ပန်တော်ကျ - Episode 1

အခန်း (၁)

နေ့သစ်တစ်နေ့ အစပြုလို့ ရောင်နီသန်းပြီဆိုသည်နှင့် ဘုတ်အီး တစ်ယောက်
သူ့အမေနှင့်အတူ အကြော်ဆိုင်ဖွင့်ဖို့ အိမ်ကထွက်လာရပြီ ဖြစ်သည်။
မိလှိုင်
ပစ္စည်းပစ္စယတွေ ထည့်ထားသည့် အဝကျယ်ပြီး အောက်သို့ကျဥ်းသွားသည့်

ဝါးတောင်းကြီးကိုရွက်ကာ ကားဂိတ်နားမှာ ရှိသည့် အကြော်တဲဆီသို့ ခပ်သွက်သွက်
လျှောက်လာခဲ့သည်။
လက်တစ်ဖက်က သက်တမ်းရင့် ရေနံဆီမီးအိမ်ကြီးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် တောင်း ကိုထိန်းကိုင်ထားလေသည်။

သူ့အနောက်မှာတော့ ဘုတ်အီးတစ်ယောက် အကြော်ကြော်ဖို့အတွက်သုံးမည့် စားဆီပုံးကြီးကို မနိုင့်တနိုင့်ဖြင့် ခေါင်းပေါ်မှာရွက်ကာ သူ့အမေ၏ခြေလှမ်းကို မှီဖို့ ကြိုးစားပြီး လိုက်နေရသည်။

မိလှိုင်က မခိုင်၏ညီမ ဖြစ်သည်။ မခိုင်က ထီဆုငါးသောင်း ဆုပေါက်ပြီးနောက် အကြော်မရောင်းတော့ပဲ ရပ်ကွက်ထဲမှာ အိမ်ဆိုင်လေး ဖွင့်ကာ အတိုးရင်းမွှား ပေးစားလေသည်။
တစ်ခါတစ်လေ ဧရာဝတီတိုင်းမှာနေသည့်သူ့အမျိုးအဆွေတွေဆီက ငါးခြောက်ငါးခြမ်းလေးတွေကိုလည်း လပေးဖြင့် ယူရောင်းတတ်လေ့ရှိသည်။ မခိုင်တို့ အခုတော့ စီးပွားရေးလေး ချောင်ချောင် လည်လည်ရှိလာပြီဖြစ်သည်။ ဒီတော့ သူ့ယောင်္ကျား ကိုပိန်သေး တစ်ယောက် အခုမှအဟုတ်ကြီးဟုတ်နေလေတော့သည်။

 

အရက်ဖိုးလိုလာလျှ င် သူ့မိန်းမရောင်းသည့် ငါးခြောက်ငါးခြမ်းတွေကို အလစ်သုတ်၍ ဝမ်ဆွေ့ဆိုင်မှာ အရက်နှင့်သွားပြီးလဲသောက်လေ့ ရှိသည်။ မခိုင်က သိလျှင် ဝမ်ဆွေ့ ဆိုင်ထိလိုက်ပြီး သောင်း ကျန်းလေ့ရှိသည်။ ထိုအခါ လင်မယား နှစ်ယောက် ဝမ်ဆွေ့ ဆိုင်ရှေ့မှာ တစ်ပွဲတစ်လမ်း နွှဲကြရပြန်သည်။ အဆုံးသတ်ကတော့ ရပ်ကွက်ရုံးမှာပဲ

ဖြစ်သည်။ အရင်ကတော့ မခိုင်က သူ့ယောင်္ကျား အရက်သောက်တိုင်း ဝမ်ဆွေ့ကိုပါ စောင်းမြောင်း၍ပြောဆိုတတ်သည်။ တိုင်မည်တောမည်ဟု ခြိမ်းခြောက်တတ်သည်။ သို့သော် အခုတော့ ထိုသို့ ခြိမ်းခြောက်၍ မရတော့ချေ ။ အကြောင်း ကားဝမ်ဆွေ့မှာ အရက်ဆိုင်တရားဝင် ဖွင့်ခွင့်လိုင်စင် ရှိနေပြီ ဖြစ်သောကြောင့်ဖြစ်သည်။


