ပန်းချစ်သူတို့လက်နဲ့ကွယ်
ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်
ပူလောင်မှုတွေကြားက မပူလောင်မှုလေး။ ဇူလီက ဒီရက်ပိုင်းသီချင်းတွေ တစ်နေကုန်နီးပါးနားထောင်နေလေ့ရှိ၏။ စိမ်းလဲ့ညိုက သူ့အတွက်ပင်တိုင်ဆိုပြီး ရွေးပေးသွားတဲ့ ပန်းချစ်သူ သီချင်းကလေး။ ထိုသီချင်းနှင့်အတူ ထွက်ပေါ်လာသည့်ခံစားချက်များဟာလည်း အမျိုးစုံ။ သူဒါကိုနေ့တိုင်းဖွင့်သည်။ အမေတို့ကတော့ သူမကိုရူးနေပြီလို့ထင်ချင်ထင်နေမည်။ အေးလေ သူကတစ်ကယ်လည်းရူးနေတာကိုး။
"ချီးပါလည်းဖွင့်၊ ရေချိုးလည်းဖွင့်၊ ထမင်းစားလည်းဖွင့်၊ ထမင်းမစားလည်းဖွင့်၊ ရေသောက်လည်းဖွင့်။ နေဒီလောက်ပူနေတာ စိတ်ဆင်းရဲရကြားထဲ။ ဖုန်းသာအသက်ရှိရင်လေ နင့်ကိုထထိုးတယ် သိလား"
သူ့အမေဘယ်လောက်ဆူဆူ ဇူလီကတော့ သီချင်းကိုဖွင့်မြဲဖွင့်မှာပင်။
ဇူလီမေမေက အရင်ရက်များအကြောင်းသူ့ကိုမေးသေး၏။ ကျူရှင်ချိန်ကြီး ဘာလို့အိမ်ပြန်လာတာလဲဆိုပြီး။ ဇူလီက စာအုပ်ကျန်ထားလို့ဆိုပြီးဖြေသည်။ အဲ့မှာသူအမေက သူများအိမ်မှာဘာစာအုပ်ကြီးကျန်နေတာလဲဆိုပြီး ထပ်မေး၏။ ဇူလီက စိမ်းလဲ့ညိုနှင့်စာအတူလုပ်၍ကျန်တာဖြစ်ကြောင်း ပြန်ပြော၏။ သူ့အမေကတော့ ဇူလီကိုမယုံတဝက်ယုံတဝက်။ သို့ပေမယ့် စိမ်းလဲ့ညိုလိုလူမျိုးက သူ့သမီးကိုသေချာထိန်းကျောင်းမှာပါဆိုပြီး နောက်ထပ်မေးခွန်းများ ထပ်မမေး။
"နင်ကလေ ပိတ်ရက်ကလေးတောင် အိမ်မှာဖင်ပူအောင်မထိုင်နိုင်ဘူး။ အိမ်စောင့်နတ်တောင်နင့်ကိုမမှတ်မိတော့ဘူး သိလား"
ဇူလီက စာအုပ်တစ်အုပ်ကိုင်ကာ ဟိုဘက်ခြံသွားဖို့လုပ်နေသည်။ ယခုဆိုဇူလီဟာ ထိုမိန်းမရဲ့အခန်းဆီ တံခါးမရှိဓါးမရှိ ဝင်ရောက်ခွင့်ရနေပြီဖြစ်၏။ ပန်းတွေခဏတိုင်းပေးသည့်ဇူလီကြောင့် ထိုမိန်းမက ကျောက်စိမ်းရောင်ပန်းအိုးကလေးတစ်လုံးကိုဝယ်ထားသည်။
စိမ်းလဲ့ညိုရဲ့အမေက ဇူလီတို့ဖို့ဆိုပြီး လက္ဘက်တွေ အသီးတွေ လာချပေးသွား၏။ အမြဲအခန်းထဲအောင်းနေတတ်သည့် သူ့သမီးအား အဖော်လာပြုပေးတတ်သောဇူလီ့ကို သူက ချစ်ရှာပါသည်။
ဇူလီကိုင်လာသည့်စာအုပ်က ထိုမိန်းမကြီးငှား ပေးလာသည့် တရုတ်စာရေးဆရာမ Ding Mo ရဲ့စာအုပ်ဖြစ်၏။ အဆုံးထိဖတ်ပြီးသွားပြီဆိုတော့ အခုကျန်တာဆိုလို့ ထိုမိန်းမနဲ့အငြင်းပွါးရန်ဖြစ်ဖို့။ Ding Mo က ထိုမိန်းမရဲ့အကြိုက်ဆုံးတွေထဲက စာရေးဆရာမတစ်ယောက်။ သူတို့ဖတ်သောစာအုပ်သည် Love me if you dare ဆိုသော မူခင်းဒရမ်မာဇာတ်လမ်းရှည်လေးပါ။ မြန်မာလိုပြန်ဆိုထားသည့်စာအုပ်ကို ဇူလီ့အားငှားပေးလာပြီး သူကတော့တရုတ်လိုဖတ်၏။
ဇာတ်လမ်းက ပေါ်ကျင်းယွင် ဟုခေါ်သော စိတ်ကြီးဝင်နေသည့်မှုခင်းကျွမ်းကျင်သူနှင့် ကျင်းယောင်ဟုခေါ်သော ဘာသာပြန်မလေးတို့ အတူပူးပေါင်းကာ မူခင်းအသွယ်သွယ်ဖော်ထုတ်ကြပုံတွေ၊ တစ်ဦးနှင့်တစ်ဦး မေတ္တာမျှလာကြပုံတွေ၊ အချစ်အလွမ်းတွေ၊ သွေးထွက်သံယိုတွေအကုန်ပါ၏။ အချိတ်အဆက်မိသည့်ဇာတ်ကွက်ရေးသားချက်များဖြင့် ထိုဇာတ်လမ်းဟာ ဇူလီတောင်လက်ကမချချင်ရလောက်သည်အထိ ဆွဲဆောင်နိုင်စွမ်းရှိပါသည်။
"Dong Mo ရဲ့အကြိုက်ဆုံးတွေထဲကတစ်ပုဒ်ပါ။ TV series လည်းထွက်ထားပေမယ့် သူ့ကိုအရင်ကြည့်လိုက်ရင် စာအုပ်ရဲ့အနှစ်သာရပေါ့သွားမှာစိုးလို့။ နောက်မှအစ်မနဲ့အတူတူဖြစ်ဖြစ် ကြည့်ကြမယ်လေ"
သန်းထီပေါက်တဲ့လူတောင် ဇူလီလောက်ပျော်မည်မထင်။
"ဇူလီက ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ"
ဆိုဖာ၌ထိုင်နေသည့်ဇူလီ့ကို ထိုမိန်းမက စာအုပ်စင်ဘက်မှနေ၍ လှမ်းမေးလာသည်။
"အကြိုက်ဆုံးဇာတ်ကောင် မရှိဘူး။ ထွေးပွေ့ပေးထားချင်တဲ့ဇာတ်ကောင်ဘဲရှိတယ်"
"ဘယ်သူလဲ။ ဖူဇီယွိလား"
"မဟုတ်ဘူး။ ရှဲ့ဟန်"
ရှဲ့ဟန် လို့ပြောတော့ ထိုမိန်းမက သူ့ကိုလှည့်ကြည့်လာသည်။ အေးလေ ရှဲ့ဟန်ဆိုတာ ထိုဇာတ်လမ်းထဲက ရာဇဝင်လူဆိုးကြီးကိုး။ အကွက်ကျကျဖြင့် လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် လူဆိုးကြီးတစ်ယောက်။ သိုးအရေခြုံထားသည့် ဝံပုလွေကြီး။ ရှဲ့ဟန်လိုလူမျိုးက သနားဖို့မှမတန်တာကိုး။
"ဇူလီက သူ့ကိုခွင့်လွတ်နိုင်တယ်လား။ သူက လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူလေ"
"ခွင့်လွတ်နိုင်တာမဟုတ်ဘဲ သူ့ကိုသနားလို့ပါ။ သူလူသတ်တာကိုလည်း ခွင့်မလွတ်သလို သူ့ကိုလူသတ်အောင်လုပ်ခဲ့တဲ့လူတွေကိုလည်း ခွင့်မလွတ်ဘူး"
ထိုမိန်းမ တွေးထင်သည်များဟာ မမှားခဲ့ပါ။ ဇူလီလိုလူမျိုးကသာ ရှဲ့ဟန်ကိုသနားလိမ့်မည်။
လူတိုင်းက ရှဲ့ဟန်ကိုဘဲမုန်းကြပါလိမ့်မယ်။ ဒါပေမယ့် ဇူလီက ရှဲ့ဟန်ကိုသနားတယ်။ ရှဲ့ဟန်မှာ စည်းစိမ်ချမ်းသာတွေရှိခဲ့ပေမယ့် သူက စိတ်ဒဏ်ရာတွေနဲ့ဘဲကြီးပြင်းခဲ့ရတာကိုး။ သူလူကောင်းဖြစ်ဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် သူမအောင်မြင်ခဲ့ဘူး။
"ရှဲ့ဟန်ကိုအပြစ်ပေးမယ်ဆိုရင် သူ့မိဘတွေနဲ့ ပတ်ဝန်းကျင်ကိုလည်းအပြစ်ပေးသင့်တယ်။
ဒါပေမယ့်လည်း အဲ့ပတ်ဝန်းကျင်ကို ရှဲ့ဟန်ကဘဲပြန်အပြစ်ပေးသွားတာဘဲလေ"
