ဒုတိယမြောက်ချစ်ခြင်း - Episode 4


အမျိုးသမီးနှစ်ယောက်ဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငြိမ်သက်နေကြတယ်။ နှစ်ဦးလုံး အသက်ရှူသံတို့မြန်ဆန်နေသည်။


တိတ်ဆိတ်နေတဲ့လေထုထဲတွင် လွမ်းဆွတ်တမ်းတခြင်း၏ အငွေ့အသက်မှအပ နာကျည်းခြင်း၊ မုန်းတီးခြင်း စသည့်အငွေ့အသက်များ မပါဝင်ခဲ့။


"နဒီ.."


တိုးတိတ်စွာထွက်ပေါ်လာတဲ့နာမ်စားတစ်ခု။ ပြောတဲ့လူဟာ မျက်ရည်တို့ ကျဆင်းလို့ပင်။ ထိုမျက်ရည်စများအား သူ မသုတ်ပါ။ ချုပ်ထိန်းလည်းမထားပါ။ ကျွန်မသူ့ကို အကြည့်လွှဲလိုက်သည်။ မနေတတ်စွာပင် နာရီကိုငုပ်ကြည့်မိသည်။ ၁၀ မိနစ်မကတော့ဘူးဘဲ။


"ပြန်တော့"


"နဒီ.."


ထိုအသံမှာ ပထမအစကကဲ့သို့ မတည်ငြိမ်ချေ။ ရှိုက်သံဖြင့် အဖျားခတ်နေသည်။ 


"ပြန်တော့"


"နဒီ.."


နှစ်ဦးကြား တစ်ခြားစကားလုံးမရှိတော့သလို။ အနှင်ခံရသူမှာ နေရာမှမရွေ့ သလို နှင်ထုတ်နေသူဟာလည်း မရွေ့ချေ။


"ပြန်တော့ ဆောင်းဦးကဗျာ။ ငါ့စကားကုန်သွားပြီ"


"တောင်း..ပန်ပါတယ်"


နဒီ့၏ မျက်နှာပေါ်တွင် အံ့ဩမှုနှင့် နာကျည်းမှုတို့ ရောထွေးကာပေါ်ပေါက်လာသည်။


"မပြောနဲ့။ နင့်ပါးစပ်က အဲ့စကားမပြောနဲ့။ အဲ့စကားက အခုအခြေအနေမှာပြောရမယ့် စကားမဟုတ်ဘူး"


"တောင်းပန်ပါတယ်"


တောင်းပန်တိုးလျှိုးနေသူ၏ မျက်ဝန်းထဲမှ မျက်ရည်စတို့ဟာ ကြမ်းပြင်ပေါ်သို့ အကြင်နာမဲ့စွာ ကျဆင်းသွားသည်။ ထိုအရာအား ကျွန်မ မှုန်ဝါးနေသည့်ကြားမှပင် မြင်လိုက်ရသည်။ တတ်နိုင်လွန်းတယ်။


"ဟာ့..!အဟက်..ရယ်ရတယ်။ သိပ်ကို ရယ်ရတယ်.."


သူ့ကို နာကျည်းစွာစိုက်ကြည့်ပြီး ဆံပင်ကိုထိုးဖွလိုက်သည်။


"ဒါအကုန်ပဲလား။ ဆောင်းဦးကဗျာ..နင်လုပ်နိုင်တာ ဒါ..အကုန်ပဲလား..ဟမ်~"


"နဒီ.."


စက္ကန့်ပိုင်းအတွင်းပင် နဒီဟာ ကဗျာ့ရှေ့ကိုရောက်သွားခဲ့သည်။ နောက်တော့ သူ့ရဲ့ လက်အစုံဟာ ကဗျာ့ ပုခုံးနှစ်ဖက်ပေါ်သို့ နူးညံ့မှုကင်းစွာ ကျရောက်သွားခဲ့သည်။


"ပြောလေ! ပြောလိုက်စမ်းပါ။ နင် ငါ့ကိုဘယ်လိုဖြစ်စေချင်တာလဲ ။ ငါ့ကို ဘယ်လိုပြန်ချုပ်ကိုင်ချင်လဲ"


"...." 


"ပြော..ပြောလို့...ဆောင်းဦးကဗျာ! ပြောလို့.."


အခန်းအတွင်း နဒီ့၏ အော်သံတို့မှာ ဟိန်းထွက်နေသည်။ ကဗျာ့၏ ခန္ဓာကိုယ်လေးမှာလည်း နဒီ့‌ လက်ချက်ကြောင့် ရမ်းခါနေသည်။ နှစ်ဦးလုံးမျက်ရည်ကျနေကြသည်။ မတူသည်မှာ မျက်နှာအမူအရာများပင်။


"‌နင် ဟာ"


နဒီ့အသံမှာ ပျော့ဝင်သွားသည်။ 


ကဗျာ့၏ ငိုသံမှာ တိတ်ဆိတ်သွားသောအခန်းကို ပြန်လည်ဆူညံစေခဲ့သည်။ ကဗျာဟာ ငိုနေပါပြီ။ ကဗျာဟာ မတ်တပ်ပင်မရပ်နိုင်တော့ ထိုင်ခုံပေါ်ကို အရုပ်ကြိုးပြတ်ပြန်ကျသွားသည်။


"ငါ..ငါလည်း..မသိပါဘူး နဒီရယ်..ဒီတိုင်း..ငါ နင့်နားမှာ..သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပြန်နေချင်ရုံပါ"


မျက်ရည်များကြားမှ အားယူပြီးပြောသော စကားများပင်။ နဒီဟာ ဘေးမှ ကဗျာ့ကို နားမလည်နိုင်သောအကြည့်တို့ဖြင့်ကြည့်နေသည်။


"ဟာ့..နင်..‌နင်‌တော်တော် ကြောက်ဖို့ကောင်းပါ့လား.."


