လရောင်နမ်းမယ့်ချစ်ခြင်းကာရန် - Episode 1

အလင်းရောင် မပွင့်သေးတဲ့ ကောင်းကင်ဆီကို မျှော်ကြည့်ရင်း ကားမှန်ကို ပြန်မှီလိုက်တယ် ။ တဖြေးဖြေးဝေးရင်းကျန်ခဲ့တဲ့ ကတ္တရာလမ်းကိုလည်း လှည့်မကြည့်မိဘူး ။ အမှန်အတိုင်းပြောရရင် တစ်သက်လုံးကို လှည့်မကြည့်ချင်တော့တာ ။ အဲဒီမြို့ ၊ အဲဒီနေရာ ၊ အဲဒီအငွေ့အသက်တွေ ။ 

 

တရိပ်ရိပ်နဲ့ ကျော်ဖြတ်လာတဲ့ လမ်းဘေးက မိုင်တိုင်တွေကို ငေးရင်း အဝေးဆုံးဆိုတဲ့အရာတွေကို ခံစားမိတယ် ။ 

 

သိပ်မကြာလိုက်တဲ့အချိန်မှာ နေ့အလင်းရောင်က တဖြေးဖြေးနဲ့ ရောင်နီသန်းလာတယ် ။ ကျွန်မရဲ့ ဘဝမှာ မရှိနိုင်တော့တဲ့ အာရုဏ်တက်ချိန်တွေပေါ့ ။ ကိုယ့် အမြင်အာရုံတွေကို ကိုယ်တိုင် အမှောင်ချလိုက်တာလို့ ဆိုရရင်လည်း မှားမယ် မထင် ။ 

 

" ဟယ်လို မော်မော် ၊ လာကြိုမယ်ဆို " 

 

ကားထဲက ပစ္စည်းတွေ ထုတ်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာပေမယ့် လာကြိုမယ်ဆိုတဲ့ အဒေါ်ဖြစ်သူရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတာကြောင့် တည်ငြိမ်နေတဲ့ စိတ်ကလေးက ရေပြင်မှာလှိုင်းကလေးတွေ ထလာရတယ် ။ ခက်တာပါပဲ ။ 

 

" အယ် လာကြိုမယ့် လူလွှတ်ထားတယ်လေ ညောင်ရဲ့ " 

 

" ဟာ မော်မော်ကလည်း ၊ သမီး လူစိမ်းတွေနဲ့ စကားမပြောချင်လို့ မော်မော် လာပါဆို " 

 

" လူစိမ်းမဟုတ်ပါဘူး ညောင်ရယ် ၊ မော်နဲ့ ရင်းနှီးတဲ့ ကလေးပါ " 

 

" ဟင်းးးး " 

 

သက်ပြင်းရှည်တစ်ခုကို ချလိုက်ပေမယ့် အဒေါ့်ကိုတော့ ဘာမှ ထပ်ပြောလို့ ရတော့မှာ မဟုတ်တာကြောင့် အောက်က ခဲလုံးတွေကိုပဲ မဲပြီး ရှူးဖိနပ်နဲ့ ထိုးဆွနေမိတယ် ။ 

 

" ကဲ ဘယ်သူ့ကို လွှတ်လိုက်တာလဲ ပြော " 

 

" လာပါလိမ့်မယ် ၊ စက်ဘီးနဲ့ သွားတာမို့လို့ နောက်ကျနေတာ နေမယ် " 

 

" သမီးက ပစ္စည်းတွေ ပါသေးတယ်လေ ၊ စက်ဘီးနဲ့ ဘယ်ရပါ့မလဲ " 

 

စကားတွေ ဆက်ပြောနေရင် အချစ်ဆုံးအဒေါ်ဖြစ်သူနဲ့ ရန်ဖြစ်ရမယ့် အရေးမို့ ကိုယ့်စိတ်ကိုယ်ပဲ အောက်ဆုံးရောက်အောင် ဆွဲချရတော့တယ် ။ တကယ် ခက်တာပဲ ။ 

 

ဖုန်းချပြီး ဘေးဘီကို လှည့်ရှာတော့ ကားဝင်းထဲကို ဝင်လာတဲ့ စက်ဘီးတစ်စီး ။ ကျနေတဲ့ စိတ်ဓာတ်ကလေးကို ပိုကျသွားအောင် လုပ်နိုင်တာကတော့ နင်းနေတဲ့ ဖြူဖြူသွယ်သွယ် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရခြင်းပါပဲ ။ 

 

" ဒီမှာ ဒီမှာ " 

 

ဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ပြီး လှမ်းခေါ်လိုက်တော့ သူက ခေါင်းငြိမ့်ပြပြီး စက်ဘီးကို တွန်းရင်း အနားရောက်လာတယ် ။ 

 

" အိတ်ကို ဘယ်လို တင်ရမလဲ " 

 

ဘေးက အိတ်ကို တစ်ချက်ကြည့်ပြီး ခေါင်းကုတ်တယ် ။ တကယ်လည်း သူ သယ်နိုင်မယ်လို့ မထင်ပါဘူး ။ 

 

" ခေါင်းပေါ်တင်လာခဲ့ " 

 

" ဘာပြောတယ် " 

 

" စတာ "

" ဦးဝင်းကို ! " 

 

လက်ခုပ်တီးပြီး ကျွန်မရဲ့ အနောက်ကို လက်ယက်လှမ်းခေါ်လိုက်တယ် ။ လှည့်ကြည့်မိတုန်းမှာပဲ ဆိုင်ကယ်တစ်စီးက ဝူးခနဲ အနားကို ရောက်လာတယ် ။ 

 