ရှဲ့ဟန်က ချမ်းသာတဲ့မိသားစုကနေလာပေမယ့် သူအရွယ်မရောက်ခင်လေးမှာ သူ့မိဘတွေကွာရှင်းသွားသည်။ သူ့အမေက ကလေးစောင့်ရှောက်ခွင့်ရခဲ့ပေမယ့် ကောင်းကောင်းမစောင့်ရှောက်ခဲ့။ ကလေးက မိဘမေတ္တာကိုလိုလားနေချိန်မှာ သူ့အမေက စိတ်ဒဏ်ရာတွေဘဲပေးခဲ့တာ။ သူ့မိဘကအစ ဆွေမျိုးတွေကအဆုံး။ သူ့အဒေါ်ဆို မသတီစရာမျိုးပါလုပ်ခဲ့တာ။ ရှဲ့ဟန် လူဆိုးကြီးဖြစ်လာတာဟာ ပတ်ဝန်းကျင်ကလည်း အထောက်အကူပြုခဲ့တာဖြစ်၏။ ဖြတ်သွားတဲ့လူတစ်ယောက်ကသာ အဲ့အချိန် ရှဲ့ဟန်အပေါ်နွေးထွေးပေးခဲ့ကြည့်စမ်းပါ သူလူဆိုးကြီးဖြစ်လာမယ်လို့ ဇူလီမထင်။ ရှဲ့ဟန်က သူနွေးထွေးတဲ့အသိုင်းအဝိုင်းလေးတစ်ခုရချင်ကြောင်းကို သူသတ်ခဲ့တဲ့လူတွေကနေ သိလို့ရတယ်။ လူတွေသိခဲ့ရင်တောင် သနားကြမယ်မထင်။ အေးပေါ့ လူသတ်တာက ကောင်းတဲ့အရာမှမဟုတ်တာ။ သို့ပေမယ့် ပတ်ဝန်းကျင်နှင့် သူ့မိသားစုကတော့ သူ့ကိုသတ်ခဲ့သည်။ လူဆိုးကြီးရှဲ့ဟန်မှာလည်း အိမ်မက်တွေရှိခဲ့၏။ ရှဲ့ဟန်က စာရေးဆရာကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တာ။ သူက အကောင်းဆုံးစာရေးဆရာဆုကို အနိုင်ရချင်ခဲ့တာ။ သူ ကြိုးစားပေမယ့်အရှုံးနဲ့ရင်ဆိုင်ရလာတော့ ငယ်ဘဝအတိတ်ဆိုးတွေနှင့်အတူ သူရာဇဝင်တွင်သည့်လူဆိုးကြီးဖြစ်သွားသည်။
"ကျွန်မသာ ရှဲ့ဟန်ရဲ့အိမ်နီးချင်းဖြစ်ကြည့် သူ့ကိုအိမ်ပေါ်ခေါ်တင်ထားပြီး သူကြိုက်တဲ့ဟင်းလေးတွေချက်ကျွေးမိမှာ။ သူ့အမေရိုက်တဲ့အချိန် သူ့ကိုဖွက်ထားပေးမိမှာ။ သူ့ကို နွေးနွေးထွေးထွေးနဲ့ကို ပွေ့ဖက်ပေးမိမှာ"
လူတစ်ယောက်က ဆိုးတဲ့အရာတစ်ခုကိုလုပ်ရင် လူတွေကအဲ့လူကိုဘဲအရင်ရှုံချအပြစ်တင်ကြလိမ့်မယ်။ သူလုပ်ရတဲ့အကြောင်းအရင်းကိုတော့ ဘယ်သူမှမေးမြန်းပြီး သနားကြမှာမဟုတ်။ သို့ပေမယ့် ဇူလီကတော့ အကြောင်းအရင်းကိုအရင်ရှာတတ်သည့်လူမျိုးဖြစ်၏။
"ဒါပေမယ့် သူသတ်ခဲ့တဲ့လူတွေက သူ့အတိတ်နဲ့လားလားမှပတ်သက်မူမရှိဘူးလေ ဇူလီ။ ဒီအတိုင်းဘဝကိုအကောင်းဆုံးဖြတ်သန်းဖို့ ကြိုးစားရူန်းကန်နေတဲ့လူတွေကြီး"
"အဲ့တာကြောင့်လည်း ရှဲ့ဟန်ကသူတို့ကိုသတ်တာပေါ့။ ဘဝကိုအကောင်းဆုံးဖြတ်သန်းဖို့ ကြိုးစားနေတဲ့လူတွေမို့"
"ဒါသဘာဝမကျဘူး။ ဇူလီကလည်း ရှဲ့ဟန်ကိုလူသတ်ဖို့အားပေးနေတဲ့လူတွေထဲကတစ်ယောက်ဘဲ"
"ရှဲ့ဟန်က သူတို့ကိုမနာလိုလို့ပါ"
"ဇူလီတွေးတာ မှားနေတယ်။ ရှဲ့ဟန်က အပြစ်မရှိတဲ့သူတစ်ပါးမိသားစုကိုဖျက်စီးပြစ်ခဲ့တာ"
"ရှဲ့ဟန်ချစ်ရတဲ့လူတွေနှင့်ပတ်ဝန်းကျင်က ရှဲ့ဟန်ကိုဖျက်ဆီးလို့ သူကဖျက်ဆီးရေးသမားကြီးဖြစ်လာတာပါ။ ဒါကမဆန်းပါဘူး အစ်မ"
"ဇူလီက လက်ပေါက်ကပ်တယ်"
"........"
စကားနိုင်လုတာမနိုင်ရင် ထိုမိန်းမက အဲ့စကားအမြဲပြော၏။
သူတို့၂ဦးဟာ ဆယ်မိနှစ်ခန့် ဘာစကားမှထပ်မပြောမိ။ သေချာသလောက်ဆို ထိုမိန်းမက ဇူလီ့ကိုစိတ်ကောက်နေလောက်ပြီ။
"နောက်ဆုံးအချိန်ထိ ရှဲ့ဟန်က သူတစ်ပါးချစ်ရသူကို ဖျက်ဆီးသွားခဲ့တာနော်"
"ဒါဆို ရှဲ့ဟန်ကိုလူတွေဖျက်ဆီးခဲ့တာကျတော့ရော"
"သူအပြစ်ပေးသင့်သလောက် ပေးခဲ့ပြီးပြီလေ။ လူတွေဘယ်လောက်နှိပ်စက်စက် သူကသာကောင်းအောင်နေရင် သူလိုချင်တဲ့ဘဝလေး ရလောက်တယ်။ အခုဟာက သူမရခဲ့တိုင်း သူတစ်ပါးကိုဖျက်ဆီးတာကျ သိပ်ကိုအတ္တဆန်လွန်းတယ်"
သူသာကောင်းအောင်နေရင် တဲ့။ ဘယ်သူကမှ ရှဲ့ဟန်ကို ကောင်းအောင်နေဖို့သွန်သင်မသွားခဲ့ဘူးလေ။ ပတ်ဝန်းကျင်ကနေရူန်းထွက်ရအောင်ကလည်း ရှဲ့ဟန်က အဲ့အခါဘာမှမသိသေးတဲ့အရွယ်ငယ်ငယ်ကလေး။ ရှဲ့ဟန်က အများနှင့်၁ယောက် ဖြစ်ခဲ့တာ။ နောက်ဆုံးချိန်ထိ သူ့ဘေးနားဘယ်သူမှရှိမသွားခဲ့ဘူး။ လူပေါင်းဘီလီယံကျော်ရှိသည့်ဒီကမ္ဘာထဲမှာတောင် သူ့အနားရှိသူဟာ ၁ယောက်တောင်မရှိဘူးတဲ့။ နောက်ဆုံးချိန်ထိ တစ်ယောက်တည်းအထီးကျန်စွာဖြတ်သန်းခဲ့ရသည့် ရှဲ့ဟန်ဘဝကိုတွေးမိတော့ ဇူလီအဲ့လူကြမ်းကြီးကို မသနားဘဲကိုမနေနိုင်ဘူး။
"သြော်"
ဇူလီ၏ 'သြော်' ဟူသောအသံကို ထိုမိန်းမ သဘောမကျပါ။ သို့ပေမယ့် ဇူလီက ထိုမိန်းမကိုအလျော့ပေးမည်မဟုတ်။
"ပတ်ဝန်းကျင်က ရှဲ့ဟန်အပေါ်မှမကောင်းခဲ့ကြတာကိုး။ နောက်ပိုင်း အဲ့မကောင်းတဲ့အကျိုးဆက်ကိုဘဲ သူတို့တွေခံစားသွားရတာလေ။ ဒါက ကိုယ်စိုက်တဲ့အသီးကို ကိုယ်ရောနောက်လူတွေပါစားသွားရတာဘဲ။ အသီးကောင်းစားချင်ရင် အပင်ကောင်းစိုက်ရတယ်လေ"
"အိမ်နီးချင်းဖြစ်လာကြခြင်းဟာ အကြောင်းရှိတယ် အစ်မ"
လူတစ်ဦး၏အနာဂတ်မှာ လူကောင်းဖြစ်လာခြင်းနှင့် လူဆိုးဖြစ်လာခြင်းက မိဘအုပ်ထိန်းသူအပေါ်၊ ပတ်ဝန်းကျင်အပေါ်၌ အများကြီးမူတည်ပါသည်။ မိဘကအုပ်ထိန်းမှုမတတ်ရင် ပတ်ဝန်းကျင်က ထိန်းပေးလို့ရပါတယ် သိပ်ကြီးပင်ပန်းတဲ့အရာမဟုတ်ပါဘူး။
အခုခေတ် ပတ်တန်းကျင်က ဘယ်လိုဖြစ်နေလဲဆို ဥပမာပြရရင် လင်က မယားနှင့်ရန်ဖြစ်ပြီး မယားကိုဓားနဲ့လုပ်ဖို့ဟန်ပြင်နေတယ်ဆိုပါစို့။ အဲ့ခါ လူတွေဘာပြောလဲဆို ‘ဟေ့ ကိုယ့်ကိစ္စမဟုတ်ဘူး ဝင်မပါနဲ့’ ‘ဟေ့ လင်မယားကြားမဝင်ကောင်းဘူး’ ‘ကြား၂ကြးဝင်မကောင်းဘူး’ စသဖြင့် ပြောကြလိမ့်မယ်။ နွေးထွေးသင့်တဲ့ပတ်ဝန်းကျင်ဟာ ထိုစကားကနေစပြီး ပျက်စီးလာတယ်။ ပတ်ဝန်းကျင်ဆိုတဲ့အရာ ဖြစ်တည်လာတာဟာ ဒီအတွက်ကြောင့်လို့မထင်ဘူး။ ပတ်ဝန်းကျင်ဆိုတာဟာ တစ်အိမ်နှင့်တစ်အိမ် ကောင်းတာတွေမျှဝေ၊ ဆိုးတာတွေကိုပါမျှဝေပြီး နွေးနွေးထွေးထွေးရှိသင့်တယ်။ ရိုင်းပင်ကူညီမှုရှိသင့်တယ်။ ဒါကမှစစ်မှန်တဲ့ပတ်ဝန်းကျင်။
