ 


ပြတင်းတံခါးဆီမှတိုးဝင်လာသော လေပူကလေးများ။ စာရွက်လှန်လှောသံ၊ စကားပြောသံ၊ အသက်ရှုသံခပ်မှန်မှန်များနှင့်အတူ အချိန်ဟာ တရွေ့ရွေ့ကုန်ဆုံးလာသည်။ အချိန်တွေကို ရပ်တန့်ပစ်လို့ရသည့်စွမ်းအားများရှိရင် ဒီလို၂ယောက်တည်းရှိသည့်အချိန်ကလေးများ၌ ဇူလီကရပ်တန့်ထားချင်၏။ လည်တိုင်ကျော့ကျော့လေးဆီမှ မှဲ့နက်ကလေးကိုမြင်တော့ 'ဘုရားရှင်ရေ သူမကို ကူမကယ်ပါနဲ့တော့' ဟု ဟစ်ကြွေးလိုက်တော့၏။ 


........


"ကျူရှင်က ဘယ်လိုလဲ။ တက်ရအဆင်ပြေရဲ့လား" 


"ပြေပါတယ်" 


အိမ်ရှေ့ဖိနှပ်စင်၌ ကျူရှင်သွားဖို့ဖိနှပ်စီးနေသည့်ဇူလီကို သူမမေမေက ထိုသို့မေးလာပါသည်။ 


"အဆင်မပြေရင် အမေတို့ဆရာမနဲ့ညှိပြီး အိမ်ခေါ်သင်ပေးမယ်" 


ဇူလီကိုကြည့်ပြီး စိုးရိမ်စိတ်များနေသည့်သူမမေမေကို ဇူလီကစိတ်မောလာသည်။ 


"အဲ့လောက်ကြီးမလိုပါဘူး အမေကလည်း" 


သူမမေမေက သူအဆင်ပြေရင်ပြီးတာဘဲဟု ပြောကာအထဲဝင်သွားသည်။ ဘာလို့အိမ်ခေါ်သင်နေမှာလဲ သူနားမလည်တာရှိရင် စိမ်းလဲ့ညိုဆီပြေးသွားလို့ရနေတာကို။ စိမ်းလဲ့ညိုစာပြပေးသည်ဟာ သင်္ချာ၁ဘာသာတည်းမဟုတ်တော့။ ၆ဘာသာလုံးစုံပါသည်။ မနေ့ကတစ်နေလုံး သင်္ချာမှစ၍ အိမ်မပြန်ဘဲ ကျူရှင်ဆင်းတာနဲ့စိမ်းလဲ့ညိုဆီသူပြေးသွားခဲ့တာ။ Chemistry ဓါတ်ပေါင်းပုံများမှစ၍ physics,  bio ထိ ထိုမိန်းမဟာ သူမနဲ့အတူ စိတ်ညစ်ခံပေးခဲ့ရှာသည်။ ထိုမိန်းမနဲ့အတူရှိနေတဲ့အချိန် အရာရာဟာ လွယ်ကူသည်ထင်လာရ၏။ ပန်းကလေးများဟာ ပို၍ရနံ့သင်းလာသည်။ ဒါဟာ ချစ်မိနေတာဘဲလား၊ လှလို့ကြိုက်မိနေတာဘဲလား ဆိုတာတော့ ဇူလီကဆန်းစစ်ရပေအုံးမည်။ 


"နင် ကျူရှင်မသွားဘူးလား" 


ချိန်ထားသည့် ခေါက်ဆွဲဆိုင်အရောက် ရီရီကသူမကို ထိုသို့မေး၏။ ဇူလီက ခေါင်းခါပြသည်။ 


"အခု ကျူရှင်ကအရေးမကြီးဘူး" 


"အစဆိုပြီးပေါ့ပေါ့မနေပါနဲ့ဟယ်။ နင်ပြောတော့ ဆေးကျောင်းတက်ချင်တာဆို" 


"အေး အဲ့လိုပေါ့ပေါ့မနေချင်လို့ ငါနင့်ကိုဒီခေါ်တာပေါ့" 