" ကယ်ရီအားလား " 

 

" အားလို့ ငါ့တူမအနားကို ရောက်နေပြီပဲ ၊ ပြောဗျာ ဘယ်ကို ပို့ပေးရမလဲ " 

 

ဆိုင်ကယ်ပေါ်က ဦးလေးကြီးကို ကြည့်ရင်း သူ့ဆီ အကြည့်ပြန်ရောက်သွားတော့ ကျွန်မကို မေးဆက်ပြတယ် ။ ဘာတုန်း အချိုးမပြေတာကြီး ။ 

 

" The oldies " 

 

" ဦးလေး ဒါကိုသယ် ၊ သမီး ဒါကို သယ်လိုက်မယ် " 

 

ဆိုင်ကယ်နဲ့ ဦးလေးက အိတ်ကို ကောက်မပြီး ဆိုင်ကယ်ထိုင်ခုံနဲ့ တွဲချည်လိုက်တယ် ။ ကျွန်မကတော့ သူလက်ညှိုးထိုးပြသွားတဲ့ အဖြစ်မှာ ကြောင်အသွားရတာ ။ 

 

" တက်လေ ၊ အန်တီမော့်ဆီ သွားမှာမဟုတ်ဘူးလား " 

 

စိတ်ကိုလျှော့ပြီး စက်ဘီးပေါ် တက်လိုက်ရတာက ပြဿနာဆိုတဲ့အရာတွေ ကျွန်မရဲ့ ဘဝထဲကို အဝင်မခံချင်တော့တဲ့ စိတ်တစ်ခုတည်းကြောင့်ပါ ။ 

 

" ဒီမယ် အမိ ၊ ပြင်ဦးလွင်က လမ်းတွေ ဘယ်လောက် မတ်တယ်ထင်လဲ " 

 

" ဘယ်သိပါ့မလဲ " 

 

" အမိ အဲ့လို ဆက်ထိုင်နေရင် အနောက်ကို လန်ကျသွားနိုင်လောက်တဲ့အထိ မတ်တယ် ၊ ဖက်ထား ခါးကို " 

 

လမ်းတွေက မတ်လို့ သေချာကိုင်ထားဖို့ ပြောရင်တောင် ခက်ခက်ခဲခဲ မဟုတ်လောက်တဲ့အကြောင်းအရာတွေကို စကားအရှည်ကြီး လုပ်ပြောနေတဲ့ အနှီမိန်းကလေးကို မော့ကြည့်ပြီး မျက်မှောင်ကျုံ့လိုက်မိတယ် ။ ခါးနားက တီရှပ်ကို ခပ်ဖွဖွကိုင်လိုက်တော့ လက်ကို ဆက်ခနဲ ဆွဲလို့ သူ့‌ခါးပေါ် မိမိရရတင်လိုက်တယ် ။ 

 

" ဖက်ထားပါ ၊ အမိကို ကာရန် ရောင်းမစားပါဘူး ။ ပြင်ဦးလွင်မှာ လူအရောင်းအဝယ်က သိပ်အလုပ်မဖြစ်ဘူး ၊ ပန်းရောင်းတာကမှ ပိုက်ဆံရဦးမယ် " 

 

စကားလည်း တကယ်ကို များနိုင်တဲ့ မိန်းကလေးဖြစ်နေမှန်း စက်ဘီးနဲ့ လာတဲ့ လမ်းတစ်လျှောက်မှာ သိလာရတာပဲ ။ ပြင်ဦးလွင်မှာ ဘယ်လိုနေရာတွေက လည်ပတ်ချင်စရာကောင်းကြောင်း ဘယ်လိုနေရာတွေကိုတော့ သတိထားသင့်ကြောင်း ပြောပြနေလိုက်တာ သူ့အစား နားထောင်နေတဲ့ လူကပဲ မောလာရတဲ့အထိ ။ စက်ဘီးနင်းရတာနဲ့တင် တော်တော်မောနေလောက်မှာကို ။ 

 

သူ စက်ဘီးရပ်လိုက်တဲ့ နေရာကတော့ နှစ်ထပ်တိုက်ခပ်ကြီးကြီးတစ်လုံးက ခြံအပြည့်နီးပါး နေရာယူထားတဲ့ နေရာကျယ်တစ်ခုပဲ ။ အနောက်မှာလည်း မြေအလွတ်တွေ ရှိနေဦးမယ့်ပုံပါပဲ ၊ တိုက်နဲ့ ကွယ်နေတာကြောင့် သိပ်မမြင်ရဘူး ။ 

 

" ဟယ် ကာရန် ၊ ညောင်နဲ့ ဘယ်လိုတွေ့တာလဲ ။ သူရိန့်ကို ခေါ်ခိုင်းလိုက်တာကို " 

 

" အယ် မော်မော်လွှတ်လိုက်တာ သူမဟုတ်ဘူးလား " 

 

" လမ်းကြုံလို့ပါ ၊ အဲဒါဆို ကာရန်သွားလိုက်ဦးမယ် အန်တီမော် ။ အလုပ်ရှိသေးလို့ " 

 

သူ့ ကျောလယ်က လှိုင်းထနေတဲ့ ဆံပင်အနားစတွေက အညိုရောင်သန်းနေတာကို နေ့အလင်းရောင်ရဲ့ အကူအညီနဲ့ မြင်တွေ့လိုက်ရတယ် ။

 

" အာ သမီးအိတ် " 

 

" အမလေး ဦးဝင်းကို လာပို့တုန်း အိမ်ကို အရင်ပို့ခိုင်းလိုက်ပါတယ်ရှင် " 

 

" ကယ်ရီခ " 

 

