ငွေမှုံ ဘုတ်အီး ဆီထမင်းဆိုင်းထမ်းရိုက်နေသည်ကို
ထိုင်ကြည့်နေသည်။
ဘုတ်အီးက ဆိုင်းထမ်းကို သူ့ဘာသူစိတ်တိုင်းကျ
လုပ်နေသည်။
"ဆေးလေးသုတ်လိုက်ရင်လှသွားမှာ"
"သူများတွေမသုတ်ပါဘူးဟာ"
"ဘုတ်အီးလေ..သူများတွေနဲ့မတူဘူး..ဆေးသုတ်
လိုက်တော့ ငါ့ဆိုင်းထမ်းလေးက အားလုံးထဲမှာ
ပေါ်လွင်နေမှာပေါ့ဟ..အဲ့အခါကျ ခရီးသည်တွေက
ငါ့ဆိုင်ကိုတန်းတန်းမက်မက်လာတော့မှာ..
ပြီးတော့.."
ဘုတ်အီးက စကားကိုဆက်မပြောသေးပဲ ဟိုကြည့်
ဒီကြည့်နှင့်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီး
မှ ငွေမှုံနားနားသို့ကပ်၍ လက်ချောင်းတွေကိုချိုး
ကာ ရေတွက်ရင်း တိုးတိုးလေးပြောလာသည်။
"ငါက ငကြော်တစ်ခုထဲရောင်းမှာမဟုတ်ဘူး..
အမဲကြော်...ငါးဥကြော်..ကြက်သားကြော်တိုပါ
တင်ရောင်းမှာ.."
ငွေမှုံ သူပြောသည့်စကားကိုကြားပြီးနောက်
"နင့်ဟာကလည်း...ဝန်တာကျယ်လိုက်တာဟယ်"
"ဘုတ်အီးလေဟာ..သူများနဲ့မတူစေရဘူး.."
ဘုတ်အီးက ပြောကာဆိုကာနှင့်ဆိုင်းထမ်းပြန်ရိုက်
နေပြန်သည်။
ငွေမှုံ သူလုပ်နေတာကိုထိုင်ကြည့်နေလိုက်သည်။
သူ့အတွေးနှင့်သူကတော့ ဟုတ်နေသည်။
ထင်သလို တကယ်ရောင်းအားကောင်းမကောင်းက
တော့မပြောတတ်။
"ဘယ်နေ့ဆိုင်ဖွင့်မှာလဲ"
"ဆိုင်းထမ်းပြီးတဲ့နေ့ပေါ့"
နှစ်ရက်ကြာပြီးနောက်
ဘုတ်အီး သူ့ဆိုင်းထမ်းကိုကြည့်ကာ အကျေနပ်ကြီး
ကျေနပ်နေလေသည်။
သူများတွေရဲ့ဆိုင်းထမ်းလို ဆိုင်းထမ်းဖြစ်ပြီးရော
လုပ်ထားခြင်းမျိုးမဟုတ်ပဲ သင်္ဘောဆေးသေချာ
သုတ်ကာ သပ်သပ်ရပ်ရပ်လုပ်ထားတာကြောင့်
ဆိုင်းထမ်းလေးက အမြင်တင့်တယ်လှပ နေလေသည်။
"ဒီဘက်မှာက ဆီထမင်းအိုးတင်ဖို့..ဒီဘက်မှာက
အကြော်ဗန်းတွေတင်ဖို့..ဒီအောက်က ပစ္စည်းဘာ
ညာထည့်လိုရတယ်..ဒီမှာက ဆီထမင်းအိုးအတွက်
မီးဖို...ဒီမှာက မီးချောင်းတစ်ချောင်းတပ်မယ်..
ဒါဆို ငါ့ဆိုင်လေး လင်းသွားပြီ.."
"အားလုံး ဘယ်လောက်ကုန်သွားလဲ"
"မသိသေးဘူး စာရင်းမပေါင်းရသေးဘူး..မနက်ဖြန်
ညနေ ဆိုင်စဖွင့်မယ်...မနက်ပိုင်းစျေးသွားမယ်..
ကြော်မယ်လှော်မယ်..."
ဘုတ်အီးက သူ့အတွေးနှင့်သူ အစီစဥ်ချပြီး ပျော်
နေသည်။ အလုပ်လုပ်ဖို့ကို စိတ်အားထက်သန်နေ
သည့် သူ့ကိုကြည့်ကာ ငွေမှုံပြုံးလိုက်သည်။
"ဘာလို့ အလုပ် အဲ့လောက်ကြိုးစားနေရတာလဲ
ဘုတ်ဘုတ်"
"ကြိုးစားရတာပေါ့ဟ...ငါ အမေ့ကို အလုပ်မလုပ်
စေချင်တော့ဘူး..အသက်လည်းရလာရင်..နားနား
နေနေပဲ နေစေချင်တော့တယ်...အခုကငယ်သေး
တယ်ဆိုပေမယ့် အသက်ကြီးလာရင် ဒဏ်ဖြစ်မှာ
စိုးလို့.."
"အဲ့ဒါများ အသုပ်ဆိုင်ကို နင်ပဲဆက်ဖွင့်လိုက်ပေါ့
အခုလည်း ဒေါ်လေးက မပင်ပန်းပါဘူးဟ..နင်လုပ်
ပေးတာကို အသင့်ထိုင်ရောင်းရုံပဲကို..."
"အာ...နင်မသိပါဘူး...ငါက အမေ့ကိုစျေးမရောင်း
စေချင်တော့တာ..."
ဘုတ်အီးက ခါးခါးသီးသီးပင်ပြော၍ ဆိုင်းထမ်းကို
ခါးထောက်ပြီး ရပ်ကြည့်နေပြန်သည်။
ငွေမှုံ သူ့အနားသို့သွားလိုက်ပြီး မျက်နှာက ပြုံးတုံ
တုံလုပ်ကာ
"ဒေါ်လေး နောက်ယောကျ်ားယူမှာစိုးလို့မဟုတ်လား"
ဘုတ်အီး ငွေမှုံကို ဆက်ခနဲ လှည့်ကြည့်လာသည်။
ပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်ပြီး မျက်နှာကို
ပြန်လှည့်လိုက်သည်။
ငွေမှုံ သူ့ကိုကြည့်ကာ ရယ်လိုက်ပြီး ဘုတ်အီးရဲ့ပုခုံး
ကို နောက်ကနေတွန်းလိုက်ကာ
"ပူမနေစမ်းပါနဲ့ဟယ်...နင့်အမေ မယူပါဘူးဟဲ့"
"ငါ့အမေကမယူတာတော့ငါလည်းသိပါတယ်..