ဇူလီပြောသည်ကို ရီရီကသဘောပေါက်သလို မပေါက်သလို။ သူ့ကျောင်းကိစ္စကြီးကို ရီရီနဲ့တိုင်ပင်မလို့လား။ 


ဇူလီက ရီရီ့ကို ရှမ်းခေါက်ဆွဲအရင်ကျွေးပါသည်။ စကားပုံရှိတယ်လေ ‘ဘာဘဲပြောပြော ဗိုက်ဖြည့်ပြီးမှဆက်၍ပြော’တဲ့။ (လူတွေကဗိုက်ဆာနေရင်မုတစ်မျိုး ဗိုက်ပြည့်နေရင်မုတစ်မျိုးမို့) ဇူလီတော့ ရှမ်းအရသာမစစ်သည့်ထိုခေါက်ဆွဲကိုမကြိုက်ပါ။ ထို့ကြောင့် ဆန်ပြားသုပ်သာမှာစားသည်။ 


"နင့်ကျောင်းကိစ္စတွေငါ့လာတိုင်ပင်ရအောင် ငါဆိုတာ မြန်မာစာကို တောင်မော်ဒရေးရှင်းနဲ့အောင်လာတဲ့ကောင်မကြီးပါဟာ" 


ဇူလီရယ်ချင်ပေမယ့် မရယ်နိုင်။ သူ့စိတ်ထဲမေးခွန်းများစွာကို အမှတ်စဥ်စီနေရ၏။ 


"ရီရီ" 


"အေး ပြော" 


"ရီရီ" 


"အေး" 


"နင် ချစ်မိသွားရင်လူတွေဘယ်လိုပြုမူကြလဲ သိလား" 


ရီရီက စားလက်စများရပ်တန့်သွားသည်။ တူကိုချ၍ 


"နင် ကျူရှင်မှာဘယ်သူငယ်လေးတွေ့လာလို့လဲ ဟမ်" 


"ငါမေးတာအရင်ဖြေဟာ ကျန်တာနောက်ကျပြောပြမယ်" 


ရီရီက ဇူလီ့ကို သေချာအကဲခတ်နေသေးသည်။ ဇူလီကအတည်ကြီးမေးနေတာမှန်းသိမှ သူက သေချာလေးပြောဖို့ပြင်၏။ 


"ငါမသိဘူး သူငယ်ချင်း" 


"L**" 


"ယိုင်းတယ်နော်" 


"နင်ကအကောင်းမှမဖြေတာကိုး။ ငါကတစ်ကယ်သိချင်နေတာဟ" 


"နင်တစ်ယောက်ယောက်ကို ကြိုက်နေတာလား ဇူလီ" 


"ကြိုက်တာလား ချစ်တာလားဆိုတာ ငါသေချာမသိလို့ နင့်ဆီရောက်လာတာ။ အခုချိန် ငါပြောပြရဲတာဆိုလို့ လည်းနင်ဘဲရှိလို့လေ"


"အေးပါ။ ငါတို့ရေခဲတုန်းကြီးကို ဘယ်သူငယ်ကများ အရည်ပျော်အောင်လုပ်လိုက်တာလဲမသိဘူး" 


နာမည်ကို ဇူလီကထုတ်မပြောရဲပါ။ ထုတ်ပြောလိုက်ရင် ရီရီကသူ့ကိုစိတ်ကျန်းမာရေးဆေးရုံပို့လောက်သည်။ 


"သူက ငါသိတဲ့လူလား" 


"အေး" 


ရီရီက စဥ်းစားနေသည်။ ဇူလီထိတွေ့ဖူးတဲ့လူတွေက စဥ်းစားရလွယ်ကူသည်ကိုး။ 


"ရီရီ" 


"အေး" 


"တစ်ကယ်လို့ ငါက မိန်းကလေးတစ်ယောက်ကို သဘောကျနေတယ်လို့ပြောရင် နင်ငါ့ကိုစိတ်ဆိုးမှာလား" 