" ကျွန်မ ရှင်းပေးလိုက်ပါတယ် ၊ အရင် ထိုင်ပါဦး လာပါ " 

 

မော်မော်ချပေးထားတဲ့ ခုံပေါ် စိတ်ပျက်လက်ပျက်ပုံနဲ့ ထိုင်ချလိုက်တော့ ကျွန်မကို ခြေဆုံးခေါင်းဆုံးကြည့်လာတယ် ။ အဒေါ်ဖြစ်သူရဲ့ မေးခွန်းတွေ များနေတဲ့ အကြည့်တွေကို ကျွန်မ သိပ်သိတာပေါ့ ။ 

 

" အသဲကွဲလာတာပဲ " 

 

" ဟမ် မော်မော်က ဘယ်လိုသိ " 

 

" ညောင့်ကို မော်က မနေ့တစ်နေ့ကမှ ထိန်းလာတာမဟုတ်ပါဘူး " 

 

နှုတ်ခမ်းကို ဆူလိုက်တော့ မော်မော်က ရယ်ရင်း ကျွန်မရဲ့ ဆံပင်တွေကို ထိုးဖွတယ် ။ 

 

" ကဲပါ ညောင်မပြောချင်သေးရင် မပြောနဲ့ ။ လာ အိမ်ပြန်ကြမယ် ၊ ဆိုင်တံခါးတွေ ပိတ်လိုက်ဦးမယ် " 

 

တံခါး‌တွေ ပိတ်နေတဲ့ အဒေါ်ဖြစ်သူကို ကြည့်ရင်း ငြိမ်ငြိမ်လေးပဲ ထိုင်နေမိတယ် ။ မဟုတ်လည်း ဘယ်ကနေ ဘာတွေ လုပ်ရမယ်ဆိုတာကိုမှ မသိဘဲ ။ ဆိုင်ထဲကို မျက်စိ ကစားပြီး ကြည့်မိတော့ တစ်ဆိုင်လုံးနီးပါး နေရာအပြည့်ယူထားတဲ့ စာအုပ်စင်တွေပေါ်က သပ်သပ်ရပ်ရပ်စာအုပ်တွေကို တွေ့ရတယ် ။ မော်မော်က တကယ် သူဖြစ်ချင်တာကို ရအောင်လုပ်သွားခဲ့တာ ။ 

 

" ဒီအချိန် ပိတ်လို့ အဆင်ပြေပါ့မလား " 

 

" မနက်ပိုင်းက လူပါးပါတယ် ၊ ကျောင်းလွှတ်တဲ့အချိန်လောက်မှ ကလေးတွေ စာအုပ်လာငှားကြမှာ "

 

တံခါးပိတ်လိုက်ပြီးတဲ့ ဆိုင်ကို တစ်ချက်ဝေ့ကြည့်ရင်း စကားတွေ တတွတ်တတွတ်ပြောနေတဲ့ အဒေါ်ဖြစ်သူရဲ့နောက်ကို လိုက်ရတော့တယ် ။ 

 

" ညောင် လာမယ်ဆိုလို့ မော် ညောင့်အကြိုက်တွေချည်း မနက်က အစောကြီး ထချက်ထားရတာ " 

 

" အများကြီး ချက်ထားရင်တော့ မော်မှားတာပဲ ၊ ‌သမီးက ဒီမှာ နေဦးမှာ " 

 

" ညောင့် အဖေနဲ့အမေကို ပြောနိုင်ရင် တစ်သက်လုံးနေလည်း ရတယ် " 

 

" အဲဒါဆို ဘာအလုပ်မှမလုပ်ဘဲ ထိုင်စားလို့ရလား " 

 

" ကျွန်မ စာအုပ်ဆိုင်က ရှင့်ကို တစ်ဝမ်းတစ်ခါးလှအောင် ထားနိုင်တယ်တော့် " 

 

မော်မော့်ကို စကားပြောနေရင်း အနည်းငယ်မတ်တဲ့ လမ်းထိပ်ကနေ စက်ဘီးတစ်စီး အရှိန်နဲ့ လှိမ့်ကျလာတာကို မြင်လိုက်တယ် ။ မျက်ဝန်းတွေ ပြူးကျယ်ပြီး မော်မော့်ကို လှမ်းဆွဲလိုက်မိတယ် ။ 

 

" ဘရိတ်ပြတ်သွားပြီဟေ့ " 

 

ဘရိတ်မမိတော့ဘူးဆိုတဲ့ စကားကို တတွတ်တွတ်နဲ့ အော်ပြောရင်း လမ်းကို တရွတ်တိုက်ဆင်းချလာတဲ့ မိန်းကလေးက မနက်က ကျွန်မကို မော်မော့်ဆီလိုက်ပို့ပေးသွားတဲ့တစ်ယောက်ပဲ ။ 

 

" ဟယ် ကာရန် " 

 

ဟိုးအောက်အထိတော့ ဆက်ဆွဲမသွားတော့ဘဲ စက်ဘီးကို ဆွဲကွေ့ချလိုက်တော့ မလှမ်းမကန်းနားမှာ စက်ဘီးက ဝုန်းခနဲ လဲသွားတယ် ။ သူဆက်သွားရင်လည်း ဖြတ်သွားဖြတ်လာ မော်မော်ကတော့ လဲကျသွားတဲ့ စက်ဘီးနဲ့ ပိုင်ရှင်ဆီကို ခပ်မြန်မြန်ခြေလှမ်းတွေနဲ့ ရောက်သွားတယ် ။ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေက မြန်ဆန်လွန်းလို့ ကျွန်မက‌သာ နေရာမှာ ကျောက်ရုပ် ။ 