သူ့ရဲ့ ဘုံဆိုင်ဟာလည်း အရင်လို ခနော်နီ ခနော်နဲ့
ခိုးကြောင်ခိုးဝှက်ရောင်း ရသည့် အရက်ပုန်းဆိုင်လေး မဟုတ်တော့သလို သူသည်လည်း အရက်ငွေ့ကြောင့် ဝါးခြမ်းပြား လေးကို လေထိုး ထားသလိုနှယ် အနည်းငယ်ဖောင်းကားကားလေး ဖြစ်နေချေပြီ ။ သူဟာ အခုဆိုလျှင် တိုက်ပိုင်၊ကားပိုင်ဖြစ်နေပြီ ။ တိုက်ဆိုတာက တိုက်ပုံအင်္ကျီ

 ဖြစ်ပြီး ကားကတော့ ဆိုက်က္ကားဖြစ်သည်။ အရက်ကိုလိုင်စင်နှင့်ရောင်းပြီး စီးပွား တက်လာတော့ ဆိုက္ကားလေးငါးစီး ဝယ်ပြီး အုံနာ လုပ်သည်။ အရင်က တိုက်ပုံမပြော နှင့် ရှပ်အင်္ကျီ တစ်ထည်ပင် ကောင်းကောင်း မွန်မွန်မရှိ၊ စွပ်ကျယ်ချိုင်းပြတ်သုံးထည်နှင့် ပုဆိုးကြမ်းသုံးထည်လောက်ကိုသာ

ဒူပေနာ ပေခံအောင် ဝတ်ခဲ့သူက အခုရပ်ကွက်ထဲမှာ ငွေယားလေး သုံးနိုင်လာပြီး ဆိုက်ကား အုံနာလေးလည်း ဖြစ်လာပြီဆိုတော့ လူရာဝင်လာပြီး ဟိုပွဲသည်ပွဲ တက်ရအောင် ဝါးတီးကုတ်လေးတစ်ထည် ကိုဟာဆန်း ဆီမှာ ကိုယ်တိုင်းပေး၍ စိတ်ကြိုက်ချုပ်ထားသည်။

မခိုင်ရဲ့ ညီမ မိလှိုင်က မုဆိုးမ။ ကလေးလေးယောက် အမေ ဖြစ်သည်။ သူ့အမျိုးသား ကိုဌေးဝင်း က မိလှိုင် အငယ်ဆုံး ကလေးမွေးပြီး ခြောက်လအကြာ၌ ဝါးဖောင် လိုက်ရင်း ရေနစ်ပြီး ဆုံးပါးသွားသည်။ ဘုတ်အီး က သမီး အကြီးဆုံး ဖြစ်ပြီး အသက်ဆယ်နှစ်ရှိပြီ ဖြစ်သည်။ သူ့အောက်က နီတွတ်နှင့်တစ်နှစ်ခွဲလောက်သာ အသက်ကွာ သည်။ နီတွတ်အော က်က လတ်လတ်နှင့် သုံးနှစ်ကွာ ပြီး အငယ်ဆုံး

ဖြစ်သည့် ထွေးမောင်နှင့်က ခုနှစ်နှစ်ကွာသည်။ ဘုတ်အီး တစ်ယောက် အသက်အရွယ်အားဖြ င့် ဆယ်နှစ်ဟုဆိုပေမယ့် အရွယ်နှင့်မလိုက်အောင်ပင် မိသားစု၏စား ဝတ်နေရေး အတွက် မိခင်ဖြစ်သူနှင့် အတူ ရုန်းကန်နေရရှာသည်။ မိလှိုင်က ကိုင်ထားသည့်ရေနံဆီမီးအိမ်ကို အကြော်တဲ၏ တိုင်ငုတ်တစ်ခုမှာ ချိတ်လိုက်ပြီးနောက် အောက်နားရှိ ဒူးသာသာ အမြင့်ရှိသော ဝါးကွပ်ပျစ် ရှေ့မှာ

ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းပေါ်က ရွက်လာသည့်တောင်း ကို အံကျိတ်၍

မ လိုက်ပြီးနောက် ကွပ်ပျစ်ပေါ်သို့ တင်လိုက်လေသည် ။

ထို့နောက် ဘုတ်အီး ရွက်လာသည့် ဆီပုံးကို ကူချပေးလိုက်သည်။

ဘုတ်အီး တစ်ယောက် ဆီပုံးကို အောက်သို့ချ ပြီးသည်နှင့် လက်ဖက်ရည်ဆိုင်ဘက်သို့ အပြေး ထွက်သွားပြီး အကြော်ဆရာရဲ့ အကြော်ဖိုနားမှာ သိမ်းထားခဲ့သည့် အကြော် အိုး နှင့်လင်ဗန်းတွေ ဇကာတွေကို သွားယူပြီး ပြန်လာခဲ့သည်။ မိလှိုင်က အုတ်ခဲနှစ်လုံး စီထပ်၍ သုံးမြှောင့်သဏ္ဍာန် ဖိုခနောက်လုပ်ထားသော မီးဖိုထဲ၌ မီးမွှေးဖို့အတွက်

