မိုးကုန်ခါနီးအချိန်ကို ရောက်လာတော့ မနက်ပိုင်းတွေမှာလည်း
အရင်ကလို အေးစိမ့်စိမ့်ဖြစ်မနေတော့ဘူး ။ အမြဲတမ်း လက်ရှည်ပဲ ဝတ်လေ့ရှိတဲ့ ကျွန်မတောင်
တီရှပ်လက်တိုကို ပြန်ဝတ်နေရပြီ ။ ဆောင်းဦးမှာ နွေးထွေးပေမယ့် ဆောင်းတွင်းမှာတော့ ပိုအေးတော့မှာပဲ
။
" အန်တီမော်က ဘာလို့ မလာတာလဲ လရောင်
"
" တနင်္ဂနွေနေ့လေ "
" အာ ဘုရားမှာပဲ "
ကာရန်က သူ့လက်ထဲက ခွက်နှစ်ခွက်ကို ကောင်တာပေါ်တင်ပေးတယ်
။ အငွေ့တထောင်းထောင်းနဲ့ လီမွန်တီးရနံ့က နှာဖျားကို တိုးဝှေ့လာတော့ ဖတ်လက်စ စာအုပ်ကို
အောက်ချလိုက်မိတယ် ။
" စောစောစီးစီး "
" လီမွန်တီးကို ညဘက်မှ သောက်ရမယ်လို့လည်း
စည်းကမ်းမထုတ်ထားပါဘူး "
ကာရန်က ခွက်တစ်ခွက်ကို ကျွန်မရဲ့ ရှေ့ကို
ခပ်သာသာလေး တွန်းပို့ပေးတယ် ။
" ပူသေးတယ် ဖြေးဖြေးသောက် "
ကျွန်မက လက်ဖက်ရည်တောင် ဘုရားစူး သူတိုက်လို့
သောက်တာ ။ ကော်ဖီက လွဲပြီး ဘယ်လိုအရည်မျိုးကိုမှ မကြိုက်ဘူး ။ သူကတော့ ကော်ဖီကို စွဲသောက်ရင်
မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပြီး ကော်ဖီကိုတော့ တိုက်လေ့မရှိဘူး
။ အဲဒါကြောင့် ကြာလာတော့လည်း ကော်ဖီက လွဲပြီး အကုန် သောက်ဖြစ်နေတော့တာပဲ ။
" ဆံပင်က ဘာလို့ အမြဲညှပ်တင်ထားတာလဲ
"
" ကျနေရင် စိတ်ရှုပ်လို့ "
ကာရန်က သူ့ရဲ့ ဆံပင်ကို လက်နဲ့ စုကိုင်ပြီး
ကျွန်မရဲ့ ဆံပင်တွေကို ညှပ်တင်ထားသလို လိမ်လိုက်တယ် ။ ဒါပေမယ့် ပုံစံမကျဘဲ ခဏခဏ ပြန်ပြေကျနေတော့
လက်လျှော့လိုက်တဲ့ ပုံပါပဲ ။
စာအုပ်ကို စားပွဲပေါ် မှောက်တင်ပြီး သူ့ရှေ့ကို
ထသွားတော့ ကျွန်မကို အကြောင်သားလေး ငေးလာတယ် ။
" ဟိုဘက်လှည့် "
ဒါပေမယ့်လည်း မေးခွန်းတွေ မမေးဘဲ တစ်ဖက်ကို
ခေါင်းလေး လှည့်သွားတယ် ။ ကျွန်မရဲ့ ဆံပင်တွေကို စုချည်ထားတဲ့ ကလစ်ကို ဖြုတ်ပြီး သူ့ရဲ့
ရွှေအိုရောင် ဆံနွယ်တွေကို စုစည်းလို့ ညှပ်တင်ပေးလိုက်တယ် ။
" လရောင် ဦးကြည်သာ ကိစ္စလေ “
“ ကာရန်ချို ! "
" ဆက် … မလုပ်တော့ဘူးလို့ ပြောမလို့ပါ
လရောင်ကလည်း ၊ သူ့အဒေါ်ကို တိုလိုက်တာ ဆိုတာ "
နှုတ်ခမ်းဆူပြီး လီမွန်တီးခွက်ဆီ ခေါင်းစိုက်ထားတဲ့
ကာရန်ချိုကို ဘုကြည့်ကြည့်လိုက်ပေမယ့် စိတ်ထဲမှာတော့ အသဲတယားယားနဲ့ ဖြစ်နေရတာ ။ ဆံပင်တွေကို