 

" ဘယ်လိုဖြစ်ရတာလဲ ကာရန်ရယ် ၊ စက်ဘီးက ဘရိတ်ပြတ်ပြန်ပြီလား " 

 

" ပြတ်ပြန်ပြီတဲ့ အန်တီမော်ရေ " 

 

စိတ်ပျက်လက်ပျက်မဟုတ်ဘဲ ရယ်ရယ်မောမော ပြောလာတဲ့ မြေပြင်ပေါ်က လူကို ငေးခနဲပဲ ။ ပုံမှန်သာဆို အရှက်ပြေ ရယ်တာလို့ ထင်မိမှာပေမယ့် သူက အူလှိုက်သည်းလှိုက်ကို ရယ်နေတာ ။ သွားတန်းညီညီတွေ ပေါ်လာတဲ့အထိပဲ ။ 

 

" အဲဒါ ကျော်ကြီးလုပ်တာ ၊ ဘရိတ်ကြိုးကို ဈေးကြီးတာထဲက ဝယ်မှာဆိုပြီး ပြင်ခတွေရော ကြိုးဖိုးတွေရော နင့်နေအောင်တောင်းပြီး အခု ပြတ်ရောတဲ့ " 

 

စက်ဘီး ဘရိတ်ကြိုးပြတ်လို့ လဲကျနေတဲ့ လူရဲ့အနားကို ဟိုလူဒီလူတွေ ရောက်လာပြီး ထူပေးတာက ကိစ္စမရှိပေမယ့် လာထူပေးတဲ့လူတွေကိုပါ ရယ်အောင် တစ်ခုမဟုတ် တစ်ခုကို စနောက်ပေးနေတဲ့ မိန်းကလေးကို ကြည့်ရင်း ဦးနှောက်များ ပျက်နေလေသလားလို့ တွေးလိုက်မိတယ် ။ 

 

" မော်မော် " 

 

" ရှင် " 

 

စက်ဘီးတွန်းပြီး လေတချွန်ချွန်နဲ့ ထွက်သွားတဲ့ သူ့ကို လှည့်ကြည့်ရင်း ခေါင်းခါလိုက်မိတယ် ။ ‌ဒူးနားပဲရှိတဲ့ ဘောင်းဘီတိုကြောင့် ‌‌လဲကျရင်း ရသွားတဲ့ ဒဏ်ရာတွေကို အထင်းသားမြင်နေရတာ ။ မနာတတ်တာလား မသိပါဘူး ။ 

 

" သူက နည်းနည်းလွတ်နေတာလား " 

 

" ဟယ် ဘယ်ကသာ "

 

မော်မော်က ကျွန်မရဲ့ စကားကို တအံ့တဩနဲ့ ဖြေပြီးမှ ရယ်ချလိုက်တော့ သူများကို ဘုမသိဘမသိနဲ့ ဝေဖန်မိတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှက်သွားရတယ် ။ 

 

" သိဘူးလေ သူ့ပုံစံက နည်းနည်း ... " 

 

" ကာရန်က ပျော်တတ်တာပါကွယ် " 

 

မလိုအပ်ဘဲ အားအင်တွေ ဖြုန်းနေတာနဲ့တောင် ပိုတူနေတဲ့ဟာကို ။ နေရာတကာ တက်ကြွနေလွန်းတဲ့ မိန်းကလေးတစ်ယောက်က ကျွန်မရဲ့ အာရုံထဲကို ကန့်လန့်ဖြတ် ဝင်လာခဲ့မှန်း မသိလိုက်ရတာက ကိုယ့်ရဲ့ အာရုံစူးစိုက်နိုင်ခဲ့စွမ်း နည်းလွန်းတာကြောင့်လို့ပဲ သတ်မှတ်ရပါလိမ့်မယ် ။ 

 

 

တစ်ယောက်တည်း ရှိနေခဲ့တုန်းက ကျွန်မရဲ့ ဘဝက ဘယ်လိုဖြစ်ခဲ့သလဲ ။ 

လူတစ်ယောက်ဝင်လာတဲ့အချိန်မှာရော ကျွန်မရဲ့ ဘဝက ဘာတွေ ပြောင်းလဲသွားခဲ့သလဲ ။ 

နေသားကျသွားသမျှ ပျောက်ကွယ်ကုန်တဲ့အချိန်မှာရော ကျွန်မရဲ့ ဘဝက ဘာတွေ ဆက်ဖြစ်ဦးမှာလဲ ။ 

 

ဘယ်လိုအရာတွေပဲ ဖြစ်ပျက်နေပါစေ နောက်ဆုံးထိခိုက်ရတာက ကျွန်မရဲ့ ဘဝပဲလေ ။ 

 

ခေါင်းထဲ ဝင်လာသမျှအတွေးတွေကို ဖယ်ထုတ်သင့်ပြီလို့ တွေးပြီး စောင်ပုံထဲကနေ ထွက်လိုက်မိတဲ့အချိန်က နေတောင် အတော်ပွင့်နေပြီ ။ မော်မော် ဆိုင်သွားတော့မယ့်အကြောင်း လာပြောသွားတာကို အိပ်ချင်မူးတူးနဲ့တော့ ကြားလိုက်ပါသေးတယ် ။ 

 