အဲ့လို ဆိုင်မှာ ယောကျ်ားတွေ နှာဘူးလာလာထပြီး
ဝယ်စားတာကို မမြင်ချင်လို့...ပြောရမယ်ဆို
ငါ့အမေကအရွယ်ကောင်းပဲရှိသေးတယ်...နောက်
ယောကျ်ားထပ်ယူရင်ယူလို့ရသေးတယ်...ငါတို့က
တော့ ပထွေးမလိုချင်ဘူး...အမေကအားကိုးလည်း
ရှာစရာမလိုဘူး...ငါတိုအရွယ်ရောက်လာပြီ
ငါတို့ပြန်လုပ်ကျွေးလို့ရတယ်..အဲ့ဒါကြောင့်မလို့
အမေ့ကို စျေးမရောင်းစေချင်တော့တာ...
ပြီးတော့ ဆီထမင်းရောင်းတာက အသုပ်ရောင်း
သလောက်တာဝန်မများဘူး...ဂိတ်မှာရောင်းမှာ
ဆိုတော့ အမြတ်လည်းပိုကျန်တယ်..."
"နီတွတ်ကော စက်ဘီးပြင်ဆိုင်မှာအဆင်ပြေရဲ့လား"
"ဟိုနေ့ကပဲ တာယာတစ်လုံးဖိုးလျော်ပေးလိုက်ရ
တယ်"
"ဟယ်...ဘာဖြစ်လို့လဲ. "
"အဖိုးကြီးတစ်ယောက် စက်ဘီးလေထိုးတာ..သူက
မထိုးနိုင်တော့ နီတွတ်ကိုထိုးခိုင်းတယ်တဲ့..တာယာ
ကဆွေးနေတော့ လေကိုတင်းတင်းထိုးလိုက်ရော
ကွဲပါလေရော..အဲ့ဒါ နီတွတ်လုပ်လို့ဆိုပြီး လျော်
ကြေးတောင်းလို့ လျော်ပေးလိုက်ရတယ်..."
"ဟယ်...."
နီတွတ်ကတော့ ဖြစ်လိုက်ရရင် အရာရာနှင့်အ
ကြောင်းကြောင်းကြီးသာ။
"မနက်ဖြန် စျေးသွားရင် နင် လိုက်ဦးမလား"
"ဘာနဲ့သွားမှာလဲ"
"ဆိုက်ကားနဲ့"
"လိုက်ခဲ့မယ်"
..........
ဘုတ်အီးနှင့်ငွေမှုံ စျေးဝယ်ပြီးနောက် စျေးခြင်း
တောင်းကြီးကို နှစ်ယောက်သား တစ်ဖက်စီဆွဲ၍
စျေးထဲကနေ ထွက်လာခဲ့ကြသည်။
ဆိုက္ကားဂိတ်သို့ရောက်တော့ သူတို့ငှားလာသည့်
ကိုညွန့်သီးရဲ့ဆိုက်ကားကိုမတွေ့ရချေ။
ဂိတ်မှာခဏရပ်ကာ အသိဆိုက်ကားကို စောင့်နေ
လိုက်သည်။
ပီတာ စက်ဘီးတစ်စီးနှင့် စျေးအပြင်ဘက်မှာ ပတ်
နေရင်းက ဘုတ်အီးတို့ကို ဆိုက်ကားဂိတ်မှာတွေ့
လိုက်ရတော့ သူတို့ဆီသို့ စက်ဘီးကို နင်းသွားလိုက်
လေသည်။
"ဘုတ်အီး "
ဘုတ်အီး ဆိုက်ကားစောင့်နေရာမှ ခေါ်သံကြား၍
ကြည့်လိုက်တော့ ပီတာ့ကိုမြင်ပြီး မျက်နှာက ပုတ်
သိုးသွားသည်။
ငွေမှုံနှင့်ပီတာ့ကြားမှာ ပိတ်ရပ်လိုက်ပြီးနောက်
"ဘာလဲ"
"အိမ်ပြန်မှာလား"
ပီတာက စျေးခြင်းတောင်းကိုတစ်ချက်ကဲကြည့်၍
ထပ်မေးသည်။
ဘုတ်အီး ခေါင်းညိတ်ပြလိုက်ပြီး ခပ်မာမာလေသံ
နှင့် ပြန်ဖြေလိုက်သည်။
"အေး.."
ပီတာက ငွေမှုံကို တစ်ချက်ကြည့်လိုက်သည်။
ဘုတ်အီးက ပီတာ့ကိုကြည့်လိုက် ငွေမှုံကိုကြည့်လိုက်
နှင့် ငွေမှုံကတော့ သူတို့ကိုကြည့်မနေချေ။
ဆိုက်ကားမျှော်နေသည်။
ပီတာ စက်ဘီးပေါ်ကနေမဆင်းပဲ မြေကြီးပေါ်သို့
ခြေထောက်တစ်ဖက်ထောက်၍ ရပ်ထားရင်းက
ဘုတ်အီးကိုကြည့်ကာ
"နင်..ဟိုတစ်ခါ ငါပေးတဲ့လက်ဆောင်ကို ဘယ်သူ့ကို
ပြန်ပေးလိုက်တာလဲ"
ပီတာ့စကားကြောင့် ငွေမှုံက သူတို့ကိုလှည့်ကြည့်
လာသည်။
ဘုတ်အီးက ပြန်မဖြေပဲ ရေငုံနှုတ်ပိတ်လုပ်နေသည်။
ပီတာက ထပ်မေးပြန်သည်။
"နင် ကတုံးမကို ပေးလိုက်တာမဟုတ်လား"
"ငါ့ဘာသာ ဘယ်သူ့ကိုပေးပေးပေါ့"
"ထင်သားပဲ...အဲ့ဒါကြောင့်မလို့ ဟိုတစ်ခေါက်က
မင်္ဂလာဆောင်မှာတွေ့တော့ ဒင်းမျက်နှာက ဝက်မ
ဖင် ပြာပက်ထားသလိုဖြစ်နေတာ..."