"မမေ့နိုင်ခဲ့ဘူး"


ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူ ကျွန်မကို ကစားစရာ‌များထင်နေသလား။ ဒါက မရက်စက်လွန်းဘူးလား။ သူ့အပေါ်ချစ်နေသေးမှန်းသိလို့ အနားခေါ်ထားပြီး နှိပ်စက်ချင်တာလား။ 


အခန်းအတွင်း လေထုဟာ မိနစ်များစွာတိတ်ဆိတ်သွားခဲ့ပြန်သည်။ ကဗျာ့၏ ရှိုက်သံတို့မှာ ရပ်တန့်သွားခဲ့သည်။ နဒီဟာတော့ အတွေးဗလာပွနှင့် ကျောက်ရုပ်ပမာ ရပ်နေပြီး လက်သီးကို တင်းနေအောင်ဆုပ်ထားသည်။ လည်ပင်းနှင့် လက်တစ်လျှောက် အကြောများဟာ ကြွထွက်နေသည်။


"ဦး နဒီကို မမေ့နိုင်ခဲ့ဘူး။ အခုထိ..အခုထိ ချစ်နေမိသေးတယ်။ ဒါပေမယ့်..မဖြစ်နိုင်တော့တဲ့ အခြေအနေမို့ သူငယ်ချင်း..အင့်"


ကဗျာ့ စကားလုံးမဆုံးလိုက်ခင်မှာပဲ သူ့ပါးကို ကြမ်းတမ်းစွာ ဖျစ်ညှစ်ခြင်းကို ခံလိုက်ရသည်။ နဒီ့လက်ချက်ပင်။


နဒီ့၏ မျက်ဝန်းတို့ဟာ နီကျင်နေသည်။ ဒါဟာ ဝမ်းနည်းမှုကို အတင်း မျိုသိပ်ထားခဲ့၍ ဖြစ်နိုင်သည်။ 


"အဟက်..ဘာ!..ချစ်သေးတယ်? နင်ဘာဖြစ်စေချင်နေတာလဲ"


"..."


"ငါ့ဘဝထဲက ထွက်သွားတုန်းက နင့်သဘောနဲ့နင်ထွက်သွားခဲ့တာမဟုတ်ဘူးလား? အခုလို နင့်သဘောနဲ့နင် ပြန်ဝင်လာဖို့လုပ်နေတာကို ငါက ပျော်ပျော်ကြီးလက်ခံမယ်လို့ တွေးထားတာလား? နင် ငါ့ကို မသနားတော့ဘူးလာ..ဟမ်! ငါ့ကိုဘာထင်နေတာလဲ?"


"..." 


"ငါ့ အချစ်က နင့်အတွက် အဲ့လောက်တောင် ဈေးပေါနေလား? ပြောစမ်းပါဟာ။ ဟမ်!"


နဒီ့၏ စကားတို့မှာ ရှိုက်သံနှင့်အတူ အေးစက်စက်သာဖြစ်သည်။ ကဗျာဟာ နဒီ့လက်ကို ဖယ်ရှားရန် ကြိုးစားနေသည်။ နဒီက အသာညှစ်ထားခြင်းမှမဟုတ်တာ။ သူ့လက်က အကြောတွေကိုကြည့်ရင် ဘယ်လောက်အားထည့်ထားလဲ သိနိုင်သည်။ 


"နဒီ နာတယ်"


"ငါ့နှလုံးသားကပိုနာကျင်ရတယ် ဆောင်းဦးကဗျာရဲ့။ ငါ့နှလုံးသားကပိုနာတယ် သိရဲ့လား။ နင် ငါ့အချစ်ကို တန်ဖိုးတစ်စက်မှမရှိတော့အောင်လုပ်နေတာ။ အဲ့တာကိုနင်သိရဲ့လား!"


ကဗျာမျက်ဝန်းထဲ အရိပ်တစ်ခုဖြတ်ပြေးသွားသည်။ တစ်ဆက်ထဲမှာ မျက်ရည်ဝဲလျက် ငြိမ်ကျသွားသည်။ တစ်ခုခုကို သတိဝင်သွားသလိုပင်။


"ဟုတ်သားပဲ။ တောင်းပန်ပါတယ်..ဦးရဲ့ ဆန္ဒတွေ စောသွားခဲ့တယ်..ဦးပြောတာတွေမေ့လိုက်.."


~ဒုန်း~


စကားမဆုံးသေးခင်ပင် ကဗျာထိုင်နေသော ကြိမ်ခုံဟာ နဒီ့လက်ချက်ဖြင့် နံရံသို့အားပါပါ ကပ်သွားခဲ့သည်။ နဒီဟာ ယခုအချိန်တွင် ရှေ့နေတစ်ယောက်၏ တည်ငြိမ်မှုမျိုး မရှိတော့။ 


"နင်ငါ့ကို ဘာမှတ်နေတာလဲ..ငါ့ကို စော်ကားနေတာလား"


"မဟုတ်.."