ရီရီဟာ ဇူလီရဲ့မရဲတရဲအပြောလေးတွေကြား ခေတ္တလမ်းပျောက်သွားသေး၏။ ၂ဦးတည်းရှိနေသည့်စကားဝိုင်းဟာ တိတ်ဆိတ်နေသည်။ ထိုတိတ်ဆိတ်မှုတွေကြောင့် ဇူလီက ကြောက်စိတ်များဝင်လာ၏။ တစ်ကယ်လို့ ရီရီကများ ဆိုးရွားသည့်စကားတွေပြောလာရင် ဇူလီဟာ စိမ်းလဲ့ညိုကိုတမ်းတသည့်စိတ်တွေရပ်ပြစ်မှာလား။ 


"အရင်စိတ်လျော့ထားပါ ငါ့သူငယ်ချင်းရယ်။ နင့်မျက်နှာလေး ရဲနေတာဘဲ" 


ဇူလီရဲ့မျက်နှာဟာ ရှက်ရွံ့စိတ်၊ ကြောက်ရွံ့စိတ်များကြောင့် နီရဲနေ၏။ ရီရီက သူမလက်ကို ခပ်ဖွဖွလေးလာကိုင်ရင်း စိတ်လျော့ထားဖို့ပြောလာသည်။ 


"ငါ ကြောက်နေလို့ပါ။ ဒါကြီးက ပုံမှန်မဟုတ်ဘူးဆိုတာသိတယ်လေ" 


"ဘာကပုံမှန်မဟုတ်တာလဲ။ နင် လူတစ်ယောက်ကို မုန်းနေတာမှမဟုတ်တာ။ သဘောကျနေတာလေ ဒါက ကောင်းတဲ့ကိစ္စဘဲကို" 


"ဒါပေမယ့်..." 


"နင်ကြောက်နေတာ ငါသိတယ်။ ငါ့ကို ဒီမေးခွန်းမေးဖို့ နင်တွန့်ဆုတ်နေတာမြင်ကတည်းက ဒီအကြောင်းကိုဖွင့်ပြောဖို့ နင်ဘယ်လောက်ထိသတ္တိတွေမွေးလိုက်ရသလဲဆိုတာလည်း ငါသိတယ်။ နင့်အခက်အခဲဆုံးအချိန်တွေမှာ ငါ့ကိုပြေးမြင်ပေးလို့ ငါကျေးဇူးတင်တယ် သိလား" 


ဇူလီစိတ်ကလေးလျော့သွားဖို့ ရီရီကအရင်ချော့မြူသည်။ သူမ စိတ်ထဲကျေးဇူးတင်နေတာလည်းပါ၏။ ဇူလီက ခေါင်းကိုငုံ့ထားသည်။ ရီရီ့ကို မြင်နှာချင်းမဆိုင်ရဲတာဖြစ်နိုင်၏။ လက်မထိပ်ကလေးများကိုလည်း ကုတ်ခြစ်နေ၏။ သူ ဝမ်းနည်းအားငယ်နေတာဖြစ်လောက်ပါသည်။ 


"ဇူလီရယ် စိတ်ကိုလျော့ထားစမ်းပါ။ ငါနင့်ခံစားချက်ကိုနားလည်ပါတယ်။ ဘယ်မိန်းကလေးကရော မိန်းကလေးတစ်ယောက်ကိုသဘောကျချင်ပါ့မလဲ။ မမြင်နိုင်တဲ့အရာသေးသေးလေးတွေကြောင့် နင်မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားတာ နင့်အပြစ်မှမဟုတ်တာ။ ငါတို့နှလုံးသားက မျက်စိမပါဘူးလေ" 


"ဇူလီ နင်ငါ့ကိုကြည့်စမ်း" 


ရီရီက ဇူလီ့ပုခုံးကိုအတင်းဆွဲ၍ သူမနဲ့မျက်နှာချင်းဆိုင်ခိုင်းသည်။ 


"မငိုပါနဲ့ဟာ။ နင်ငိုရင် ငါပါလိုက်ငိုမိမှာပေါ့" 


နှာထိပ်ကလေးနီရဲရဲဖြင့် မျက်ရည်ဥခိုနေသည့်ဇူလီကြောင့် ရီရီဟာလည်း ဝမ်းနည်းလာသည်။ 


"ငါမငိုပါဘူး။ ငါ့မှာ နင့်လိုသူငယ်ချင်းမျိုးရှိတာ ဝမ်းသာမိသွားလို့" 