"ဒီမှာ ပီတာ..နောက်တစ်ခါ ငွေမှုံကို ဘာလက်ဆောင်
ပစ္စည်းမှ ပေးစရာမလိုဘူး...သူ့ဘာသူဝယ်သုံးနိုင်
တယ်"
ဘုတ်အီးက ပီတာမျက်နှာကို စေ့စေ့ကြည့်၍ ပြော
လိုက်သည်။
ပီတာက ဘုတ်အီးရဲ့စကားကို နားမလည်ဟန်နှင့်
ဘုတ်အီးကို ပါးစပ်အဟောင်းသားဖြင့် ပြန်ကြည့်
နေရင်းမှ
"ငါ သူ့ကို ဘာလက်ဆောင်မှ မပေးပါဘူး"
ပီတာ့စကားကြောင့် ဘုတ်အီးက သူ့ကိုလိမ်ရကောင်း
လားဆိုသည့်ပုံနှင့် ပီတာ့ရဲ့စက်ဘီးကို ခြေထောက်
နှင့်တစ်ချက်ကန်လိုက်ကာ မျက်လုံးပြူး၍ ပီတာ့ကို
လက်ညှိးထိုးလိုက်ပြီး
"အဲ့ပစ္စည်းတွေက နင်ပေးတာမဟုတ်လို့...ဘယ်သူ
ပေးတာလဲ.. "
"ဟမ်...ငါက သူ့ကိုပေးတာမဟုတ်ဘူး..နင့်ကိုပေး
တာ.."
"ဘာ..."
ဘုတ်အီးရဲ့ ဘာ ဆိုသည့်အသံက အတော်လေး
ကျယ်သွားသည်။
ဆိုက်ကားဂိတ်ရှိ ဆိုက်ကားသမားတွေရဲ့အကြည့်
က သူတို့ဆီသို့ရောက်လာသည်။
ပီတာလည်း သူ့အသံကြောင့် လန့်ပြီးတုန်သွားကာ
အခုမှ အခြေနေကို သဘောပေါက်သွားသည်။
ဘုတ်အီးက သူကြည့်ဖူးသည့် စပိန်ကျွဲရိုင်းသတ်ပွဲ
က ဒေါသထွက်နေသည့် ကျွဲကြီးတစ်ကောင်လို
သူ့ကို ချိုနှင့်ပြေးခွေ့တော့မည့်အနေအထားမျိုးနှင့်
ကြည့်နေတာကြောင့် ပီတာ သူတို့ရှေ့ကနေ စက်ဘီး
ကို မြန်မြန် နင်းထွက်လာခဲ့လိုက်သည်။
သူတို့နှင့် ခပ်လှမ်းလှမ်းသို့ရောက်မှ တစ်ကိုယ်တည်း
ရေရွတ်လိုက်သည်။
"ဘာလဲဟ...ငါက သူ့ကိုပေးတဲ့ဟာ သူက သူ့ကို
ပေးလို့ပေးမှန်းတောင် မသိဘူးတဲ့..."
ဘုတ်အီးကတော့ လက်သီးနှစ်ဖက်ကို ခပ်တင်းတင်း
ဆုပ်ကာ ပီတာ့ကို မီးဝင်းဝင်းတောက်နေသည့်
မျက်ဝန်းတွေနှင့်ကြည့်၍ ကျန်ခဲ့လေသည်။
ငွေမှုံလည်း ပီတာ့စကားကြားပြီးနောက် အံ့သြသွား
သည်။
ပြီးမှ အတွေးပေါက်ကာ ထရယ်တော့ ဘုတ်အီးက
သူမကို ဆက်ခနဲလှည့်ကြည့်လာသည်။
ငွေမှုံ ဘုတ်အီးဒေါသထွက်နေပုံကိုကြည့်ကာ စိတ်
မထိန်းနိုင်ပဲ ရယ်နေမိတော့သည်။
ထိုနေ့က စျေးကပြန်လာသည့်လမ်း၌ ဘုတ်အီးမျက်
နှာက လငပုတ်ဖမ်းသည့်နှယ် မည်းမှောင်နေကာ
ငွေမှုံကတော့ ဖြစ်ခဲ့သည့်ကိစ္စတွေကိုပြန်တွေးမိတိုင်း
ရယ်မိသည်။
ဆိုက်ကားရှေ့ပိုင်းမှာထိုင်လိုက်သူက မျက်နှာတစ်ခု
လုံး စူပုတ်နေပြီး အနောက်မှာထိုင်လိုက်သူရဲ့မျက်
နှာကတော့ အတွေးပေါက်တိုင်း ပြုံးမိချေတော့
သည်။
...................
စျေးကပြန်ရောက်ပြီး ငါးကိုင်၊အသားတွေ ဆေး
ကြောသန့်စင်ပြီးနောက် ကြော်ခြင်းလှော်ခြင်း
လုပ်သည်။ပြီးမှ ဆီထမင်းထိုးဖို့ပြင်သည်။
နေ့လည်စာထမင်းစားပြီးနောက် ဆီထမင်းထိုးဖို့
အတွက် ရေတစ်ညစိမ်ထားသည့် ကောက်ညှင်း
ဆန်တွေကို ရေစစ်လိုက်သည်။
လှီးထားသည့် ကြက်သွန်နီတွေကို ဒယ်အိုးထဲထည့်၍
အရင်ကြော်လိုက်ပြီးနောက် ကြက်သွန်ကြော်တွေကို
အိုးထဲက ပြန်ဆာ်လိုက်သည်။ ပြီးမှ ဆီထမင်း
ထိုးဖို့အတွက် ဒယ်အိုးထဲသို့ နနွင်းမှုန့်အနည်းငယ်
ထည့်လိုက်သည်။
ပြီးမှ ရေစိမ်ထားသည့် ကောက်ညှင်းဆန်တွေကို
အိုးထဲသို့ထည့်လိုက်ပြီး ရေအနည်းငယ်ထည့်လိုက်
သည်။မွှေပြီးနောက် ရေအနည်းငယ်ထည့်ကာ
အဖုံးအုပ်ထားလိုက်သည်။
ဆီထမင်းထိုးပြီးနောက် အာပြဲခြောက်အနည်းငယ်
ကို မီးကင်လိုက်သည်။
ညနေငါးနာရီခွဲလောက် ဘုတ်အီးတစ်ယောက်
ဆီထမင်းဆိုင်းထမ်းကိုထမ်း၍ ကားဂိတ်သို့ ထွက်
လာခဲ့လေသည်။
သူ့ဆိုင်းထမ်းက အားလုံးထဲမှာ ထင်းထွက်နေပြီး
ဂိတ်ရှိ တခြား ဆီထမင်းသည်တွေက ဘုတ်အီးကို
လှမ်းကြည့်ကာ အချင်းချင်း တီးတိုးပြောဆိုနေကြ
သည်။
ဘုတ်အီးကတော့ ဘယ်သူ့ကိုမှမမှုပဲ သူ့စျေးသူ
ရောင်းနေသည်။
ထွေးမောင်က ဘုတ်အီးကို လုပ်ကူပေးသည်။
မိလှိုင် အိမ်မှာကျန်ခဲ့ပေမယ့် ကားဂိတ်မှာ ဘုတ်အီး
တစ်ယောက် အဆင်ပြေပါ့မလားဟု တွေးပူနေလေ
သည်။
မိလှိုင်လိုပင် ငွေမှုံလည်း ဘုတ်အီးရဲ့သတင်းကို
နားစွင့်နေမိသည်။
သို့သော်လည်း ထိုနေ့က ဘုတ်အီးတစ်ယောက်
ညကိုးနာရီခွဲလောက်ကျ အိမ်သို့ ချောချောချူချူ
ပြန်ရောက်လာသည်။
ဆီထမင်းတစ်အိုး ကုန်လာသည်။
ငါးကြော်တွေကတော့ အနည်းငယ်ကျန်သေးသည်။
"ဘယ်လိုလဲ အဆင်ပြေလား"
"ဘုတ်အီးလေ အမေရဲ့ အဆင်မပြေစရာအကြောင်း
မရှိဘူး... ဆီထမင်းကတော့ ကုန်သွားပြီ
ဒီနေ့ ခရီးသည်ကားတွေ ကျတယ်အမေရဲ့ "
"တယ်ဟုတ်ပါလားဟဲ့...အစနေ့တောင် ဒီလောက်
ရောင်းရတယ်ဆိုရင် ဘယ်ဆိုးလို့လဲ...ဆန်ဘယ်
လောက်ထိုးတာလဲ"
"နှစ်စလယ်"
"အဲ့လောက်ပဲ ပုံမှန်လုပ် "
"အဲ့လောက်ပဲလုပ်မှာအမေ...တစ်နေ့စာတစ်နေ့ပဲ
နောက်နေ့ ပြန်မရောင်းချင်ဘူး"
"အေးအေး.."