"တော်တော် ကြောက်ဖို့ကောင်းတဲ့မိန်းမ"


ကဗျာက ခေါင်းငိုက်ကျသွားသည်။


"သိပါတယ်..ဦး လုပ်ရက်တွေက.."


"နင်ဘာသိတာလဲ။ ဘယ်လုပ်ရက်ကိုပြောတာလဲ"


"အကုန်..အကုန်လုံးအတွက်."


"လွယ်လွယ်နဲ့ပြီးရောလား။ နင် ကစားခဲ့တာ သက်မဲ့အရုပ်မဟုတ်ဘူးဟ"


ထိုစကားအဆုံးမှာ သူ့ထံက အကြည့်တစ်ခုကိုလက်ဆောင်ရလိုက်သည်။ ပြီးတော့တစ်ခုခုကို ရှင်းပြချင်သလို နှုတ်ခမ်းအား ဖွင့်လိုက် ပိတ်လိုက်လုပ်နေသည်။ စကားသံကတော့ထွက်မလာ။ ဒီလိုအချိန်မှာ 'ဦးနဒီ့ကို တစ်ကယ်ချစ်ခဲ့တာပါ။ ဦးဘက်က မိသားစုကြောင့် ဘယ်လိုမှမတတ်နိုင်လို့ လမ်းခွဲလိုက်တာပါ။ ဦး နဒီ့ကို မကစားခဲ့တာ တစ်ကယ်ပါ' လို့ ပြောလာခဲ့ရင် ကျွန်မ စိတ်ပျော့သွားနိုင်သည်။ သို့သော် အရှေ့က အမျိုးသမီးက မျက်နှာသေနဲ့ ထရပ်သည်။ ဖြေရှင်းချက်လေးတောင် မပေးဘူးပဲ။ အရင်တုန်းကရော အခုရော။ ဖြေရှင်းချက်မပေးဘူး။ မရှင်းပြဘူး။ ဒီလိုလူကို ဘယ်လိုတောင် ဆက်ချစ်ရပါ့မလဲ။


"ဦး..ထွက်သွားပါ့မယ်"


ကျွန်မ ရင်ထဲ ဆစ်ကနဲပင်။ သူဒီ့ထက်ပိုပြီး မကြိုးစားကြည့်တော့ဘူးလား။ ကျွန်မက သူ့အတွက် ဒီအဆင့်လောက်ပဲ အရေးပါတာလား။ သူ့ကိုချစ်မိတဲ့ကိုယ့်ကိုယ်ကိုယ် သနားမိသည်။ တော်တော် အသည်းမာတဲ့မိန်းမ။ 


နဒီက ကဗျာ့ကို စူးစိုက်ကြည့်ပြီး အံကိုတင်းနေအောင်ကြိတ်ထားသည်။ ထိုအချိန်မှာပင် ကဗျာဟာ နဒီ့အရှေ့မှ တံခါးထံ ခြေလှမ်းပြင်နေသည်။ 


"ငါနင့်ကို.."


နဒီ့ထံမှ စကားကြောင့် ကဗျာဟာ ချက်ချင်းလှည့်ကြည့်သည်။ နဒီဟာလည်း ကဗျာ့ဘက်ကို ဖြည်းဖြည်းချင်းလှည့်လာသည်။ မျက်လုံးတို့မှာ နီကျင်နေသည်။ မျက်ရည်တို့မှာ မျက်ဝန်းထဲမှလွဲ၍ အပြင်ဘက်သို့ထွက်မလာ။


"မုန်းမိတော့မယ်"


'မုန်းတယ်'ဆိုသောစကားမဟုတ်။ 'မုန်းမိတော့မယ်' ဆိုသောစကားဖြစ်သည်။ ဤ အဓိပ္ပာယ်ကို သူနားလည်ပါ့မလား။ သူနားမလည်တာကိုသိလိုက်ရသည်။ သူက ကျွန်မရဲ့ မျှော်လင့်ချက်အစုံကို အပြုံးတုတစ်ခုနဲ့ပဲ ဖျက်ဆီးပစ်လိုက်သည်။ ရင်ထဲ ဟာခနဲပင်။ သူ့ကိုလည်း ကောင်းကောင်းမမြင်ရတော့။ 


"အင်း..နဒီ မုန်း..သင့်ပါတယ်"


မျက်ဝန်းထဲ မျက်ရည်တွေပြည့်လျှံနေသည့်အတိုင် ကျဆင်းခွင့်မပေးမိသေး။ သူတံခါးဖွင့်ပြီးသည့်တိုင် မလှုပ်ရှားမိသေး။


"ဆောင်းဦးကဗျာ!"