ချထားသည့် ဝါးခြမ်းပြား အပိုင်းအစတွေထဲသို့  မီး တို့ထားသည့် ထင်းပေါက်စကို စိုက်ချလိုက်သည်။ ထင်းစမှာ စွဲနေသည့်မီးက ဝါးခြမ်းခြောက်တွေဆီ ကူး သွား သည်နှင့် ထင်း စည်း ထဲမှခပ်ကြီးကြီး ထင်းချောင်း သုံးချောင်း ကိုဆွဲထုတ်ကာ မီး စိုက်လိုက်သည်။ ဘုတ်အီး က အကြော်ကြော် သည့်ဒယ်အိုးရဲ့ မျက်နှာပြင်ကို အဝတ်စဖြင့်သုတ်ပြီးနောက် မီးတောက်နေပြီ ဖြစ်သည့်မီးဖိုပေါ်သို့ တင်လိုက်ပြီး

အောက်ခြေ ငြိမ်သွားအောင် အိုးခြမ်းပဲ့လေးတွေ နှင့် ခုလိုက်သည်။ မိလှိုင်က မုန့်နှစ်စပ်နေသည်။ ထို့နောက် ဘူးသီး အရင်လှီးသည်။ ဘုတ်အီး က ဆီပုံး ကိုယူလာ ပြီး ဒယ်အိုးထဲသို့ ဆီတွေကိုလောင်း ထည့်လိုက်သည်။ မိလှိုင်က ဘယာကြော် အတွက်ကြိတ်ထားသည့် ကုလားပဲအနှစ်ထဲသို့ နုတ်နုတ်စင်းထားသည့် ပျဥ်းတော် သိမ်အရွက်တွေ နှင့် နံနံပင်တွေကို မထည့်ရသေးခင်မှာပဲ မုန့်နှစ်ကို စတီးပန်းကန်ပြာ

နဲ့ကော်၍  ကြိတ်ထားသည့် ပဲအနှစ်ဇလုံထဲသို့ထည့်ကာ လက်နှင့်နယ်လိုက်ပြီးနောက် အလုံးသေးလေး သုံးလုံး အရင်လုံးကာ ဆီပူနေပြီ ဖြစ်သည့် ဒယ်အိုးလေး ထဲသို့ ပစ်ချ လိုက်သည်။ ဆီပူအိုး ထဲ မုန့်နှစ်လုံး လေးတွေ ကျသွားသည့်အသံ နှင့်အတူ ရေနွေးအိုး တည်ဖို့အတွက် ဒန်အိုးထဲ ရေဖြည့်ပြီး ပြန်လာသည့် ဘုတ်အီး ဆီမှ ဒန်အိုး ဖုံး လွတ်ကျ သံကပါ တပြိုင်နက်ထွက်လာလေသည်။

"ဟဲ့..ငရုပ်သီး "

မိလှိုင် ပဲအနှစ်အိုး ထဲ အရွက်တွေ ထည့်၍ နယ်နေရာမှ ယောင်ပြီး ထအော်လေသည်။ ဘုတ်အီး က ဒန်အိုး အဖုံး ကို ပြန်မကောက်သေးပဲ တဲထဲဝင်လာပြီးမှ ရေထည့်ထား သည့်အိုး ကို မီးဖိုအသေး ပေါ်မှာတင်ထားခဲ့ပြီးမှ ဒန်အိုး အဖုံး ကိုပြန်သွားကောက်ကာ ဘုံပိုင်မှာ ရေတစ်ခေါက်သွားပြန်ဆေး လေသည်။

အခုဆိုလျှင် သပွတ်ကုန်း ရပ်ကွက်အတွင်းမှာ ရေဘုံပိုင်နှစ်ခုရှိနေပြီ ဖြစ်သည်။ တစ်ခုက လမ်းသွယ်(၄) ထိပ်မှာဖြစ်ပြီး ။ တစ်ခုက စျေးတန်း နှင့်ကား ဂိတ်ဆုံရာ