ဘုတ်အီးက သူစျေးရောင်းလို့ရလာသည့် ပိုက်ဆံ
တွေကို ပြန်ပြီး ရေတွက်နေသည်။
ပြီးနောက် အကြွေတွေနှင့်ရာတန်တွေကို သပ်သပ်
ခွဲလိုက်သည်။
"ငွေမှုံဆီကိုသွားလိုက်ဦး စောနကမှ ပြန်သွားတာ
သူ့အဖေပြန်ရောက်လို့"
"ဟုတ်လား...မနက်မှပဲသွားလိုက်တော့မယ် "
"ဟိုဟာတွေ ဘာပြောသေးလဲ"
"ဘာမှတော့လာမပြောပါဘူး သူတို့လည်း သူတို့
ဘာသာရောင်းနေကြတာပါပဲ "
"အေးပါ...ငါက စိတ်ပူနေတာ.. "
"ပူမနေနဲ့ ဘာမှမဖြစ်ဘူး"
ဘုတ်အီးက သူ့လုံခြည်မှာချည်ထားသည့် ဂုန်နီအိတ်
ကြိုးကို ဖြည်လိုက်ရင်း သူ့အမေကိုပြန်ပြောလိုက်
သည်။
မိလှိုင် သူ့သမီးကိုကြည့်လိုက်ပြီး
"အဲ့ကြိုးက ဘာကိစ္စချည်ထားရတာတုန်း"
"သြော်..အမေကလည်း...လုံခြည် ကျွတ်မှာစိုးလို
လိုရမယ်ရ ချည်ထားတာ..."
မိလှိုင် သက်ပြင်းချလိုက်သည်။ မအေကို မပူနှင့်ဟု
ပြောပြီး သူကတော့ ရန်ဖြစ်ဖို့တောင်အသင့်ပြင်
သွားလိုက်သေးသည်။
"ဘုတ်အီး ဘုတ်အီး ညည်းနှယ်လည်း..."
မိလှိုင် ထိုမျှသာပြော၍ ခေါင်းခါလိုက်ပြီး သမီးဖြစ်
သူ၏အနားကနေ ထွက်သွားလေတော့သည်။
...................
ဘုတ်အီး ဆီထမင်းရောင်းသည်မှာ အဆင်ပြေလေ
သည်။
သူက သန့်ရှင်းသပ်ရပ်ပြီး စားသုံးသူအပေါ် စေတနာ
ပါပါနှင့်ရောင်းချသည့်အတွက် သူ့ဆိုင်လေးက
ရောင်းအားကောင်းလေသည်။
ခရီးသည်တွေက သူ့ဆိုင်မှာ ဝယ်စားကြသည်။
အကြော်အလှော်ကလည်း သူ့ဆိုင်မှာ ရွေးချယ်
စရာရှိလေတော့ ကားတစ်စီးဆိုက်ပါက သူ့ဆိုင်မှာ
လူအုံနေတတ်သည်။
ထွေးမောင်ကလည်း ကူညီပေးရှာသည်။ ဘုတ်အီး
ရဲ့အလုပ်တွေကိုကူလုပ်ရင်း တစ်ဖက်ကလည်း
ကျောင်းစာကိုလုပ်သည်။
ကျောင်းတက်နောက်ကျပေမယ့် ဘုတ်အီးတို့လို
ဉာဏ်မထိုင်းချေ။ စာတစ်ပုဒ်ကို ခဏလေးနှင့်ရ
သည်။
မိလှိုင်က အိမ်မှာပဲ ဘုတ်အီးစျေးရောင်းချဖို့ ကူ
လုပ်ပေးရသည်။
နီတွတ်ကလည်း အခုဆိုလျှင် စက်ဘီး အနည်း
အပါး ပြင်တတ်နေချေပြီ။
ဦးအာလူးက သူ့ကို တစ်နေ့ တစ်ရာပေးသည်။
လတ်လတ်ကိုတော့ ကျောင်းစာကိုသာ အာရုံစိုက်
ဖို့ ဘုတ်အီးက ပြောထားလေသည်။
"အိမ်မှာ အလုပ်မရှိတော့လည်း ပျင်းတယ်အေ..
တစ်နေ့တစ်နေ့ ဟိုနားခွေ ဒီနားခွေနဲ့ အလုပ်မရှိ
တော့ ဖင်နာသလို ခေါင်းနာသလိုနဲ့ မနေတတ်ပါ
ဘူး...ညည်းသူငယ်ချင်းကလည်း ကျုပ်ကို
စျေးမရောင်းခိုင်းဘူး..."
မိလှိုင် ငွေမှုံတို့အိမ်ကိုရောက်နေသည်။ ညဘက်
ဘုတ်အီး စျေးထွက်နေသည့်အချိန် ငွေမှုံနှင့်မိလှိုင်
တစ်ခါတလေ ကားဂိတ်သို့လိုက်သွားပါက
ဘုတ်အီးက မကြိုက်။ အိမ်သို့ အတင်းပြန်လွှတ်တတ်သည်။
"ဒင်းလည်းလေ..ဘာမှန်းကိုမသိဘူး..ဘာဖြစ်ချင်
နေသလဲကို မသိပါဘူးအေ..."