သူ့ပုံရိပ်က ရပ်တန့်သွားသည်။ သူဘယ်လို မျက်နှာနှင့် ကျွန်မကိုကြည့်နေလည်းတော့ မသိပါ။ ကျွန်မ မျက်ရည်များနှင့် မဲ့ပြုံး ပြုံးပြလိုက်သည်။


"မုန်းတယ်"


အချိန်တစ်ခုထိ ထိုပုံရိပ်ဟာ မလှုပ်ယှက်ပင်။ နောက်တော့လည်း တံခါးဝမှ ပျောက်ကွယ်သွားခဲ့သည်။ စကားတစ်ခွန်းလောက်နဲ့တောင် အထင်မှားအောင် လုပ်မသွားခဲ့ဘူးဘဲ။ သူ့ကို ဆက်ချစ်ဖို့ အကြောင်းပြချက်ကို ဘယ်ကရှာရတော့မှာလဲ။


ကျွန်မလေးပင်သော ခြေထောက်များကို ထိန်းလျက် တံခါးထံသို့ မောဟိုက်စွာရောက်သွားလိုက်သည်။ နောက်တော့တံခါးကို လော့ချလိုက်သည်။ ယိုင်ကျသွားသော ခန္ဓာကိုယ်ကြောင့် တံခါးကိုပဲ လက်ဖြင့် အားပြုပြီး ထိန်းလိုက်ရသည်။ ရင်ဘက်တစ်ခုလုံး လေးလံပြီး ဝဲဘက်က တစ်ဆစ်ဆစ်နဲ့ပင်။ မိန်းမတစ်ယောက်ကို ချစ်ရတာ ဒီလောက်နာကျင်ရလား။


"မေနဒီသွေး နင်က အရူးမပဲ" 


သူမကိုယ်သူမ အားမရစွာ ရေရွတ်ရင်း လက်သီးနှင့် တံခါးဘောင်တန်းကို အားပါပါ ထုမိသည်။


~ဒုန်း~


နာကျင်မှုက လက်ဆစ်မှတစ်ဆင့် ရင်ဘတ်ထဲအထိ စိမ့်ဝင်သွားသည်။ သို့သော် ထိုနာကျင်မှုဟာ ရင်ဘက်ထဲက နာကျင်နေတဲ့ ဒဏ်ရာတွေကိုတော့ မမှီခဲ့ပါ။ 


နဒီ တံခါးကိုမှီလျက် ကြမ်းပြင်ပေါ်သို့ ပုံရက်သား ပြိုကျသွားသည်။ နောက်တော့ ဒူးနှစ်ဖက်ကို လက်နှင့် စုရုန်းဖတ်လျက် ခေါင်းအပ်ကျသွားသည်။ နောက်ဆုံးတွင် အတင်းအကျပ် အံကြိတ်မြိုသိပ်ထားခဲ့ရတဲ့ သူ့ရဲ့ နာကျင်မှု ရှိုက်သံတို့ဟာ ထိုအခန်းငယ်လေးထဲမှာပင် အဖော်မဲ့စွာ ထွက်ပေါ်လာခဲ့တော့သည်။


__________


ဖုန်းကြည့်ရင်း အပေါက်ဝကို ခဏခဏလှမ်းကြည့်ရသည်။ ကျဲကျဲ သွားတာ နာရီဝက်လောက်ကြာနေပြီ။ နှစ်ယောက်သား ပြန်တည့်ပြီး စကားကောင်နေတာဆိုကိစ္စမရှိပေမယ့် တစ်ခုခုဆို ကောက သတ်လိမ့်မည်။ ကျဲအခန်းကို လိုက်သွားရင်ကောင်းမလား။ အဲ့လိုလည်းမဖြစ်သေးဘူး တော်ကြာ ကိုယ့်ကြောင့်အနှောင့်အယှက်ဖြစ်သွားနိုင်သည်။ ကျဲကျဲစီကို ဖုန်းခေါ်ကြည့်ရင်ရော။ ဒါကလည်း လိုက်သွားတာနဲ့ အတူတူပဲမလား။ ခဏစောင့်ရမှာပေါ့။ 


အတွေးမဆုံးလိုက်ခင်မှာတင် တံခါးဖွင့်သံကို ကြားလိုက်ရသည်။ ပြန်လာပြီပဲ။ တံခါးဝကို အကြည့်ပို့လိုက်တော့ ကျဲကျဲမျက်နှာဟာ လန်းမနေ။ ဖြူစုတ်စုတ်နှင့်ဖြစ်နေသည်။ နေမကောင်းဘူးလား။ ဒါမှမဟုတ် သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်လာတာလား။ ကျဲကျဲက ကျွန်မကိုမြင်တော့ ပြုံးပြသည်။ ထိုအပြုံးမှာအားပါတယ်လို့ မခံစားရဘူး။ မျက်လုံးကလည်း ငိုထားသလိုမျိုး နီပြီး အင့်နေသည်။ အဆင်မပြေခဲ့ဘူးလား။


"ကျဲ.."


"အစ်မ ရေချိုးလိုက်အုံးမယ်"


မေးခွန်းပင်မမေးလိုက်ရပဲ ပညာသားပါပါ အပိတ်ပင်ခံလိုက်ရသည်။ စကားသံကတော့ ချောချောလျူလျူပါပဲ။ မေးခွန်းတွေကို ပြန်မျိုချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ခေါင်းညိတ်တဲ့အချိန်မှာပင် ကျဲကျဲက ရေချိုးခန်းအဝကိုရောက်သွားခဲ့ပြီ။ အဝတ်မယူဘူးလားလှမ်းမေးချင်ပေမယ့် မမေးတော့။ ကျဲကျဲမှာလည်း သူ့ကိစ္စနဲ့သူရှိမှာပေါ့။ 