သေချာ ညှပ်တင်ပေးထားပေမယ့် ကပိုကယိုနဲ့ ဆူပုတ်ပုတ်ကလေးလည်း ဖြစ်နေသေးတယ်လေ ။ ကျွန်မကတော့
ချလိုက်တဲ့ ဆံပင်တွေကို ကျောနောက်ကို ပို့ထားရတာ ။
တံခါးဝက ခေါင်းလောင်းအသံမြည်လာပြီး ယောက်ျားတစ်ယောက်ရဲ့
အသံကိုပါ ကြားလိုက်ရတယ် ။
“ ရန်ရန် "
" ဟာ မိုးထက် "
ကာရန်ချိုက ဝမ်းသာအားရပုံစံမျိုးနဲ့ ထထွက်သွားတယ်
။ ပြန်ချခဲ့တဲ့ လီမွန်တီး ခွက်တောင် မှောက်မကျတာ ကံကောင်း ။
" ဘယ်တုန်းက ပြန်ရောက်တာလဲ "
" အခုပဲ ရောက်တာ ၊ အထုပ်တွေကို ကားနဲ့
အရင်တင်ပေးပြီး ငါက ဆင်းနေခဲ့တာ ၊ ရပ်ကွက်ထဲက လူတွေကိုလည်း နှုတ်ဆက်ရင်းနဲ့ "
" ငါ့ကို တွေ့ချင်လို့ ဆင်းနေခဲ့တာ
မဟုတ်ဘူးလား "
" အဲဒါတော့ အဲဒါပေါ့ "
ဘာပါလိမ့် ? အဲဒီအမျိုးသားရဲ့ ရှက်ဝဲဝဲဖြစ်နေတဲ့
မျက်နှာ အမူအယာက ။
" သတိရနေတာ အများကြီး "
" ငါလည်း သတိရပါတယ် ၊ အဆင်ပြေနေတယ်လို့
ကြားတော့လည်း ဝမ်းသာပါတယ် "
" ရော့ "
ကျောနောက်မှာ ဖွက်ယူလာပုံရတဲ့ နေကြာပန်းတစ်ပွင့်က
ကာရန့်လက်ထဲကို ရောက်လာတယ် ။ မသိချင်ယောင်ဆောင်လို့ စာအုပ်ကို ပြန်ကိုင်ထားပေမယ့် တအုံနွေးနွေး
ခံစားချက်တွေကိုတော့ ခက်ခက်ခဲခဲထိန်းသိမ်းနေရတာ ။
" နေကြာတွေကို ကြိုက်တုန်းပဲ မဟုတ်လား
၊ ကျောင်းတက်တုန်းကဆို တောင်နေကြာတွေ ခိုးနေကျလေ "
" အလေ့ကျပန်းတွေကို ခူးတာ ခိုးတာမှ
မဟုတ်တာ "
" ဟားဟား ဟုတ်ပါပြီဗျာ "
စိတ်မသက်မသာဖြစ်ရတဲ့ ခံစားချက်တွေက တရစ်ချင်းတိုးပွါးလာတယ်
။ မကြာခဏ ဖြစ်ခဲ့ရတဲ့ ခံစားချက်မို့လို့ ခေါင်းစဉ်ကို သေချာပေါက်သိတာပေါ့ ။
" ဒါနဲ့ … "
သူက ကျွန်မကို မြင်တော့ ကာရန့်ကို မျက်စပစ်ပြတယ်
။
" အာ သူက အန်တီမော့်ရဲ့ တူမလေ ၊ လရောင်လင်းတဲ့
"
" တွေ့ရတာ ဝမ်းသာပါတယ်ဗျာ ၊ ကျွန်တော့်နာမည်
မိုးထက်သာပါ "
မကောင်းတတ်လို့ ပြန်ပြုံးပြလိုက်ရပေမယ့်
ကျွန်မကတော့ နည်းနည်းလေးမှ ဝမ်းသာမနေဘူး ။ ကာရန်ချိုရဲ့ မျက်နှာက အပြုံးတွေကိုလည်း
ဒီတစ်ခါမှ တကယ်ကြည့်မရတော့ဘူး ။
" နေဦးမှာမဟုတ်လား မိုးထက် ၊ ငါ ညနေလောက်မှ
နင့်အိမ်ဘက် ထွက်လာခဲ့မယ်လေ "
" တကူးတကကြီး ဖြစ်နေဦးမယ် ၊ မဟုတ်လည်း
ငါပြန်လာမှာပါ ။ နင့်အတွက် လက်ဆောင်တွေ အများကြီး ပါလာတယ် ၊ အိတ်တွေ ပြန်ခွဲရဦးမှာမို့လို့
"