ငွေမှုံလည်း မပြောတတ်။ ဘုတ်အီးက သူလုပ်ချင်
ရာလုပ်နေသည်။
"ရည်းစားများရနေသလား.. ထွေးမောင်ကို မေး
ကြည့်ဦးမှပဲ..."
မိလှိုင်က တွေးတွေးစစနှင့် ရေရွတ်လိုက်တော့
ငွေမှုံ ရယ်ချင်သွားသည်။
ပီတာနှင့်ကိစ္စက ခေါင်းထဲသို့ ပြန်ရောက်လာသည်။
ခဲတံဆီကတဆင့် ပြန်ကြားရသည့်စကားက
ပီတာက ဘုတ်အီးကို ကြိုက်နေတာ တကယ်တဲ့လေ။
သူက နွဲ့နွဲ့နှောင်းနှောင်းနှင့် မိန်းကလေးဆန်သည့်
သူမျိုးကိုမကြိုက်။ဘုတ်အီးလို အားကောင်းမောင်း
သန် မိန်းကလေးမျိုးကို ကြိုက်သည်တဲ့လေ။
ခဲတံကတော့ ပီတာ့စကားကို မှတ်ချက်ပြုသည်။
"အဲ့ကောင်က သူကိုယ်တိုင်က လက်ကြောမတင်း
တော့ မိန်းမကို ခိုင်းစားလို့ရမယ့် သန်သန်မာမာထဲ
က လိုချင်နေပုံရတယ်.."
ဟူ၍ ဖြစ်လေသည်။
ဘုတ်အီးကလည်း ပီတာ့ကို ခါးခါးတူးတူးပါပဲ။
အိမ်ရှေ့ကိုလာရင် လက်သီးနှင့်ထိုးမည်ဟု ပြောထား
၍ ပီတာ အိမ်ရှေ့ကပင် ဖြတ်မသွားရဲတော့ချေ။
ဒီကြားထဲ ငွေမှုံကို ပီတာ့သူငယ်ချင်းက ရည်းစား
စာပေးခိုင်းသည်ကို ပီတာက အောင်သွယ်တော်
လုပ်ပေးသည်။
ဘုတ်အီးသိတော့ ကြားက ပီတာ့ကို အောင်သွယ်
တော်လုပ်ရပါ့မလားဆိုပြီး ဘောလုံးကွင်းထဲမှာချိန်း
၍ ကိုင်ပေါက်လိုက်တာကြောင့် ပီတာ ဘုတ်အီးကို
အတော်လေးဖြုံသွားခြင်း ဖြစ်သည်။
ထိုကိစ္စတွေဖြစ်ပြီးထဲက ပီတာနှင့်ဘုတ်အီးရဲ့
ဇာတ်လမ်းဟာ မစရသေးခင်မှာပင် အဆုံးသတ်
သွားခဲ့သည်။
............
"ကြိုက်တဲ့ဟာ တစ်ခုရွေးလိုက် "
ဘုတ်အီးက စျေးထဲမှာ ဝါးကတ်လေးနှင့်ခင်း၍
ရောင်းသည့် မိန်းကလေးအလှကုန်ပစ္စည်းရောင်း
သည့်အသည်ရှေ့မှာ ထိုင်လိုက်ပြီး ငွေမှုံကို ပြော
လိုက်သည်။
ငွေမှုံက ဘုတ်အီးရဲ့ဘေးမှာ ဆောင့်ကြောင့်ထိုင်ချ
လိုက်ပြီးနောက် ဝါးကတ်ပေါ်ကပလက်စတစ်စပေါ်
မှာခင်းထားသည့် ကလစ်လေးတွေကို ကြည့်လိုက်
သည်။
ပန်းနုရောင်ဖျော့ဖျော့အရုပ်လေးပါသည့် ဘဲလေး
ကလစ်တစ်စုံကို ငွေမှုံက ကောက်ယူလိုက်ကာ
"ဒါလေး..."
"ဦးလေး ဒါယူမယ်..ဘယ်လောက်လဲ "
ဘုတ်အီး စျေးသည်အမျိုးသားကို စျေးမေးလိုက်
သည်။
ထိုလူကြီးက လက်ငါးချောင်းထောင်ပြသည်။
"ငါးဆယ်"
"နင်ကြိုက်တာသေချာတယ်နော်"
"အင်း.."
ဘုတ်အီး ငါးဆယ်တန်တစ်ရွက်ထုတ်ပေးလိုက်သည်။
ပြီးနောက် ငွေမှုံ လက်ထဲက ကလစ်လေးကို လှမ်း
ယူလိုက်ကာ
"တစ်ခါတည်းပန်မလား...ပေး..ငါလုပ်ပေးမယ်"
"ဒီမှာ မှန်ရှိတယ်"
စျေးသည်ဦးလေးက မှန်ဝိုင်းလေးတစ်ချပ်ကို ထိုး
ပေးရင်းပြောသည်။
ဘုတ်အီးက ငွေမှုံရဲ့ခေါင်းမှာ ကလစ်နှစ်ခုကို တစ်
ဖက်စီညှပ်၍ ပန်ပေးလိုက်သည်။
ငွေမှုံ မှန်ထဲကနေ ကြည့်လိုက်သည်။
"ကြိုက်တယ်မလား"
"အင်း..."
........
ငွေမှုံ တက္ကသိုလ်တက်ရမည့်အချိန်သို့ ရောက်လာ
သည်။
ဒီဇင်ဘာမှာ ကျောင်းပြန်ဖွင့်တော့မှာမလို့ ငွေမှုံ
ကျောင်းသွားရင် ယူသွားလို့ရအောင် မိလှိုင်က
ပုစွန်ခြောက်ငပိကြော် ကြော်ပေးနေသည်။
"ဒဂုံမှာတက်ရမှာဆို ဟုတ်လား"
"ဟုတ်တယ် ဒေါ်လေး "
"အေး...ဒေါ်လေးမှာတာတွေ သတိရနော် "
"ဟုတ်ကဲ့ "
"တစ်ပတ်တစ်ခါ ကြော်လှော်ပြီး ခွေးပိန်နဲ့ ထည့်ပေး
လိုက်မယ်...ဒီကြားထဲ လိုအပ်တာရှိရင် ဖုန်းဆက်
လို့ရတာပဲ..."