လမ်းဘေး၌ ဖြစ်လေသည်။ ကြော်ထားသည့်မုန့်လုံးလေးတွေ ရဲလာသည်နှင့် မိလှိုင် ဆည်လိုက်ပြီး မီးဖို ဖိုခနောက်သုံးခုပေါ်မှာ မုန့်လုံးလေးတွေကို အညီမျှခွဲတင်၍

မီးဖိုစောင့်နတ်ကို အရင်မုန့်ဆက်သလိုက်သည်။ ရေနွေးအိုး တည်ထားသည့်အချိန် အတွင်း ဘုတ်အီကြက်သွန်လှီးသည်။

မိလှိုင်က ဆီအိုးထဲက ဘယာကြော်တွေကို ဇကာခွက်ဖြင့်ဆီစစ်၍ ဆည်လိုက်ပြီး

နောက်  စားပွဲပုလေးထက်မှာ တင်ထားသည့် ဝါးဖြင့်ယက်ထားသော အကွက်ကြဲကြဲ ဇကာ ထဲသို့ အကြော်တွေကို ပြစ်ထည့်လိုက်လေသည်။ ထို့နောက် ဘူးသီးကြော် ကြော်ဖို့ လှီးထားသည့် ဘူးသီးစိပ်လေးတွေကို မုန့်နှစ်အိုးထဲသို့ ထည့်လိုက်သည်။

ဘူးသီးစိပ်တွေကို မုန့်နှစ်ထဲနှစ်ပြီးနောက် ဆီပူအိုးထဲပြစ်ထည့်လိုက်ရင်းမှ ရေနွေးအိုး တွေထဲ ရေနွေးဖြည့်ဖို့လုပ်နေသည့် ဘုတ်အီးကိုတစ်ချက်လှည့်ကြည့်လိုက်ကာ

 

 "လက်ဖက်ခြောက်ခပ်ဖို့မေ့မယ်နော် ..."

 

"ဟုတ်"

"အိမ်ပြန်ရင် မနက်စာကို ထမင်းကြော်ကြော်လိုက်.. လေးယောက်မျှတစားကြ ..ထမင်းကြော်ရင် မနေ့ညက ဘဲဥကြော်ထားတဲ့အိုးနဲ့ကြော် ကြားလား  အိုးထဲမှာ ဆီတွေကျန်သေးတယ်...ထမင်းအိုးပါ တစ်ခါထဲတည်ခဲ့.. ပြီးရင်လည်း ဆိုင်ကိုပြန်လာ ခဲ့ဦး ထွေးမောင်ကိုပါခေါ်လာခဲ့... မီး သေချာသတ်ခဲ့နော် ကြားလား ...မီးလောင် လို့ကတော့ ငါအဖမ်းမခံဘူး နင့်ကိုထည့်ပေးလိုက်မှာ ..."

"ဟုတ်..."

 

"အင်း ...ပြောလိုက်ရင်တော့ တဟုတ်ဟုတ်နဲ့ လုပ်လာလိုက်ရင် အမြဲတလွဲ.."

မိလှိုင်က စတီးပန်းကန်ပြား အသေးလေးထဲ ကြက်သွန်တွေနှင့် မုန့်နှစ်ရည်ရောထား သည်ကို ခပ်ထည့်ပြီးနောက် ဆီပူအိုးထဲ ညင်သာစွာ ထည့်လိုက်ရင်းက ဘုတ်အီး ကိုလည်း မြည်တွန်တောက်တီး ဖို့မမေ့ချေ ။ ဘုတ်အီး ကတော့ သူ့အမေပြောသမျှ ကို ပုတ်သင်ညို တစ်ကောင်နှယ် ခေါင်းတညိတ်ညိတ်လုပ်၍ ပါးစပ်ကလည်း ဟုတ် တစ်လုံးလိုက်ရင်း လုပ်စရာရှိသည်များကို ဆက်လုပ်နေလေသည်။ ဘုတ်အီး

စားပွဲတွေ ခင်းပေးပြီးနောက် အိမ်ပြန်ဖို့ လုပ်သည်။

 

"နီတွတ်ကို  မြန်မြန်လွှတ်လိုက်နော် ကြား လား "

 

 "ဟုတ်.."