တစ်ကယ်တော့ ခုနကပြသနာမှာ ပတ်ဝန်းကျင်ကလူတွေဟာ ယောက်ျားဖြစ်သူလက်ကဓားကိုမြင်ပြီး ကြောက်ရွံ့နေကြတာ ပြီးတော့ နောက်ဆုတ်သွားကြတာ၊ ပြီးတော့ အမှုလာပတ်မှာစိုးရိမ်နေကြတာ။ အဲ့အချိန်များ အရဲစွန့်ပြီး လူတွေတားခဲ့ကြရင် မယားဖြစ်သူဟာ ဓားခုတ်မခံရဘူး၊ လူအများရဲ့အားဟာ လူတစ်ယောက်ကိုနိုင်ပါတယ်။
ဒီလိုဘဲ လူတစ်ဦးကောင်းလာဖို့ဆို ရှဲ့ဟန်ရဲ့ပတ်ဝန်းကျင်ကလူတွေလိုမဖြစ်မိဖို့လို၏။ ဘုရားက ပတ်ဝန်းကျင် ဆိုတဲ့အသိုက်အဝန်းကိုဖွဲ့စည်းပေးထားတာ အလကားမှမဟုတ်။
"ဇူလီက ပတ်ဝန်းကျင်ကိုသိပ်ယုံတာဘဲနော်"
ထိုမိန်းမက သံရှည်ဆွဲကာပြောတော့ ဇူလီ့မှာ ပြန်ပြောဖို့စကားများ ပျောက်ရှသွားရသည်။ စိမ်းလဲ့ညိုဟာ ပတ်ဝန်းကျင်ကို သဘောမကျနေသည်မှာသိသာလှ၏။
"ဟုတ်ကဲ့ အခုထိပေါ့"
ရိုးရိုးသားသားပြောရရင် ဇူလီရဲ့အခုအသက်အရွယ်ထိ မကောင်းသည့်ပတ်ဝန်းကျင်ဆိုတာကို မကြုံဖူးသေး။ သူတို့မိသားစုက မေတ္တာတွေအရင်ပေးခဲ့လို့လည်းဖြစ်မည်၊ လောကကြီးက ငယ်သေးသည့်ဇူလီ့ကို တမင်အကျောပေးထားတာလည်းဖြစ်ချင်ဖြစ်မည်၊ ဇူလီတို့မိဘတွေက တမင်ကောင်းသည့်ပတ်ဝန်းကျင်ရွေးကာ နေထိုင်ခဲ့လို့လည်းဖြစ်ချင်ဖြစ်ပါမည်။
"ရှဲ့ဟန်နှင့် ဖူဇီယွိက ဘာကွာလဲ ဇူလီသိလား"
ထိုမိန်းမကလည်း ဇူလီကိုအလျော့ပေးမည့်ဟန်မတူ။
"ဖူဇီယွိက သူချစ်ရသူကိုဆုံးရှုံးခဲ့ရပေမယ့် အနာဂတ်မှာ သူများချစ်ရသူတွေမဆုံးရှုံးရအောင် သူအကောင်းဆုံးလုပ်ဆောင်သွားပေးခဲ့တာ။ သူအတ္တကြီးခဲ့တာဆိုလို့ သူချစ်ရသူကို လက်မလွတ်နိုင်ခဲ့တာလေးဘဲ။ သူ့ကောင်မလေးကလွဲပြီး နောက်ဆုံးအချိန်ထိသူဘယ်သူ့ကိုမှထပ်ချစ်မသွားခဲ့ဘူး။ ရှဲ့ဟန်ရဲ့ပတ်ဝန်းကျင်က ရှဲ့ဟန်အပေါ်မကောင်းရင် နောက်ကျသူလည်း အဲ့မကောင်းတဲ့ပတ်ဝန်းကျင်လိုမဖြစ်စေနဲ့ပေါ့။ အခုဟာက ဘဝကိုကြိုးစားရူန်းကန်နေတဲ့ အပြစ်မရှိသူတွေကို သူလိုက်သတ်ခဲ့တယ်။ တော်တော့ကိုအောက်တန်းကျတဲ့စိတ်ဓါတ်"
ထိုမိန်းမပါးစပ်က အဲ့လိုထွက်လာရင် ဒါ သူမစိတ်တိုနေလို့ဘဲ။
"အင်းပါ နောက်ဆုံးသူလည်းသေသွားတာဘဲလေ"
ဇူလီ့အပြောကို ထိုမိန်းမက ခေါင်းသွင်သွင်ယမ်းနေသည်။
"မဟုတ်ဘူး သူကအဲ့လိုဇာတ်သိမ်းသင့်တာမဟုတ်ဘူး။ သူ့ကို သူမရနိုင်ခဲ့တဲ့ဘဝမှာ ပျော်ပျော်ရွင်ရွင်နဲ့ရှင်သန်နေကြတဲ့လူတွေရဲ့ဘဝကိုကြည့်ခိုင်းပြီး တဖြည်းဖြည်းဆွေးမြည့်ရင်း သေသွားခိုင်းသင့်တာ"
ကိုယ်မရနိုင်ခဲ့ဘဝမှာ သူများတွေပျော်ရွင်နေတာကိုထိုင်ကြည့်ခိုင်းတာက တော်တော့ကိုရက်စက်လိုက်ခြင်းဘဲ။ ထိုမိန်းမက ရက်စက်ပြီဆို ထိုကဲ့သို့ကြောက်စရာကောင်းသည်။ စာရေးဆရာမကတောင် ရှဲ့ဟန်ကိုထိုမျှလောက်ထိမရက်စက်ခဲ့။
"အစ်မက ရှဲ့ဟန်ကိုသနားပေမယ့်လည်း သူလူသတ်တာကိုတော့ ရှုံ့ချတယ်။ သူသတ်ခဲ့တဲ့လူတွေဆီမှာ အိမ်မက်ကလေးတွေ၊ သူတို့ချစ်တဲ့လူကလေးတွေ သေချာပေါက်ရှိကိုရှိမှာဘဲ။ အခုတော့သူ့ကိုတောင်မသိပါဘဲ အဲ့လူတွေက ဘလိုင်းကြီး သေသွားခဲ့ရတယ်။ သူတို့ကြိုးစားနေတဲ့ဘဝတွေဆီကိုလည်းမရောက်ဘဲ လမ်းတဝက်မှာတင် ကွယ်ပျောက်သွားကြကုန်ပြီ။ လူတစ်ယောက်ရဲ့အိမ်မက်ဆိုတာ အဖိုးသိပ်တန်တာကိုကွယ်"
ဘယ်သူဆိုးသည် ကောင်းသည်ကို ဇူလီထပ်မပြောတော့။ ရှဲ့ဟန်ကို သူသနားတာကတော့ အမှန်ဖြစ်သည်။ ဖူဇီယွိကတော့ စိတ္တဇဖြစ်မသွားခဲ့ပေမယ့်လည်း သူလည်းစိတ်ဒဏ်ရာများဖြင့် အနာဂတ်ကိုရှေ့ဆက်ခဲ့တာမှန်၏။ တစ်ဦးကတော့ လူဆိုးဖြစ်ဖို့လမ်းကိုရွေးသွားပြီး တစ်ဦးကတော့ လူကောင်းဖြစ်ဖို့ကိုရွေးချယ်သွားခဲ့သည်။ ထိုမိန်းမပြောတာမှန်၏ ကိုယ်ကောင်းခြင်းဆိုးခြင်းဟာ မိမိ၏ရွေးချယ်မူ၌လည်း မူတည်တာကိုး။
"ပြီးတော့ အဲ့ဒီသေသွားခဲ့တဲ့လူတွေက စိတ်ချပါပြီဆိုပြီး မျက်လုံးမှိတ်သွားကြတဲ့လူတွေမဟုတ်ဘူး။ သူတို့ရဲ့နောက်ဆုံးအချိန်ကလေးမှာတောင် သူတို့တွေ့ချင်တဲ့လူကိုတွေ့မသွားရ၊ သူတို့ချစ်ရသူလက်ထဲမှာလည်း သေမသွားရ၊ ကြောက်ရွံ့မူတွေနှင့် အေးစက်မှောင်မိုက်နေတဲ့အခန်းကလေးထဲမှာ လွတ်မြောက်ဖို့မျှော်လင့်ချက်ကလေးတွေနဲ့သေသွားရတာ။ သူတို့ရဲ့သက်ဆိုင်သူတွေကလည်း အဲ့ဒီစိတ်တွေနဲ့ နောင်နှစ်ပေါင်းများစွာအထိ ပြုံးရယ်နိုင်ကြမယ်မထင်ဘူး။ ဇူလီသာဆိုရင်ရော ပြုံးရယ်ပြီးကျန်နိုင်ခဲ့မယ်ထင်လား။ ရှဲ့ဟန်က လူတင်မဟုတ်ဘူး စိတ်တွေကိုပါသတ်သွားခဲ့တာ"
လူတိုင်းရဲ့ဘဝမှာ အချစ်ဆုံးဆိုသောလူတစ်ယောက်ဟာ အမြဲရှိ၏။ ကိုယ့်ဘဝရဲ့နောက်ဆုံးအချိန်လေးမှာ မြင်ချင်တွေ့ချင်သွားသည့် လူကလေးတစ်ယောက်ပေါ့။ ရှဲ့ဟန်သတ်ခဲ့တဲ့လူတွေရဲ့ အချစ်ဆုံးဆိုသောလူတွေဟာ ကျန်ဘဝကိုမည်သို့ကုန်ဆုံးကြမည်နည်း။ သူတို့မသေခင်လေး နောက်ဆုံးအနေဖြင့် သူတို့တွေ့မြင်သွားချင်ကြသည့်လူတွေဟာရော မည်သူတွေနည်း။ ရှဲ့ဟန်သတ်ခဲ့သောလူတွေကို အချစ်ဆုံးဆိုသောလူတွေရော ကျန်ဘဝကို မည်သည့်ပုံဖြင့်ကုန်ဆုံးရင်း ကျန်နေခဲ့ကြမည်နည်း။ သူတို့ဟာ လူမသေပေမယ့် စိတ်ကတော့ သေဆုံးသူများနောက်ပါသွားခဲ့ကြမည်ဖြစ်သည်။
