လရောင်နမ်းမယ့်ချစ်ခြင်းကာရန် - Episode 15


" လှလိုက်တာ " 

ရုက္ခဗေဒ ဥယျာဉ်ကို ရောက်တဲ့အချိန်မှာတော့ ကောင်မလေးတွေရဲ့ နှုတ်ကနေ ပန်းတွေ သိပ်ကိုလှပကြောင်း မကြာခဏ ထွက်ကျလာကြတယ် ။

" အခုလေးတင် ထမင်းစားလာတာ အရိပ်အောက်မှာ အိပ်လိုက်ရရင်တော့ ဇိမ်ပဲကွာ " 

" ဓာတ်ပုံရိုက်မယ်လေဟာ ၊ မလှဲနဲ့ဦး ဓာတ်ပုံရိုက်ပေးလို့ " 

အဖွဲ့ထဲမှာ ကျွန်မလို ဓာတ်ပုံကောင်းကောင်းရိုက်တတ်တဲ့ ဇေယျာလည်း မနားရပါဘူး ။ တကယ်ဆို ဇေယျာနဲ့ ကျွန်မက Photographing class တစ်ခုမှာ အရင်သိခဲ့ကြတာ ။ တက်မယ့်ကျောင်း တူနေတာကို သိပြီးတဲ့ နောက်ပိုင်း သူငယ်ချင်းတွေ ဖြစ်သွားရတာပဲ ။ 

" လရောင် အားနေတာကို ၊ သူ့ရိုက်ခိုင်းဟာ " 

" လရောင်ကို ဟိုမှာ ပန်းအိဆွဲသွားပြီလို့ " 

" နင်တို့ မိန်းမတွေဟာလေ " 

နောက်ကနေ ရန်ဖြစ်ရင်း ပါလာကြပေမယ့် လှည့်မကြည့်မိဘူး ။ 

" လရောင် ကင်မရာ ခဏငှါး " 

လက်ထဲက ကင်မရာကို ဇေယျာ့ကို ပေးပြီး ကျွန်မကတော့ အပင်ရိပ်တစ်ခုအောက်မှာ ထိုင်ချလိုက်မိတယ် ။ ဇေယျာ့နေရာမှာ တခြားတစ်ယောက်ဆိုရင် ကျွန်မရဲ့ ကင်မရာကို ယုံယုံကြည်ကြည်နဲ့ ပေးလိုက်နိုင်မယ် မထင်ဘူး ။ 

ဟိုနေရာ ဒီနေရာ ရပ်ရင်း ဓာတ်ပုံရိုက်နေကြတဲ့ ခရီးသွားတွေပို မြင်တော့ လူသူသိပ်မရှိတဲ့ နေ့တစ်နေ့တုန်းက မြက်ခင်းပြင်ပေါ် ပြေးလွှားနေခဲ့ကြတဲ့ မိန်းကလေးနှစ်ယောက်ကို မြင်ယောင်မိသွားတယ် ။ ကျွန်မကို စပြီး ထွက်ပြေးနေတဲ့ ကာရန်နဲ့ သူ့ရဲ့နောက်ကနေ အပြေးလေး လိုက်ဖမ်းနေတဲ့ ကျွန်မ ။ မျက်နှာပေါ်က အပြုံးတွေက အစစ်မှန်ဆုံးဖြစ်နေခဲ့တာကိုတော့ လိမ်ညာလို့ မရပါဘူး ။

" ရောင် "

ကာရန် ရှိနိုင်မယ့် နေရာဆီ အသည်းအသန် ပြေးလွှားနေတဲ့ စိတ်တွေက လက်ရှိနေရာကို ပြန်ဆွဲခေါ်ခံလိုက်ရတယ် ။ 

" ငါတို့ လမ်းခွဲလိုက်ပြီ " 

အဉ္ဇလီ့ရဲ့ မျက်နှာမှာ လိမ်နေတဲ့ အရိပ်အယောင်တွေ တွေ့ရဖို့ ဆုတောင်းမိတယ် ။ ကျွန်မကို မျက်နှာပြောင်တိုက်ပြီး သူတို့ တွဲနေတာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့တဲ့ အချိန်တွေတုန်းက မျှော်လင့်ချက်တွေလိုမျိုး ဖြစ်ပေါ်လာတာ ။ 