ဘုတ်အီး လမ်းတစ်ဖက်တစ်ချက်ဘယ်ညာ လှည့်၍ ကား လာ,မလာ ကြည့်ပြီးနောက် အပြေး တစ်ပိုင်းဖြင့် ထွက်သွားလေသည်။ အကြော်တဲထဲ မိလှိုင်တစ်ယောက်သာ

ကျန်ခဲ့သည်။  ဒီနေ့ ရာသီဥတုလေး အနည်းငယ်ကြည်လင်ကာ မိုးသား ကင်းစင်နေ တာ ကြောင့် ခရီးသည်ယာဥ်လိုင်းများမှ ကား တစ်စီးစ,နှစ်စ်ီးစ ဂိတ်ထိုးဖို့ ရောက်လာ ကြ လေပြီ ။ မနက်ခြောက်နာရီလောက်မှာတော့ အကြော်ဆိုင်ထဲ လူကျစပြုလေပြီ ။ ဘုတ်အီး အိမ်သို့ပြန်ရောက်တော့ နီတွတ်ကနိုးနေပြီ ။ တဲရှေ့ရှိ ရေထည့်ထားသော စည်ပိုင်းပြတ်နံဘေး မှာ နီတွတ်ကဆောင့်ကြောင့်ထိုင်၍ သွားတိုက်နေသည်။ သူ့ဘယ်လက်ထဲမှာ ဖွဲပြာ တွေကိုထည့်ထားပြီး ညာဘက်လက်ညှိုးဖြင့် ပြာတွေ ကိုတို့လိုက်ပြီးနောက် စိထားသည့်သွားတွေကို ထိုလက်ညှိုးဖြင့် အထက်အောက် ဘယ်ညာ ဘေးတိုက် ပွတ်တိုက်နေလေသည်။

"ဟဲ့..မြန်မြန်လုပ်..ဆိုင်မှာ အမေတစ်ယောက်ထဲရယ်...နင့်ကို မြန်မြန်လာခဲ့တဲ့.."

 

ဘုတ်အီး မြေစိုက်တဲလေးထဲမဝင်ခင် သူ့မောင်ကို ပြောလိုက်သည်။ နီတွတ်က အင်း မလုပ်၊အဲမလုပ်။ သွားကိုသာ စိန်ပြေနပြေ ဆက်တိုက်နေလေ သည်။ သူ့မျက်စိတွေ ကိုပြန်မှိတ်ထားတာကြောင့် တစ်ချက်တစ်ချက် သွားတိုက်ရင်း ပြန်ငိုက်နေသေး သည်။ အကြော်ဆိုင်မှာ တစ်ယောက်တည်း ကျန်ခဲ့သည့် မိလှိုင်ကတော့ အကြော် ကြော်လိုက် ၊ စားပွဲ ထထိုးလိုက်နှင့်အလုပ်ရှုပ်နေလေသည်။

 

"မမိလှိုင်...ရေနွေးအိုး က လက်ဖက်ခြောက် မခပ်ရသေးဘူးဗျ "

 

 နံပိန်က ဂိတ်မှာကားထိုး၍ ခရီးသည်စောင့်ရင်း မိလှိုင်ရဲ့ဆိုင်မှာ အကြော်ဝင်စားနေ လေသည်။ အခုဆိုလျှင် သူဟာ ဒရိုင်ဘာတစ်ယောက်ဖြစ်နေချေပြီ ။ စပါယ်ယာ အဆင့်မဟုတ်တော့ချေ ။ ဆရာခေါ်ခဲ့ရသည့်အနေအထား မှ ဆရာ ဟု အခေါ်ခံ ရသည့်အနေအထား သို့ရောက်သွားပြီ ဖြစ်သည်။ သို့သော် မပြောင်းလဲသေး သည်ကတော့ သူဟာအခုထိ တစ်ကိုယ်တည်း လူပျို ကြီး ဖြစ်နေသေးတုန်း

ဖြစ်သည်။အိမ်ထောင်မကျသေးချေ ။ သူနှင့်တစ်ချိန်က ရည်းစား လုဖက်ဖြစ်ခဲ့ဖူးသည့် ဒိုးလေးကတော့ အိမ်ထောင်ကျကာ ကလေး တစ်ယောက်အဖေပင် ဖြစ်နေချေပြီ ။

 

"ကြည့်..အဲ့ဟာမလေးကလေ မေ့မှာစိုးလို့ သတိပေးတာတောင် မေ့ဖြစ်အောင်

မေ့သေးတယ်...ပြန်လာမှ အဲ့ခေါင်းကို မှတ်လောက်အောင် ခေါက်ပစ်ရမယ်"

 

မိလှိုင်က ဗျစ်တောက်ဗျစ်တောက်ပြောရင်း သူ့အနောက်ဘက်ရှိတောင်းထဲက လက်ဖက်ခြောက်ဘူး ကို လှည့်ယူလိုက်သည်။

"ကလေးတွေရဲ့ ခေါင်းကို မခေါက်ရဘူးတဲ့…ဉာဏ်ထိုင်း တတ်တယ်တဲ့ဗျ ..."