__________


အားအင်ကုန်ခန်းနေတဲ့ ဒီခြေထောက်တွေကို ဒီထိရောက်အောင်သယ်လာရတာ အရမ်းပင်ပန်းလွန်းသည်။ ရှင်းအရှေ့မှာ ဘာမှမဖြစ်သလို ကြိုးစားပြခဲ့ပေမယ့် ရင်ဘက်ထဲက ပိုပြီးလှိုက်တက်လာခဲ့သည်။ ရေပန်းကို ဖွင့်ချလိုက်သည်။ အေးစိမ့်စိမ့်ရေစက်တို့ ခန္ဓာကိုယ်‌ပေါ်သို့ ကျရောက်လာပြီး မကြာ နေရာလွတ်မကျန်အောင် စိုစွတ်သွားခဲ့သည်။ ရေပန်းအောက်မှာ ထိုင်ချပစ်လိုက်မိသည်။ ခြေထောက်တွေက ထိုအချိန်မှာ အားအင်တစ်စက်ကလေးမျှမရှိတော့ပါ။ ရင်ဘက်ထဲလည်းမွန်းကျပ်နေသည်။ အသက်ပင်ရှူရတာခက်ခဲနေသည်။ ရင်ဘက်တစ်ခုလုံးလည်း ပူလောင်နေသည်။ ငိုချလိုက်ချင်ပေမယ့် မျက်ရည်တို့ ရေစက်နှင့်အတူစီးကျလာရုံမှအပ အသံပင်မထွက်နိုင်။


မငိုရဘူး။ ငိုလို့မရဘူး။ ဒီနာကျင်မှုက နင်နဲ့ထိုက်တန်တယ် ဆောင်းဦးကဗျာ။ နင်လိုလူက နာကျင်မှုတွေကို အန်ထုပ်ပစ်ဖို့မထိုက်တန်ဘူး။ အကုန်လုံးက နင့်ကြောင့်ဖြစ်လာတာ။ ဒီနာကျင်မှုကိုလည်း နင်ကိုယ်တိုင်ဖန်တီးခဲ့တာ။


'‌ဆောင်းဦးကဗျာ..မုန်းတယ်'


နာကျည်းမှုတွေပြည့်နေတဲ့ သူ့ရဲ့ မျက်နှာချောချောလေးက အမြင်အာရုံထဲဝိုးတဝါးဝင်ရောက်လာခဲ့သည်။ နားစည်ကို ပြင်းထံစွာရိုက်ခက်စေတဲ့ 'မုန်းတယ်' ဆိုတဲ့စကား။ သူ့ထံမှ တစ်ခါမျှမကြားဖူးခဲ့တဲ့ထိုစကား။ ကိုယ့်ရင်ဘက်ကိုယ် ထုရိုက်နေမိသည်။


"ဘာလို့..ဘာလို့ သူ့ကို နာကျင်အောင်လုပ်ရတာလဲ..ဘာလို့သူ့ကိုပဲ နာကျင်အောင်လုပ်နေတာလဲ ဆောင်းဦးကဗျာရဲ့..သူ့ဟာသူနေတဲ့ ကလေးကိုမှ.."


ထိုစကားသံတိုးတိုးဟာ အပြင်က ရှင်းမကြားဖို့နှင့် ကိုယ်ကိုယ်ကိုယ် အပြစ်တင်ဖို့လုံလောက်သည်။


'မုန်းတယ်' တဲ့...။


ထိုစကားလုံးက ရင်ဝကို အရှိန်ပြင်းပြင်းနှင့် စိုက်ဝင်သွားသည့် မြှားတစ်စင်းကဲ့သို့ပင်။ နာကျင်လွန်းလို့ အသက်ရှူဖို့ပင် မေ့လျော့နေမိသည်။ သူ့ကို နာကျင်အောင် လုပ်ခဲ့တာ ကိုယ်တိုင်ဆိုသော်လည်း သူ့ထံမှ ထိုစကားကို ကြားလိုက်ရသည့်အခါ ကမ္ဘာပျက်သလို ခံစားလိုက်ရသည်။ 


အရာအားလုံးကို အစကတည်းက ဖွင့်ပြောခဲ့ရမှာ။ ရှင်းပြခဲ့ရမှာ။ အခုတော့ လိမ်ညာမှုတွေ၊ ဟန်ဆောင်မှုတွေနဲ့ ကာကွယ်ပေးချင်ခဲ့ပါတယ်ဆိုတဲ့ ဆင်ခြေက သူ့အတွက် ဟာသတစ်ခုလို ဖြစ်စေခဲ့ပြီ။


လွန်ခဲ့တဲ့ နှစ်နှစ်က လမ်းခွဲမှုဟာ ကျွန်မတို့နှစ်ယောက်ကြားကို ခြားပစ်လိုက်တဲ့ မဟာတံတိုင်းကြီးဖြစ်သွားခဲ့ပြီ။ အရင်တုံးကလို သူငယ်ချင်းပင်ပြန်မဖြစ်နိုင်တော့အောင် ခြားနားသွားခဲ့ပြီ။


သူငယ်ချင်းဆိုတဲ့ စည်းကို ကျော်မိသွားရင် ဆက်ကျော်မှရတော့သည်။ ပြန်ဆုတ်လို့မရတော့။ အကျော်လွန်သွားခဲ့ရင်လည်း သူစိမ်းတွေပြန်ဖြစ်သွားသည်။ ထို့ထက်ဆိုးရင် သူစိမ်းလိုတောင် မဖော်ရွေတော့တဲ့ အဆင့်ထိ ဖြစ်သွားနိုင်သည်။