ဒါပေမယ့် အဉ္ဇလီက ကျွန်မကို တစ်ကြိမ်တစ်ခါတောင် လိမ်ညာခဲ့တာမျိုး မရှိခဲ့ဖူးဘူး ။ အမြဲတမ်းပြတ်သားခဲ့တဲ့ သူ့ရဲ့ ပုံစံအတိုင်း တစ်ထေရာတည်းပဲ ။ 

“ လီ … မဟုတ်ဘူးမလားဟင် ၊ ကိုကိုနဲ့ နင်နဲ့ တွဲနေတာ မဟုတ်ဘူးလို့ ပြောစမ်းပါ ။ ငါ့ကို ဖောက်ပြန်နေတာ မဟုတ်ဘူးလို့ ပြောပေးစမ်းပါ “ 

အဲဒီအချိန်တုန်းက အဉ္ဇလီရဲ့ အကြည့်တွေကို မှတ်မိသေးတယ် ။ အသက်မပါသလို ခံစားချက်မဲ့နေသလို မျက်လုံးသေတွေ ။ 

" ငါတို့ တွဲနေတာ " 

အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ ရင်ကွဲသလို ခံစားချက်ကိုလည်း မမေ့သေးဘူး ။ အဲဒါကိုများ ကျွန်မက ဘာကြောင့်နဲ့ သူတို့ကို ခွင့်လွှတ်ဖို့ ကြိုးစားမိနေတာပါလိမ့် ။ 

" ဪ " 

" ငါတို့ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလား ရောင် " 

ကာရန်ပြောဖူးသလို ရောက်တဲ့နေရာမှာ ရပ်ပြီး ဖြေရှင်းတာကမှ ရင်ဆိုင်ရာ ရောက်တာပဲ မဟုတ်လား ။ ထပ်ပြီး ထွက်ပြေးနေလို့တော့ မဖြစ်တော့ဘူးလေ ။ 

" အရင်လို ဆိုတာက အရင်အချိန်တွေမှာ ကျန်ခဲ့ပြီလေ လီ ၊ ငါတို့ ဘယ်လို နောက်ပြန်လှည့်လို့ရပါ့မလဲ " 

" ငါက … ဒီတိုင်း … " 

အဉ္ဇလီက စကားကို တိခနဲ ဖြတ်ချလိုက်တယ် ။ သူ ငိုချင်လာတိုင်း လုပ်လေ့ရှိတဲ့ အပြုအမူပဲ ။ ကျွန်မ သိနေပေမယ့် ထပ်မသိချင်တော့တဲ့ စိတ်ဆန္ဒတွေပို အနိုငိပေးလိုက်မိတယ် ။ 

" အရာအားလုံးက ရိုးရိုးရှင်းရှင်းဖြစ်ခဲ့တဲ့ အချိန်တွေကို ပြန်လိုချင်ရုံပါ ၊ နင် ငါ့ကို အရာရာပြောပြခဲ့တဲ့ အချိန်တွေ ၊ နင် ဘယ်ရောက်နေလဲဆိုတာကို သိနေတဲ့ အချိန်တွေ ၊ နင် ဘယ်လိုခံစားနေရမလဲဆိုတာကို သိနေခဲ့တဲ့ အချိန်တွေ …. " 

ကျွန်မ သူ့ကို လှည့်ကြည့်လိုက်မိတယ် ။ အရင်က အဉ္ဇလီ ငိုရင် ကျွန််မ ဘယ်လို နှစ်သိမ့်ခဲ့သလဲ ။ သူ ဝမ်းနည်းနေတဲ့အချိန်တွေဆို ဘာတွေ လုပ်ပေးနိုင်ခဲ့သလဲ ။ စိတ်မကောင်းစွာနဲ့ ကျွန်မ ဘာတစ်ခုမှ မမှတ်မိဘူး ။ မဟုတ်လောက်ဘူး ၊ မေ့ပစ်လိုက်တာ ဖြစ်ဖို့များတယ် ။ 

" နင် သိနေတာတွေ ရှိပါသေးတယ် " 