အဆုံး၌ ဇူလီကသာထိုမိန်းမကို ရှုံးသွားခဲ့သည်။ ထားပါလေ သူကျေနပ်ပါတယ်။ တစ်ဆက်တည်းမှာဘဲ ဇူလီက ထိုမိန်းမကို ဖူဇီယွိလိုလူမျိုးဖြစ်နေမှာကြောက်မိသွား၏။ လှပတဲ့မိန်းကလေးတစ်ယောက်က အခုချိန်ထိရည်းစားမရှိသေးရင် ပထမဆုံးအချက်က သူ့အရင်ရည်းစားကိုမမေ့သေးလို့။ ဘုရားရေ အဲ့လိုတော့မဖြစ်ပါစေနဲ့။ ဒုတိယအချက်ဖြစ်သည့် အချစ်ကိုကြောက်ရွံ့နေတာဘဲဖြစ်ပါစေ။
"အစ်မကတော့ ဘဝရဲ့နောက်ဆုံးအချိန်နီးနီးကလေးမှာ ချစ်ရသူမျက်နှာကလေးဘဲကြည့်ပြီး ချစ်ကြောင်းတဖွဖွပြောရင်း သူ့လက်ထဲလဲလျောင်းသွားချင်တာ"
ကြည့်ရတာ ထိုမိန်းမက ဘုရားထက် အချစ်ကိုပို၍ကိုးကွယ်သည်ထင်သည်။
သူမတို့စစ်ပွဲဟာ ထိုနေရာမှာတခန်းရပ်သွား၏။
"လက္ဘက်လေးစားလေ ဇူလီ"
ထိုမိန်းမက သူတစ်လုတ်စားပြီးချလိုက်သည့် လက္ဘက်ပန်းကန်ကို ဇူလီ့ရှေ့တိုးပေးသည်။
"အစ်မဇွန်းမို့မသုံးတတ်ရင် နောက်၁ချောင်းထပ်ယူပေးမယ်လေ"
လက္ဘက်ပန်းကန်ကိုထိုင်ကြည့်နေသည်ဇူလီအား ထိုမိန်းမက ဇူလီရွံရှာနေသည်ဟု ထင်သွားပုံပေါ်သည်။ ဇူလီက အမြန်ခေါင်းခါပြ၏။ လက္ဘက်စားရင် ညအိပ်မပျော်လို့ အတတ်နိုင်ဆုံးရှောင်နေတဲ့အကြောင်း ဇူလီပြောဖြစ်မည်မဟုတ်။ ထိုမိန်းမ,စားခဲ့သည့်ဇွန်းကို ဇူလီကောက်ကိုင်ပြစ်လိုက်သည်။ ဇွန်းတစ်ချောင်းတည်းကို အတူမျှသုံးရသည်ဆိုသောစိတ်က သူ့ကိုရင်ခုန်စေ၏။ ဒါက သွယ်ဝှိုက်အနမ်းပေးတာဘဲမဟုတ်ဘူးလား။ ဇူလီက သူ့ဟာသူတွေးပြီး နားရွက်များနီရဲလာသည်။
"စပ်လို့လား ဇူလီ"
ဇူလီက ထပ်ပြီးခေါင်းခါပြ၏။ ထိုမိန်းမက ဇူလီ့ကို ရေနွေးငှဲ့ပြီးပေးလာသည်။
"စပ်ရင် ရေနွေးလေးသောက်နော်။ အစ်မကတော့ လက္ဘက်စားရင် ရေနွေးကြမ်းလေးပါမှ"
ဇူလီက လက္ဘက်ရည်လည်း သောက်လေ့မရှိ။ အိမ်မှာတော့ သူ့အဖေနှင့်အမေက သောက်သည်ရှိပါသည်။
လက္ဘက်ရည်က သူ့အူလမ်းကြောင်းတစ်လျောက်ပူဆင်းသွားသည်။ ပြီးမှ နွေးလာ၏။ စိမ်းလဲ့ညိုကလုပ်ပေးသည့် မည်သည့်အရာသေးသေးလေးကိုမဆို ဇူလီက မြတ်နိုးပါသည်။ လက်ဖက်ရည်လေးငှဲ့ပေးသည်ကအစပေါ့။
"ဇူလီက စကားကိုပြောချင်တဲ့အချိန်မှထပြောတဲ့ လူကပ်ကလေးဘဲနော်"
ခေါင်းငြိမ့်ပြီးခေါင်းခါတာကိုသာ အများဆုံးလုပ်တတ်သည့်ဇူလီအား ထိုမိန်းမက ထိုသို့ချီးမွန်း၏။
"ဟော စကားပြောပြီဟေ့ဆိုလည်း သူများကိုစကားနိုင်လုတော့တာဘဲ"
ဇူလီက ရေနွေးတောင်သီးချင်သွားသည်။ သူနဲ့ခုဏက အငြင်းအခုံဖြစ်ခဲ့သည့်ကိစ္စကို ပြောခြင်းဖြစ်မှာပါ။ ရပါတယ် ဇူလီက ထိုမိန်းမပြောသမျှ ကောင်းသည်ဆိုးသည်ကို အကုန်ခံယူပြီးသားဖြစ်၏။
တိတ်ဆိတ်သွားသည့်အခြေအနေကိုမနေတတ်၍ ထိုမိန်းမက သီချင်းကိုသွားဖွင့်သည်။ ထုံးစံအတိုင်း ခင်မောင်တိုး၏ Playlist ကလေး။
"ကျောင်းကဝေးလား"
"သိပ်မဝေးပါဘူး"
"ဟုတ်လား"
"အင်း"
အမှန်ပြောရရင် ကျောင်းကအိမ်နှင့် နီးလားဝေးလား ဇူလီအခုထိမသိ။
"ဘယ်လောက်ဝေးလဲ"
သူထပ်မေးသည့် ဘယ်လောက်ဝေးလဲဆိုသည်ကို ဇူလီဘယ်လိုဖြေရမည်မသိပါ။
"သီချင်း ၇ပုဒ်စာလောက်"
ဇူလီ့အဖြေကို ထိုမိန်းမက သဘောကျနေသည်။ စိမ်းလဲ့ညိုက သူမကိုရေနွေးထပ်ငှဲ့ပေးလာ၏။
"အစ်မ"
"ဟင်"
"တစ်ကယ်လို့ အစ်မကို လူတစ်ယောက်ကချစ်ကြောင်းလာပြောရင် အစ်မဘယ်လိုလုပ်မလဲ"
ထိုမိန်းမက ဇူလီ့ကိုကြည့်ပြီး တိတ်ဆိတ်နေသည်။ ဇူလီက ခန့်မှန်းရခက်သည့်ကလေးမို့ ထိုမိန်းမ ရိပ်မိမည်မထင်ပါ။
"ဘာပြန်ပြောရမလဲကွယ် ကျေးဇူးတင်ပါတယ်ပေါ့"
ထိုစကားကိုပြော၍ သူက တစ်နေရာကိုထွက်သွားသည်။ သံသယကင်းစွာဖြင့် မှန်ခုံအရှေ့ပေါ့။
"အချစ်ဆိုတာ ပူလောင်တဲ့မီးမျိုးဘဲ ဇူလီ။ အစ်မ ဘယ်သူ့ကိုမှ မချစ်ချင်ဘူး"
အချစ်ဆိုတာ ပူလောင်တယ်တဲ့။ ဇူလီကတော့ အဲ့ပူလောင်မှုမျိုး မခံစားရပါလား။
"ပြောလို့မရဘူးလေ။ အစ်မ တစ်နေ့ကျရင် လူတစ်ယောက်ကိုချစ်ချင်ချစ်မိသွားနိုင်တာဘဲ"
ထိုမိန်းမက ဇူလီပေးသည့်ပန်းကလေးကို ပန်ဆင်ထားပြီး ခုံမှထလာသည်။ ဇူလီရဲ့နူတ်ခမ်းနီကလေးကို မှန်ခုံရှေ့မှာတွေ့၏။ စိမ်းလဲ့ညို ဆိုးတာတော့မတွေ့ရသေးပါ၊
"တစ်ကယ်လို့ လူတစ်ယောက်ကအစ်မကို မိတ်ဆွေအဆင့်ထက်ပိုလာပြီဆိုတာ သိရကြည့် အစ်မအဲ့လူကို အစ်မအနားကချက်ချင်းတွန်းထုတ်ပြစ်မှာ။ ပြီးရင် အစ်မကိုယ်တိုင်လည်း သူနဲ့အဝေးဆုံးကို ထွက်ပြေးမယ်။ ဒါဆို သူလည်းဒုက္ခမရောက် ကိုယ်လည်းဒုက္ခမရောက်တော့ဘူးပေါ့"
"........."
ခုနကစားလိုက်သည်လက္ဘက်ကြောင့်ဖြစ်မည် ဇူလီ့နှလုံးများ တုန်ယင်နေ၏။ အစကတည်းက စိမ်းလဲ့ညိုကို သူ့အချစ်များအကြောင်း ဖွင့်မပြောပြစ်ဖို့ ဆုံးဖြတ်ချက်များချခဲ့တာ မှန်သွားသည်။ ဇူလီ ဒုက္ခမရောက်တော့ဘူးပေါ့။
"ဒီအတိုင်းလေးရှိနေတာဘဲကောင်းပါတယ် ဇူလီရယ်။ မိတ်ဆွေဆိုတဲ့ချစ်ခြင်းမေတ္တာလောက် ဘယ်ဟာကပိုအေးချမ်းမှာလဲ"
စကားထပ်ပြောဖို့အားအင်များ ဇူလီ့မှာမရှိတော့ပါ။ သူပြောသလို မိတ်ဆွေအဆင့်ကဘဲကောင်းပါသည်။ မဟုတ်ရင် အဝေးသို့တွန်းပို့ခံရမှာဖြစ်၏။ ကိုယ့်ဘဝထဲကနေ ကိုယ်ချစ်ရသူသာ ထွက်သွားခဲ့ရင် ကိုယ်ကျိုးနည်းမည်ဖြစ်၏။ အနီးနားကနေ တိတ်တိတ်လေးချစ်နေသည်ကသာ ကောင်းပါသည်။
.........