"ဟုတ်ကဲ့ဒေါ်လေး "
"မွှေးနေတာပဲ ဗိုက်တောင်ဆာလာပြီ "
ဘုတ်အီးတစ်ယောက် ငါးကြင်းတစ်ကောင်ကို
နှီးကြိုးနှင့်သီ၍ ကိုင်လာရင်းမှ အိမ်ထဲဝင်လာကာ
ပြောသည်။
မီးဖိုပေါ်က အိုးကိုတစ်ချက်လှမ်းကြည့်ပြီးနောက်
သူ့လက်ထဲက ငါးကြင်းကြီးကို မြှောက်ပြကာ
"ငါးမွှေကြော်ကြော်ဖို့ ငါးရတာနဲ့ဝယ်လာခဲ့တယ်
ဒီအကောင်ကြီး ငါးဆယ်သားကျော်တယ်"
"ဘယ်ကရလာတာလဲ "
"အင်းထဲကလေ.. ကိုမြင့်ဦးတို့ လိုက်ရောင်းနေတာ"
"ဘယ်လောက်တောင်ပါလဲ"
"အများကြီးပဲ...
ငါ နင့်ကို ငါးမွှေကြော် ရှယ်ကြော်
ပေးလိုက်မယ် "
ဘုတ်အီးက ငွေမှုံကို ကြည့်၍ ပြောလိုက်သည်။
ဒီနေ့ သူ ဆီထမင်းရောင်းဖို့ ဆိုင်မထွက်ဘူးလေ။
ငွေမှုံ မနက်ဖြန်ကျောင်းသွားမည်ဖြစ်၍ ကြော်လှော်
ပေးဖို့ ဖြစ်သည်။
"စားချင်တာရှိရင် ငါ့ကိုပြော...အဆောင်ထမင်းဟင်း
ကိုပဲ ကျိတ်မှိတ်စားမနေနဲ့ စာကြိုးစားဖို့ဆိုတာ အား
ရှိမှ ဖြစ်မှာ "
"အင်းပါ.."
"ငါးသွားကိုင်လိုက်ဦးမယ် "
ငွေမှုံ ခေါင်းညိတ်ပြလိုက်သည်။ဘုတ်အီး အသား
ကိုင်သည့် ဓားမလေးကိုယူ၍ အိမ်နောက်ဖက်သို့
ထွက်သွားလေသည်။
.............
"ငွေမှုံ.."
"ဟင်.."
"နင် ရည်းစားမထားနဲ့ဦးနော် "
ဘုတ်အီးက ငါးမွှေကြော်ဖို့အတွက် ပြုတ်ပြီးသား
ငါးကို အရိုးနွှင်နေရင်း ငွေမှုံကိုပြောသည်။
ငွေမှုံလည်း ငါးကို အရိုးနွှင်ကူနေရင်းမှ ဘုတ်အီးကို
ကြည့်လိုက်သည်။
"ဘာလို့လဲ "
"ငါလည်း ရည်းစားထားသေးတာ မဟုတ်ဘူး
နင်လည်း မထားနဲ့ "
"ရည်းစားရှာဖို့သွားတာမှ မဟုတ်တာ...ပညာရှာဖို့
သွားမှာ "
"ယောကျ်ားတွေက မကောင်းဘူး..."
ငွေမှုံ ရယ်လိုက်သည်။ ဘုတ်အီးကနှာခေါင်းရှုံ
သည်။
"မရယ်နဲ့ အကောင်းပြောတာ ...ယောကျ်ားအများ
စုက ကျောရရုံကြံချင်ကြတာ..နင် သတိထား..
မျက်နှာထားကို တင်းတင်းပဲနေ...ရည်းစားစကား
လိုက်ပြောရင် မသိချင်ယောင်ဆောင်နေ...သူငယ်
ချင်းအများကြီးထား..ရည်းစားတော့ မထားနဲ့.."
"ငါ့ကိုပဲပြောနေ...နင်ကျတော့ရော.."
"ငါက ဘာဖြစ်လို့လဲ "
"နင်လည်း ရည်းစားမထားနဲ့ "
"မထားပါဘူးဟာ..နင်ကလည်း.."
"ဟွန်း...ပြောလို့ရတာကျနေတာပဲ..နင့်ကိုဆို
ဟိုလူက လိုချင် ဒီလူက လိုချင်နဲ့ အားကိုးချင်နေ
ကြတာ..."
ငွေမှုံက နှာခေါင်းလေးတစ်ချက်ရှုလိုက်ရင်း ပြော
သည်။
ဘုတ်အီး သူ့လက်မောင်းနှင့်မျက်နှာကို တစ်ချက်ပွတ်လိုက်ကာ
"နင်ကလည်းဟာ အဲ့လောက်လည်းမဟုတ်ပါဘူး
ပီတာတစ်ယောက်ပဲ မျက်စိလည် လမ်းမှားပြီး
ငါ့ကိုလာကြိုက်တာ.."
"နင်ကမသိတာပါ...ပီတာတစ်ယောက်ထဲ
မကပါဘူး"
"ပြောပါဦး ဘယ်သူတွေပါသေးလဲ"
ဘုတ်အီး ငွေမှုံရဲ့မျက်နှာနားသို့ကပ်၍ မျက်ခုံးလေး
နှစ်ဖက်ပင့်ပြကာ မေးလိုက်သည်။
ငွေမှုံ သူ့ကိုပြန်ကြည့်လိုက်ပြီးနောက် မျက်လွှာချ
လိုက်သည်။
"ဘာလုပ်ဖို့လဲ "
"နင်ကလည်း သိချင်တာပေါ့ ကိုယ့်ကိုကြိုက်နေတဲ့
လူရှိတာ မကောင်းဘူးလား.."
"ဟွန်း...နင် ငါ့ကို သစ္စာမဖောက်နဲ့နော်ဘုတ်အီး..
ငါ့ကိုကျ ရည်းစားမထားနဲ့လို့ပြောပြီး ငါပြန်လာ
လို့ နင် ရည်းစားရနေလို့ကတော့ ငါလည်း
ယောကျ်ားယူလိုက်မှာ "
"ကိုယ့်ဘာသာလိုချင်ရင် လိုချင်တယ်ပေါ့..ဘာ
ငါ့ကို လာဆွဲထည့်နေတာလဲ...ငါက မထားဘူး
နော်.."
"အေးပါ...မထားဘူးဆိုလည်း မထားဘူးပေါ့ "
"တကယ်လို့ နင် ကျောင်းပိတ်ရက်ကျရင် ငါ
လေးလေးနဲ့ လိုက်ခဲ့မယ်လေ..."
"လိုက်ခဲ့ပေါ့...ရသားပဲ.."
"ငါလည်း ရန်ကုန်ကို တစ်နှစ်တစ်ခေါက်တောင်
ရောက်ဖြစ်တာမဟုတ်ဘူး...ဟီး..."