အခုထိ နေရာမချရသေးတဲ့ ခရီးဆောင်အိတ်ထဲက အဝတ်အစားတစ်စုံကို ဖြစ်သလိုထုတ်ပြီး ရေချိုးခန်းထဲကို ဝင်လာခဲ့လိုက်တယ် ။ မှန်ထဲမှာ ပြန်ကြည့်တော့ ကျွန်မရဲ့ မျက်ခွံတွေ အစ်နေတာကို တွေ့ရတယ် ။ မနေ့ညက မော်မော့်ကို ဖက်ပြီး ငိုလိုက်မိတာ ။ ဒီလောက်လေးက ဘာမို့လို့လဲဆိုပြီး ဂရုမစိုက်ခဲ့တဲ့ မိန်းမမှာလည်း ဒီလောက်လေးတွေကို ဖြတ်ကျော်ဖို့ ခံနိုင်ရည်ဆိုတာ လိုအပ်သေးတာပဲ မဟုတ်လား ။ 

 

အခန်းထဲက ထွက်လာတဲ့အချိန်မှာ တန်းတွေ့လိုက်ရတာက ပွင့်နေတဲ့ အိမ်ရှေ့တံခါးကိုပဲ ။ မော်မော်က တံခါးမပိတ်ခဲ့တာတော့ မဖြစ်နိုင်ပါဘူး ။ အပျိုကြီးက ဒီလောက် သတိကြီးတာကို ။ ထမင်းစားပွဲရှိတဲ့ မီးဖိုခန်းဆီကနေ လှုပ်ရှားသံတစ်ချို့ကြားလိုက်ရတော့ ခဏရပ်ပြီး နားထောင်နေမိတယ် ။ မော်မော်မဟုတ်ဘူးဆိုတာ သေချာသွားတော့ နားတွေပါ ပူထူလာရတာ ။ ဘယ်လိုလုပ်ရပါ့မလဲ ၊ အိမ်ထဲကို လူစိမ်းဝင်နေတာ ။ 

 

လက်နဲ့အနီးဆုံးမှာရှိတဲ့ ပုံးထဲက ထီးခပ်ကြီးကြီးတစ်ချောင်းကို ဆွဲလို့ မိမိရရ ကိုင်ပြီး မီးဖိုခန်းဆီကို ချောင်းကြည့်လိုက်မိတယ် ။ 

 

" ဟင် " 

 

" ဪ နိုးပြီလား ၊ အတော်ပဲ ။ နန်းကြီးသုပ်တွေ ပွကုန်မှာစိုးလို့ မနယ်ပေးဘဲ ပြန်တော့မလို့ ၊ နိုးပြီဆိုတော့ တစ်ခါတည်းနယ် ... " 

" အခု ကာရန့်ရဲ့ထီးနဲ့ ကာရန့်ကို ရိုက်မလို့ ကြံနေတာလား " 

 

စကားတွေ ‌တရစပ်ပြောပြီးမှ လရောင်ရဲ့ လက်ထဲက ထီးကို မြင်တဲ့ပုံပေါ်တယ် ။ မဟုတ်ပါဘူးလို့ ငြင်းဖို့က အရမ်းနောက်ကျနေပြီမို့ ထီးကိုပဲ နေရာတကျ ပြန်ထားလိုက်ရတယ် ။ 

 

အဲဒီ့မိန်းကလေးက အသံတိတ်ရယ်ရင်းနဲ့ ‌တူနဲ့မွှေပြီးသား နန်းကြီးသုပ်ပန်းကန်ကို ရှေ့တိုးပေးတယ် ။ 

 

" မကြောက်ပါနဲ့ အမိကို ဘာမှ မလုပ်ပါဘူး ၊ အန်တီမော်က သူ့ရဲ့ အသဲကွဲနေတဲ့ တူမလေး မနက်စာ မစားရမှာစိုးလို့ ဆိုပြီး ပို့ခိုင်းလိုက်လို့ လာပို့ပေးတာ " 

 

လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ စိတ်ကူးရှိပုံမရတဲ့ အဒေါ်ဖြစ်သူကိုပဲ အပြစ်တင်ရမလား အဒေါ့်အကြောင်းသိရဲ့သားနဲ့ အကုန်အစင် ဖွင့်အန်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား မတွေးနိုင်တော့ဘူး ။ 

 

" အမိ ဒီမှာ နေဦးမှာလား " 

 

" လရောင် " 

 

" ရှင် " 

 

" ကျွန်မ နာမည် လရောင် " 

 

" ဪ ဟုတ်ပါပြီ "

" ဒါဆို အမိလရောင်က ဒီမှာ နေဦးမှာလား " 

 

ဘယ်လိုမှ ပြင်ပေးလို့မရတဲ့ အဆုံးတော့ သက်ပြင်းကိုပဲ အားရပါးရချလိုက်မိတော့တယ် ။ အပြုံးတွေ ပေါလွန်းတဲ့ အဲဒီမိန်းကလေးတောင် မျက်မှောင်ကျုံ့သွားရလောက်တဲ့အထိကို သက်ပြင်းချလိုက်မိတာ ။ 

 

" သက်ပြင်းချရင် အသက်တိုတယ် အမိရဲ့ ၊ အခုလောက်ဆို အမိရဲ့ အသက်က သုံးနှစ်လောက်တောက် တိုသွားလောက်ပြီ " 

 

သက်ပြင်းထပ်ချပြန်ရင်လည်း ဒီထက်ပိုတိုမယ့် ကိန်းပဲ ရှိတာကြောင့် ခုံမှာပဲ ဝင်ထိုင်လိုက်တော့တယ် ။ စောစောစီးစီး တက်ကြွနေလွန်းတဲ့ မိန်းကလေးကြောင့် ကျွန်မတောင် ရှိနေတဲ့ အင်အားလေးတွေ ယုတ်လျော့လာသလို ။ 

 