ယခုနောက်ပိုင်း ဇူလီ၏အိမ်ပြန်ချိန်များဟာ ယခင်ကလိုမဟုတ်တော့။ ကျူရှင်ကနေ အိမ်အရင်ပြန်ပြီးမှ ထိုမိန်းမအိမ်သို့သွားသည်။ စာတွေကိုသူနားလည်လာပေမယ့် စိမ်းလဲ့ညိုရဲ့အနားကို သွားရမှဖြစ်မည်မို့ သူကြိုးစားပြီးအနားသွားကပ်၏။
"လပတ်စာမေးပွဲက ဘယ်တော့လဲ"
ဇူလီတို့ကျူရှင်မှာ လတိုင်းစာမေးပွဲရှိ၏။
"မနက်ဖြန်"
"အိမ်မှာဘဲစာကျက်တော့လေ။ ဘာလို့သူများအိမ်သွားကျက်နေမှာလဲ။ ဟိုက ကြိုက်လား မကြိုက်လားမသိ"
ဇူလီက နေ့တိုင်း သူများအိမ်သွားသွားနေသည်မို့ သူ့အမေက စိမ်းလဲ့ညိုတို့ကိုအားနာလာသည်။ စိမ်းလဲ့ညိုအမေကတော့ ဇူလီ့ကိုကျေးဇူးတင်နေပေမယ့် စိမ်းလဲ့ညိုကတော့ တစ်ခါတစ်လေ သူများကလေးကြာကြာခေါ်ထားတာ မကောင်းဘူးဆိုပြီး ဇူလီ့ကိုခဏလေးနဲ့အိမ်ပြန်လွတ်တတ်၏။
"အိမ်မှာဘဲကျက်ပါ"
နောက်ဆုံးတော့ ဟိုဘက်အိမ်သွားဖို့ ဇူလီလက်လျော့လိုက်သည်။ စိမ်းလဲ့ညိုကို တွေ့ချင်နေပေမယ့်လည်း အမေပြောသလို သူများအိမ်ကိုအားနာရမည်ဖြစ်၏။ စိမ်းလဲ့ညိုကတော့ ဇူလီမလာလည်း ဘာမှခံစားရမည်မဟုတ်ပါ။
ထိုနေ့က စာကျက်ရသည်ဟာ ဘယ်လိုမှစိတ်မပါ။ စိမ်းလဲ့ညိုဆီ သူသွားချင်၏။ ဖုန်းကလေးဖြစ်ဖြစ်ဆက်လိုက်ရင် ကောင်းမလား။ အသံကလေးဖြစ်ဖြစ်ကြားရရင် သူအဆင်ပြေသည်။ ဖုန်းကိုကောက်ကိုင်လိုက်ပြီး တစ်ခုတည်းသော contact မှတ်ထားသည့်နံပတ်ကို နှိပ်ဖို့ပြင်၏။ အရင်ရက်များကပြောသည့်စကားကို ပြန်လည်ကြားယောင်လာတော့ ဇူလီက လက်လျော့လိုက်ပြန်သည်။ ဒီလောက်ထိကဲသဲပြနေလို့မဖြစ်။ စိမ်းလဲ့ညိုက သူသာသူမကို မိတ်ဆွေအဆင့်ထက်ပိုနေမှန်းသိသွားခဲ့ရင်.... ။ သူဆင်ခြင်မှပါ။
၃ဘာသာဖြေပြီးအချိန်ထိ ဇူလီ စိမ်းလဲ့ညိုဆီမသွားဖြစ်ခဲ့။ ထိုမိန်းမက ဖုန်းလေးတော့ဆက်ရှာ၏။ ဇူလီက စာမေးပွဲကြောင့်ဟုသာ ဖြေထားလိုက်သည်။ အကူအညီလိုအပ်ရင် သူ့ဆီလာခဲ့ဖို့ပြောပေမယ့် ဇူလီကမှ စာနဲ့ပတ်သက်ပြီး သူ့အကူအညီမလိုတာ။
Bio ဖြေဆိုသည့်နေ့တွင် တာဝန်ကျသောဆရာမမှာ ဆရာမသင်းပျံ့မွှေးဖြစ်၏။ ဘာသာရပ်ကိုကိုင်သည့်ဆရာမမှာ မွှေးဖွားခွင့်ယူထား၍ အတန်းမလာနိုင်ဟုဆိုသည်။ ဖြေဆိုချိန်ပြီးသွားတော့ ဆရာမက နောက်ဘာသာအတွက် စာကြည့်ချိန်များပေး၏။ ကျူရှင်ကျောင်းသားများကတော့ အိမ်ပြန်ခွင့်ရ၏။ အဆောင်နေကျောင်းသားများသာ စာသင်ခန်းဆက်ဝင်ရမည်ဖြစ်သည်။
"အစ်မ ဖြေနိုင်လား"
ဟိုတစ်နေ့က ဟေမာန်။ ဇူလီက သူ့ကိုသိပ်သတိမထားမိပေမယ့် သူကတော့ ဇူလီ့ကိုသိပ်သတိထားသည်။
"အင်း"
တစ်ခါတစ်ရံ လူတွေရဲ့အကျင့်စရိုက်က မျက်နှာတွင်ပေါ်တတ်သည်မို့ ဇူလီက ဟေမာန့်ကိုသိပ်သဘောမကျပါ။ ဟေမာန်ဟာ သူမကိုအကြောင်းတစ်ခုရှိလို့ လာရောက်ပေါင်းသင်းတာဖြစ်သည်ဟု သူထင်သည်။
"သင်္ချာ၅မှတ်တန်အပုဒ် မေးခွန်းနံပတ်၆ကအဖြေ အစ်မဘာရသွားလဲဟင်"
ဇူလီထင်တာမမှားရင် ဟေမာန်က သူ့စာပြိုင်ဘက်ဖြစ်မည်။
"မမှတ်မိဘူး"
ဇူလီမမှတ်မိတာမဟုတ်။ ပြောရမှာပျင်းလို့ဖြစ်သည်။
"ကျွန်မမှာ မေးခွန်းစာရွက်ပါလာတယ် အစ်မ"
တော်တော်ခက်တဲ့ဟေမာန်။ Bio နေ့ကြီးကိုတောင် သင်္ချာမေးခွန်းစာရွက်ပါဆယ်ယူလာသေးသည်။ ဟေမာန်က ဇူလီ့ကိုသင်္ချာမေးခွန်းစာရွက် ဖြန့်ပြ၏။
"ဒီမှာလေ အစ်မ"
"ဟေမာန်ဇော် သူများအတန်းဝင်နေပြီနော်"
ဆရာမသင်းပျံ့မွှေးက နောက်ကရောက်လာပြီးအော်ကာမှ သူကအတန်းထဲပြေးဝင်သွား၏။
"စာလိုက်နိုင်ရဲ့လား ကျောင်းသူလေး"
ဆရာမက ဇူလီ့ကိုပြုံးပြလာသည်။ ဇူလီက သူ့အမေးကို ခေါင်းငြိမ့်ပြ၏။
"ဆရာမ unseen တစ်ပုဒ်မေးထားတာ အခြေအနေဘယ်လိုရှိလဲ"
ဆရာမသင်းပျံ့မွှေး၏ဘာသာရပ်ဟာ သင်္ချာပါ။ သူ့စာရွက်မှာ ကျောင်းသားတွေကို ဉာဏ်စမ်းဖို့ unseen တစ်ပုဒ်ထည့်ထားခဲ့၏။ သိပ်တော့မခက်ပါ။
"အဆင်ပြေပါတယ်"
ဇူလီက အိမ်ပြန်ချင်နေသည်။ ဆရာမကလည်း သူ့ကိုစကားပြောချင်နေ၏။
"ကျောင်းသူလေးက ဆရာမကိုစာဘယ်တော့မှလာမမေးတော့ အဆင်ပြေရဲ့လား...."