ကျွန်မ နောက်ဆုံးပြောနိုင်တာက ဒါပဲ ရှိတော့တာ ။ ဘာမှ မကျန်တော့ကြောင်းကိုတော့ ကျွန်မ ကိုယ်တိုင်လည်း အာမမခံနိုင်သေးဘူး ။ သံယောဇဉ်ကြိုးတွေက ရှုပ်ယှက်ခက်ရင်း ချည်နှောင်ထားဆဲ ရှိနေသေးတာ ။ 

" နင် အများကြီး ပြောင်းလဲ သွားတာ ရောင် ၊ ငါ သိထားတဲ့ လရောင်လင်း မဟုတ်တော့ဘူး " 

သူ့စကားကို လက်ခံရမှာပဲ ။ ခပ်ဖွဖွပြုံးမိတာက အဆိပ်အတောက်ကင်းတဲ့ ပတ်ဝန်းကျင်ကို ရောက်လာခဲ့တဲ့ အကျိုးဆက်တွေကြောင့် ထင်ပါရဲ့ ။ 

" နာကျင်ရတဲ့ အရာတွေကို လွှတ်ချနိုင်ခဲ့တာပဲ နေမှာပါ " 

" ငါလည်း ပါသွားတယ်နဲ့ တူတယ် " 

ရွှတ်နောက်နောက်စကားက လေးပင်နေတဲ့ စကားဝိုင်းကို အနည်းငယ် ပေါ့ပါးသွားစေတယ် ။ 

" ငါ့ကို ပြောင်းလဲသွားတယ်လို့ ထင်တာကတော့ နင်တို့ အမြင်သက်သက်ပါ ၊ ငါကတော့ အရင်က   လရောင်လင်းပါပဲ " 

" နင် တကယ် ရင့်ကျက်လာတာပဲ " 

" အင်း နင်အမြဲ ဖြစ်စေချင်ခဲ့သလိုလေ " 

မတ်တပ်ထရပ်လိုက်တော့ နှာဖျားမှာ ဝေ့ခနဲ ရလိုက်တဲ့ ပန်းရနံ့ကြောင့် ပတ်ဝန်းကျင်ဆီ မျက်နှာက တစ်ပတ်လည်သွားတယ် ။ လေအသင့်မှာ ပါလာတဲ့ မွှေးရနံ့သက်သက် ဖြစ်ကြောင်း သတိထားလိုက်မိတော့ ကိုယ့်ကိုယ်ကိုယ် အရှက်ပြေ ပြုံးလိုက်မိတယ် ။ 

ရပ်ကွက်ထဲကို ကားပြန်ဝင်လာတဲ့အချိန်မှာ နေက တော်တော်ကျနေပြီ ။ တောင်ပေါ်ဒေသဖြစ်တဲ့အလျှောက် အလင်းရောင် ပျောက်သွားတာနဲ့ ခပ်စိမ့်စိမ့်ဖြစ်လာရတာကြောင့် ကားထဲက အဲကွန်းကိုတောင် ပိတ်ချထားရတဲ့အထိပဲ ။ ကားထဲကနေ ကလေးတွေကို လွယ်အိတ်တွေ ပြန်လွယ်ပေးနေတဲ့ ကာရန့်ကို မြင်လိုက်ရတယ် ။ အိမ်ထဲဝင်သွားတဲ့ ကလေးနှစ်ယောက်ကို လက်ပြပြီး စက်ဘီးပြန်နင်းလာတဲ့ ကာရန့်ကို မျက်နှာလည်ပြီး လိုက်ကြည့်နေမိတာ ။ 

" မျက်နှာကြီးလည်း လည်ထွက်သွားဦးမယ် " 

ဇေယျရဲ့ ရွှတ်နောက်နောက်စကားကြောင့် ဆက်ခနဲ နေရာပြန်တည့်လိုက်ရတယ် ။ လှည့်ကြည့်တော့ ဇေယျာက မျက်နှာက ရှုံ့လို့ ကျွန်မကို ကြည့်တယ် ။ ခြံရှေ့မှာ ကားကို ကပ်ရပ်လိုက်တာနဲ့ အထဲက မော်မော်က ထွက်ကြိုတယ် ။ 

ကားပေါ်က ဆင်းတာနဲ့ ခံစားလိုက်ရတဲ့ အအေးဓာတ်ကြောင့် လက်နှစ်ဖက်ကို ပိုက်လိုက်မိတယ် ။ 