နန်းကြီးသုပ်ပန်းကန်ထဲက နံနံပင်ရွက်တွေကို တွေ့တော့ မတတ်နိုင်ဘဲ သက်ပြင်းထပ်ချလိုက်မိတယ် ။ ဒီတစ်ခါဆို ငါးနှစ်များလား ။ 

 

" ဟင် အမိ ဘယ်လောက်ကြာကြာနေဦးမှာလဲလို့ " 

 

ကျွန်မရဲ့ လက်ထဲက နန်းကြီးသုပ်ပန်းကန်ကို ဆွဲယူသွားတာကြောင့် ထောင်းခနဲဖြစ်သွားပေမယ့် နံနံပင်တွေကို တူနဲ့ စိတ်ရှည်လက်ရှည်ဖယ်ပေးနေတာကို မြင်ပြီး ဒေါသတွေ အငွေ့ပျံကုန်တယ် ။ 

 

" မသိဘူး " 

 

" တစ်ခါတည်း စဉ်းစားလာမှပေါ့ " 

 

" ကျွန်မ ဒီမှာ ဘယ်လောက်နေမယ်ဆိုတာကို သိရင် ဘာလုပ်မလို့လဲ " 

 

တကယ် စိတ်မရှည်တဲ့ လေသံပေါက်သွားပြီးမှ သူဆက်ခနဲ မော့အကြည့်မှာ အားနာသွားမိတယ် ။ ဒါပေမယ့် လရောင်လည်း မှားမနေပါဘဲ ။ 

 

" သူငယ်ချင်း ဖြစ်ချင်လို့ " 

 

ပုံမှန်ဆို ကျွန်မမှာ သူငယ်ချင်းတွေများနေပြီ ဖြစ်ကြောင်း ဘုဆက်ဆက်နဲ့ ပြန်ပြောလိုက်မိမှာ ။ ဒါပေမယ့် ဘာစကားသံမှ ထွက်မလာတော့ဘူး ။ ဘာဖြစ်လို့ပါလိမ့် ၊ ဘာဖြစ်လို့ပါလိမ့် ။ 

 

အဖြေကို အသည်းအသန်ရှာကြည့်မိတော့ ခပ်ဖျော့ဖျော့ မျက်ဝန်းတွေရဲ့ အောက်မှာ သွားတွေ့တယ် ။ နှုတ်ခမ်းက ပြုံးနေပေမယ့် မျက်ဝန်းတွေက အရောင်တွေ မှိန်နေတယ် ။ ကျွန်မနဲ့ ရှိနေသလောက် အကွာအဝေးမျိုးမှာမှ မြင်နိုင်လောက်မယ့်အထိ ဖျော့တော့နေတဲ့ မျက်ဝန်းတွေ ဖြစ်နေခဲ့တာ ။ 

 

" ဪ ကာရန့်မှာ သူငယ်ချင်းမရှိလို့ မဟုတ်ပါဘူး ၊ ဒီတိုင်း မိတ်ဆွေ တစ်ယောက်တိုးချင်လို့ ၊ ကြားဖူးတယ်မဟုတ်လား တစ်ရွာတစ်ကျီဆောက်ပါတဲ့ ။ ရန်ကုန်လာဖြစ်ရင် ထမင်းဝင်စားရအောင် " 

 

နန်းကြီးသုပ် ပန်းကန်က ကျွန်မရဲ့ ရှေ့ကို ပြန်ရောက်လာတယ် ။ နံနံပင်တွေက ပြောင်စင်နေအောင် ဖယ်ရှားခံထားရပြီး နန်းကြီးသုပ်ရဲ့ အရောင်အဆင်းကတော့ စားချင်စဖွယ်အတိနဲ့ ပြည့်နေတယ် ။ 

 

" ကဲ မနက်စာစားလိုက်ပါဦး ၊ ခြံထဲက အပင်တွေ ရေလောင်းပေးလိုက်ဦးမယ် ။ ပြီးရင် အန်တီမော့်ဆီ သွားမှာ ၊ လိုက်ချင်ရင်လည်း လိုက်ခဲ့လေ ။ မလိုက်ချင်ရင်တော့ ရော့ " 

 

မျက်စိရှေ့ကို ကတ်တစ်ခုရောက်လာတယ် ။ ကျွန်မ မယူမချင်း လက်ပြန်သိမ်းမယ့်ပုံလည်း မပေါ်တာကြောင့် ကတ်ကို ယူလိုက်ရတယ် ။ 

 

" အန်တီမော်က အင်တာနက်သိပ်မသုံးတော့ ဒီအိမ်မှာ WiFi မရှိဘူး ၊ ဒါက WiFi card ။ ဒီထဲက နံပါတ်တွေ ရိုက်ထည့်ပြီး သုံးလို့ရတယ် ၊ ကတ်ဆိုတော့ လိုင်းတော့ ကောင်းတစ်ချက်မကောင်းတစ်ချက်ပဲ ။ အိမ်မှာတော့ WiFi ရှိတယ် " 

 

" ရှင့်အိမ်မှာ WiFi ရှိတာကို ကျွန်မက ဘာလုပ်ရမှာလဲ " 

 

" လာသုံးလို့ရတယ်လေ " 

 

" မလိုပါဘူး ၊ ကျွန်မ မော်မော့်ဆီ သွားမှာ " 

 

" အိမ်လိုက်မှာဆိုတဲ့ အဓိပ္ပာယ်နဲ့ အတူတူပါပဲ ။ ကဲပါ စားလိုက်ပါဦး ပွကုန်တော့မယ် " 

 

ဘာမှ ပြန်မပြောလိုက်နိုင်ခင်ကို သီချင်းလေးညည်းပြီး ထွက်သွားတာကြောင့် ခေါင်းကိုပဲ ခါရမ်းမိတော့တယ် ။ မော်မော်ကတော့ သူကလွတ်မနေဘူးလို့ ပြောတာပါ ။ ကျွန်မကတော့ ကြေးစည်ကြီး ထုလိုက်သလိုပဲ ၊ မထင် ! 