အဆောင်ပေါက်ဝရှေ့မျက်နှာမူကာ ဆရာမ၏စကားသံများ တိတ်ဆိတ်သွားသည်။ ဇူလီကပါ ဘာလဲဆိုပြီးကြည့်မိတော့ စိမ်းရင့်ရောင်ပုံရိပ်ကလေးကိုမြင်၏။
"စိမ်းလဲ့ညို"
ထိုမိန်းမ၏နာမည်ကို ဆရာမပါးစပ်ဖျားမှ ခပ်တိုးတိုးလေးထွက်လာတာ ဇူလီကြား၏။ အသိတွေများလား။
"ကွက်တိရောက်လာတာဘဲ။ အတန်းပြီးပြီမလား"
ထိုမိန်းမက ဇူလီ့ကိုသာ ပြုံးပြသည်။ ကျန်တာကိုတော့ သူအဖက်မလုပ်။ ကျောင်းခန်းတွင်းရှိလူများ ယုတ်ယုတ်သဲသဲဖြစ်လာသည်။ စိမ်းလဲ့ညိုကြောင့်ဆိုတာ ၂ခါပြန်တွေးစရာမလို။ ဆရာမသင်းပျံ့မွှေးက စကားသံတောင်မထွက် စိမ်းလဲ့ညိုကိုသာ မမှတ်မသုန်ကြည့်နေ၏။ အဲ့ဆရာမရဲ့မျက်လုံးတွေထဲမှာ ခံစားမှုရသတွေကအမျိုးစုံ။
"ဘာလာလုပ်တာလဲ"
"စိမ်းလိုက်တဲ့မေးခွန်း"
စိမ်းမှာပေါ့ ဇူလီကမှမကြိုက်တာ။ အခုကြည့် အကုန်လုံးရဲ့စိတ်အာရုံက စိမ်းလဲ့ညိုဆီမှာကြီးဘဲ။ ယောက်ျားသူငယ်တွေ။
"တစ်ကယ် ဒီကိုဘာလာလုပ်တာလဲ"
ဇူလီ့လေသံက အနည်းငယ်ခပ်တင်းတင်းဖြစ်နေသည်။
"လာကြိုတာပါ ဇူလီ့ကို"
ကမ္ဘာကြီးက ပြောင်းပြန်လည်ပတ်နေပြီထင်သည်။ ဇူလီက သူ့ဟာသူတောင်မယုံနိုင်။
"စက်ဘီးကိုနောက်ခန်းမှာတင်လိုက်။ ပြီးရင် အစ်မနှင့်အတူပြန်မယ်"
ဟုတ်သည် ကမ္ဘာကြီးဟာ ပြောင်းပြန်လည်ပတ်နေပါသည်။
"သူ့အတန်းချိန်ပြီးပြီမလား"
ယခုမှသာ စိမ်းလဲ့ညိုက ဘေးနားရှိနေသည့်ဆရာမကို အဖက်လုပ်၏။ ဆရာမက သြော် ဟူ၍သာ ပြန်ဖြေသည်။
"လာ သွားကြမယ်"
ထိုမိန်းမက ဇူလီ့လက်မောင်းကို တွဲလာ၏။ သူတို့အဝေးမရောက်ခင်လေး ဆရာမသင်းပျံ့မွှေးက တစ်ခုခုပြောဟန်ပြင်လိုက်တာ သိသည်။ သို့ပေမယ့် ဘာသံမှထွက်မလာ။
ဇူလီက သူ့စက်ဘီးကို ကားနောက်ခန်းသို့တင်သည်။ ဒီမိန်းမ ဘာစိတ်ကူးပေါက်ပြီး သူ့ကိုလာကြိုတာပါလိမ့်။
"ပင်ပန်းနေမယ်ထင်လို့ လာကြိုပေးတာပါ။ ဒီရက်ပိုင်း နေအပူချိန်သိပ်မြင့်တယ်လေ"
နွေလများဝင်လာတော့ အပူချိန်သိပ်မြင့်တာမှန်ပါသည်။ တစ်ခါတစ်လေ ၃၅ မှ ၃၈အထိရှိ၏။
"ဖြေနိုင်ရဲ့လား"
"ဟုတ်ကဲ့"
ကားထဲမှ စိမ်းလဲ့ညို၏မွှေးရနံ့များရသည်။ အဲ့မိန်းမက အမြဲမွှေးပျံ့နေတာဘဲ။ ဇူလီက သူ့ကိုယ်သူတောင်နမ်းကြည့်လိုက်သေး၏။ ချွေးအနည်းငယ်ထွက်နေပေမယ့် နံတော့မနံ။
"အစ်မတို့ တစ်ခုခုစားရအောင်လေ"
ထိုမိန်းမက စားသောက်ဆိုင်တစ်ခုရှေ့ ကားထိုးရပ်သည်။ လူအများအကြည့်ကလည်း ထိုကားနားရပ်တန့်သွား၏။
"တော်ပြီ မစားတော့ဘူး"
ဒီနေ့က ဘာနေ့များလဲ။ ဇူလီ့စိတ်များ ညစ်ငြူးနေသည်။ သူ စာမေးပွဲလည်းဖြေနိုင်ရဲ့သားနဲ့။
"ဗိုက်မဆာလို့လား"
ကားထဲမှထွက်ဟန်ပြင်နေသည့်ထိုမိန်းမဟာ ဇူလီ့ကိုလှည့်မေးလာသည်။
"ဟုတ်တယ်"
ဂွီ....
သောက်ပြသနာက ကိုယ့်ကိုလာရှာသည်ဆိုတာ ဒါမျိုး။
"ဗိုက်ဆာနေတာကိုကွယ် ဟန်လုပ်နေတယ်"
ဇူလီက ဘေးနားမှဖြတ်သွားသည့်ကားအောက်သာ လှိမ့်ဝင်ချင်တော့သည်။
"ဇူလီ အစ်မဆီမလာတော့လို့ အဆင်မှပြေရဲ့လားဆိုပြီး သိချင်နေတာ"
ပြောပြောဆိုဆိုဖြင့် ထိုမိန်းမက ဇူလီ့ပန်းကန်ထဲ ဟင်းများထည့်ပေးလာသည်။
"ပြေပါတယ်"
ဇူလီက ဝက်ခေါက်ကင်ကလေးကို ကောက်ဝါးလိုက်သည်။ စိမ်းလဲ့ညိုဝယ်ကျွေးတာမို့လားမသိ အရသာသိပ်ရှိ၏။ ဟင်းပွဲများဟာ လူ၂ယောက်စားမကုန်သည်အထိ ပိုလျံနေပါသည်။ ထိုမိန်းမက အလုပ်မရှိပေမယ့်လည်း ပိုက်ဆံတော့အသေဖြုန်းနိုင်သည်။
"ညီမရေ အစ်မကို ဝက်ခေါက်ကင်နောက်တစ်ပွဲလေးလုပ်ပေးပါ"
လက်ကလေးထောင်ပြီး ဟင်းပွဲနောက်တစ်ပွဲကိုအော်ဒါမှာတော့ ဇူလီက ထိုမိန်းမကိုကြည့်လိုက်၏။
"ဇူလီကြိုက်တယ်မလား။ များများစားလေ"
ဝက်ခေါက်လေးကောက်စားပြီး ဝင်းလဲ့သွားသည့်ဇူလီ့မျက်နှာကြောင့် ထိုမိန်းမက နောက်တစ်ပွဲထပ်မှာလိုက်ခြင်း။
"စာကိုသေချာအာရုံစိုက်နိုင်ဖို့ဆို ဇူလီလည်းအားရှိဖို့လိုတယ်"
ဇူလီ့ပန်းကန်ထဲ ထမင်းတောင်မမြင်ရတော့။ သူထည့်ပေးသည့်ဟင်းများဖြင့် ပြည့်လျံနေသည်။ စားပြီးအိမ်ပြန်ကြတော့လည်း ဇူလီ့ဖို့ဆိုပြီး ကြက်ပေါင်းရည်အချို့နှင့် အားဖြည့်စာများဝယ်လာပေးသေး၏။ ဘယ်လောက်ငြင်းငြင်းမရ အတင်းဝယ်လာသည်။
"မနက်ဖြန်မနက်လည်း အစ်မလိုက်ပို့ပေးမယ်လေ။ စက်ဘီးမယူနဲ့တော့"
"ကျူရှင်ချိန်က စောတယ်အစ်မ"
"ရပါတယ် တစ်ခါတစ်လေလေး ခပ်စောစောထကြည့်တာပေါ့"
စိမ်းလဲ့ညိုရဲ့ကား အိမ်ရှေ့ရပ်တော့ ဇူလီ့အမေကထွက်လာသည်။
"ဟဲ့ ဘယ်လိုဖြစ်လာတာတုန်း"
ဇူလီ့အမေက ဇူလီတစ်ခုခုဖြစ်လာသည်ထင်နေ၏။ ပျာပျာသလဲဖြစ်နေသည်။
"မြို့ထဲအလုပ်ကိစ္စရှိလို့သွားရင်း ဇူလီ့ကိုလမ်းကြုံဝင်ကြိုလာတာပါ။ နေကလည်းမြင့်တယ်လေ"
ထိုမိန်းမကလိမ်သည်။ သူအလုပ်မရှိတာ လူတိုင်းသိနေတာကို။
"သြော်ကွယ် အန်တီက တစ်ခုခုများဖြစ်လာတာလားလို့"
စက်ဘီးချပြီးတော့ ထိုမိန်းမက အိမ်ပြန်ဖို့ပြင်နေ၏။
"အိမ်ထဲလေးဝင်ပါအုံးလား"
"မဝင်တော့ပါဘူး အန်တီရယ်"
ထိုမိန်းမက သူဝယ်လာသည့်ပစ္စည်းများကို ဇူလီ့အမေအားပေးနေသည်။ ဇူလီမယူဘူးအတင်းငြင်းနေတာကို။
"ဒါတွေမလိုပါဘူး သမီးရယ်။ ပြန်ယူသွားလိုက်ပါ"
ဇူလီ့မေမေကလည်း အားနာ၍ပြန်ပေးနေသည်။ ထိုမိန်းမက အတင်းလက်ထဲထည့်ပေးနေ၏။
"စာမေးပွဲကာလလေး သူအားရှိအောင်လို့ပါ။ ကျွန်မရဲ့စေတနာတွေမို့ ယူပေးပါအန်တီရယ်"
ပြောရင်ယုံမှာမဟုတ်ပေမယ့် စိမ်းလဲ့ညို လေသံတစ်ချက်သွေးရင် ဘယ်သူမှကြာကြာမငြင်းနိုင်။ ဇူလီ့မေမေက အားနာနာဖြင့်ပင်ယူထားရ၏။
"စိမ်းလဲ့ညိုက နင့်ကိုတော့တော်တော်ဂရုစိုက်တယ်။ အေးလေ သူ့မှာလည်း မောင်နှမသားချင်းမှမရှိတာကိုး"