သူ့ကိုလမ်းခွဲပေးခဲ့တာမှန်ရဲ့လား။ ဤမေးခွန်းကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးတိုင်း ရရှိတဲ့အဖြေကမှန်တယ်ဆိုတာပင်။ ဟုတ်တယ်။ အဲ့လုပ်ရက်ကတော့မှန်တယ်။ သူ့ဘဝလေးကောင်းစားဖို့အတွက်လမ်းခွဲခဲ့ရတာပဲ။ အခုသူ ကောင်းစားနေပြီလေ။ ပျော်ရမှာမလား ကိုယ်ဖြစ်စေချင်ခဲ့တဲ့ ရှေ့နေမျိုးဖြစ်နေပြီ။ တရားခွင်တိုင်းမှာ လေးစားမှုရရှိတဲ့ ရှေ့နေတစ်ယောက်ဖြစ်နေပြီ။ မိန်းကလေးချင်းတွဲတဲ့ ရှေ့နေတစ်ယောက်ဆိုပြီး အရင်ကလို အထင်သေးတဲ့အကြည့်တွေနဲ့ သူလေးအကြည့်မခံရတော့ဘူးဆိုတာ သေချာသည်။ ဒါဟာ မှန်ကန်တဲ့လုပ်ရက်လို့ထင်တယ်။ 


မှားနေတာကရော။ နှစ်ယောက်ကြား ပြန်ခင်မင်လို့မရအောင်ကို မှားသွားခဲ့တဲ့အရာကရော။ အဲ့တာဘာလဲ။ မောင့်ကို ထက်ချစ်မိခဲ့လို့လား။ ဒါကြောင့် သူပိုပြီး နာကျည်းသွားတာလား။ 


"ကလေးရယ်" 


အရင်က သူလေးကိုအရမ်း ခေါ်ချင်ခဲ့တဲ့နာမ်စားလေးကိုသူမကြားနိုင်တဲ့အချိန်မှ‌ခေါ်မိသည်။


အသံပင်မထွက်နိုင်ဘဲ နှုတ်ခမ်းဖျားကတင် တုန်တုန်ရီရီ ရေရွတ်မိသည်က 'တောင်းပန်ပါတယ်' ဆိုတဲ့စကားဖြစ်သည်။ ဘယ်လောက်ပဲ တောင်းပန်တောင်းပန် အဖတ်ဆယ်လို့ မရတော့မှန်း သိပါသည်။ ကိုယ့်ကိုယ်ကိုယ် မုန်းတီးစိတ်ဟာလည်း ရင်ဘတ်တစ်ခုလုံးကို လောင်မြိုက်နေသည်။ 


ကဗျာဟာ အချိန်အတော်ကြာအောင် ရေပန်းအောက်မှာ ဒူးတုပ်ထိုင်နေပြီးမှ အားအင်ကုန်ခမ်းစွာဖြင့် ထရပ်လိုက်လေသည်။ အဝတ်အစားလဲဖို့ နေနေသာသာ၊ အသက်ရှင်ဖို့ တွန်းအားပင် မရှိတော့သလို နံရံကိုပင် အားပြုထားသည်။ ရေချိုးခန်းနံရံမှာ ချိတ်ထားသည့် တဘက်အပွကြီးကို ယူပြီး ကိုယ်ပေါ်မှာ ပတ်သည်။ နောက်တော့ ရေစိုနေသောအဝတ်တွေကို ချွတ်ချသည်။ ဆံပင်ကိုလည်း အပေါ်ကိုလိပ်တင်သည်။ မှန်ဘက်ကိုလျှောက်သွားသည်။


မှန်ထဲက ကိုယ့်မျက်နှာကိုသေချာပြန်ကြည့်မိသည်။ မျက်လုံးမှလွဲ၍ ကျန်တာအကုန်အဆင်ပြေသလိုပင်။ နှုတ်ခမ်းကို အားတင်းကာ အပေါ်သို့ပင့်တင်ကြည့်လိုက်သည်။ ဒီလောက်အပြုံးဆိုရင် အားပါပါပြီလေ။ ရင်ဖွင့်ပြီး ငိုချပစ်ဖို့က ကိုယ်နဲ့မထိုက်တန်တဲ့ အရာပင်။ ဒါကြောင့် ရှင်းနဲ့ မောင့်ရှေ့မှာ ဘာမှမဖြစ်သလိုနေရမည်။


ဒါဟာ မောင့်ကို သစ္စာဖောက်တာလို့ သတ်ယူနိုင်သလား။ မဖြစ်နိုင်ဘူး မောင့်ကို ချစ်နေရင်းနဲ့ သူ့ကိုချစ်မိတာမှ မဟုတ်ဘဲ သူ့ကိုရင်ထဲကမထုတ်နိုင်တဲ့အချိန်မှာ မောင့်အပေါ်ကိုချစ်မိခဲ့တာ။ ကျွန်မ မဖောက်ပြန်သေးသ၍ မောင့်အပေါ်သစ္စာရှိတယ်မလား။


အခန်းတံခါးလက်ကိုင်ကိုကိုင်ပြီး သက်ပြင်းချကာ ပြုံးလိုက်သည်။ နောက်တော့ လက်ကိုင်ကို လှည့်ကာ ဆွဲဖွင့်လိုက်သည်။