၂ယောက်လုံးဟာ ယခုမှသာပြုံးနိုင်၏။ 


"ငါနင့်ကိုခင်တာ နင်ယောက်ျားကိုကြိုက်လို့၊ မိန်းမကိုကြိုက်လို့ဆိုပြီးခင်တာမဟုတ်ဘူး။ ငါဘာအခက်အခဲရှိရှိ နင့်ကိုအရင်ပြေးမြင်မိလို့ ငါ့မှာ နင်ကလွဲပြီး အခြားအားကိုးစရာမရှိပါလားဆိုပြီး။ ကောင်းတာကိုလည်း ငါနင့်ကိုအခြားသူထက်အရင်ပြောပြချင်တာ၊ ဆိုးတာဆိုလည်း ငါကအခြားသူထက်အရင်နင့်ကိုပြောပြချင်တာ။ ဘာလို့လည်းဆို နင်ကတော့ ငါ့ရဲ့ကောင်းတာရော ဆိုးတာရောကို မျှဝေခံစားပြီး နားလည်နိုင်လို့လေ။ ငါစကားများတာသိပေမယ့် နင်က နားငြီးတယ်လို့တစ်ခါမှမပြောဖူးဘူး။ နင်ငါ့ဘက်မလှည့်နေရင်တောင် ငါဘာပြောသွားလဲဆိုတာ နင်အကုန်သိတယ်လေ" 


ဇူလီက ရီရီ့လက်ကလေးကို ပြန်လည်ဆုတ်ကိုင်ထား၏။ 


"ငါ့ကိုအခုလိုအားကိုးပြီးပြောပြပေးလို့ ကျေးဇူးဘဲဇူလီရယ်" 


"ဒါနဲ့ နင်သဘောကျနေတဲ့လူက ဘယ်သူများလဲ" 


ဒီခရီးအထိတောင်ရောက်လာပြီ ဇူလီက မပြောလည်းမရတော့။ ပြောပြလိုက်မှသိပြီး ဘယ်လိုလုပ်ရမယ်ဆိုတာသိရမှာပေါ့။ ဒါပေမယ့် ရီရီထရိုက်မှာတော့ ကြောက်သေးသည်။ 


"အစ်မ စိမ်းလဲ့ညို့ပါ" 


".........." 


ရီရီက ထတော့မရိုက်။ မျက်စိပြူးပြီးသာ ဇူလီ့ကိုကြည့်နေ၏။ ခဏကြာတော့ ၅ထောင်တန်တစ်ရွက်ထုတ် ပန်းကန်အောက်ညှပ်ပြီး ဇူလီ့လက်ကိုကပျာကယာလာဆွဲသည်။ 


"ထ" 


"ဘယ်သွားမလို့လဲ" 


"စိတ်ကျန်းမာရေးဆေးရုံ" 


"ဇူလီ နင်ကတစ်ကယ်ပုံမှန်မဟုတ်ဘူး။ အခြားမိန်းမတွေရှိနေတာကိုမှ အဲ့မိန်းမကိုသွားကြိုက်တယ်။ နင့်ဖင်ကိုဆေးအချောင်း၃၀လောက်ထိုးမှ နင်အသိစိတ်ပြန်ကပ်မှာ သိလား"


ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်သူမတို့ကို ဆိုင်ထဲရှိလူများက ကြည့်နေကြ၏။ 


"အဲ့တာကြောင့် ငါနင့်ဆီလာတာလေဟာ" 


ဇူလီအတင်းရုန်းမှ ရီရီကလွတ်ပေး၏။ 


"ဇူလီရယ် အဲ့မိန်းမတော့မဖြစ်ဘူးလေ" 


"ဒါပေမယ့် ငါကြိုက်နေမိပြီ ဘယ်လိုလုပ်မလဲ" 


"လှလို့နေမှာပါ။ အချိန်လေးမလွန်ခင် အမြန်ဖြတ်။ နင်က သူ့အကြောင်းဘာသိလို့လဲ။ သူက ရာဇဝင်နဲ့နော်" 