"ငါ့ကိုတွေ့ချင်လို့ထက် ရန်ကုန်မှာ လျှောက်လည်
ချင်လို့မဟုတ်လား "
"နင်ကျောင်းတက်ချိန်ပဲ ရန်ကုန်တက်စရာ
အကြောင်းရှိတာကို...နင်ကလည်း..."
"အေးပါ...ဖေဖေနဲ့ လိုက်ခဲ့ရေ..ငါတို့ လျှောက်လည်
ကြမယ်..."
"အေး...ဟီးဟီး..."
ဘုတ်အီးတစ်ယောက် ရန်ကုန်မှာ လည်ရပတ်ရမည်
ဆို၍ ပျော်သွားသည်။
ရန်ကုန်နှင့်သပွတ်ကုန်းက သိပ်မဝေးတာတောင်မှ
သူ ရန်ကုန်ကို တစ်ခေါက်သာ ရောက်ဖူးသည်။
သွားစရာအကြောင်းကိစ္စမရှိ၍လည်း မရောက်ဖူး
ခြင်းဖြစ်သည်။
.....
"တစ်ခါတလေတော့လည်း တက္ကသိုလ်တက်ချင်
စိတ် ဖြစ်မိသားဟ..."
ဘုတ်အီးက ကောင်းကင်ပေါ်က သုံးရက်လ ခုံးခုံး
လေးကို မော့ကြည့်၍ ငွေမှုံကိုပြောလိုက်သည်။
ငွေမှုံ သူ့ဘေးမှာ ထိုင်ချလိုက်ပြီး သူ့မျက်နှာရဲ့ ဘေး
တိုက်အနေအထားကိုကြည့်လိုက်ကာ
"စာဆက်ကျက်ချင်သေးလို့လား"
"ဟင့်အင်း...စာတော့မကျက်ချင်ပါဘူး ဒီအတိုင်း
တက္ကသိုလ်ကျောင်းသားဘဝကို သိချင်တာ..
ပျော်ဖို့ကောင်းလားလို့...အင်း..........
စာမကျက်ရရင်တော့ ပျော်ဖို့ကောင်းမှာပါ..ဟုတ်
တယ်မလား..."
ဘုတ်အီးက ငွေမှုံကိုလှည့်ကြည့်ပြီး မေးသည်။
ငွေမှုံ ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်ရင်ဟုတ်မှာပေါ့...ဒါပေမယ့် ကျောင်းသား
ဆိုတာ စာနဲ့ကင်းလို့မရဘူး.. "
"ငွေမှုံရာ အဲ့ စာအကြောင်း မကြားချင်ပါဘူး...
စာမကျက်ချင်တော့လို့ ကျောင်းထွက်လိုက်ပါတယ်
ဆို..."
"အေးပါ..ငါက သဘောပြောပြတာပါ..."
"နင် ဘွဲ့ယူရင် ငါတို့ပါ လိုက်ခဲ့မယ်"
"လိုက်ရမှာပေါ့ဟ...ငါ့မှာ ခင်တွယ်စရာဆိုလို့ နင်
တို့မိသားစုပဲ ရှိတာ..ပြီးတော့ နင်တို့မိသားစုက
လည်း ငါ့မိသားစုပါပဲ...ငါ့မှာချစ်စရာဆိုလို့
ဖေဖေနဲ့...နင်တို့ပဲ ရှိတာ..."
ဘုတ်အီး ငွေမှုံရဲ့မျက်ဝန်းတွေကို သေချာငေး
ကြည့်နေသည်။ ပြီးနောက်
"အေးပါ...ငါတို့ထက် ပိုချစ်ရမယ့်သူ မတွေ့ခင်တော့
ဒီစကားကိုပြောနိုင်သေးတာပေါ့.. "
ငွေမှုံ ဘုတ်အီးရဲ့ပုခုံးပေါ်မှာ ခေါင်းကိုမှီလိုက်ပြီး
နောက်
"နင်တို့ထက် ပိုပြီး ချစ်လာရမယ့်လူလည်း ရှိမှာ
မဟုတ်ပါဘူးဟာ..."
"အစားကိုပဲ ကုန်အောင်စား...စကားကို ကုန်အောင်
မပြောနဲ့.."
ငွေမှုံ သူ့ပုခုံးပေါ်မှာ ခေါင်းမှီထားရာက ပြန်မက်
လိုက်ပြီး ဘုတ်အီးရဲ့ပုခုံးကို တစ်ချက်ရိုက်လိုက်
ကာ
"မရှိပါဘူးဆိုမှ...ဘယ်လိုဖြစ်နေတာလဲ "
"အေးပါ...မရှိဘူးဆိုလည်း မရှိဘူးပေါ့..."
ငွေမှုံ ဘုတ်အီးကို မျက်စောင်းထိုးလိုက်သည်။
ဘုတ်အီး ငွေမှုံမျက်နှာလေးကို ငေးကြည့်နေမိသည်။
မနက်ဖြန်ဆိုလျှင် ငွေမှုံ ရန်ကုန်ကို သွားရတော့မည်။
သူ လွမ်းနေရတော့မှာပဲ။
ဘုတ်အီး သူမကိုကြည့်နေရာမှ မျက်နှာလွှဲလိုက်
သည်။
"နင် စောစောအိပ်တော့လေ... ငါလည်း ပြန်တော့
မယ်..."
ဘုတ်အီး ထိုင်ရာမှ ထဖို ဟန်ပြင်လိုက်တော့ ငွေမှုံ
က သူ့လက်ကို ဆွဲထားသည်။
"ဘုတ်ဘုတ်..."
"ဟင်..."
ပြွတ်!
ငွေမှုံ ဘုတ်အီးရဲ့ပါးကို တစ်ချက်နမ်းလိုက်သည်။
ဘုတ်အီး မျက်လုံးလေးတွေဝိုင်းသွားပြီး အနမ်းခံ
လိုက်ရသည့်ပါးကို လက်နှင့်အုပ်၍ ကိုင်လိုက်သည်။
"ဘာလဲ..."
"ဘာမှမဟုတ်ဘူး...ဒီတိုင်း နမ်းချင်လို့နမ်းလိုက်တာ"
ငွေမှုံက သူ့ကို ရယ်ရင်းနှင့်ပြန်ပြောသည်။ ပြီးနောက်
သူမရဲ့ပါးကို ဘုတ်အီးရှေ့သို့ ထိုးပေးလိုက်ရင်း
"ငါ့ကိုလည်း ပြန်နမ်းလေ..."
"အာ...မနမ်းချင်ပါဘူး..."