 

နံပိန်က မိလှိုင်ကိုလှမ်းပြောသည်။ မိလှိုင်က နံပိန့်ကို လက်ဖက်ခြောက်ဘူးကမ်းပေးကာ

 

"ကိုယ့်ဘာသာပဲ ခပ်လိုက်တော့ဟယ်…ငါလည်း ထိုင်ရထရခက်ခက်နဲ့...

အေး ..အဲ့ဒါကြောင့် ဘုတ်အီး ဉာဏ်ထိုင်းတာ ဖြစ်ရမယ်..."

 

နံပိန်က မိလှိုင် ကမ်းပေးသည့် လက်ဖက်ခြောက်ဘူးကို ထယူလိုက်သည်။ ထို့နောက် ရေနွေးအိုးအဖုံးကို ဖွင့်၍ လက်ဖက်ခြောက်ခပ်လိုက်သည်။

 

"နီတွတ်ကလည်း အခုထိကိုရောက်မလာသေးဘူး…

အဲ့ကောင်လေးဟာလေ .. အမြဲနှေးတိနှေးကွေးနဲ့..ခြေနှုတ်လက်နှုတ်ကလည်း နှေး...အားကိုမရဘူး .."

 

 "ဒါများ ..မမိလှိုင်ကလည်း ...ဘုန်း ကြီးကျောင်းကိုသာ ပို့လိုက်...

ဘုန်းကြီးကျောင်းသား  ဖြစ်သွားလို့ကတော့ အလိုလိုကိုသွက်လာလိမ့်မယ်...

ဟိုမှာက စားချိ န် သောက်ချိန်လက်နှေး နေလို့ကတော့ ခွက်ဆေးရမှာ "

 

 "အမလေးတော် ..ကျန်တဲ့နေရာမှာသာ နှေးရင်နှေးမယ်...အစား အသောက်ဆို လက်မနှေးပေါင်... အကောင်း ကလည်း ကြိုက်မှကြို က်..."

မိလှိုင်က အကြော်တွေကို အထပ်အောက်လှန်သည့် ဝါးတုတ်ချောင်းလေး ကိုလက်တစ်ဖက်ကကိုင်ထားရင်း ကျန်လက်တစ်ဖက်ကလည်း ဟန်အပြည့်ဖြင့် နံပိန့်ကိုပြန်ပြောလိုက်သည်။ သူပြောသည့်အတိုင်းပင်, အကောင်းကြိုက်သည့် နီတွတ်တစ်ယောက် ဘုတ်အီး က မနက်စာအတွက် ထမင်းကြော်ဖို့ ညကကျန်

သည့် ထမင်းကြမ်းခဲကို ချေနေသည်ကိုမြင်သည်နှင့် အိမ်ကထွက်လာခဲ့လေတော့ သည်။ ဆိုင်ကိုရောက်မှ သူ့အမေကိုကူလုပ်ပေးရင်း အန်တီမလေး ဆိုင်က

ခေါက်ဆွဲသုတ်ဝယ်ကျွေးဖို့ ပူဆာမည်ဟု စိတ်ထဲကနေ တေးလာခဲ့လေသည်။

.........

ဘုတ်အီး မနက်စာအတွက် ထမင်းကြော်ဖို့ မီးအရင်မွေးသည်။ ဆယ့်ရှစ်နှစ်အောက် ကလေးများ မီးမသုံးရဟု အမိန့်ထုတ်ထားပေမယ့်လည်း ဒီအိမ်မှာတော့ မလှိုင်