" ဪ အေးပါ အေးပါ ၊ အဲဒါဆို အငြိမ့်သားလေး
ထိုင်စောင့်ရတာပေါ့ဟာ "
" ဟုတ်ပါပြီ ငပျင်းရယ် "
ကာရန့်ရဲ့ ဆံပင်တွေကြားထိုးဖွလာတဲ့ ယောက်ျားဆန်ဆန်လက်ချောင်းတွေကို
ဆွဲဖယ်လိုက်ရမလားလို့ တွေးမိသေးတယ် ။ ဒါပေမယ့် ကျွန်မနဲ့ ဆိုင်တာမှ မဟုတ်တာလေ ။ ဆိုင်သေးတာမှ
မဟုတ်ဘဲ ။
" လရောင် "
" အင်း "
သူ့ရဲ့ သူငယ်ချင်းဆိုတဲ့လူ ထွက်သွားတော့
ကာရန်က စာအုပ်ဖတ်နေတဲ့ ကျွန်မဘက်ကို ပြန်လှည့်လာတယ် ။
" ဒါ … ပြန်လုပ်ပေးဦး "
သူ့သူငယ်ချင်း ဖွသွားတာကြောင့် နဂို ကပိုပယိုဖြစ်နေတဲ့
ဆံပင်တွေက ပိုလို့တောင် ပွယောင်းသွားတယ် ။
" ဖွသွားတဲ့လူကို သွားလုပ်ခိုင်း
"
“ ဟာ လရောင်ကလည်း "
" ပန်းလေးက လှသားပဲ "
" ဝယ်လာတာ နေမှာပေါ့ ၊ ပလက်စတစ်တောင်
မခွါရသေးဘူး “
ရိုးတံကနေ ကာကွယ်ထားတဲ့ ပလက်စတစ်ကို ခွါချရင်း
စားပွဲပေါ်က ပန်းအိုးထဲကို စိုက်လိုက်တယ် ။
" ကာရန် သူများ လက်ဆောင်ပေးတာကို အဲ့လို
မလုပ်ရဘူးလေ "
" ကာရန်သိမ်းထားလည်း ညိုးမှာပဲလေ ၊
တစ်ရက်လောက်ဖြစ်ဖြစ် ပန်းအိုးထဲမှာ လှလှပပနေသွားရရင်လည်း သူ့အတွက် ပျော်စရာဖြစ်သွားမှာပဲ
"
ပန်းတွေ ပျိုးတဲ့ မိန်းကလေးက ပန်းတွေရဲ့
ခံစားချက်ကိုလည်း စာနာပေးတတ်သေးပါသတဲ့လေ ။
" အာ လရောင် ဆံပင် ပြန်လုပ်ပေးပါဆို
"
*Ting*
ကျွန်မကို ဂျစ်တိုက်နေရင်း ဘောင်းဘီအိတ်ထဲက
သူ့ရဲ့ ဖုန်းက အသံထွက်လာတာကြောင့် ဖုန်းဆီ အာရုံရောက်သွားတယ် ။ ဖုန်းကို ကြည့်ရင်း
ချက်ချင်း ပြောင်းလဲသွားတဲ့ မျက်နှာအမူအယာကရော ဘယ်လို ဖြစ်ရပြန်တာပါလိမ့် ။
ကာရန်ချိုက ကျွန်မ လက်ထဲက စာအုပ်ကို ဆွဲယူပြီး
စားပွဲပေါ် မှောက်ချလိုက်တယ် ။ ကျွန်မအပေါ် တစ်ခါမှ မပြုမူဖူးတဲ့ အပြုအမူဖြစ်တာကြောင့်
ကျွန်မ သူ့ကို တအံ့တဩနဲ့ မော့ကြည့်လိုက်မိတယ် ။
" လုပ်ပေး ဒါကို "
အရင်လို သူ့ကို ဒေါသထွက်ရင် လုပ်သလို ဆွဲတင်ပြစရာ
င်္အကျီလက်ရှည်လည်း ဝတ်မထားဘူး ။ ဒါပေမယ့် ဒေါသတောင် မထွက်နိုင်ဘူး ။ ကာရန်ချိုက ကလစ်ကို
ဆွဲဖြည်လို့ ကျွန်မရဲ့ လက်ထဲ ထည့်ပေးလာပြီး ကျွန်မကို ကျောပေးလို့ သူ့ရဲ့ ဆံပင်ကို
ပုံစံချပေးဖို့ပဲ အားသန်နေရှာတာ ။
" အဟမ်း အဲ့တစ်ယောက်နဲ့က … အရမ်း ရင်းနှီးတဲ့
ပုံပဲနော် "
" ဘယ်သူ … ဪ မိုးထက်သာလား ၊ မူကြိုကတည်းက