" အတော်ပဲကွယ် အခုပဲ ဟင်းတွေ ပြန်နွှေးနေတာ ၊ တော်တော်မှ ပျော်လာကြရဲ့လား ကလေးတွေ " 

" အန်တီမော့်ရဲ့ လမ်းပြက ပျင်းဖို့ ကောင်းတယ်ဗျာ ၊ နောက်နေ့ကျ လူလဲပေးပါလား " 

သော်ဇင့်ရဲ့စကားကို ရယ်နေကြတုန်းမှာပဲ ဖျက်ခနဲ ရလိုက်တဲ့ ပန်းရနံ့တွေနဲ့ အတူ ကျွန်မရဲ့ ပုခုံးပေါ်က အနွေးဓာတ်ကို ခံစားမိလိုက်တယ် ။ 

" အေးနေပြီ " 

ကာရန်က သူ့ရဲ့ လက်ရှည်အင်္ကျီကို ကျွန်မရဲ့ ပုခုံးပေါ် တင်ပေးပြီး ပြုံးပြတယ် ။ တစ်နေကုန် ဘယ်လောက်တောင် တောင့်တမိနေတဲ့ အပြုံးတွေပါလဲလို့ ။ 

" ကာရန်က ဒီနေ့ မလိုက်လို့ဗျာ ၊ လိုက်ရင် ပျော်စရာကောင်းမှာ " 

" ကဲ လာကြ လာကြ အထဲဝင်ကြတော့ ရေအရင်ချိုးလိုက်ကြ ကလေးတို့ ၊ ပြီးရင် ထမင်းစားလို့ရပြီ " 

" မှောင်နေပြီ ၊ မမြင်မစမ်းနဲ့ ပန်းတွေ တက်နင်းမိရင် ကာရန် မောင်းထုတ်နေဦးမယ် ။ ဂရုစိုက်ကြဦး " 

" နောက်ကျသွားပြီး မနက်ကတောင် နင်းသွားကြသေးတယ် " 

ကာရန့်ရဲ့ ရွှတ်နောက်နောက်စကားကြောင့် ပွဲကျသွားကြတယ် ။

" ဒီနေ့ ရေတံခွန်မှာ လရောင် ချော်လဲလို့ အနှေးပြကွက်တွေ ဘာတွေ ဖြစ်သွားသေးတယ် " 

ကာရန်က ကျွန်မကို ဆက်ခနဲ လှည့်ကြည့်တယ် ။ ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ဘယ်နေရာထိခိုက်သွားလဲလို့ မေးချင်နေတဲ့ ပုံပါပဲ ။ အဲဒီ မေးခွန်းတွေနဲ့ အကြည့်တွေမှာ ပူပန်မှုတစ်ချို့ကို မြင်လိုက်ရတယ် ။ အရာရာထက် မြတ်နိုးမိတဲ့ မျက်ဝန်းတွေပါပဲ ။ 

" ဟော ညောင် ချော်လဲလာတာလား "

" ဟုတ်တယ် အန်တီမော်ရေ ၊ တော်သေးတယ် ငထူးက လှမ်းဖမ်းလိုက်လို့ပေါ့ "

ပန်းအိကို မပြောဖို့ ဟန့်တားမယ့်အချိန်မှာပဲ သာလိကာကတော့ အကုန် ထုတ်ပြောပြီးနေပြီ ။ ကျေးဇူးတရားတွေလည်း ကြီးမားလိုက်တာဆိုတာ ။ 

" ကယ်တင်ရှင်ကြီး လုပ်လာတာ " 

" ဒီတိုင်း ရောင့်ကို လိုက်ကြည့်နေမိလို့ပါ " 

ရှက်ဝဲဝဲစကားသံတွေထက် မျက်နှာကို ငုံ့ချသွားတဲ့ ယောက်ျားတစ်ယောက်ထက် …. မျက်ခုံးတန်းတွေ တွန့်ချိုးသွားတဲ့ မိန်းကလေးတစ်ယောက်ဆီကနေ ကျွန်မ အကြည့်တွေ မလွှဲနိုင်ဘူး ။ ရင်ဘတ်ထဲမှာ လိပ်ပြာတွေ ပျံဝဲလာတာကို ခံစားမိတယ် ။ ကာရန်ချိုရဲ့ အလိုမကျတဲ့ အကြည့်တွေကို ကျွန်မ သဘောကျနေမိတာပဲ ။ 