 

" ကာရန် ဥယျာဉ်မှူးလာလုပ်တာလားကွ " 

 

" အန်တီမော်က ရေလောင်းဖို့ မေ့လာတယ်ဆိုလို့ ဦးလေး ၊ ဦးလေးသားရော သမီးစက်ဘီးကို ဘရိတ်ကြိုးလဲပေးမယ်ဆိုပြီး ဂျင်းထည့်သွားတာ ၊ နိုးပလား " 

 

ခြံထဲက အဖူးဖြစ်ခါစ အပင်တွေကို ရေလောင်းရင်း ဘေးခြံက ဦးလေးနဲ့ စကားပြောနေတဲ့ သူ့ကို အိမ်တံခါးဘောင်ကို မှီရင်း ကြည့်နေမိတယ် ။ ယဉ်ယဉ်လေးနဲ့ ရူးနေတာများလား ။ 

 

" စားပြီးပြီလား အမိ ၊ အိမ်ကို လိုက်မှာမဟုတ်လား " 

 

" ကျွန်မက ဘာကိစ္စနဲ့ ရှင့်အိမ်ကို လိုက်ရမှာလဲ " 

 

" အန်တီမော့်ဆီ ပြောတာပါ " 

 

ရေပိုက်ကို ပိတ်ပြီး ခြံထဲမှာ ရပ်ထားတဲ့ စက်ဘီးကို ဒေါက်ဖြုတ်ရင်း ကျွန်မကို လှည့်ကြည့်တယ် ။ မနေ့ကနဲ့ အရောင်ကွဲပြီး ဒူးနားပဲ ရောက်တဲ့ ဂျင်းဘောင်းဘီတိုကြောင့် စက်ဘီးမှောက်တုန်းက ရလိုက်တဲ့ ဒဏ်ရာတွေကို ပလာစတာနဲ့ ကပ်ထားတာကို မြင်လိုက်တယ် ။ 

 

" ဘရိတ် ... ပြတ်နေတယ်ဆို " 

 

" အဲဒါက အိမ်မှာ ထားခဲ့တာ ၊ လာပါ ဒီကောင်လေးကတော့ လွယ်လွယ်နဲ့ ချိန်းတောင်မကျဘူး " 

 

အိမ်တံခါးကို သော့ပိတ်တာကအစ သူပဲ လုပ်ပေးပြီး ကျွန်မကတော့ သူ့စက်ဘီးကို ထိန်းထားပေးရတဲ့ အလုပ်ကို ရထားတယ် ။ 

 

" အန်တီမော်က အမိရဲ့အကြောင်းကို ခဏခဏပြောဖူးတယ် သိလား " 

 

လေးဆယ်ကျော် အပျိုကြီးတွေအကုန် ဒီပုတ်ထဲက ဒီပဲတွေ ဖြစ်ကုန်တာက ဓမ္မတာမို့ ထူးပြီး အံ့ဩမနေတော့ပါဘူးလေ ။ စက်ဘီးကို စနင်းတော့ မနေ့ကလို သူ့ခါးကို ဖက်ထားဖို့ ပြောပြန်တယ်။ ပုံမှန်လို တီရှပ်အနားစကိုပဲ ကိုင်လိုက်တော့ မနေ့ကနည်းတူ လက်ကို ဆွဲပြီး သူ့ခါးပေါ်ကို မိမိရရ တင်ပေးပြန်တယ် ။ 

 

" သွားချင်တဲ့ နေရာ ရှိလား " 

 

" မရှိဘူး " 

 

" အဲဒါဆို အပြင်ထွက်ချင်ရင် ပြောလေ ၊ လိုက်ပို့ပေးမယ် " 

 

" မထွက်ချင်ဘူး " 

 

" အမိ zodiac sign က Leo များလား " 

 

" ပေါက်ကရ " 

 

" ခေါင်းမာလိုက်တာလည်း လွန်ရော " 

 

" လူတစ်ယောက်ရဲ့ အမူအကျင့်ကို အဲ့လိုဟာတွေနဲ့ ဆုံးဖြတ်လို့မှ မရတာ " 

 

လရောင် သတ်မှတ်ထားတာက လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ဘယ်နည်းနဲ့မှ မတူညီနိုင်ဘူး ။ လူ့စိတ်ဆိုတာ စကြဝဠာထဲမှာရှိနေတဲ့ အမှုန်အမွှားတွေထက်တောင် ပုံစံ အမျိုးမျိုးအဖုံဖုံနဲ့ တည်ရှိနိုင်သေးတာ မဟုတ်လား ။ ၁၂ ခုတည်းရှိတဲ့ ရာသီခွင်တွေနဲ့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ ။

 

" အဲဒါဆို Capricorn ပဲ " 

 

ကျွန်မရဲ့ အမြင်ကို ဂရုစိုက်တဲ့ပုံလည်း မပေါ်တာကြောင့် ဆက်မပြောဘဲ တိတ်နေလိုက်မိတယ် ။ ဒီလိုမိန်းကလေးတွေက သိပ်ခက်တာပါလေ ။ 

 

" အမိ အသက်က ဘယ်လောက် " 

 

" ၂၃ " 

 

" ကြီးတာပဲ " 

 

ဘယ်လိုပဲ ကြည့်ကြည့် သူ့ပုံစံက ကျွန်မထက် ငယ်မယ့်ပုံပဲဟာကို ။ မပြောရင်တောင် သိလောက်မှာ ။ 