ပစ္စည်းများကို ကြောင်အိမ်ထဲနေရာချနေရင်း ဇူလီ့မေမေက ထိုသို့ဆိုလာ၏။ စိမ်းလဲ့ညိုရဲ့အမြင်မှာ ဇူလီက ညီမလေးတစ်ယောက်လိုဘဲလားဆိုသည့်အတွေးဝင်လာတော့ ဇူလီဘယ်လိုမှမခံစားနိုင်။ သူမခံစားနိုင်ပေမယ့် ခံစားရမည်။ စိမ်းလဲ့ညိုက သူ့ကိုတွန်းထုတ်လိုက်မှာ သူသိပ်ကြောက်တာကိုး။
ဇူလီက ခါတိုင်းလိုဘဲ မနက်ခင်းစောစောထတယ်။ စာကြည့်တယ် ပြီးရင် ရေချိုး မနက်စာစားပြီး ကျူရှင်သွားဖို့ပြင်၏။ အိမ်ရှေ့သွားပြီး စက်ဘီးထုတ်နေချိန် သူ့ခြေလှမ်းများရပ်သွားသည်။
ဒီမိန်းမကတော့လေ
မနေ့ညက ဇူလီ့ကိုကျူရှင်ပို့ဖို့ကိစ္စနဲ့ပတ်သက်ပြီး ထိုမိန်းမနဲ့စကားများသေး၏။ ဇူလီက ကျောင်းထဲကလူတွေ စိမ်းလဲ့ညိုကိုကြည့်တာမကြိုက်လို့ မလာဖို့အတင်းပြော၏။ စိမ်းလဲ့ညိုကလည်း မရ။ နောက်ဆုံးဘာစာမှမပြန်တော့၍ သူလက်လျော့လိုက်ပြီထင်နေတာ။ အခုတော့ အိမ်ရှေ့မှာ သူ့ကားကထီးထီးကြီး။
"တက်လေ ဘာလုပ်နေတာလဲ"
"ကိုယ့်ဘာသာသွားမယ်"
ဇူလီကမရ စက်ဘီးကိုတွန်းထုတ်လာသည်။ အဲ့မိန်းမဘယ်လောက်ထိအကျင့်ယုတ်လဲဆို စက်ဘီးထုတ်မရအောင် ခြံပေါက်ရှေ့သူ့ကားကြီးပိတ်ရပ်ထားတာ။
"ဇူလီ စာမေးပွဲပြီးတဲ့အထိလေးပါဘဲ နော်"
ပြောဖူးပါတယ် ထိုမိန်းမလေသံသွေးရင် ဘယ်သူမှကြာကြာမငြင်းနိုင်ဘူးလို့။
"ကျွန်မကားပေါ်ကဆင်းပြီးရင် ချက်ချင်းအိမ်ပြန်နော်။ နောက်ကလိုက်မလာနဲ့"
"ဟုတ်ကဲ့ပါရှင့်"
ကားနဲ့ဆို ကျူရှင်ရောက်ဖို့ ၁၀မိနစ် ၁၅မိနစ်သာမောင်းရပါသည်။ စိမ်းလဲ့ညိုက သူ့စကားအတိုင်း ဇူလီဆင်းပြီးတာနဲ့ ချက်ချင်းအိမ်ပြန်သွား၏။ သူ့ကို အမှတ်၁၀၀ရအောင်ဖြေဖို့ ပြောသွားသေးသည်။
စာမေးပွဲမဖြေခင် စာနွေးဖို့ အချိန်နာရီဝက်ခန့်ရပါသည်။ ထိုနာရီဝက်ပြီးရင်တော့ အခန်းစောင့်ဆရာမများရောက်လာပြီး လွယ်အိတ်များသိမ်း၏။ ဘော်ဒါဆောင်မို့ ဆရာမအင်အားတောင့်ပြီး တစ်ခန်းကို အခန်းစောင့် ၅ယောက်အထိထားရှိထားပါသည်။ Physics ဘာသာရပ်က စိတ်ညစ်ရပေမယ့် သင်္ချာကြိုက်သူတွေအတွက်တော့ စိတ်ညစ်စရာမဟုတ်။
"အချိန်ပြည့်ပြီ အားလုံးဘောပင်ကိုဘေးချထားမယ်"
တာဝန်ကျဆရာမများမှ အဖြေလွှာစာရွက်များကို လာရောက်သိမ်းယူပါသည်။ ဒီတစ်ခါလည်း တာဝန်ကျဆရာမက သင်းပျံ့မွှေးဖြစ်ပြန်၏။ ထိုဆရာမက ဇူလီ့အဖြေလွှာကိုယူပြီး ပြုံးပြသွားသည်။
"အစ်မ ဖြေနိုင်လား"
လာပြန်ပြီ ဟေမာန်ဇော်။
"အင်း"
"မနေ့ကလာတဲ့အစ်မက အစ်မရဲ့အစ်မလားဟင်"
ဒီရုပ်နဲ့ဒီရုပ်က ညီအစ်မတွေဖြစ်နိုင်ပါ့မလား ဟေမာန်ဇော်ရယ်။
"အသိအစ်မပါ"
"ဪ တော်တော်လှတယ်နော်။ ရုပ်ရှင်မင်းသမီးလို့တောင်ထင်သွားတာ။ မနေ့က သူ့နာမည်ကိုအတန်းထဲပြောနေကြတာကြားမိသေးတယ် စိမ်း ဘာဆိုလား"
သေချာပေါက် စိမ်းလဲ့ညို၏သတင်းဟာ အတန်းထဲပျံ့နေမှာသေချာပါသည်။ မဟုတ်ရင် စိမ်းလဲ့ညို ဘယ်ပီသတော့မလဲ။
"အစ်မမှာ သူ့အကောင့်လေးများရှိလား ဟီး"
"နင်က အရမ်းစကားများတယ်နော်"
ဇူလီစကားနည်းသည့်အချက်တွေထဲကတစ်ချက်က သူစိတ်ကွက်လာရင် ပါးစပ်ကအဲ့လိုစကားတွေထွက်လာတတ်တာကြောင့်ဖြစ်၏။
"ဟင် ကိုယ့်အတန်းဖော်ကို ဒီလိုလေးမေးလို့တောင်မရဘူးလား"
"မရဘူး။ သူများဖြေချင်လားမဖြေချင်လား အရိပ်အကဲမသိ လျောက်လျောက်မေးနေတာ"
နေကပူ နားကပူနဲ့။ ရီရီစကားများတာ ဇူလီခံနိုင်ပေမယ့် ဟေမာန်ဇော်စကားများတာကိုတော့ ဇူလီမခံနိုင်။ ဟေမာန်ဇော်က သူ့ကိုရှိန်သွား၏။ အသံတိတ်ပြီး ဟိုဘက်ထွက်သွားသည်။
"စက်ဘီးပါမလာဘူးလား ဇူလီ"
ဒီတစ်ခါက ဆရာမသင်းပျံ့မွှေး။ မနေ့ကအထိသူမကို ကျောင်းသူလေးဟု ခေါ်ဆိုနေသည့်ဆရာမက ယနေ့များတော့ သူ့နာမည်ကိုသိနေပြီ။
"ဟုတ်ကဲ့ သူများလာကြိုမှာမို့ပါ"
"သြော်"
သြော် လို့ ထိုဆရာမကပြောလိုက်ပေမယ့် ထွက်တော့မသွားသေး။
"ဖြေနိုင်ရဲ့လား"
"ဟုတ်ကဲ့"
ဆရာမသင်းပျံ့မွှေးက ဇူလီ့ကိုစကားလာပြောတာ အခြားအကြောင်းရှိမည်ထင်သည်။
"စိမ်းလဲ့ညိုနဲ့က အသိတွေလား"
ဇူလီက ထိုဆရာမကို လှည့်ကြည့်မိ၏။ ဘာကြောင့် ဒီလိုမေးသည်မသိပါ။ ပြီးတော့ထိုဆရာမဟာ စိမ်းလဲ့ညိုနာမည်ကို မိတ်မဆက်ဖူးပါဘဲ သိနှင့်နေသည်။ အေးလေ စိမ်းလဲ့ညိုက နာမည်ကြီးဘဲကို။ သိသင့်ပါတယ်။
"ကျွန်မက သူ့ဘေးအိမ်ကပါ"
"သြော်"
စကားနောက်တစ်ခွန်းထွက်မလာခင် ကျောင်းရှေ့သို့ စိမ်းလဲ့ညိုရဲ့ကားကလေးရောက်လာ၏။ ဇူလီက ထိုမိန်းမ ဆင်းလာမည်စိုး၍ အမြန်ပြေးတက်ရမည်။
"သွားပြီနော် ဆရာမ"
"အေး အေး"
ဇူလီက ကားပေါ်အမြန်တက်သည်။ ရနေကျကိုယ်သင်းရနံ့လေး သူရ၏။ စိတ်မောလာသမျှ ယခုဆိုကြက်ပျောက်ငှက်ပျောက်။ စိမ်းလဲ့ညိုဟာ သူမအတွက်တော့ ထိုသို့သောဖြစ်တည်မှုမျိုးဖြစ်သည်။
"အမှတ်၁၀၀ ရလာခဲ့လား"
သူ့အမေးကို ဇူလီကအရင်ရယ်၏။
"ရမယ်ထင်တယ်"
"ဟင် ထင်တယ်ဆိုတော့ ဇူလီက ယုံကြည်မှုမရှိဘူးလား"
"သြော် ကျွန်မကတော့ဖြေလိုက်တာဘဲလေ။ အကုန်အမှားကင်းစင်နေလားတော့ ကျွန်မလည်းမပြောတတ်ဘူး"
ဇူလီ့အပြောကို ထိုမိန်းမကနှာခေါင်းရှုံ့နေသည်။ ဇူလီက ဖျစ်ညစ်ချင်လာ၏။ ထိုမိန်းမမှာလည်း ဒီလိုချစ်စရာအမူအယာလေးတွေ ရှိပါသေးသည်။
မနေ့ကလိုပင် စားသောက်ဆိုင်မှာတစ်ခုခုဝယ်ကျွေးပြီးမှ ဇူလီ့ကိုအိမ်ပြန်ပို့ပေး၏။ ဒီအတိုင်းဆို စာမေးပွဲလည်းပြီး ဇူလီလည်းဝက်ကြီးဖြစ်လောက်သည်။
"အားနာလွန်းလို့ ဘာပြန်လုပ်ပေးရမလဲကိုမသိတော့ဘူးကွယ်"
ဇူလီက အိမ်ပေါ်ခေတ္တတက်သွား၏။ မေမေနှင့်စိမ်းလဲ့ညိုကတော့ အိမ်အောက်တွင်စကားပြောနေကြသေးသည်။