တစ်ယောက်တည်းကပဲ ဆယ့်ရှစ်နှစ်ကျော်သူ ဖြစ်တာကြောင့် ဘုတ်အီး မှ မလုပ်ရင်လည်း ကျန်တဲ့ကလေးတွေက ဘုတ်အီး ထက်ငယ်ရွယ်သူတွေ ဆိုတော့ ဘုတ်အီးကိုသာ မီး ကိုစနစ်တကျ သုံးစွဲတတ်အောင် သင်ပေးထား ရသည်။ ထို့ပြင် ဘုတ်အီးတို့ အိမ်တစ်အိမ်ထဲသာမဟုတ် ကျန်အိမ်များမှာလည်း လူကြီးတွေ အပြင် ထွက် ဝမ်းစာအရေး လှုပ်ရှားနေရချိ န် အိမ်မှာကျ န်ခဲ့သည့် ကလေးတွေကပဲ

ချက်ရေး ပြုတ်ရေး အတွက် တာဝန်ယူကြရသည်က များလေသည်။ လူတိုင်းနီးပါး ကတော့ ထိုအမိန့်ကို မလိုက်နာနိုင်ကြသေးချေ ။ ပုခုံးပေါ်ကလျှောကျ လာသည့်

ရှင်မီး အင်္ကျီ ကြိုးကို  ပြန်ဆွဲတင်လိုက်ပြီး ကျန်လက်တစ်ဖက်ကလည်း ဖင်မှာ အိုး မဲလက်သန်းလုံး ခန့်နီးနီး ထူနေပြီ ဖြစ်သည့် ဒယ်အိုးကို မီးဖိုပေါ်သို့ကောက်တင် လိုက်လေသည်။ ထို့နောက် ဇလုံထဲက ချေထား ပြီးသား ထမင်းကြမ်းတွေကို ဒယ်အိုး ထဲသို့လောင်းချ လိုက်သည်။ ဆား အနည်းငယ်ဖြူး လိုက်ပြီးနောက် ထမင်းတွေကို ဝါး ယောက်မနှင့် မွှေလိုက်လေသည်။

 

"မမကြီး "

အငယ်ဆုံးဖြစ်သည့် ထွေးမောင် နိုးလာပြီး ထမင်းကြော်နေသည့် ဘုတ်အီး အနားမှာ လာရပ်ကာ သူ့မျက်လုံး နှစ်ဖက်ကို လက်တွေနှင့်ပွတ်သပ်နေလေသည်။ ဘုတ်အီး ထမင်းကြော် တွေကို အိုး မကပ်အောင် မွှေနေရင်းက သူ့မောင်ကိုတစ်ချက်ငဲ့ကြည့် ကာ

 

"နိုးလာပြီလား ထွေးလေး ..မမကြီး ထမင်းကြော် ပေးနေတယ်နော် ..မမငယ်နဲ့

 မျက်နှာသွားသစ်ရေ .. သွား ...ကလေးလေး က လိမ်မာတယ်"

 

 ဘုတ်အီး သူ့ရဲ့ မောင်လေး ကို ချော့မော့ပြောလိုက်ပေမယ့် ထွေးမောင်က ဘုတ်အီးရဲ့ ရှင်မီး အင်္ကျီ ကြိုးစကို ဆုပ်ကိုင်ထား ရင်းက ခေါင်းခါနေ ပြီးနောက်

 

"ဟင့်အင်း ...မေကြီးဆီလိုက်ပို့.."

ထွေးမောင် အိပ်ယာနိုးနိုးချင်း ဂျီကျနေလေသည်။ ဘုတ်အီး ရဲ့ အင်္ကျီစကိုဆွဲကာ ထိုင်ရာမှ ထခိုင်းနေလေသည်။ ထိုအချိန်မှာပဲ လတ်လတ်တစ်ယောက် အိပ်ယာထဲ ကနေ အိပ်မှုန်စုတ်ဝါးဖြင့်ထလာပြီး ဘုတ်အီး အနားမှာ ရပ်၍ ဂျီကျနေသည့်

ထွေးမောင် ရဲ့လက်တစ်ဖက်ကိုဆောင့်ဆွဲပြီး မျက်နှာသစ်ပေးဖို့အတွက် တဲအပြင် ဘက်သို့ ခေါ်ထုတ်သွားလေတော့သည်။ ထွေးမောင်တစ်ယောက် လတ်လတ်ဆွဲခေါ် ရာ နောက် ငိုယို၍ ပါသွားသည်။

 

"ဟဲ့...ကလေး ကို မတရား လုပ်မနေ နဲ့ မိလတ်"