ရှင်းက လှည့်ကြည့်တော့ ပြုံးပြလိုက်သည်။ ပြီးတာနဲ့ Luggage ထားတဲ့ဘက်ကိုလျှောက်သွားလိုက်သည်။ Luggage ရှေ့မှာထိုင်ချလိုက်ပြီ ပုံမှန်လိုပဲ အဝတ်အစား တစ်ထည်ချင်းထုတ်ယူပြီး ရေချိုးခန်းထဲဝင်ကာ လဲလိုက်သည်။ နောက် ခေါင်းကို တဘတ်နဲ့သေချာလိပ်ပေါင်းထားပြီး ‌ရှင်းဘေးကခုံမှာထိုင်ပြီး ဖုန်းကြည့်နေလိုက်သည်။ ဖုန်းကြည့်တယ်ဆိုပေမယ့် အာရုံတော့မရှိတာ မျက်နှာပြင်ကို လက်မနဲ့ အပေါ်အောက်ရွေ့နေတာမှလွဲ၍ ဘာကိုမှမသိ။ မျက်လုံးက ဖုန်းမျက်နှာပြင်ပေါ်မှာရှိပေမယ့် စိတ်တွေကလွင့်ချင်ရာလွင့်နေသည်။


"ကျဲကျဲ.."


"ကျဲကျဲ.."


ရှင်းရဲ့အသံဟာ တိုးရာကနေကျယ်လောင်လာသည်။ 


ဒါပေမယ့် နှစ်ခွန်းလုံးကိုရှင်းက ပုံမှန်အသံနဲ့ပဲပြောခဲ့တာပါ။ ကျွန်မကသာ မကြားခဲ့တာ။


"ဆံပင်က ပေါင်းထားတာကြာနေပြီလေ..ရှင်းသုတ်ပေးရမလား"


ခေါင်းခါပြလိုက်သည်။


"ရပါတယ်..အစ်မဘာသာ သုတ်လိုက်မယ်"


ရှင်းက ခေါင်းညိတ်သည်။


ကျွန်မလည်း ဆံပင်ကိုပေါင်းထုပ်ထားတဲ့ တဘက်ကို ဖြည်ချပြီး သုတ်မိသုတ်ရာသုတ်နေလိုက်သည်။ 


"ဒါနဲ့..ကျဲနဲ့အဆင်မပြေခဲ့ဘူးလား"


ခန္ဓာကိုယ်က စိမ့်ကနည်းပင်။ ရှင်းကဘာကိုမေးတာလဲ။ ရှင်းဘာကိုသိထားတာလဲ။ ခုနတုံးက စကားပြောမယ်ဆိုတာကို ရှင်းက သာမန်မိတ်‌ဆွေအချင်းချင်းစကားစမြည်ပြောမယ်လို့မထင်ဘူးလား။ သူသိနေတာလား။


ဦးနောက်ထဲရောက်လာတဲ့ မလုံမလဲမေးခွန်းများစွာဖြစ်သည်။


"ဘာ..ဘာကိုလဲ"


"ကျဲကျဲမျက်နှာသိပ်မကောင်းလို့လေ..ကျဲနဲ့ အဆင်မပြေခဲ့ဘူးလားလို့ပါ"


ရှင်းကသိနေသည်လား။ ဒါဆိုရင် မျက်နှာပူစရာဖြစ်သွားပြီ။ ဒီလို စကားပြောတာ ရှင်းတို့မောင်နှမ‌အပေါ်ကို မျက်နှာပူစရာဖြစ်သွားပြီလေ။


"အဆင်မပြေတာ? ရှင်းဘယ်လိုသိတာလဲ"


"ကျဲပြောပြတာ"


နာထဲ မိုးကြိုးပစ်ချလိုက်သလို အူသွားသည်။ နဒီ့လိုလူက ရှင်းကို ဒီကိစ္စမျိုး ပြောပြ‌ရလောက်အောင် ရင်းနှီးသွားတာလား။


"နဒီက..လား?"


"အင်း..ကျဲကျဲတို့က အရင်တုံးက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေဆို"


'အရမ်းချစ်ကြတဲ့' ဆိုတဲ့စကားမှာ ထူပူသွားပေမယ့် 'သူငယ်ချင်းတွေ' ဆိုတဲ့စကားမှာ ဝမ်းနည်းဝမ်းသာဖြစ်သွားသည်။ ဒါပေါ့ နဒီလိုလူက ဘယ်ပြောမှာလဲ။ ဒါပေမယ့် သူကလိမ်တော့မပြောလိုက်ပါ။ သူက လိမ်ပြောဖို့ကို သိပ်ကြောက်တာလေ။ အခု သူပြောတဲ့စကားဟာလည်း မှန်နေသည်။ 'အချစ်ဆုံးသူငယ်ချင်းတွေ' ဖြစ်ခဲ့တာပဲ။ သူလိမ်တာမဟုတ်ပါ။


"အင်း.."


နဒီခင်းပေးတဲ့ လမ်းအတိုင်းပဲ အလိုက်သင့်လျှောက်ရမှာပေါ့။ တစ်ချို့အမှန်တရားတွေက နှစ်ဦးနှစ်ဖက်အတွက် အဆင်မပြေတတ်ဘူးလေ။


"ပြဿနာကဘယ်လောက်တောင်ကြီးလို့..အကြာကြီး စိတ်ဆိုးနေကြတာလဲ"


ပြဿနာ အင်း တော်တော်ကြီးမားတဲ့ပြဿနာပါ။


"စိတ်ဆိုးနေကြတာမဟုတ်ပါဘူး..ပြန်အဆင်မပြေနိုင်တော့တာပါ"


"တော်တော်ဆိုးလားဟင်"


"အင်း.."