"ဟုတ်လား အဲ့ရာဇဝင်ကို ငါမသိချင်ဘူးရော။ စုံစမ်းမှာလည်းမဟုတ်ဘူး။ ငါသိတာဆိုလို့ မနက်ဖြန်တိုင်းလေးမှာ သူ့အနားလေးနေချင်တာ၊ သူ့အသံလေးကြားချင်တာ၊ သူ့ပေါင်လေးပေါ်ခေါင်းအုံးပြီး သူစာဖတ်ပြတာကိုနားထောင်ချင်တာ။ နင်ပြောခဲ့ဖူးတဲ့ကဗျာလေးလိုဘဲ ပန်းတွေတွေ့ရင် ငါသူ့ဆီယူသွားပေးချင်တယ်။ ငါ သူ့ဘဝရှေ့ဖြတ်လျောက်သွားတဲ့လူတစ်ယောက်ထက်ပိုချင်တယ်ဟာ။ သူ့လည်တိုင်ကမှဲ့ကလေးကို နမ်းချင်လိုက်တာလို့ ငါခဏခဏတွေးဖူးတာနင်သိလား။ သူ့နူတ်ခမ်းနီလေးငါ့ဆီပါလာတာကိုလေ ငါပြန်ပေးရမှာသိပ်ကြောက်ခဲ့တာ။ ငါ့နှလုံးသားနဲ့အနီးဆုံးအိတ်ကပ်လေးထဲမှာ သူ့နုတ်ခမ်းနီရှိနေတာလေး ငါသိပ်ကြိုက်တယ်။ ရီရီ ငါက ကုဖို့အချိန်မမှီတော့ဘူး။ ငါ ရူးနှင့်နေပြီ" 


ရီရီက သူမကိုကူမကယ်နိုင်စွာရပ်ကြည့်နေသည်။ ဇူလီ့မျက်လုံးလေးများ ဝင်းလက်လာ၏။ 


"ရီရီ 


ငါသူ့ကိုကြိုက်နေတာလား ချစ်နေတာလားဆိုတာ သေချာသိသွားပြီ။ တစ်ကယ်တော့ ငါ စိမ်းလဲ့ညိုကို မကြိုက်ဘူး" 


"ချစ်နေတာ။ ရီရီ ငါက စိမ်းလဲ့ညိုကိုချစ်နေတာကွ ချစ်နေတာ" 


ဇူလီက ရီရီ့ပုခုံးကိုသွားဆွဲလှုပ်၏။ ရီရီကတော့ ဇူ့လီကိုသာသနားနေသည်။ တစ်ကယ် ရီရီဇူလီ့ကိုသနားတယ်ဆိုတာ ညာပြောတာမဟုတ်။ အပြတ်ပြတ်နဲ့သွေးထွက်မှအသိစိတ်ဝင်မယ့်လူဆိုတော့လည်း ဇူလီရေ နင်ဝဋ်သွားခံပေအုံးတော့။ 


"အေးကွယ် နင်ကစိတ်လွတ်နေပြီဆိုတော့လည်း" 


"နင်ငါ့ကိုမခေါ်တော့ဘူးလား" 


"ဟဲ့ ငါတို့ခင်မင်မှုက နင်သူ့ကိုချစ်တာနဲ့မှမဆိုင်တာ" 


"တော်သေးတာပေါ့ ငါ့မှာနင်ရှိလို့"


"ငါ့မှာလည်း နင်ဘဲရှိတာပါ။ သင်္ကြန်တုန်းက နင်သူ့နားဝဲပြီး ကောက်ရိုးပုံစောင့်ခွေးလိုဖြစ်နေတာ ဒါကြောင့်ကိုး။ နင်သူ့ကိုချစ်တဲ့ကိစ္စ ငါအများကြီးဝင်ပါလို့မရပေမယ့် သူ့ကြောင့်ပျော်ရွင်ရတာ ဝမ်းနည်းတာရတာတွေကိုတော့ ငါ့လာမျှအုံး။ ငါ့သူငယ်ချင်း ပျော်နေရဲ့လားဆိုတာ ငါသိချင်တယ်။ ဇူလီ ငါကတော့ မဖြစ်သင့်တာမဖြစ်ရလေအောင် သူငယ်ချင်းဆိုတဲ့စိတ်နဲ့ အစွမ်းကုန်ကာကွယ်ပေးမှာ။ ဘာတွေဘဲဖြစ်လာလာ ငါ နင့်ဘက်ဘဲအမြဲရှိနေပေးမယ်ဆိုတာ နင်သိတယ်မလား" 