သူငယ်ချင်းတွေ ။ သူက လင်္ကာနဲ့ ပိုရင်းနှီးတာ ၊ ကာရန်နဲ့ အဲ့လောက် မရင်းနှီးခဲ့ဘူး
"
" အခုမှ ပိုရင်းနှီးလာတာပေါ့
"
" အင်း တက္ကသိုလ်တက်ရင်းနဲ့ ရင်းနှီးသွားတာပဲ
"
ပထမတစ်ခါလို ကပိုကယိုမဟုတ်ဘဲ သပ်သပ်ရပ်ရပ်ဖြစ်သွားတဲ့
သူ့ရဲ့ ဆံပင်ကို နံရံမှာ ချိတ်ထားတဲ့ မှန်မှာ ပြန်ကြည့်နေတယ် ။
" ညနေကျရင် ကာရန် မိုးထက်အိမ်ကို ခဏသွားဦးမယ်
၊ ချက်ချင်းပြန်လာမှာပါ လရောင် တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ "
" ဟိုက လာမယ်လို့ ပြောသွားတာကို ဘာလို့
သွားနေဦးမှာလဲ "
" ကာရန်သွားမှ ဖြစ်မှာ "
အရှိန်သေခါစ မီးငွေ့ကလေးက ဟုတ်ခနဲ ပြန်တောက်လာတယ်
။
" ဘာလို့လဲ "
" မလာစေချင်လို့ "
" ဪ မပင်ပန်းစေချင်လို့ပေါ့ "
ကာရန်ချိုက နံရံက မှန်ကို ကြည့်နေရင်းကနေ
ကျွန်မကို ဆက်ခနဲ လှည့်ကြည့်တယ် ။ အလိုမကျသလို တွန့်ချိုးသွားတဲ့ မျက်ခုံးတွေကို ကျွန်မ
အဖြေမရှာတတ်ပြန်ဘူး ။
" သူက လရောင်ကို သဘောကျတယ်လို့ ပြောလာတာကို ကာရန်က ဘာလို့ ခွင့်ပြုပေးရမှာလဲ ! "
လေထုက ရုတ်ချည်းကို ပြောင်းပြန်ဖြစ်သွားတယ်
။ ကာရန်ချို ထောင်ပြထားတဲ့ ဖုန်း မျက်နှာပြင်ကနေ တွေ့နေရတဲ့ message ရဲ့ ပိုင်ရှင်က
မိုးထက်သာ ဆိုတာကို သိရတယ် ။
“ ငါ နင့်သူငယ်ချင်းကို သဘောကျတယ် ရန်ရန်
၊ ကူညီပေးပါလား 🥺 “
အမြင်ကပ်စရာ Emoji ကို ဖယ်လိုက်ရင် ကျွန်မကို
သဘောကျတယ်ဆိုတဲ့ စာကြောင်းတစ်ခုကို တွေ့ရတယ် ။
ကာရန်က ဖုန်းကို ပြန်ပိတ်ပြီး ဝုန်းခနဲ လှည့်ထွက်သွားတယ်
။
" ကာရန် ဘယ်လဲ "
" မပေးနိုင်ဘူးလို့ တစ်ခါတည်း သွားပြောမလို့ "
တံခါးကိုတောင် မငြင်မသာဆွဲဖွင့်ပြီး ဒေါက်ထောက်ထားတဲ့
စက်ဘီးကို ဒေါက်ဖြုတ်လို့ ခြံထဲကနေ ထွက်သွားတယ် ။
ရင်ဘတ်ကို ဖိပြီး ခုံမှာ ပြန်ထိုင်ချလိုက်ပေမယ့်
ကျေနပ်နေတဲ့ ခံစားချက်ကိုတော့ အတိုင်းသားခံစားမိနေတယ် ။
ဒါပေမယ့် ပန်းအိုးထဲက ပွင့်ချပ်လှလှတွေနဲ့
နေကြာပန်းဆီ အကြည့်ရောက်သွားတော့ ကျွန်မက ရှင်သန်လာရတဲ့ အချိန်ကာလတစ်လျောက် ပထမဆုံးအနေနဲ့
ကိုယ့်ဖြစ်တည်မှုကို ပြန်သိမ်ငယ်မိသွားတယ် ။
ကျွန်မနဲ့ ကာရန်ချိုရဲ့ အကြီးမားဆုံး တူညီမှုကလည်း
ဒီထက်ပိုပြီး မနီးစပ်နိုင်တော့မယ့် အကြောင်းအရင်းတွေကို ဖြစ်ပေါ်လာစေနိုင်တယ် မဟုတ်လား
။
-