"ဒါပေမယ့် ကျဲက ကျဲကျဲကို အခုထိ စိတ်ပူနေတုန်းလေ"


"သူကလား"


ကျွန်မ ပြုံးလိုက်မိသည်။ အင်း ဖြစ်နိုင်မှာပေါ့။ ကျွန်မ ထိုစကားတွေကိုမပြောခင်ကအထိ သူချစ်သေးမှာပေါ့။ 


"ဒါပေါ့ မနက်ကလည်း ကျဲကျဲ သက်သာလားအရင်မေးတာ..ကျဲကျဲသာ ချော့ရင်ရမှာပါ။ ဒါနဲ့ ကျဲကျဲမှားတာလား ကျဲမှားတာလား"


"အကုန်အစ်မအမှားတွေပါ" 


ဒီပုံစံအရ နဒီက ရှင်းကို အ‌ချက်နှစ်ချလောက်သာပြောပြထားပုံ။ 'သူငယ်ချင်း' ဆိုတာရယ် 'နာမည်မရှိတဲ့အကြောင်းအရာ' ရယ်သာ။ ကျန်တာ ကျွန်မ မုသားတစ်ဝက် အမှန်တစ်ဝက်ဖြေ‌ပေးရမည်ဖြစ်သည်။


ဖြေလေအုံးပေါ့ ဆောင်းဦးကဗျာ။ နင်ဒီလောက် တော်တာ။


"အဲ့ဆိုရင် သေချာပြီ ကျဲကျဲတို့ပြန်အဆင်ပြေတော့မှာ..ဇွဲရှိရှိနဲ့သာချော့။ personal lawyer နှစ်ယောက်ရှိတာ နည်းလား"


ကျွန်မ ပြုံးလိုက်မိသည်။ အော် ထက်ချစ်မိတဲ့ လူကလည်း သူနဲ့တူတဲ့လူပါပဲလား။ ကျွန်မ မောင့်ကို ဘာလို့ချစ်ခဲ့တာလည်းဆိုတဲ့ မေးခွန်းကိုအခုထိအထိအကျမဖြေနိုင်ဘူး။ ရယ်စရာပဲ။


နောက်တော့ ရှင်းရဲ့မေးခွန်းတစ်ခုပြီးတစ်ခုကို မုသားဆိုလိုက်အမှန်ဆိုလိုက်နှင့် ရင်ထဲကနာကျင်မှုကိုအောင့်အီးကာ ဖြေပေးနေရတော့သည်။ လောကကြီးက အပြစ်ပေးတဲ့နေရာမှာ သိပ်တော်တာပါလေ။ 


__________


အမှောင်အတိကျနေသော အခန်းတစ်ခုအတွင်း laptop ၏အလင်းရောင်မှအပ အခြား မည်သည့်အလင်းမှရှိမနေ။ ထို laptop ရှေ့တွင် အမျိုးသမီးတစ်ယောက်ဟာ မျက်နှာသေနှင့်ထိုင်နေသည်။ 


‌ဖောက်ကနဲဆိုသည့် space key ရိုက်သံအဆုံး တိုးရှရှအသံတစ်ခုဟာ အခန်းအတွင်း ပဲ့ထင်သွားသည်။ 


'နဒီ အဆင်ပြေရဲ့လား..ဦး တော့အဆင်ပြေအောင်နေနေတယ်..ဦးသိပါတယ် ဒီစကားက ဦးပြောရမယ့်စကားမဟုတ်ဘူးဆိုတာ..နဒီ ဦးကိုမုန်းတော့မှာလားဟင်..ဦး ဒီစကားတွေကို နဒီ့ရှေ့မှာ သေချာပြောရမှာဆိုပေမယ့် ဦးမလုပ်နိုင်ဘူး..ဦး တောင်းပန်ပါတယ်..ဦး နဒီ့ကိုချစ်တယ်..ဒါပေမယ့် ဦးတို့ လမ်းခွဲမှရမယ့်အခြေအနေမို့ လမ်းခွဲရတာပါ..အရမ်းမငိုပါနဲ့နဒီ..ဦး ကြောင့်မငိုပါနဲ့..ဦးစကားကိုသေချာမပြောတတ်ဘူးနဒီ..ဒါပေမယ့် သိပေးပါ နဒီ့ကို ဦးချစ်တယ်ဆိုတာသိပေးပါ..အဆင်ပြေတဲ့တစ်နေ့ ပြန်တွေ့ကြမယ်နော်..ပြီးလို့ အခွင့်အရေးရှိခဲ့ရင် တစ်ကနေ ပြန်စကြတာပေါ့..ချစ်တယ်~'


အသံဖိုင်လေးဟာ ရပ်တန့်သွားခဲ့သည်။ သို့သော် ထိုအသံဖိုင်လေးကပဲ အခန်းကိုတစ်ဖန် လွှမ်းမိုးသွားပြန်သည်။ ထိုညလေးတွင် ဒီလိုမျိုး အကြိမ်ကြိမ်ပင် ထပ်နေခဲ့လေသည်။