ဘုတ်အီး ထမင်းကြော်ရင်း လတ်လတ်ကိုလည်း လှမ်းဟန့်လိုက်သေးသည်။ လတ်လတ်က တိုင်ကီထဲကနေ ရေတစ်ခွက်ခပ်လိုက်ပြီး နောက် ညာလက် ကိုခွက်ထဲတစ်ချက်နှစ်ကာ ပြန်ထုတ်၍ ထွေးမောင်ရဲ့ မျက်နှာကို ရေစိုနေသည့် လက်ဝါးဖြင့် အပေါ်မှအောက်သို့  တစ်ချက် သပ်ချပေးလိုက်သည်။

 

"တိတ်တိတ်နေနော် ..ငိုနေရင် ဦးအာကြီးရောက်လာလိမ့်မယ်"

 

ဦးအာကြီး ဆိုသည့်အသံကြောင့် ထွေးမောင် အီနေရာ မှ တိတ်သွားသည်။ အာကြီး က အသံအော်ကျယ်အော်ကျယ်နှင့် ဒီလမ်းထဲမှာရှိသည့် ကလေးတိုင်း ကြောက်ရသည့် သူဆိုလည်း မမှားချေ ။ ငိုနေသည့်ကလေးတွေ အာကြီး အသံကြားသည်နှင့် အော်တို အငိုတိတ်သွားကြသည်။ သူက ကလေးတွေကို ငိုရင် ကိုက်စားမည်ဟု အမြဲခြိမ်းခြောက်တတ်သည်။ သူ့နားရွက်နှစ်ဖက်က ပုံမှန်လူတွေထက် ပိုကြီးပြီး သူ့သွားတွေဟာ ကွမ်းချေးတွေကြောင့် မည်းနေပြီး မျက်နှာမှာလဲ ကျောက်ပေါက်မာ တွေရှိကာ မျက်လုံးကလည်း ခပ်ပြူးပြူးမလို့ ကလေးတွေကြောက်လည်းကြောက်ချင် စရာပင်။  ဒီလမ်းထဲကကလေးတွေဟာ မမြင်ဖူးသည့် သရဲတို့ သဘက်တို့ ဒေဝေါ တို့ ဆိုတာထက် မြင်ရသည့် အရုပ်ဆိုးဆိုး အာကြီးကို ပိုကြောက်ကြ သည်။ တချို့ ကလေး တွေ ဆိုလျှ င် သရဲက ဦးအာကြီးလောက် ကြောက်ဖို့ကောင်းလား ဟုပင် မေးကြသည် အထိ အာကြီး က ရုပ်ဆိုးလေသည်။

 

လတ်လတ် ထွေးမောင်ကို မျက်နှာ သစ်ပေးပြီး မှ သူ့ကိုယ်သူ သွားတိုက် ၊ မျက်နှာသစ် လုပ်သည်။ ဘုတ်အီး က မနက်စာ အတွက် ထမင်း ကြော်ပြီးနောက် နေ့လည်စာ အတွက် ထမင်းအိုးတည်ဖို့ တစ်ခါတည်း ပြင်လိုက်သည်။ ဆန်ထည့်ထားသည့်

သောက်ရေအိုး အဟောင်းထဲ လက်နှိုက်၍ နို့ဆီခွက်ဖြင့် ဆန်ခပ်လိုက်သည်။

 ဂျစ်..ဂလောက်..ဂျစ်..! နို့ဆီခွက်နှင့် မြေအိုး ဖင် ထိမိသည့်အသံထွက်လာသည်။ ဆန်အိုးထဲ ဆန် အနည်းငယ်သာ ကျန်သည် ဘုတ်အီး နို့ဆီခွက်ကို ပြန်ထုတ်လိုက်ပြီး နောက် မြေအိုးကို မ၍ ထမင်းအိုးပေါ်သို့  ဇောက်ထိုး မှောက်ချလိုက်သည်။ နို့ဆီဘူး တစ်လုံးခွဲသာသာခန့် ရှိသောဆန်တွေ ထမင်းအိုးထဲ ကျလာသည်။ မြေအိုးကိုပြန်ချ လိုက်ပြီးနောက် ထမင်းအိုးထဲက ဆန် လက်တစ်ဆုပ်ခန့်ပြန်နှိုက်၍ မြေအိုး ထဲထည့် ကာ အပေါ်ကနေ သစ်သားပြားဖြင့် ပြန်ပိတ်ထားလိုက်သည်။ ထို့နောက် ဆန်ဆေး ဖို့အတွက် တဲအရှေ့ရှိ ရေစည်ပိုင်း ဆီသို့ထွက်လာခဲ့လိုက်သည်။