 

" အန်တီမော် ကာရန် ဘာကူပေးရဦးမလဲ " 

 

" ရပါပြီရှင် ၊ အခုတောင် တော်တော် အကူအညီရနေတာပါ ။ ကျေးဇူးတင်ပါတယ် ကာရန့်ကို " 

 

" မလိုပါဘူး မလိုပါဘူး ၊ ပြောရမယ့်လူတွေမှ မဟုတ်တာ ဟဲဟဲ " 

 

စက်ဘီးကို ခြံထဲမှာ ဒေါက်ထောက်ရပ်လိုက်တဲ့အထိ မထူးဆန့်ပေမယ့် အိမ်ဘေးလှေကားကနေ အပေါ်ထပ်ကို တက်သွားတဲ့အခါမှာတော့ ကျွန်မ တအံ့တဩနဲ့ ကျန်ရစ်ခဲ့ရတယ် ။ 

 

" မော်မော် သူက .... " 

 

" သူက အိမ်ပိုင်ရှင်လေ ညောင်ရဲ့ ၊ ညောင့်ကို မော် မနေ့ညက ပြောသား " 

 

" အာ .... " 

 

ကိုယ့်အပူကိုမှ ပူတယ်ထင်နေတဲ့ အချိန်ဆိုတော့ မော်မော်ပြောတာကို မေ့သွားတာပဲ ။ ခဏကြာတော့ သူက ဆိုင်ထဲကို ပြန်ဝင်လာတယ် ။ 

 

" အမိ WiFi ဖွင့်ထားတယ်နော် ၊ password ခံမထားဘူး ဒီတိုင်းသုံးလို့ရတယ် " 

" အဲဒါဆို ကာရန် ဈေးထဲသွားလိုက်ဦးမယ် အန်တီမော် ၊ ပန်းတွေ ပို့ရဦးမှာ " 

 

" ဟုတ်ပါပြီကွယ် ၊ ထမင်းစားချိန် ပြန်လာနော် " 

 

" ဟုတ်ကဲ့ပါ အန်တီမော့်ရဲ့ လက်ရာကို ဘယ်တုန်းက အလွတ်ခံဖူးလို့လဲ " 

" ကဲ အမိ သွားပြီနော် " 

 

မသွားခင် ကျွန်မရဲ့ ဆံပင်တွေကို ထိုးဖွသွားတယ် ။ အငိုက်မိသွားတာကြောင့် ဘာမှ ပြန်မပြောလိုက်နိုင်ဘူး ။ ဒီဟာလေးကတော့ အကြီးကို ။

 

" ကာရန်ကတော့ ညောင့်ကို ခင်နေပြီ ထင်တယ် ၊ ကာရန်က သဘောကောင်းတယ် ညောင်ရဲ့ ။ ရပ်ကွက်ထဲမှာဆို သူက မရှိမဖြစ်လိုပဲ ၊ ဘယ်အိမ်က ဘာလိုလို သူလိုက်လုပ်ပေးတာ " 

 

" မလိုအပ်ဘဲ အားတွေ ဖြုန်းတီးနေတာနဲ့ ပိုတူတာပါ မော်ရာ " 

 

" ညောင် သူငယ်ချင်းရမှာပါ ၊ ကာရန်ကတော့ ညောင့်ထက် ကြီးမှာ " 

 

" ဘယ်လို " 

 

" အင်းလေ ညောင်က ၂၃ ပြည့်မှာ မဟုတ်လား ၊ သူက ၂၅ "

 

ထိုင်နေရင်း မော်မော့်ကို လှည့်ကြည့်မိတော့ ခေါင်းငြိမ့်ပြတယ် ။ ဒါဆို စောစောက ကြီးတာပဲဆိုတာ သူ့ကိုယ်သူ ပြောတာပေါ့ ။ မထင်ရဘူး ၊ ကလေးရုပ် ။ 

 

ပန်းတွေထည့်ထားတဲ့ သစ်သားပုံးကို စက်ဘီးနောက်ခုံမှာ သေချာချည်ပြီး ထွက်သွားတဲ့ နောက်ကျောကို ငေးမိတယ် ။ ခြံထဲကို ဝင်လာတဲ့ ကလေးတွေကို လှမ်းစ နေတာကိုလည်း မြင်ရတယ် ။ 

 

ရယ်ရယ်မောမောနဲ့ လည်ပတ်သွားတဲ့ နာရီလက်တံတွေကို ငေးရင်း ကိုယ့်ရဲ့အချိန်တွေက ရပ်တန့်နေကြောင်း သတိထားမိတယ် ။ 

 

" နှစ်ယောက်အတူ လျှောက်ရမယ့် လမ်းမှာ တစ်ယောက်တည်းကပဲ ချစ်နေလို့ မဖြစ်ဘူးလေ လရောင်ရဲ့ " 

 

အတိတ်ရဲ့ ငါးစက္ကန့်စာလောက် အတွေးထဲ ဝင်ရောက်လာတာတောင် ကျွန်မရဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အားအင်တွေ အကုန် ဆွဲထုတ်ခံလိုက်ရသလိုဖြစ်သွားရတာ ။ 

 

တစ်ယောက်တည်း ချစ်နေလို့ မဖြစ်တဲ့ လမ်းမှာ ကျွန်မက တစ်ယောက်တည်း ကျန်နေခဲ့ရင်း တစ်ယောက်တည်းကိုပဲ ချစ်နေသေးကြောင်းကိုလည်း မှတ်မှတ်ရရ ရှိနေပါသေးတယ် ။ 

 

 

To be continue ....