"အင်း" 


သူမတို့ဟာ တောင်ကုန်းပေါ်ကအပင်လေး၂ပင်ဖြစ်မယ်။ ပြေးကြည့်ရင် အခြားဘယ်အပင်ကိုမှမမြင်ဘဲ သူတို့ချင်းဘဲ၁ပင်နှင့်၁ပင်မြင်နေရတာမျိုး။ မိုးဒဏ်လည်းအတူကြံ့ကြံ့ခံတယ် လေလာပြီဆိုလည်း တစ်ပင်ကယိမ်းယိုင်သွားရင် အခြားတစ်ပင်ကဆွဲထားပေးတာမျိုး။ အချို့သောရှင်သန်ခြင်းဟာ ၁ပင်တည်းလည်းလှပပေမယ့် ၂ပင်ပေါင်းပြီးရှင်သန်လိုက်ရင်တော့ ပိုပြီးခိုင်ခံ့လှပသွားတာမျိုး။ 


“ငါဒီကိစ္စကို နင်အဆင်သင့်မဖြစ်သေးခင်အချိန်အထိ ဘယ်သူ့ကိုမှမပြောပါဘူး။ နင့်အချစ်ရေးကလည်းဘယ်လိုလာမလဲငါမသိဘူးလေ။ ဒါပေမယ့် ငါကတော့ နင်အဆင်ပြေနေဖို့ကိုဘဲအမြဲဆုတောင်းနေမှာ” 


“အဆက်အသွယ်မပြတ်စေနဲ့နော်” 


“အင်းပါ” 


ရီရီဟာ ဇူလီရဲ့အခြားကိုယ်ပွါးလေးတစ်ခုဖြစ်မယ်။ သူမတို့အတူဖြတ်သန်းခဲ့သည့်ရက်များကို လက်ချိုးရေလို့ရပေမယ့် သူမတို့တစ်ဦးအပေါ်တစ်ဦးယုံကြည်မူဟာတော့ လက်ချိုးရေလို့မရ။ ရီရီဟာ ဇူလီအတွက်တော့ အချစ်ဆုံးသူငယ်ချင်းဆိုသည်ထက်ပိုသော အချစ်ဆုံးသူငယ်ချင်းမျိုး။


“ရီရီ ငါနင်နဲ့တွေ့ရတာကို အခုရော နောင်​ရာ နောင်တရမယ်မထင်ဘူး” 


ဇူလီရဲ့အိမ်အပြန်လမ်းများဟာ ယခင်ကထက်ပိုမိုဖြောင့်ဖြူးနေသည်။ လူတစ်ယောက်ကိုချစ်မိသွားတဲ့ခံစားချက်ဟာ သိပ်ကိုကောင်းပါလား။ လမ်းဘေးမှာ ယိမ်းထိုးကခုန်နေသည့်ပန်းကလေးများမြင်တော့ စိမ်းလဲ့ညိုဖို့ဆိုပြီး သူခူးလာခဲ့သေးသည်။ အချစ်သီချင်းများဟာ သူမ၏နှလုံးခုန်သံနှင့်အတူ စည်းချက်ညီနေ၏။ သစ်ရွက်လေးကြွေကျသွားတာတောင် ကြည်နူးစရာကောင်းလာသည်။ လမ်းဘေးမှာခွေးကလေး၂ကောင်တွေ့ခဲ့တဲ့အကြောင်းလေး သူ စိမ်းလဲ့ညိုကိုသွားပြောအုံးမှပါ။ ချစ်မိသွားခြင်းဟာ လွယ်တော့မလွယ်။ သစ်ရွက်လေး လေတိုက်လို့လှုပ်ခတ်သွားတာကအစ သူ့မှာ စိမ်းလဲ့ညိုကိုပြောပြချင်လာ၏။ ကြည့်ရတာ ဇူလီကိုယ်တိုင်စိတ်ပါနေလို့ ဘယ်ဘုရားကမှသူ့ကိုဆင်းမကယ်ခဲ့တာထင်သည်။ 