ဘုတ်အီး မျက်နှာလွှဲလိုက်ရင်းက ငြင်းသည်။
ငွေမှုံက နှုတ်ခမ်းလေးကို တွန့်လိုက်ကာ
"သူငယ်ချင်းလေးက မနက်ဖြန်ကစပြီး လေးလကြီး
တောင်ခွဲရမှာကို နင်က တစ်ခါလောက်လေး
နမ်းလိုက်ရတာ ဘာဖြစ်မှာမလို့လဲ "
ဘုတ်အီး ငွေမှုံကို ပြန်၍ လှည့်ကြည့်လာသည်။
ငွေမှုံက သူ့ကို စူပုတ်ပုတ်မျက်နှာထားလေးနှင့်
စိုက်ကြည့်နေသည်။
"အေး...တစ်ခါပဲ.. "
ငွေမှုံ သူ့ခေါင်းလေးကို တစ်ဖက်သို့စောင်းငဲ့ပေး
လိုက်သည်။
ဘုတ်အီး သူမရဲ့မျက်နှာလေးကို ငေးကြည့်ရင်း
ရင်တွေခုန်လာသည်။
မျက်နှာကို ရှေ့သို့ တဖြည်းဖြည်း တိုးပြီး ငွေမှုံကို
နမ်းဖို့ ကြိုးစားလိုက်သည်။
လုံခြည်စကို လက်နှစ်ဖက်နှင့် ကျစ်နေအောင်ဆုပ်
ထားလိုက်ပြီး နှုတ်ခမ်းလေးကိုထော်၍ ငွေမှုံပါး
လေးကို နမ်းဖို့လုပ်နေတုန်း...
"သမီးရေ...အိပ်ဖို့ပြင်တော့လေ.."
ခွေးပိန် ဘုရားရှိခိုးပြီးနောက် အိပ်ရာခင်းနေရင်း
အိမ်ထဲကနေ လှမ်းပြောလိုက်တာကြောင့်
ငွေမှုံ နောက်သိုလှည့်အကြည့် သူမရဲ့မျက်နှာနားသို့
တိုးလာသည့်ဘုတ်အီးရဲ့မျက်နှာနှင့် နီးကပ်သွားပြီး
နှုတ်ခမ်းနှစ်ခုဟာ ခပ်ဖွဖွ ထိလျက်သားဖြစ်သွား
သည်။
သုံးစက္ကန့်လောက်သာကြာလိုက်ပြီး ဘုတ်အီး လန့်
ဖြန့်ကာ ထိုင်နေရာမှ ငေါက်ခနဲထ၍ သူ့အိမ်ဘက်
သို့ တချိုးတည်း သုတ်ချေတင် ပြန်ပြေးလေတော့
သည်။
ကျန်ခဲ့သည့် ငွေမှုံကတော့ အခုထိ ကျောက်ရုပ်
တစ်ရုပ်နှယ် ငြိမ်သက်လျက်။
"သမီး..."
ခွေးပိန် သူ့သမီးအနားသို့ ရောက်လာပြီး ငွေမှုံရဲ့
ပုခုံးကို လှုပ်လိုက်သည်။
"ရှင်..."
"ဘုတ်အီး ဘယ်အချိန်ပြန်သွားတာလဲ "
"ဟင်..."
ထိုအခါမှ ငွေမှုံ သတိဝင်လာပြီး ကြည့်လိုက်တော့
ဘုတ်အီးက သူမဘေးမှာ ရှိမနေတော့ချေ။
ငွေမှုံ တံတွေးတစ်ချက်မြိုချလိုက်ပြီးနောက်
"အ..အခုလေးတင် ဖေဖေ..."
"ကဲကဲ...အိပ်တော့...မနက်ကို စောစောထရဦးမှာ"
"ဟုတ်ကဲ့.. "
ငွေမှုံ ဘုတ်အီးတို အိမ်ဘက်သို့ တစ်ချက်လှည့်ကြည့်
လိုက်ပြီးနောက် အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
သူမရဲ့ရင်ခုန်သံတွေဟာ အခုထိ အခုန်မြန်နေတုန်း
ပင် ဖြစ်သည်။
မိလှိုင် အိပ်ခါနီး အိပ်ရာခင်းတွေကို ပုဆိုးနှင့်ရိုက်၍
ခါနေတုန်း အိမ်ထဲသို့ ကမူးရှူးထိုးနှင့် ပြေးဝင်လာ
သည့် ဘုတ်အီးကြောင့် လန့်သွားသည်။
"ဟဲ့ဟဲ့...ဘာဖြစ်လာတာလဲ"
ဘုတ်အီးက သူ့အမေရဲ့အမေးကို ပြန်မဖြေနိုင်သေး။
ရင်ဘက်ကိုလက်နှင့်ဖိကာ ထရံကိုမှီ၍ ရပ်နေသည်။
မိလှိုင် မျက်လုံးအပြူးသားနှင့်ရင်ဘက်ကိုလက်ဖြင့်
ဖိကာ အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက်ရှူနေသည့်
ဘုတ်အီးကို ကြောင်ပြီး ကြည့်နေလေသည်။
"ဟဲ့...ဘာဖြစ်လာတာလဲလို့ဆိုနေ...အလန့်တကြားနဲ့"
မိလှိုင် အော်ပြီးမေးလိုက်တော့မှ ဘုတ်အီးသူ့အမေ
ကို လှမ်းကြည့်လိုက်ကာ
"ဘာ...ဘာမှမဖြစ်ဘူးအမေ..."
"တကတည်း...တစ္ဆေ သရဲ တွေ့လာသလိုပုံနဲ့...
မအေကို နှလုံးရောဂါရအောင်လုပ်နေတယ်"
ဘုတ်အီး သူ့အမေကို ဘာမှပြန်မပြောနေတော့ပဲ
လတ်လတ်ထောင်ထားသည့် ခြင်ထောင်ထဲသို့
ဝင်သွားလိုက်သည်။
လတ်လတ်က စာကျက်နေရာမှ သူ့အစ်မကို
လှမ်းကြည့်နေသည်။
ဘုတ်အီး ခြင်ထောင်ထဲသို့ရောက်မှ မျက်လုံးကို
စုံမှိတ်ကာ အခုန်မြန်နေသည့် ရင်ဘက်ကို လက်
နှစ်ဖက်နှင့်ဖိ၍ ပါးစပ်ကလည်း တတွတ်တွတ်
ရွတ်နေလေသည်။
သူရွတ်နေသည်က
"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ... ဓမ္မံ သရဏံ ဂစ္ဆာမိ...
သံဃံ သရဏံ ဂစ္ဆာမိ.. "
ဟူ၍ ဖြစ်လေတော့သည်။
........................