"မဟုတ်တာ အန်တီကလည်း။ ကျွန်မဒီလိုလုပ်ပေးတာ ဇူလီ့ကို ချစ်လို့ပါ။ ပြန်ရပါစေဆိုတဲ့စိတ်နဲ့ လုပ်ပေးတာမျိုးမဟုတ်ပါဘူး"
လှေကားဆင်းနေသည့်ဇူလီ့ခြေလှမ်းများ ရပ်တန့်သွားသည်။ စိမ်းလဲ့ညို ခုလေးတင်ဘာပြောလိုက်တာ။
"ဇူလီက အနေအေးပြီး စိတ်ထားကောင်းပါတယ်။ တစ်ခါတစ်လေ တစ်ခွန်းမကျန်ပြန်ခံပြောတတ်တာလေးဘဲ"
“ဟုတ်ပါ့ရှင် ကျွန်မကိုဆိုသူကသိပ်စွာတယ်”
“အယ် ဟုတ်လား… အစွာမခံနဲ့နော် သူက အလိုလိုက်ထားရင် သိပ်ဆိုးတာ”
ထိုမိန်းမက လှေကား၌ရပ်နေသည့်ဇူလီ့ကို ပြုံးပြုံးဖြင့်ကြည့်လာသည်။ ဇူလီ့အမေဖောက်သည်ချသည်များကို သူက သဘောကျနေဟန်တူပါသည်။
ဇူလီက မီးဖိုဆောင်ဘက်သွားပြီး သံပုရာရည်လေး သွားဖျော်ပေး၏။ ခုနကကြားခဲ့သည်စကားများကို သူပြန်တွေးမိနေသည်။ စိမ်းလဲ့ညိုက သူ့ကို ချစ်သည်တဲ့။ ဇူလီ့ပါးကလေးများ ရဲလာပြန်၏။ သူ့စိတ်များဟာ ကခုန်နေသည်။
"အန်တီ့မှာ သားမရှိလို့ပါ။ ရှိလို့ကတော့ စိမ်းလဲ့ညိုလိုမိန်းကလေးမျိုးကို ၁၀ခါပြန်ချွေးမတော်တယ်"
ချလိုက်သည့်သံပုရာရည်ခွက်ဟာ စားပွဲနဲ့ထိမိလို့ဘဲ အသံမြည်သွားတာလား။
"ကျွန်မက အန်တီတို့လို့မိသားစုကောင်းထဲဝင်ဖို့ အရည်အချင်းမပြည့်မီပါဘူးရှင်"
"အန်တီ့အတွက်တော့ သမီးလောက်သင့်တော်တဲ့ချွေးမ ရှိမယ်မထင်ပါဘူး"
ဒီလိုစကားဝိုင်းတွေကြား ဇူလီကြာကြာမထိုင်ချင်။ ထလည်းထွက်မသွားနိုင်။ သူ့မှာ စိမ်းလဲ့ညိုပြောသံလေး နားထောင်ချင်သေး၏။
"ဘယ့်နှယ်လဲ အနာဂတ်အတွက်သင့်တော်တဲ့ယောက်ျားလေးများ ရှာတွေ့ပြီလား"
"မတွေ့သေးပါဘူး အန်တီရယ်။ စောပါသေးတယ်"
ဘုရားရေ စောပါသေးတယ်ဆိုတော့ အဲ့မိန်းမက မစောတော့တဲ့အချိန်ကျ သင့်တော်တဲ့လူရှာမယ်ပေါ့။ အင်းပေါ့ စိမ်းလဲ့ညိုဟာ မိန်းမတစ်ယောက်ဘဲကို။ သူဘာတွေများမျှော်လင့်နေတာလဲ။ မိန်းမတစ်ယောက်ဆီကနေ ချစ်သူလိုအချစ်ခံရဖို့လား။ မိန်းမတစ်ယောက်ဆီကနေ အခြားမိန်းမတစ်ယောက်ဟာ ညီမလေးလို၊ သူငယ်ချင်းလိုသာ အချစ်ခံရတတ်သည်ကို သူဘာတွေများမျှော်လင့်နေမိခဲ့တာလဲ။
"လက်တွဲဖော်ဆိုတာ ခပ်စောစောလေးတွေ့ထားမှကောင်းတာ စိမ်းလဲ့ညိုရဲ့။ အဲ့တာမှ တစ်ယောက်နှင့်တစ်ယောက် အချိန်ယူလေ့လာပြီး လိုအပ်ချက်တွေဖြည့်ယူနိုင်ကြမှာ။ နောက်ကျ ကောင်းတဲ့ယောက်ျားတွေရှားသွားမှာ စိုးရိမ်တယ်ကွယ်"
ဇူလီက သူ့မေမေကို ထရိုက်ချင်လာသည်။ စိမ်းလဲ့ညိုကို ဘာလို့အဲ့လိုမြောက်ပေးနေရတာလဲ။ ဇူလီက စိမ်းလဲ့ညို လက်တွဲဖော်ရှာလိုက်မှာကို သိပ်ကြောက်သလို၊ စိမ်းလဲ့ညိုကို အခြားတစ်ယောက်ပိုင်ဆိုင်သွားမှာကိုလည်း သိပ်ကြောက်တာ။
"ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ်။ ကျွန်မလည်း သူတို့ကိုယ်သူတို့ထက် ကျွန်မကိုပိုချစ်တဲ့ယောကျ်ား မတွေ့သေးလို့ပါ။ တွေ့ခဲ့ရင်တော့ လက်ထပ်ယူချင်တာပေါ့"
ဇူလီ၏သည်းခံနိုင်စွမ်းဟာ ကုန်ခမ်းသွားပြီ။ အခုချိန်မှာ သူဘယ်သူ့မျက်နှာကိုမှမမြင်ချင်တော့။ ဇူလီ အစတည်းက သူ,မပါဝင်သည့်စကားဝိုင်းဆီကနေ ထထွက်လာလိုက်သည်။ စိမ်းလဲ့ညိုကိုလည်း သူနှုတ်မဆက်နိုင်။ အခုမှနုနယ်လာစသူ့နှလုံးသားလေး ကျိုးကျေကျနေသည်။ စိမ်းလဲ့ညိုက သူလက်ထပ်ယူချင်သည့် အဆင့်တစ်ခုသတ်မှတ်ထားသောယောကျ်ားရှိသည်။ အချစ်က ပူလောင်တဲ့အရာမျိုးမို့ ဝေးဝေးနေချင်သည်ပြောခဲ့သည့်မိန်းမကလေ။ စိမ်းလဲ့ညိုဟာ မိန်းကလေးတစ်ယောက်ကို ဘယ်လိုမှလက်ခံပြီး လက်ထပ်ယူမည့်မိန်းမ,မဟုတ်တာ။ အေးလေ လူတွေရဲ့သမိုင်းမှာ ဒါမျိုးမှမရှိတာကိုး။ အချစ်ဆိုတာ ယောက်ကျားတစ်ယောက်နှင့်မိန်းမတစ်ယောက်အတွက်ဘဲ။ စိမ်းလဲ့ညိုသာ သူမကိုဇူလီချစ်နေမှန်းသိသွားကြည့် ရွံရှာသွားလောက်သည်။ သူ့ကို ညီမတစ်ယောက်လိုဘဲခင်တွယ်သည့် ထိုမိန်းမကိုမှ ဘယ်လိုလုပ် မေတ္တာတွေပိုလျံကာ သူချစ်မိသွားရသနည်း။ ထိုအချစ်ကို စိမ်းလဲ့ညိုက လက်ခံမည်လည်းမဟုတ်တာကို။ ဇူလီဟာ သူမကိုယ်သူမ ရွံရှာလာသည်။ မိန်းမတစ်ယောက်ကို ချစ်မိသွားသည့်သူမကိုယ်သူမ ခွင့်မလွတ်နိုင်ဖြစ်လာသည်။
"ဇူလီ နေမကောင်းဘူးလား"
သူ့ကိုရှောင်ပြေးပါသည်ဆိုမှ ထိုမိန်းမက လိုက်လာသေးသည်။ ညှိုးငယ်နေသည့်မျက်နှာကလေးမြင်တော့ နေမကောင်းဘူးထင်ပြီး နဖူးလေးလာစမ်းပေး၏။ ဇူလီက မျက်နှာကိုလွဲဖယ်ပြစ်၏။
"နေပူတော့ ပင်ပန်းလို့ပါ"
ထိုမိန်းမက ဇူလီ့မျက်နှာကလေးကို စေ့စေ့ကြည့်ပြီးအကဲခတ်နေရှာ၏။ ဒီလိုတွေ ထပ်မလုပ်ပါနဲ့တော့ စိမ်းလဲ့ညိုရယ်။ သူကတော့ သဘောရိုးပေမယ့် ကိုယ်ကတော့မရိုးဘူးလေ။
"အင်း ညကျ စောစောအိပ်နော်"
"ဟုတ်ကဲ့"
"အစ်မ ပြန်တော့မယ်"
ဇူလီက ခေါင်းငြိမ့်ပြ၏။ ထိုမိန်းမက သူမမေမေနှင့်စကားခဏပြောပြီး နှုတ်ဆက်ထွက်ခွါသွားသည်။
ဇူလီဟာ ရှေ့လျောက်သတိကပ်ထားဖို့လိုနေပြီဖြစ်၏။ သူမ ဒီထက်ပိုပြီးထပ်မပြိုလဲဖို့ဆို သတိအကြီးကြီးကပ်ပြီး ဆင်ခြင်မှရတော့မည်။ သူပြောသည့် ညီမလေးတစ်ယောက် ဆိုသည့်နေရာမှနေ၍ အကောင်းဆုံးသရုပ်ဆောင်ကာ အချစ်တွေပေးနေလို့ရသေးသည်။ ဒါဆို စိမ်းလဲ့ညိုကိုလည်း ဆုံးရှုံးစရာမလိုသလို သူကိုယ်တိုင်လည်း တွန်းထုတ်မခံရတော့။ အချို့သောခံစားချက်များဟာ ဖွင့်ချပြောဖို့ရာ ဘယ်လိုမှမဖြစ်နိုင်သည်မို့ တစ်သက်လုံးမြိုသိပ်ထားဖို့သာကောင်းပါသည်။
ချစ်တယ် လို့ ဖွင့်မပြောရလည်းဖြစ်ပါတယ်။ သူလိုအပ်ချိန်တိုင်းအနားမှာရှိနေပေးရုံဖြင့် ထိုချစ်ခြင်းတရားဟာ ပြီးပြည့်စုံ၏။
ဆက်ရန်.......