"ဒီနေ့ကျူရှင်ဆင်းတာ စောတယ်နော်" 


စောဆင်းလာတာမဟုတ် သူမက သွားကိုမသွားခဲ့တာ။ ဆရာသင်ပြမယ့် နာမဝိသေသနများအကြောင်း သူကောင်းစွာနားလည်ထားသည်လေ။ သူ့အိမ်ရှေ့ဖြတ်တုန်းက ဇူလီ့အမေ သူ့ကိုအံ့သြတကြီးကြည့်နေတာမြင်သည်။ သို့ပေမယ့် ဇူလီဂရုမစိုက်။ စိမ်းလဲ့ညိုဆီ သူတန်းပြီးလာခဲ့သည်။ အေးပေါ့ ဇူလီဆိုတာ ကျူရှင်ပထမဆုံးရက်ကြီးမှာတောင် စိမ်းလဲ့ညိုကိုသတိရလို့ဆိုပြီး အိမ်ပြန်လာခဲ့တဲ့ကောင်မကြီးဘဲကို။ 


"ကျွန်မ ဒီနေ့ အရမ်းဖြေရှင်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်ရဲ့အဖြေကို ရလာတယ်" 


"ဟုတ်လား" 


ထိုမိန်းမကပြုံးတော့ ဇူလီ့စိတ်ထဲ ပန်းတွေပွင့်လာသည်။ သြော် အချစ်ဆိုတာ ဒီလိုမျိုးပါလား။ ဒီအဖြေကို ဇူလီအချိန်အကြာကြီး ငြင်းဆန်ခဲ့ဖူးသည်။ အခုတော့ သူလက်ခံရတော့မည်။


"အစ်မရေ ကျွန်မ အစ်မအတွက်ပန်းတွေခူးလာခဲ့တယ်"


ကျောပိုးအိတ်ထဲမှ ပန်းများကိုထုတ်ကာပေးတော့ ထိုမိန်းမမျက်နှာ ဝင်းလဲ့လာသည်။ သြော် အချစ်ဆိုတာ ဒါမျိုးပါလား။ 


ယခင်က တိုက်ရိုက်မပေးနိုင်ခဲ့သောပန်းများ သူမ ယခု စိမ်းလဲ့ညိုကို တိုက်ရိုက်ပေးနိုင်ပြီ။ ယခင် သူမလျစ်လျူရှုခဲ့သောဖုန်းနံပတ်ကို ယခုသူမဘက်မှစ၍ ခေါ်ဆိုတတ်နေပြီ။ ယခင်က အရိပ်တောင်မနင်းချင်ခဲ့သောအိမ်ကို သူမ အကြောင်းပြချက်မရှိ လာရောက်ချင်နေသည်။ ထိုမိန်းမကို အိမ်မက်ထဲမှထိတွေ့ခွင့်ရဖို့ အကြိမ်များစွာဆုတောင်းတတ်နေပြီ။ အချစ်ရေ ဒါကိုယ်မင်းကိုချစ်မိသွားတာမှမဟုတ်ရင် ဘာဖြစ်နိုင်မှာလဲ။ 


နွေဦးဟာ သိပ်ကိုမှနူးညံ့လွန်းသည်။ နှလုံးသားလေး တဖြည်းဖြည်းအရည်ပျော်ကျသွားတာကိုတောင် သူ့မှာသတိမထားမိ။ လေရူးတွေနှင့်အတူ ပန်းများကိုသယ်ဆောင်လာတတ်သည့်နွေဦးဟာ ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ဦး၏ ချစ်ခြင်းမေတ္တာကိုသိရှိခြင်းနှင့်အတူ ပြည်ဖုံးကားချခဲ့တော့၏။


ဆက်ရန်……..