" ထိခိုက်သွားတဲ့နေရာ ရှိလား ညောင် " 

" ဟင့်အင်း မရှိဘူး မော် " 

" ဪ ဟုတ်ပါပြီကွယ် ၊ ကိုယ့်ကိုယ်ကိုယ်လည်း သေချာပြန်စစ်ဆေးဦး နာလို့နာမှန်းမသိ ဖြစ်နေဦးမယ် " 

" ဟုတ် " 

ထမင်းစားပြီး ခဏကြာတော့ မော်မော်က မနက်အတွက်လည်း မနက်စာ ဝင်မှာပေးဦးမယ်လို့ဆိုပြီး အိမ်ပြန်သွားတယ် ။ လူငယ်တွေ လွတ်လွတ်လပ်လပ်နေကြဖို့ ရှောင်ထွက်ပေးသွားတာနဲ့တော့ ပိုတူပါတယ် ။ 

" မနက်ကျ မီးပုံးပျံပွဲ သွားကြဦးမှာလား သူငယ်ချင်းတို့ " 

" မနက်ပိုင်းက ဘာမှ သိပ်မရှိဘူးလို့ ကြားတယ် ၊ ညနေပိုင်းမှ စည်တာတဲ့ ။ ဟုတ်လား ကာရန် " 
ကာရန်က ပန်းကန်တွေ စီနေရင်းနဲ့ ခေါင်းငြိမ့်ပြတယ် ။ 

" မနက်ပိုင်းကတော့ အန္တရာယ်ကင်းတာပေါ့ ၊ ကလေးတွေနဲ့ လူကြီးတွေ သွားကြတာ များပါတယ် ။ ညပိုင်းကတော့ လူငယ်တွေဆိုတော့ ပိုများတယ် ။ ဒီနှစ်တော့ ပိုစည်မယ်ထင်တယ် ၊ resort တွေတောင် ပြည့်နေတာ " 

" အဲဒါဆို ကျွန်တော်တို့ မနက်ဖြန် မနက်ကျ ဘယ်သွားရမလဲ ကာရန် ၊ သွားဖို့နေရာလည်း မစဉ်းစားတတ်တော့ဘူး " 

" မဟာအံ့ထူးကံသာဘုရားကို သွားကြလေ ၊ ပွဲနေရာကိုပါ မြင်ရတယ် ။ ဓာတ်ပုံရိုက်လို့လည်း လှတယ် " 

သူတို့ သတိမထားမိပေမယ့် ကာရန့်ရဲ့ လေသံပြောင်းနေတယ်ဆိုတာကို ကျွန်မ သိတယ် ။ ကျွန်မကြောင့်များလား ။ ကျွန်မ ဘာမှ လွန်လွန်ကြူးကြူးလည်း မလုပ်မိလောက်ဘူး ထင်တာကို ။ 

" ဒါဆို နားလိုက်ကြဦးနော် " 

" သွားမယ်လေ " 

" ဟင် " 

ကာရန်က ဖျက်ခနဲ ကျွန်မရဲ့ လက်ကို ဆွဲပြီး ရှေ့က ထွက်သွားတယ် ။ နာနေတဲ့ ခြေချင်းဝတ်ကို မသိကျိုးကျွံပြုရတာက နေ့လယ်ကလောက် မလွယ်ကူတော့ဘူး ။ 

ကာရန့်ရဲ့ ခပ်တင်းတင်းလက်တွေနဲ့ ဆုပ်ကိုင်ခံထားရတဲ့ ကျွန်မရဲ့ လက်ကိုပဲ ငေးနေရင်း ခန္ဓာကိုယ်ပေါ်က နာကျင်မှုတစ်ချို့ ပျောက်ဆုံးသွားကြတယ် ။ 

ဒီမိန်းကလေးကပဲ တစ်လောကလုံးကို မေ့ပျောက်သွားစေနိုင်လောက်တဲ့အထိ တတ်စွမ်းနေသလား မသိပေမယ့် ကျွန်မကတော့ သူ့ကျောပြင်ကို ငေးရင်း တစ်နေ့လုံးရဲ့ လေးလံမှုတွေကိုတောင် ဖျောက်ဖျက်လိုက်နိုင်ပါရဲ့လေ ။ 

..............................